Monday, May 24, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၄)

အခန်း (၄)

ရက်သတ္တပတ် သုံးပတ်မျှအကြာ တနင်္ဂနွေနေ့ နံနက် ဆယ်နာရီအချိန်တွင် ဖြစ်သည်။ ကောင်စစ် ၀န်သည် ထမင်းစားခန်းကြီး၏ အဖီဆောင်ကလေးထဲတွင် သူ့သားငယ်နှင့်အတူ စိတ်အေးနားအေး နံနက်စာ စားလျက်ရှိသည်။ နေရောင်ခြည်သည် အဖီဆောင်အတွင်းသို့ ဖြိုးဖြိုးဖြောက်ဖြောက် ကျ ရောက်လျက်ရှိ၏။

အပြင်လောကတွင်မူ စပရင်းခေါ် နွေဦးပေါက်ရာသီ၏ အရိပ်အရောင် အငွေ့အသက်များသည် အသက်ဝင် စပြုနေပေပြီ။ နေရောင်သည် တနေ့လုံး သာသာယာယာ ရှိမည့်အသွင်ကို ဆောင်လျက် ရှိ၏။ ပတ်ဝန်းကျင်သာယာမှုကို ကြည့်ကာ ရွှင်လန်းမြူးထူးလျက်ရှိသော နီကိုလတ်စ်သည် နံနက် စာကို အိမ်အပြင်ဝရန်တာသို့ထွက်၍ စားချင်နေသည်။ သို့သော်လည်း သူ့အဖေက သဘောမတူ။ အခုလို ရာသီ ပြောင်းစတွင် နံနက်ခင်း လေသည် စိတ်ချရသည်မဟုတ်။ မတော်တဆ အအေးမိ သွားခဲ့ပါမူ သူ့သား နေထိုင် မကောင်း ဖြစ်မည်ကို စိုးရိမ်သည်။

ထို့ကြောင့် နီကိုလတ်စ်က ပူဆာသောအခါ ခေါင်းခါသည်။ သူသည် ဂရေစီယာကို ချက်ချင်းခေါ်ပြီး ထမင်းစားခန်းနှင့် တဆက်တည်းဖြစ်နေသည့် အဖီဆောင် ပြူတင်းပေါက်အနီး၌ စားပွဲငသယ်တလုံး ချခိုင်းသည်။ ဤနေရာမှာဆိုလျှင် လေလုံသည်။ သူ့သား အနေဖြင့်လည်း နေရောင်အောက်တွင် ကြက်သွေး ရောင်တောက်ကာ တမျိုးတဖုံ လှပနေသော ထိကရုံးချုံများကို ကောင်းစွာမြင်နိုင်သည်။ ပြီးတော့ ခပ်လှမ်းလှမ်းမှ တိုးတိုးသာသာ ကြားနေရသည့် ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်း သံများ ကိုလည်း နားထောင် ခိုင်းသည်။

ကောင်စစ်ဝန်သည် လာရန်နဂါးဆေးလိပ် အသေးစားကို ခဲကာ ' ပါရီပဲ့ တင်သံ ဂျာနယ်' ကို စိတ် ၀င်တစား ဖတ်လျက် ရှိသည်။ ဤဂျာနယ်သည် အလွန်ဖတ်၍ကောင်းသော ဂျာနယ်တခုဟု သူ ယူဆသည်။ သူ နှစ်သက်မှန်း သိနေသော သူ့မိတ်ဆွေ ပါမောက္ခ ဟေးလီးဗီးကလည်း အပတ်တိုင်း ဂျာနယ်တစောင် ပို့ပေးလေ့ ရှိသည်။ ယခု သူဖတ်နေသည့် ဂျာနယ် ရောက်နေသည်မှာ နှစ်ရက်ပင် ရှိခဲ့ပြီ။ အခုမှ ဖတ်နိုင်ခြင်း ဖြစ်သည်။ နီကိုလတ်စ်ကတော့ သူ့အဖေ၏ မျက်နှာထားမှာ ကြည်ကြည် သာသာတော့ ရှိသည်။ ' ဖေဖေ ' ဟု နီကိုလတ်စ်က အသံပြုသည်။ ' ဖေဖေ၊ သားသား ကနေ့ညနေ ကစားမယ် ပီလိုတာ ကစားပွဲကို သွားကြည့် ချင်တယ် '

ကောင်စစ်ဝန်သည် သူ့လက်ထဲမှ စာစောင်ကို အောက်သို့ ဖြည်းဖြည်းချင်း ချလိုက်သည်။
' ပီလိုတာ ကစားပွဲ ...။ ဟုတ်လား '
သူသည် နီကိုလတ်စ် ပြောလိုက်သည့် ကစားပွဲအကြောင်းကို နားမလည်သဖြင့် အမှတ်တမဲ့ ရေရွတ်သည်။

' ဟုတ်တယ် ဖေဖေ ' မ၀ံ့မရဲနှင့် ပူဆာရခြင်းဖြစ်၍ နီကိုလတ်စ်၏ ပါးနှစ်ဘက်သည် နီရဲလျက်ရှိသည်။ သို့သော်လည်း သူသည် သတ္တိကို ပြန်မွေးကာ စကားကို ဆက်ပြောသည်။ ' ပီလို တာကစားပွဲဆိုတာ ဒီနိုင်ငံ မှာ ကစားကြတဲ့ ဘောလုံးပွဲပါ ဖေဖေ၊ ဘောလုံးကို လက်နဲ့ကစားရတယ်၊ သိပ်ပြီး ကြည့်လို့ကောင်းတယ် ဖေဖေရဲ့၊ ကော်စတာဘရားဇားနယ်ထဲက မြို့တွေလဲဒီပွဲမှာ ပါတယ် တဲ့၊ ကနေ့ပွဲကတော့ ဟူစကာဆိုတဲ့ ချန်ပီယံ အသင်းနဲ့ ဆန်ဂျော်ဂျီအသင်း ကစားကြမှာတဲ့၊ သား သိပ်ကြည့်ချင်တာပဲ '

ဟာရင်တန်ဘရန်းဒီးသည် သူ့သား၏ ထက်သန် တက်ကြွလျက်ရှိနေသော မျက်နှာကို တအံ့တသြ ဖြင့် ကြည့်နေမိသည်။ တည်နေသော သူ့မျက်နှာထားသည် ဖြည်းဖြည်းချင်း ပြန်လည်ပြောင်းလာ သည်။
' အင်း ... ဂရေစီယာက မင်းကို အကုန်စုံအောင် လျှောက်ပြောထားပြီ ထင်တယ်၊ ငါ ရုံးသွားနေတုန်း အိမ်မှာ ပေါက်ကရတွေ ဖြစ်ကုန်ပြီထင်ပါရဲ့၊ ကဲ၊ ပြောစမ်းပါဦး...၊ မင်းရဲ့ ပီလိုတာ ဘောလုံးပွဲက ဘယ်မှာလဲ၊ ဘယ်အချိန် ကစားကြမှာတဲ့လဲ '

