အခန်း (၂)
နောက်တနေ့ နံနက်တွင် ကောင်စစ်ဝန်သည် အိပ်ရာမှ အစောကြီးထသည်။ သူ့ အလေ့အကျင့် အတိုင်း ရုံးကိုလည်း အချိန်အတိအကျသွားသည်။ နီကိုလတ်စ် အဖို့တော့ ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့၊ ခရီးလမ်းတလျှောက်တွင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များ၊ မီးရထားဘီးသံများနှင့်လှိုင်း ပုတ်သံများသည် ဘဏ္ဍာစိုး၏ ရုပ်လွှာသည် သူ့အား လာ၍ အနှောင့်အယှက်ပြုရပါသနည်း။
ဒါကို တော့ သူမသိ၊ နားလည်းမလည်၊ မနက်အိပ်ရာမှနိုးတော့ သူ့ အပူချိန်သည် သာမန် အခြေအနေ မှာပင်ရှိသည်။ သို့သော်လည်း သူ့ အဖေက သူ့ပါး နှစ်ဘက်တွင် သွေးရောင် လျှမ်းနေ သည့် အဖြစ်ကို ကြည့်ကာ စိတ်မချနိုင်အောင်ဖြစ်လျက် ရှိသည်။ သူ့သားအား အိပ်ရာထဲမှာပင် ဆက်နေဖို့မှာသည်။ အိပ်ရာ ထဲမှထွက်၍ နေ့လယ်စာ စားသင့်မစားသင့်ကိုမူ သူကိုယ်တိုင် မွန်းလွဲပိုင်းကျမှ တခေါက်ပြန်လာပြီး ကြည့်မည် ဟု ဆိုသည်။
ပန်းခြံထဲဆင်း၍ လွတ်လွတ်လပ်လပ် နေချင်စိတ် ပြင်းပြနေသော နီကိုလတ်စ် အဖို့တော့ သူ့အဖေ စကား ကြားသည့် အခါ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သို့သော်လည်း သူသည် ဖအေ့ စကားကို တသဝေ မတိမ်း လိုက်နာတတ်သော ကလေးတယောက်ဖြစ်သည့် အားလျော်စွာ သူ့အဖေမှာထားခဲ့သည့်အတိုင်းပင် နေသည်။ သူ၏ ကျန်းမာရေးချို့တဲ့မှုကိုလည်း သိနေသည် ဖြစ်ရာ ပါမောက္ခ ဟေးလီးဗီး သင်ကြား ပြသ ထားသည့်အတိုင်း အချိန်ကျသောအခါ ပြဒါးတိုင်နှင့် သူ့အပူချိန်ကို သူတိုင်းသည်။ သွေးတိုးနှုန်းကို တိုင်းထွာ စစ်ဆေးကြည့်သည်။ သူ့အတွက် အစိုးအစိုးရိမ် အကြောင့်ကြကြီးလွန်းလှသော သူ့အဖေ၏ စိတ် သဘောထား ကို မတွေးပဲ မနေနိုင်။ သူ့အတွက် အသေးအဖွဲ့မှစ၍ လိုက်၍ ပူပန်နေတတ်ပုံမှာ သူ့ စိတ်ထဲ တွင် အထူးအဆန်းတခုလို ဖြစ်နေလေသည်။
နီကိုလတ်စ်အတွက် နံနက်စာကို မက်ဂ်ဒါးနားက အပေါ်ထပ် အိပ်ခန်းထဲအထိ လာပို့သည်။ လှေကားမှ တက်လာ ရသဖြင့် မက်ဂ်ဒါလီးနား ခမျာ အသက်ကိုမှ မှန်မှန်မရူနိုင်လောက်အောင် မောဟိုက် လျက်ရှိသည်။ သို့သော်လည်း နီကိုလတ်စ်အား ခင်မင်ဖော်ရွေသောအပြုံးဖြင့် နှုတ်ဆက် သည်။ သူ၏ ဖောင်းအိ ပြည့်ဖြိုးလွန်းလှသော အညိုရောင် ပါးနှစ်ဘက်သည် သူ၏ နက်မှောင်သော မျက်လုံးများကို ကျဉ်းသွား အောင် ပြုလုပ်ထားသည်။ သူ့ခေါင်းတွင် စည်းထားသည့် ပ၀ါဖြူနှင့် နားနှစ်ဘက်မှ တွဲလွဲ ကျနေ သော သတ္တုနားကွင်းများကြောင့် မက်ဂ်ဒါလီးနား၏ မျက်နှာသည် ဂျစ်ပဆီမတယောက်နှင့် တူနေသည်။
သူ့အဖေ၏ ကျေးဇူးကြေင့် နီကိုလတ်စ်သည် စပိန်စကားကို အဆင့်မြင့်မြင့် သွက်သွက်လက်လက် ပြောနိုင် သည်မျှသာမက ပြင်သစ်နှင့်အီတလီ စကားများကိုပါ ပြောတတ်သည်။ သို့သော်လည်း အခု မက်ဂ်ဒါလီးနား ၏နှုတ်မှ ကရားရေလွှတ်တတွတ်တွတ် ထွက်လာနေသော စပိန်ဘာသာ စကားကိုမူ သူ နားမလည်။ ဒေသ သုံး စပိန်စကားတမျိုး ဖြစ်ဟန်တူသည်ဟု နီကိုလတ်စ်က တွေး သည်။
မည်သို့ပင် ဖြစ်စေ သူတို့နှစ်ယောက် စကားသာ ပြောနေကြသည်။
တယောက်နှင့်တယောက် ကောင်းစွာ နားမလည်ကြ။ မက်ဂ်ဒါလီးနားသည် လက်နှစ်ဘက်ကို တင်ပါးတွင် ထောက်ကာ နီကို လတ်စ်အား စိုက်ကြည့်နေသည်။ သူ့အကြည့်သည် ပွင့်လင်းရဲတင်းသည်။ အထူးအဆန်း တခုကို မြင်တွေ့နေရသည့်နှယ် ကြည့်နေခြင်း...။ ဤမျှလောက် စူးစူးရဲရဲ အကြည့်ခံနေရသောအခါ နီကိုလတ်စ်မှာ မနေတတ် မထိုင်တတ် ဖြစ်လာသည်။ ရှည်လျားသော မျက်တောင်ကော့ကြီးများကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ အသက်ကို မှန်မှန်မရှုပဲ အောင့်ထားမိသည်။ သူ့ဝမ်းပိုက်ထဲမှလည်း အသံ တချက် ထွက်လာသည်။ မက်ဂ်ဒါလီးနားက နီကိုလတ်စ်၏အဖြစ်ကို ကြည့်ကာ တချက်မျှ ရယ်လိုက်ပြီး ခေါင်းကို ယမ်းကာ အခန်းထဲမှ ပြန်ထွက်သွားလေသည်။
နံနက်စာမှာ သူစားနေကျ အစာများပင် ဖြစ်သည်။ အရသာလည်းရှိသည်။ မကျက်တကျက်ပြုတ် ထားသော ကြက်ဥတလုံး။ ခပ်ပွပွမုန့်ကြွပ်များနှင့် ပျားသလက်မုန့်။ ပြီးတော့ ဆိတ်နို့အကျက် တဖန်ခွက်။ သူ့အဖေ၏ အမိန့်အတိုင်း စီမံပြုလုပ်ထားသည့် နံနက်စာမှန်း သိသာသည်။ နီကိုလတ်စ်သည် သူ့အစာကို ခပ်ဖြည်းဖြည်း စားသည်။ အထူးသဖြင့် မုန့်အစအနများ အိပ်ရာပေါ် မကျအောင် သတိထား၍ စားသည်။ ထို့နောက် အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ပြီး မှန်တင်ခုံပေါ်မှနေ၍ သူ၏အာရုံစူးစိုက်မှုကို သစ္စာရှိစွာဖြင့် တိတ်တိတ် ဆိတ်ဆိတ် စောင့်မျှော်လျက်ရှိသော ခွေးသမင်ရုပ် ကို လှမ်းယူသည်။ နီကိုလတ်စ်အနေဖြင့် သက်ရှိ ခွေးတကောင်ကို ပိုင်ဆိုင်ဖို့ မလွယ်မှန်းသိနေ သည်။
သူ့အဖေ ကောင်စစ်ဝန်သည် ခွေးချစ်တတ်သူမဟုတ်။ တနေရာတည်းတွင် အတည်တကျ မနေရပဲ မကြာ ခဏ ရွှေ့ပြောင်းနေရသော သူတို့ သားအဖအဖို့ ခွေးမွေး၍ မဖြစ်ဟု သူ့အဖေက ပြော ပြထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်လည်း ခွေးလိုချင်သော နီကိုလတ်စ်သည် ဤခွေးရုပ်ဖြင့် အစားထိုး၍ ကျေနပ်ခဲ့ရ၏။ သူ့အဖေ အဖော် လုပ်၍ စကားတပြောပြောနှင့် ငြီးငွေ့စရာကောင်းသော အချိန်များကို ကုန်လွန်စေခဲ့ရ၏။
သို့သော်လည်း ယနေ့မနက်တော့ ဤခွေးရုပ်အပေါ်တွင် သိပ်ပြီး စိတ်မ၀င်စား။ သူနှင့် လက်တကမ်း အကွာတွင် သူလေ့လာကျက်မှတ်ဖို့အတွက် သူ့အဖေထားခဲ့သည့် စာအုပ်များ အပေါ်တွင်လည်း အာရုံစူးစိုက် ၍မရ။ သူ့စိတ်သည် ယမန်နေ့ညကမှ စတင်နေထိုင်ခဲ့ရသည့် ပတ်ဝန်းကျင် အသစ်တွင်သာ ၀င်စား လျက်ရှိသည်။ ဤပတ်ဝန်းကျင်သည် သူ စူးစမ်းရှာဖွေ လေ့လာခြင်း မပြုရသေးသည့် ပတ်ဝန်းကျင်...။ ပူနွေးသော နေရောင်ခြည်သည် ငါးရှဥ့်သွေးရောင် နံရံကပ် စက္ကူများမှ ဖောက်ထွင်းကာ အိပ်ခန်းထဲသို့ ထိုးဆင်း လျက်ရှိသည်။
စက္ကူများမှတဆင့် ကြမ်းပြင်ထက်သို့ ကျရောက်ထင်ဟပ်လျက်ရှိသည်။ နေရောင်ခြည်အစင်းများသည် သူ့မျက်စိထဲတွင် ထူးဆန်းလှပသော ပန်းချီကားချပ်များနှင့် တူနေသည်။ သူသည် အိပ်ရာပေါ်တွင် ကျောမှီ၍လှဲကာ နေရောင်ခြည် အစင်းအကွက်များကို ငေးမောနေသည်။ ပြီးတော့ တိတ်ဆိတ် ငြိမ်သက်လျက်ရှိသော အိမ်ကြီးအတွင်းမှ ထွက်လာမည့် အသံဗလံများကို နားစွင့်သည်။
ပထမတော့ ဘာသံမှမကြားရ။ ပကတိ တိတ်ဆိတ်ခြင်း။ ခဏနေတော့ အောက်ထပ်မှအသံများ ထွက်လာ သည်။ အငြင်းအခုံဖြစ်နေသည့်အသံမျိုး။
တိုးတိုးသာသာမဟုတ်။ အော်ကြီး ဟစ်ကျယ်။ သို့သော်လည်း စကားလုံးများက ပီသသဲကွဲခြင်းမရှိ။ တဆက်တည်း ပင် ဒိုင်းကနဲမြည်ဟီးသွားသော တံခါးပိတ်သံတချက်ပေါ်လာသည်။ မီးဖိုချောင်တံခါး ဖြစ်လိမ့်မည် ဟု နီကိုလတ်စ် ခန့်မှန်းသည်။ ထို့နောက် တီးတိုးစကားပြောသံများနှင့် အောက်ထပ် ထမင်း စားခန်း အတွင်းမှ ခြေသံများ။ ခြေသံ များမှာ ခပ်ဖြည်းဖြည်းမှန်မှန် ခေါက်တုံ့ ခေါက်ပြန် လျှောက်သွား နေသံ။ ခပ်ပြင်းပြင်း ဆေးလိပ်နံ့သည် အပေါ်ထပ်သို့ တက်လာသည်။ ဤအရာအားလုံး စုပေါင်းဖြစ်ပေါ် နေချိန်တွင် သူ့ အိပ်ခန်းတံခါးကို အပြင်မှ အသာအယာ ဖွင့်သံကြားလိုက်ရသောအခါ နီကိုလတ်စ် မှာ မထိတ်လန့်ပဲ မနေနိုင်။ ဖြတ်ကနဲ လန့်သွားသည်။ အံ့အားလည်း သင့်သွားသည်။ သူသည် တံခါး ဆီသို့ ဆက်ကနဲ လှည့်ကြည့်လိုက်၏။ တံခါးဝမှ ရပ်၍ သူ့အား ခပ်တည်တည် စိုက်ကြည့်နေသော ဂရေစီယာ။
သူငယ်၏ ပါးနှစ်ဘက်သည် နီမြန်းသွားသည်။ ဂရေစီယာကို ယမန်နေ့ညနေခင်းက စ၍တွေ့ခဲ့ သည်။ စတွေ့ သည့်အချိန်မှ စ၍ ခင်မင်သောစိတ် မဖြစ်မိ။ ပြောမပြတတ်သည့် စိတ်ခံစားမှု တခုအရ ဤလူကြီး အပေါ်တွင် မယုံသင်္ကာ ဖြစ်ခဲ့ရုံမျှမက ရန်သူတယောက်ဟု မြင်ခဲ့သည်။ အခုလည်း သူ့ကို စူးစူး ၀ါးဝါး ကြည့်လျက်ရှိသည်။ သူကလည်း အားကျမခံ တုံ့ပြန်၍ စူးစူးရဲရဲပင် ပြန် ကြည့်သည်။
' လင်ဗန်းကို ယူသွားရတော့မလား '
ဂရေစီယာက အလွန်သဘောမနောကောင်းသည့် လေသံမျိုးဖြင့် မေးသည်။ သို့သော်လည်း သူ့အသံမှာ စစ်မှန်သော လေသံမဟုတ်။ တမင်လုပ်ယူထားရသည့် လေသံ။ ဆေးချေးများ အထပ် ထပ် တက်နေသဖြင့် အ၀ါရောင်သမ်းနေသော လက်ညိုးနှင့် လက်သူကြွယ်ကြာမှ စီးကရက်မီးခိုး သည် တငွေ့ ... ငွေ့ ... ။
' ယူသွားပါ ... ကျေးဇူးတင်ပါတယ် ' ဟု နီကို လက်တ်စက ပြန်ဖေသည်။ သူ့အသံမှာ တည်တည် ငြိမ်ငြိမ် မဟုတ်။ ပြီးတော့ ခပ်တိုးတိုး ...။
ဂရေစီယာသည် သူရပ်နေသော နေရာမှမရွေ့။ သူ့အား ခပ်တည်တည် ကြည့်နေရာမှ သွားဖြဲပြ သည်။ သူ့အား ပြုံးပြခြင်းဖြစ်သည်ဟု ယူဆရသည်။
' ငါ့ကို မကြောက်ပါနဲ့' ဟု ဂရေစီယာက ချိုသာစွာ ပြောသည်။ ' ငါဟာ ကလေးတွေနဲ့ ရောရော နှောနှော နေတတ် ပါတယ်... ကွ၊ တနေရာမှာ အလုပ်လုပ်ခဲ့တုန်းက ဆိုယင် ကလေးခုနစ်ယောက် တိတိရှိတယ်၊ အငယ် ဆုံး မိန်းကလေးဟာ ငါ့ပေါင်ပေါ်က ဆင်းတယ်လို့ကို မရှိဘူး၊ သူ မသေခင်က ဆိုပါတော့ ကွာ '
နီကို လတ်စ်က ပင့်သက်တချက် ရှူလိုက်သည်။ ဂရေစီယာသည် လက်ထဲမှ အညိုရောင်စီးကရက် ကို အားရပါးရ ဖွာလိုက်သည်။ သူ့မျက်လုံးများကတော့ သူငယ်၏ မျက်နှာပေါ်မှ မခွာ...။
' အဲဒီ ကလေးမလေး အကြောင်းကို တနေ့နေ့ကျမှ မင်းကို ပြောပြရဦးမယ်၊ သူ့အကြောင်းက သိပ် စိတ်ဝင်စား စရာ ကောင်းမှာပါ၊ ငါ အဖြစ်မျိုးစုံကို မြင်ဖူးတယ်ကွ၊ ၀မ်းနည်းစရာ အဖြစ်တွေ၊ ကြောက် စရာ အဖြစ်တွေ၊ မယုံနိုင်စရာ အဖြစ်တွေ၊ အို ... ကွာ၊ အများကြီးပဲ... သိလား၊ ကမ္ဘာကြီးဟာ ကျပ် မပြည့်တဲ့ အရူး အမိုက်တွေနဲ့ ပြည့်နေတဲ့ နေရာကြီးပါကွာ၊ ငါ့အဖို့တော့ ဘယ်အဖြစ်မှ မထူးဆန်း တော့ဘူး၊ တကယ် ပြောတာ၊ လုံးဝ မထူးဆန်းတော့ဘူး '
' ခင်ဗျား ပြောနေတာ ကျွန်တော် နားမလည်ပါဘူး၊ ဘာအဓိပ္ပာယ်လဲ' နီကိုလတ်စ်က မေးသည်။
ဂရေစီယာက ပခုံးနှစ်ဘက်ကို တွန့်လိုက်လေသည်။
' မင်းနားလည်လာမှာပါ၊ မပူပါနဲ့၊ ငါဟာ စစ်သားလဲ လုပ်ခဲ့ဖူးတယ်၊ ဗိုလ်တယောက်ပေါ့ကွာ၊ လူတွေကို ကြိမ်တွေနဲ့ရိုက်၊ မတန်တဆ နှိပ်စက်တယ်၊ ပြီးတော့ သေနတ်နဲ့ ပစ်သတ်တယ်၊ ဒါတွေ အားလုံး ငါမြင်ခဲ့ဖူးတယ်ကွ၊ နောက်ကျမှ ဒီအကြောင်းတွေကို ပြောပြရဦးမယ်၊ ဒါနဲ့ ငါ့ကို ပြောစမ်း ပါဦး၊ မင်းအမေ ပါမလာ ပါလား...၊ ဘယ်မှာ နေခဲ့သလဲ '
နီကိုလတ်စ် မျက်နှာပျက်သွားသည်။ သူ မျှော်လင့်မထားသော မေးခွန်း ဖြစ်နေသဖြင့် ရုတ်တရက် ချက်ချင်း အဖြေမပေးနိုင်။ ဤမျှလောက် စပ်စပ်စုစု နိုင်လှသော မေးခွန်းမျိုး မေးသည်ကို သူ သဘောမကျ။ ဂရေစီယာ၏ မေးခွန်းသည် သူ့စိတ်တွင် လူမသိ သူမသိ စွဲကပ်နေသော အနာဟောင်းကို အနာသစ် ပြန်ဖြစ်လာအောင် ထိုးဆွလိုက်သလို ဖြစ်သွားသည်။
ပထမတော့ ' အမေ သေပြီ ' ဟု ဖြေလိုက်ရန် စိတ်ကူးသေးသည်၊ သူ့အဖေက သူ့ကို မကြာခဏ ပြောခဲ့ဖူးသော စကားရှိသည်။ သူတို့ သားအဖနှစ်ယောက်အဖို့ သူ့အမေသည် မရှိတော့။ သေဆုံး သွားပြီဟု သတ်မှတ်ထားရမည် ဟူသော စကား။ သို့သော်လည်း မနေ့ညက သူ ဘုရားရှိခိုး အပြီး တွင် သူ့အမေ အတွက် ဆုတောင်း မေတ္တာပို့ခဲ့ရ၏။ ပြီးတော့လည်း သူ့စိတ်ထဲက ရွံ့ရှာစက်ဆုပ် နေသော ဤလူကို သူ လိမ်မပြောချင်။ အရေး မလုပ်လောက်သည့် လူကို လိမ်ပြောခြင်းသည် ဂုဏ်သိက္ခာ ကျသည်ဟု ထင်သည်။ အကယ်၍ အလိမ်ပေါ်သွားပါကလည်း ဤလူ၏ အထင်အမြင် သေးခြင်းကို ခံရချေ တော့မည်။
' အမေက အမေရိကမှာ နေတယ် ' ဟု နီကိုလတ်စ်က ဖြေသည်။
' ဟေ ... ဟုတ်လား ' ဟု ဂရေစီယာက တအံ့တသြ ရေရွတ်သည်။ ' အမေရိကန်ဆိုတဲ့ နိုင်ငံက သိပ်အံ့သြဖို့ကောင်းတဲ့ နိုင်ငံတခုပေါ့ကွာ၊ ဒါပေမယ့် ဘာပြုလို့ သူက မင်းတို့နဲ့ လိုက်မနေတာလဲ '
နီကို လတ်စ်၏ နှုတ်ခမ်းများသည် တုန်ယင် လှုပ်ရှားလာသည်။
' အမေက ကျွန်တော်တို့နဲ့ မနေတော့ဘူး '
ဂရေစီယာက သူ့ပါးစပ်ကို ဟလိုက်ပြီး ဟက်ကနဲ တချက်ရယ်လိုက်သည်။
' အမေက ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်တော့ဘူး၊ သူက တခြားနေတယ်၊ ဒါပေမယ့် ကျွန်တော် တို့ကို လူတွေက မေးနေကြတာပဲ ' သူသည် စကားကို မဆက်ပဲ ရပ်ထားလိုက်ပြီး နားစွင့်သည်။ ဆင်ဝင်ဘက်မှ လျှောက်လာနေသော ခြေသံ...။ ခဏမျှ ငြိမ်ဆိတ်သွားသည်။ ဂရေစီယာ၏ အမူအရာကတော့ မပြောင်း...။ သို့သော်လည်း သတိတော့ ထားပုံရသည်။ သူက နီကိုလတ်စ်အား ခေါင်းတချက် ဆက်ပြသည်။
' မင်း အဖေပြန်လာပြီကွ၊ ငါတို့ နှစ်ယောက် အပျင်းပြေ စကားပြောကြ တာကို သူမသိစေနဲ့၊ ငါတို့နှစ်ယောက်ပဲ သိတာ ကောင်းတယ်၊ ဟုတ်လား၊ အခု ငါပြောတာကို မေ့မသွားနဲ့နော် '
ဂရေစီယာက အိပ်ရာဆီသို့ လျှောက်လာပြီး နံနက်စာ ထည့်ထားသည့် လင်ဗန်းကို လက်တဘက် တည်းနှင့်ကျွမ်းကျင်စွာ မယူလိုက်သည်။ ထို့နောက် နီကိုလတ်စ်ဘက်သို့ လှည့်၍ ပြောင်သလို နောက်သလိုနှင့် ဦးခေါင်းကို တချက်ညွတ်လိုက်ပြီး အိပ်ခန်းထဲမှ ထွက်သွားသည်။
နီကို လတ်စ်ကတော့ အိပ်ရာပေါ်တွင် မလှုပ်မယှက်၊ သူ့မျက်နှာသည် မဝေခွဲနိုင်သော စိတ်ဖြင့် ရှုပ်လျက်ရှိ၏။ စိတ်ညစ်စိတ်ရှုပ်သလိုလည်း ဖြစ်လျက်ရှိ၏။ သူ့အဖေသာ ၀င်မလာလျှင် ထွက်ကျလု ဆဲဆဲ ဖြစ်နေသော မျက်ရည်စများကို ထိန်းနိုင်မည်မဟုတ်။
ကောင်စစ်ဝန်သည် စိတ်လက်ပေါ့ပါးကြည်လင်လာသည်။ အလုပ်ခွင်တွင် စိတ်တိုင်းကျခဲ့သည်မှာ သံသယ ဖြစ်ဖွယ်မရှိ။ သူသည် နီကိုလတ်စ်၏ အခြေအနေကို ဂရုတစိုက် ကြည့်ရှုလိုက်ပြီး အိပ်ရာမှ ထခိုင်းသည်။ နီကို လတ်စ်အ၀တ်လဲနေခိုက်တွင် သူသည် အိပ်ရာ၏ အစွန်းတဘက်တွင် ၀င်ထိုင် သည်။ သူ့ရုံးမှာ သူမျှော်လင့်ထားသည်ထက် ပို၍ ကောင်းနေသည်။ အဆောက်အအုံအနေဖြင့် သေးငယ်သော်လည်း ခေတ်မီသည်။ ပူအိုက်သော နွေရာသီတွင် ပင်လယ်လေ လေအေး လေသန့် ကို ကောင်းစွာ ရနိုင်သော မာရီနား လမ်းပေါ်၌ တည်ရှိသည်။
ရုံးဝန်ထမ်းမှာ အေလ်ဗင်ဘာတန် အပြင် စပိန်လူမျိုး စာရေးနှစ်ယောက် ရှိသည်။ ရုံးသုံး ပစ္စည်းကိရိယာ အသုံးအဆောင်များမှာ လက်နှိပ်စက် တလုံးမှ လွဲ၍ အားလုံး အခြေအနေကောင်းသည်။ လက်နှိပ်စက် မှာလည်း သုံးမရ လောက်အောင် ချွတ်ယွင်း၍ မဟုတ်။ ပြင်လိုက်လျှင် ကောင်းသွားနိုင်သည်။ မိတ္တူ ကူးစက် ကတော့ လုံးဝ သုံးမရလောက်အောင် ပျက်နေပြီ။ ချက်ချင်း အသစ်တလုံး ၀ယ်၍ အစားထိုးရန် သူ အမိန့် ပေးခဲ့ ပြီးပြီ။
' ကဲ အခု ' ကောင်စစ်ဝန်က ရွှင်လန်းမြူးကြွသော လေသံဖြင့် စကားစသည်။ ' ဖေဖေ ဥယျာဉ်မှူး တယောက် ရလာခဲ့ပြီ၊ သားသား စိတ်ဝင်စားမှာပါ၊ သူ အခုအပြင်မှာ ရှိနေတယ်၊ ဖေဖေနဲ့ လိုက်လာပြီး သူ့ကို တွေ့လိုက်ဦး '
သားအဖ နှစ်ယောက် အောက်ထပ်သို့ ဆင်းခဲ့ကြသည်။ နီကိုလတ်စ်သည် သူ့ အဖေဘေးမှ ငြိမ်သက်စွာ လိုက်ပါ လာသည်။
အိမ်အပြင် နောက်ဖေးဘက် အ၀င်ဝတွင် အလွန်ရိုသေကျိုးနွံသော အမူအရာဖြင့် ရပ်နေသည့် လူငယ် တယောက်။ အရပ်အမောင်း ခပ်မြင့်မြင့်။ ကိုယ်လုံး ကိုယ်ထည် အချိုးအဆက် ပြေပြစ် သည်။ အသက်က ဆယ့်ကိုးနှစ် ဆုံးမှာ နက်မှောင်လှပသော မျက်ခုံးများ ဖြစ်သည်။ မည်းနက် သော ဆံပင်များသည် သေသေ သပ်သပ်မရှိ။ ကပိုကရိုကျလျက်ရှိသည်။ သူ့အထက် နှုတ်ခမ်းသည် မရင့်ကျက်သေးသည့် စိတ်နေ စိတ်ထား နှင့် တဘက်သားအပေါ် ကြင်နာသနားတတ်သည့် အရိပ်လက္ခဏာများကို ဖော်ပြလျက်ရှိသည်။
အလွန် ရိုးသား ဖြူစင်သည့် မျက်နှာပိုင်ရှင်ဖြစ်သည်။ အားလုံး ခြုံကြည့်လိုက်လျှင် လူချောလူလှတဦး ဖြစ်လာမည့် အရိပ်အသွင်များ ထင်ဟပ်လျက် ရှိ၏။ သူ့တွင် ရှိသမျှထဲမှ အကောင်းဆုံးဟု ယူဆသည့် အင်္ကျီ ဘောင်းဘီများကို တမင်တကာ ရွေး ချယ်၍ သပ်သပ်ရပ်ရပ် ဖြစ်အောင် ၀တ်စားလာဟန် တူ၏။ သို့သော်လည်း အ၀တ်အစားများက အညံ့စား။ သက္ကလတ်တု အစင်း အထူစားဖြစ်သည်။ အပေါ်မှ ထပ်ဝတ် ထားသည့် ဂျက်ကက် အင်္ကျီမှာ ခပ်တိုတို။ ကက်တလန် အင်္ကျီပုံမျိုး ဖြစ်သည်။ ပေါက်ပြဲနေသော ဖိနပ်များကို ဖုံးကွယ် ထားသည့် ဘောင်းဘီ အောက်နားများသည် လှိုင်းထသည့်နှယ် တွန့်လိပ်လျက် ရှိသည်။ သူ့လက် ထဲတွင်မူ ဦးထုပ် အ၀ိုင်းတလုံး ကိုင်ထားသည်။
' ကဲ ... ဟေ့ ... သူငယ်၊ မင်းနာမည် ဘယ်သူ .. ကွ ' ကောင်စစ်ဝန်က လှမ်းမေးသည်။
' ဂျိုစီပါဆီညော်၊ ဂျိုစီဆန်တီယိုလို့ ခေါ်ပါတယ် '
' အေး ဟုတ်ပြီ၊ မင်းဟာ ... တဘက်ကမ်းခပ် ကျွမ်းကျင်တဲ့ ဥယျာဉ်မှူးတယောက် ဆိုကွ '
ဂျိုစီကဖြူဖွေးလှပသော သွားများ ပေါ်လာသည်အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်။ သူ့အပြုံးမှာ ဟန်ဆောင်မှု လုံးဝမပါသော အပြုံးဖြစ်၍ နှစ်လိုဖွယ်ရာ ကောင်းသည်။ သူ့အပြုံးကို ကြည့်ပြီး ပြန်၍ ပြုံးပြသော စိတ်သည် နီကိုလတ်စ်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။
' ကျွန်တော်ဟာ မြေ တူးတတ် ဆွတတ်ပါတယ်၊ ပေါင်းမြတ် သုတ်သင်တတ်ပါတယ်၊ မြေကြီးကို ပြုပြင်တတ်ပါတယ်၊ စိုက်တတ် ပျိုးတတ်ပါတယ်... ဆီညော်၊ ကျွန်တော် ၀ါသနာပါတဲ့ အလုပ်ပါ။ ဒါပေမယ့် တဘက် ကမ်းခပ် တတ်မြောက် ကျွမ်းကျင်တယ်လို့တော့ မပြောနိုင်ပါဘူး '
' မင်း အလျင်က ဥယျာဉ်မှူး လုပ်ခဲ့ဖူးတယ် ...ဆို ' ဘရန်းဒီးက စိတ်မရှည်သော လေသံဖြင့် ရေရွတ်သည်။
' အို ... ဟုတ်ပါတယ် ဆီညော် ' ဟု ဂျိုစီက ကပျာကယာ ပြန်ဖြေသည်။ ' ကျွန်တော် မွန်တာရိုးဘက်က စပျစ်ခြံတွေမှာ သုံးနှစ်တိတိ အလုပ် လုပ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် အခုတော့ တောင်ကုန်းဒေသဘက်မှာ အလုပ် လက်မဲ့တွေ သိပ်များလာပါတယ် '
' မင်းမှာ ထောက်ခံစာတွေ ရှိသလား '
ဂျိုစီမျက်နှာ ပျက်သွားသည်။ စိတ်ပျက်သွားပုံလည်းရ၏။ အပြုံးတော့ မပျက်။ သို့သော်လည်း သူ့အပြုံးသည် လျော့လျဲလျဲ။ အားမရှိတော့သည့် အပြုံး။ ဂျိုစီ၏ မျက်လုံးများသည် ကောင်စစ်ဝန်ကို ကြည့်နေရာမှ နီကို လတ်စ် ဆီသို့ ရောက်သွားသည်။
' ကျွန်တော်တို့အနေနဲ့ ထောက်ခံစာတွေ ဘာတွေ ယူတတ်သိမ်းတတ်တဲ့ အလေ့အထ မရှိကြပါဘူး ..ဆီညော်၊ မွန်တားရားက စပျစ်ခြံပိုင်ရှင် ဒိုင်အာဂိုး ဘော်ဂါနိုးကို မေးကြည့်လိုက်ရင် ကျွန်တော့်အကြောင်း ကောင်းကောင်း ပြောပြမှာပါ '
ခဏမျှ ငြိမ်ဆိတ်သွားသည်။ နီကိုလတ်စ်က သူ့အဖေ မျက်နှာကို စိုးရိမ်မကင်းသော မျက်နှာထားဖြင့် မော့်ကြည့်သည်။ သူ့ အဖေကတော့ နှုတ်ခမ်းကို ကိုက်ကာ တွေဝေ စဉ်းစားဆဲ။ စာနှင့်ပေနှင့် ထောက်ခံစာ မရှိသည့် လူတယောက်ကို ခန့်ထားရန် သင့်မသင့် ချိန်ဆနေသည်။ နီကိုလတ်စ် ကတော့ သဘော ကောင်းပုံ၊ ဖော်ရွေပုံရသော လူငယ်ကိုပင် ဥယျာဉ်မှူးအလုပ် ခန့်ထားဖို့ ပြောချင်စိတ် ဖြစ်နေသည်။
နေ့လယ်စား အသင့်ဖြစ်ပြီ ဟူသော သတိပေး မောင်းသံကို ကြားရသည်။ ကောင်စစ်ဝန်သည် ဂျိုစီ၏ ကိစ္စကို ခပ်သုတ်သုတ် စဉ်းစားကာ ချက်ချင်းပင် ဆုံးဖြတ်သည်။ အလုပ်သမား ရှာဖွေရေး ရုံးကတော့ ဂျိုစီ ၏ အကျင့်စာရိတ္တ ကောင်းမွန်ကြေင်း ထောက်ခံထား၏။ သို့ဆိုလျှင် ။ ကောင်စစ် ၀န်သည် ဂျိုစီအား တချက် ကြည့်လိုက်ပြီး တိုတိုပြတ်ပြတ် လှမ်းပြောသည်။
' မင်း အလုပ်ကို ကြိုးကြိုးစားစား လုပ်ဖို့တော့ လိုလိမ့်မယ်၊ လုပ်ခက တနင်္ဂနွေတပတ်ကို စပိန်ငွေ သုံးဆယ် မီဆီတာ ပေးမယ်၊ မင်း ဘယ်လို သဘောရသလဲ '
' ဆီညော်ရဲ့ ဆန္ဒအတိုင်း ဖြစ်ပါစေမယ်' ဟု ဂျိုစီက လေးနက်တည်ငြိမ်သော မျက်နှာထားဖြင့် အဖြေ ပေးသည်။
' အေး ကောင်းပြီ ' ဟု ဘရန်းဒီးက ရေရွတ်လိုက်သည်။ ' မနက်ဖြန်မနက် ရှစ်နာရီတိတိ ဒီကို အရောက် လာခဲ့၊ ဘယ်လို လုပ်ရ ကိုင်ရမယ်ဆိုတာ ငါ ပြောမယ်၊ ကဲ သား၊ လာ ...၊ ဖေဖေတို့ သွားကြစို့ '
ကောင်စစ်ဝန်သည် သူ့သား၏ လက်ကိုဆွဲ၍ ထွက်သွားသည်။ သူ့ အဖေနှင့်အတူ အိမ်ဘက်သို့ လိုက်ပါ သွားနေရသည့် နီကို လတ်စ်၏ မျက်စိထဲတွင်မူ နူးညံ့သိမ်မွေ့ပုံရသော ဂျိုစီ၏ ပုံပန်းသဏ္ဍာန်ကို မြင်ယောင်ဆဲ။ ဘုရား ရှိခိုးကျောင်းသွားသည့် အခါများတွင်သာ ၀တ်ရသည့် တနင်္ဂနွေ ၀တ်စုံ ခပ်နွမ်းနွမ်းကို ၀တ်၍ လှပသေးသွယ်သော လက်များဖြင့် ဦးထုပ်ကို ကိုင်၍ တည်ငြိမ်စွာ ရပ်ကျန်ခဲ့သော စပိန်လူငယ်၏ ရုပ်ပုံလွှာသည် စွဲထင်လျက်ရှိဆဲ။
ဝရန်တာ လှေကား ခုံပေါ်အရောက်တွင် နောက်သို့ လှည့်မကြည့်ပဲ မနေနိုင်။ ပခုံးပေါ်မှ ကျော်၍ ဖြူဖွေးသော သွားများ ပေါ်လာသည်။ ခင်မင်စရာ ကောင်းလှသော ဂျိုစီ၏ အပြုံးနှင့်အတူ လက်တဘက် မြှောက်၍ ဝှေ့ယမ်းပြလိုက်သည်ကိုပါ သူ မြင်ရသည်။ စပိန်လူငယ်၏ ထိုဟန်နှင့် ထိုအမူအရာသည် နီကိုလတ်စ် ၏ နှလုံးသားကို ရိုက်ခတ်သည်။ သူ့အဖေနှင့် နေ့လယ်စာ စားနေခိုက်တွင်လည်း ဂျိုစီ၏ ထို ဟန်အမူအရာကို မေ့ပျောက်၍မရ။ တနုံ့နုံ့ သတိရနေသည်။ နေ့လယ်စာ စားပြီးနောက် ပိုင်း အချိန် များတွင် လည်း သတိရနေဆဲပင် ...။
အခန်း (၃) ဆက်ရန်
.

No comments:
Post a Comment