Monday, May 24, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၁)

အခန်း (၂၁)

ဝီလျံသည် သူ၏အနာဂတ် ရည်မှန်းချက်အတွက် ခိုင်မာတိကျသော ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမီ အင်္ဂလန်နိုင်ငံသို့ တစ်လတာမျှ စိတ်ပြေလက်ပြောက် ခရီးထွက်ရန် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆုံးဖြတ် လိုက်သည်။

သူသည် ဘဏ်အုပ်ချုပ်ရေးအဖွဲ့မှ လုံးဝနုတ်ထွက်ရန်ကိုပင် စဉ်းစားခဲ့သေးသည်။ သို့သော် မက်သယူးက တားသည်။ သည်လို အခြေအနေမျိုး ကြုံလာလျှင် ၀ီလျံ၏ ဖခင်သည် သည်လို လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်လိမ့်မည်မဟုတ်ဟု မက်သယူးက ဆိုသည်။ မက်သယူး၏ အကြောင်းပြချက် မှန်နေသဖြင့် ၀ီလျံမှာ အသာနောက်ဆုတ်နေလိုက်ရတော့သည်။
တကယ်တော့ ဘဏ်ဥက္ကဋ္ဌရာထူး ရွေးချယ်ပွဲတွင် ၀ီလျံ ရှုံးနိမ့်သွားရခြင်းအတွက် ၀ီလျံကိုယ်တိုင် ခံစားရသည်ထက် မက်သယူးက ပို၍ ခံစားရသေးသည်။
သူသည် သူ၏ ချစ်လှစွာသော မိတ်ဆွေအတွက် စိတ်မကောင်းဖြစ်လှသဖြင့် အရက်ကိုပင် အလွနအကျွံ သောက်မိသည်။ နှစ်ကြိမ်တိုင်တိုင် အရက်နာကျပြီး အလုပ်သို့ ရောက်လာသည်။ သို့သော် ဘာမှ မလုပ်နိုင်ဘဲ စားပွဲပေါ်တွင်သာ အလုပ်တွေ ပုံကျန်ရစ်ခဲ့သည်။

မက်သယူး၏ လုပ်ရပ်များအတွက် ၀ီလျံက ဘာမှမပြော။ မသိလိုက် မသိဘာသာပင် နေနေလိုက်သည်။ သူက မက်သယူးနှင့် ကိတ်တို့အား ညစာ စားရန် ဖိတ်လိုက်သည်။ သို့သော် မက်သယူးက လက်မခံ၊ လုပ်စရာအလုပ်တွေ ပုံနေသောကြောင့်ဟု အကြောင်းပြသည်။

သို့သော် ထိုနေ့က ရစ်ဇ် ကာလတန်ဟိုတယ် ညစာ စားပွဲသို့ မက်သယူးတစ်ယောက် ဆိုက် ဆိုက် မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ သူသည် တစ်နေ့သောအခါ ကိန်းနှင့် ကဘော့ဘဏ်တိုက်၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင် ဒါရိုက်တာကြီး တစ်ယောက်၏ ဇနီးမယား ဖြစ်လာမည့် မိန်းမချောကလေး တစ်ယောက်နှင့်အတူ ပထမဆုံးအကြိမ် ညစာ စားရသည်။ သို့သော် ညစာစားပွဲသည် ထင်သလောက် ပျော်စရာတော့ မကောင်းလှ။ အဘယ်ကြောင့်ဆိုသော် မက်သယူးသည် အရက်သောက်လွန်၍ ကျန်းမာ ရေး အတော်ကလေး ကျဆင်းနေပြီဆိုသည်ကို ၀ီလျံနှင့် ကိတ်တို့ နှစ်ယောက်စလုံးက သတိပြုမိပြီး စိတ်မ ချမ်းသာ ဖြစ်မိကြသောကြောင့် ဖြစ်သည်။ မက်သယူးကလည်း သူ့အခြေအနေကု သူသိနေသည်။

ခရီးထွက်ရက်နီးတော့ ၀ီလျံက ကိတ်အား သူနှင့်အူ လိုက်ခဲ့ရန် ခေါ်သည်။ ကိတ်က အံ့သြစွာနှင့်ပင် ရှောရှောရှူရှူ သဘောတူသည်။
နောက်ဆုံးတွင် ၀ီလျံနှင့်ကိတ်တို့သည် ' မောရစ်တန်နီးယား ' သင်္ဘောကြီးဖြင့် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာ လာခဲ့ကြသည်။ သို့သော် သူတို့နှစ်ယောက်သည် တစ်ခန်းတည်း မငှားဘဲ တစ်ယောက်တစ်ခန်းစီ စီး၍ လိုက်ပါ လာခဲ့ကြသည်။

လန်ဒန်မြို့သို့ ရောက်သောအခါ ' ရစ်ဇ် ' ဟိုတယ်တွင် တည်းကြသည်။ ဟိုတယ်တွင်လည်း တစ်ထပ်စီ၊ တစ်ခန်းစီပင် သီးသန့်အခန်းငှား၍ နေကြသည်။
ဝီလျံက သူ လန်ဒန်မြို့သို့ ရောက်ရှိနေကြောင်းကို လွမ်းဘက်လမ်းရှိ ကိန်းနှင့် ကဘော့ဘဏ်တိုက်ခွဲသို့ အကြောင်းကြားလိုက်သည်။ သို့ဖြင့် သူသည် လန်ဒန်ဘဏ်ခွဲ၏ လုပ်ငန်းများကိုလည်း လက်တွေ့ လေ့လာခွင့်ရသည်။ လန်ဒန်ဘဏ် အခြေအနေသည် ပြုပြင်စရာမရှိအောင် ကောင်းနေသဖြင့် ၀ီလျံ အနေဖြင့် ဘာမှ ထွေထွေထူးထူး ၀င်စွက်စရာ မတွေ့ရ။

သူနှင့် ကိတ်တို့သည် လန်ဒန်ဟမ်ရှိုင်းယားနှင့် လင်ကွန်းရှိုင်းယားဝန်းကျင်သို့ အနှံ့သွားရောက်ကာ မကြာမီလ အနည်းငယ်ခန့်က ၀ီလျံဝယ်ထားခဲ့သော ဧကတစ်သောင်းနှစ်ထောင်ရှိ စိုက်ပျိုးခြံကြီးကို သွား ကြည့်ကြသည်။ အင်္ဂလန်တွင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အမြတ်အစွန်း များများမရနိုင်သော်လည်း ' အမေရိကမှာ အခြေအနေဆိုးလာတဲ့အခါ တန်ဖိုးရှိလာမှာပါ ' ဟု ၀ီလျံက ကိတ်အား ပြောပြသည်။
သူတို့ အမေရိကသို့ မပြန်မီ ရက်အနည်းငယ်အတွင်းတွင် ကိတ်က အောက်စဖို့ တက္ကသိုလ်သို့ သွားကြည့်ချင်သည်ဟု ပြောသည်။

နောက်နေ့မနက်တွင် ၀ီလျံက ကိတ်အား ကားမောင်း၍ လိုက်ပို့သည်။ သူက ' မောရစ် ' အမျိုးအစား တက္ကစီကားသစ်ကလေး တစ်စီးကို ငှားသည်။ သည်ကားမျိုးကို ယခင်က တစ်ခါမျှ မမောင်းဖူးခဲ့။ သူတို့ နှစ်ယောက်သည် ကမ္ဘာကျော် တက္ကသိုလ်မြို့တော်တွင် လျှောက်လည်ပြီး ကောလိပ်ကျောင်းများသို့ သွားရောက်လည်ပတ်ကြသည်။ မာတန်ကောလိပ်မြက်ခင်းပြင်တွင် ထိုင်ပြီး စိတ်ကူးယဉ်နေကြစဉ် ' မြက်ခင်းပေါ် မတက်ရဘူးဗျ ' ဟု ကျောင်းစောင့်က လာပြောတော့ နှစ်ယောက်သားရယ်ပြီး မောင်မယ် သစ်လွင်များပမာ လက်ချင်းယှက်ကာ ထွက်ခွာလာခဲ့ကြသည်။
ထို့နောက်တွင် ချားဝဲမြစ်ကမ်းပါးတစ်လျှောက် လမ်းလျှောက်ကြသည်။ ၀ီလျံမှာ ကိတ်နှင့်အတူ ယခုလို နေရသည်ကို ပျော်မဆုံးဖြစ်နေပြီး ကိတ်မရှိလျှင် လူ့ဘ၀တွင်နေ၍မှ ပျော်နိုင်ပါ့မလားဟုပင် စဉ်းစားမိသည်။

ညနေစောင်းတော့ လန်ဒန်အပြင်တွင် ဟင်လီမြို့ရောက်တော့ သိမ်းမြစ်ပေါ် စီးမိုးနေသော ' ဘဲလ်အင် ' စားသောက်ဆိုင်တွင် ၀င်နားကြသည်။ မုန့်ညှက်နှင့် နာမည်ကျော် အင်္ဂလိပ် လက်ဖက်ရည် တစ်မျိုးမှာယူ စားသောက်ပြီးတော့ ကိတ်က တောရွာရှုခင်းတွေ ကြည့်ချိန်ရအောင် မမှောင်ခင် ပြန်ကြဖို့ ပြောသည်။ သို့နှင့် ပြန်တော့မလို့ ကားကို စက်နှိုးသောအခါ စက်နှိုး၍ လုံးဝမရတော့။ ၀ီလျံက နည်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ကြိုးစားသော်လည်း အချည်းနှီးပင်။

သည်လိုနှင့် ထိုညတွင် ဟင်လီမြို့၌ပင် အိပ်ရန် နှစ်ယောက်သဘောတူ ဆုံးဖြတ်လိုက်ရတော့သည်။
ထို့နောက် ' ဘဲလ်အင် ' စားသောက်ဆိုင်သို့ ပြန်သွားပြီး တစ်ညတာ တည်းခိုရန်အတွက် အခန်း နှစ်ခန်း ငှားသည်။
' ၀မ်းနည်းပါတယ်ရှင်၊ လက်ဝဲဘက်မှာ နှစ်ယောက်အိပ်တစ်ခန်းပဲ ကျန်ပါတော့တယ် ' ဧည့်ကြိုစာရေးမက ပြောသည်။
ဝီလျံက ခေတ္တစဉ်းစားနေပြီးတော့မှ -
' ကောင်းပါပြီ၊ အဲဒီအခန်း ကျွန်တော်တို့ ယူပါ့မယ် '

ကိတ်က အံ့အားသင့်သွားသော်လည်း ဘာမှတော့ ပြန်မပြော။ စာရေးမက သူမအား အကဲခတ်သော မျက်လုံးနှင့်ကြည့်သည်။
' ဒါနဲ့ မစ္စတာနှင့် မစ္စက် ... '
' မစ္စတာနဲ့ မစ္စက် ၀ီလျံကိန်းပါ ' ၀ီလျံက ခပ်တည်တည်ပင် ပြန်ပြောလိုက်သည်။
' ကျွန်တော်တို့ နောက်မှ ပြန်လခဲ့ပါ့မယ် '
' ပစ္စည်းတွေကို အခန်းထဲ ပို့ပေးရမှာလား ခင်ဗျာ ' ပစ္စည်းသယ်လုပ်သားတစ်ယောက်က ၀ီလျံအား လှမ်း ပေးသည်။
ဝီလျံက ပြုံးပြီး ပြန်ပြောလိုက်သည်။
' မလိုပါဘူး၊ ကျွန်တော်တို့မှာ ဘာပစ္စည်းမှ မပါပါဘူး '

' သြော် ၊ ဟုတ်ကဲ့ ... ဟုတ်ကဲ့ '
ထို့နောက် ၀ီလျံက ဟင်လီလမ်းမကြီးအတိုင်း လျှောက်ခဲ့ရာ ကိတ်ကလည်း ဘာမသိ ညာမသိဖြင့် သူ့နောက် မှ လိုက်ပါလာခဲ့သည်။ နောက်ဆုံး ဘုရားရှိခိုးကျောင်းခြံဝတွင် ရပ်လိုက်ကြသည်။
' ၀ီလျံ ... ရှင်ဘာလုပ်မလို့လဲ ဟင်၊ ကျွန်မ သိခွင့်ရှိသလား '
ကိတ်က မအောင့်နိုင်တော့၍ မေးလိုက်သည်။
' သိရပါတယ် အချစ်ရယ်၊ ငါ အစောကြီးကတည်းက လုပ်ချင်နေတဲ့ အလုပ်တစ်ခုကို လုပ်မလို့ပါ '
ကိတ်က ဘာမှ ပြန်မမေးတော့။
ဘုရားရှိခိုး ကျောင်းထဲ ၀င်သွားတော့ ဘုရားရှိခိုးစာအုပ်တွေ စီနေသော ကျောင်းစောင့်တစ်ယောက်ကို တွေ့ကြရသည်။
' သင်းအုပ်ခင်ကြီး ရှိသလားဗျ ' ၀ီလျံက မေးလိုက်သည်။

' သူ့အိမ်မှာ ရှိပါလိမ့်မယ် '
' သူ့အိမ်က ဘယ်မှာလဲ '
' ဒါနဲ့ မောင်ရင်က အမေရိကန် လူမျိုးလား '
' ဟုတ်ပါတယ် '
' သင်းအုပ်အိမ်က ဘုရားရှိခိုးကျောင်းနောက်မှာ ကပ်လျက်ပဲ '
' ဒါနဲ့ ခင်ဗျား ဒီနေရာမှာ ၁၀ မိနစ်လောက် စောင့်နေနိုင်မှာလား '
' ဘာကိစ္စရှိလို့လဲ '

ဝီလျံက အင်္ကျီအိတ်ထဲမှ ပိုက်ဆံအိတ်ထုတ်ပြီး ငါးပေါင်တန် ငွေစက္ကူတစ်ရွက် ယူကာ နှစ်ခေါက် ခေါက်လိုက်သည်။
' ဩ မိနစ်လောက် စောင့်နိုင်ပါ့မလား '
ကျောင်းစောင့်က ၀ီလျံလက်ထဲမှ ငွေစက္ကူကို စေ့စေ့ကြည့်နေသည်။ ပြီးတော့မှ
' ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ရပါတယ်၊ ရပါတယ် '
ဝီလျံက ငွေစက္ကူကို ကျောင်းစောင့်လက်ထဲ ထည့်ပေးလိုက်ပြီးနောက် ကိတ်ကို လက်ဆွဲပြီး ခပ်မြန်မြန် ကလေး ပြန်ထွက်လာခဲ့သည်။
ဆင်ဝင်ဆောင်နားမှ ဖြတ်လာစဉ် ဆိုင်းဘုတ်တစ်ခုကို တွေ့ရ၍ ဖတ်ကြည့်လိုက်သည်။
' သင်းအုပ်ခင်ကြီး ဆိုင်းမွန့်တပ့်ခ်ဘာရီ၊ မဟာဝိဇ္ဇာ (ကိန်းဘရစ်ခ်ျ) '

ယင်းဆိုင်းဘုတ်ဘေးတွင် သံမှိုနှင့် ကပ်ရိုက်ထားသော စာရွက်တစ်ခုတော့ ဘုရားရှိခိုးကျောင်း အမိုးအတွက် အနည်းဆုံး တစ်ပဲနိမှ (အမိုးအတွက် လိုအပ်သော) ပေါင် ၅၀၀ အထိ နည်းများမဆို လှူဒါန်းကြရန် နှိုးဆော်လွှာ ဖြစ်သည်။ ၀ီလျံက ယင်းစာရွက် ဖတ်ကြည့်ပြီး ပြုံးလိုက်မိသည်။
သင်းအုပ်အိမ် တံခါးဝရောက်တော့ ပန်းရောင်ပါးပြင်နှင့် ၀၀ဖိုင့်ဖိုင့် အမျိုးသမီးကြီး တစ်ယောက်က ပြုံးပြီး တံခါး လာဖွင့်ပေးသည်။
' မစ္စက်တပ်ခ်ဘာရီပါလား ခင်ဗျာ ' ၀ီလျံက မေးလိုက်သည်။
' ဟုတ်ပါတယ်' သူမက ပြုံးပြီးပြောသည်။