' ရီကရီယို ကစားကွင်းမှာ လုပ်မှာ ဖေဖေ ' ဟု နီကိုလတ်စ်က ဖြေသည်။ ဤကစားပွဲအကြောင်းကို ဂရေစီယာထံမှ သူ ကြားသိထားသည်ဟု သူ့အဖေက ထင်လျက်ရှိ၏။ ဒါကိုတော့ သူ ရှင်းမပြ၀ံ့။ '
ကနေ့ညနေ လေးနာရီမှာ ကစားကြလိမ့်မယ်။ သားသားတို့ သွားကြမယ်နော် '
ကောင်စစ်ဝန်က သူ့သားအား ပြုံး၍ ကြည့်သည်။ အပြုံးရိပ်ထင်နေသော သူ့နှုတ်ခမ်းများသည် သင်္ကာရနံ့ မကင်းသည့် အရိပ်လက္ခဏာများကတော့ ထင်ဟပ်နေဆဲ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူ့သားက သူနှင့် အတူတူ တွဲ၍ ကစးပွဲသွားချင်သည်ဟူသော အပြောကိုတော့ သူများစွာ သဘောကျလျက်ရှိသည်။

' ဒီလိုဆိုရင် ကောင်းပြီ ' သူသည် တချက်မျှ တွေ၍ စဉ်းစားလိုက်သည်။ ' အခု မင်းအားဆေးကို သောက်၊ ဖေဖေ ပေးထားတဲ့ စပိန်စာကို ကျက်၊ နေ့လယ်စာ စားပြီးရင် တနာရီတိတိ နား၊ ဒါဆိုရင် ဖေဖေလိုက်ပြမယ် '
' ဒါမှ တို့ ဖေဖေကွ၊ ဖေဖေ့ကို သားသား ကျေးဇူးတင်တယ်၊ သိပ်ပြီး ကျေးဇူးတင်တာပဲ ' နီကို လတ်စ်သည် ထိုင်နေရာ မှ ၀မ်းသာအားရနှင့် ခုန်၍ ထလာလေ၏။
*
မွန်းလွဲပိုင်း သုံးနာရီခွဲ တိတိတွင် သားအဖနှစ်ယောက် အိမ်မှ ထွက်ခဲ့ကြသည်။ နီကိုလတ်စ်မှာ အကြီးအကျယ် ၀မ်းသာလုံးဆို့လျက်ရှိ၏။ ကောင်စစ်ဝန် မစ္စတာ ဘရန်းဒီးကိုယ်တိုင်မှာလည်း စိတ်လက် ကြည်လင် ပေါ့ပါးလျက်ရှိသည်။ ကောင်စစ်ဝန်သည် အားကစား ၀ါသနာပါသူ မဟုတ်ပေ။ အားကစား ဘက်တွင် ဗဟုသုတ အလွန်နည်းသူ ဖြစ်သည်။ သူ အန်ကိုနာတွင် နေခဲ့စဉ်က အားကစား ပွဲ တခုနှင့် ကြုံခဲ့ရဖူးသည်။

ထိုစဉ်က အန်ကိုနာသို့ အလည် ရောက်လာသော အမေရိက ရေတပ်မတော်မှ အသင်းနှစ်သင်း ဘေ့စ်ဘော ကစားကြသည်။ သူက ကစားပွဲ အခမ်း အနားကို ဖွင့်လှစ်ပေးသည့် အနေဖြင့် ပထမဆုံး ဘောလုံးတချက် ပစ်ပေးရဖူး၏။ နောက်နှစ် အနည်းငယ်မျှအကြာ နော့ကီးမြို့၌ နေထိုင်စဉ်အတွင်း လှေလှော် ရွက်တိုက် အသင်း တသင်း၏ လှေပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုရသူများကို ဆုပေးခဲ့ရ၏။ အားကစား ပွဲများ နှင့် ပတ်သက်၍ သူ၏ အတွေ့အကြုံမှာ ဤမျှသာရှိခဲ့၏။ အခုကျတော့ သူ့သားနီကိုလတ်စ်၏ ဆန္ဒ အရ သူ တကြိမ်တခါမျှ မမြင်ဖူးခဲ့သည့် ကစားပွဲတမျိုးကို ကြည့်ရပေဦးတော့မည်။

သူတို့ မော်တော်ကားကို ကားများထားရန် သီးသန့်လုပ်ထားသည့် ကွင်းထဲ၌ ထိုးထားခဲ့ပြီး သစ်သီး ဈေးကြီး၏ နောက်ဘက်ရှိ လမ်းသိမ် လမ်းမြွာများအတိုင်း တလမ်းဝင် တလမ်းထွက် လျှောက်လာ ခဲ့ကြ သည်။ ထိုလမ်းများမှ ထွက်လျှင်ထွက်ချင်း ရီကရီယို ကစားကွင်းကို တွေ့ကြရသည်။ ကစားကွင်းမှာ မြို့၏ အဆင်းရဲ ဆုံးနှင့် အနိမ့်ကျဆုံးသော လူတန်းစားများ နေထိုင်ရာ အပိုင်းတွင် တည်ရှိနေခြင်းဖြစ်သဖြင့် မစ္စတာ ဘရန်းဒီး၏ စိတ်တွင် စနောင့်စနင်း ဖြစ်လျက်ရှိသည်။

ကစားကွင်းကို သစ်သားပျဉ်ချပ်များဖြင့် လေးဘက်လေးတန်ပိတ်၍ ၀င်းခတ်ထားသည်။ ၀င်းထရံ များပေါ်တွင် ရုပ်ရှင်ကြော်ငြာများနှင့်မကြာမီ ဘာစီလိုးနားမြို့၌ ကျင်းပပြုလုပ်တော့မည့် ဧပြီပွဲတော် ကြော်ငြာ စာရွက်များဖြင့် ပြည့်လျက်ရှိသည်။ ကြည့်၍မှ ဖြစ်ပါ့မလား ဟူသော သံသယစိတ် ၀င်နေသည့် ကောင်စစ်ဝန် သည် သူ့သားငယ်ဆွဲခေါ်ရာနောက်သို့ ကန့်လန့်ကန့်လန့် နှင့် ပါလာရလေ၏။ သူတို့ သားအဖ ထိုင်မိသော နေရာမှာ ရှေ့ဆုံးခုံတန်းဖြစ်သည်။ ခုံတန်းလျားမှာ နောက်မှီမရှိ။ သမံတလင်း ခင်းထားသော ကစားကွင်းသည် သူတို့ရှေ့တည့်တည့်တွင်ရှိသည်။ ရှပ်အင်္ကျီ လက်မောင်းများကို ပင့်တင် ထားသော လူတယောက်သည် ဆေးနီပုံးတပုံးကို လက်တဘက်ဖြင့် ဆွဲကာ ကစားကွင်းပေါ်တွင် လိုင်းများ အသစ် ထပ်မံရေးဆွဲလျက် ရှိသည်။

သူတို့ ရောက်သည့်အချိန်မှာ စောနေသည်။ အပေါ်ဘက် ခုံတန်းလျားများပေါ်တွင် လူငယ်တချို့သာ ရောက်ကြသေးသည်။ လူငယ်များသည် ဆေးလိပ်သောက်ကြ၊ ပဲလှော်ဝါးကြ၊ ပြောင်ကြ နောက်ကြ၊ ရယ်ကြမောကြ၊ ငြင်းကြခုံကြနှင့် မျက်စိနောက်အောင်၊ နားမခံသာအောင် ပြုမူလျက်ရှိကြ၏။ သူတို့ အားလုံး ၏ အပြုအမူများမှာ ရုန့်ရင်းကြမ်းတမ်း၍ ရိုင်းစိုင်းလှပေသည်။ ပွဲကြည့် ပရိသတ်သည် တဖွဲဖွဲ ရောက်စပြုလာသည်။ အများအားဖြင့် လူငယ်လူရွယ်များသာ ဖြစ် သည်။ ရောက်လာသမျှ လူငယ် များသည် ဆေးလိပ်သောက်ကြ၊ ငြင်းကြခုံကြနှင့် မျက်စိနောက် အောင်၊ နားမခံသာအောင် ပြုမူလျက် ရှိကြ၏။ သူတို့အားလုံး၏ အပြုအမူများမှာ ရုန့်ရင်းကြမ်းတမ်း၍ ရိုင်းစိုင်းလှပေသည်။

ပွဲကြည့် ပရိသတ်သည် တဖွဲဖွဲ ရောက်စပြုလာသည်။ အများအားဖြင့် လူငယ်လူရွယ်များသာဖြစ်သည်။ ရောက်လာသမျှ လူငယ်များသည် စောစောစီးစီး ရောက်ကာ ဆူညံဆူညံလုပ်နေကြသော အုပ်စုရှိရာ နောက်တန်းများ၌ နေရာယူကြသည်ကများ၏။ ကောင်စစ်ဝန်သည် သောင်းကျန်းချင်းတိုင်း သောင်းကျန်းနေသော အုပ်စုနှင့် နီးနီ်းကပ်ကပ် မဟုတ်သဖြင့် စိတ်သက်သာရာ ရနေသည်။ ထိုအုပ်စုနှင့်သာ တွဲထိုင်နေရလျှင် သူ စိတ်လက် ချမ်းမြေ့နိုင်တော့မည်မဟုတ်။ သို့သော်လည်း မကြာခင် မှာပင် ရှိသမျှ ခုံတန်းများပေါ်၌ ဖင်တနေရာစာပင် မကျန်တော့အောင် ပြည့်ကျပ်လာသည်။ နေရာတိုင်းတွင် စကား ပြောသံများနှင့် ကျွတ်ကျွတ်ညံလာသည်။

ကောင်စစ်ဝန်၏ ဘေးတွင် ကိုယ်လုံး တုတ်ခိုင်ခိုင်နှင့် စပိန် လူရွယ်တယောက် ကပ်၍ ထိုင်လျက်ရှိသည်။ လူရွယ်သည် မက္ကစီကင် လူမျိုးများ ဆောင်းလေ့ရှိသည့် အနားကျယ်ကျယ် ဦးထုပ်အဟောင်းကြီးတလုံး ဆောင်းထားသည်။ အနက်ရောင် ၀တ်စုံကတော့ တောက်တောက် ပြောင်ပြောင်ရှိပါ၏။ သို့သော်လည်း သူ၏ လက်တဘက်တွင် ကိုင်လက်စ ကြက်သွန်နီတလုံး ကိုင်ထားပြီး ကျန်တဘက်တွင် စားလက်စ ပေါင်မုန့် တပိုင်း ကိုင်ထားသည်။ သူသည် ပေါင်မုန့်ကိုက် လိုက်ကြက်သွန်နီကိုက်လိုက်နှင့် လက်ထဲမှ အစာကို အဆက်မပြတ် ကိုက်ဝါးလျက်ရှိသည်။ လက်ခေါက်မှုတ်သံများ၊ သမံတလင်းကို ခြေထောက်နှင့် ဆောင့်သံများ၊ အော်ဟစ်သံများမှာ ကစားကွင်းတကွင်းလုံးတွင် သောသောညံလျက်ရှိလေသည်။

' အခုပဲ ပွဲစတော့မယ် ဖေဖေ၊ ကစားပွဲ အကြောင်းကို သားသား ရှင်းပြမယ်' နီကိုလတ်စ်က ရှေ့သို့ ကုန်းကာ ကစားကွင်းဆီသို့ လက်ညှိုးထိုးပြသည်။ ' ဟိုအကာကြီး နှစ်ခုကို ဖေဖေမြင်တယ် မဟုတ်လား၊ တခုနဲ့တခု မျက်နှာချင်းဆိုင်ပြီး ချထားတယ်လေ။ အဲဒီနှစ်ခုက တခုနဲ့တခုပေနှစ်ရာ ကွာတယ်။ အဲဒီဟာတွေအပေါ်မှာ တားထားတဲ့ ဆေးနီလိုင်းတွေကတော့ ဘောလုံးပစ်ရမယ့် နေရာကို သတ်မှတ်ပေးထားတာ၊ ကစားကွင်း ပေါ်မှာ ဆွဲထားတဲ့ မျဉ်းကြောင်းအနီတွေကလဲ ဘောလုံးပစ်ရမယ့် နေရာကို ပြထားတာပဲ၊ အဲဒီ မျဉ်းတွေရဲ့ အပြင်ကို ဘောလုံးရောက်သွားရင် အပြစ်ပဲ၊ အပြင်ရောက်အောင် ပစ်တဲ့ဘက်က တမှတ်လျှော့ခံရတယ်၊ အမှတ်ကို တဘက်အသင်းက ရတယ် '

ကောင်စစ်ဝန်ကတော့ အထူးအဆန်းတခုကို မြင်နေရသည့်နှယ် ကစားကွင်းဆီသို့ မျှော်ကြည့်နေ သည်။
' ကစားတဲ့အခါမှာ တဘက်နှစ်ယောက်စီထားပြီး ကစားရတယ်၊ တယောက်ကရှေ့တန်းသမား၊ စပိန်လို ဒီလန်တားရိုးလို့ ခေါ်တယ်၊ ကနေ့ကစားမှာ အသင်းနှစ်သင်း၊ ဟူစကာ အသင်းက အပြာ ရောင်ဝတ်စုံ ၀တ်ထားတာပဲ၊ ဆန်ဂျော်ဂျီက အဖြူရောင်ဝတ်တယ်၊ ပီလိုတာဆိုတာက ဘောလုံးလို့ခေါ်တာ၊ ပီလိုတာ ဘောလုံးပေါ့၊ ရာဘာခပ်ပျော့ပျော့နဲ့ လုပ်ထားတာ၊ ဘောလုံးအပေါ် ခွံက သိုးရေနှင့် ချုပ်ထားတာ၊ ကစားပွဲက သိပ်ကို မြန်ရတယ်၊ တအားမြန်မြန်ကစားရတဲ့ပွဲမျိုး ဖေဖေရဲ့ '

ထိုအခိုက်တွင် ပရိသတ်များ၏ အော်ဟစ်ကြွေးကြော်သံများ တခဲနက် ထွက်လာသည်။ ကစားကွင်း ၏ တဘက်ပွဲကြည့်စပ်နှင့် မျက်နှာချင်းဆိုင် အခန်းထဲမှ ကစားသမားလေးဦး ထွက်လာသည်။ သူတို့သည် စွပ်ကျယ် လက်ပြတ်နှင့် ချည်ထည် ဘောင်းဘီရှည်များ ၀တ်ထားသည်။ ညာဘက် လက်တွင် လက်အိတ်ကိုယ်စီ စွပ်ထားသည်။ ကစားသမားများသည် နံရံ အကာကို ဘောလုံးနှင့် ပစ်ပေါက်ကာ သွေးပူအောင် လှုပ်ရှားလေ့ကျင့်လျက်ရှိကြ၏။ ကောင်စစ်ဝန်သည် သူ့သားနီကိုလတ်စ် ခေါင်းတထောင် ထောင် လည်တဆန့်ဆန့် ဖြစ်လာသည်ကို သတိထားမိလေ သည်။

' တွေ့လား ...ဖေဖေ၊ ကျွန်တော်တို့ ဒီကစားပွဲကို လာတာ ဘာကြောင့်လဲဆိုတာ ဖေဖေတွေ့ပြီ မဟုတ်လား၊ ဖေဖေ သိပ်အံ့သြသွားမှာပဲ၊ ဘယ်လောက်ဂုဏ်ယူဖို့ ကောင်းလဲ '
ပထမတော့ ဘရန်းဒီးသည် သူ့သားပြောနေသည့် စကားများ၏ အဓိပ္ပာယ် သူ နားမလည်။ ကျေနပ် အားရသော မျက်နှာပေးဖြင့် လှမ်းမျှော်ကြည့်နေသည့် သူ့သား၏ အကြည့်သည် ဆန်ဂျော် ဂျီအသင်းမှ ကစားသမားတဦး၏ အပေါ်တွင် စူးစိုက်လျက်ရှိသည်။ ထိုအခါကျမှပင် သူကိုယ်တိုင် ထိုလူငယ်ကို စေ့စေ့စပ်စပ်ကြည့်မိသည်။ လူငယ်မှာ ကြံ့ခိုင်ကျစ်လျစ်သော ကိုယ်လုံးကိုယ်ထည်နှင့် အရပ်မြင့်မြင့်။ ကစားကွင်းထဲတွင် အငြိမ်မနေ၊ ခေါက်တုံ့ ခေါက်ပြန် လှုပ်ရှာလျက် ရှိသည်။ လူငယ်မှာ တခြားလူမဟုတ်။ ဂျိုစီ။

ကောင်စစ်ဝန်သည် ဆက်ကနဲ ဖြစ်သွားသည်။ မျက်နှာထားကလည်း ဖြတ်ကနဲ ပြောင်းသွားသည်။ အတန်ကြာမျှ မလှုပ်ရှားနိုင်ပဲ တွေဝေ ငေးငိုင်နေမိသည်။ အခုလို ဆိုတော့ အခြေအနေကရှင်းသည်။ သူ့သား ဤကစားပွဲသို့ လာရောက်လိုစိတ် ပြင်းထန်နေခြင်းမှာ ကစားပွဲ တွင် စိတ်ဝင်စားလွန်း၍မဟုတ်။ ဥယျာဉ်မှူးလူငယ်ကြောင့်သာဖြစ်ရမည်။ ဤအချက်ကတော့ မှားနိုင်စရာ မရှိဟုပင် သူ တွက်သည်။
' ကြည့်လေ ၊ ဖေဖေ ကြည့် ဟု နီကိုလတ်စ်က ထအော်ပြန်သည်။ သူသည် ဖခင်၏ အရိပ်အကဲကို မမြင်။ သတိလည်း မထားနိုင်။ ' သူတို့ စကစားကြတော့မယ်၊ ဟော ... ဂျိုစီ၊ ကျွန်တော်တို့ကို မြင်သွားပြီ၊ ကျွန်တော့် ကို လက်ပြပြီး နှုတ်ဆက်တယ် '

ကစားကွင်းထဲတွင် ဟူစကာ အသင်းရှေ့တန်းလူက ဘောလုံးကို စပစ်သည်။ ဘောလုံးသည် နံရံကို အရှိန်ပြင်းစွာထိသည်။ ဟာရင်တန်ဘရန်းဒီးသည် ဘောလုံး ပြေးသွားရာ နောက်သို့ လိုက် ကြည့်သည်။ ဘောလုံးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့တိုးနောက်ငင် ပြေးသွားလျက်ရှိ၏။ ဘရန်းဒီး၏ ရင်မှာ တင်းကျပ်နေသည်။ သူ့နှလုံးသားမှာ နာကျင်သလို ဖြစ်လျက်ရှိ၏။ အသက်ရှူ၍ မ၀သလို၊ မချောင် မလှုပ်သာအောင် လူတွေ ကျပ်တောင့်နေသည်။ ဘရန်းဒီးသည် အိမ်ပြန်ချင်စိတ် ဖြစ်ပေါ်လျက်ရှိ၏။ ကျပ်တောင် နေသည့် လူအုပ်ကြားမှ တိုးထွက်၍သာ ရမည်ဆို လျှင် ချက်ချင်းသူ့သားကို ဆွဲ၍ ထွက်သွား ချင်သည်။

သူသည် နီကိုလတ်စ်၏ မျက်နှာကို တစေ့ တစောင်း လှမ်းကြည့်သည်။ နီကိုလတ်စ်ကတော့ သူ့ရှေ့ မှောက်မှ ကစားပွဲ၌သာ အာရုံဝင်စားလျက်ရှိသည်။ မျက်လုံးအစုံသည် ၀င်းလတ်နေသည်။ နှုတ်ခမ်းများကို ဟလိုက် စေ့လိုက်၊ လက်သီးကို ဆုပ်လိုက် ဖြန့်လိုက်။ ဖင်တကြွကြွနှင့် တကိုယ်လုံး ယိမ်းထိုး လှုပ်ရှား လျက်ရှိသည်။ အခြားသောပွဲကြည့်ပရိသတ်များနှင့်အတူ ကစားပွဲ၏ လှုပ်ရှားမှုတွင် နစ်မျော လိုက်ပါ နေသည်။ မျက်နှာကလည်း တခါတရံတွင် စိတ်တိုင်းမကျသည့်နှယ် ရှုံ့မဲ့သွားသည်။ တခါတရံကျတော့ ၀င်းလက် တောက်ပြောင်လာသည်။

' လုပ်လေ ... ပစ်လေ ... ၊ ဘာငေးနေတာလဲ၊ ဆန်ဂျော်ဂျီကွ၊ ပစ် ... ပစ်... ပစ်ပါတော့လား၊ ဂျိုဆီ အေမီဂို '
ဟာရန်တန် ဘရန်းဒီးသည် သူ့သားငယ်၏ အဖြစ်ကို ငေးကြည့်နေရာမှ သူ့မျက်လုံးများကို ကစား ကွင်းဆီသို့ ပြောင်းရွှေ့လိုက်သည်။ ကစားနေသူအားလုံး သွေးပူလာကြပြီ။ အရှိန်ရလာကြပြီ။ တဖြည်းဖြည်းနှင့် ကစားရှိန်သည် မြင့်မြင့်လာသည်။ ဘောလုံးသည် လျင်မြန်စွာ ပြေးသွားလျက်ရှိ သည်။ အဆက်မပြတ် မရပ်မနား ပြေးသွားလျက်ရှိသော ဘောလုံးသည် ကျည်ဆန်တတောင့်နှင့် တူလှပေသည်။ ဘရန်းဒီး၏စိတ်တွင် နှစ်သင်းစလုံး လက်ညီသည်ဟု ထင်သည်။ အမှတ်စရင်း သင်ပုန်းဆီသို့ တချက်မျှ လှမ်းကြည့် မိသည်။

ရမှတ်နေရာတွင် ဆယ့်ကိုးဟူသောဂဏန်းကို မြင်ရ သည်။
ဟူစကာအသင်းသားများမှာ နှစ်ဦးစလုံး လူငယ်များချည်းဖြစ်သဖြင့် ဖျတ်လတ်သွက်လက်သည်။ ဆန်ဂျောဂျီအသင်း၏ နောက်တန်းလူမှာ လူလတ်ပိုင်းဖြစ်၏။ အရပ်ပုပု အသားညိုညို၊ ဆံပင်တိုတို နှင့် ခြေခွင်ခွင်။ ကစားရာ၌ အတွေ့အကြုံများပုံရသည်။ ဘောလုံးပစ်ပုံ ဖမ်းပုံ လိမ္မာပါးနပ်သည်။ သို့သော်လည်း လှုပ်ရှားမှုနှင့် အပြေးအလွှားကျတော့ မဆိုစလောက်ကလေး နှေးကွေး လေးလံ သည်။ ဤချွန်ယွင်းချက် သည် ဆန်ဂျော်ဂျီအသင်း၏ အားနည်းချက်တခုဖြစ်နေသည်။ အဖော်ဖြစ်သူ၏ အားနည်းချက် ကြောင့် ဂျိုစီသည် ပို၍အားတိုက်ခွန်တိုက် ကစားနေရသည်။ ပို၍ ပြေးရလွှားရ လှုပ်ရှား နေရသည်။ ဤအဖြစ်ကို ဘရန်းဒီး သတိထားနေမိသည်။ ဤပွဲတွင် ဆန်ဂျော ဂျီအသင်းဘက်မှ ရှုံးစေချင် သော ဆန္ဒသည် ဘရန်းဒီးရင်ထဲတွင် ရုတ်တရက် ဖြစ်ပေါ်လာသည်။

ချက်ချင်းပင် ဟာရင်တန် ဘရန်းဒီး၏ မျက်နှာထားသည် အေးဆေး တည်ငြိမ်လာသည်။ တာဝန်အရ ဆောင်ရွက်ရသည့်အခါများတွင် ပြုမူတတ်သော အမူအကျင့်များပေါ်လာသည်။ ဘောလုံး ပစ်ချက် မှန်သမျှ ကို မျက်ခြည်မပြတ် စောင့်ကြည့်သည်။ ရမှတ်များကို တမှတ်ချင်းစီ စိတ် ထဲက လိုက်မှတ်သည်။ အသင်း နှစ်သင်း ၏ လက်ရှိရမှတ်များမှာ ၃၅ နှင့် ၃၂။ ဟူစကာ အသင်းက ရှေ့ကပြေးနေသည်။

ဟူစကာအသင်းမှ ကစားသမားများသည် ဆန်ဂျော်ဂျီအသင်းမှ နောက်တန်း သမား၏ အားနည်းချက်ကို သိကြသည်။ ဘောလုံးကို နောက်တန်းသမားထံဖိဖို့သည်။ တဘက် အသင်းက အဆက်မပြတ် ဖိလေလေ နောက်တန်း သမား အမောဆို့လေ ဖြစ်လာသည်။ ဤအဖြစ်ကို ကြည့်ကာ ဘရန်းဒီးသည် စိတ်ထဲမှ ကျိတ်၍ ပြုံးမိသည်။ မြို့ခံပွဲကြည့်ပရိသတ်ကတော့ ညာသံပေး၍ အော်ဟစ်စပြုပြီ၊ ကျိန်ဆဲစပြုပြီ၊ ဆဲရေး တိုင်းထွာစ ပြုပြီ။

' ချပါလားကွ ဂျေမီ၊ ပြေးလေကွာ၊ ခွေးမသား...နှေးတယ်ကွ၊ နှေးတယ်ကွ၊ လုပ်လိုက်ကွ ဂျိုစီ၊ ဟုတ်ပြီ ဂျိုစီကွ...ဂျီစီ၊ ရေ ...အေမီဂို၊ ငါတို့ သိက္ခာမကျအောင်တော့ လုပ်ပါဟ ဂျိုစီရ '
အော်သံ ဟစ်သံများအောက်တွင် ဂျိုစီသည် ကစားကွင်း အနှံ့လှုပ်ရှားလျက်ရှိသည်။ မျက်နှာက အပြုံးမပျက်။ တကိုယ်လုံး ချွေးများဖြင့် နစ်နေသည်။ ဂျိုစီ၏ အပြင်းအထန်ကြိုးစားမှုကြောင့် ဆန်ဂျော်ဂျီ အသင်း၏ ရမှတ်သည် တဖြည်းဖြည်းချင်း တက်လာနေသည်။ သို့သော်လည်း တဘက် အသင်းကတေ့ ရှေ့မှ ပြေးဆဲ။ လက်ရှိ ရမှတ်များမှာ ၄၈ နှင့် ၄၆ ။
ပရိသတ်၏ အားပေးသံမှာ စောစောကထက် ပို၍ပြင်းထန်လာသည်။ အော်သံ ဟစ်သံ၊ ညာသံများမှာ စဲသွား သည်မရှိ။ နီကိုလတ်စ်သည်ပင်လျှင် သူ့အနီးမှ လူများနှင့်ရောကာ အော်ဟစ် အားပေးလျက် ရှိလေပြီ။

' ဆန်ဂျော်ဂျီ..ကွ၊ ဆန်ဂျော်ဂျီ၊ အားမလျှော့နဲ့ ဂျိုစီ၊ ဆက်လုပ် ... ဆက်လုပ်၊ ခင်ဗျားတို့ကိုပဲ နိုင်စေ ချင်တယ် '
ထိုအခိုက်တွင် ဟူစကာအသင်း ရှေ့တန်းလူထံမှ ဘောလုံးသည် ဂျေမီရှိရာသို့ အရှိန်ပြင်းစွာဖြင့် ၀င်လာ သည်။ ဂျေမီက ဆီးဖမ်းပြီး ပြန်ပစ်ရန် ကြိုးစားပါသေး၏။ မရ။ သူ့လက်သည် ဘောလုံးကို မမိ။ သူသည် စိတ်ပျက်စွာဖြင့် လက်နှစ်ဘက်ကို မြှောက်လိုက်သည်။ ဆန်ဂျော်ဂျီဘက်မှ အားပေး နေသော ပရိသတ်ထံမှ ညည်းသံသည် ဝေါကနဲ ထွက်လာသည်။ နောက်ထပ် တမှတ်သာရလျှင် ဟူစကာအသင်း အောင်ပွဲခံ ပေတော့မည်။

အသင်းနှစ်သင်းစလုံးမှ ရှေ့တန်းသမားများရော၊ နောက်တန်းသမားများပါ အပြင်းအထန် အားထုတ် လျက်ရှိကြသည်။ ရုတ်တရက် ဟူစကာအသင်း ခေါင်းဆောင်သည် တဘက်မှ ပြေးလာ နေသော ဘောလုံးကိုခုန်၍ ရိုက်ရန် ဟန်အပြင်တွင် သူ့ကိုယ်သူ မဟန်နိုင်ဖြစ်ကာ ချော်လဲသည်။ ဘောလုံးနှင့်လူ တခြားစီ ဖြစ်သွားသည်။ သူသည် လဲနေရာမှ ခုန်ထလိုက်ပြီး သူ့လူများဘက်သို့ လက်ဝှေ့ယမ်းပြသည်။ သို့သော်လည်း ဂျိုစီထံမှလာသော ဘောလုံးကို သူ လွတ်သွားသဖြင့် ရမှတ် အခြေအနေမှာ ပြောင်းသွားသည်။ အခုဆိုလျှင် ရမှတ်သည် ၄၉ နှင့် ၄၈။

ပွဲအခြေအနေမှာ နိုင်လျှင် နှာတဖျားနှင့်ကပ်နိုင်မည့် အခြေအနေ။ ပရိသတ် ငြိမ်ကျသွားသည်။ ထူး ခြားသော တိတ်ဆိတ်ငြိမ်သက်မှုမျိုးဖြစ်၏။ အားလုံးရင်တထိတ်ထိတ် ဖြစ်နေသည့် အချိန်နှင့် အခြေ အနေ။ ဟူစကားအသင်းမှ လူများသည် တည်တည်ငြိမ်ငြိမ်ပင် ဆက်ကစားနေသည်။ သူတို့ သည် တဘက်အသင်း၏ မှားကွက်ကိုစောင့်၍ အမှတ်ရယူရန် ကြိုးစားသည်။ အမှတ်ချင်း မကွာ တော့သဖြင့် တဘက်အသင်းမှ ဂျိုစီကလည်း အလစ်မပေး၊ အမှားမခံ။ သူ့အဖော်မှာ မောနေပြီ ဖြစ်သဖြင့် အနိုင် ရရှိရေး သည် သူ့တာဝန် လုံးလုံးဖြစ်နေပြီဟု သိထားဟန်တူသည်။ သတိကြီးစွာ ထား၍ ကစားလျက်ရှိသည်။ ရုတ်တရက် မမျှော်လင့်ပဲနှင့် ဂျိုစီထံမှ ပြန်ထွက်သွားသော ဘောလုံး သည် သူ့ပြိုင်ဘက် နှစ်ဦး၏ ကြားသို့ ကျသည်။ နှစ်ယောက်စလုံး ဘောလုံးကို မမိ။ ထိုအခါ ရမှတ် သည် ၄၉ နှင့် ၄၉ ဖြစ်ကာ ညီလာလေ၏။

ပရိသတ်မှာ အသက်ပင် မရှုနိုင်။ အများစုသည် အားမလို အားမရဖြစ်ကာ ထိုင်ရာမှ ထရပ်ပြီး ကွင်းဆီသို့ ငေးလျက် ရှိကြသည်။ သူတို့ မျက်လုံးများသည် သွက်လက် လျင်မြန်စွာ ပြေးသွားနေ သော ဘောလုံးမှ မခွာ။ ဟူစကာ အသင်းမှ ရိုက်ချက်များသည် ယခင်ကထက် စိပ်လာသည်။ ပြင်းထန်လာသည်။ တော်ရုံတန်ရုံနှင့် ပြန်လည်ပုတ်ထုတ်နိုင်ဖို့ မလွယ်။ သို့သော်လည်း ဂျိုစီက လာသမျှကို မလွတ်တမ်း တုံ့ပြန်နိုင်သည်။ နောက်ဆုံးတွင် တဘက်မှ ရိုက်ထုတ်လိုက်သော ဘော လုံးသည် လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာသည်။

ဘောလုံးရောက်လာသည့် နေရာသည် ဂျိုစီ လက်လှမ်းမမီနိုင်သောနေရာ။ အများက မမီတော့ ဟူသော အယူအဆဖြင့် ဟယ်ကနဲ ဖြစ်သွားကြ သည်။ သို့သော်လည်း ဂျိုစီက အရှိန်ပြင်းစွာဖြင့် လေထဲသို့ ခုန်လိုက်ပြီး ဘောလုံးကို မိမိရရ အားကုန်ထုတ်၍ ရိုက်သည်။ ဘောလုံးသည် သူပြေးလာခဲ့သော နေရာသို့ ပြန်သွားသည်။ တဘက်လူများ အနေဖြင့် မမျှော်လင့်သော တုံ့ပြန်မှု ဖြစ်သဖြင့် အငိုက်မိသလို ဖြစ်သွားသည်။ ဤ အမှတ်သည် နိုင်မှတ်ပေတည်း။

အော်သံဟစ်သံများသည် အ၀ီစိပွက်သည့်နှယ် ထင်ရသည်။ ဦးထုပ်များသည် အပေါ်သို့ မြောက် တက်လာ ကြသည်။ ၀မ်းသာလွန်း၍ ငိုသူများ ငိုကာ ရယ်သူများက ရယ်ကြသည်။ တယောက်ကို တယောက် ဖက်ကြ ပွေ့ကြ နမ်းကြ ရှုပ်ကြ။
နီကိုလတ်စ်သည်ပင်လျှင် မတ်တတ်ရပ်လျက် လက်နှစ်ဘက် မြှောက်၍ အသံကုန် ဟစ်လျက်ရှိ၏။

' ဟူး ... ရေး ...၊ ဟူး .. ရေ ..၊ နိုင်ပြီ ..၊ နိုင်ပြီ ..၊ သူနိုင်ပြီ၊ သူ နိုင်မယ်ဆိုတာ ကျွန်တော် သိတယ်၊ ကျွန်တော် စောစော ကတည်းက သိတယ် '
ကစားသမား အားလုံးသည် တုန်ယင် မောဟိုက်လျက် ရှိကြသည်။ သူတို့သည် ကစားကွင်းထဲမှ အလွန် နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် အပြင်သို့ ထွက်လာကြသည်။ ပရိသတ်ကလည်း သူတို့အား ၀ိုင်းအုံလျက် ရှိသည်။ အထူးသဖြင့် ဂျိုစီ၏ ပတ်ပတ်လည်တွင် အလွန် ကြီးမားသော လူအုပ်။ လက်ဆွဲသူက ဆွဲ၊ ပခုံးဆုပ်သူက ဆုပ်၊ ပါးကို ၀င်နမ်းသူက နမ်း။ တချို့ ကတော့ ၀မ်းသာလွန်းသော အရှိန်ဖြင့် ကျောကို ထုကြ ပုတ်ကြသည်။ ဂျိုစီ အော်ဟစ် တောင်းပန်နေသည့် ကြားမှပင် သူ့အား ၀ိုင်းမကာ ချီးမြှောက် ထားကြသည်။

' ဖေဖေ ' နီကိုလတ်စ်သည် ခုံတန်းပေါ်မှ အောက်သို့ ခုန်ချလိုက်သည်။ ' သိပ်ကြည့်လို့ ကောင်းတာပဲနော် ဖေဖေ၊ ဖေဖေ ကျွန်တော့်ကို အခုလို လိုက်ပို့တာ သိပ် ၀မ်းသာတာပဲ '
ကောင်စစ်ဝန်က သူ့သားကို ကြည့်၍ပြုံးသည်။ ကစားပွဲ အဆုံးသတ်သွားပုံနှင့် ပရိသတ် ၀ိုင်းဝိုင်း လည်ဖြစ်နေပုံများသည် သူ့သိက္ခာကို ကျအောင် လုပ်လိုက်သလို ဖြစ်သွားသည်။ သူ့ရင်ထဲတွင် မခံချိမခံသာဖြစ်သော စိတ်သည် ပြင်းထန်စွာ ဖြစ်ပေါ်လျက် ရှိ၏။ ပရိသတ်သည် တဖြည်းဖြည်း ကျဲသွားပြီ ဖြစ်သည်။ သူသည် သူ့သား၏ လက်ကိုဆွဲကာ မော်တော်ကား ရပ်ထားသည့် နေရာသို့ လျှောက် လာခဲ့ သည်။

' အခုပွဲဟာ သားသားတို့ အောင်ပွဲပဲနော် ဖေဖေ ' နီကိုလတ်စ်က အားရပါးရ ပြောသည်။ ' ဘာပြု လို့လဲဆိုတော့ ဂျိုစီဟာ ကျွန်တော်တို့ အလုပ်သမားတယောက် မဟုတ်လား၊ ဒီပွဲမှာ သူနိုင် တာ ဆိုတော့ သားသားတို့အတွက် ကောင်းတာပေါ့ '
ဟာရင်တန် ဘရန်းဒီးက အဖြေမပေး။ မော်တော်ကား စတတ်တားကိုသာ နှိုးလိုက်သည်။ ကား မောင်းလာခိုက်တွင်လည်း နီကိုလတ်စ်ကို မကြည့်။ ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်လာသည်။ နီကိုလတ်စ် ၏ ရင်ထဲတွင် မသိမသာ သံသယ၀င်လာသည်။ သူ့အဖေ၏ မျက်နှာကို တချက်ခိုးကြည့်သည်။ သူ့အဖေ စိတ်ဆိုးအောင် သူဘာများ လုပ်မိပါလိမ့်။
' ဘာဖြစ် လို့လဲ ဖေဖေ ' ဟု နီကိုလတ်စ်က မေးသည်။

ရုတ်တရက် အဖြေမရ။ ငြိမ်နေသည်။
' ဘာမှ မဖြစ်ဘူး နီကိုလတ်စ်၊ ဖေဖေ ခေါင်းနည်းနည်း ကိုက်နေလို့၊ ဖေဖေက အခုလို အောက်တန်း ကျတဲ့ လူအုပ်ကြားထဲ ထိုင်ဖူးတာ မဟုတ်ဘူး၊ ဟိုကတွန်းလိုက်၊ ဒီက တိုက်လိုက်နဲ့၊ တံတောင်နဲ့ တွတ်တဲ့ လူကတွတ်၊ အခြေထောက်နဲ့ ကန်တဲ့လူက ကန်၊ အဲဒါ တခြားကြောင့် မဟုတ်ဘူး၊ ဒီအသုံးမကျတဲ့ ကစားပွဲကို လာကြည့်မိလို့ ဖြစ်ရတာ '

' ဒါပေမယ့် ... ဖေဖေရယ် ' နီကိုလတ်စ်က သူ့ အဖေစိတ်ကျေနပ်သွားအောင် တစုံတခုပြောဖို့ ကြိုးစားသည်။ သို့သော်လည်း သူ့စကားကို မဆက်ဝံ့။ အေးစက်တင်းမာနေသော သူ့အဖေ၏ မျက်နှာထားကြောင့် လမ်းခုလတ်တွင် စကားစပြတ်ကာ ရပ်သွားလေသည်။ သူတို့အိမ်ပြန်ရောက် သောအခါ ညစာ အသင့် ဖြစ်နေလေပြီ။ သို့သော်လည်း ညစာ စားနေသည့် တချိန်လုံး သူ့အဖေက စကား တခွန်းမှ မပြော။ ကောင်စစ်ဝန် ယခုကဲ့သို့ နှုတ်ဆိတ်နေပြီဆိုလျှင် တစုံတခုအပေါ်၌ သူ မကျေနပ် ၍သာ ဖြစ်သည်ဟု နီကိုလတ်စ် နားလည်သည်။

' ကျွန်တော် အပေါ်တက်ရတော့မလား ဖေဖေ ' ဖန်ခွက်ထဲမှနွားနို့ကို ကုန်အောင် သောက်ပြီးသော အခါ နီကိုလတ်စ်က မ၀ံ့မရဲသော လေသံဖြင့် မေးသည်။
' မင်း သဘောပဲ '
နီကိုလတ်စ်သည် ၀မ်းနည်းစွာဖြင့် လှေကားမှ တထစ်ချင်း ခပ်ဖြည်းဖြည်း တက်လာခဲ့သည်။ တနေ့ လုံး ပျော်ရွှင် ကြည်နူးခဲ့ရသမျှသည် တထိုင်တည်းနှင့် လွင့်စဉ်ပျောက်ပြယ်သွားခဲ့ရလေပြီ။ သူသည် ဂျိုစီနှင့် ပီလိုတာ ကစားပွဲကို သတိမရတော့။

သူ့စိတ်အာရုံတွင် သူ့အဖေ၏ တင်းမာသော မျက်နှာ သာလျှင် ရှိတော့သည်။ ညတိုင်း သားအဖနှစ်ယောက် ရွှင်ရွှင်လန်းလန်း စားသောက်လေ့ရှိသော ထုံးစံတခုမှာ ပျက်ပြားသွားခဲ့ရလေပြီ။ သူသည် အစွန့်ပစ်ခံရသူ တဦးလို ဖြစ်လျက်ရှိသည်။ စိတ် မပါ့တပါနှင့် အစွန့်ပစ်ခံရသူ တဦးလို ဖြစ်လျက်ရှိသည်။ မျက်နှာသစ်သည်။ သွားတိုက်သည်။ ပြီးတော့ ည၀တ်အင်္ကျီနှင့် ဘောင်းဘီကို လဲသည်။ သူ အ၀တ်အစား လဲပြီး နောက်သို့ လှည့်လိုက် သောအခါ တံခါးဝ၌ ရပ်နေသည့် သူ့အဖေကို မြင်ရလေ၏။

' ဖေဖေ ' နီကိုလတ်စ်သည် စိတ်သက်သာရာ ရသွားသော အသံဖြင့် ဆီး၍ ခေါ်သည်။ ' ကျွန်တော်က ဖေဖေ မလာတော့ဘူးလို့ ထင်တာ '
ကောင်စစ်ဝန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေသည်။
' ဖေဖေဟာ ကိုယ်ပြုရမယ့် တာဝန်ဝတ္တရားကို အပျက်ခံတတ်တဲ့ လူစား မဟုတ်ဘူး နီကိုလတ်စ်'
' ကျွန်တော် ဖေဖေ မကြိုက်တာ လုပ်မိရင် ခွင့်လွှတ်ပါ ဖေဖေ၊ ကျွန်တော် တောင်းပန်ပါတယ်၊ တကယ် ပြောတာပါ '

နီကိုလတ်စ်၏ မျက်လုံးများတွင် မျက်ရည်များ စို့လာသည်။
' ဒါပေမယ့် ... ဖေဖေ မကြိုက်တာ ဘာလုပ်ခဲ့မိမှန်း ကျွန်တော် မသိဘူး '
' ကဲ ... ဘုရားရှိခိုးမယ်၊ ဒူးထောက်ထိုင်တော့ ' ကောင်စစ်ဝန်သည် ရပ်နေကျအတိုင်း သူ့သား၏ ဘေးမှ ၀င်ရပ်လိုက်ပြီး သူ့လက်တဘက်ကို သူ့သား၏ ပခုံးပေါ်သို့ တင်လိုက်သည်။ ' မင်းတနေ့ တခြားကြီးလာပြီ နီကိုလတ်စ် ငါ့ဘ၀မှာ ဘယ်လောက်အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ဘယ်လောက်အထိ ခံစား ခဲ့ရတယ်ဆိုတာ မင်းသိရမယ်၊ နားလည်ရမယ်၊

မင်းအမေ ငါတို့ကို ပစ်သွားတဲ့အချိန်က စပြီး ငါ့မှာ ဘယ်လောက်အထိ တာဝန်ကြီးခဲ့တယ် ဆိုတာ မင်းသိသားပဲ၊ နောက်ဆုံး ငါ့မှာ အိပ်မပျော်ခဲ့ ရောဂါ ဒဏ်ကို တောက်လျှောက် ခံနေရတဲ့ဘ၀ ရောက်ခဲ့ရတယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခတွေ ခံရတာ များလွန်းလို့ ငါ့မှာ အလုပ်ကို ဖိလုပ်ပြီး သက်သာရာ ရှာခဲ့ရတယ်၊ ဒီလောက်ဒုက္ခတွေ ခံခဲ့ရပေမယ့်... ' ကောင်စစ်ဝန်သည်။ မျက်ခုံးတဘက်ကို ပင့် လိုက်သည်။ ' ဒီဒုက္ခတွေကြောင့်ပဲ ငါဟာ မင်းအပေါ်မှာ ပုံပြီး ချစ်ခဲ့ရတယ်၊ ငါ့ဘ၀ တခုလုံးကို မင်းအမပေါ်မှာပဲ အပ်ထားခဲ့တယ် '
သူငယ်သည် ခေါင်းကိုငုံ့ထားသည်။ မျက်ရည်စများသည် သူ့မျက်တောင်နှစ်ဘက်တွင် တွဲလွဲခို နေကြ သည်။

' ဟုတ်တယ် နီကိုလတ်စ်၊ ငါဟာ မင်းရဲ့အဖေသာမဟုတ်ဘူး၊ မင်းရဲ့မိတ်ဆွေလဲ ဖြစ်တယ်၊ မင်းရဲ့ ဆရာလဲဖြစ်တယ်၊ မင်းရဲ့သူနာပြု ဆရာမဆိုရင်လဲ မမှားဘူး၊ ဒီအလုပ် ဒီတာဝန်တွေကို ငါယူရပေ မယ့် ပင်ပန်းတယ်လို့ ငါ မတွက်ခဲ့ဘူး၊ ငါ့စိတ်ထဲမှာ ရခဲ့တဲ့ ဒဏ်ရာကို ဆေးကုနေသလိုပဲ သဘော ထားခဲ့တယ်၊ ဒါဟာ မင်းကို ဖေဖေချစ်လွန်းလို့ပဲ၊ ဖေဖေရဲ့ တကိုယ်ကောင်းမဆန်တဲ့ အချစ်ဟာ အပြန်အလှန် သဘောအားဖြင့် မင်းဆီက တုံ့ပြန်မှုကို ရချင်တာ မင်းအပေါ်မှာ ချစ်သလောက် မင်းက ဖေဖေ့အပေါ်မှာ မချစ်တဲ့ အရိပ်အရောင်ကို ကနေ့ တွေ့လိုက်ရတော့ ဖေဖေ စိတ်ဆင်းရဲ ခဲ့ရတယ် '
' မဟုတ်ဘူး ဖေဖေ၊ မဟုတ်ပါဘူး ' နီကိုလတ်စ်က ကပျာကယာ ပြန်ပြောသည်။ ' ဖေဖေ ထင်တာ မဟုတ်ဘူး၊ ဖေဖေဘာကြောင့် ဒီလိုထင်ရတာလဲ '
ထူးဆန်းသော အရိပ်အငွေ့သည် ကောင်စစ်ဝန်၏ မျက်နှာတွင် ထင်ဟပ်လာသည်။

' တချို့ဟာတွေကိုတော့ ဖေဖေ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး ... ငါ့သား၊ မင်း ပါးစပ်က အမှတ်တမဲ့နဲ့ ပြောလိုက်တဲ့ စကားတခွန်း...၊ အကြည့် ...၊ ပြီးတော့ ကိုယ်နှုတ်အမူအရာ... '
' မဟုတ်ဘူး...ဖေဖေ၊ လုံးဝ မဟုတ်ဘူး ' နီကိုလတ်စ်၏ အသံမှာ ကျယ်လာသည်။ ' ကျွန်တော် ဖေဖေ့ကို ချစ်တယ်၊ ကျွန်တော် ချစ်မှန်းလည်း ဖေဖေ သိပါတယ်၊ မေမေက ဖေဖေ့ အပေါ်မှာ ရက် ရက်စက်စက် လုပ်သွားခဲ့ပေမယ့် ကျွန်တော် မလုပ်ပါဘူး၊ ကျွန်တော် ဖေဖေနဲ့ ဘယ်တော့မှ မခွဲပါဘူး၊ အမြဲတမ်း အတူတူ နေသွားမှာပဲ' နီကိုလတ်စ်သည် ပြောနေယင်းမှ ရှိုက်ကြီးတငင် ငိုသည်။ ၀မ်းနည်းပတ်လက် ငိုကြွေး နေခြင်း ဖြစ်၍ သူ့ တကိုယ်လုံး တုန်ယင်လှုပ်ရှားလျက် ရှိသည်။ ငိုနေရင်းမှပင် သူ့အဖေ၏ လည်ပင်းကို သူ့ လက်နှစ်ဘက် ဖြင့် သိမ်းဖတ်လိုက်၏။

' ငါ့သားလေး ' ကောင်စစ်ဝန်သည် သူ့သားကို တယုတယ ပြန်ဖက်ကာ ဆွေးဆွေးမြည့်မြည့် ရေရွတ်သည်။ သူ့အား တင်းကျပ်စွာ ဖက်ထားသော သူ့သား၏ နှလုံးခုန်သံမှာ မြန်ဆန်လွန်းလှ ချေသည်။ သူသည် သက်ပြင်း ကို လေးတွဲစွာ ချလိုက်ပြီး မျက်စိများကို စုံမှိတ်ထားလိုက်သည်။

နောက်ဆုံးတွင် သူသည် သူ့အား ဖက်ထားသည့် သားဖြစ်သူ၏ လက်နှစ်ဘက်ကို အသာ အယာ ဆွဲဖယ် သည်။ ပြီးတော့ အလွန် နူးညံ့သာသော အပြုံးဖြင့် ကြည့်လိုက်သည်။
' ကဲ ... အခု ဘုရား ရှိခိုးတော့ ... ငါ့သား၊ ဖေဖေ ရှေ့က ဆိုပေးမယ် '

အခန်း (၅) ဆက်ရန်
.

No comments: