စာချစ်သူများ အတွက် အေဂျေကရိုနင် ရဲ့ ဝတ္ထု များထဲ က ကျနော် အကြိုက်ဆုံး တပုဒ် ကို တင် ပေး လိုက်ပါတယ်...။
မူရင်း စာရေးဆရာ များ ဘာသာပြန် စာရေးဆရာကြီးများ နှင့် အခြား စာရေးသူ အားလုံး ၏ ဂုဏ်ကျေးဇူး များကို ထာဝရ အမှတ်ရလျှက်
ရွှေစင်ဦး
မြန်မာပြန်သူ၏အမှာ
အေ၊ ဂျေ၊ ကရိုနင် ၏ အကျဉ်းစံသည် အချစ်ဝတ္ထုတပုဒ်ဖြစ်ပါသည်။ သို့သော်လည်း အများရေးနေကျ အချစ်ဝတ္ထုမျိုးမဟုတ်ပါ။ ဖခင်နှင့်သားကြားတွင် ထားရှိသည့် ချစ်ခြင်းမေတ္တာကို ဖွဲ့ဆိုထားသော ၀တ္ထုဖြစ်ပါသည်။ တနည်းအားဖြင့် အတ္တအားကြီးသူ တဦး၏ ချစ်ခြင်းမေတ္တကို ဖွဲ့ဆိုထားသော ၀တ္ထုတပုဒ်ဟု ဆိုနိုင်စရာရှိပါသည်။ ဤအချက်သည် ဤ၀တ္ထုတပုဒ်ဟု ထူးခြားမှု တခုဟု ပြောရပါလိမ့်မည်။
ဤ၀တ္ထုသည် ကရိုနင် အသက်အရွယ်ကြီးခါမှ ရေးသာ ၀တ္ထုတပုဒ်ဟု အဆိုရှိသည်။ ထို့ကြောင့်လားမသိ၊ ဤ၀တ္ထုသည် သူရေးခဲ့သမျှသော အခြားဝတ္ထုများနှင့်မတူပါ။
အခြားဝတ္ထုကြီးများလို ဇာတ်လမ်းဇာတ်အိမ် ကြီးမားကျယ်ပြန်ခြင်းမရှိ။ တခမ်းတနားဖွဲ့ဆိုသည့် အဖွဲ့ အနွဲ့များလည်းမပါ။ ရိုးရိုးစင်းစင်းနှင့် တိုတို ပြတ်ပြတ် ရှိလွန်းလှပါသည်။ ဤတချက်သည်လည်း ဤ၀တ္ထု၏ ထူးခြားမှုတခုဟုပင် ဆိုနိုင်စရာရှိပါသည်။
သို့သော်လည်း လူတို့၏ သဘောမနောကို ကောင်းစွာ သိနေသော စာရေးဆရာကြီးတဦးဖြစ်သည့် အားလျော်စွာ လူတို့၏ စိတ်နေစိတ်ဓာတ်များနှင့် အကျင့်စရိုက်များကိုဖော်ပြရာ၌မူ အလွန်ပီပြင်၍ အသက်ဝင်လှသည်ကို သတိထားမိကြပါလိမ့်မည်။ ဤအချက်သည် ၀တ္ထုကောင်းတပုဒ်၏ အင်္ဂါရပ် ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ထင်ပါသည်။
ဤ၀တ္ထုကို စာရေးဆရာကြီး ကရိုနင်က The spanish Gardener စပိန်ဥယျာဉ်မှူးဟု အမည်ပေးခဲ့ သည်။ ရုပ်ရှင်အဖြစ် အသွင်ပြောင်းကြသည့်အခါတွင်လည်း ဤအမည်ကိုပင် သုံးခဲ့ကြသည်။ သို့ သော်လည်း Collier Magazine ကောလီးယားမဂ္ဂဇင်းမှ လစဉ် အခန်းဆက် ၀တ္ထုအဖြစ် ထည့်သွင်း သည့်အခါတွင်မူ The Prisoner ဟူသော အမည်သို့ပြောင်းလဲခဲ့သည်။ ယခုဤ၀တ္ထုကို မြန်မာပြန် သည့်အခါ ကျွန်တော် တို့က အကျဉ်းစံဟုပေးပါသည်။
အကျဉ်းစံနှင့်ပတ်သက်၍ မပြောမဖြစ်သည့် အချက်တချက်မှာ ဇာတ်ကောင်တချို့၏ အမည်များ ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံမှ ထုတ်ဝေသည့် စာအုပ်တွင် ပါရှိသော ဇာတ်ကောင်တချို့၏ အမည်များသည် အမေရိကန်နိုင်ငံထုတ် စာအုပ်တွင် ဖော်ပြထားသည့် အမည်များနှင့်မတူပဲ ကွဲလွဲ လျက်ရှိပါသည်။ ဘာ ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ကို ကျွန်တော်တို့ အတိအကျမသိပါ။ ယင်းကဲ့သို့ အမည်များ ကွဲလွဲနေသော်လည်း စာရေးဆရာ၏ မူရင်း ဇာတ်လမ်းမှာမူ လုံးဝအပြောင်းအလဲမရှိပါ။ ဤအချက်ကိုမူ အတိ အကျ ပြောနိုင်ပါသည်။
အကျဉ်းစံသည် လင်နှင့်မယား၊ သားနှင့်အဖ အလုပ်ရှင်နှင့် အလုပ်သမား၊ လူကြီးနှင့်လူငယ်၊ လူဆိုး နှင့်လူကောင်း၊ တရားသူကြီးနှင့်တရားခံ၊ ပုလိပ်နှင့် အကျဉ်းသား၊ ခင်တွယ်ခြင်းနှင့် မုန်းတီးခြင်း၊ ပျော်ရွှင်ခြင်း နှင့် ပူဆွေးခြင်း၊ မာနနှင့်အာဃာတ၊ လွတ်လပ်ခြင်းနှင့် အနှောင်အဖွဲ့၊ အမှားနှင့်အမှန်၊ သေခြင်း နှင့် ရှင်ခြင်းစသည့် လူ့လောက လူ့အဖွဲ့အစည်းအတွင်းရှိ လူတစု၏ အားပြိုင်မှု အမျိုးမျိုးကို ဖွဲ့ဆို ထားသော ၀တ္ထုကြီးတပုဒ်ဖြစ်ပါသည်။
သို့ဖြစ်ရာ စာဖတ်သူများ အနေ ဖြင့် ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ပညာတတ်သည်ဖြစ်စေ၊ မတတ် သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ လူသည် လူလျှင်သာဖြစ်သည်ဟူသော အချက် ကို ဤအားပြိုင်မှုများကြား၌ ရှာဖွေတွေ့ရှိကြလိမ့်မည်ဟု ထင်ပါသည်။
မောင်ထွန်းသူ
၁၉၈၄-ခု၊ နိုဝင်ဘာလ ၁၆ ရက်။
...........................
အခန်း (၁)
ယမန်နေ့ညက ပြင်သစ်နိုင်ငံ ပါရီမြိ့မှ လာခဲ့ရသော ခရီးမှာ ပင်ပန်းလွန်းလှချေသည်။ မီးရထားလမ်း ဆုံရာဖြစ်သော စပိန်နိုင်ငံနယ်စပ်ရှိ ပို့တ်ဘောင်းမြို့သို့ ဆိုက်ရောက်သောအခါ ခရီး မကြန့်ကြာသင့်ပဲ ကြန့်ကြာ ခဲ့ရသဖြင့် သူတို့မှာ အချိန်မိနစ်လေးဆယ်မျှ နောက်ကျခဲ့ရ၏။ ထိုကဲ့သို့ အဆင်မပြေ ဖြစ်ရသည့် အထဲတွင် ပစ္စည်းအသယ်အချ လုပ်သူ တဦးသောအလုပ်သမား၏ လုပ်ပုံ ကိုင်ပုံ နှေးကွေးလေးလံမှုကြောင့် ဘာစီလိုးနား မြို့မှနေ၍ သူတို့ဆက်စီးရမည့ မနက် ရထားကို မမီပဲ ဖြစ်ခဲ့ရသည်။
ယခု သူတို့ ကော်စတာဘရားဗားမှထွက်သော မီးရထားပေါ် ရောက်နေသည့် ညနေငါးနာရီ ထိုးခါနီး အချိန် တွင်မူ သူတို့မှာ ပင်ပန်း နွမ်းနယ်လျက် ရှိကြလေပြီ။ အ၀တ်အစားများမှာလည်း ညစ် ပတ်ပေရေလျက် ရှိနေကြပြီဖြစ်၏။ အလုပ်သမားလိုသလောက်ငှားမရခြင်းနှင့် ခေတ်မီစက်ကိရိယာ ပစ္စည်းချို့ တဲ့ခြင်း တည်းဟူသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါတိုင်း ကောင်စစ်ဝန်သည် စိတ် အနှောင့် အယှက် ဖြစ်ရ တတ်သည်။
ယခုလည်းသူ့စိတ်သည် မကြည်မလင် ဖြစ်လျက် ရှိ၏။သူသည် ညစ်ပတ်ပေရေလျက်ရှိသော ရထား တွဲထောင့် တွင် တောင့်တောင့်မတ်မတ်ကြီး ထိုင်နေရာမှ သူ့ရှေ့တည့်တည့် သစ်သားခုံပေါ်၌ ထိုင်ပြီး သူ့အား မ၀ံ့မရဲ အမူအရာဖြင့် တလေးတစား လှမ်းကြည့်နေသော သူ့သားငယ်အား မျက်မှောင် တချက် ကုပ်၍ ကြည့်သည်။ ရထားတွဲအတွင်း၌ ရှိနေသောလေမှာ သန့်ရှင်းလတ်ဆတ်မှု ကင်းမဲ့လှချေသည်။ ကြက်သွန်ဖြူ နံ့များနှင့် ချဉ်စုတ်စုတ် အောက်သိုးသိုးအနံ့များသည် လေထဲတွင် ပျံ့လွင့်နေလျက်ရှိသည်။ ကောင်စစ်ဝန် သည် သူ့သားငယ်၏မျက်နှာကို စိုးရိမ်မကင်းသော မျက်နှာ ထားဖြင့် ကြည့်နေရာမှ စောစော က မေးခဲ့ပြီးဖြစ်သော မေးခွန်းကိုပင် တတိယအကြိမ် ထပ်မေးပြန် သည်။
' မင်း ဘာမှမဖြစ်ပါဘူး နော်၊ နီကိုလတ်စ် '
' ဘာမှ မဖြစ်ပါဘူး ... ဖေဖေ '
ဆောင့်ကြီးအောင်ကြီးနှင့် ခုန်ပေါက်ပြေးသွားနေသော မီးရထားသည် ခပ်ကြမ်းကြမ်းချိုးကွေ့သွား သည်။ နှစ်ဦးစလုံးတဘက်သို့ ယိမ်းထိုးသွားကြသည်။ မီးရထားသည် စူးရှသော ဥသြသံကို တချက် ပေးလိုက်ကာ လူသူလေးပါး ကင်းမဲ့ပြီး တိတ်ဆိတ် ခြောက်သွေ့လျက်ရှိသော ဆန်ဂျော်ဂျီ ဘူတာရုံ အတွင်းသို့ ၀င်ရောက် လာခဲ့လေ၏။
ကောင်စစ်ဝန်သည် နီကိုလတ်စ်၏ လက်ကိုဆွဲကာ ရထားတွဲပေါ်မှ ဘူတာ ပလက်ဖောင်းပေါ်သို့ ဆင်းလိုက်သည်။ ဘူတာ ပတ်ပတ်လည်ရှိ ဆီအုန်းပင်မျာ်းဆီမှ ယပ်တောင်နှင့်တူသော အရွက်များ သည် လေတိုး တိုင်း လှုပ်ယမ်း အော်မြည်လျက်ရှိကြသည်။ ပထမတော့ သူတို့အား လာကြိုသူ မရှိဟူသော အတွေး ဖြင့် ကောင်စစ်ဝန်၏ မျက်ခုံးနှစ်ဘက်သည် ကုပ်ကျသွားသော်လည်း ချက်ချင်းပင် သူ့မျက်လုံး အစုံ သည် ကြည်ကြည်လင်လင် ပြန်ဖြစ်သွားသည်။
ဘူတာ အ၀င်တွင် မီးခိုးရောင် မော်တော်ကားတစီး။ စက်ခေါင်းအဖုံးထိပ်၌ စိုက်ထူထားသော အမေရိကန် အလံငယ် သည် လေတွင် တဖျပ်ဖျပ်။ ကားဘေးတွင် ချည်ထည် ၀တ်စုံကို သေသပ်ကျနစွာ ၀တ်ဆင်ထား သော လူရွယ်တဦး ရပ်လျက်။ ၀တ်စုံသည် လျှော်ရဖန်များ၍ တွန့်သည့်နေရာတွန့်၍ ကြေသည့်နေရာက ကြေလျက် ရှိ၏။ လည်ပင်းတွင် ဘိုးတိုင်တပ်ထားသည်။ ခေါင်းတွင် အ၀ါရောင် ကောက်ရိုး ဦးထုပ် ဆောင်း ထားသည်။ ရထားပေါ်မှ ဆင်းလာသည့် ခရီးသည်နှစ်ဦးကို မြင်လိုက်သော အခါ တွန့်ဆုတ်သော အမူအရာဖြင့် လျှောက်လာသည်။ သူ့နောက်မှ ကပ်လိုက် လာသူမှာ ယာဉ်မောင်း...။
' မစ္စတာ ဟာရင်တန်ဘရန်းဒီး ဖြစ်လိမ့်မယ် ထင်ပါတယ် ... ခင်ဗျာ၊ တွေ့ရတာ အလွန်ဝမ်းသာပါ တယ်ခင်ဗျာ၊ မနက်ရထားနဲ့ ပါလာလိမ့်မယ် ထင်လို့ ကျွန်တော်တို့ လာကြိုခဲ့ပါသေးတယ်၊ ကျွန်တော့် နာမည်က အေလ်ဗင်ဘာတန်ပါ ခင်ဗျ၊ ကျွန်တော် ရုံးဝန်ထမ်းတယောက်ပါ '
သူသည် ယာဉ်မောင်းဘက်သို့လှည့်လိုက်သည်။ ယာဉ်မောင်းသည် အသားညိုမောင်းမောင်း၊ ကိုယ်လုံး တုတ် ခိုင်ခိုင် နှင့် စပိန်လူမျိုးတဦး။ အယ်လိပါကား ဂျက်ကက် အင်္ကျီနှင့် ချည်ဘောင်းဘီရှည် ၀တ်ထား သည်။ စီးထားသည့် ရှူးဖိနပ်ဦးချွန်သည် အညိုနုရောင်။
' ကဲ ... ဂရေစီယာ...၊ ရထားပေါ်က ပစ္စည်းတွေ ချကြစို့ '
မသာမယာ ဖြစ်နေသော ဘရန်ဒီး၏စိတ်သည် မော်တော်ကားကိုကြည့်ပြီး အနည်းငယ် ပြေသွားသယောင် ရှိသည်။ မော်တော်ကားမှာ အဆင့်အတန်းမြင့်သော ပီးရပ်စ်အဲရိုးအမျိုးအစားကား ဖြစ်သည်။ ပွတ်တိုက် သုတ်သင် ထားသည်မှာ ၀င်းလက် တောက်ပြောင် နေသည်။
တာယာများကလည်း အသစ်။ ထိုင်ခုံကူရှင်များနှင့် ကူရှင် အဖုံးများကလည်း အသစ်။ ရထားပေါ်မှ ပစ္စည်းများ သယ်ချ နေခိုက်တွင် သူသည် ဘေးမှရပ်၍ ကြည့်နေသည်။ အရပ်က ထောင်ထောင် မောင်းမောင်း။ ကိုယ်လုံးကိုယ်ထည်က တောင့်တောင့်။ သူ့ကိုယ်ခန္ဓာသည် ရှေ့သို့ယောင်ယောင်ကလေး ကိုင်းညွတ် နေသည်။ ခပ်သွယ်သွယ် မျက်နှာ၏ အသွေးအရောင်သည် ၀ါဖန့်ဖန့်။ နှာခေါင်းဘေး တဘက် တချက် တွင် ထင်ရှားသော အရေးအကြောင်းများ။
မျက်နှာထားက ပျော့ပျောင်းသည်ဟုလည်းမဆိုသာ တင်းမာလွန်းသည်ဟု လည်း မပြောနိုင်။ ရင့်ကျက် တည်ငြိမ် ပြီး အေးဆေးခန့်ညားသော အသွင်အပြင်ရှိသည်။ သူ့လက် အောက်ဝန်ထမ်းများရှေ့ ရောက်လျှင် ဤမျက်နှာမျိုးကို သူ အမြဲထားလေ့ရှိသည်။ မြင်ရုံမျှဖြင့် ရိုသေ ခန့်ညားရသည့် မျက်နှာထား။
' အိမ်ကိုလည်း နှစ်သက်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်ခင်ဗျာ' ဟု အေလ်ဗင်က ပြော သည်။ ' မစ္စတာတင်းနေးက သူ့အစေခံတွေ အားလုံးကို ခေါ်သွားပါတယ်၊ ဒါပေမယ့် ...ကျွန်တော် ကိုယ်တိုင် လူကောင်း သူကောင်း တစုံတွဲကို မရ ရအောင်ရှာပြီး ငှားထားပါတယ်၊ ဂရေစီယာက ယာဉ်မောင်းတာဝန်နဲ့ ဘဏ္ဍာစိုး တာဝန်ကို ယူပါလိမ့်မယ်' အေလ်ဗင်၏အသံသည် တိုးသွားသည်။ ' သူ့လုပ်ရည်ကိုင်ရည်နဲ့ အကျင့် စာရိတ္တအတွက် ထောက်ခံစာတွေလဲ ရှိပါတယ်၊ ပြီးတော့ သူ့မိန်းမ မက်ဂ်ဒါလီးနားဟာ အကောင်း ဆုံး ထမင်းချက်တယောက်ပါ ခင်ဗျ '
ဟာရင်တန် ဘရန်းဒီးက ခေါင်းတချက် ညိတ်လိုက်သည်။
' တို့ သွားဖို့ အသင့်ဖြစ်ပြီလား '
' ဟုတ်ကဲ့ပါခင်ဗျ၊ အသင့်ဖြစ်ပါပြီ ' ဟု အေလ်ဗင်က ကသောကမျော ရေရွတ်သည်။
သူတို့အားလုံး ကားထဲသို့ ၀င်ကြသည်။ မော်တော်ကား စထွက်သည့်အချိန်မှစ၍ ကောင်စစ်ဝန်၏ မျက်လုံးများသည် ဘေးပတ်ဝန်းကျင်ရှိ မြို့အနေအထားကို ကြည့်လာသည်။ လက်တဘက်က သူ့သားငယ်ကို ပွေ့ပိုက်ထားသည်။ သူ့သားငယ်၏ သေးသွယ်လှပသော လက်ချောင်းကလေးများ သည် အဆီပြန်လျက်ရှိ၏။ အခု သူရောက်လာသော နေရာဒေသတွင် သူစက်ဆုပ်မုန်းတီးသော ရာသီဥတု မျိုးတော့ ရှိလိမ့်မည်မဟုတ်ဟု သူတွေးသည်။
ပင်လယ်ပြင်ပေါ်မှ ဖြတ်သန်းလာနေသောလေသည် သန့်စင်လတ်ဆတ်သည်။ ကွေ့ကွေ့ကောက် ကောက်နိုင် လွန်းလှသော ကမ်းနားလမ်းမကြီးသည် တချို့နေရာများတွင် မညီမညာရှိနေသော်လည်း သန့်ရှင်းသည်။ လမ်းမ၏ဘေးတဘက်တချက်တွင် ဖြူဖွေးလှပသော သဲပြင်သည် ဘောင်ခတ်ထား သည့် နှယ် တည်ရှိနေသည်။ ထိုသဲပြင်များနှင့် လမ်းမီးတိုင်များကြားတွင် လူအများ အညောင်းအညာပြေ လမ်းလျှောက် ယင်း လေညင်းခံနိုင်သည့် လူသွားလမ်းများရှိသည်။
တဖြည်းဖြည်းချင်း ဆုတ်ခွာစပြုနေပြီဖြစ်သော ဖေဖော်ဝါရီလ နေရောင်ခြည် သည်ဖြာဆင်းလျက်ရှိ၏။ အပန်း ဖြေရာ ပန်းခြံအတွင်းဝယ် ပန်းမျိုးစုံသည် အစွမ်းကုန် ဖူးပွင့်နေကြပေသည်။ ပန်းခြံ၏ အလယ်တွင် ရေပန်းတခု။ ထိုရေပန်း၏ တဘက်တွင် တေးဂီတ ဖြေဖျော်ရာစင်တခု။ စင်၏တဘက်ရှိ ခုံတန်း ရှည်များ ပေါ်ဝယ် လာဂေစီးတားသတင်းစာ ဖတ်နေကြသော အဘိုးအိုများ။ ယင်းတို့နှင့် မနီးမဝေးတွင် အလွန် ခေတ်မမီ တော့သည့် ဘတ်စ်ကား တစ်စီး။ ထိုကားပေါ်မှ ခရီးသည်များ ဆင်းလာလျက်ရှိကြ၏။
ကောင်စစ်ဝန်၏ အမြင်အာရုံတွင် သာယာလှပသော လူ့ဘ၀ဖြစ်စဉ်တခုသည် အသက်ဝင် လှုပ်ရှားလျက်ရှိလေသည်။ လမ်းတဘက်တွင်မူ ပန်းနုရောင် သုတ်ထားသော ဘုရားရှိခိုးကျောင်း။ ကျောင်း၏ ခေါင်မိုးတဘက်တချက်တွင် မျှော်စင်နှစ်ခုရှိသည်။ ထိုစင်နှစ်ခု၏ အလယ် တည့်တည့်တွင် ခေါင်းလောင်းစင်။ ထိုစင်၏အပေါ်ဘက်တွင် အရောင်မှေးမှိန်လျက်ရှိနေပြီ ဖြစ်သောလက်ဝါးကပ်တိုင်။ ဘုရားရှိခိုး ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် စတိုးဆိုင် တဆိုင် နှစ်ဆိုင် ရှိသည်။ အီးလ်ချန်တာကိုးဟု အမည် ပေးထားသော စားသောက်ဆိုင် တခုလည်းရှိသည်။ ထိုလမ်းကို လွန်သော် သင်္ဘောဆိပ်ဘေးရှိ အရောင်း အ၀ယ် စည်ကားရာရပ်ကွက်။ ကောင်စစ်ဝန် ရုံးသည် ဤရပ်ကွက်အတွင်း၌ တည်ရှိလေသည်။
သူ၏ အလုပ်အများဆုံး တည်မှီရမည်ဖြစ်သော သင်္ဘောကျင်းကို ကြည့်ရသည်မှာ အားတက်စရာမရှိ။ အပေါ်ယံ အသွင်အပြင်ကို မြင်ရုံမျှဖြင့် စိတ်ပျက်စရာ ကောင်းနေသည်။ ဘယ်နေရာကို ကြည့်ကြည့် တိတ်ဆိတ် ခြောက်သွေ့လွန်းလှ၏။ တက်ကြွသော အသက်ဝင် လှုပ်ရှားမှုသည် ကင်းမဲ့လှချေသည်။ စိတ်ဝင်စားစရာ ကောင်းလောက်သည့် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းမျိုး ရှိလိမ့်မည်ဟု သူ မထင်။ ဤဒေသမှ သားရေနယ်ပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ သံလွင်ဆီများနှင့် နာမည်ကြီး တာရာ ရိုးနား ပုန်းရည် မှတပါး အခြားထူးခြားသည့် ကုန်ပစ္စည်းများလည်း တင်ပို့ရောင်းချစရာ ရှိလိမ့်မည်မထင်။
ဆိပ်ခံ တံတားတွင် တံငါလှေကြီးနှစ်စီးနှင့် မီးသင်္ဘောတစီးသာလျှင် ဆိုက်ကပ်ထားသည်။
မီးသင်္ဘောမှာ ပင်လယ်ကူး သင်္ဘောမဟုတ်။ ပြည်တွင်း ကမ်းရိုးတန်းသွား သင်္ဘောတစီးမျှသာဖြစ်၍ သံချေး အထပ်ထပ် တက်နေသဖြင့် အရောင်အဆင်းပင် မပေါ်နိုင်တော့ ပေ။ မီးသင်္ဘောပေါ်မှ စည်ပိုင်းများကို အလွန် ခေတ်မမီတော့သည့် စက်သီးတခုဖြင့် အောက်သို့ ချပေးလျက်ရှိသည်။ အောက်သို့ရောက်လာသည့် စည်ပိုင်း များကို မြည်းသုံးကောင်က တဆင့် သယ်ယူပို့ပေးလျက်ရှိ၏။ ဤလုပ်ငန်းခွင်တွင် သင်္ဘောသား တချို့သည် ပျင်းရိလေးတွဲ့စွာဖြင့် လုပ်ကိုင်လျက်ရှိကြလေသည်။
ယခင်က ပေါ်နေကျဖြစ်သော နာကျည်းစိတ်သည် သူ့ရင်ကို ပြင်းထန်စွာ ရိုက်ခတ်လာပြန်သည်။ အခုလို အသက် လေးဆယ့်ငါးနှစ်အရွယ်ကျခါမှ ဘာကြောင့်သူ့ကို ချောင်ထိုးကြလေသနည်း။ သူ သည် နှစ်ပေါင်း ဆယ့်ငါးနှစ် တိတိမျှ ဥရောပတိုက်အတွင်းရှိ နိုင်ငံ အတော်များများ၌ တာဝန်ထမ်း ဆောင်ခဲ့ရသည်။ တာဝန် ထမ်းဆောင်ရာ၌ သူများလို ပေါ့ပေါ့တန်တန် လုပ်ကိုင်ခဲ့သည်မဟုတ်။ စိတ်ရောကိုယ်ပါ ကြိုးစား အားထုတ် ၍ လုပ်ခဲ့ခြင်းဖြစ်သည်။
လုပ်ရည်ကိုင်ရည်ကျတော့လည်း သူများထက် သာခ့သည်။ သူ့ဥပဓိရုပ်နှင့် သူ့အစွမ်းအစအရသာ စကားပြောကြတမ်းဆိုလျှင် သူသည် အမြင့်ဆုံးသော ရာထူးတခုရဖို့ရှိသည်။ လုပ်သက်တခုတည်းနှင့်ပင် သူသည် ပါရီ သို့မဟုတ် ရောမ သို့မဟုတ် လန်ဒန်လို နေရာမျိုး၌ အမြင့်ဆုံးသော ရာထူးတခုဖြင့် တာဝန် ထမ်း ဆောင်ရဖို့ရှိသည်။
ထိုကဲ့သို့သော အခွင့်အရေးမျိုး ရှိနေပါလျက်နှင့် သူ့အား ဘာအလုပ်မှ မည်မည်ရရမရှိနိုင်သည့် ဤဒေသသို့ ပို့ခဲ့ကြ၏။ လွန်ခဲ့သော ဆယ့်ရှစ်လအတွင်းကဆိုလျှင် သူသည် ပြင်သစ်နိုင်ငံ အာဗီးလီး၌နေ၍ နော်မန်ဒီ ကမ်းခြေ တလျှောက်ရှိ နုံးမြေများကြားတွင် လျှောက်သွားယင်း ဤတကြိမ် သူပြောင်းရွှေ့ရမည့် နေရာသည် သူနှင့် အထိုက်တန်ဆုံးသော နေရာဒေသကောင်းတခုဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့မိ၏။ ထို့နောက် ထွက်လာသည့် အမိန့်က ဆန် ဂျော်ဂျီ။ အဆိုးဆုံးသော နေရာတခု။ ဤနေရာ၌ တာဝန် ကျခဲ့သော တင်းနေးသည် လုပ်သက်အားဖြင့် ယှဉ်လိုက်လျှင် သူ့ထက်လုပ်သက် သုံးနှစ်ငယ်သည်။ သို့သော်လည်း တင်းနေးအား ပထမတန်း ကောင်စစ်ဝန်ရာထူးသို့ တိုးမြှင့်ပေးပြီး မက်ဒရစ်မြို့ရှိ လေတွန် ဘေးလီး လက်အောက်သို့ ပြောင်းရွှေ့ပေးခဲ့ကြသည်။ သူ့ ကျတော့ ။
' ဟိုမှာ ကြည့်ပါဦး ဖေဖေ ၊ သိပ်လှတာပဲ '
မော်တော်ကားသည် မြို့ပြင်သို့ ရောက်လာသည်။ မက်စောက်ကွေ့ကောက်ပြီး သဲထူထပ်သော တောင်ကုန်းလမ်းအတိုင်း တက်လာသည်။ ငွေရောင်တောက်နေသော ယူကလစ်ပင်များသည် လမ်း၏ တဘက်တချက်တွင် အစီအရီတန်းလျက်ရှိကြ၏။ တောင်ကုန်းထိပ်သို့ ရောက်သောအခါ နီကိုလတ်စ်သည် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ပတ်ဝန်းကျင်တွင် စိတ်ဝင်စားလာသည်။ သူသည် အောက်ဘက်မှ ရှုခင်း အလှ ကို လက်ညိုးထိုးပြပြီး သူ့အဖေအား လှမ်းပြောသည်။
မြေထဲပင်လယ်ဒေသ၏ အပြောကျယ်လှသော ရေပြင်သည် တောင်ကုန်းခြေရင်းမှနေ၍ သူတို့အား မော့်ကြည့်နေသကဲ့သို့ ရှိသည်။ ခပ်လှမ်းလှမ်းရှိ မီးပြတိုက်ဆီသို့ တလိပ်လိပ်ပြေးသွားရိုက်ခတ်နေ သော ပင်လယ်လှိုင်း များသည် ဖွေးဖွေးလှုပ်လျက်ရှိ၏။ မြောက်ဘက်တလွှားတွင် တတောင်ပေါ် တတောင်ဆင့် နေသည့် တောင်တန်းများသည် ပြာသော ကောင်းကင်ဆီသို့ ထိုးတက်လျက်ရှိကြ လေသည်။ လေနှင့်အတူ ပါလာ နေသည့် ဆားနံ့သည် ပြင်းထန် စူးရှလှပေသည်။ သူတို့ရှေ့တည့် တည့်တွင် ထိကရုံးချုံကြီးတခုနှင့် ကွယ်လုလုဖြစ်နေသော နီရဲရဲအုတ်ကြွပ်များမိုးထားသည့် အိမ်ကြီးတလုံးသည် မားမားမတ်မတ်ကြီး ရပ်လျက် ရှိသည်။ အိမ်ကြီး၏အမည် ' ကင်ဆာဘရီဇာ'
ဟူသော ဆိုင်းဘုတ်သည် အိမ်အ၀င်ဝတွင် ချိတ်လျက်။
' မင်း သဘောကျရဲ့လား' အေလ်ဗင်ဘာတန်က နီကိုလတ်စ်အား လှည့်ကည့်ပြီးမေးသည်။ မေးသံ တွင် သူလိုချင်သော အဖြေ ရတန်ကောင်းရဲ့ဟူသော မျှော်လင့်ချက်ကလေးပါသည်။ စိုးရိမ်ကြောင့် ကြမှု ကလေး လည်း မသိမသာ ရောစွက်နေပုံရ၏။ နီကို လတ်စ်က အဖြေမပေး။ သို့သော်လည်း အခု သူမြင်နေရသော အိမ်သည် သူ့အိမ်သစ်ဖြစ်ကြောင်း နားလည်နေသည်။ နီကိုလတ်စ်သည် အသက်ကိုးနှစ် မျှသာ ရှိသေးသော်လည်း ထိုကိုးနှစ်တာကာလအတွင်း အပြောင်းအလဲများစွာနှင့် ကြုံခဲ့ရဖူးပြီ။
ထို့ကြောင့်လည်း သူ့တွင် အံ့သြတတ်သည့် အလေ့အကျင့်ပင် မရှိသလောက် ဖြစ်နေခဲ့ ရပြီ။ ဤကြားထဲမှပင် ထည်ဝါခန့်ညားသောအသွင်ဖြင့် တလုံးတည်း တသီးတခြားခွဲ၍ ထီးတည်းကြီး တည်ရှိ နေသော အိမ်ဟောင်းကြီးအပေါ်တွင် စိတ်မ၀င်စားပဲ မနေနိုင်။ ကောင်စစ်ဝန် ကိုယ်တိုင်ပင်လျှင် သူ့ သားငယ် နီကိုလတ်စ်ကဲ့သို့ ခံစားရဟန်တူ၏။ ကျောက်စရစ်ခင်း လမ်းအတိုင်းဝင်လာပြီး အိမ်ရှေ့ရောက်၍ ကားပေါ် မှ ဆင်းလာချိန်တွင် သူ့မျက်နှာသည် အိမ်ကြီး အပေါ်၌ စိတ်င်စားသည့် လက္ခဏာကို ဖော်ပြလျက် ရှိလေသည်။
အိမ်ကြီးကို ဒေသခံ သဲကျောက်များဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ နှစ်ကာလ ကြာခဲ့ပြီဖြစ်၍ အ၀ါရောင် ကျောက်များသည် မူလအရောင်ပျောက်ကာ ပယင်းနုရောင် ဖျော့ဖျော့ ဖြစ်နေသည်။ အိမ်ပုံစံက မူးရစ် ပုံစံ။ အိမ်ရှေ့ဆင်ဝင်သည် ကျယ်ဝန်းသည်။ ဆင်ဝင်အမိုးမှာ လိပ်ခုံးအမိုး။ အိမ်ခေါင်မိုးသည် ပြန့်ပြူး သည်။ အိမ်အပေးထပ်မှ ပြတင်းပေါက် တံခါးများသည် ကျယ်ဝန်းလှသော လသာဆောင်ဘက်သို့ ထိုးထွက် နေကြသည်။ အိမ်၏ ဗယ်ဘက်တွင် ကျောက်စရစ်ခင်း လူသွားလမ်းကလေးရှိသည်။ ရေညှိများ ထူထပ်စွာ တက်လျက် ရှိသဖြင့် တလမ်းလုံး စိမ်းလျက်ရှိ၏။ ထိုလမ်းသည် မြင်းဇောင်းများနှင့် အိမ်နောက်ဘက် အဆောက် အအုံများဆီသို့ သွားရာလမ်းဖြစ်၏။ လမ်း၏တဘက်တွင် ပန်းခြံ။
' အိမ်ကတော့ အိမ်အိုအိမ်ဟောင်းကြီးပဲခင်ဗျ ' ဟု အေလ်ဗင်က သူ့အထက်အရာရှိ ကောင်စစ်ဝန်၏ မျက်နှာကို တချက်အကဲခတ်၍ ပြောသည်။ ' တချို့နေရာတွေဆိုယင် ပြန်ပြင်လို့ တောင်မရတော့ဘူး၊ လျှပ်စစ်ဓာတ်အားလဲမရဘူး၊ ဓာတ်ငွေ့အားပဲရတယ်၊ ဒါပေမယ့် မစ္စတာတင်း နေးကတော့ ဒီအိမ်ကြီးကို သူရတာဟာ အင်မတန် ကံကောင်းတယ်လို့ ယူဆခဲ့ပါတယ်၊ ကျွန်တော်တို့ ရုံးအနီးအနား တ၀ိုက်မှာ အိမ်ငှားရဖို့က မလွယ်ဘူး၊ ကျယ်ကျယ်ဝန်းဝန်းန့ တခမ်းတနား ရှတဲ့အိမ်မျိုးက ဒီဘက်မှာပဲ ရနိုင်တယ်၊ ဒါကြောင့်မို့ ... '
' ဒါပေါ့လေ ' ဟု ကောင်စစ်ဝန်က ပြန်ပြောသည်။
သူသည် ဆင်ဝင်အောက်မှ ဖြတ်၍ အိမ်တံခါးဆီသို့ လျှောက်သွားသည်။ အနက်ရောင် အ၀တ်အစားများကို သပ်သပ် ရပ်ရပ် ၀တ်ဆင်ထားသော ကိုယ်လုံး ကိုယ်ပေါက် ခပ်တောင့်တောင့် အမျိးသမီးတယောက်သည် တံခါးဝ မှရပ်၍ သူတို့အား အပြုံးဖြင့်ဆီးကြိုလျက်ရှိသည်။ အေလ်ဗင်ဘာတန်က ထမင်းချက် မက်ဂ် ဒါလီးနား ဖြစ်ပါသည်ဟု မိတ်ဆက်ပေးသည်။
အိမ်အတွင်းဘက်မှ ရောင်စုံကျောက်သလင်းများဖြင့် မွမ်းမံခြယ်လှယ်ထားသော ခန်းမကြီးသည် ကောင်စစ်ဝန် အား ဆီးကြိုလျက်ရှိသည်။ ခန်းမကြီးသည် ကျယ်ဝန်းအေးမြလှပေသည်။ ခန်းမကြီး၏ တဘက် တွင် ထမင်းစားခန်း။ ထမင်းစားခန်းနှင့် တွဲလျက် အခန်းမှာ ဧည့်ခံခန်းမကြီး ဖြစ်၏။
နှစ်ခန်းစလုံးတံခါးနှစ်ထပ် တပ်ဆင်ထားသည်။ အခန်းများ အတွင်းရှိ အပြင်အဆင်၊ အခင်းအကျင်းနှင့် အထား အသို များသည် ထည်ဝါခန့်ညားပြီး လှပနေပေသည်။ နောက်ဘက်တွင် ကွေ့ကွေ့ ကောက်ကောက် တက်သွားနေသော သစ်ချသားလှေကား။
ခရီးပန်းလာသဖြင့် နွမ်းနယ်နေပြီ ဖြစ်သော ကောင်စစ်ဝန်သည် စိတ်မပါ့တပါဖြင့် လှေကားမှ ဖြည်းလေးစွာ တက်သွားပြီး အပေးထပ်မှ အခန်းများကို လှည့်လည်ကြည့်ရှုသည်။ သူနှင့် သူ့သား အတွက် အခန်းနှစ်ခန်းအပြင် အခန်းပိုတွေ အများကြီးရှိသည်။ ညဥ့်အိပ် ညဥ့်နေလာသော ဧည့်သည်များအတွက် ပူစရာမရှိ။ သူသည် ထည်ထည်ဝါ၀ါနှင့် တခမ်းတနား နေထိုင်သော အလေ့အထတွင် စွဲမြဲလာသူဖြစ်သည့် အားလျော်စွာ အိမ်ကြီးဘကီး အခန်းများများ ရှိနေခြင်းကို သဘောကျသည်။ စားပွဲ။ ကုလားထိုင်၊ ဗီရိုစသော အိမ်ထောင်ပရိဘောဂပစ္စည်းများကို ကျယ်ကျယ် ပြန့်ပြန့်ဖြန့်၍ ခင်းကျင်းထားခြင်းကိုလည်း သူ ကြိုက်သည်။ အိမ်ထောင်ပရိဘောဂပစ္စည်းများကို သုံးရာ၌လည်း ရှေးဟောင်းပစ္စည်းများကို သုံးရမှ ကျေနပ်သူ ဖြစ်၏။
အိမ်ထဲတွင် ခင်းကျင်းထားသည့် ပစ္စည်းများမှာ ရှေးဆန်ဆန်ပစ္စည်းများချည်းဖြစ်သဖြင့် သူသဘော မကျစရာမရှိ။ သူမြင်တွေ့နေရသမျှသည် ကျေနပ်စရာချည်းဖြစ်သည်။ အိမ်ပတ်ပတ်လည်ရှိ လူသွား စင်္ကြံဆောင် များဆီမှ ထွက်လာနေသည့် ဟောင်းမြင်းသော အနံ့အသက်များကို ရှူရှိုက်နေရ ခြင်းသည် ပင်လျှင် အရသာတမျိုးရှိနေသည်။ သူ့ပစ္စည်းအားလုံး ရောက်လာသည့်အခါတွင် ပါလာ မည့်သူ့ စာအုပ် များနှင့် ကြွေထည်ပစ္စည်းများကို စနစ်တကျနှင့်တခမ်းတနားထားနိုင်မည့် အခန်းလွတ်များ ရှိနေခြင်း မှာလည်း သူ့အတွက် စိတ်ချမ်းသာစရာပင်ဖြစ်၏။ ရှေးဟောင်းကြွေထည် ပစ္စည်းများ စုဆောင်းခြင်းသည် သူ့ဝါသနာ တခုဖြစ်သည်။ ထိုဝါသနာအရ လွန်ခဲ့သော နှစ်များစွာ အတွင်းက ရောက်လေရာ အရပ်တွင် ရသလောက် ရှာဖွေစုဆောင်းထားခဲ့သည်။
အိမ်ရှေ့ ဆင်ဝင်ဆောင်ဘက် ပြန်ထွက်လာသည့်အခါတွင်မူ ကောင်စစ်ဝန်၏ မျက်နှာထားသည် ကြည်လင် သာယာ လျက်ရှိသည်။ သူ့မျက်နှာရိပ် မျက်နှာကဲကို မျက်ခြည်မပြတ် အကဲခတ်နေသော အေလ်ဗင်သည် စိတ်သက်သာ ရာ ရသွားသည်။ သူ့မျက်လုံးများသည် ၀င်းလက် တောက်ပြောင်လာသည်။ သူ့ အမူအရာ မှာ သစ္စာရှိသော ခွေးတကောင်နှင့်တူလှ၏။ အိမ်ကို ကြိုက်မှ ကြိုက်ပါ့မလား ဟူသော သံသယစိတ်ဖြင့် ငြိမ်ကုပ်နေရာမှ ချက်ချင်းပင် ရွှင်လန်း တက်ကြွ လာသည်။ သူ့အထက်အရာရှိကြီးဖြစ်သော ကောင်စစ်ဝန်၏ နှုတ်မှ သူ့အား ချီးမွမ်းစကား ပြောလာ လိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။
' အားလုံး အဆင်ပြေအောင်တော့ လုပ်ထားပါတယ် ခင်ဗျာ၊ မစ္စတာ တင်းနေး ပြောင်းသွားပြီးတဲ့ နောက် အချိန် ကလဲ သိပ်မရခဲ့ဘူး၊ ရသလောက် အချိန်ကလေးနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော် လုပ်ထားရတာပါ '
' ဟုတ်ပါပေါ့ ' ဟု ကောင်စစ်ဝန်က လေအေးကလေးနှင့် ပြန်ပြောသည်။ သို့သော်လည်း သူ့အသံမှာ ဝေခွဲရ ခက်သည်။ ချီးမွမ်းသံလား၊ မတော်ပြော ပြောလိုက်ခြင်းလား၊ ခွဲခြားသိဖို့ မလွယ်။ ပြောဟန်ဆိုဟန် လေယူ လေသိမ်း နှင့် မျက်နှာထားကအစ တည်ငြိမ်လွန်းလှသည်။
တကယ်တော့ ကောင်စစ်ဝန်သည် ပေါင်းသင်း ဆက်ဆံရေးနယ်ပယ်၌ အတွေ့အကြုံများသူဖြစ်သည်။ ရေးကြီးခွင်ကျယ် မပြုလောက်သည့် အလုပ်တခုအတွက် သူ့ လက်အောက်ဝန်ထမ်းတဦးအား ချီးမွမ်း စကား ပြောလိုက်ခြင်းအားဖြင့် အရောတ၀င် မပြုသင့်ဟု ယူဆသူဖြစ်သည်။ မိမိ၏ စီမံခန့်ခွဲမှုကို အလွယ်တကူ နှင့် ပျက်ပြားသွားစေမည့် အပြောအဆိများကို အားပေး၍မဖြစ်၊ ရင်းနှီးမှုကို အမြန်ဆုံး ပျက်ပြား သွားစေနိုင်သည့် အပြုအမူများကိုလည်း ရှင်သန်ဖွံ့ဖြိုးလာအောင် မြေတောင်မြှောက်၍မသင့်။
ကောင်စစ်ဝန်၏ မျက်စိထဲတွင် အေလ်ဗင်ဘာတန်သည် အလွန် အတွေ့အကြုံနုသေးသူတဦး ဖြစ်နေသည်။ စိတ်နေစိတ်ထား ရင့်ကျက်တည်ငြိမ်ဦးမည့် သူ မဟုတ်ဟု ယူဆသည်။ အေလ်ဗင်၏ ၀တ်စုံသည် ကြည့်၍ မကောင်းအောင် ကျပ်လျက်ရှိသည်။ အထူးသဖြင့် လူငယ်၏ အင်္ကျီသည် ချိုင်းကြားမှ ကွဲထွက် သွားလေမလားဟုပင် ထင်ရလောက်၏။ မည်သို့ပင်ဖြစ်စေ ဤအမျိုးအစားသည် ပေါင်းသင်း ဆက်ဆံရ ခက်တတ်သည်။ အကယ်၍ ဆက်ဆံမည်ဆိုပါကလည်း အနီးကပ်ဆက်ဆံ၍မဖြစ်။ ခွာ၍ ဆက်ဆံမှ အကောင်း ဆုံးဖြစ်မည်ဟု သူ ဆုံးဖြတ်သည်။
သူ့ခေါင်းမှကောက်ရိုးဦးထုပ်ကို လက်တဘက်နှင့် ကိုင်၍ ကျန်တဘက်ဖြင့် အဓိပ္ပာယ်မရှိ လှည့် ကစား နေသော အေလ်ဗင်ကမူ ကောင်စစ်ဝန်ထံမှ မျက်နှာသာပေးမှုကို ကြိုလင့်လျက် ရှိသည်။ သူ့အား ခဏတဖြုတ်နေဖို့ တားလိမ့်ဦးမည်ဟု ထင်သည်။ အနည်းဆုံး စပိန်ရှယ်ရီ အရက်ဖြူ တခွက်တော့ တိုက်လိမ့် ဦးမည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း ကောင်စစ်ဝန် ဘရန်းဒီးက သူ့အား လိမ္မာ ပါးနပ်စွာ ဖြင့် အိမ်ရှေ့တံခါးဝသို့ ရောက်အောင် တွန်းပို့သွားသည်။
' မနက်ဖြန်ကျတော့ ရုံးမှာထပ်တွေ့ကြသေးတာပေါ့မစ္စတာဘာတန် '
' ဟုတ်ကဲ့ပါ ခင်ဗျာ '
' ရုံးကို အမြဲတမ်း ကိုးနာရီတိတိရောက်တယ် မဟုတ်လား '
' ဟုတ် ... ဟုတ် ... ဟုတ်ကဲ့၊ ရောက် ... ရောက်ပါတယ် ခင်ဗျာ '
အင်္ကျီကော်လန် အထက်ရှိ အေလ်ဗင်၏ မျက်နှာသည် နီရဲသွားသည်။ သူသည် ဆင်းသွားရန် ဟန်ပြင်ပြီးခါမှ လှေကားထိပ်တွင်ရပ်၍ ကောင်စစ်ဝန်ဘက်သို့ မျက်နှာမူလိုက်၏။ အေလ်ဗင်၏ အမူအရာကို ကြည့်ပြီး အားတုံ့အားနာဖြစ်သွားပုံရသော နီကိုလတ်စ်က သူ့အဖေအား တောင်းပန် ခယသည့် မျက်နှာထားဖြင့် လှမ်းကြည့်သည်။ အေလ်ဗင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် သူပြောလို သော စကားကို ပြောသည်။
' ကျွန်တော့် ... မျှော်လင့်ချက်လေး တခုကိုတော့ ပြောခွင့်ပြုစေချင်ပါတယ် ခင်ဗျာ၊ အက်စ်ထရာဒါ လမ်းက ကျွန်တော်တို့ အခန်းကိုတော့ တကြိမ်လောက် လာလည်ပြီး ကျွန်တော့်ဇနီး မစ္စဘာတန်နဲ့ ကျွန်တေ့်ကို ချီးမြှင့်ပေးဖို့ တောင်းပန်ပါတယ်၊ နေရာကလေးကတော့ ခပ်သေးသေးပါ၊ ဒါပေမယ့် တတ်နိုင်သမျှ ကြိုးစားပြီး အမေရိကန် နိုင်ငံနဲ့ တူအောင် ကျွန်တော်တို့ ပြုစုပျိုးထောင်ထားကြပါတယ် '
ကောင်စစ်ဝန် က အယဉ်ကျေး အသိမ်မွေ့ဆုံးသော စကားလုံးများဖြင့် အဖြေပေးသည်။
အေလ်ဗင် ဘာတန်သည် သူ့ကိုယ်သူ ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်။ ကောင်စစ်ဝန်၏ စကားကို နားထောင် ယင်း နှုတ်ခမ်းကို မ့လိုက်မိ၏။ မည်သို့ပင် ဖြစ်စေ... ကောင်စစ်ဝန်ကတော့ စကားကို အပိုပောခြင်း မဟုတ်။ သူ့စိတ်ထဲ ရှိနေသည့်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ သူ့နိုင်ငံကို ချစ်မြတ်နိုးခြင်း၊ ကျေးဇူး သစ္စာ စောင့်သိရိုသေခြင်း စသော သဘောထားများနှင့် ပတ်သက်၍ သူ့အပေါ်တွင် မည်သူကမှ သံသယဖြစ်စရာ မလို ဟု အခိုင်အမာ ယုံကြည်သည်။
သို့သော်လည်း သူသည် နိုင်ငံတကာသို့ လှည့်လည်သွားလာနေထိုင်လျက်ရှိသူတစ်ဦးဖြစ်သဖြင့် သူ့ကိုယ်သူ မည်သည့် နိုင်ငံသားပါဟူသော အသိအမြင်ကို ရှေ့တန်းမတင်ခဲ့သည်မှာကြာပြီ။ ပြီးတော့လည်း ဥရောပ ယဉ်ကျေးမှုသည် သူ့အား သိသိသာသာကြီး အသွင်ပြောင်းသွားအောင် အရောင်တင်ပေးထားခဲ့ သည်မှာ ကြာပြီ မဟုတ်ပါလား။ အေလ်ဗင်ဘာတန်ကတော့ ဒါတွေကို နားလည်မည်မဟုတ်။ ကောင်စစ်ဝန်သည် ဟန်ဆောင်မှု လုံးဝကင်းမဲ့သော အေလ်ဗင်ဘာတန်၏ မလိုတမာပြုံးကို မြင်လိုက် သောအခါ သူကိုယ်တိုင် ပင် မပြုံးပဲ မနေနိုင်။
ခုနစ်နာရီထိုးပြီ။ သူ့သခင် ကောင်စစ်ဝန်၏ ဆန္ဒအတိုင်း ဂရေစီယာက ညစာစားဖို့ အသင့် ဖြစ်ပါပြီဟု လာ၍ အကြောင်းကြားသည်။ ကျယ်ဝန်းလှသော ထမင်းစားခန်းကြီးထဲရှိ ကြီးမားလှသော စားပွဲရှည်ကြီး တလုံး ၏ ဟိုဘက်ထိပ် သည်ဘက်ထိပ်တွင် သားအဖနှစ်ယောက် မျက်နှာချင်းဆိုင်၍ ထိုင်ကြသည်။ စားပွဲ အလယ် တည့်တည့် တွင် လှလှပပ ချထားသည့် မီးတိုင်စင်ပေါ်ရှိ ဖယောင်းတိုင်များမှ အလင်းရောင်သည် တခန်းလုံး ကို လွှမ်းခြုံထားသည်။ သားအဖ နှစ်ယောက်သည် သူတို့ အိမ်သစ်တွင် ပထမဆုံး အစာကို စားသောက် ကြလေ၏။
ကောင်စစ်ဝန်သည် သူ့အတွေးနှင့်သူ တချိန်လုံး ငြိမ်ဆိတ်လျက်ရှိသည်။ သူ့ အတွေးထဲတွင် ခရီးပန်း လာသော သူ့သားငယ် နီကိုလတ်စ်အတွက် ပူပန်ကြောင့်ကြခြင်းလည်းပါသည်။ သို့သော် လည်း အချက် အပြုတ်ကောင်းခြင်းနှင့် ပြင်ဆင်ကျွေးမွေးပုံ စနစ်တကျ ရှိခြင်းကိုမူ စိတ်ထဲက ကျိတ်၍ အသိ အမှတ် မပြုပဲ မနေနိုင်။ ဆိတ်ငြိမ် အေးချမ်းလှသော အခန်းအနေအထားကလည်း သူ့စိတ်ကို ကြည်လင် လန်းဆန်းစေသည်။ သူ့ မျက်လုံးများသည် သူ့ ဘဏ္ဍာစိုး၏ လှုပ်ရှားမှုများကို လိုက်၍ ကြည့်လျက် ရှိသည်။ နောက်ဆုံးတွင် သူသည် အချိန်ကြာမြင့်စွာ ဣနြေ္ဒလုပ်မနေနိုင်တော့ပေ။
' မင်းနာမည် က ဂရေစီယာ ..... နော် '
' မှန်ပါတယ် ... ဆီညော် ' *
' ဆန်ဂျော်ဂျီမှာ အမြဲနေသလား '
ဂရေစီယာက ကိုယ်ကို တောင့်တောင့်မတ်မတ် ပြင်ရပ်လိုက်သည်။ တဖျပ်ဖျပ် ခါလျက်ရှိသော ဖယောင်းတိုင်မီးောင်သည် အတွင်းသဘောကို လွယ်လွယ်နှင့် မဖော်ပြတတ်သော သူ့မျက်လုံးများဆီသို့ ထိုးဟပ်လျက်ရှိသည်။
' မဟုတ်ပါဘူး ... ဆီညော်၊ ကျွန်တော် မြို့ကြီးတွေမှာ နေလာခဲ့တာပါ၊ မြို့ကြီးတွေက အဆင့် အတန်း အမြင့်ဆုံး ဆိုတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ဆီမှာချည်း အလုပ်လုပ်ခဲ့ပါတယ်၊ ကျွန်တော် ဒီအလုပ် မ၀င်ခင် မက်ဒရစ်မြို့တော်က ဒီ သြစတာဆီမှာ လုပ်နေခဲ့တာပါ '
' မင်းပြောတဲ့ လူက အမတ်ကြီး မာကြီဆာ ဒီ ၾသစတာလား '
' မာကြီဆာ ဒီ သြစတာရဲ့ ဆွေမျိုးတယောက်ပါ ဆီညော် '
ကောင်စစ်ဝန် ဟာရင်တန်ဘရန်းဒီးက ခေါင်းညိတ်ပြသည်။ ဂုဏ်ကြီးမြင့်သူများကိုသာ အရေးလုပ် ချင်ပုံ ရသော ဂရေစီယာ၏ ဥာဉ်ကို သူ့စိတ်ထဲက မနှစ်သက်သလို ဖြစ်မိသည်။ သို့သော်လည်း လူတို့၏ ပေါင်းသင်း ဆက်ဆံရေး အခြေအနေကို ကောင်းစွာ နားလည်ထားသော လူကြီးလူကောင်းတဦးအနေဖြင့် သူ့လက်အောက်တွင် အလုပ် လုပ်နေပြီဖြစ်သော ဂရေစီယာ၏ ချွတ်ယွင်းချက်ကို အပြစ်တခုဟု မသတ်မှတ်ချင်။ ဤ ချွတ်ယွင်းချက်လောက်ကိုတော့ သည်းခံခွင့်လွှတ်သင့်သည်ဟု ထင်သည်။
' ထမင်းချက်ကို ပြောလိုက်ပါ၊ မနက်ဖြန် မနက်မှာ ငါ သူနဲ့ တွေ့ချင်တယ်...လို့၊ ငါ့သားအတွက် အစားအစာ နူးနူးညံ့ညံ့ ချက်ပေးဖို့မှာရလိမ့်မယ်' ဂရေစီယာက ဦးခေါင်းကိုတချက် ညွတ်လိုက်ပြီး အခန်းထဲမှ ငြိမ်ငြိမ် ဆိတ်ဆိတ်ကလေးပြန်ထွက်သွားသည်။ ဘရန်းဒီးက ကျေနပ် အားရသော မျက်နှာထားဖြင့် နီကိုလတ်စ်အား လှမ်းပြောသည်။ ' လူတော်တယောက် ဖြစ်ပုံပဲကွ '
သူ့စိတ်နှင့် တွေ့ပြီဆိုပါက သူ့အဖေသည် ' သိပ်တော်သည်' ဟူသော စကားလုံးကို သုံးလေ့ရှိသည်။
သူ စိတ်တိုင်းကျခဲ့သော မြင်းတကောင်၊ အစေခံတယောက်နှင့် သူ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည့် ပါရီမြို့မှ ပါမောက္ခ ဟေးလီးဗီးတို့အပေါ်၌ ဤစကားလုံးကို သုံးခဲ့ဖူးသည်။ ထိုစဉ်ကတော့ နီကိုလတ်စ်သည် သူ့အဖေနှင့် တသဘောတည်း ဖြစ်ခဲ့ပါ၏။ သို့သော်လည်း အခု တငြိမ်တော့ဖြင့် သူ့အဖေနှင့် အမြင်ချင်း မတူပဲ ဖြစ်နေသည်။ စောစောက သူသည် ဘဏ္ဍာစိုး ဂရေစီယာ၏ မျက်နှာကို ဘေးတိုက်ကြည့်ခဲ့ရ၏။ မြင်မြင်ချင်း စိတ်ထဲက သဘောမကျချင်သလို ဖြစ်ခဲ့မိသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ကိုတော့ သူ ဂဃ နဏ မသိ။
ကောင်စစ်ဝန်သည် ကော်ဖီခွက်ကို လက်စသတ်ပြီးသည်နှင့် တပြိုင်နက် လက်ကိုမြှောက်၍ ရွှေနာရီ ကို ကြည့်သည်။ ခရီးပန်းလာသဖြင့် စောစောစီးစီး အိပ်ရာဝင်မည်ဟူသော စိတ်ကူးရှိသည်။ သို့သော်လည်း နေရာသစ် အိမ်သစ်ဟူသော ထူးခြားမှုကလေးက နီကိုလတ်စ်၏စိတ်ကို လှုပ်ရှား အောင်ဆွဲဆောင်လျက်ရှိနေသည်ဖြစ်ရာ အိမ်ပေါ်မတက်မီ ပန်းခြံထဲ ခဏတဖြုတ် ဆင်းကြည့်ပါရ စေဟုပူဆာသည်။ သူ့အဖေကလည်း လိုလိုချင်ချင်ပင် သဘောတူခဲ့လေသည်။
နီကိုလတ်စ်သည် ကုတ်အင်္ကျီကို သူ၏သေးသွယ်သော ပခုံးနှစ်ဘက်လုံအောင်ခြုံ၍ သူ့အဖေနှင့်အတူ ထွက်လာသည်။ အပြင် ရောက်သောအခါ သန့်ရှင်း လတ်ဆတ်သော လေကို အားရပါးရ ရှူလိုက်၏။ ခရီးပန်းလာသည့် အရှိန်ကြောင့် သူ့ခေါင်းမှာ နောက်ကျိမူးဝေလျက် ရှိနေ သေးသော်လည်း သူနှင့် ပန်းခြံအပေါ်တွင် လွမ်းခြုံထားသည့် ညနေခင်း၏ အေးချမ်းသာယာမှု အရသာကိုတော့ အပြည့်အ၀ ခံစား ရသည်။ ပန်းဥယျာဉ်သည် သူ ထင်ထားသည်ထက် အဆမတန် ကြီးလျက်ရှိ၏။
အဆင့်အတန်း မြင့်မြင့်နှင့် စနစ်တကျ ပြုစုစိုက်ပျိုးထားသော ပန်းဥယျာဉ်တခု ဖြစ်နေသည်။
နီကိုလတ်စ်သည် သူ့ဖခင်၏ ဘေးမှရပ်ကာ ပန်းဥယျာဉ်၏ အလှတွင် နစ်မျောလျက်ရှိသည်။ မွှေးကြိုင်သင်းပျံ့လျက်ရှိသော မြေသင်းနံ့နှင့် ပန်းနံ့များတွင် ယစ်မူးလျက်ရှိသည်။ ယခင် အိမ်များတွင် နေခဲ့ရစဉ် က မရခဲ့ဖူးသည့် ထူးဆန်းသော စိတ်ခံစားမှုတမျိုးသည် သူ့ရင်တွင်း၌ ဖြစ်ပေါ်လျက်ရှိ၏။ ဤ အိမ်တွင် သူ ပျော်လိမ့်မည်ဟု ထင်သည်။ ပန်းဥယျာဉ်၏ အောက်ဘက် ဆီမှ လှိုင်းပုတ်သံသဲ့သဲ့ကို ကြားနေ ရသည်။ ပျော်ရွှင်မှုသည် သူ့စိတ်ကို ချက်ချင်းပင် ရွှင်လန်းချမ်းမြေ့စေ သည်။
' မသာယာဘူးလား ... ဖေဖေ ' ဟု နီကို လတ်စ်က ရေရွတ်သည်။
ကောင်စစ်ဝန်က ပြုံးသည်။ သူ့အပြုံးသည် လှိုက်လှိုက်လှဲလှဲရှိလှ၏။ သူ့အဖေ မျက်နှာပေါ်တွင် အလွန် တွေ့ရခဲသော အပြုံးမျိုးဖြစ်သဖြင့် နီကိုလတ်စ် စိတ်ကြည်နူးရသည်။ ကောင်စစ်ဝန် ကိုယ်တိုင်မှာလည်း သတိထားမိသည်။ သူ့မျက်လုံးများသည် ပွားချင်တိုင်းပွားကာ ချုံကြီးတခုသဖွယ် ဖြစ်နေသော အိုလီယမ်းဒါး ပန်းချုံးနှင့် ထိကရုံးစည်းရိုးပေါ်တွင် ငေးစိုက်နေသည်။တင်းနေးစွန့်ပစ်ခဲ့သော ဤပန်းဥယျာဉ်ကို သူ့လက်ထက်တွင် အသစ်တဖန် ပြန်လည်ပြုပြင် မွမ်းမံမှ ဖြစ်မည်ဟူသော အတွေးဝင်လျက်ရှိသည်။ မျိုးကောင်းမျိုးသန့် ပန်းများရွေး၍ စိုက်မည်။ အပြင်အဆင် အထားအသိုကို ယခုထက်ပို၍ စနစ်ကျအောင် လှပအောင် ပြုပြင်မည်။
' ဒီထက် သာယာလှပလာအောင် လုပ်လို့ရတယ် ' ဟု သူက ပြောသည်။ ' တို့မှာ ဥယျာဉ်မှူး တယောက် တော့ ရှိရမယ်၊ ဖေဖေ မနက်ဖြန်ကျယင် ဒီကိစ္စကို အဆင်ပြေသွားအောင် လုပ်လိုက်မယ် '
အိမ်ဘက် ပြန်လျှောက်လာကြသောအခါ ကောင်စစ်ဝန်သည် သူ့သားအား ကြင်နာစွာကြည့်သည်။ ဤပန်းဥယျာဉ် ပင်လယ်ပြင်ပေါ်မှ ဖြတ်သန်းတိုက်ခတ်လာနေသော သန့်စင်လတ်ဆတ်သည့် ဤလေ တို့ သည် သူ့သား၏ ကျန်းမာရေးကို ထိခိုက်စေလိမ့်မည် မဟုတ်ဟု မျှော်လင့်ချက်ထားမိ သည်။
သူသည် သူနှင့် နီကိုလတ်စ်အတွက် ပထမထပ် အိမ်ရှေ့မျက်နှာစာဘက်ရှိ ဆက်လျက်ဖြစ်နေသော အိပ်ခန်း နှစ်ခန်းကို ယူလိုက်သည်။ ထိုအိပ်ခန်းနှစ်ခန်းကို ခန်းဆီးတပ် တံခါးပေါက်တပေါက်ဖြင့် ဆက်ထား သည်။ အကယ်၍ ညအချိန်မတော် သူ့သားငယ်အိပ်ရာမှ နိုးခဲ့ သည်ရှိသော် သူ အလွယ်တကူ ထသွားပြီး ကြည့်နိုင် သည်။ တကယ်ဆိုတော့လည်း အိပ်မပျော်သော ရောဂါ အပြင်းအထန် စွဲကပ်နေသည့် သူကိုယ်တိုင် ကပင်လျှင် အလွန် အအိပ်အနေဆက်သည်။ ပြီးတော့လည်း သူသည် သူ့သားငယ်ကို မျက်စိ အောက်မှ အပျောက်မခံနိုင်သူမဟုတ်။ သူ့သားငယ်အား ကာကွယ်စောင့်ရှောက်မှုနှင့် ပတ်သက်လာလျှင် သူ ကိုယ်တိုင် စောင့်ရှောက်ရမှ။ တခြားဘယ်သူမှ စောင့်ရှောက်သည်ကိုလည်း မကြိုက်။ ယုံကြည် စိတ်ချ ခြင်း လည်းမရှိ။
အထူးသဖြင့် ညအချိန်မတော်တွင် သူ့သားငယ်သည် ဘီလူးစီးသလိုလို ... ထမင်းလုံးတစ္ဆေ ခြောက် သလို ဖြစ်ကာ အိပ်ရာမှ နိုးလာတတ်သည်။ ထိုအခါမျိုးတွင် နီကိုလတ်စ်သည် ကြောက်လန့် တကြားဖြစ်ကာ နှလုံး ခုန်မြန်နေတတ်၏။ တကိုယ်လုံး ဆိုးဆိုးဆတ်ဆတ် ဖြစ်သည်အထိ တုန်ယင် လှုပ်ရှားနေတတ်၏။ နဖူးတွင် ဇောချွေး များ ပြန်နေတတ်၏။ ဤအဖြစ်မှာ မကြာခဏ ဖြစ်တတ် သော သူ့သားငယ်၏ ကျန်းမာရေး ချို့တဲ့မှု လက္ခဏာတရပ်ဖြစ်သည်။ ဤလက္ခဏာရပ်အတွက် ကောင်စစ်ဝန်မှာ အမြဲတစေ စိုးရိမ်ပူပန်ခြင်း ဖြစ်နေ ခဲ့ရလေသည်။
အပေါ်ထပ်တွင် ခရီးဆောင် သေတ္တာများ ရောက်နေပြီဖြစ်သည်။ နီကိုလတ်စ်သည် အ၀တ်အစားများကို ချွတ်၍ ရေချိုးခန်းဝင်သည်။ ခြေလက်များ ဆေးသည်။ မျက်နှာသစ်သည်။ ပါမောက္ခဟေးလီးဗီးက သူ့ အတွက် ပေးထားသော အားဆေးရည်ကို သောက်သည်။ ပြီးတော့ သွားတိုက်သည်။ ထို့နောက် ည၀တ် အင်္ကျီနှင့် ဘောင်းဘီများကိုလဲကာ သူပြုလုပ်နေကျ ထုံးစံ အတိုင်း ဘုရားရှိခိုးရန်အတွက် သူ့အဖေ ဘေးတွင် ဒူးနှစ်ဘက်ထောက်၍ ထိုင်လိုက်လေသည်။
ဥရောပတိုက် အတွင်းရှိ နိုင်ငံအသီးသီးသို့ လှည့်လည်သွားလာနေထိုင်ခဲ့ရသဖြင့် အတွေ့အကြုံစုံ လှပြီဖြစ်သော်လည်း ဟာရင်တန်ဘရန်းဒီးသည် ယခုအချိန်အထိ ဘာသာရေးကို ကိုင်းရှိုင်းသူတစ် ဦးဖြစ်လျက်ပင် ရှိသေး၏။ သူကိုယ်တိုင်ကလည်း သူသည်ဘာသာကိုင်းရှိုင်းသူတဦးဖြစ်ပါသည်ဟု ၀န်ခံ လေ့ ရှိပါသည်။ သူ့အနေဖြင့် နယူးအင်္ဂလန်ပြည်နယ်အတွင်း၌ အခြေစိုက်ခဲ့ကြသော သူ့ဘိုးဘွား ဘီဘင် များ၏ အတွေးအခေါ်အယူအဆများအပေါ် ပျက်ရယ်ပြုကောင်းပြုမိမည် ဖြစ် သော်လည်းသူတို့၏ ပြင်းထန် သောပြူရီတန်ဘာသာအယူဝါဒစိတ်ကတော့ သူ့ အသွေးအသားထဲ တွင် ခိုင်မာဆဲပင်ဖြစ်သည်။
သူသည် သူ့သား၏ ပခုံးတဘက်ပေါ် လက်တင်ပြီး ဦးခေါင်းကို ညွတ်ကာ သူ့သားငယ်၏ ဘုရားရှိခိုးသံကို နားထောင်လျက် ရှိသည်။ ပြီးဆုံးသွားသောခါ သူကိုယ်တိုင် ဘုရားကို အာရုံပြု၍ ဤအရပ်ဒေသတွင် နေထိုင် ကြတော့မည့် သူတို့သားအဖ နှစ်ယောက် ဘေးအန္တရာယ် ကင်းဝေး အောင် စောင့်ရှောက် ပေးပါမည့် အကြောင်း ဆုတောင်းသည်။ ထို့နောက် သူသည် ခဏမျှငြိမ်ဆိတ် နေပြီး အသံကို ခပ်အုပ်အုပ် လုပ်၍ လေသံဖြင့် သူ့သားအား ပြောသည်။
' ဒုစရိုက်သမားတွေကို ဘုရားသခင်က ခွင့်လွှတ်ဖို့ ဖေဖေတို့ ဆုတောင်းရဦးမယ်၊ အထူးသဖြင့် မင်း အမေအတွက် ဖေဖေတို့ ဆုတောင်းပေးရလိမ့်မယ် '
ခဏမျှ အကြာတွင် နီကိုလတ်စ်သည် မြင်းသားရေဖြင့် ပြုလုပ်ထားသော ကော်ဒိုးဗားအိပ်ရာကြီးပေါ် သို့ ရောက်သွား သည်။ ကောင်စစ်ဝန်ကတော့ သူ့သားငယ်၏ အိပ်ရာခုတင် ဘေးမှ မခွာနိုင်သေး။ ပွင့်ထိုး အဖိုးတန် ဘရိုကိတ်ခြုံစောင်များအောက်ရောက်နေပြီဖြစ်သော သားငယ်ကို စိတ်မချသည့် နှယ် စောင့် ကြည့် နေဆဲ။
' သားသား၊ မင်း ကနေ့ပင်ပန်းလာတယ်၊ ညတိုင်း ဖတ်နေကျ စာအုပ်ကို ကနေ့ည ဆက်မဖတ်ဘူးနော်'
နီကိုလတ်စ် ပင်ပန်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ အိပ်ရာပေါ်ရောက်ကတည်းက မျက်ခွံများလေး ကာအိပ်ချင်မူးတူးဖြစ်လျက်ရှိ၏။ သို့သော်လည်း သူ အိပ်ရာမ၀င်မီ ညစဉ်စာဖတ်ပြနေကျအလုပ်မှာ သူ့အဖေ ၀တ်မပျက် လုပ်လာခဲ့သော အလုပ်ဖြစ်သည်။ ထိုအလုပ်အပေါ်တွင် သူ့အဖေသည် သာယာမှုရှိသည်။ သူ့ကြောင့် သူ့အဖေ၏ စိတ်သာယာချမ်းမြေ့မှု မပျက်စေချင်။ သူသည် တချက်မျှ ကြိုးစား ၍ ပြုံးလိုက်ပြီး သူ့အဖေအား ကြည့်သည်။ သူ မအိပ်ချင်သေး၍ စာဖတ်ပြပါဟု ဆိုသည်။
ကောင်စစ်ဝန်သည် ခဏမျှ ချိန်ဆနေသေးသည်။ သို့သော်လည်း သူ့ချစ်သောသားအတွက် ပြုနေကျ ၀တ်ကို သူ မပြုပဲ မနေနိုင်။ ကပျာ ကယာ သူ့အိပ်ခန်းထဲသိ့ ၀င်သွားပြီး ချက်ချင်းပင် ပြန် ထွက်လာသည်။ သူ့ လက်ထဲတွင် စာအုပ်ထူကြီးတအုပ်ပါလာသည်။ စာအုပ်မှာ အေကာမန်း၏ ငှက်များအကြောင်း စာအုပ်ကြီး ဖြစ်သည်။ သူသည် နီကိုလတ်စ်၏ ခုတင်ဘေးတွင် ၀င်ထိုင်ပြီး မျက် မှန်ကို တပ်သည်။
' မင်းမှတ်မိသေးတယ်မဟုတ်လားနီကိုလတ်စ်၊ အာဗီးလီးမှာနေတုန်းက နောက်ဆုံးည ဖတ်ပြခဲ့တဲ့ အခန်းဟာ တောင်အာဖရီကတိုက် ငှက်တွေ အကြောင်းပေါ့၊ သိပ်ပြီး စိတ်ဝင်စားစရကောင်းတဲ့ ဘာသာရပ် တစ်ခုပဲ၊ ကနေ့ည သိပ်ပြီးများများတော့ မဖတ်ပါဘူး၊ အဆက်ပြတ်မသွားရုံလေး ဖတ်ပြမယ်၊ ဖေဖေတို့ အခု ရောက်နေတဲ့ နေရာက ...' လက်ထဲမှ စာအုပ်ကို လှန်၍ဖတ်ယင်း တန်းလန်းနှင့် ရပ်ထား ခဲ့ရသော စာမျက်နှာ နှင့် အပိုဒ်ကိုရှာသည်။ ထို့နောက် ချောင်းတချက်ဟန့်လုက်ပြီး စာအုပ်ကို စ ဖတ်သည်။
' ငှက်ကုလားအုပ်သည် စထရူးသီအို မျိုးနွယ်ဝင် အုပ်စုဖြစ်သည်။ ခြေချောင်း နှစ်ချောင်းမျှသာရှိ၍ ရင်ဘက် တွင် ၀မ်းဗိုက်မရှိခြင်းသည် ငှက်ကုလားအုပ်၏ ထူးခြားမှုတခုဖြစ်၏။ ငှက်ထဲတွင် အကြီးဆုံးသော သတ္တ၀ါ ဖြစ်သည်။ ငှက်ကုလားအုပ်အထီးသည် အမြင့်ခုနစ်ပေနီးပါးခန့်ရှိ၍ ကိုယ် အလေးချိန်သည် ပေါင်သုံးရာ မျှလေးသည်။
သဲ ထူထပ်သော လွင်ပြင်များနှင့် ပြန့်ပြူးသော နယ်မြေ ဒေသများတွင် ကျက်စားသည်။ ခြေထောက်ကို အားပြုသော အစုဖြစ်သည်။ ပင်လယ် ကမ်းခြေဘက်သို့ ခေါ်လာလျှင် အလွန် ကြောက်ရွံ့ ထိတ်လန့်ခြင်း ဖြစ်တတ်သည်။ ဤငှက်များသည် သူတို့ အတောင်များကို လုံးဝ အသုံး မပြုနိုင်ကြပေ။ အထူးသဖြင့် အထီးများသည် သူ၏ သားသမီး များအတွက် ပူပင်သောကကြီးတတ်၍ ...

အခန်း (၂) ဆက်ရန်
.
2 comments:
Ihis novel is one of the books i want to read.
(since many years ago.)
Thanks you ma SZ and SSS.
Ray
အစ်မရေ...ဘာသာပြန်က စိတ်ဝင်စားစရာ ကောင်းတယ်နော်...ဆက်ရန်ကို မျှော်နေပါတယ်...
Post a Comment