' သင်းအုပ်ကြီးနဲ့ တွေ့ချင်လို့ပါ ခင်ဗျာ '
' သင်းအုပ်ကြီး လက်ဖက်ရည်သုံးဆောင်နေပါတယ်၊ တော်တော်ကြာမှ တစ်ပတ်ပြန်လှည့်လာခဲ့ပါလား '
' ကိစ္စက နည်းနည်းအရေးကြီးနေလို့ပါ '
ကိတ်က ၀ီလျံအနီးသို့ ကပ်လာသည်။ သို့သော် ဘာမှတော့ မပြော။
' ကောင်းပြီလေ ဒီလိုဆိုလည်း အထဲဝင်ကြပါ '
သင်းအုပ်ကြီး အိမ်မှာ ၁၆ ရာစုကတည်းက ဆောက်လုပ်ခဲ့သော ကျောက်တုံး အိမ်ဟောင်းကလေး ဖြစ်သည်။ ဧည့်ခန်းကို သစ်တုံးမီးဖိုဖြင့် အနွေးဓာတ်ပေးထားသည်။
သင်းအုပ်ကြီးမှာ အရပ်ရှည်ရှည်၊ ပိန်ပိန် သွယ်သွယ် ဖြစ်သည်။ သူသည် နံနက်စာ သုံးဆောင်နေရာမှ ထရပ်လိုက်ပြီး -
' မင်္ဂလာ ညနေခင်းပါ မစ္စတာ '

' ကိန်းပါခင်ဗျာ ၊ ၀ီလျံကိန်း '
' ကျုပ် ဘာလုပ်ပေးရမလဲ မစ္စတာကိန်း '
' ဒီက ကိတ်နဲ့ ကျွန်တော်တို့ လက်ထပ်ချင်လို့ပါ ခင်ဗျာ '
' သြော် ... ဟုတ်လား၊ သိပ်ကောင်းတာပေါ့ ' သင်းအုပ်ကြီးကတော်က ၀င်ပြောသည်။
' ရပါတယ် ရပါတယ်၊ ဒါနဲ့ မစ္စတာကိန်းက ဒီသာသနာ့နယ်မြေကလား၊ ကျုပ် မမှန်မိသလိုရှိလို့ မေးကြည့် တာပါ '
' မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်က အမေရိကန်လူမျိုးပါ၊ ကျွန်တော်က ဘော့စတွန်က စိန်ပေါကျောင်းကို ကိုးကွယ်တယ် '

' ဒါဆို လင်ကွန်းရှိုင်းယားကတော့ မဖြစ်နိုင်ဘူး၊ မက်ဆားချူးဆက်ပြည်နယ်က ဖြစ်ပါလိမ့်မယ် '
' ဟုတ်ပါတယ် ခင်ဗျာ '
အင်္ဂလန်တွင်လည်း ဘော့စတွန်မြို့ရှိကြောင်း ၀ီလျံ အမှန်တမဲ့ ဖြစ်သွားသည်။
သင်းအုပ်ကြီးက ဆုတောင်းမေတ္တာပို့သတော့မလို လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပြီး -
' ကောင်းတယ် ... ကောင်းတယ် ... အလွန်မင်္ဂလာရှိပါတယ် ... ဒီတော့ မစ္စတာကိန်းတို့နှစ်ယောက် ၀ိညာဉ်ချင်းဆက်ပြီး ပေါင်းဖက်ကြမှာက ဘယ်နေ့လို့ ရည်မှန်းထားသလဲ '
' ဒီနေ့ အခုချက်ချင်းပါ ခင်ဗျာ '
' အခုချက်ချင်း ... ဟုတ်စ ' သင်းအုပ်ကြီးက အံ့အားသင့်သွားသည်။

' ကျုပ်က အမေရိကန်ပြည်ထောင်စုရဲ့ မင်္ဂလာလက်ထပ်ခြင်းဆိုင်ရာ ထုံးစံကိုတော့ ကောင်းကောင်း မကျွမ်းကျင်ပါဘူး၊ ဒါပေမဲ့ ကာလီဖိုးနီးယားပြည်နယ်က လူတွေ လုပ်ပုံကိုင်ပုံတွေကို သတင်းစာထဲမှာ ဖတ်လိုက်ရတာကတော့ အလွန်ထူးဆန်းတာပဲ၊ ကျုပ်တို့နယ်မြေမှာတော့ အဲဒီလို ထုံးစံတွေကို လက်မခံ ကြသေးပါဘူး၊ ကျုပ်တို့နိုင်ငံမှာ လက်ထပ်ချင်ရင်တော့ လက်မထပ်ခင် အင်္ဂလန်နိုင်ငံမှာ အနည်းဆုံး တစ်နှစ်ပြည့်အောင်နေပြီး ဖြစ်ရမယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ အင်မတန် ထူးခြားတဲ့ အခြေအနေမျိုး ဖြစ်နေမှသာ လက်ထပ်ခွင့်ပြုလေ့ရှိတယ်၊ အထူးကိစ္စမျိုးဖြစ်နေတာတောင်မှ ကျုပ်အနေနဲ့ ဂိုဏ်းချုပ်ကြီး ဆီမှာ ခွင့်တောင်းရဦးမယ်၊ အဲဒီအတွက် အနည်းဆုံး သုံးရက်လောက် ကြာမယ် '
ကိတ်က ဖြတ်မေးလိုက်သည်။

' ဒါနဲ့ ဘုရားရှိခိုးကျောင်း အမိုးအတွက် ပိုက်ဆံဘယ်လောက်လိုပါသေးသလဲ '
' အား ... ဟုတ်တယ် ... အမိုးကိစ္စ ... အမိုးကိစ္စ၊ အဲဒါ တော်တော် အရေးကြီးတယ်၊ ပြောရရင်တော့ အရှည်ကြီးပဲ၊ လွန်ခဲ့တဲ့ ၁၁ ရာစု '
' ပိုက်ဆံ ဘယ်လောက်လိုပါသေးသလဲ '
ဝီလျံက ကိတ်၏ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ မေးလိုက်သည်။

' စုစုပေါင်းတော့ ပေါင် ၅၀၀လောက် လိုပါလိမ့်မယ်၊ အခုအထိတော့ အလွန်နည်းနေပါသေးတယ်၊ ခုနစ်ပတ်လုံးလုံး အလှူခံတာမှ ၂၇ ပေါင်၊ ၄ ရှီလင်နဲ့ ၄ ပဲနိပဲ ရသေးတယ် '
ဝီလျံက အင်္ကျီအိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်လိုက်သည်။ ထို့နောက် ချက်စာအုပ်ထုတ်ပြီး ပေါင် ၅၀၀ တန် ချပ်တစ်စောင်ရေးကာ သင်းအုပ်ကြီးအား ကမ်းပေးလိုက်သည်။
' အား ... အေး ... ဒီကိစ္စက အထူးကိစ္စလို့ပဲ ပြောရတော့မှာပဲ၊ မစ္စတာကိန်း ' သင်းအုပ်ကြီးက အံ့အား သင့်စွာဖြင့် ပြောသည်။ ဒါနဲ့ အလျင်က အိမ်ထောင်ရှိခဲ့ဖူးကြသလား '
' ဟုတ်ကဲ့ ' ကိတ်ကပြောသည်။ ' ကျွန်မ ခင်ပွန်းက လေယာဉ်ပျံပျက်ကျပြီး ဆုံးသွားတာ လေးနှစ်တောင် ရှီပါပြီ '
' အို ... ကြောက်စရာကြီးပါပဲလား၊ စိတ်မကောင်းပါဘူး တူမရယ် ' သင်းအုပ်ကြီးကတော်က ပြောသည်။

' ငါ ပြောပါရစေဦး ရှင်မရဲ့ ' သင်းအုပ်ကြီးက သူ့ဇနီးကို ဟန့်တားလိုက်သည်။ သူက သူ့ဇနီး၏ ကရုဏာတရားထက် ကျောင်းအမိုးကိစ္စကို ပို၍ စိတ်ဝင်စားနေသည်။ ' ပြီးတော့ မစ္စတာ ကိန်းကရော '
' ကျွန်တော် အိမ်ထောင်မပြုဖူးသေးပါဘူး '
' ကျုပ် ဂိုဏ်းအုပ်ကြီးဆီ ဖုန်းဆက်လိုက်ပါ့မယ် '
ထို့နောက် သူသည် ကပ်လျက် အခန်းထဲသို့ ၀င်သွားသည်။
သင်းအုပ်ကြီးကတော်က ၀ီလျံနှင့် ကိတ်တို့အား မုန့်နှင့် လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။ စကားတွေလည်း တတွတ်တွတ် ပြောသည်။ သို့သော် ၀ီလျံနှင့် ကိတ်တို့က သူမ၏ စကားကို လုံးဝစိတ်မ၀င်စားကြ။ တစ်ယောက် မျက်နှာကိုသာ တစ်ယောက် စိုက်ကြည့်နေမိကြသည်။

သင်းအုပ်ကြီး ပြန်ထွက်လာသည်။
' အင်း ... ဒါကတော့ အထူးကိစ္စပဲ၊ အထူးကိစ္စဖြစ်လို့ ဂိုဏ်းအုပ်ကြီးက ခွင့်ပြုတယ်၊ ဒါပေမဲ့ ခြွင်းချက်တော့ ရှိတယ်၊ မစ္စတာကိန်းက မနက်ဖြန်မနက်မှာ အမေရိကန် သံရုံးသွားပြီး အကြောင်းစုံကို သတင်းပို့ရမယ်၊ ပြီးတော့ အမေရိကန်ပြည်ရောက်တဲ့အခါမှလည်း စိန့်ပေါဘုရားရှိခိုးကျောင်းက ဂိုဏ်းအုပ်ကြီးဆီသွားပြီး လျှောက်ထား ရမယ် '
သူက လက်ထဲတွင် ချက်လက်မှတ်ကို ကိုင်ထားတုန်း ရှိသေးသည်။ သူက ဆက်ပြောသည်။

' အဲဒီတော့ သက်သေနှစ်ယောက် လိုလိမ့်မယ်။ ကျုပ် ဇနီးတစ်ယောက်တော့ ရပြီ၊ ကျောင်းစောင့် မစ္စတာ ပရိုဂက် ရှိလိမ့်ဦးမယ် ထင်တယ်၊ သူနဲ့ဆိုရင် အလုပ်ဖြစ်ပါပြီ '
' သူ ရှိပါတယ်၊ သူရှိပါတယ် '
' ဘယ်လိုလုပ်သိသလဲ '
' သူ့ကိုလည်း တစ်ရာခိုင်နှုန်း ပေးခဲ့ရလို့ပါ '
' တစ်ရာခိုင်နှုန်းဟုတ်လား၊ ဘာကို ဆိုလိုတာပါလိမ့် '
' ကျောင်းအမိုးရဲ့ တစ်ရာခိုင်နှုန်းကို ပြောတာပါ '
' သြော် ... သြော် ... ဟုတ်ပြီ ... ဟုတ်ပြီ '

သင်းအုပ်ကြီးသည် ၀ီလျံ၊ ကိတ်နှင့် သူ့ဇနီးတို့အား ဘုရားရှိခိုးကျောင်းသို့ ဦးဆောင်ခေါ်လာခဲ့သည်။ ကျောင်းခန်းမထဲသို့ ရောက်သောအခါ သင်းအုပ်ကြီးက တရားဟော ၀တ်ရုံဖြူကြီးကို ၀တ်သည်။ ပြီးတော့ အသင့် စောင့်နေသော ကျောင်းစောင့်ကို မျက်စပစ်ပြလိုက်ပြီး -
' အင်း ... မစ္စတာစပရိုက်ကတော့ တာဝန်ကျေပါပေ့ဗျာ၊ ဟိုတုန်းက ဒီလိုတစ်ခါမှ မရှိဖူးပါဘူး၊ မစ္စတာကိန်းနဲ့ တော်တော် ပြေလည်မှုရှိကြတယ် ထင်ပါ့ '
ကျောင်းစောင့်ကီးက ဘာမှပြန်မပြောဘဲ ဧည့်သည်များကိုသာ အံ့သြသော အမူအရာဖြင့် ကြည့်နေသည်။

ဝီလျံက ကိတ်ဘက်သို့ လှည့်ကာ ရွရွကလေး နမ်းလိုက်သည်။
' မေးနေဖို့ အချိန်တော့ မဟုတ်ပါဘူး ကိတ်၊ ဒါပေမဲ့ ၀တ္တရားအတိုင်းတော့ မေးရတော့မယ်၊ ကိုယ့်ကို လက်ထပ်နိုင်ပါ့မလား '
' ဘုရားရေ ' သင်းအုပ်ကြီးက သူ၏ ၅၇ နှစ်သက်တမ်းတွင် ပထမဆုံးအကြိမ် အံ့အားသင့်ရသော အမူ အရာဖြင့် ဘုရားတလိုက်သည်။
' ဒီလိုဆို မောင်ရင်က သူ့ကို လက်ထပ်ခွင့်တောင် မတောင်းရသေးဘူး ဆိုပါတော့ ဟုတ်စ '

*
နောက် ၃၅မိနစ်အကြာတွင် ၀ီလျံနှင့် ကိတ်တို့သည် လက်ချင်းယှက်ကာ ဘုရားရှိခိုးကျောင်းထဲမှ အပြုံးကိုယ်စီဖြင့် ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
ခန်းမဆောင်ထဲမှ မထွက်မီကလေးတွင် သင်းအုပ်ကြီးကတော်က ခန်းဆီးလိုက်ကာတွင် တပ်ထား သော ကြေးကွင်း တစ်ကွင်းကို ဖြုတ်ပြီး မင်္ဂလာလက်စွပ်အဖြစ် ကိတ်၏လက်တွင် စွပ်ပေး လိုက်သည်။ လက်နှင့် တိုင်းလုပ်ထားသလို စေ့သားကိုက်ဖြစ်နေသည်။
ဘုရားရှိခိုး ကျောင်း အပြင်ဘက်ရောက်တော့ သင်းအုပ်ကြီးက ၀ီလျံအား စာရွက်တစ်ရွက်ပေးသည်။

' ဒါက ဘာလဲ ' ၀ီလျံက မေးလိုက်သည်။
' လက်ထပ်စာချုပ် '
' ဘုရားရေ ... ဒီအတိုင်းဆိုရင်တော့ ဘဏ်တိုက်တစ်တိုက်လုံး ကုန်တော့မှာပဲ '
ဝီလျံက ယင်းသို့ ပြန်ပြောရင်း သင်းအုပ်ကြီးအား နောက်ထပ် ပိုက်ဆံပေါင်ဝက်ကမ်းပေးလိုက်သည်။

ထို့နောက်တော့ သူသည် သတို့သမီးလက်ကိုဆွဲကာ ဟင်လီလမ်းမကြီးအတိုင်း စားသောက်ဆိုင်သို့ ပြန်လျှောက် လာခဲ့ကြသည်။
စားသောက်ဆိုင်ရောက်တော့ ၁၅ ရာစုနှစ် ၀က်သစ်ချ စားသောက်ဆောင်တွင် ညစာ စားကြသည်။ ၉ နာရီ ကျော်တော့ အိပ်ရာဝင်ကြသည်။
*
နောက်တစ်နေ့ နံနက်တွင် ကားကို မက္ကင်းနစ်က ပြင်နေစဉ် သူတို့နှစ်ယောက် မနက်စာ စားကြသည်။ စားပွဲထိုးကလေးတစ်ယောက်က ကော်ဖီလာထည့်ပေးသည်။
' ကိတ် ... ကော်ဖီကြမ်းပဲ သောက်မလား၊ နို့ထ့်ပေးရမလား ' ၀ီလျံက မေးသည်။

' နို့ထည့်ပါ '
သူမက ၀ီလျံ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
အနီးစားပွဲမှ အသက်ခပ်ကြီးကြီး လင်မယားနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ တစ်ခန်းလုံးက ၀ီလျံတို့စုံတွဲဆီသို့သာ မျက်လုံးရောက်နေကြသည်။
စားသောက်ပြီးသောအခါ အပြန်ခရီးကို ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ ဟင်လီမြို့ကို ဖြတ်ကျော်ပြီး သိမ်းမြစ်ပေါ်မှ မောင်းလာစဉ် နွေဦး လေနုအေးကလေးသည် တဖြူးဖြူး တိုက်ခတ်နေသည်။
ကားကလေးသည် ဘာ့ခ်ရှိုင်းယားနှင့် မစ်ဒဲလ်ဆက်စံနယ်မြေများကို ဖြတ်ကျော်ကာ လန်ဒန်မြို့တွင်းသို့ ၀င်လာခဲ့သည်။

' ဒါနဲ့ ဒီနေ့မနက်က စားသောက်ဆိုင် ပစ္စည်းသယ်သမားက ကိုယ်တို့ကို ကြည့်တဲ့ အမူအရာ သတိထား မိသလား ကိတ် ' ၀ီလျံက အမှတ်မထင် မေးလိုက်သည်။
' သတိထားမိပါတယ်၊ သူက ကျွန်မတို့ဆီက လက်ထပ်စာချုပ် တောင်းကြည့်ချင်ပုံရပါတယ် '
' မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ဘူး၊ သူက သတို့သမီးကလေးက ချောလိုက်တာ၊ ညနေ အိမ်ပြန် ရောက်ရင် တော့ မိန်းမကို ပြောပြရဦးမှာပဲဆိုပြီး တွေးနေတာ '
ကိုယ်က သဘောကျစွာဖြင့် ရယ်နေသည်။

သူတို့သည် နေ့လယ်စာအမီ ' ရစ်ဇ် ' ဟိုတယ်သို့ ရောက်လာကြသည်။ ရောက်ရောက်ချင်း ၀ီလျံက ယခင်ငှားထားသော ကိတ်၏ သီးသန့်ခန်းကို ပြန်အပ်လိုက်သောအခါ မန်နေ၈ျာက အံ့အားသင့်နေသည်။ နောင်အခါတွင် မန်နေဂျာက ' မစ္စတာကိန်းက တော်တော်ထူးဆန်းတဲ့လူ လူငယ်တစ်ယောက်ပဲ၊ ကွယ်လွန်သူ သူ့အဖေဆိုရင် ဒီလုပ်ငန်းမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး' ဟူ၍ တခြားလူတွေကို ပြောပြ ကြောင်း သိရှိရသည်။
ဝီလျံနှင့် ကိတ်တို့သည် ဂ`ရို့စဗီနားဥယျာဉ်မှ အမေရိကန်သံရုံးသို့ သွားရောက်ပြီး သူတို့ လက်ထပ်ခြင်းကို အကြောင်း ကြားသည်။
ကောင်စစ်ဝန်က သူတို့အား ဖြည့်စွက်ရန် ပုံစံစာရွက်ကြီးတစ်ရွက် ထုတ်ပေးပြီး မှတ်ပုံတင်ခ အဖြစ် ပိုက်ဆံ တစ်ပေါင် တောင်းသည်။

ထို့နောက် တစ်နာရီလောက်အထိ ထိုင်စောင့်နေကြရသည်။ အင်္ဂလန်က အမေရိကန်သံရုံးသည် အမိုးမိုးဖို့ စရိတ်လိုချင်ပြန်ပြီနဲ့တူတယ်ဟု ၀ီလျံက တွေးပြီး ပြုံးလိုက်မိသည်။
သံရုံးတွင် ကိစ္စပြီးတော့ ဘွန်းလမ်းမှ ကာတီးယားတိုက်တွင် မင်္ဂလာလက်စွပ်တစ်ကွင်း သွားဝယ်ရန် ပြောသည်။ သို့သော် ကိတ်က လုံးဝလက်မခံ။ သူမအတွက် နောက်ထပ်မင်္ဂလာလက်စွပ် ၀ယ်စရာ မလို တော့။ ဘုရားရှိခိုးကျောင်းတွင် သင်းအုပ်ကြီးကတော် ၀တ်ပေးလိုက်သော လက်စွပ်ထက် တန်ဖိုးရှိတာ မရှိ တော့ဟု သူမက ပြန်ပြောသည်။
ဝီလျံနှင့် ကိတ်တို့သည် ' အကွီးတန်နီးယား ' သင်္ဘောကြီးဖြင့် နယူးယောက်မြို့သို့ ပြန်ခဲ့ကြသည်။

*
ဘော့စတွန်ရောက်တော့ ဥက္ကဋ္ဌသစ်လက်အောက်တွင် အလုပ်လုပ်ရသည်မှာ ၀ီလျံအတွက် ပြဿနာတစ်ရပ်လို ဖြစ်နေသည်။
သမ္မတရုစဗဲ့၏ ' နယူးဒီးလ် ' မူဝါဒသစ်ကလည်း စီးပွားရေးနယ်ပယ်တွင် ဥပဒေသစ်တစ်ခု ဖြစ်လာသည်။ ၀ီလျံနှင့် တိုနီဆိုင်မွန်တို့သည် ရင်းနှီးမြှုပ်နှံရေး ကိစ္စများတွင် သဘောချင်း မတိုက်ဆိုင်အောင် ဖြစ်လာ ကြသည်။

သို့သော်လည်း သူတို့နှစ်ယောက်သည် ကိုယ့်အယူအဆကိုယ် ရင်ဝယ်ပိုက်ထားကြပြီး မြွေမသေ တုတ်မကျိုး ပင် စခန်းသွားနေကြသည်။
အင်္ဂလန်မှ ပြန်ရောက်ပြီး မကြာမီတွင် ကိတ်မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရသောအခါ သူမ၏ မိဘ များနှင့် ၀ီလျံတို့သည် အလွန်ဝမ်းသာကြသည်။

ဝီလျံသည် အိမ်ထောင်သည် ဖြစ်လာသည့်အလျောက် အလုပ်ချိန်ကို ယခင်ကထက် လျှော့၍ လုပ်ရန် ရည်ရွယ်သော်လည်း သူ့စားပွဲပေါ်တွင် အလုပ်တွေက တစ်နေ့ထက်တစ်နေ့ ပုံလာကြသည်။ သို့ဖြင့် သူသည် ညနေတိုင်း အချိန်မှန် အိမ်သို့ မပြန်နိုင်အောင် ဖြစ်နေသည်။

သို့သော် ... ကိတ်ကတော့ သည်အတွက် ဘယ်လိုမှသဘောမထား။ ခင်ပွန်းသည်၏ လုပ်ငန်းသဘောကို နားလည်သည်။ သူမသည် ကလေးအတွက် သီးသန့်ဆောင်ကို တခမ်းတနား မွမ်းမံပြင်ဆင်ရင်း လက်မလည် နိုင်အောင် အလုပ်များနေသည်။
လာမည့် ဒီဇင်ဘာလတွင် ကလေးမွေးဖွားတော့မည်။ ၀ီလျံက လုပ်စရာ အလုပ်တွေကို အိမ်မှာပင် ယူလုပ် သည်။ သူသည် ကလေးဖခင် ဖြစ်လာရတော့မည့်အတွက် အလွန်ပျော်ရွှင်နေသည်။
သို့သော် တစ်ဖက်တွင်တော့ မက်သယူးအတွက် တစ်နေ့ထက်တစ်နေ့ စိတ်မချမ်းမသာ ဖြစ်လာရသည်။

မက်သယူးသည် အရက်မူးပြီး ရုံးတက်သည်။ ဘာအလုပ်မှ မလုပ်နိုင်ဘဲ အိမ်ပြန်သွားသည်။
သည်လိုနှင့်ကြာတော့ မက်သယူးကို အားကိုး၍ မရတော့ကြောင်း ၀ီလျံသိလာရသည်။
ပထမတော့ သူက ဘာမှမပြော။ တစ်နေ့တော့ ပြန်ကောင်းလာလိမ့်မည်ဟု စောင့်ကြည့်နေသည်။

သို့သော် မက်သယူးက ပြန်ကောင်းမလား။ ဆိုးသည်ထက်သာ ဆိုးလာသည်။ သို့ရောက်လာသည်။ ညက အသောက်လွန်ခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ် မသယ်နိုင်အောင် ဖြစ်နေသည်။ သည်ကြားထဲက  မမှားသင့်သော အမှားတစ်ခုကို ကျူးလွန်သည်။ အမြတ်အစွန်း တော်တော်များများ ရသင့်သော ရင်းနှီး မြှုပ်နှံမှု တစ်ခုကို သူ့သဘောနှင့်သူ လုပ်လိုက်သဖြင့် အရှုံးပင် ထွက်ရမည့်အဖြစ်သို့ ရောက်သွားသည်။

ဝီလျံက သူ၏ အချစ်ဆုံးမိတ်ဆွေနှင့် ထိပ်တိုက်တွေ့ရန် အချိန်ရောက်ပြီဟု ဆုံးဖြတ်လိုက်သည်။
ဝက်သယူးက သူ့အမှားကို ၀န်ခံသည်။ နောင်ကို သည်လိုမဖြစ်စေရပါဟုလည်း ကတိပေးသည်။ ၀ီလျံက သူငယ်ချင်းနှစ်ယောက် ပြေလည်မှုအတွက် အထိမ်းအမှတ်အဖြစ် နေ့လယ်စာ သွားစားရန် အကြံပေးသည်။
ထိုအချိန်တွင် အတွင်းရေးမှူးစာရေးမ သုတ်သီးသုတ်ပျာ ၀င်လာပြီး သတင်းပေးသည်။
' မစ္စက်ကိန်းကို ဆေးရုံတင်လိုက်ရလို့တဲ့ မစ္စတာကိန်း '

' ဘာဖြစ်လို့လဲ '
' ကလေးမွေးတော့မလို့ '
' ဘယ့်နှယ်၊ အချိန်မှမဟုတ်သေးတာ၊ တစ်လခွဲလောက် လိုသေးတာပဲ '
' ဟုတ်ပါတယ် မစ္စတာကိန်၊ ဒါပေမဲ့ ဒေါက်တာမက္ကင်ဇီက တော်တော် စိုးရိမ်နေရပါတယ်၊ မစ္စတာကိန်းကို ဆေးရုံကို ချက်ချင်းလိုက်လာဖို့ ပြောပါတယ် '
ဝီလျံနှင့် မက်သယူးတို့သည် ဆေးရုံသို့ ကားဖြင့် လိုက်လာကြသည်။ ကလေးမွေးရင်း ကွယ်လွန် သွားခဲ့သော ၀ီလျံ၏ မိခင်အကြောင်းကို နှစ်ယောက်စလုံး သတိရမိကြသည်။
' ကိတ် ကို ဘုရားသခင် စောင့်ရှောက်ပါလိမ့်မယ် '

မက်သယူးက ကားကို ဆေးရုံရှေ့တွင် ထိုးရပ်ရင်း ပြောလိုက်သည်။
ဝီလျံအား ' အယ်နီကိန်း သားဖွားဆောင် ' သို့ မည်သူမျှ လိုက်ပြရန်မလို။ သူ့မိခင်အား အမှတ်တရ ဆောက်လုပ်ခဲ့သော အဆောင်ဖြစ်ပြီး လွန်ခဲ့သော ခြောက်လခန့်ကမှ ကိတ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။

သားဖွားခန်းအပြင်ဘက်တွင် သူနာပြုဆရာမတစ်ယောက် ရပ်နေသည်။
ဒေါက်တာ မက္ကင်ဇီသည် ကိတ်နှင့်အတူ ရှိနေကြောင်း၊ ကိတ်မှာ အလွန်သွေးလွန်နေကြောင်း ဆရာမက ၀ီလျံ အား ပြောပြသည်။
ဝီလျံသည် စင်္ကြံလမ်းပေါ်တွင် ဂနာမငြိမ် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ မက်သယူးကလည်း ဘာတစ်ခွန်းမျှမပြော။ ၀ီလျံလမ်းလျှောက်လျှင် သူလည်း လိုက်လျှောက်သည်။ ၀ီလျံထိုင်လျှင် သူလည်း လိုက်ထိုင်သည်။

သားဖွားခန်းထဲမှ သူနာပြုဆရာမတစ်ယောက် ထွက်လာတိုင်း၊ သားဖွားခန်ထဲသို့ပြန်ဝင်သွားတိုင်း ၀ီလျံက လက်ပတ်နာရီကိုသာ တကြည့်ကြည့် လုပ်နေသည်။
စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီသို့ ရောက်လာသည်။
နောက်ဆုံး ဒေါက်တာမက္ကင်ဇီ ထွက်လာသည်။ သူ့နဖူးပေါ်တွင် ချွေးတွေသီးနေသည်။ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးကို စွပ်ထားသည်။ ထို့ကြောင့် သူ့မျက်နှာအမူအရာကို မမြင်ရ။
ဝီလျံအနီးသို့ ရောက်တော့မှ မျက်နှာဖုံးချွတ်လိုက်သည်။ ဒေါက်တာ၏ မျက်နှာတွင် အပြုံးလွှမ်းသွားသည်။
' ကွန်ဂရက်ကျူးလေးရှင်း ... ၀ီလျံ၊ မင်းမှာ သားဦးကလေးတစ်ယောက်ရပြီ၊ ကိတ်လည်း ကျန်းကျန်း မာမာပါ '
' ကျေးဇူးတင်ပါတယ် ဒေါက်တာ ' ၀ီလျံက သက်မချလိုက်ပြီး မက်သယူး၏လက်ကို ဖျစ်ညစ်ထားလိုက် သည်။

' ဘုရားသခင် ကျေးဇူးတော်ပါပဲ ' ဒေါက်တာက ဆက်ပြောသည်။ ' ကျုပ်အစွမ်းကြောင့်ဆိုတာထက် ဘုရား သခင် ကျေးဇူးတော်ကြောင့်ဆိုမှ ပိုမှန်လိမ့်မယ် ၀ီလျံ '
' ကျွန်တော် ၀င်ကြည့်လို့ ရပါသလား ဒေါက်တာ '
' နေပါဦး ... နေပါဦး၊ ခဏစောင့်လိုက်ပါဦး၊ ကျုပ်က ကိတ်ကို စိတ်ငြိမ်ဆေးထိုးထားတယ်၊ အခု သူ အိပ်ပျော်နေတယ်၊ သူက သွေးတွေ တော်တော်များများ သွန်ပစ်လိုက်လို့ အတော်ကလေး အားနည်း နေတယ်၊ ဒါပေမဲ့ မနက်ကျတော့ အားလုံး ကောင်းသွားပါလိမ့်မယ်၊ ကဲ ... လာ လာ၊ လာ လာ၊ မောင်ရင့် သားကလေး သွားကြည့်ရအောင်၊ ဒါပေမဲ့ သူ့ပုံပန်းမြင်ရလို့ ဘယ်လိုမှတော့ မဖြစ်ပါနဲ့၊ လမစေ့ဘဲ မွေးတဲ့ ကလေး တိုင်း ဒီလိုပဲ နေမှာပဲ '

ဒေါက်တာမက္ကင်ဇီက ၀ီလျံနှင့် မက်သယူးတို့အား စင်္ကြံ လမ်းအတိုင်း ခေါ်သွားသည်။ အခန်းတစ်ခန်းရှေ့ ရောက်တော့ ရပ်လိုက်ကြသည်။ တစ်ခန်းလုံးကို လေးဘက်လေးတန် မှန်ကာထားသည်။ အပြင်ဘက်မှ လှမ်းကြည့်လိုက်တော့ အခန်းထဲတွင် ပုခက်ကလေးတွေ အတွင်း၌ မွေးကင်းစ ကလေးငယ် ခြောက်ယောက် ကို မြင်ရသည်။
' ဟို လက်ယာဘက် တတိယ ကလေးပဲ ' ဒေါက်တာက လက်ညိုးညွှန်ပြသည်။ ၀ီလျံက အရုပ်ဆိုးဆိုး မျက်နှာ ကလေးကို လှမ်းကြည့်ပြီး မျက်နှာပျက်သွားသည်။ ဒေါက်တာက ရယ်ပြီး ပြောသည်၊
ဝီလျံ ကလည်း ရယ်လိုက်သည်။

' ဒါနဲ့ ကလေးကို ဘယ်လိုနာမည်ပေးမလဲ '
' ရစ်ချတ်ဟစ်ဂင်ဆန်ကိန်း '
ဒေါက်တာ က ကလေးဖခင်အား ရင်းနှီးစွာဖြင့် ပခုံးကို လက်နှင့် ပုတ်လိုက်သည်။
' အင်း ... ကံကောင်းရင် ရစ်ချက်ရဲ့ သားဦးကလေးကို ကျုပ် မွေးဖွားပေးရဦးမှာပဲ '

*
ဝီလျံက စိန့်ပေါကျောင်းအုပ်ကြီးထံသို့ ချက်ချင်း သံကြိုးရိုက်ပြီး ၁၉၄၃ ခုနှစ်တွင် ကလေးကို ကျောင်းလာအပ်မည်ဖြစ်ကြောင်း ကြိုတင်စာရင်းသွင်းလိုက်သည်။ ကျောင်းအုပ်ကြီးကလည်း မှတ်ပုံတင် စာရင်း တွင် ချက်ချင်း ရေးမှတ်ထားလိုက်သည်။
ထိုနေ့က သူငယ်ချင်းနှစ်ယောက် ၀မ်းသာခြင်းအထိမ်းအမှတ်အဖြစ် အရက်မူးအောင် သောက်ကြသည်။
နောက်တစ်နေ့တွင် နေမြင့်မှ သူတို့နှစ်ယောက် ဆေးရုံသို့ ရောက်လာကြသည်။

' တော်တော် အကျည်းတန်တဲ့ ဘဲကလေးပဲ၊ သူ့အမေနဲ့လည်း တစ်စက်မှမတူဘူး ' ကလေးကိုကြည့်၍ မက်သယူး က မှတ်ချက်ချသည်။
' ဟုတ်တယ်ကွ၊ ငါလည်း အဲဒီလိုပဲ စဉ်းစားနေတာ '
' ဒါပေမဲ့ မင်းနဲ့တော့ တူပါတယ်ကွ '

ထို့နောက် ကိတ်၏ အခန်းထဲသို့ လာခဲ့ကြသည်။ အခန်းထဲတွင် ပန်းမျိုးစုံ ဝေဆာပွင့်လန်း နေကြသည်။
' သားလေးကို ချစ်ရဲ့လား ... မောင်၊ သားလေးက မောင်နဲ့ သိပ်တူတာပဲနော် ' ကိတ်က လင်တော်မောင် အားမေး လိုက်သည်။
' နောက်ထပ် အဲဒီလိုပောတဲ့လူကို ငါ ရိုက်မိလိမ့်မယ်၊ ငချွတ်လေးက ငါတွေ့ဖူးသမျှ ကလေးတွေထဲမှာ အရုပ်ဆိုး ဆုံးပဲ '
' မဆိုးပါဘူး မောင်ရယ်၊ မောင့်သားလေးက လူချောကလေးပါ '

' ဟုတ်တော့ဟုတ်ပါတယ်၊ သူ့မျက်နှာက အမေချစ်မယ့် မျက်နှာမျိုးပါ '
ဝီလျံ က ဇနီးသည်အား ပွေ့ဖက်ထားလိုက်သည်။
ကိတ်ကလည်း ၀မ်းသာစွာဖြင့် ပြန်ဖက်ထားလိုက်သည်။

' အင်း ... အဘွားကိန်းသာ ဒီကလေးကို မြင်ရရင် ဘယ်လိုများ ပြောလိမ့်မလဲမသိဘူး၊ လက်ထပ်တာ တောင် ရှစ်လမပြည့်သေးဘဲနဲ့ မွေးတဲ့ကလေးဆိုပြီး နှာခေါင်းရှုံ့မှာတော့ ကျိန်းသေပဲ၊ ဒါနဲ့ စကားမစပ် ကိတ်၊ မင်းကို ဆေးရုံကိုမပို့ခင် ငါပြောချင်တာ တစ်ခုကို ငါ မေ့နေခဲ့တယ် '
' ဘာများလဲ မောင် '
' မင်းကို ငါ သိပ်ချစ်တယ်ဆိုတာလေ '
' အို ... မောင်ကလဲ၊ ရှက်စရာကြီး၊ မက်သယူးရှေ့မှာ '
' အမလေးဗျာ၊ မရှက်ပါနဲ့၊ မရှက်ပါနဲ့၊ ခင်ဗျားတို့ပဲ ချစ်ကြပါ၊ တစ်ဝကြီး ချစ်ကြပါ '

*
ကိတ်နှင့် သားကလေးတို့သည် ဆေးရုံတွင် တစ်လခွဲကျော်ကျော် နေကြရသည်။ ဒီဇင်ဘာလကုန်မှ ကိတ်သည် ပြည့်ပြည့်၀၀ ကျန်းမာရွှင်လန်းလာသည်။
ရစ်ချက်ကလေးမှာလည်း နေ့ချင်းရက်ချင်းဆိုသလို သန်စွမ်းကြီးထွားလာခဲ့သည်။ ၀ီလျံသည် ကလေး အနားမှ မခွာနိုင်သဖြင့် ကိန်း မိသားစုတွင် ပထမဆုံး အိပ်ငိုက်တတ်သူနှင့် ပုခက်လွှဲတတ်သူ ဖြစ်လာသည်။

ကိတ်က သားကလေးအတွက် အလွန်ဂုဏ်ယူနေမိသည်။
ဝီလျံက မက်သယူးအား မိန်းမယူသင့်ပြီဟု အကြံပေးသည်။
မက်သယူးက ရယ်ပြီး ပြန်ပြောလိုက်သည်။
' ဒီအရွယ်ရောက်မှ မိန်းမယူရင် ဆံဖြူသွားကျိုးအဘွားကြီးပဲ ရတော့မပေါ့ကွာ '

*
သူနှင့် တိုနီဆိုင်မွန်တို့၏ တင်းမာနေသော ဆက်ဆံရေးသည် ဘယ်နေ့တွင် အဆိုးရွားဆုံး အခြေအနေသို့ ရောက်လာလိမ့်မည်ဆိုသည်ကို ၀ီလျံက မခန့်မှန်းနိုင်အောင် ဖြစ်နေသည်။
တိုနီက ၀ီလျံတင်ပြသမျှ အဆိုပြုချက်များကို ဗီတိုအာဏာဖြင့် ပယ်ချမြဲ ပယ်ချနေသည်။ တိုနီ၏ တစိမ်းပြင် ပြင်ဆံသော အပြုအမူကြောင့် ၀ီလျံက နုတ်ထွက်ဖို့ကိစ္စကို စဉ်းစားလာပြန်သည်။ မက်သယူးမှာလည်း ပုလင်းဘက် ပြန်လှည့်လာပြန်သဖြင့် မည်သို့မျှ အကူအညီမရ။

အရက်ကို လုံးဝဖြတ်တော့မည်ဟု ကတိခံခဲ့သော်လည်း သုံးလေးလသာ ဖြတ်သည်။ ယခုပြန်သောက်တော့ ယခင်ကထက် မောင်းပြန်တိုး၍ သောက်လာသည်။ အရက်သောက်တာက ကိစ္စမရှိသေး။ မနက်တိုင်း အလုပ်ခွင်သို့ နောက်ကျမှ ရောက်လာ တတ်သည်ကို ပိုဆိုးသည်။ အလုပ်ခွင် ရောက်လာပြန်တော့လည်း ခဏ သာ ထိုင်ပြီး ပြန်ထွက် သွားတတ်သည်။ သူ့အလုပ်တွေကို ၀ီလျံက ညနေတိုင်း လုပ်ပေးနေရသည်။

၁၉၃၆ ခုနှစ် နွေဦးပေါက်တော့ စီးပွားရေးပြန်ကောင်းစပြုလာသည်။ ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုရှိလာပြီး ဘဏ်တိုက်တွင် ငွေလုံးငွေရင်း အမြောက်အမြားအပ်နှံသူတွေ များလာသည်။ သို့ဖြင့် ၀ီလျံက စတော့ ဈေးကွက်သို့ ပြန်ဝင်ရန် ဆုံးဖြတ်ပြီး ဘုတ်အဖွဲ့သို့ အဆိုပြုလိုက်သည်။ သို့သော် တိုနီက ဘဏ္ဍာရေး ကော်မတီ ၀င်များသို့ အတွင်းစာရေးပြီး ဗီတိုအာဏာဖြင့် ပယ်ချလိုက်ပြန်သည်။
ဝီလျံ မှာ သည်းမခံနိုင်တော့ဘဲ တိုနီ၏ ရုံးခန်းသို့ ချက်ချင်းသွားရောက်ပြီး နုတ်ထွက်စာ တင်ခွင့်ပြုရန် ပြော သည်။

' မလုပ်စမ်းပါနဲ့ ၀ီလျံ၊ ငါက တို့ဘဏ်ကို ရှေးရိုးအတိုင်း မှန်မှန်ပဲ လုပ်သွားဖို့ ရည်ရွယ်ထားတာကို မောင်ရင် က သိပြီးသားပါ၊ အဲဒါကြောင့် ဖောက်သည်တွေရဲ့ငွေကို ခုတုံးလုပ်ပြီး စတော့ဈေးကွက်ကို မ၀င်ချင်ဘူး '
' အဲဒီလိုလုပ်နေလို့ အပြိုင်ဘဏ်တွေက ကျွန်တော်တို့ကို ကျော်တက်သွားကြပြီး ဟိုတုန်းက ဘယ်သူမှ လူမသိတဲ့ ဘဏ်ကလေးတွေတောင် ကျွန်တော်တို့ထက် ရှေ့တစ်လှမ်းရောက်သွားကြပြီ '
' ဘယ်နေရာမှာ ကျော်တက်လို့လဲ၊ ဘယ်နေရာမှာ ရှေ့တစ်လှမ်း ရောက်နေလို့လဲ ၀ီလျံ၊ ဂုဏ်သိက္ခာ မှာတော့ တို့ကို သူတို့ မကျော်နိုင်ပါဘူး၊ အဲ ... အမြတ်အစွန်းမှာတော့ တို့ထက်သာချင် သာမယ်၊ ဂုဏ်သိက္ခာ မှာတော့ လုံးဝမသာပါဘူး '

' ကျွန်တော်က ဂုဏ်သိက္ခာမလိုချင်ဘူး၊ အမြတ်အစွန်းပဲ လိုချင်တယ်၊ ဘဏ်တိုက်တစ်တိုက် တည်ထောင်တယ်ဆိုတာ ဂုဏ်ရှိအောင်လုပ်တဲ့ အလုပ်မှမဟုတ်တာ အမြတ်အစွန်းလိုချင်လို့ လုပ်တာပဲ '
' ဒါပေမဲ့ ငါကတော့ ဒီအတိုင်းပဲ ပိုနေမြဲလုပ်သွားပြီး ဂုဏ်သိက္ခာကို ထိန်းထားချင်တယ်၊ မောင်ရင့် အဘိုးနဲ့ အဖေတို့လည်း ရာစုနှစ်တစ်ဝက်တိုင်တိုင် ဒီအတိုင်းပဲ လုပ်သွားခဲ့တာပဲ မဟုတ်လား '
' ဟုတ်ပါတယ်၊ ဒါပေမဲ့ သူတို့က ဘဏ်လုပ်ငန်း တိုးချဲ့နိုင်ရေးအတွက် အခွင့်အလမ်းသစ်တွေကို အမြဲတမ်း စောင့်ကြည့်နေခဲ့ကြတယ်၊ ဘယ်တော့မှ မျက်ခြည်မပြတ်ခဲ့ကြဘူး '
' အဲဒါက ခေတ်ကောင်းတုန်းကပါ '
' ခေတ်ဆိုးမှာလည်း လုပ်ခဲ့ပါတယ် '

' မောင်ရင်က ဒီလောက်တောင် ဘာကြောင့် တွေးပူနေစရာရှိလို့လဲ ၀ီလျံ၊ မောင်ရင့်အနေနဲ့ ဌာနတစ်ခုကို ကိုင်ပြီး ကိုယ်လုပ်ချင်သလို လုပ်နိုင်တဲ့ အခွင့်အရေးရှိနေပြီပဲ ဥစ္စာ '
' အလကားပဲ၊ ကျွန်တော်တင်ပြသမျှ မစ္စတာဆိုင်မွန်က ပယ်ချနေတာပဲ မဟုတ်လား '
' ကဲ ... ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့ ၀ီလျံ၊ ငါက ဒီလောက်ထိ နှိုင်းနှိုင်း ချိန်ချိန် လုပ်နေတာဟာ တခြား ကြောင့်မဟုတ်ဘူး၊ မက်သယူးကို ကြောက်လို့ပဲ၊ သူက အသောက်သမားကြီးဖြစ်နေတော့ သူ့ ဆုံးဖြတ်ချက် ဘယ်လိုလုပ်အားကိုးလို့ရတော့မှာလဲ '

' မက်သယူးကိစ္စ ဘေးချိန်ထားလိုက်ပါ၊ မစ္စတာဆိုင်မွန်က နေရာတကာမှာ ကျွန်တော့်ကိုပဲ ကာဆီးကာဆီး လုပ်နေတယ်၊ တကယ်တော့ ကျွန်တော်က ဌာနအကြီးအကဲတစ်ယောက်ပါ '
' မက်သယူးကို ဘေးချိန်ထားလို့မရဘူး ၀ီလျံ၊ ဖြစ်နိုင်ရင်တော့ ဘေးချိန်ထားချင်ပါရဲ့ ဒါပေမဲ့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘုတ်အဖွဲ့ဝင်တစ်ဦး တာဝန်ပျက်ကွက်ရင် ငါ့အပေါ်ပဲ တာဝန်ကျတာပဲ၊ ငါ့မှာ တာဝန်ရှိလာတာပဲ၊ ပြီးတော့လည်း သူက ဘဏ်ရဲ့အရေးကြီးဆုံးဌာနမှာ ဒုတိယအရေးအကြီးဆုံး နံပါတ် (၂) ပုဂ္ဂိုလ်ဖြစ်နေတယ် မဟုတ်လား '
' ဟုတ်ပါတယ်၊ ဒါကြောင့်မို့ သူ့အတွက် ကျွန်တော့်မှာပဲ တာဝန်ရှိတယ်၊ ကျွန်တော်က အဲဒီဌာနမှာ အရေးကြီးဆုံး နံပါတ်(၁)ပုဂ္ဂိုလ် '

' မင်းပြောတာ မဟုတ်သေးဘူး ၀ီလျံ၊ မက်သယူးက နေ့တိုင်းနေ့တိုင်း အရက်မူးပြီး ၁၁ နာရီလောက်မှ အလုပ် ရောက်လာတာ၊ ဘဏ်ဥက္ကဋ္ဌဖြစ်တဲ့ ငါ့မှာ ပိုပြီး တာဝန်ရှိတယ်၊ မင်းတို့နှစ်ယောက် ဘယ်လောက်ပဲ ရင်းနှီးနှီး၊ ချစ်ချင်ချစ်ခင် ငါက လျစ်လျူရှူထားလို့ မဖြစ်နိုင်ဘူး '
' တစ်စိတ် တစ်အိတ် လုပ်မနေပါနဲ့ မစ္စတာဆိုင်မွန် '
' ငါက တစ်စိတ် တစ်အိတ်လုပ်နေတာ မဟုတ်ဘူး၊ မဖြစ်မှန်ကို အမှန်အတိုင်း ပြောပြနေတာ၊ ငါက မင်းရဲ့ ဆက်ဆံရေး အနေအထားကို ငဲ့ညှာပြီး စောင့်ကြည့်နေခဲ့တာ၊ တိုတိုပြောရရင် သူ့ကို အချိန်မနှောင်းမီ နုတ်ထွက်စာ တင်ခိုင်းတာ အကောင်းဆုံး ဖြစ်လိမ့်မယ် '

' ဘယ်တော့မှ မထွက်ခိုင်းဘူး၊ တကယ်လို့ သူထွက်ရင်လည်း ကျွန်တော်ပါ ထွက်မှာပဲ '
' လုပ်ပါ၊ လုပ်ပါ၊ မောင်ရင် ကြိုက်သလိုသာ လုပ်ပါ၊ ငါ့အနေနဲ့တော့ မောင်ရင့် ကျောင်းနေဖက်သူငယ်ချင်း အကျိုးထက် ဘဏ်အကျိုးကိုပဲ ဦးစားပေးရမှာပဲ '
' ကောင်းပါပြီ၊ ဒီစကားအတွက် မစ္စတာဆိုင်မွန် နောင်တရ ရပါစေမယ့် '

ဝီလျံက ထိုင်ရာမှ ငေါက်ကနဲထပြီး ရုံးခန်းထဲမှ ဒေါသတကြီး ပြန်ထွက်လာခဲ့သည်။ သူ့ရုံးခန်းထဲရောက်တော့ အတွင်းရေးမှူး စာရေးမအား မေးလိုက်သည်။
' မစ္စတာ လက်စတာ ရောက်ပြီလား '
' မရောက်သေးပါဘူးရှင် '
ဝီလျံက လက်ပတ်နာရီ ကြည့်လိုက်သည်။ သူ တော်တော် စိတ်ပျက်သွားသည်။
' သူရောက်ရင် ပြောလိုက်။ ကျွန်တော် တွေ့ချင်တယ်လို့ '
' ကောင်းပါပြီရှင် '

ဝီလျံသည် ရုံးခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း မက်သယူးအား ကျိန်ဆဲနေမိသည်။ တိုနီဆိုင်မွန် ပြောတာ တွေ အားလုံးမှန်နေပြီ။ ပြုပြင်၍ မရနိုင်သော အခြေအနေဆိုးထိ မရောက်မီ ဘယ်လို လုပ်ရမည်နည်းဟု နည်းလမ်းရှာကြည့်သည်။
အတွင်း ရေးမှူး စာရေးမ၏ အသံကြောင့် သူ့အတွေး ပြတ်သွားသည်။
' မစ္စတာလက်စတာ အခုပဲ ရောက်လာပါပြီ '

*
မက်သယူးသည် အိပ်ချင်မူးတူး အမူအရာဖြင့် ၀င်လာသည်။ အရက်မူးလွန်ပြီး သူ့ကိုယ်သူ မသယ်နိုင်အောင် ဒယီးဒယိုင် ဖြစ်နေသည်။ သူသည် တစ်နှစ်အတွင်း အများကြီး အိုစာသွားသည်။ အသား အရေလည်း ယခင်ကလို အားကစားသမားရုပ်သွင်နှင့် စိုစိုပြည်ပြည် မရှိတော့။ ပိန်ညှော်ခန်းခြောက်ပြီး လူရုပ် မပေါ်အောင် ဖြစ်နေပြီ။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က တွေ့ဆုံရင်းနှီးခဲ့ရသော သူ့မိတ်ဆွေမက်သယူးလက်စတာမှ ဟုတ်ပါရဲ့ လားဟု ၀ီလျံက တွေးနေမိသည်။

' မက်သယူး မင်း ဘယ်သွားနေတာလဲ '
' ငါ နည်းနည်း အိပ်ပျော်သွားလို့ပါ ' သူက ဘာမှမဖြစ်သလို မျက်နှာကို လက်ဝါးနှင့် ပွတ်လိုက်သည်။ ' ညက အိပ်ရာဝင် နောက်ကျသွားတယ် '
' အရက်တွေ အလွန်အကျွံသောက်လို့ ဆိုပါတော့ '
' မဟုတ်ပါဘူး၊ သိပ်မသောက်ပါဘူး၊ ဟိုကောင်မ အသစ်ကလေးတစ်ယောက်ကြောင့်ပါ၊ သူက တော်တော် ဆွဲဆောင်မှုရှိတယ်ကွ '
' ဒီအကျင့် မင်း ဘယ်တော့ရပ်မလဲ မက်သယူး၊ မင်းဟာ ... အားအား ရှိတိုင်း ဘော့စတွန်မြို့က မိန်းမတိုင်းနဲ့ လိုက်အိပ်နေတာ မဟုတ်လား '
' တစ်စိတ် တစ်အိတ်မလုပ်ပါနဲ့ ၀ီလျံ၊ ငါက မိန်းတိုင်းနဲ့ မအိပ်ရသေးပါဘူး၊ အနည်းဆုံး တစ်ယောက် နှစ်ယောက်တော့ ကျန်နေဦးမှာပါ '

' ငါ ရယ်စရာ ပြောနေတာ မဟုတ်ဘူး မက်သယူး '
' တော်ပါတော့ ၀ီလျံ၊ မင်းလုပ်ချင်သလိုသာ လုပ်ပါတော့ '

' အိုး ... လုပ်ချင်သလို လုပ်ပါတော့ ဟုတ်လား၊ အခုပဲ ငါ မင်းကိစ္စနဲ့ပတ်သက်ပြီး တိုနီနဲ့ စကားများခဲ့ရသေး တယ် မက်သယူး၊ သူ ပြောတာတွေ အားလုံးမှန်နေတယ်၊ မင်းက ဂါဝန်ဝတ်ထားတဲ့ ဟာတိုင်းနဲ့ လိုက်အိပ်နေတယ်၊ အဆိုးဆုံးက မင်းကိုယ်မင်း အရက်သောက်ပြီး သေအောင် သတ်နေတယ်၊ မင်းဆုံးဖြတ်ချက်တွေလည်း တစ်ခုမှ မမှန်တော့ဘူး၊ ကဲ ... ပြောစမ်းပါ မက်သယူး၊ မင်း ဘယ်လို ဖြစ်နေ တာလဲ သူငယ်ချင်း၊ ငါ့ကို အမှန်အတိုင်း ပြောပြစမ်းပါ၊ မင်း ဘာတွေ ခံစားနေရလို့လဲဟင်၊ မင်း ဒီလို လုပ်နေတာ အကြောင်းတော့ တစ်ခုခုရှိမှာပါ၊ လွန်ခဲ့တ့ တစ်နှစ်လောက်ကအထိ မင်းဟာ ငါ့ရဲ့ စိတ်အချ ရဆုံး မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့တယ်၊ အခုတော့မင်း ဘယ်လိုဖြစ်နေပြီလဲ၊ ပြောစမ်းပါ သူငယ် ချင်း၊ တိုနီကို ငါ ဘယ်လိုပြောရမလဲ၊ ဘယ်လိုပြောရမလဲ '

' အဲဒီတော့ မင်းက ငါ့ကို ရာထူးနဲ့မတန်ဘူးလို့ ပြောလိုတာလား၊ အဲဒီလို ပြောတာလား '
' မဟုတ်ဘူး၊ ငါ အဲဒီလို မပြောပါဘူး '
' ဒါဖြင့် မင်းက ဘာပြောချင်တာလဲ '
' မင်းကိုယ်မင်း ပြန်ထိန်းပြီး အလုပ်ကို နဂိုအတိုင်း ပုံမှန်လုပ်စမ်းပါ၊ အဲဒီလိုဆိုရင် မင်းကို လူတိုင်းက ကျေနပ်သွားကြမှာပါ '
' ဒါ မင်းပြောချင်တာ အားလုံးပဲလား '
' ဟုတ်တယ် '

' ကောင်းပြီလေ၊ ဆရာ အမိန့်ရှိတဲ့အတိုင်း ကျွန်တော် ကြိုးစားပြီး ထမ်းရွက်ပါ့မယ် ဆရာရယ် '
မက်သယူး သည် ထိုင်ရာမှ ဆောင့်ခနဲထပြီး ပြန်ထွက်သွားသည်။
' သြော် ... ဘုရား ဘုရား '
ဝီလျံက စိတ်ပျက်စွာဖြင့် ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။

*
ထိုနေ့ နေ့လယ်ပိုင်းတွင် ၀ီလျံသည် မက်သယူးနှင့်အတူ ဖောက်သည်တစ်ယောက်၏ အမှုတွဲဖိုင်ကို စစ်ဆေးကြည့်ရှုရန် စိတ်ကူးထားသည်။
သို့သော် ... မက်သယူး ပေါ်မလာ။ ရုံးမှာလည်း မရှိ။ ဘယ်သွားမှန်းလည်း ဘယ်သူမှ မသိ။ ဘယ်သူမှမသိ။ နေ့လယ်စာ စားပြီးချိန်အထိလည်း ပေါ်မလာ။ တစ်နေ့လုံး သူပြန်မလာတော့။
အိမ်ရောက်တော့လည်း ၀ီလျံက မက်သယူးအကြောင်းကိုသာ စဉ်းစားနေသည်။ သူက စိတ်ပြေ လက်ပျောက် သဘောဖြင့် သားငယ် ရစ်ချက်ကို ချော့မြူကစားသည်။ ကလေးက တစ်၊ နှစ် ဆိုတတ်နေပြီ။ သို့သော် သုံးကျတော့ မပီ၊ ' တုံး ' ဟုသာ အမြဲတမ်း ပြောနေသည်။

' ဒီအတိုင်းသာ ' တုံး ' ချည့်ပဲ လုပ်နေရင်တော့ ကြီးလာရင် ဘဏ်လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့ မလွယ်ပါဘူး သားရယ် '
' ဒါပေမဲ့ တခြားတန်ဖိုးရှိတဲ့ အလုပ်တစ်ခုခုတော့ ထူးချွန်ပါလိမ့်မယ် မောင်ရယ် ' ကိတ်က သူမ သားကလေးဘက် ရှေ့နေလိုက်သည်။
' ဘဏ်လုပ်ငန်းထက် တန်ဖိုးရှိတဲ့အလုပ် ဘယ်မှာရှိဦးမလဲ ကိတ် '
' ဘာပဲဖြစ်ဖြစ်၊ ကျွန်မသားလေးက နာမည်ကျော် အဆိုတော် ဖြစ်ဖြစ်၊ ဘောလုံးသမား ဖြစ်ဖြစ်၊ ဒါမှမဟုတ် အမေရိကန်နိုင်ငံရဲ့ သမ္မတကြီးဖြစ်ဖြစ် တစ်ခုခုတော့ ဖြစ်လာနိုင်ပါတယ် '
' ခင်ဗျားသားကြီးက ဖြစ်ခြင်းဖြစ်ရင် ဘောလုံးသမားပဲ ဖြစ်မှာပါ '
ဝီလျံက သားကလေးကို ပုခက်ထဲသို့ ထည့်လိုက်သည်။

ကလေးက ... ' ဒက်ဒီ ... တုံး ... တုံး ' ဟု နှုတ်ဆက်သည်။ ၀ီလျံက လက်လျှော့လိုက်ပြီ။ သူ့အရွယ်နှင့် သူပဲဟု တွေးပြီးသာ ဖြေလိုက်ရတော့သည်။
' မောင့်ကြည့်ရတာ ပင်ပန်းနေသလိုပဲ မောင်၊ ဒါနဲ့ .. ဒီနေ့ ဒေါက်တာ မက္ကင်ဇီအိမ်က ဖိတ်ထားတာ မေ့နေပြီ ထင်တယ် '
' ဟုတ်ပါရဲ့၊ ကိုယ် သတိတောင်မရဘူး၊ သူ့ပါတီပွဲက ဘယ်အချိန်တဲ့လဲ '
' ခုနစ်နာရီ၊ နောက်တစ်နာရီပဲ လိုတော့တယ် '
' ကဲ ... ဒါဖြင့် ကိုယ် ရေပူပူကလေးနဲ့ တစ်ဝချိုးလိုက်ဦးမယ် '

' ဘယ့်နှယ် ... အမျိုးသမီးက အလျင်ချိုးရမှာပေါ့ '
' ခွင့်လွှတ်ပါ အချစ်ရာ၊ ဒီနေ့ ကိုယ် တော်တော် စိတ်မော၊ လူမောဖြစ်နေလို့ပါ '
' တိုနီနဲ့ပြဿနာပေါ်ပြန်ပြီ မဟုတ်လား '

' ဟုတ်တယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့ဘက်က အားလုံးမှန်နေတယ်၊ သူက မက်သယူး တစ်ချိန်လုံး အရက်မူးနေတာကို လုံးဝမကြိုက်ဘူး၊ အပျော်ကျူး၊ အလေလိုက်နေတာကို ထည့်မပြောတာပဲ ကျေးဇူး တင်ရ သေးတယ်၊ မက်သယူးဆိုတဲ့ ကောင်ကလည်း ကဲကို ကဲလွန်းပါတယ်၊ မိန်းမမြင်ရင် ငမ်းငမ်း စွဲလိုက် တာပဲ၊ သူပါတဲ့ ပါတီပွဲဆိုရင် ယောက်ျားတွေက သူတို့မိန်းမဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် မခေါ်သွားဝံ့အောင် တောင်ဖြစ်နေပြီ၊ ကဲ ... ကိုယ့်အတွက် ရေပိုက်သွားဖွင့်လိုက်စမ်းပါဦး '

ဝီလျံသည် ရေချိုးကန်ထဲတွင် နာရီဝက်ခန့်အထိစိမ်ပြီး ချိုးနေသည်။ သူ အိပ်ပျော်သွားမည်စိုး၍ ကိတ်က ရေချိုးခန်းထဲဝင်ပြီး ကန်ထဲမှ ဆွဲထုတ်လာခဲ့ရသည်။
အ၀တ်အစားလဲ၊ ဖြီးလိမ်းပြင်ဆင်နှင့် သူတို့လင်မယား ပါတီပွဲသို့ ၂၅ မိနစ်ခန့် နောက်ကျပြီးမှ ရောက်လာ သည်။
မက်သယူးက သူတို့ထက် စောစော ရောက်နှင့်နေပြီ။ ထုံးစံအတိုင်း ရေချိန်လွန်ပြီး ' ငမ်း' နေပြီ။ သူက အမတ်ကတော်တစ်ယောက်ကို အပြင်သို့ ခေါ်ထုတ်သွားရန် စည်းရုံးနေသည်။ ၀ီလျံက ၀င်တားဖို့ ကြံသည်။ သို့သော် ကိတ်က သူ၏လက်ကို အသာဆွဲထားလိုက်သည်။

' မလုပ်ပါနဲ့ သူ့ဟာ သူနေပါစေ ' သူမက လေသံဖြင့် ပြောသည်။
' ငါ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူး၊ ငါက သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း၊ ငါက မတားရင် ဒီလူ လူလုံးမလှအောင် အရှက်တကွဲ အကျိုးနည်း ဖြစ်သွားလိမ့်မယ် '
သို့ပေမဲ့ ၀ီလျံက ဘာမှမလုပ်။ သူ့မိန်းမစကားကိုပင် နားထောင်နေလိုက်သည်။

မက်သယူးသည် တဖြည်းဖြည်းနှင့် မူးသည်ထက် မူးလာသည်။ အခန်းတစ်ဖက်ရှိ တိုနီဆိုင်မွန်က ၀ီလျံအား အဓိပ္ပာယ်ပါသော မျက်လုံးဖြင့် လှမ်းကြည့်သည်။
မက်သယူးက ပါတီပွဲမပြီးခင် စောစော ပြန်ထွက်သွားသည်။ သည်တော့မှ ၀ီလျံမှာ ရင်ထဲအေးသွားမိ တော့သည်။
' ရစ်ချက်ကလေး ဘယ်နှယ့်လဲ၊ တော်တော် စကားတတ်နေရောပေါ့'
ဒေါက်တာ မက္ကင်ဇီက ၀ီလျံအနားသို့ လျှောက်လာပြီးမေးသည်။

' စကားပြောနေပြီ ဒေါက်တာ၊ ဒါပေမဲ့ သုံးကို မပီဘူး၊ တုံး .. တုံး နဲ့ လုပ်နေလို့ ခက်နေတယ် '
' မစိုးရိမ်ပါနဲ့၊ အချိန်တန်တော့ ပီလာမှာပါ '
' ကျွန်မလည်း အဲဒီလိုပဲ စဉ်းစားမိတယ် ဒေါက်တာ၊ ဒါနဲ့ ၀ီလျံသားလေးက ဆရာဝန်ကြီးဖြစ်လာရင် သိပ်ကောင်းမှာပဲနော် '
' ဖြစ်နိုင်ပါတယ်၊ ဆရာဝန်တွေ တော်တော်များများလည်း ငယ်ငယ်က ဒီအတိုင်းပါပဲ '

' ဒါပေမဲ့ သူတို့က ဆေးထိုးခတော့ များများ ယူတတ်ကြပါတယ် ' ၀ီလျံက နောက်လိုက်သည်။
 ဒေါက်တာက ရယ်လိုက်ပြီး -
' ကဲ ... ကိတ်၊ တစ်ခွက်လောက် ထပ်ထည့်ပါဦး '

' ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ တော်ပါပြီ၊ ကျွန်မတို့ ပြန်ပါတော့မယ်၊ နို့မဟုတ်ရင် ဒီပွဲမှာ တိုနီနဲ့ ၀ီလျံနှစ်ယောက်သာ ကျန်နေရစ်ပြီး တစ်ချိန်လုံး ဘဏ်လုပ်ငန်းအကြောင်းချည်း ပြောနေကြမှာ စိုးရိမ်ရတယ် '
' ဟုတ်တယ် ... ဒေါက်တာ၊ ကိတ်ပြောတာ မှန်တယ်၊ ကဲ၊ အခုလို ဧည့်ခံကျွေးမွေးတဲ့အတွက် အများကြီး၊ ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ ဒါနဲ့ မက်သယူးရဲ့ အပြုအမူအတွက် ခွင့်လွှတ်ဖို့ ကျွန်တော် တောင်းပန် ပါတယ်ခင်ဗျာ '
' ဘာဖြစ်လို့လဲ '

' အို ... ဒေါက်တာက မသိသေးဘူးကိုး၊ သူက အရက်ကျွန်ဖြစ်နေပြီ ဒေါက်တာ ပြီးတော့ မိန်းမဆိုလည်း တွေ့မရှောင်ပဲ '
' သူ့အခြေအနေမျိုးရောက်နေရင် ကျုပ်လည်း အဲဒီလိုပဲ လုပ်မှာပဲ ၀ီလျံ '
' ဘာကြောင့်လဲ ဒေါက်တာ၊ သူက မိန်းမ မရှိတဲ့လူမို့လို့ ဒေါက်တာက ထောက်ခံနေတာလား '

' မဟုတ်ပါဘူး၊ အဲဒီလိုမဟုတ်ပါဘူး၊ ကျုပ်က သူ့ကိစ္စ အများကြီး စေတနာထားပြီး ကြိုးစားကြည့်ခဲ့ပါတယ်၊ ဒါပေမဲ့ ဘယ်လိုမှ မကူနိုင်လို့ ကျုပ်က တာဝန်မဲ့သလို ဖြစ်သွားရတာတော့ စိတ်မကောင်းပါဘူး '
' ဒေါက်တာ ဘာတွေပြောနေသလဲဟင်၊ ကျွန်မတို့ ဘာမှနားမလည်ဘူး ဒေါက်တာ ' ကိတ်က ဖြတ်ပြော လိုက်သည်။
' ဘုရားရေ ... သူက မောင်တို့ မယ်တို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဆို၊ သူကဘာမှပြောမပြဘူးလား '
' သူက ဘာကို ပြောပြရမှာလဲ ဒေါက်တာ '
ဝီလျံနှင့် ကိတ်တို့က သံပြိုင် ပြန်မေးလိုက်မိကြသည်။

ဒေါက်တာ မက္ကဇီက သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေသည်။ သူ့မျက်နှာတွင် သံသယရိပ် လွှမ်းနေသည်။
' ကိုင်း ... ကျုပ် စာကြည့်ဆောင်ထဲ လာကြပါ '
ဝီလျံနှင့် ကိတ်တို့က သံပြိုင် ပြန်မေးလိုက်မိကြသည်။
ဒေါက်တာ မက္ကင်ဇီက သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေသည်။ သူ့မျက်နှာတွင် သံသယရိပ်လွှမ်း နေသည်။
' ကိုင်း ... ကျုပ် စာကြည့်ဆောင်ထဲ လာကြပါ '

ဝီလျံနှင့် ကိတ်တို့က ဒေါက်တာနောက်မှ လိုက်လာကြသည်။ စာကြည့်ဆောင်က ခပ်သေးသေးပင်။ အခန်းနံရံတွင် ဆေးစာအုပ်တွေ ပြည့်နေသည်။ ကော်နဲတက္ကသိုလ်ကျောင်းသားဘ၀ ဓာတ်ပုံများလည်း ချိတ်ဆွဲ ထားသည်။
' ထိုင်ပါ ကိတ်၊ အခု ကျုပ်ပြောမယ့် စကားအတွက် ခွင့်လွှတ်ပါလို့တော့ မတောင်းပန်တော့ဘူး ၀ီလျံ၊ ဘာဖြစ် လို့လဲဆိုတော့ သူ့မှာ ရောဂါကျွမ်းနေပြီဆိုတာ မောင်တို့ သိလိမ့်မယ်လို့ ကျုပ်က ယူဆထားတာ၊ သူ့ ရောဂါက ဟော့ချကင်းရောဂါလို့ခေါ်တယ်၊ ဘယ်နည်းနဲ့မှ ရှင်လမ်းမရှိတော့ဘူး၊ သူ့အခြေ အနေ ကိုလည်း သူ သိထားပြီးပြီ၊ တစ်နှစ်ကျော်ကျော်ကတည်းက ကြိုသိထားပြီးပြီ '
ဝီလျံက ကုလားထိုင်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ သူသည် တော်တော်နှင့် စကားမပြောနိုင်။ ပြီးတော့မှ ...

' ဟော့ချကင်း ရောဂါဆိုတာ ... '
' ဟေ့ချကင်းရောဂါဆိုတာ သွေးဖြူအဖုတွေ ကြီးထွားပြီး ရောင်ရမ်းတဲ့ ရောဂါပဲ၊ ဒီရောဂါဖြစ်လာရင် တစ်ရာ မှာ ၉၉ ယောက် သေတာပဲ '
ဝီလျံက မယုံကြည်နိုင်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
' ဒါနဲ့တောင် သူက ကျွန်တော့်ကို ဘာကြောင့်မပြောတာလဲ မသိဘူး '

' မောင်တို့နှစ်ယောက်က ကျောင်းသားဘ၀ကတည်းက ချစ်ခင်ရင်းနှီးလာခဲ့ကြတာပဲ၊ သူက မပြောတာ ကတော့ သူ့ကြောင့် မောင့်မှာ တာဝန်ရောက်နေမှာကို စိုးရိမ်လို့ ဖြစ်လိမ့်မယ်လို့ ကျုပ် တွေးမိတယ်၊ ဒါကြောင့် သူများကို ဒုက္ခပေးမနေတော့ဘဲ သေချင်တဲ့နေ့ သေပါစေဆိုပြီး သူ့ကိုယ်သူ ဇက်လွှတ် ပေးထားတာ ဖြစ်မယ်၊ လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက သူ့အဖေကို ပြောပြဖို့ သူ့ကို ကျုပ် တိုက်တွန်းခဲ့တယ်၊ ဒါပေမဲ့ သူက သူ့အခြေအနေကို ဘယ်သူမှ မသိစေချင်ဘူး၊ ကျုပ်ကိုလည်း ဘယ်သူ့မှ မပြောပါနဲ့လို့ ကတိတောင်းတယ်၊ အခု မောင်ရင်တို့ကို ကျုပ် ပြောပြတာ ကတိစကား ဖောက်ဖျက်ရာ ရောက်နေပြီ၊ ကျုပ်က သူ့အတွက် စေတနာနဲ့ ပြောရတာပါ၊ အဲဒီတော့ အကောင်းဆုံးက သူ ဘာပဲလုပ်လုပ် အပြစ်မတင်ပါနဲ့တော့၊ မသေခင် လုပ်ချင်ရာ လုပ်သွားပါစေလို့သာ လွှတ်ပေးလိုက်တော့ '

' ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ တကယ်တော့ သူ့အပြစ် မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင်က အ လွန်းလို့ ဒီလိုဖြစ်ခဲ့ရတာပါ၊ စောစောက ကျွန်တော် သိခဲ့ရရင် ဒီလိုဖြစ်ချင်မှ ဖြစ်မယ် '
' မောင်ရင့်မှာလည်း အပြစ်မရှိပါဘူး၊ မောင်ရင် ကြိုသိရင်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး '
' လုံးဝမျှော်လင့်ချက် မရှိတော့ဘူးလား ဒေါက်တာ၊ ဒီရောဂါကုနိုင်တဲ့ ဆေးရုံမရှိတော့ဘူးလား၊ အထူးကုပါရဂူ မရှိတော့ဘူးလား၊ ပိုက်ဆံက အကြောင်းမဟုတ်ပါဘူး '
' ပိုက်ဆံရှိတိုင်း လုပ်ချင်တာ လုပ်လို့ မရနိုင်ပါဘူး ၀ီလျံ၊ ဒီရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာကျော် သမားတော်ကြီးလေးယောက်နဲ့ ကျုပ် ဆွေးနွေးခဲ့ပြီးပြီ၊ အမေရိက က သုံးယောက်၊ ဆွစ်ဇာလန်က တစ်ယောက်၊ ကျုပ် စစ်တမ်းထုတ်ချက်အတိုင်းပဲ သူတို့ အားလုံးကလည်း သဘောတူကြတယ်၊ ဆေးသိပ္ပံ လောက မှာ ဒီဟော့ချကင်းရောဂါကို ကုနိုင်တဲ့ဆေး ရှာမတွေ့သေးပါဘူး '
' ဒါဖြင့် သူ ဘယ်လောက်နေရဦးမှာလဲ ဒေါက်တာ '

ကိတ်က တိုးတိုးကလေး မေးလိုက်သည်။
' အများဆုံး ခြောက်လ၊ အနည်းဆုံး သုံးလ '
' ဒါနဲ့ ကျွန်တော့်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေလို့ပါ ဒေါက်တာ' ၀ီလျံက ကိတ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ' ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး၊ အခုလို ပြောပြတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ '
' ကောင်းပါပြီ၊ သူ့ကိုတော့ တတ်နိုင်သလောက်သာ ကူညီပါတော့၊ သူ့ဘ၀ကို သနားပါ၊ သူ လုပ်ချင်ရာ လုပ်ပါ စေတော့၊ သူ့ အသက်က လပိုင်းလောက်ပဲ ကျန်တော့တယ်၊ ဒီအကြောင်း ကျုပ် ပြောပြတယ်လို့ သူမသိ ပါစေနဲ့ ၀ီလျံ '
' စိတ်ချပါ ဒေါက်တာ '

သူတို့လင်မယား တစ်ယောက်မျှ စကားမပြောဘဲ ကားပေါ်တွင် ငြိမ်၍ လိုက်လာကြသည်။
အိမ်ရောက်တော့ ပါတီပွဲတွင် မက်သယူး ခေါ်ထုတ်သွားသော မိန်းကလေးဆီ ၀ီလျံက ဖုန်းကောက်ဆက်သည်။
' မက်သယူးလက်စတာနဲ့ စကားပြောလို့ ဖြစ်မလား '
' သူ ဒီမှာမရှိပါဘူး ' သူမအသံက စိတ်တိုသံပါနေသည်။ ' သူက ကျွန်မကို ' အ၀င်အထွက် ကလပ် ' ကို တရွတ်တိုက် ခေါ်လာခဲ့တယ်၊ သူက သူ့ကိုယ်သူတောင် မသယ်နိုင်တော့ဘူး၊ ဒါနဲ့ ကျွန်မက သူ့ကို အဲဒီမှာ ထားပစ် ခဲ့ပြီး ပြန်လှည့်လာခဲ့တယ် '

သူမက တယ်လီဖုန်းကို ပြန်ချသွားသည်။
' အ၀င်အထွက်ကလပ် '
ဝီလျံက သွားရင်းလာရင်း သည်ကလပ်ကို မြင်ဖူးသလိုလို အောက်မေ့မိနေသည်။ သို့သော် ဘယ်နေရာမှာရှိမှန်း အတိအကျမမှတ်မိ။
သို့ဖြင့် တယ်လီဖုန်း လမ်းညွှန်စာအုပ်ကို ကမန်းကတန်း လှန်ကြည့်သည်။ ပြီးတော့ ဘော့စတွန်မြို့ မြောက်ဘက် ဆီ ကားမောင်းပြီး ထွက်လာမိသည်။ အနီးအနားရောက်တော့ လမ်းသွားလမ်းလာ တစ်ယောက် ထံ စုံစမ်းကြည့်သည်။ ကလပ်ကို တွေ့ပြီ။

သူက တံခါးခေါက်လိုက်သည်။
' အသင်းဝင်ပါလား '
' မဟုတ်ပါဘူး '
ဝီလျံက တံခါးကြားမှ ၁၀ ဒေါ်လာတန်တစ်ရွက်ကမ်းပေးလိုက်သည်။
တံခါးနှစ်ရွက်စလုံး ပွင့်သွားသည်။

ခန်းမအလယ်ရှိ ဇာတ်ခုံအနီးသို့ လျှောက်လာခဲ့သည်။ တစ်ခန်းလုံးတွင် ဆေးလိပ်မီးခိုးတွေ မွှန်နေသည်။ ၀ီလျံသည် စုံတွဲကနေသူများကြားမှ တိုးဝင်ပြီး မက်သယူးကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်သည်။ မက်သယူးမရှိ။
နောက်ဆုံးတွင် မက်သယူး မကြာခဏ တွဲတတ်သော မိန်းကလေးတစ်ယောက်ကို လှမ်းမြင်လိုက်သည်။ သူမသည် အခန်းထောင့်စားပွဲတွင် သင်္ဘောသားတစ်ယောက်နှင့် ထိုင်နေသည်။ ၀ီလျံက သူတို့အနီးသို့ လျှောက်လာ ခဲ့သည်။

' ခွင့်ပြုပါ ... မစ္စစ် '
ကောင်းမလေးက မျက်နှာမော့ကြည့်သည်။ ၀ီလျံကို သိပုံမရ။
' ဒီအမျိုးသမီးက ကျုပ်ခေါ်ထားတာဗျ ' သင်္ဘောသားက ပြောသည်။
ဝီလျံက လုံးဝဂရုမစိုက်ဘဲ
' မက်သယူးလက်စတာကိုများ တွေ့မိသလား '
' ဘယ်သူ ... မက်သယူး ဟုတ်လား၊ ဘယ်က မက်သယူးလဲ '
' ခင်ဗျား မြန်မြန်ထွက်သွားရင် ကောင်းလိမ့်မယ် '

သင်္ဘောသားက ထိုင်ရာမှ ထရပ်လိုက်သည်။
' မင်းပါးစပ် နောက်ထပ်မဖွင့်နဲ့၊ ဖွင့်ရင် မင်းသွားတွေ့ အကုန်ရိုက်ချိုးပစ်လိုက်မယ် '
ဝီလျံက ခပ်တည်တည်နှင့် ပြန်ပြောလိုက်သည်။ သင်္ဘောသားက ၀ီလျံ၏ မျက်နှာကို စိုက်ကြည့်သည်။ ၀ီလျံ၏ ဒေါသအတိုင်းအတာကို မျက်လုံးများတွင် မြင်ရသည်။ သင်္ဘောသား ပြန်ထိုင်သွားသည်။
' မက်သယူး ဘယ်မှာရှိသလဲ' ၀ီလျံက ထပ်မေးသည်။

' မက်သယူးဆိုတဲ့လူကို ကျွန်မ မသိပါဘူး ဒါလင် '
သူမ မျက်နှာတွင်လည်း ကြောက်လန့်ရိပ်ပေါ်လာသည်။
' အရပ် ခြောက်ပေနှစ်လက်မ၊ ရွှေရောင်ဆံပင်နဲ့၊ ငါ့လိုပဲ ၀တ်ထားတယ်၊ အရက်မူးနေရင် မူးနေမယ် '
' သြော် ... ရှင်က မာတင်ကို ပြောနေတာကိုး၊ သူ့ကို ဒီမှာ မက်သယူးလို့ မခေါ်ဘူး၊ မာတင်လို့ပဲ သိကြတယ်၊ နေပါဦး၊ ကျွန်မ စဉ်းစားကြည့်ပါဦးမယ်၊ ဒီည သူဘယ်သူနဲ့ ထွက်သွားပါလိမ့် ' သူမက နောက်သို့ လှည့်ပြီး ကောင်တာမှ အရက်စပ်သမားကို လှမ်းမေးလိုက်သည်။ ' တယ်ရီ ... မာတင် ဘယ်သူနဲ့ ထွက်သွားသလဲ ... ဟင် '
အရက်စပ်သမားက ပါးစပ်ထောင့်မှ မီးသေနေသော စီးကရက်တိုကို ချွတ်လိုက်ပြီး

' ဂျင်မီ ... ' လှမ်းပြောသည်။ ထို့နောက် စီးကရက်တိုကို ပါးစပ်တွင် ပြန်တပ်လိုက်သည်။
' ဂျင်မီတဲ့၊ အဲဒါ ဟုတ်ပါတယ် ' မိန်းကလေးက ပြောသည်။ ' နေပါဦး ... သူတို့ ဘယ်များသွားကြသလဲ၊ ဒါပေမဲ့ မကြာပါဘူး၊ ဒီကောင်မက အချိန်ပိုင်းလုပ်တာပါ၊ နာရီဝက်ထက် ပိုမကြာပါဘူး၊ မကြာခင် သူတို့ ပြန်လာ ကြပါလိမ့်မယ် '
' ကျေးဇူးတင်ပါတယ် '
ဝီလျံသည် စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး ၀ီစကီတစ်ပက်ကို ရေများများရောကာ တစိမ့်စိမ့်စုပ်ရင်း စောင့်နေ သည်။

နာရီဝက်ခန့်ကြာတော့ အရက်စပ်သမားက သူ့ပါးစပ်တွင် မီးမရှိသော စီးကရက်တိုကို ကိုက်ထားရင်းမှ တံခါးဝ ဘက်သို့ မေးငေါ့ပြလိုက်သည်။
' ဟိုမှာ ... ဂျင်မီ ပြန်လာပြီ '
သို့သော် မက်သယူးတော့ ပါမလာ။
အရက်စပ်သမားက ဂျင်မီအား ၀ီလျံစားပွဲသို့ လက်ညိုးထိုးပြသည်။
အရပ်ပုပုနှင့် ငရံ့ကိုယ်လုံးလေး။ ရုပ်ရည်က သိပ်မဆိုးလှ။ သူမက ၀ီလျံအား မျက်စတစ်ချက်ပစ်ပြီး ကိုယ်အောက်ပိုင်းကို လှုပ်ခါရင်း ဟန်ပါပါ လျှောက်လာသည်။
' ကျွန်မကို စောင့်နေတာလား၊ ဒါလင်၊ ရပါမယ်၊ ဒါပေမဲ့ ကြေးကတော့ နည်းနည်းကြီးမယ်၊ နာရီဝက် ဆယ်ဒေါ်လာ ပါရှင် '
' နေပါစေ၊ ငါ မင်းကို မလိုချင်ပါဘူး '

' ဘုရားရေ '
' ငါက မင်းနဲ့တွဲသွားတဲ့ မက်သယူးကို ရှာနေတာ၊ အဲ ... မာတင်၊ မာတင်ကို ရှာနေတာ '
' အို ... မာတင်လား၊ မာတင်က အမူးလွန်ပြီး စန့်နေပါပြီ ဒါလင်၊ ကရိန်းကြီးနဲ့မတောင် ထနိုင်တော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူက ပိုက်ဆံတော့ အကျေပေးပါတယ်၊ ခါတိုင်းလည်း အမြဲတမ်း ပေးပါတယ်၊ တကယ့် လူကြီး လူကောင်းတစ်ယောက်ပါ '
' အခု သူ ဘယ်မှာရှိသလဲ '
ဝီလျံက စိတ်မရှည်သံနှင့် မေးလိုက်သည်။

' အဲဒါတော့ ကျွန်မ မသိဘူး၊ သူက ဒီအလုပ်မကောင်းဘူးဆိုပြီး အိမ်ကို ကယိုင်ကပါးနဲ့ လျှောက်ပြန်သွား လေရဲ့ '
ဝီလျံက လမ်းပေါ်သို့ ပြေးထွက်လာခဲ့သည်။ အေးစက်နေသော လေက သူ့ကို ဟပ်သည်။
သူသည် မက်သယူး၏ အိမ်ခန်းသို့ သွားသောလမ်းအတိုင်း ကားကို ဖြည်းဖြည်းမောင်းလာခဲ့သည်။ လမ်းတွင် တွေ့သမျှ လူတွေကိုလည်း သတိနှင့် ကြည့်လာသည်။ သူက ကားကို ဘီးလှိမ့်ရင်း စိုက်ကြည့် နေတာ မြင်တော့ တချို့လူတွေက သုတ်ခြေတင်လျှောက်သွားကြသည်။ တချို့ကတော့ လျှောက်နေရာမှ ရပ်ပြီး ၀ီလျံမေးသည်ကို ပြန်ဖြေကြသည်။

ညလုံးပေါက် ဖွင့်သော ကဖေးဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ မှန်ပြတင်းမှ ဖောက်ပြီး မက်သယူးကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။ သူ လက်ထဲတွင် ကော်ဖီပန်းကန်ကိုင်ပြီး စားပွဲတွေကြား ဒယီးဒယိုင် လျှောက်သွားနေသည်။
ဝီလျံသည် ကားကို ရပ်လိုက်ပြီး ဆိုင်ထဲသို့ ၀င်လာခဲ့သည်။
မက်သယူးက စားပွဲလွတ်တစ်လုံးတွင် ထိုင်ချလိုက်ရာ စားပွဲပေါ်တွင် ကော်ဖီတွေ ဖိတ်စဉ်သွားသည်။
ဝီလျံ က သူ့ဘေးတွင် ၀င်ထိုင်လိုက်သည်။

သူ အလွန်မူးနေပြီ၊ ၀ီလျံအား လုံးဝမမှတ်မိ။
' ငါပါ မက်သယူး '
အရုပ်ကြိုးပြတ် အမူးလွန်နေသော သူ့မိတ်ဆွေကို ကြည့်ရင်း ၀ီလျံက ပြောလိုက်သည်။ သူ့ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးဆင်းလာကြသည်။
မက်သယူးက ခေါင်းမော့ကြည့်သည်။ ကော်ဖီပန်းကန် နည်းနည်း ဖိတ်သွားပြန်သည်။
' အံမယ် ... ကိုယ့်လူက ငိုနေတယ်ပေါ့၊ ဘာလဲ ရည်းစားပျောက်သွားလို့လား၊ ဟုတ်လားဗျ '
' ရည်းစားမဟုတ်ပါဘူး၊ အချစ်ဆုံး သူငယ်ချင်းပါ '

' အား ... ဟုတ်တယ်၊ ရည်စားနဲ့ အချစ်ဆုံးသူငယ်ချင်း အတူတူပါပဲ၊ သိပ်အခံရခက်တာဗျ၊ ဟုတ်လား '
' ဟုတ်ပါတယ် '
' ကျုပ်မှာလည်း အချစ်ဆုံး သူငယ်ချင်းတစ်ယောက် ရှိတယ်ဗျ ' မက်သယူးက လျှာလေးအာလေးကြီးနှင့် ပြောနေသည်။ ' သူကလည်း ကျုပ်ကို သိပ်ချစ်တာ၊ ဒီနေ့တော့ ကျုပ်တို့ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်တော့တာပါပဲဗျ၊ တကယ်တော့ ကျုပ် အပြစ်ပါဗျာ၊ သူ့အပေါ်မှာ ကျုပ် အမှားတွေ အများကြီး လုပ်ခဲ့ မိတာ သိပ်ပြီး စိတ်မကောင်းဘူးဗျာ '
' သူ့အပေါ်မှာ ခင်ဗျား ဘာမှလုပ်ခဲ့ပါဘူး '

' ခင်ဗျားက ဘယ်လိုလုပ်သိတာလဲ ' မက်သယူးက စိတ်ဆိုးသွားသည်။ ' ခင်ဗျားလိုလူက သူနဲ့သိဖို့ မလွယ်ပါဘူး '
' တို့ အိမ်ပြန်ကြစို့ မက်သယူး '
' ကျုပ်နာမည် မက်သယူးမဟုတ်ဘူးဗျ၊ မာတင်ပါ၊ မာတင် ... မာတင် ... '
' ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော်မှားသွားလို့ပါ၊ ကဲ ... လာပါ၊ မာတင်ရာ အိမ်ပြန်ကြတော့မယ်လေ '
' မပြန်ဘူး ... မပြန်ဘူး၊ ဒီမှာပဲ တစ်သက်လုံး နေမယ်၊ ဒါနဲ့ ... ဟိုသူငယ်မ ဘယ်သွားနေတာလဲ၊ ဘယ်သွားနေတာလဲ ...၊ သူငယ်မ ... ငါ အဆင်သင့်ဖြစ်ပြီကွ၊ လာပါကွ၊ အချစ်ကလေးရဲ့ ... အသက် ကလေးရဲ့ '

' လာစမ်းပါ မာတင်ရာ၊ ဒါတွေက အလကားပါ၊ ကျွန်တော့်အိမ်မှာ အကောင်းစား ၀ီစကီတွေ ရှိပါတယ်၊ လာစမ်းပါ၊ သွားသောက်ကြရအောင် '
' ခင်ဗျား အိမ်မှာ မိန်းမကော မရှိဘူးလားဗျ '
' ဘယ့်နှယ် မေးပါလိမ့်၊ တစ်ပုံကြီးပေါ့ဗျာ၊ အချောအနိပ်ကလေးတွေချည့်ပဲဗျ '

' အား ... ဟုတ်လား၊ ကောင်း ... ကောင်း ... သိပ်ကောင်း ... အလွန်ကောင်း ... လာ ... လာဗျာ ... သွားမယ် ... သွားမယ် ... မြန်မြန်သွားမယ် ... '
ဝီလျံက မက်သယူး၏ ချိုင်းနှစ်ဖက်ကြား လက်သွင်းပြီး ကုလားထိုင်ပေါ်မှ ချီချကာ တံခါးဝသို့ ဖြည်းဖြည်း ကလေး တွဲခေါ်လာခဲ့သည်။
ထို့နောက် ကားဆီသို့ လျှောက်လာကြပြီး မက်သယူးအား ကားပေါ် ပွေ့တင်လိုက်သည်။ ပြီးတော့ ဘီကွန် တောင်ကုန်းရိပ်သာဆီသို့ မောင်းထွက်လာခဲ့သည်။
ကိတ်က မအိပ်သေးဘဲ သူတို့ကို ထိုင်စောင့်နေသည်။

' ဘယ့်နှယ် ဒီအချိန်ကြီးအထိ စောင့်နေရသလား ကိတ်ရယ်၊ အိပ်လိုက်ရောပေါ့ ' ၀ီလျံက ပြောလိုက်သည်။
' ကျွန်မ အိပ်လို့ မရလို့ပါ '
' သူ တော်တော် မူးနေတယ် '
' ဒါ ခင်ဗျား ကျုပ်ကိုပြောတဲ့ မိန်းကလေးလား '
မက်သယူးက မျက်လုံးမပွင့်တပွင့်နှင့် ကြည့်ပြီး မေးသည်။

' ဟုတ်တယ်၊ သူက ခင်ဗျားကို ပြုစုလိမ့်မယ် '
ဝီလျံနှင့် ကိတ်တို့က မက်သယူးအား ဧည့်သည်ဆောင်သို့ တွဲခေါ်လာပြီး ခုတင်ပေါ် တင်ပေးလိုက်ကြ သည်။ ထို့နောက် ကိတ်က မက်သယူးအား အ၀တ်အစားများကို လဲပေးသည်။
' ကောင်းကောင်းကလေး လုပ်ပါ ဒါလင်ရယ်၊ မင်းကို ငါ ၁၀ ဒေါ်လာတောင် ပေးထားပြီးပြီနော် '
' ဟုတ်ပါတယ်၊ အိပ်ပါတော့လားကွယ် '
ကိတ်က တိုးတိုးကလေး ပြောလိုက်သည်။

' မင်းက သိပ်လှတာပဲ အချစ်ရယ်၊ ဒါနဲ့တောင်များ မင်းမျက်နှာဘာဖြစ်လို့ ညှိုးနေရတာလဲဟင် '
' ရှင့်ကို ချစ်လို့ပေါ့ '
ကိတ်၏ မျက်လုံးအစုံမှ မျက်ရည်တွေ စီးကျလာသည်။
' မငိုပါနဲ့ ... ကလေးမရယ်၊ ဘာမှငိုစရာ မရှိပါဘူး၊ ဒီတစ်ချီတော့ တို့နှစ်ယောက် သိပ်ပြီး ပျော်ကြရမှာပါနော် ဟုတ်လား '
မက်သယူးအား အ၀တ်အစားလဲပေးပြီးနောက် ၀ီလျံက စောင်ခြုံပေးလိုက်သည်။

ကိတ်က အိပ်ခန်းမီးကို ပိတ်လိုက်သည်။ ပြီးတော့ အခန်းတံခါးကို ဖြည်းဖြည်းကလေး ပြန်ပိတ်လိုက်သည်။
ညအချိန်မတော် မက်သယူးနိုးလာပြီး ထွက်ပြေးသွားမည်စိုး၍ ၀ီလျံက အခန်းအပြင်ဘက်တွင် ကုလားထိုင် တစ်လုံး ချပြီး စောင့်အိပ်သည်။
မနက်မိုးလင်းတော့ ကိတ်က မက်သယူးအတွက် နံနက်စာယူလာပြီး သူ့ကို အိပ်ရာမှနှိုးသည်။
' ငါ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ ကိတ် '

သူက မျက်လုံးနှစ်ဖက်ကို လက်နှင့်ပွတ်သပ်ရင်းမေးသည်။
' မနေ့ညက ဒေါက်တာ မက္ကင်ဇီအိမ်က ပါတီပွဲကအပြန်မှာ ရှင် ကျွန်မတို့နဲ့ လိုက်လာခဲ့တယ်လေ '
' မဟုတ်ပါဘူး၊ ငါ ဒီကို မလိုက်လာပါဘူး၊ ငါ မှတ်မိသလောက်ဆိုရင် ' အ၀င်အထွက်ကလပ် ' ကို သွားသေးတယ်၊ ပက်ထရီရှာဆိုတဲ့ ကောင်မလေးနဲ့လား၊ ဘယ်သူနဲ့လားတော့ မပြောတတ်တော့ဘူး၊ သူက ကလပ်ထဲ မ၀င်ချင်ဘူးဆိုပြီး ငြင်းတယ်၊ ဘုရားရေ ... ငါ့ခေါင်းထဲ ခဲဆွဲထားသလို လေးနေပါကလား၊ ခရမ်းချဉ်ဖျော်ရည်ကလေးများ ရနိုင်မလား၊ ငါ တမင်ဒုက္ခလာပေးသလို ဖြစ်နေပြီ၊ ခွင့်လွှတ်ပါ ကိတ် '
' အို ... ဒုက္ခမပေးပါဘူး မက်သယူး၊ ဘာ အားနာစရာရှိလို့လဲ၊ ဒီထက်ရင်းနှီးတဲ့ မိတ်ဆွေ ရှိပါဦးမလား '

ဝီလျံဝင်လာသည်။ မက်သယူးက ခေါင်းမော့်ကြည့်သည်။ သူတို့နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် အကြာကြီး ကြည့်နေကြသည်။ နောက်ဆုံး မက်သယူးက မေးလိုက်သည်။
' မင်း သိပြီးပြီပေါ့ ဟုတ်လား '
' ဟုတ်တယ်၊ သိပြီးပြီ၊ ငါ့အပြစ်ပါ မက်သယူး၊ ငါ့ကို ခွင့်လွှတ်ပါ '

' မငိုပါနဲ့ ၀ီလျံ၊ လူကြီးဖြစ်မယ့် ပုဂ္ဂိုလ်တွေဟာ မငိုကြပါဘူး၊ ဒီအချိန်ကတော့မှ ဘာမှလည်း မတတ်နိုင် တော့ပါဘူး၊ ငါလည်း ပါရဂူတွေနဲ့ အစွမ်းကုန် ကုသခဲ့ပြီးပါပြီ၊ နယူးယောက်၊ လော့အိန်ဂျယ်လု(စ်)၊ ဇူးရစ် နှံ့နေပြီ။ သူတို့လည်း ဘာမှမတတ်နိုင်တော့ပါဘူး၊ ဘယ်လိုမှ နေလို့ထိုင်လို့ မကောင်းဘူးဆိုတာလောက်ပဲ သိတော့တယ်၊ အခု ငါမနက်စာ စားပြီးရင် အိပ်ပျော်အောင် အိပ်လိုက်ချင်သေးတယ်၊ သိပ်ကြာနေရင်လည်း ငါ့ကို နှိုးပါ၊ အိပ်ရာကနိုးတော့ ငါ အိမ်ပြန်သွားမယ် '
' ဘယ်အိမ်ပြန်ရမှာလဲ၊ ဒါလည်း မင်းအိမ်ပဲပေါ့ '
မက်သယူး၏ အမူအရာ ပြောင်းလဲသွားသည်။

' ၀ီလျံ ဖေဖေ့ကို မင်းပဲ သွားပြောပေးစမ်းပါ သူငယ်ချင်း၊ ငါ သူနဲ့ ရင်မဆိုင်ဝံ့တော့လို့ပါ၊ မင်းလည်း တစ်ဦး တည်းသောသားပါ ၀ီလျံ၊ ငါ့ ပြဿနာကို မင်း အားလုံး နားလည်ပါတယ် '
' စိတ်ချပါ သူငယ်ချင်း၊ ငါ မနက်ဖြန် နယူးယောက်သွားပြီး ပြောပြလိုက်ပါ့မယ်။ မင်းက ဒီမှာပဲ တို့နဲ့အတူ နေမယ်ဆိုတဲ့ ကတိကိုတော့ ပေးရလိမ့်မယ်၊ မင်း ဘယ်မှ မသွားရဘူး၊ မင်းဆန္ဒအတိုင်း လုပ်ချင်တာ လုပ်နိုင် ပါတယ်၊ အရက်သောက်ချင်လည်း သောက်ပါ၊ မိန်းမတွေ ခေါ်ချင်ရင်လည်း ခေါ်ပါ၊ ဒါပေမဲ့ ဘယ်မှ တော့ ထွက်မသွားရဘူး။ ဒီမှာပဲ နေရမယ် '
' အကောင်းဆုံးစကားပါပဲ သူငယ်ချင်း၊ စိတ်ချပါ၊ မင်းစကား ငါ နားထောင်ပါ့မယ်၊ ငါ အိပ်ချင်လာပြီကွာ၊ ငါ သိပ် ပင်ပန်းနေသလိုပဲ '

' ကဲ ... အိပ်ပါ၊ အိပ်ပါ၊ အေးအေးဆေးဆေးသာ အိပ်ပစ်လိုက်ပါ '
မကြာမီတွင် မက်သယူး အိပ်ပျော်သွားသည်။ အိပ်ရာခင်းပေါ်တွင် ခရမ်းချဉ်ရည်တွေ ဖိတ်ကျနေသည်။ ၀ီလျံက သူ့လက်ထဲမှ တစ်ဝက်သာ သောက်ထားသော ဖန်ခွက်ကို ဖြုတ်ယူလိုက်ပြီး တိုးတိုးကလေး ရေရွတ် လိုက်မိသည်။
' မသေပါနဲ့ဦး သူငယ်ချင်း၊ မသေပါနဲ့ဦး၊ မင်းနဲ့ငါက တစ်နေ့ကျရင် အမေရိကန်နိုင်ငံမှာ အကြီးဆုံး ဘဏ်လုပ်ငန်းကို တည်ထောင်မယ်ဆိုပြီး သစ္စာပြုလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက် မဟုတ် လား မက်သယူး '

*
ဝီလျံသည် နောက်တစ်နေ့နံနက်တွင် မက်သယူး၏ ဖခင်နှင့် တွေ့ဆုံရန် နယူးယောက်သို့ ထွက်ခွာလာခဲ့ သည်။
သားဖြစ်သူ၏ သတင်းကို ကြားလိုက်ရသောအခါ အဘိုးကြီးသည် အသက်ထက် ပိုအိုစာသွားပြီး ကုလားထိုင် ပေါ်တွင် ခွေယိုင်နွမ်းကျသွားလေသည်။
' အခုလို လာပြောတာ ကျေးဇူးတင်ပါတယ် ၀ီလျံ၊ သူက တစ်လတစ်ခေါက် လာနေကျဟာ နောက်တော့ မလာတော့ဘူး၊ အဲဒီကတည်းက ဒီကောင် တစ်ခုခုတော့ လုပ်နေပြီလို့ ငါထင်ခဲ့မိတယ်၊ ငါ စနေ တင်္ဂနွေနေ့ တိုင်း လာကြည့်ပါ့မယ်၊ သူကတော့ မင်းနဲ့ ကိတ်တို့နဲ့ပဲ နေချင်မှာပဲ၊ သူ့အကြောင်းသိရလို့ ငါ အကြီးအကျယ် စိတ်မ ချမ်းသာ  ဖြစ်ရတယ်ဆိုတာတော့ သူ သိလို့မဖြစ်ဘူး၊

တကယ်တော့ သူ့ကုသိုလ်ပါပဲ၊ ဒါကို ဘုရားသခင် သိပါတယ်၊ သူ့အမေဆုံးကတည်းက ငါက အားလုံးကို သူ့အတွက်ပဲ ရည်ရွယ်ပြီး ကြိုးစား လုပ်ကိုင်ခဲ့တယ်၊ အခုတော့ ငါ့လုပ်ငန်းကို ဆက်ခံနိုင်မယ့်လူ တစ်ယောက်မှ မရှိတော့ဘူး၊ သမီးဆူဆန် ဆိုတာလည်း ဘဏ်လုပ်ငန်းကို တစ်စက်ကလေးမှ စိတ်ဝင် စားတာ မဟုတ်ဘူး '
' ဘော့စတွန်ကို လာဖြစ်အောင် လာခဲ့ပါခင်ဗျာ၊ ကျွန်တော်တို့က အမြဲတမ်း ကြိုဆိုနေပါတယ် '

' မက်သယူးအတွက် အစစအရာရာ ကူညီနေတာကို အများကြီး ကျေးဇူးတင်ပါတယ် ၀ီလျံ အဘိုးကြီးက ၀ီလျံ၏ မျက်နှာကို မော့်၍ ကြည့်လိုက်ပြီး ' ဒီအချိန်မှာ မင်းဖေဖေသာ ရှိလိုက်ရင် တန်ဖိုးရှိတဲ့သားအတွက် အလွန် ဂုဏ်ယူမှာပဲ၊ မက်သယူးသာ အဲဒီလိုသားမျိုးဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ၊ ခုတော့ ... ခုတော့ ... ' အဘိုးကြီး အသံတိမ်ဝင်သွားသည်။
' ကျွန်တော် ဒီနေ့ပဲ ပြန်သွားရပါ့မယ် အန်ကယ် '

' ကောင်းပါပြီကွယ်၊ ကောင်းပါပြီ၊ သူ့သတင်းကြားရလို့ ငါ ဘယ်လိုမှ မခံစားရဘူးဆိုတာသာ ပြောလိုက်ပါ၊ တခြား ဘာမှမပြောပါနဲ့ '
' စိတ်ချပါ ခင်ဗျာ '

*
ဝီလျံသည် ထိုနေ့ညတွင် ဘော့စတွန်သို့ ပြန်ရောက်သည်။ မက်သယူးကို ကိတ်နှင့်အတူ တွေ့ရသည်။ သူသည် ၀ရန်တာသို့ထွက်ပြီး အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ် အရောင်းရဆုံး ၀တ္ထုကြီးဖြစ်သော ' လေရူးသုန်သုန် ' ကို ထိုင်ဖတ်နေသည်။
ဝီလျံက သူ့အနီးသို့ လျှောက်လာသည်။ သူက ၀ီလျံအား မော့်ကြည့်ပြီး -

' အဘိုးကြီးက ဘယ်လိုပြောလိုက်သလဲ '
' သူ ငိုတယ် '
' လက်စတာဘဏ်တိုက်ဥက္ကဋ္ဌကြီးက ငိုရသေးသတဲ့သား၊ အဲဒီအကြောင်း တခြားအစုရှယ်ယာပိုင်တွေ မသိပါစေနဲ့ သူငယ်ချင်းရာ '

*
မက်သယူးသည် အရက်ကို လုံးဝဖြတ်ပစ်လိုက်ပြီး အလုပ်ကို ကြိုးစားလုပ်လာသည်။ သူ၏ ခိုင်မာသော ဆုံးဖြတ်ချက်အတွက် ၀ီလျံပင် အံ့သြနေမိသည်။
သူသည် ခါတိုင်းထက် ထူးထူးခြားခြား အလုပ်မြန်လာသည်။ ညနေပိုင်းကျတော့ သူ့အလုပ်တွေ အကုန်ပြီး၍ ၀ီလျံ၏ အလုပ်တွေကိုပင် ကူလုပ်ပေးနိုင်လာသည်။
အလုပ်ပြီးတော့ ညနေစာ မစားခင် သူငယ်ချင်းနှစ်ယောက် တင်းနစ်ကစားကြသည်။ တစ်ခါတစ်ရံ လှေလှော် ကြသည်။
' မင်းကို ငါ မနိုင်တဲ့နေ့မှာတော့ ငါ သေပြီသာ မှတ်ပေတော့ သူငယ်ချင်း ' ဟု မက်သယူးက နောက်သလိုလိုနှင့် ပြောတတ်သည်။
ဘယ်လိုပင်ပြောပြော၊ သူ့အနေဖြင့် ဆေးရုံပြန်မတက်ရတာကတော့ အမှန်ပင်။ သူက ၀ီလျံတို့ လင်မယား နှင့် နေရသည်ကို ပျော်နေသည်။
နေ့ရက်တွေ တရွေ့ရွေ့ ညောင်းလာခဲ့သော်လည်း ၀ီလျံကတော့ အချိန်တွေ အကုန်မြန်လွန်းလှသည်ဟု ထင်မိသည်။ သူသည် မက်သယူး အသက်နှင့်မှ ရှိပါသေးရဲ့လားဟူသော စိုးရိမ်စိတ်ဖြင့်သာ မနက်တိုင်း မနက်တိုင်း အိပ်ရာမှ နိုးလာတတ်သည်။

မက်သယူးသည် တစ်ခုသော အင်္ဂါနေ့တွင် သေဆုံးသွားခဲ့သည်။ ဖတ်လက်စ ' လေရူးသုန်သုန် ' ၀တ္တု မှာလည်း စာမျက်နှာ ၄၀ တိတိ မဖတ်ရသေးဘဲ ကျန်နေရစ်ခဲ့သည်။

*
မက်သယူး၏ အသုဘအခမ်းနားသို့ နယူးယောက်တွင် ပြုလုပ်သည်။ ၀ီလျံနှင့် ကိတ်တို့က မစ္စတာလက်စတာနှင့်အတူ သွားနေကြသည်။
အဘိုးကြီးသည် ခြောက်လတာကာလအတွင်း ဆွဲချလိုက်သလို အလွန်ကျသွားသည်။
သူသည် မယားနှင့်သားတို့၏ သင်္ချိုင်းဂူဘေးတွင် ရပ်နေသည်။ သူ့ဘ၀တွင် ဘာရည်မှန်းချက်မှ မရှိတော့ဟု ၀ီလျံအား ပြောသည်။ ၀ီလျံက ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်။ သူ ဘာပဲပြောပြော တစ်ဦးတည်းသော သားအတွက် အပူမီးတောက်နေသော ဖခင်ကြီးအား နှစ်သိမ့်စေနိုင်မည်မဟုတ်။

ဝီလျံနှင့် ကိတ်တို့သည် မက်သယူးကို သင်္ဂြိုဟ်ပြီးနောက် တစ်နေ့တွင် ဘော့စတွန်သို့ ပြန်ခဲ့ကြသည်။
မက်သယူးမရှိတော့ သူတို့ အိမ်ကြီးမှာ ဟာလာဟင်းလင်းကြီး ဖြစ်နေသလို ထင်ရသည်။
ဝီလျံအဖို့ လွန်ခ့သော လေးငါးခြောက်လအတွင်း ၀မ်းသာခြင်းနှင့်လည်း ကြုံခဲ့ရသည်။ ၀မ်းနည်းခြင်းနှင့် လည်း ကြုံခဲ့ရသည်။ သေခြင်းတရားသည် သူ့အား သံယောဇဉ်စိတ်ကို ပို၍ တိုးပွားစေခဲ့သည်။ ကွယ်လွန်သူ အချစ်ဆုံးသူငယ်ချင်း မက်သယူးကိုလည်း ပို၍ တမ်းတမိသည်။ ချစ်ဇနီး ကိတ်ကိုလည်း ပို၍ ချစ်ကြင်မြတ်နိုးလာမိသည်။
သူသည် အလုပ်ခွင်သို့ ပြန်ဝင်လာသောအခါ အလုပ်ထဲတွင် စိတ်မ၀င်စားနိုင်အောင် ဖြစ်နေမိသည်။

သူ့ရုံးခန်းထဲတွင် ထိုင်နေရာမှ ငေါက်ခနဲထပြီး မက်သယူး၏ ရုံးခန်းထဲသို့ ၀င်ကြည့်မိသည်။ အခန်းထဲတွင် မက်သယူးမရှိတော့။
သူသည် ရက်အတော်ကြာသည်အထိ သည်အတိုင်းပင် လူရောစိတ်ပါ ဂနာမငြိမ် ဖြစ်နေခဲ့သည်။
တိုနီဆိုင်မွန်က ၀ီလျံ၏ အဖြစ်ကို သဘောပေါက်သည်။ သို့သော် သူလည်း ဘယ်လိုမှ မကူညီနိုင်။

ဝီလျံသည် ဘဏ်လုပ်ငန်းကို လုံးဝစိတ်ကုန်လာသည်။ သူ့စိတ်သည် မက်သယူးဆီသို့သာ အချိန်တိုင်း ရောက်နေတော့သည်။ သူနှင့် မက်သယူးတို့သည် သေတဖန် သက်တဆုံး အတူတကွ နေထိုင် သွားကြ ရလိမ့်မယ်ဟု သူက အမြဲတမ်း စွဲမှတ်ထားခဲ့သည်။ ယခုတော့ သူ၏ အချစ်ဆုံးသူငယ်ချင်းမှာ အရွယ် မတိုင်မီပင် ရေတိမ်နစ်ခဲ့ရရှာပြီကော။

သည်လိုနှင့် ၀ီလျံသည် အလုပ်ကို ပုံမှန်အနေအထားသို့ ရောက်အောင် မလုပ်နိုင်ဘဲ ဖြစ်လာသည်။ အလုပ်ကြွေးတွေ ပုံလာသည်။ သို့သော် သူ့ကို ဘယ်သူကမှလည်း ဘာမှမပြောကြ။
အားအားရှိလျှင် တစ်ယောက်တည်းထိုင်ပြီး ငိုင်နေတတ်သော သူမ၏ ယောက်ျားအတွက် ကိတ်က စိုးရိမ် လာမိသည်။

တစ်နေ့ မနက်တွင် ကိတ် အိပ်ရာမှ နိုးလာတော့ ၀ီလျံက ခုတင်စွန်းမှာထိုင်ပြီး သူမကို စိုက်ကြည့်နေတာ တွေ့ရသည်။ ကိတ်က စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
' ဟင် ... ဘာဖြစ်တာလဲ မောင်၊ ဘာဖြစ်လို့လဲဟင် '
' ဘာမှ မဖြစ်ပါဘူး၊ ကိုယ်က ကိုယ့်ရဲ့ အချစ်ဆုံး ဇနီးကလေးကို ချစ်လွန်းလို့ တစိမ့်စိမ့် ကြည့်နေမိတာပါ '

အခန်း (၂၂) ဆက်ရန်
.

No comments: