အခန်း (၁၉)
ဝီလျံသည် တယ်လီဖုန်းစကားပြောခွက်ကို ပုခက်ပေါ် ပြန်တင်လိုက်သည်။
အေဘယ်က သူ့အား တိုက်တိုက်ခိုက်ခိုက် စကားပြောသွားသည့်အတွက် သူက စိတ်မဆိုးသည့်အပြင် ကျေနပ် နှစ်သိမ့်စိတ်ပင် ဖြစ်မိသည်။ ရစ်ခ်ျမွန့်ဟိုတယ် လုပ်ငန်းကြီး တိုးတက်လာအောင် လုပ်နိုင်ပါသည်ဟု ရဲရဲဝံ့ဝံ့ ပြောလာသော ပိုလန်သားကလေးအား သူတို့ဘဏ်တိုက်က ဘယ်လိုမှ အကူအညီပေးရန် ဆန္ဒမရှိ သည် ကိုတော့ ၀ီလျံက တော်တော်ပင် စိတ်မကောင်းဖြစ်မိသည်။
အေဘယ်ရို့စနော့စကီးသည် အကြွေးငွေကို အပြေအလည် ပေးဆပ်ပြီး ဟိုတယ် အားလုံးကို ပြန်ယူမည် ဖြစ်ကြောင်း ၀ီလျံက ဘဏ္ဍာရေးကော်မတီသို့ ပြန်လည် အစီရင်ခံလိုက်သည်။
နောက်တစ်ရက် နှစ်ရက် အတွင်းတွင် သူ့လက်အောက်၌ လုပ်ကိုင်ရန် မက်သယူးရောက်လာသည်။ ၀ီလျံ တော်တော် ၀မ်းသာသွားသည်။ မက်သယူးရောက်လာ၍ ၀ီလျံအဖို့ လုပ်ငန်းတစ်ဝက်လောက် ပေါ့သွား သည်။ အားလပ်ချိန်များတွင် ရေကူးခြင်း၊ တင်းနစ်ရိုက်ခြင်း၊ စကိတ်စီးခြင်း စသော အားကစား လုပ်ငန်းများ ဘက်သို့လည်း အချိန်ပေးနိုင်လာသည်။
တစ်နေ့တွင် စကားစပ်မိ၍ ကက်သရိန်းအကြောင်းကို မက်သယူးအား ပြောပြလိုက်သည်။
' ဘဏ်တိုက်အနေနဲ့ ရွှေတွေ များများ ၀ယ်သင့်မ၀ယ်သင့် ဘုတ်အစည်းအဝေး လုပ်နေချိန်မှာ ၀ီလျံကိန်း ဆိုတဲ့ လူတစ်ယောက်ကို သူ့ဆီ စိတ်ရောက်နေလောက်အောင် ညို့ထားနိုင်တဲ့ မိန်းမတစ်ယောက်ကို တော့ ငါ တစ်ချက်လောက် ကြည့်ဖြစ်အောင် ကြည့်ချင်ပါတယ်ကွာ ' ဟု မက်သယူးက ပြောင်သလို နောက် သလိုဖြင့် ပြန်ပြောသည်။
' ကြည့်ရပါလိမ့်မယ်ကွာ၊ ခဏစောင့်ပါဦး၊ သူ့ကိုမြင်ရတော့ သူဟာ ရွှေထက် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆို တာ မင်း သဘောပေါက်မှာ သေချာပါတယ် '
' မင်းပြောတာ ငါ ယုံကြည်ပါတယ်ကွာ၊ ငါက ဒီအကြောင်း ငါ့ညီမ ဆူဆန်ကိုလည်း ပြန်ပြီး ပြောမပြပါဘူး၊ သူက ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်း ရှိတယ်လို့ ထင်နေတုန်းပဲကွ '
ဝီလျံ က သဘောကျစွာဖြင့် ရယ်လိုက်သည်။ တကယ်တော့ ဆူဆန်အကြောင်းကို သူက အိပ်မက်ပင် မမက်ခဲ့။ ကက်သရင်းထံမှ စာတွေ တစ်နေ့ထက်တစ်နေ့ များလာသည်။ ၀ီလျံက ယင်းစာတွေကို သေသေ ချာချာ ဖိုင်တွဲပြီး သူ့အိပ်ခန်းထဲမှ ဗီရိုအံဆွဲထဲတွင် အမြတ်တနိုး သိမ်းဆည်းထားသည်။
သူသည် ယင်းစာတွေကို ထုတ်ပြီး ခဏခဏ ပြန်ဖတ်သည်။ တချို့စာတွေကို နုတ်တိုက်ပင် ရနေပြီ။
နောက်ဆုံးတော့ သူ့အမျှော်လင့်ဆုံးသော စာမျိုး ရောက်လာတော့သည်။
ဘတ်က်ဟတ်စ်ဥယျာဉ်
၁၉၃၀၊ ဖေဖော်ဝါရီ၊ ၂၈။
ချစ်သောဝီလျံ
တချို့ပစ္စည်းတွေ ရောင်းသင့်ရောင်း၊ ပေးသင့်ပေး၊ လွှင့်ပစ်သင့် လွှင့်ပစ်ပြီး ကျွန်မတော့ ဇာတိမြေက ထွက်ခွာလာခဲ့ပါပြီ၊ ၁၉ ရက်နေ့မှာ ကျွန်မ ဘော့စတွန်ကို ရောက်လာပါလိမ့်မယ်။
ရှင်နဲ့ ပြန်တွေ့ရမှာကို တွေးပြီး ကျွန်မရင်ထဲမှာ စိုးထိတ်မိသလို ခံစားနေရပါတယ်။ ဒီခံစားချက်ကလေးဟာ ပင်လယ်ရေမျက်နှာပေါ် တက်လာတဲ့ ရေပွက်ပမာ တစ်ခဏတာများ ဖြစ်နေလိမ့်မလား။ အဲဒီလို မဖြစ် ပါစေ နဲ့ လို့ ဘုရားသခင်ထံတော်ပါးမှာ အကြိမ်ကြိမ် ဆုပန်ခြွေမိပါတယ်။
အချစ်များစွာဖြင့်
ကိတ်
ကတ်သရိန်း ရောက်မလာခင်ညတွင် ၀ီလျံက အပြန်အလှန် စဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ တခြားမဟုတ်၊ ကက်သရိန်းနှင့်ပတ်သက်၍ ဘယ်အရာမျှ စိတ်လိုက်မာန်ပါ အလောသုံးဆယ်မလုပ်ဘဲ ခေါင်းအေး အေးဖြင့်သာ လုပ်ရန်ပင်ဖြစ်သည်။ မိမိ၏ လုပ်ရပ်ကြောင့် နောင်အခါတွင် နှစ်ယောက်စလုံး စိတ် မချမ်းမသာ ဖြစ်ရမည့် လုပ်ငန်းမျိုး မဖြစ်စေချင်သောကြောင့်ပင် ဖြစ်သည်။ သူ့မိတ်ဆွေ မက်သယူး ကလည်း ယင်းသို့ပင် အကြံပေးသည်။
' သိပ်ပြီး ဆန္ဒမစောပါနဲ့ ၀ီလျံ၊ လူတစ်ယောက်ဟာ ဒိန်းဒလိန်းနတ်ပူးနေရင် သိပ်ပြီး သတိထားရတယ်၊ စိတ်ကူးယဉ် ထက် လက်တွေ့ကို ဦးစားပေးပြီး စဉ်းစားဆုံးဖြတ်ရမယ် '
ဘူတာ တွင် သွားကြိုတော့ ကက်သရိန်း ၏ စံပယ်တင်အပြုံးကလေးကို မြင်လိုက်ရသော ခဏ၌ပင် ၀ီလျံ၏ ဆုံးဖြတ်ချက် တွေ အရည်ပျော်ကျသွားတော့သည်။
သူက လူအုပ်ထဲ တိုးဝင်သွားပြီး ကက်သရိန်း၏လက်ကို တင်းတင်းဆွဲ၍ ခေါ်ထုတ်လာသည်။
' ဇာတိဌာနေက လှိုက်လှဲဝမ်းသာ ကြိုဆိုပါတယ် ကိတ် '
ကက်သရိန်းအား နမ်းမည်လုပ်တော့ သူမက လက်နှင့်တွန်းပစ်လိုက်သည်။ ၀ီလျံက နည်းနည်းကလေးတော့ အံ့သြသွားမိသည်။
' ဒါနဲ့ ၀ီလျံ၊ ရှင် ကျွန်မ မိဘတွေနဲ့ မတွေ့သေးဘူးလို့ ကျွန်မ ထင်ပါတယ် '
' ဟုတ်ပါတယ်၊ အလုပ်တွေ သိပ်များနေလို့ပါ၊ ခွင့်လွှတ်ပါ ကိတ် '
' ဒါဆို ဒီနေ့ ကျွန်မတို့ အိမ်မှာပဲ ညစာ စားကြတာပေါ့ '
' ဟာ ... သိပ်ကောင်းတာပေါ့ဗျာ '
ထိုနေ့က ၀ီလျံသည် ကက်သရိန်း ၏ မိဘများနှင့်အတူ ညစာ စားဖြစ်သည်။ သူသည် ထိုနေ့ကစပြီး ကက်သရိန်း တို့ အိမ်သို့သာ နေ့တိုင်းသွားနေတော့သည်။
သည်လိုနှင့် လုပ်ငန်းတွေ ပျက်လာသည်။ မက်သယူးနှင့် တင်းနစ်ကစားပျက်လာသည်။
မက်သယူးက ကက်သရိန်းကို မြင်ရတော့ သူပိုင် ရွှေရှယ်ယာတွေအားလုံးနှင့် ကက်သရိန်းနှင့် လဲရန် ၀ီလျံကို ပြောသည်။
' အံမယ် ... ဘယ်ရမလဲကွ၊ ငါက တန်ဖိုးထက် ဘယ်တော့မှ လျှော့ရောင်းတဲ့လူ မဟုတ်ဘူး ' ၀ီလျံက ခပ်ကြွား ကြွားကလေး ပြန်ပြောလိုက်သည်။
' ဒါဖြင့် ကက်သရိန်းလောက် တန်ဖိုးရှိတဲ့ အမျိုးသမီးတစ်ယောက် ဘယ်မှာ ရနိုင်မလဲ၊ ငါ့ကို လမ်းညွှန် စမ်းပါဦးကွာ '
' မခက်ပါဘူးကွ၊ စာရင်းဖျက်သိမ်းရေးဌာန သွားလိုက်ရုံပဲပေါ့ '
' ဒီလိုဆို မင်းပစ္စည်းကို မြန်မြန်သာ သိမ်းပေတော့ ၀ီလျံ၊ မင်းမသိမ်းရင် ငါ သိမ်းမိလိမ့်မယ်ကွ '
*
၁၉၂၉ ခုနှစ်၊ စီးပွားရေးပျက်ကပ်ကြောင့် ကိန်းနှင့်ကဘော့ ဘဏ်တိုက်တွင် အသားတင် အရှုံးငွေ ဒေါ်လာ ခုနစ်သန်းကျော်သည်။ သို့သော် ဤမျှ လုပ်ငန်းကြီးမားသော ဘဏ်တိုက်ကြီးတစ်ခု၏ ငွေလုံး ငွေရင်း အတိုင်း အတာ နှင့် စာလျှင် ဤမျှအရှုံးငွေမှာ သာမန်မျှသာ ဖြစ်သည်။ အခြားလုပ်ငန်းသေးသော ဘဏ်တိုက်ကြီးပေါင်းများစွာတို့မှာမူ ဒေ၀ါလီခံရပြီး စီးပွားရေးလောကမှ လုံးဝ လွင့်စဉ် ကွယ်ပျောက် သွားကြ သည်။
ဝီလျံကတော့ အခက်အခဲတွေ မည်မျှပင် ကြုံရသော်လည်း ၁၉၃၀ ပြည့်နှစ် ၀န်းကျင် ကာလ တစ်လျှောက် တွင် မိမိတို့လုပ်ငန်းကြီး ပြိုကွဲပျက်စီးမသွားစေရန် အားနှင့် မာန်နှင့် ကြံ့ကြံ့ခံ၍ ရုန်းကန် လှုပ်ရှားခဲ့ ရလေ သည်။
*
ဖရန်ကလပ်ရုစဗဲ့ သမ္မတဖြစ်လာသောအခါ ' နယူးဒီးလ်' ခေါ် ' မူဝါဒသစ် ' ကို ကျင့်သုံးသောကြောင့် အမေရိကန် စီးပွားရေး အသက်ရှူပေါက် ရလာခဲ့သည်။ သို့သော် ၀ီလျံကတော့ ' မူဝါဒသစ်' ကြောင့် သူတို့ ဘဏ်တိုက် အနေဖြင့်များစွာ အကျိုးကျေးဇူးရှိနိုင်လိမ့်မည်ဟု လုံးဝမထင်၊ စီးပွားရေးလောကတစ်ခုလုံး တဖြည်းဖြည်း အခြေအနေကောင်းလာသည်။ သို့သော် ၀ီလျံကိန်းကတော့ လုပ်ငန်းအရှိန်မပျက်ရုံမျှသာ ဆုတ်ဆုတ် ဆိုင်းဆိုင်းနှင့် လုပ်ကိုင်နေတော့သည်။
ထိုအချိန်တွင် လန်ဒန်ဘဏ်ခွဲကို အုပ်ချုပ်နေသူ တိုနီဆိုင်မွန်က လုပ်ငန်းများကို အလုံးအရင်းနှင့် ချဲ့ထွင်လုပ်ကိုင်သည်။ လုပ်သည့်အလျောက်လည်း နှစ်နှစ်တာကာလအတွင်း ဘဏ်တိုက်အတွက် အတော်ကလေး အကျိုးအမြတ်ခံစားရသည်။ သို့ဖြင့် တစ်ဖက်တွင် ၀ီလျံက အရှုံးပြနေချိန်တွင် တိုနီဆိုင်မွန်က အမြတ်ပြနေသည်။
၁၉၃၂ ခုနှစ် ကုန်ခါနီးလောက်တွင် ဘဏ်ဥက္ကဋ္ဌ အလန်လွိုင်က တိုနီဆိုင်မွန်အား လန်ဒန်ဘဏ်ခွဲ၏ လုပ်ငန်း အခြေအနေကို ဘုတ်အဖွဲ့သို့ တင်ပြရန် ဘော့စတွန်သို့ လှမ်းခေါ်လိုက်သည်။ တိုနီဆိုင်မွန်က သူ၏ အောင်မြင်မှုများကို ရင်ကော့ပြီး တင်ပြရုံမျှသာမက အလန်လွိုက် အငြိမ်းစားယူသောအခါ ဥက္ကဋ္ဌ နေရာ ကိုပင် ၀င်ရောက်အရွေးခံမည့် ရည်ရွယ်ချက်ကိုပါ အရိပ်အမြွက် ထုတ်ဖော် ပြောကြားသောအခါ ၀ီလျံမှာ အကြီးအကျယ် အံ့အားသင့်သွားမိလေသည်။
တိုနီဆိုင်မွန် လန်ဒန်သို့ ပြန်သွားပြီး နောက်တစ်နှစ်တွင်လည်း လုပ်ငန်းအောင်မြင်မှုရှိသည်။ ထိုနှစ်တွင် လန်ဒန် ဘဏ်ခွဲ တစ်ခုတည်း ကပင် အမြတ်ငွေ ဒေါ်လာတစ်သန်းကျော်ကြောင်း ဆိုင်မွန်က ဘုတ်အဖွဲ့၏ နှစ်ဦး ပထမဆုံး အစည်းအဝေးတွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် တင်ပြနိုင်ခဲ့သည်။ သို့သော် ၀ီလျံကတော့ ထို နှစ်တွင် အမြတ်ငွေ မဖြစ်စလေက်သာ ရရှိခဲ့သည်။
ဤအချက် သည် ၀ီလျံအနေဖြင့် ဘဏ်ဥက္ကဋ္ဌရာထူးရရှိရေးအတွက် အဟန့်အတားကြီးတစ်ရပ် ဖြစ်နိုင် သည်။
ဝီလျံက သူ့ပြဿနာကို ကက်သရိန်းအား ပြောပြသည်။ ကက်သရိန်းက နားလည်မှု အပြည့်အ၀ဖြင့် အချို့ အချက် အလက်များကို ဝေဖန်ကန့်ကွက်သည်။
မက်သယူး နှင့် ဆွေးနွေးသောအခါတွင်မူ မက်သယူးက ၀ီလျံအား မြှောက်ပေးသည်။
' ဒါက ဘာအရေးလဲကွာ၊ ဘာမှမခက်ပါဘူး၊ လွယ်လွယ်ကလေးပါ၊ မင်းက ဘဏ်တိုက် အစုရှယ်ယာ အများစု ပိုင်ထားတဲ့ လူပဲ၊ မင်းမကြိုက်ရင် ဘုတ်အဖွဲ့ဝင်တွေ အားလုံးဖြုတ်ပစ်လိုက်ပြီး ကိုယ်ကြိုက်တဲ့ လူတွေ ရွေးခန့်လိုက်ရုံပဲပေါ့၊ ပြီးတော့ မင်းက ဘဏ်ဥက္ကဋ္ဌနေရာ ယူလိုက်ရင် အားလုံး အိုကေပဲပေါ့'
သည်လိုလုပ်နည်း လုပ်ဟန်မျိုးကို ၀ီလျံ မသိမဟုတ်။ ကောင်းကောင်းကြီးသိသည်။ သို့သော် သူက သည်နည်းမျိုးကို မသုံးချင်။ မိမိစွမ်းရည်အလျောက် တက်လာသော ရာထူးမျိုးကိုသာ လိုချင်သည်။ သူ့ဖခင် သည်လည်း သည်နည်းအတိုင်းပင် တက်လာခဲ့သည်။ ပြီးတော့ ကက်သရိန်းသည်လည်း သည်နည်းကိုပင် ကြိုက်နှစ်သက် သည် မဟုတ်လား။
၁၉၄၃ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် အလန်လွိုက်အသက် ၆၅ နှစ်ပြည့်သည်။ ထိုနေ့တွင် အုပ်ချုပ်ရေး ဘုတ် အဖွဲ့ အစည်းအဝေးကျင်းပရန် ဒါရိုက်တာလူကြီးအားလုံးကို ဖိတ်ခေါ်လိုက်သည်။ ရည်ရွယ်ချက် ကတော့ သူ့ရာထူးကို ဆက်ခံမည့် ပုဂ္ဂိုလ်အား ရွေးချယ်ရန်ဖြစ်သည်။
စုစုပေါင်း ဘုတ်အဖွဲ့ဝင် ဒါရိုက်တာလူကြီး ၁၇ ဦးရှိရာ အားလုံးပင် အစည်းအဝေးသို့ တက်ရောက် လာကြ သည်။
အစည်းအဝေးစလျှင်စချင်း ဥက္ကဋ္ဌက ၁၃ မိနစ်ကြာမျှ နောက်ဆုံး နှုတ်ဆက်မိန့်ခွန်းပြောသည်။ ဘယ်တော့မှ ဆုံးပါ့မလဲဟု ၀ီလျံက တွေးမိသည်။ တိုနှီဆိုင်မွန်ကတော့ သူ့ရှေ့မှ စာရေးကတ်ကို ဖောင်တိန်နှင့် အဆက်မပြတ် ခေါက်နေသည်။ တစ်ခါတစ်ခါ ၀ီလျံဘက်သို့ လှည့်ကြည့်သည်။ ၀ီလျံရော၊ တိုနီဆိုင်မွန်ရော ဥက္ကဋ္ဌ၏ မိန့်ခွန်းကို တစ်ယောက်မျှ စိတ်မ၀င်စားကြ။
ဥက္ကဋ္ဌကုလားထိုင်ပေါ် ပြန်ထိုင်သောအခါ ကျန်ပုဂ္ဂိုလ် ၁၆ ဦးတို့က လက်ခုပ်တီးကြသည်။
လက်ခုပ်သံစဲသွားသောအခါ ဥက္ကဋ္ဌက ထိုင်ရာမှ ပြန်ထလိုက်သည်။ ပြီးတော့ ကိန်းနှင့် ကဘော့ ဘဏ်တိုက် ၏ ဥက္ကဋ္ဌ အနေဖြင့် နောက်ဆုံးစကားပြောကြားသည်။
' ကိုင်း ... လူကြီးမင်းများခင်ဗျာ၊ အခုအချိန်ကစပြီး ကျွန်တော့်နေရာမှာ ဆက်ဆံမယ့် ဥက္ကဋ္ဌသစ်ကို ရွေးကြ ရအောင် ဥက္ကဋ္ဌရာထူးအတွက် သင့်လျော်တဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကို ရွေးချယ်ထားပါတယ်၊ အဲဒီအထဲက တစ်ယောက်ကို မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ဖို့ ဖြစ်ပါတယ်၊ အဲဒီနှစ်ယောက်အနက် တစ်ယောက်သော ပုဂ္ဂိုလ်က မစ္စတာ အန်တော်နီဆိုင်မွန် ဖြစ် ပါတယ်၊ သူဟာ ပင်လယ် ရပ်ခြားဘဏ်ခွဲရဲ့ ဒါရိုက်တာ လူကြီးဖြစ်ပါတယ်၊ ကျန်ပုဂ္ဂိုလ်ကတော့ မစ္စတာ ၀ီလျံကိန်းပါပဲ၊ သူက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒါရိုက်တာ လူကြီးဖြစ်ပါတယ်။
' ဒီပုဂ္ဂိုလ်နှစ်ယောက်စလုံးကို လူကြီးမင်းများအနေနဲ့ ရင်းရင်းနှီးနှီး သိကြပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော် က သူတို့ရဲ့ အရည်အချင်းကို အထူးပြောနေစရာ မလိုတော့ဘူးလို့ ယုံကြည်ပါတယ်။
' အဲဒီတော့ ကျွန်တော် မေတ္တာရပ်လိုတာကတော့ မိမိဥက္ကဋ္ဌဖြစ်လာတဲ့အခါ ကိန်းနှင့် ကဘော့ဘဏ်တိုက်ရဲ့ အနာဂတ် လုပ်ငန်း တိုးတက်ရေးအတွက် ဘယ်စီမံကိန်းတွေနဲ့ ဆောင်ရွက်မယ်ဆိုတာကို သက်ဆိုင်ရာ ပုဂ္ဂိုလ် နှစ်ယောက်က တစ်လှည့်စီ တင်ပြကြဖို့ပဲ ဖြစ်ပါတယ် ' ခေါင်းပန်းလှန်စနစ်အရ ၀ီလျံက ဦးစွာ ပြောရသည်။
' ကျွန်တော့်ဆန္ဒကတော့ ကျွန်တော်တို့ဘဏ်တိုက်အနေနဲ့ ဒီထက်တိုးတက်ချင်ရင် လက်ရှိအခြေအနေကို ကျေနပ် နေလို့ မဖြစ်ပါဘူး၊ အလျင်တုန်းက မလုပ်ခဲ့သေးတဲ့ လုပ်ငန်းသစ်တွေကို စွန့်စားပြီး လုပ်ရ ပါလိမ့်မယ်၊ အထူးသဖြင့် အခြေခံလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ဖို့ လိုအပ်ပါတယ်၊ ဆိုလိုတာက အင်္ဂလန် နိုင်ငံ မှာ မဖြစ်စလောက် အလုပ်ဖြစ်တာကို ရောင့်ရဲနေရုံနဲ့ မပြီးပါဘူး၊ အဓိကကျတဲ့ ပင်ရင်းဖြစ်တဲ့ အမေရိကမှာ လုပ်ငန်းသစ်တွေ တိုးချဲ့ဖို့ လိုအပ်ပါတယ်၊ စီးပွားရေးဘဏ်လုပ်ငန်းကို ဦးစူးမဂ္ဂထားပြီး လုပ်ကိုင်မယ့် ဘဏ်သစ် တစ်ခုလည်း ဖွင့်သင့်ပါတယ် '
အသက် အရွယ်ကြီးသော ဒါရိုက်တာလူကြီးများက ဤအချက်ကို သဘောမတူသဖြင့် ခေါင်းတခါခါ လုပ်ကြ သည်။ သို့သော် ၀ီလျံက ဂရုမစိုက်ဘဲ ဆက်ပြောသည်။
' လိုရင်းကတော့ ဘဏ်လုပ်ငန်းကို တိုးချဲ့ရမယ်၊ ကနေ့ အမေရိကန်စီးပွားရေးလောကကို ကြိုးကိုင်နေတဲ့ မျိုးဆက်သစ် စီးပွားရေးသမားတွေကို စိန်ခေါ်ရမယ်၊ ဒါမှ ကျွန်တော်တို့ဘဏ်တိုက်ဟာ နှစ်ဆယ်ရာစုနှစ်ရဲ့ နောက်ဆုံးတစ်ဝက် ကာလအတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးသော ငွေကြေးလည်ပတ်ရေး ဗဟိုမဏ္ဍိုင်ဌာနကြီး တစ်ခုအဖြစ်သို့ ရောက်လာနိုင်ပါလိမ့်မယ် '
ဝီလျံက ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။ တစ်ယောက်တစ်ပေါက် တီးတိုးပြောသံများ ပေါ်လာသည်။ သူတို့၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် သူ့ကို ထောက်ခံနေကြကြောင်း သိသာသည်။
တိုနီ ဆိုင်မွန် ထိုင်ရာမှ ထလိုက်သည်။ သူက ထိန်းထိန်းသိမ်းသိမ်းဖြင့် အစဉ်အလာမပျက် လုပ်ကိုင်သွားရန် တင်ပြသည်။
' ကျွန်တော့်အမြင်ကတော့ ဘဏ်လုပ်ငန်းအားလုံးကို တတ်နိုင်သမျှ စုစုစည်းစည်း ကျစ်ကျစ်လျစ်လျစ်ဖြစ် အောင်ပြန်လည်ဖွဲ့စည်းဖို့လိုတယ်၊ ယခင်လုပ်လာခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းပြီး လုပ်ငန်းသစ် တွေကိုလည်း စဉ်းစဉ်းစားစားနဲ့ တိုးချဲ့လုပ်ကိုင်သင့်တယ်၊ စီးပွားရေးကပ်အတွင်းမှာ အရှိန်မပျက် ရပ်တည် နိုင်အောင် လုပ်လာခဲ့တဲ့ ဖြစ်ရပ်တွေကို သင်ခန်းစာယူရမယ်၊ ဦးဆောင်မှု အပိုင်းမှဠြငြ်္ါ် နှိုင်းနှိုင်းချိန်ချိန် လုပ်နိုင် ရည်စွမ်း ရှိတဲ့ အတွေ့အကြုံများတဲ့ လူကြီးတွေ များများပါဝင်သင့်တယ် '
တိုနီဆိုင်မွန် ပြန်ထိုင်သွားသည်။ ၀ီလျံက အခြေအနေကို အကဲခတ်လိုက်သည်။ အများစုက ဘယ်သူ့ဘက် ယိမ်းနေ သည်ဆိုသည်ကို လုံးဝအကဲခတ်၍မရ။ သို့သော် ဘဏ်လုပ်ငန်းကို လက်ရှိထက် ပိုမိုတိုးချဲ့သင့် သည်ဟူသော သူ၏ တင်ပြချက်ကိုတော့ အများစုက ထောက်ခံလိမ့်မည်ဟု သူက ယုံကြည်ထားသည်။
ဘဏ်ဥက္ကဋ္ဌ အလန်လွိုက်က သူနှင့်တကွ ဥက္ကဋ္ဌလောင်းနှစ်ဦးတို့မှ တစ်ပါးကျန်ပုဂ္ဂိုလ်များက မဲဆန္ဒပေးကြ ရန်ပြော သည်။
ထို့နောက် ကျန်ဘုတ်အဖွဲ့ဝင် ၁၄ ဦးတို့အား ဆန္ဒမဲကတ်ပြားကလေးတွေ ဖြန့်ဝေပေးလိုက်သည်။
၎င်းတို့က ဆန္ဒမဲကတ်ပြားတွင် ဆန္ဒပေးအမှတ်အသားရေးပြီးနောက် အလန်လွိုက်ထံသို့ ပြန်ပေးလိုက်ကြ သည်။
အလန်လွိုက်က ဆန္ဒမဲကတ်ပြားများကို တစ်ခုချင်း ရေတွက်နေသည်။
ဝီလျံသည် သူ့ရှေ့မှ စာရေးကတ်ပေါ်တွင် လက်တင်ကာ ခေါင်းငုံ့နေသည်။ သူသည် အလန်လွိုက် မျက်နှာ ကို လုံးဝမော်မကြည့်ရဲ။
ဆန္ဒမဲ ရေတွက်ပြီးသောအခါ အခန်းထဲတွင် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။
အလန်လွိုက် က မဲအရေအတွက်ကို ကြော်ငြာသည်။
' မစ္စတာကိန်းက ခြောက်မဲ၊ မစ္စတာဆိုင်မွန်က ခြောက်မဲ၊ ပယ်ပဲက နှစ်မဲ'
အချင်းချင်း တီးတိုးပြောသံများ ပေါ်ထွက်လာသည်။ အလန်လွိုက်က စကားပြောရပ်ကြရန် အမိန့်ပေး လိုက်သည်။ အားလုံး ငြိမ်သွားကြသည်။ ၀ီလျံက သက်မတစ်ချက်ချလိုက်သည်။
အလန်လွိုက် က ခေတ္တတုံ့ဆိုင်းနေပြီးမှ ပြောသည်။
' အခြေအနေရ ဒုတိယအကြိမ် ထပ်ပြီး ဆန္ဒမဲ ပေးရပါလိမ့်မယ်၊ ပထမအကြိမ်တုန်းက ဆန္ဒမဲပေးခဲ့တဲ့ ပုဂ္ဂိုလ် တွေ အနေနဲ့ ဒီတစ်ကြိမ်မှာတော့ တစ်ဖက်ဖက်ကို ပေးဖြစ်အောင် ပေးပါလို့ အလေးအနက် မေတ္တာ ရပ်ခံပါတယ်၊ အဲဒါဆိုရင် ဥက္ကဌလောင်းနှစ်ယောက်အနက် တစ်ယောက်ယောက်က ဆန္ဒမဲအများစု ရနိုင် ပါလိမ့်မယ် '
ဆန္ဒမဲကတ်ပြားကလေးတွေ ထပ်မံဖြန့်ဝေလိုက်သည်။ ဆန္ဒပေးသူများက မိမိတို့ဆန္ဒကို စာရွက်ပေါ်တွင် ရေးမှတ်ကြသည်။
ထို့နောက် ကတ်ပြားများကို အလန်လွိုက်ထံသို့ ပြန်ပေးလိုက်သည်။
အလန်လွိုက်က ဆန္ဒမဲများကို ဖြည်းဖြည်းချင်း ရေတွက်သည်။ ရေတွက်ပြီးတော့ ဆန္ဒမဲရရှိသူ၏ အမည်ကို အသံ ကျယ်ကျယ်ဖြင့် အော်၍ကြေညာသည်။
' ၀ီလျံကိန်း '
' အန်တိုနီဆိုင်မွန် ... အန်တိုနီဆိုင်မွန် ... အန်တိုနီဆိုင်မွန် '
ဝီလျံက တစ်မဲ၊ တိုနီဆိုင်မွန်က သုံးမဲရနေပြီ။
' ၀ီလျံကိန်း ... ၀ီလျံကိန်း '
' အန်တိုနီဆိုင်မွန် '
' ၀ီလျံကိန်း ... ၀ီလျံကိန်း ... ၀ီလျံကိန်း '
ဝီလျံက ခြောက်မဲ၊ ဆိုင်မွန်က လေးမဲဖြစ်သွားပြီ။
' အန်တိုနီဆိုင်မွန် ... အန်တိုနီဆိုင်မွန် '
' ၀ီလျံကိန်း '
ဝီလျံက ခုနစ်မဲ၊ ဆိုင်မွန်က ခြောက်မဲ။ အဆုံးအဖြတ်က တစ်မဲပဲ ကျန်တော့သည်။
ဝီလျံက အလန်လွိုက်ကိုကြည့်ပြီး အသက်မရှူနိုင်အောင် ဖြစ်နေသည်။ ဆန္ဒမဲလိပ်ကို အလန်လွိုက်ဖြန့်ကြည့် နေချိန်သည် တစ်သက်သာလောက် ကြာနေသည်ဟု ထင်မိသည်။
နောက်ဆုံး တော့ အလန်လွိုက် ကြော်ငြာလိုက်သည်။
' အန်တိုနီဆိုင်မွန်၊ လူကြီးမင်းများခင်ဗျား နှစ်ယောက်စလုံး ခုနစ်မဲစီနဲ့ ထိပ်တိုက်ဖြစ်နေပါတယ် '
အလန်လွိုက်က သဘာပတိ အဆုံးအဖြတ်မဲပေးရမည့် အခြေအနေသို့ ရောက်လာပြီ။ အလန်လွိုက် အနေဖြင့် မည်သူ့ကိုမျှ ကြိုပြောဆိုထားခြင်း မရှိသော်လည်း ယခု ထိပ်တိုက်ကြုံလာလျှင် ဆိုင်မွန်ကို ဆန့်ကျင်ပြီး သူ့ကိုသာ မဲပေးလိမ့်မည်ဟု ၀ီလျံက ကျိန်းသေပေါက်တွက်ထားသည်။
' လူကြီးမင်းများခင်ဗျာ၊ နှစ်ကြိမ်စလုံးမှာ တစ်ဖက်နှင့်တစ်ဖက် ဆန္ဒမဲတူညီနေတာကို လူကြီးမင်းများ မျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်၊ တတိယအကြိမ် ထပ်မံပြီး ဆန္ဒမဲပေးရင်လည်း ဒီလိုပဲ ထိပ်တိုက်ဖြစ်နေ လိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်၊ ဒါကြောင့်မို့လို့ အချိန်တိုတိုနဲ့ မြန်မြန် ပြီးစီးသွားအောင် ကျုပ်အနေနဲ့ သဘာပတိမဲပေးရပါတော့မယ်၊ အခုအချိန်ကစပြီး ကျုပ်ရဲ့ရာထူးကို ဆက်ခံမယ့်ပုဂ္ဂိုလ်အားလုံးက ကျုပ် အပေါ်မှာ ဘယ်လိုမှ မနာလိုစိတ် ရှိကြလိမ့်မယ်လို့ ကျုပ် လုံးဝမထင်ပါဘူး၊ ဒါကြောင့်မို့ ကိန်းနှင့် ကဘော့ ဘဏ်တိုက် ရဲ့ နောက်တက်လာမယ့် ဥက္ကဋ္ဌသစ် ရာထူးအတွက် ထိုက်တန်တဲ့ ပုဂ္ဂိုလ်ကို ကျုပ်က အဂတိ မလိုက်စား ဘဲ ကျုပ်ရဲ့ နှလုံးသားဆန္ဒအတိုင်း ရွေးချယ်ပါ့မယ်။
' ကျုပ်ရဲ့ ဆန္ဒမဲကို မစ္စတာ တိုနီဆိုင်မွန်အတွက် ပေးပါတယ်ခင်ဗျာ '
လက်ခုပ်သံများ တဖြောင်းဖြောင်း ပေါ်ထွက်လာသည်။
ဝီလျံသည် ကြားလိုက်ရသောစကားကို မယုံကြည်နိုင်အောင် ဖြစ်သွားသည် တိုနီဆိုင်မွန်ကလည်း အံ့အားကြီး သင့်ပွားပုံရသည်။
တိုနီဆိုင်မွန် သည် ၀ီလျံနှင့် မျက်နှာချင်းဆိုင် ထိုင်နေရာမှထကာ အလန်လွိုက်နှင့် နေရာချင်း လဲထိုင်လိုက် သည်။ ပြီးတော့ သူက ထိုင်ရာမှ ပြန်ထပြီး ဥက္ကဋ္ဌသစ်၏ မိတ်ဆက်မိန့်ခွန်းပြောသည်။
' အခုလို ကျွန်တော့်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပဏာမ ပြော ကြားလို ပါတယ်ခင်ဗျာ '
' ကျွန်တော် အထူးသဖြင့် ကျေးဇူးတင်လိုတဲ့ ပုဂ္ဂိုလ်ကတော့ ကျွန်တော်နဲ့ ယှဉ်ပြိုင်အရွေးခံတဲ့ မစ္စတာဝီလျံ ကိနိးကိုပဲ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ မဲနိုင်ဖို့အတွက် သူ့ရဲ့ ငွေကြေးချမ်းသာမှုနဲ့ မိသားစု အရှိန်အ၀ါကို လုံးဝ မသုံးခဲ့ခြင်းအတွက်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော် နောက်ဆုံး ပြောချင်တာ ကတော့ မစ္စတာကိန်းက ကျွန်တော့်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်နဲ့ စိတ်ချမ်းသာစွာ လုပ်ကိုင်ပါလို့ ကျွန်တော် လှိုက်လှဲ ၀မ်းသာ ဖိတ်ခေါ်ပါတယ်၊ ပြီးတော့ လစ်လပ်သွားတဲ့ မစ္စတာအလန်လွိုက် နေရာမှာ မစ္စတာ မက်သယူး လက်စတာက ဒါရိုက်တာလူကြီးအဖြစ် ၀င်ရောက်လုပ်ကိုင်ပါဆိုတာကိုလည်း ထပ်လောင်း ပြီး ၀မ်းပန် တသာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ '
အဆိုနှစ်ခုစလုံးကို အားလုံးကပင် တညီတည်း ထောက်ခံအတည်ပြုလိုက်ကြသည်။
ဝီလျံက နံရံပေါ်မှ သူ့ဖခင်၏ ဓာတ်ပုံကားချပ်ကြီးကို စိုက်ကြည့်နေသည်။ ဖခင်ခြေရာကို မနင်းနိုင်ခဲ့သော သူ့အဖြစ်ကိုသူ လေးလေးနက်နက် ပြန်လည်သုံးသပ်နေမိသည်။
အပိုင်း (၂၀) ဆက်ရန်
.

1 comment:
မြန်မြန်လေး တင်ပေးပါ၊ အားတော့နာတယ် ဖတ်ရတာ အားမရ တစ်နေ့ သုံးခါလောက်လာကြည့်တယ် ဘယ်တော့များ တင်မလဲဆိုပြီး
Post a Comment