Thursday, May 20, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၁၁၁)

ခိုးသားဒမြလမ်းစဉ်အဓမ္မစံနစ်

၁၉၆၁-ခုနှစ် မတ်လကုန်ခါနီး နောက်ဆုံးရက်တပါတ်အတွင်း တနေ့သောမနက်၁၀နာရီခန့်တွင် အောက်ထပ် မှာ အယ်ဒီတာများနှင့် မန်နေဂျာဦးဗအေးတို့သည် ကျမနှင့်တွေ့ရန်အကြောင်းရှိ၍ လာကြ ပါသည် ဟု ဆိုသောကြောင့် ကျမက အောက်ထပ်ဧည့်ခန်းထည်းသို့ ဆင်းလာခဲ့ပါသည်။ သူတို့ အနီးအပါး သို့ ကျမရောက်သွားသောအခါ မျက်စီမလှ၊ မျက်နှာမလှဖြစ်နေကြပါသည်။ ကျမက အရေးကိစ္စကို မေးမြန်း သော အခါ မန်နေဂျာ ဦးဗအေးက အောက်ပါအတိုင်း ခေါင်းဆောင် ပြုလျက်ပြောပါသည်။ 

မမခင်က အမြတ်တော်ကြေးများ မပေးဆပ်ဘဲထားတဲ့အတွက်  ဒီအတိုင်း ပစ်ထားလို့ မဖြစ်တော့ဘူး၊ သူကိုယ်တိုင် ပြန်လာပြီးဦးစီးလုပ်ကိုင်မှ ဖြစ်တော့မယ်ဆိုပြီး အခုဆရာ ပြန်လာပါပြီ မန်နေဂျာအခန်းမှာ ထိုင်နေ ပါသည်။ ဒီနေ့ကစပြီး သတင်းစာတိုက်ကြီးကို သူပြန်ပြီးဦး စီးလုပ်ကိုင်ပါတော့မည်ဘဲ့။

ဟုပြောသောအခါလွန်ခဲ့သော ရက်ပိုင်းများက သူတို့ဂိုဏ်ဝင်များလှုပ်ရှားမှုနှင့် တီးတိုးကြိတ်၍ ကြံစည် ထားမှု များ၏ အကောင်အထည်မှာ ဤရုပ်လုံးကိုဖော်ရန်တာစူနေကြခြင်းဟု အတွင်း လိုက် မြင်ရပါသည်။ စာချုပ် စာတမ်း နှင့် ရှင်းပြီးသားကို တရားဥပဒေလမ်းကြောင်းမှ မသွားဘဲအတင့်ရဲ လျက် ဒုတိယ အကြိမ် မြောက် ခိုးသားဒမြလမ်းစဉ်နှင့် အဓမ္မစံနစ် သုံးလာပြန်သောကြောင့် အရှက်ကင်းမဲ့နေသူနှင့် မျက်နှာ မဆိုင် လိုသော ကျမသည် ရုတ်တရက် သတိလွတ်ပြီး အလုပ်ရုံးခန်း ထည်းသို့ဆင်းသွားမိပါသည်။

သူတို့ထောင်ချောက်သူတို့ပြန်မိနေခြင်း

အလုပ်ရုံးခန်းထဲသို့ ရောက်သွားသောအခါ စွင့်စွင့်ကားကားကြီးမျက်နှာထား ပြောင်တင်းစွာနှင့် စာပွဲခုံပေါ် ခြေစုံပစ် တင်၍ အကျသားထိုင်လျက်ရှိသည်။ ၀ဲနှင့်ယာမှ သက်တော်စောင့်အဖြစ်ပါလာ သော မန္တလေး မစိုးရိမ် ဘုန်းကြီးနှင့် အခြားလူ တစ်ဦးက ခြံရံထားသည်။

ကျမကတခုခုလုပ်လျှင် ၀င်ပြီးကာကွယ်ဘို့လား၊ သူတို့ကိုမြင်လျှင် ကျမကကြောက်ရွံ့သွားအောင် လူလုံး ပြ၍ ချောက် လှန့်ခြင်းမျိုး ပေလားဟုတွေးထင်ရန် ရှိသော်လည်း ကျမက ကြောက်တတ်သူ မဟုတ်သဖြင့် တုန်လှုပ်မှု မရှိပါ၊  မတရားလုပ်နေသူ သူယုတ်မာဘက်မှ လိုက်ပါလာသူများဖြစ်၍ စက်ဆုပ်ရွ့ ရှာဘွယ်ရာ သဘောထား သေးသိမ်သူ များအဖြစ်ယူဆလိုက်ပါသည်။

ကျမသည် အဓမ္မမျက်နှာပြောင်တိုက်ခါလာရောက်ခြင်းကို သက်ရွယ်ကြီးသော လူကြီးလူကောင်း ပီပီ ရှက်တတ် လျှင် အလုပ်တိုက်ထဲမှထွက်သွားရန် ပြောသော်လည်း သူအမည်နဲ့ ထုတ်တဲ့သတင်း စာတိုက်မို့ ပြန်လာတာ ဟု ရှုးသလိုပေါသလိုလုပ်၍ တောင်ပြောမြှောက်ပြော ပြောလျက် အခန်းအပြင်ဘက်သို့ အစောင့် ချထားသော ကားရုံပေါ်ရှိ အိမ်သစ်ကလေးပေါ်တက်သွားကြသည်။ အလုပ်ခန်း၌ ရောက်နေ ကြသော ဦးဗအေးသူတို့ခြေပုန်းခုတ်ကြခြင်းကို ကြိုတင်သိပြီးသားဖြစ် ကြောင်းပြောပြခဲ့ပြီး ကျမလည်း အိမ်ပေါ် ပြန်တက် လာခဲ့ပါသည်။

ထိုနေ့က စ၍ ငွေထိန်းမသည် ငွေစာရင်းများကို ကျမလက်သို့ လာမအပ်ဘဲ ခပ်ပြောင်ပြောင်သိမ်း ထားသည်။ ကျမက ချက်ခြင်း  ရဲဌာနသို့ တိုင်ချင်သော်လည်း ဒမြမှုဆန်ဆန်ပြု သော်လည်း ယခင် တကြိမ် လို အရာမရောက် ဖြစ်နေဦးမည်ထင်သဖြင့် အလျင်တဆော တိုင်တောခြင်းမပြုသေးဘဲ ထားပါသည်။ မတ်လ ၂၇ရက် မှာ လကုန်ခါနီးဖြစ်သောကြောင့် ဧပြီလတရက်နေ့တွင် အလုပ်သမားလခများထုတ်ပေးရန် နီးကပ် နေပြီ ဖြစ်၍ နယ်မှသတင်းစာဘိုးဝင်ငွေများ မြို့ပေါ်ရှိ ကြော်ငြာ ကိုယ်စားလည်များ ထံမှ ရငွေ များသည် ၁-ရက်၂-ရက်အတွင်း ငွေသားအပြင် ကြော်ငြာပကုမ္ပဏီများမှရရှိသော ချက်ငွေလွှဲစာ များမှ လည်း ဤရက်အတွင်း စုပြုံရောက်လာမြဲဖြစ်၍ သူတို့လက်မှာ ရှိနေပါသည်။

၎င်းဝင်ငွေများ ချက်များကို ဘဏ်တိုက်သို့ မပို့ဘဲ ငွေထိန်းမလက်ထဲ၌ ထားသည်။ ထိုငွေများကို နေ့စဉ် ၀တ္တရား အတိုင်း ကျမလက်မှတ်မထိုးပါက ပြန်ထုတ်ယူသောအခါ ကျမလက်မှတ်မထိုးပါက ထုတ်၍ မရနိုင်ပါ။ သို့အတွက် ၃-၄ရက်တွက် ၀င်ငွေများကို ဘဏ်တိုက်မပို့စေဘဲအပိုင်စီးထား ကြပါသည်။

၎င်းပြင် မတ်လ ၂၇-ရက်နေ့က ၂၉-ရက်နေကအထိမှာတော့ ဗမာ့ခေတ် သတင်းစာ ရိုက်ရန် စက္ကူလိပ်ကြီးများ ၃-ရက်စာရှိပါသည်။ ၃ရက်က လွန်လျှင် သတင်းစာရိုက်ရန် စက္ကူမရှိတော့ပါ။ ၎င်းစက္ကူ များ ထုတ်ယူဘို့မှာလည်း ကျမလက်မှတ် မထိုးလျှင် ဘဏ်တိုက်က ထုတ်၍ ပေးမည်မဟုတ်ပါ။  စက္ကူလိပ် ကြီးများမှာ တနှစ်စာခန့် ခြံထဲရှိ ဂိုဒေါင်နှင့် အပြည့်ထည့်ထားပါသည်။ ငွေရေးကြေးရေးကြောင့် ဘဏ်တိုက် တွင် အာမခံနှင့်ပြန်ထားရခြင်းဖြစ်ရာ ထုတ်ယူလိုသော စက္ကူဘိုး ကျသလောက် ငွေသွင်းပြီးမှ ထုတ်ယူ ရခြင်းဖြစ်ပါသည်။

ဤစက္ကူအမျိုးအစားမှာ ဗမာ့ ခေတ်သတင်းစာ ရိုက်နှိပ်သော (ရိုထရီ) ပတ်လည်စက်အတွက် သီးခြားမှာ ယူသိုလှောင် ထားရခြင်း ဖြစ်ရာ အပြင်အမရှိစက္ကူတိုက်များမှ အစားထိုးဝယ်ယူအသုံးပြု၍ မရပါ။ ပိုးဖလံမျိုး  မီးကိုဝင်တိုး သကဲံသို့လောဘသက္ကာရ တခုထဲရှေ့ရှုပြီး သူတို့ ဆင်ထားသော ထောင်ချောက် သည် သူတို့ခြေ ထောက်အား ပြန်ညှပ်မိနေပြီကို မသိရှာကြရသူများဖြစ်ပါသည်။

တောင်ပြေးမြှောက်ပြေး ရွာဆော်ကြီးခွေး

နောက်တနေ့ဖြစ်သော မတ်လ ၂၈-ရက်နေ့သည် စက္ကူလိပ်များ ထုတ်ယူမည်နေ့ဖြစ်ပါသည်။ မနက်၁၀-နာရီလောက် မှာ မန်နေဂျာဦးဗအေးသည် အောင်ပွဲရစစ်သူကြီး၏ မျက်နှာဖြင့်အိမ်ပေါ်  သို့တက်လာ ပါသည်။ လက်ထဲမှာလဲစာရွက်များ ကိုင် လျက်ဖြစ်သည်။ အိမ်ပေါ်တွင် ကျမ စင်းကြန် လျှောက်နေ သည်နှင့် အဆင်သင့် လှေခါးထိပ်မှာ ဆိုင်မိပါသည်။

မမ-စက္ကူတွေ ဒီနေ့ထုတ်ရပါလိမ့်မယ်၊ လက်မှတ်ထိုးပေးပါ ဟု၍ ခပ်အေးအေးပင် ပြောလွှတ်လိုက် ပါသည်။  ဤတွင် သကောင့်သား တို့မှာ အူယားဖါးယားဖြစ်ကုန်ကြပါသည်။ တောင်ပြေး၊မြှောက် ပြေး ရွာဆော်ကြီး ခွေးကဲ့သို့ဆိုသော စကားအတိုင်း အခြားသတင်းစာတိုက်သို့ သွား၍ စက္ကူလိပ် ချေးငှါးသူနှင့် ဘဏ်တိုက် သွားပြီး နည်းလမ်းရှာသူနှင့် ချာချာလည်နေကြပါသည်။

အရေးရှိလျှင် ကျမက တယ်လီဖုံး ဆက်ခေါ်သည် ဆိုဆိုပြီး  ပေါ်လာတတ်သူ ဗိုလ်ချုပ်ဈေးမှ ဒို့ဗမာ မွတ်စလင် အမျိုးသ္မီးကြီး တို့ သူ့ဓါတ်ဘီယာမယ် လူလျိုမ တို့က သူမှားတာတွေ ဘယ်လိုလဲ ၀န်ချရစေ၊ ၀န်ချရန် ပြောပေးပါဟု လာပြောနေပါသည်။ ဘီယာမယ် စကားပြောနေဆဲမှဘဲ တယ်လီဖုံးလာ၍ ကျမက ယူနားထောင် လိုက်သောအခါ၊ စက္ကူများ အာမခံထားရာ နယ်သာလင် ဘဏ်မှ ရှေ့နေကြီး တဦးက ကျမကို လှမ်း၍ စကားပြောပါသည်။

ဗမာ့ခေတ်တွင် ကျမလက်မှတ်ထိုးခွင့်များကို ပြန်ရုပ်သိမ်းရန် ဦးအုန်းခင် ဒီမှာ ရောက်နေသည်။ လက်မှတ် ပြန်ရုပ်သိမ်းဘို့ ခင်ဗျားသဘောတူပါသလား သဘောမတူလျှင် ကန့်ကွက်ပါဟု ဆိုသည်။ ကျမက သူ့မှာ ရုပ်သိမ်းနိုင်ခွင့် အာဏာမရှိကြောင်း ကျမပိုင် အဖြစ်လွှဲ ပြောင်းထားရသော လက်မှတ်များသာ ဖြစ်ကြောင်း စကားပြန် လိုက်ရသည်။ ဤျတွင်တဘက်မှ ဘီယာမယ် ကိုလည်း အနှုးခိုင်းပြီး တဘက်မှ လက်သီးပုံး ထိုးလိုက်ခြင်း ဖြစ်ရာ စုတ်ပဲ့ ညစ်ပတ်ရာ ကောက်ကျစ်ရာ၌ ဤမျှခြေမြန် လက်မြန် ရှိကြောင်းသိရပါသည်။ ဘီယာမယ်သူလျိုမ သည် ဤအချိန်ကစ၍ ကျမထံသို့ မလာရဲတော့ပါ။

ကျမပေါ်၌ အကြိမ်ကြိမ် အဖန်ဖန်ဥာဏ်နီ ဥာဏ်နက်အမျိုးမျိုး ထုတ်လျက်ကောက်ကျစ်စဉ်းလဲမှု တွေလုပ်လာခဲ့သမျှ အလုပ်သမားဘက်တော်သားတွေစုပြီး အဓမ္မနည်းစံနစ် သုံးလာခဲ့သမျှ ကျမက အပြုံးမပျက် လက်မှတ်မထိုးဘဲနေလိုက်ရုံကလေးနှင့် အဆင့်အတန်း မြင့်မြင့်ဒဏ်ပြန် ထိုးစစ်ဆင် လိုက်ပါသည်။ ပြာပြာသလဲ ပြေးလွှားနေကြသည်များကို အိမ်ပေါ်ထပ်မှဆီးပြီး တွေ့မြင်နေရသည် မှာ ကျမအဘို့ ပျော်စရာ တခုကဲ့သို့ဖြစ်နေပါသည်။

ကံအားလျော်စွာ ၁ရက်နေ၊၂ရက်စာ စက္ကူလိပ်များ အခြားသတင်းစာတိုက်မှ ချေးငှါးရလာသည်။ ဒါပေတဲ့ အသက် က ၂-ထက် ပိုမရှည်နိုင်ပါ။ ဤတွင် နောက်ထပ် အရေးတကြီးမှာယူရန် ကျန်သေး သော စက္ကူလိုင်စင် အရ (အယ်လ်စီ) ဖွင့်ရန် ကြိုးစားကြသည်။

ထိုကိစ္စ မှာလည်း ကျမလက်မှတ် မထိုးလျှင်မပြီးနိုင်ပါ။ ဒါတွင်မျှမက အလုပ်တိုက်က အလုပ်သမား ခေါင်းကြီးပိုင်း များကို ဂိုဒေါင်မှ စက္ကူထုတ်ယူနိုင်ရန် လက်မှတ်ထိုးပေးဘို့ မင်းတို့သွားပြီး တောင်းပန်ပါ။ ကျွန်တော် တို့ ထမင်းငတ်ရပတော့မယ်ဆိုလျှင် မင်းတို့ကိုသနားပြီး လက်မှတ်ထိုး ပေးပါလိမ့်မယ် ဟု ဆွယ်ကြ နှူးကြလေသည်။

အကယ်၍ အနုနှင့်မရက အကြမ်းကိုင်နည်းနှင့် ဆူပွက်ပေးကြဟု သွေးထိုးပေးကြလေသည်။ ဤတွင် အလုပ်သမား ခေါင်းဆောင်ပိုင်းက ပထမအထစ်ဖြစ်သော ကျွန်တော်တို့ သနားသဖြင့် လက်မှတ်ထိုး ပေးပါဟု သွားပြောလျှင် ဒီလိုဆိုလျှင် မင်းတို့ပင့်လာတဲ့ဟာကြီး အပြင်ပြန် သတင်းစာဆက်ထွက်ပေး မယ်လို့  ပြန်ပြောလွှတ်မှာဘဲ၊ ဒီတော့ ကျွန်တော်တို့ သွားပြောလဲ အလကားပဲဟုပြန်၍ ဖြေကြသည်၊

ဤအဖြေကို မကျေမနပ်ဖြစ်သည်။ အလိုတော်ရိ အစိပ်အပို်င်း လူလက်တဆုပ်ကလဲ ဒီကောင်တွေ လူပါးဝ သည်။ လခထုတ်မပေးနဲ့ ညှဉ်းသာထားဟု မြှောက်ပင့်အားပေးပြုကြလေသည်။ အကုသိုလ် ကြီးမားနေသူ အဘို့ မှာလည်း  ပျက်စီးရာပျက်စီးကြောင်း နည်းမကောင်းလမ်းမကောင်း ညွှန်ပြနေသူ အမြှောက်အပင့် သမား တို့၏ စကားကိုသာလျှင် နားဝင်သြဇာညောင်းလျက်ရှိ တော့ရာအမှား အယွင်း တွေကိုသာ ဆက်ခါ ဆက်ခါ ပြုမိနေလေသည်။

အလုပ်သမားများ၏ချွေးနည်းစာလစာငွေများ အပျောက်ရိုက်ယူသွားခြင်း

နောက်တနေ့မှာ ဧပြီလဆန်းတရက်နေ့ဖြစ်ပါသည်။ ခါတိုင်းဆိုလျှင် နေ့မွန်းလွဲချိန်ကစပြီး လခများ စတင်ထုတ်ပေးနေကြဖြစ်ပါသည်။ ထို့နေ့ညနေ၄-နာရီခန့်ရှိလာသောအခါ  စာစီဌာန၊ စက်ဌာနနှင့် အခြား ဌာန လူ၃-၄ဦး ကျမထံ လာရောက်လျက်  မျက်နှာပျက်ပျက်နှင့် တိုင်တန်းကြပါ သည်။

ကျွန်တော်တို့ကို မန်နေဂျာ ဦးဗအေးက ယနေ့လခထုတ်မပေးနိုင်သေးဘူး၊ စက္ကူဝယ်စရာရှိတယ် လို့ ပြောပါတယ်၊ ကျွန်တော်တို့ကလဲ လူကြီးပိုင်းကို မပေးချင်းသေးလျှင်နေပါ၊ လူငယ်အလုပ် သမား တွေကိုတော့ ယနေ့အပေးစေချင်ကြောင်း၊ ဗမာ့ခေတ်သတင်းစာ၏ အစဉ်အလာမှာဘဲ ဘယ်အခါကမှ လဆန်း၁-ရက်နေ့ ငွေထုတ်မပေးဘဲ ပျက်ကွက်မှုမျိုးမရှိခဲ့ပါ၊ လဆန်း၁-ရက်သည် အလုပ်ပိတ်ရက်နှင့် တိုက်ဆိုင် ခဲ့လျှင် ကြိုတင်၍ပင် လခများထုတ်ပေးထားနေကျဖြစ်ပါသည်။ လူငယ်အလုပ်သမားမျာ စိတ်ဓါတ် မပျက်စေရန် ကျွန်တော်တို့တောင်ဆိုသော်လည်း ဦးဗအေးက မပေးနိုင် သေးဟု ငြင်းဆို နေသောကြောင့် မမကတောင်းပေး စေချင်ပါသည်ဟုပြောကြသည်။

ကျမကလဲ သူတို့တခုခုဖြစ်လာပြီဟု ရိပ်မိပါသည်။ အေးကောင်းကြသားဘဲ၊ အစက မင်းတို့ဆရာ ပြန်လာဒါ ၀မ်းသာကြပါတယ်ဆိုတဲ့ လူတွေ ခုလိုအခက်အခဲများ မင်းတို့ဆရာကိုသွားမတိုင်ဘဲ ငါ့ကို လာတိုင်တော့ ငါကသြဇာပေးလို့ကော ဦးဗအေးက လိုက်နာမှမဟုတ်ဘူးထင်တယ်၊ သို့သော် ရှေ့တွင်ဘဲ ခေါ်ပြီး ပြောပေးမယ်ဟု နှစ်သိမ့်စေပြီး ဦးဗအေးအား ခေါ်ယူလျက် နှစ်ဦးနှစ်ဘက်စုံညီ ရှေ့မှာဘဲ သူတို့လခကို ဒီနေ့ထုတ်ပေးဘို့ပြောပေးပါသည်။ ဦးဗအေးက ကျွန်တော့ သဘောနှင့်မ ဟုတ်ပါ၊ ဆရာက စက္ကူ ၀ယ်စရာ ရှိတယ်၊ လခမပေးနဲ့အုံးဆိုလို့ မပေးခြင်းဖြစ်ပါသည်ဟုဖြေသည်။

လခပေးရန်ငွေမှာ တသောင်းကျော်သာဖြစ်၍  ငွေသုံးသောင်းနီးပါး ဘဏ်ကိုမသွင်းဘဲထားသည်။ လခ ပေးလိုက်ရသော်လဲ လက်ထဲမှာ စက္ကူဝယ်ရန် ငွေတွေအများကြီးကျန်ပါသေးသည်။ သူတို့တ လလုံး လုပ်အား ပေးထားသော ရသင့်ရထိုက်သည့် ချွေးနည်စာများဖြစ်သည်။ ထုတ်ပေးလိုက်ပါဟု ပြောသော အခါမှ ကောင်းပါပြီ၊ သိမ်ဖြူလမ်းမိုးကြိုးတိုက်ရှိ ဆရာ့ဆီသို့ တယ်လီဖုန်းဆက်၍ပေးဘို့ အမိန့်ယူပါမည်၊ သူက ပေးဆိုလျှင် ပေးပါမည်၊ မပေးနဲ့ဆိုလျှင်ထပ်၍ အဖြေပေးပါသည်။

သို့ကြောင့်အလုပ်သ္မားခေါင်းဆောင်သို့ ဦးဗအေးနှင့်အတူ အလုပ်တိုက်ဘက်သို့ ပြန်ဆင်းသွားကြ ပါသည်။ နောက်ပိုင်းမှာ ဘာဖြစ်ကြသည့်မသိ ဗမာ့ခေတ်ခြံဝ၌ အလုပ်သမားများစုရုံး စုရုံးဖြစ်နေကြ သည်ကို နေ၀င်ရီရောချိန်တွင် တေ့မြင်ရပါသည်။ ထိုအချိန်မှာပင် အလုပ်တိုက်ဆိုင်ရာ ဖိုမင်လူကြိး နှစ်ယောက် သည် ကျမထံသို့ရောက်လာပြီး သော့တွဲကြိးတခုကိုပေးပါသည်။ ထိုသော့များမှာ ဗမာ့ ခေတ် စာစီခန်း သော့၊ ခဲစာလုံးသွင်းသောဌာန အခန်းသော့၊ ရိုထရီစင်လောက်လုပ်ရာဌာနဆိုင်ရာ အခန်းသော့ များဖြစ်ပါသည်။

ဒီသော့တွဘာလုပ်ဖို့လာပေးရသလဲဟု မေးသောအခါကျွန်တော်တို့ ဒီကနေ့အလုပ်မလုပ်ကြ တော့၍ ပစ္စည်း အပျောက်အရှ မရှိရအောင် အားလုံးသော့ခတ် ပိတ်ထားလိုက်ပြီးဖြစ်၍ သော့ကို မမအား လာအပ် ပါသည်ဟုပြောသည်။ ၎င်းနောက် ထိုသို့ အလုပ်မလုပ်ကြတော့ဘဲ ဆန္ဒပြရသည် မှာ ယနေ့ လခ ထုတ်မပေးနဲ့၊ ငွေတွေသူ့ဆီယူလာခဲ့လို့ မိုးကြိုးတိုက်ကနေပြီး ဆရာကတယ်လီဖုံး နဲ့ အကြောင်း ပြန်လိုက်တဲ့ အတွက် ဦးဗအေးက လခထုတ်မပေးတော့ပါ။ လခထုတ်မပေးတဲ့အပြင် ဦးဗအေးသည် အလုပ် တိုက် မှ လင်းရိုဗာကားကို စီး၍ ငွေထုတ်ကြီးပိုက်ထွက်သွားပါသည်။

ဝင်းပေါက်မှ ကျွန်တော်တို့အား ငွေထုတ်ကြီးကိုပင် မြှောက်ပြကာ ပြောလောင် သွားပါသေးသည်။ ဒါကြောင့် ယနေ့ည ဆန္ဒပြ၍ အလုပ်သမားများဘယ်သူမှအလုပ်မလုပ်ကြတော့သဖြင့် မနက်ဖြန် သတင်းစာ မထွက်တော့ပါဟု ပြောပြကြပါသည်။

ဗမာ့ခေတ်၏ဇာတ်သိမ်းခဏ်း အလုပ်သမားများအား ကယ်တင်ရှင်လုပ်ခဲ့ရ၏

ထိုနေ့ညနေပိုင်းမှာ သတင်းပြန့်နှံ့သွားပြီး အခြားသောသတင်းစာတိုက်အသီးသီးမှ ဆန္ဒပြဗမာ့ ခေတ် အလုပ်သမား များကို ဓါတ်ပုံတသင်းအဖြစ်ရိုက်ယူသွားကြသည်။ နောက်တနေ့မှာ တသင်းစာ များတွင်  သတင်းစာတိုက် အလုပ်သမားများ လခမရသဖြင့် ဆန္ဒပြ၍ ဗမာ့ခေတ်မထွက်နိုင်ကြောင်း တွေပါလာသည်။ သတင်းစာတိုက် တတိုက်ကတော့ မြေနိမ့်ရာလှံစိုက်သဘောနှင့် ကျမက တိုက်သားများကို လခထုတ် မပေးတဲ့ အတွက် သပိတ်မှောက်ကြသည်ဟုပင် ရေးပေးလိုက်ရာ ဆန္ဒပြအလုပ်သမားများမှာ မနေသာတဲ့ သူတို့ ဘာသာသွားပြီး ရှင်းလင်းချက် ထုတ်ရသည်အထိ ဖြစ်ကြရသေးသည်။

၁၉၆၁ခု ဧပြီလတရက်နေ့ကစ၍ ဗမာ့ခေတ် သတင်းစာ မထုတ်ဝေနိုင်တော့ဘဲ ရပ်ဆိုင်းလိုကရပါ သည်။ အလုပ်သမားများသည် လခရနိုး၊ရနိုးနှင့်ဆက်လက်ဆန္ဒပြလျက်ရှိကြသော်လည်း လာ၍မ ပေးပါ၊ သို့ကြောင့် ကျမကို လာပြီး တိုက်ရှင်တဦးအနေနှင့်မန်နေဂျာငွေထုတ်ကြီးမြှောက်ပြ ထုတ်ယူ သွားသော လခငွေများ တောင်းခံပေးရန် နာယူကြပြန်သော်သည်။ ကျမသည် မန်နေဂျာ ဦးဗအေး နှင့် ငွေထိန်းစာရေးမတို့ထံ စာတတန် ပေတတန်ရေး၍ ငွေနှင့်ယူသွာသောကားကို လာအပ်ရန် သတိပေး ပါသည်။

သတိပေးရက်လွန်လာသောအခါ ဆိုင်ရာသို့ တိုင်တန်းပါသည်။ ဥပဒေ အပြင် ဘက်ရောက်နေသလို ခရီး မတွင်ခဲ့ပါ။ ဤတွင်ဆန္ဒပြအလုပ်သမားများမှလည်း မြေကြီးပေါ်တွင်လှဲ လျက် အအိပ်ပျက် အစားပျက် ဒုက္ခခံနေကြရသည်ကို ကျမတွေ့မြင်ရသောအခါ စိတ်မချမ်းမသာ ဖြစ်ရပါသည်။ ၂-ရက်မှ ၃-ရက်၎-ရက်ရှိလာသောအခါ သူုတို့အဘို့  လခငွေရဘို့ ဆွဲထုတ်ပစ်ရန် အကူအညီတောင်းသည်ကို ရဲမှမကူညီ၍ မလုပ် ရသောအခါ အင်းထဲမှ အဆက်အသွယ်လူမိုက်များ နှင့်ခိုက်ရန်ဖြစ်ပွားအောင်  ကြိုးစားပြန်ခြင်း၊ အလုပ်သမား တို့ အိမ်က သားမယားများထံသွား၍ ခြေထိုးပေးခြင်း စသည်ဖြင့် လူစုကွဲသွားရန် ဥဏ်ကစား၍ ညစ်ပတ်ကြပြန်ပါသည်။

ကျမသည်ဒုက္ခရောက်နေသူများကို သနား၍ တခုခုကူညီရန်ဆုံးဖြတ်မိသည်။ သို့ကြောင့် သူတို့အ ထဲမှ အကြီးအမှုးပြုသူတစုကို ခေါ်ယူဆွေးနွေးပါသည်။ သူတို့လခမှာ မတရားအနိုင်ကျင့်၍ လုယူမှု ကြောင့်သတင်းစာကို အုပ်ချုပ်ထုတ်ဝေမှု၃-၄ရက်လက်လွတ်ထားရသည်ကို သိပါသည်။ သတို့အ ဘို့လူပေါင်း (၈၀)ကျော်တို့ စားဝတ်နေရေးအတွက် အခက်တွေ့နေရပါပြီဟုဆိုပြောသည်။ ကျမမှာလည်း မိုးသက် မုန်တိုင်းထည်းတွင် လွင့်ပါနေရသူ အန္တရာယ်အ၀ိုင်းခံနေရရာမှ ကျမကလူ ၈၀-ကို ကယ်တင်ရှင် လုပ်ရဦးတော့မည်၊ သို့ကြောင့် လခမရရုံမက အန္တရာယ်တွေကများလာပြီးဖြစ် သောဆန္ဒပြ အလုပ်သမား များအား ကိုယ့်အိမ် ကိုယ်ပြန်နေကြပါ၊ ယခုလောလောဆယ် ဈေးသုံးရန် တယောက်လျှင်ငွေ ၅၀ိ-ကျစီ ထုတ်၍ချေးလိုက်ပါမည်ဟု နှစ်သိမ့်စေပြီး ကျမလက်ထဲ၌ ဈေးသုံးရန် အလွယ်တကူ ကျန်ရှိ နေသေးသောငွေ ၄၀၀၀ိ-ကျော်ကို ထုတ်ပေးလိုက်သောအခါ သူတို့အဘို့ လက်တလော ပြဿနာ ပြေလည်၍ ကိုယ့်အိမ်ကိုယ်ယာသို့ ပြန်သွားကြရှာပါသည်။

ယုဝတီနေ့စဉ် ပေါ်ထွက်လာပြီ

ကျမအတွက် ပြဿနာအခက်အခဲတွေ မပြေလည်မှီ အလုပ်သမား(၈၀)ကျော်တို့၏ စားဝတ်နေရေးတာ ၀န်ကြီး ကို ကျမက ဘယ်နည်းနှင့်စွမ်းဆောင်နိုင်ပါမည်နည်း၊ ဗမာ့ခေတ်သတင်းစာကို ဆက်လက်ထုတ် ဝေးပေးပြီး သူတို့ တတွေ၏စားဝတ်နေရေး ဖြေရှင်းပေးမည်ကလဲ ကျူးကျော်လာရောက် နှောင်ယှက် ဖျက်ဆီးနေသူတို့၏ အခက်အခဲကြောင့် မဖြစ်နိုင့်တော့ပြီ၊ မသမာသူခေတ်ပဒေသာပင်ကြီးအုပ်၍ ဖြုန်း သုံးနေသော ဗမာ့ပစ်ချင်သည်မှာ ၂-နှစ်ခန့်ရှိလာခဲ့ရာ လွန်ခဲ့သည့်၃-၄လကအခါအခွင့်သင့်၍ ပုဒ်မ၁၄၅ -နှင့်ပင် ပိတ်ပေးဘို့ကြိုးစားခဲ့သည်။

သို့ရာတွင် တရားလွှတ်တော်က မပိတ်ရဟု အမိန့်ကျ၍ ကျမရည် ရွယ်ချက်ပျက်ခဲ့ရသည်၊ ယခုအခါ ကျမဆန္ဒကို တရားဥပဒေက မဖြည့်စွမ်းနို်င်သော်လည်း ဘုရားဥပဒေ ပြည့်အ၀စိတ်တိုင်းကျ အခွင့်ပြု လိုက်သည် နှင့်မခြား ဗမာ့ခေတ် သတင်းစာတိုက်ကြီးအား အလွယ်တကူ အေးအေးဆေးဆေးနှင့် ပိတ်ထား လိုက်ရသဖြင့် ကျမအဘို့ အထူးကြနပ် နှစ်သိမ့်သွားပြီး တဘ၀တာမှ ဖြင့်နားအေး စိတ်အေး နေ သွားရပေတော့မည့်ဟု အလွတ်ကြေနပ်နှင့်သိမ့်ခဲ့ပါသည်။

သို့ရာတွင် ဗမာ့ခေတ်အလုပ်သမား(၈၀)ကျော်တို့အား စားဝတ်နေ ရေးအတွက် ငဲ့ကွက်ညာတာကာ၊ ထမင်းအိုး တယ်ပေးရဦးမည့် တာဝန်ကို ကျမက၊ ယူမိသည့်အတိုင်း  (ယုဝတီနေ့စဉ် သတင်းစာ)ကို ထုတ်ဝေ ပေးရန်၊ စီမံစိုင်းပြင်းကြရပါတော့သည်။ နေ့စဉ်သတင်းစာ တစောင်ကို ထုတ်ဝေဘို့အလုပ်ဆို သည်မှာ မလွယ်ကူပါ။

ငွေကြေးသိန်းနှင့်ချီ၍ ဖြုန်းနိုင်မှဖြစ်ကြရိုးအစဉ် အလာမှန်ပါသည်။ ဤအစဉ်အ လာအတိုင်း မလုပ်နိုင်၊ ငွေရေး မတတ်နိုင်သဖြင့် ထိုင်ငတ်နေကြရမည့်အစား ဖြစ်သလိုလုပ်စားကြမည် ဆိုသော ဇွဲနှင့် လုပ်အားကို ကိုးကား အလုပ်သမားခေါင်းဆောင်ပါတနာ (၁၀)ဦးနှင့် ငွေကလေးတသောင်း ခန့် ချေးငှါး မတည်လျက်  ယုဝတီ နေ့စဉ်သတင်းစာတိုက်ကို မေလ တရက် အလုပ်သမာျးနေ့တွင် ဆိုင်းဘုတ်တင်ကာ၊ ၁၅-ရက် နေ့မှာ သတင်းစာ စတင်ထုတ်ဝေခဲ့ပါသည်။

ငွေတသောင်းကျော်ချေးငှါးရင်းနှီးပြီး ပုံနှိပ်စက်ဆို၍လည်းတလုံးမျှမရှိဘဲ၊ မြို့လုံးပေါက်လည် ပုံနှိပ်တိုက် ရှိသမျှသို့ အငှါးရိုက်စံနစ်နှင့် ယုဝတီစာတင်းထုတ်ဝေလာခဲ့သည့်မှာ ၈-လကျော်ခရိးသို့ ပေါက်ရောက်ခဲ့ ပါသည်။ အလုပ်သမားများစားဝတ်နေရေးအတွက် တလလျှင် လခငွေပေါင်း တစ်သောင်းကျော်မှန်မှန် ပေးနိုင်လျက် ထမင်းအဆက်မပြတ် စားလာကြရသည်မှလဲ ၈-လခရီးရောက်ခဲ့ပါပြီ၊ ယုဝတီကိုအားပေး သော စာဘက်ပရိသတ်များ၊ ကြော်ငြာရှင်များ၊ ကျေးဇူးကို ခိုလှုံရခြင်းကြောင့်လည်း ဖြစ်ပါသည်။

ကျမမှလည်း  သူတို့အလုပ်သမားတစု စည်းလုံးညီညွတ်မှုနှင့် အလုပ်ကိုကြိုးကြပ်အုပ်ချုပ်ပေးလာခဲ့ရ သည်မှာ ၈-လကျော်ကြာခဲ့ပါပြီ၊ ကံအားလျော်စွာ ကျန်းမာရေးက အံ့သြလောက်အောင် ကောင်းမွန်လာ ပြီဖြစ်သောကြောင့် ယုဝတီသတင်းစာ၌ တာဝန်ယူထိန်းသိမ်း အုပ်ချုပ်ပေးနိုင်ခြင်းဖြစ်ပါသည်။ ကျမ သည် အမျိုးသမီးများ အတွက် ရည်ရွယ်ချက်ဖြင့်လွန်ခဲ့သော ၁၇-နှစ်ခန့်ကစ၍ (၇)ရက်တစ်ကြိမ် ထုတ်ဝေ လာခဲ့သော ယုဝတီဂျာနယ်အား ဘယ်သောအခါမျှ နေ့စဉ်သတင်းစာဖြစ်လာရန် ကြံစည်စိတ် ကူးခြင်း အလျဉ် မပြုခဲ့ဘူးပါလျက် အစိန္တိတဗ္ဗံ၊ မကြံရွယ်ဘဲဖြစ်ပေါ်လာရခြင်းကို သတိပြုမိပါသည်။

ဘယ်အခါမှပြန်လှည့်မကြည့်ခဲ့ဘဲ အကြောင်းအားလျော်စွာ ဗမာ့ခေတ်သတင်းစာ တည်းဟူသောပွက် ပွက်ဆူနေသည့်ရေနွေးအိုးကြီးကို ၈-လနီးပါး ကျမ်ခေါင်းပေါ်တင်ရွက်ထားရရမှ ၁၉၆၁ ဧပြီလ တရက် နေ့ကစပြီး လွှတ်ချပေါက်ခွဲပစ်လိုက်ရသဖြင့်  ၀ဋ်ကျွတ်ပြီး တာဝန်ပေါ့သွားပြီဟု ၀မ်းသာနေရာမှ ယခုအ ခါမမျော်လင့်သော ယုဝတီနေ့စဉ် သတင်းစာကို ကျမကိုယ်ကျိုး၊ ကိုယ်စိးပွားမဟုတ်အလုပ်သ္မားတို့ အကျိုးအတွက် ငဲ့ကွက်၍ ရေချမ်းအိုးငယ်ကလေးတလုံးကိုဖြင့် ရွက်ပေးနေရပါပြီ၊ ကျမစီးပွားရေးမဟုတ် ဘဲလျက်နှောင့်ယှက်ဖျက်ဆီးမှုအမျိုးမျိုးကို ပြုလုပ်လျက် ရှိကြလေးသည်။

ယုဝတီသတင်းစာ စောင်ရေနည်းပါးသွားရန် မြို့နယ်အသီးသီး၌ အပန်းတကြီးကြိုးစားကြရလေသည်။ နယ်မှ ပေးပို့သော သတင်းလွှာများကိုလည်း လမ်းမှဖြတ်၍ဖျက်ဆီးနိုင်သမျှ၊ ဖျက်ဆီးခြင်းခံရသည်။ အလုပ်သမားမအချင်းချင်း မသင့်မတင့်ဖြစ်ရန်ခြေထိုး။ ရန်တိုက်ပေးသောနည်းများကိုလည်း သုံးလေ သည်။ ယုဝတီသတင်းစာပျက်စီးသွားစေရန်၊  မလိုသောအကြံနှင့် ဖျက်ဆီးခြင်းပြုသော်လည်း ယုဝတီး အလုပ်သမားတစု၏ အကျိုးသာဖြစ်ရာ ကျမအဘို့တော့ယုဝတီသတင်းစာပျက်စီးသွားသော်လည်း တစုံ တရာထိခိုက်မည့်မဟုတ်ပါ။ မှုလကပင် ဘာမှလုပ်ချင်စိတ်မရှိ၍ စိတ်အေးနာအေးနေလိုသူဖြစ်ရာ ယုဝတီသတင်းစာကို မထုတ်ချင်ဘဲနှင့် မရည်ရွယ်ဘဲနှင့် ထုတ်ဝေကြီးကြပ်ပေးနေရသာ ဖြစ်ပါသည်။

ယင်းသို့ ဗမာ့ခေတ်နှင့် ယုဝတီအလုပ်သမားများ၏ ၀မ်းရေးအတွက် ယုဝတီနေ့စဉ် သတင်းစာကို ထုတ်ဝေပေးရခြင်းဖြစ်ရာ အလုပ်သမားများမှာလည်း မူလကချမှတ်ခဲ့သည့် ဇွဲသတ္တိအတို်င်း အခက်အခဲ အဖျက်အဆီး များဒဏ်ကို ကြံကြံခံကာ ၀-လကျော်ခရီးအထိ ချီတက်လာခဲ့သဖြင့်ရှေ့ အဘို့ တိုးတက် လာပြီး အခြေအနေကောင်းလျက် ပုံနှိပ်စက်ကိုယ်ပိုင်များနှင့် သင့်တင့်လျောက်ပတ်သော ကိုယ်ပိုင်အ ဆောက် အဦး ကလေးများဖြင့် ကြီးပွားလာလျင်လည်း အလုပ်သမားများ၏  ကုသိုလ်သာဖြစ်၍ ယခုလို အတိုင်း လုပ်လုပ်စားစားနှင့် ရပ်တည်သွားလျှင်လည်း အချည်းနှီးကားမဖြစ်ပါ။ လူပေါင်း၈၀-၁၀၀၏ ထာဝရ ထမင်းအိုး တလုံး ဟူ၍ ကြေနပ်နှစ်သိမ့်ရမည်သာဖြစ်ပါသည်။

ကျမ၏ ကိုယ်ရေးကိုယ်တာအတွက်မှာ ဘာမှတာဝန်မရှိ စွဲလန်းခုံမင်ရန် ပစ္စည်းစိုကိုလည်း တခုမကျန် စွန့်လွှတ်ထားပြီး ဖြစ်ပါသည်။ ကြွင်းကုန်သမျှ အိမ်နှင့်ခြံမြေပစ္စည်းများကိုလည်း ဗမာ့ခေတ်ပုံနှိပ်တိုက် စက်ပစ္စည်း များနှင့်အတူ အမြတ်တော်ကြေးဌာနကို ၀ကွက်၍ အပ်ထားပြီး သားဖြစ်ပါသည်။

နိုင်ငံတော်ဘာသာပြဌာန်းသော အကြိုနေ့၌  ရွှေတိဂုံစေတီတော်ကြီးတောင်ဘက်မျက်နှာ ဓါတ်လှေခါး ဖွင့်ပွဲ အတွက် ဘဏ္ဍာတော်ထိန်းအဖွဲ့က ရက်သက်မှတ်လိုက်ပါပြီ။ ဤတွင် ကျမ လှူထားသော ဓါတ်လှေခါး ဘိုးငွေ များ ထုတ်မချေးနိုင်သည့် အတွက် ဂျင်ဟောင်းကုမ္ပဏီက ငွေမရလျှင် အပြီးသတ်တပ် ဆင်မပေး နိုင်ကြောင်းအကြောင်းကြားလိုက်ပါသည်။

ဘဏ္ဍာတော်ထိန်း အဖွဲ့ဝင်ပုဂ္ဂိုလ်ကြီးများသည် ကျမထံမှ စာရွက်စာတမ်းနှင့် အခိုင်အမာ လှူန်ဒါန်း ထားသောကြောင့် ဘဏ္ဍာတော်ထိန်းအဖွဲ့၏ တရားဥပဒေဘက်ဆိုင်ရာ တာဝန်ယူစေရန် ဂေါပကအဖွဲ့၏ ညွန့်ကြားချက် အရ လွှတ်တော်ရှေ့နေကြီး ဦးဘဂျမ်းက အမြတ်တော်ကြေးဌာနဆိုင်ရာ အကြီးအကဲ များနှင့် အလှူစာတမ်းအထောက်အထားခိုင်လုံ စွာထုတ်ပြလေသောကြောင့် ချိပ်ပိတ်ထားသော ဘဏ်တိုက် ရှိ ဓါတ်လှေခါးဘိုးအလှူငွေများကို ထုတ်ယူလှူဒါန်းခွင့်ပြုလိုက်သောကြောင့် ချောချော မောမော ရေစက်သွန်းချ၍ ဓါတ်လှေခါးဖွင့်ပွဲကိုပြီး မြှောက်ခဲ့ရပါသည်။

အကြီးဆုံးနှင့်အကြမ်းဆုံး လောကဓံလှိုင်း

လှူရေးတန်းရေးမှာပင် ဤမျှဝင်ရောက်နှောင့်ယှက်ဖျက်ဆီဝံ့သေးလျက် အခြားညစ်ပတ်ကေ၀ံကျစ်ရန် ကိစ္စ မှန်သမျှ လက်မြန်ခြေမြန်အဖန်ဖန်ပြုခဲ့သည်မှာ အဆန်းမဟုတ်တော့ဘဲ အပ်ကြောင်းထပ်၍နေပြီး ဖြစ်ပါသည်။ ကျမသည် ဘ၀တလျှောက်၌ ရင်ဆိုင်ခဲ့ရလေသမျှုကိစ္စအမျိုးမျိုးများတွင် အသက်အရွယ် ကြီးပြီး ဘ၀နီဂုံးချုပ်ကာနီး နေ၀င်ချိန်နီးသော အချိန်အခါမှာမှ မကြုံခံစားရလေသည်။ ဘ၀တလျှောက်  ကျော်ဖြတ် ခဲ့၇သော  လောကဓံလှိုင်းလုံးများအနက် ဤလှိုင်းတလုံးမှာအကြီးဆုံးအကြမ်းဆုံးနှင့် အဆိုး ဆုံးသာ ဖြစ်ပါသည်။ သို့ရာတွင် ကျမအဘို့မှာ လောကဓံတရားကို တွေကြုံပါများခဲ့သူဖြစ်၍ ခြောက်ချား မှု မဖြစ်တော့ဘဲအဆိုးထဲမှအကောင်းကိုရှာ၍ ယူနိုင်ကာ တရားရေးအမြင်မှန် ကျန်းမာအေရးအမြင်မှန်ကို လက်ဆုပ် လက်ကိုင် တွေ့လာပြီး ဖြစ်သောကြောင့် ကြေနပ်ဝမ်းမြောက်မိပါသည်။

ကုသိုလ်နှင့် အကုသိုလ်တို့မှာ ဘ၀အကျိုးဆက်တိုင်း ကျင်လည်တွေ့ဆုံရခြင်သာလျှင်ဖြစ်ပါသည်။ ကံ ကံ၏ အကျိုးကို ယုံကြည်သူဖြစ်သည့်တိုင်းကံ၏ အကျိုးပေးကိုခံယုရန်စောင့်ဆိုင်းလျက် ရှိပါတော့ သည်။ ဤသည် တို့မှာ နှစ်ပေါင်း၆၀-တွင် ကျမဘ၀၌ ရင်ဆိုင်ခဲ့ရသမျှ ကိုယ်ရေးကိုယ်တာ အတ္တုပ္ပတ္ထိဝင် မှတ်တမ်းများ ဖြစ်ပါသည်။

ယနေ့မှ ရှေ့အဘို့  ဆက်လက်၍အသက်ရှည်နေသ၍ လက်တွေ့ရင်ဆိုင်ရ သောအကြောင်းအရာများကို စုဆောင်း လျက် နှစ်ပေါင်း၆၀-၏ နောက်ဆက်တွဲအဖြစ် ရေးသားဦးမည် ဖြစ်ရာ ၎င်းနောက် ဆက်တွဲတွင် ယခင် ချန်လှပ်ခဲ့ရသော အရေးပါသည့် စာရွက်စာတမ်းများ၊ စာချုပ်လိမ်များ လက်မှတ်လိမ် များနှင့်တကွ မှတ်တမ်း ဓါတ်ပုံဘလောက် များပါ ဝေေ၀ဆာဆာဖော်ပြနိုင်ရန် စီစဉ်ထား မည့်ဖြစ်ပါကြောင်း။

ပြီးပါပြီ
.
(ယခု ဒဂုန် ခင်ခင်လေး စာအုပ် နေရာတွင် မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ ဝတ္ထု ကို ဖော်ပြ ပေးပါမည် )
.

3 comments:

ယောနက်သန် said...

ဦးအုန်းခင်၊ ဒေါ်ခင်ခင်လေး အကြောင်း မဖတ်ဖူးဘူး။ တကူးတက စာရိုက်တင်ပေးတာ ကျေးဇူးအထူးပါ။

Anonymous said...

ယုဝတီ သတင်းစာကို အလုပ်သမား ၈၀ ကျော်ရဲ့ ထမင်းအိုးအတွက် သူ ကယ်တင်ရှင်လုပ်ပြီး ထုတ်ပေးရတယ် ဆိုတာတော့ ကိုယ့်ကိုယ်ကိုယ် မြှောက်ရေးတာ ထင်တာပဲ။ အလုပ်သမားတွေကို နေ့တွက်လခပဲ ပေးပြီး အမြတ်အားလုံး သူယူမှာ ရှင်းနေသားနဲ့ သူ့ကိုယ်ကျိုး လုံးလုံးမပါ သူစီးပွား၇ှာဖို့ လုံးလုံးမဟုတ် အလုပ်သမားတွေအတွက်ဆိုတော့ အတင်း လိုရာဆွဲ ရေးထားသလိုပဲ။

တစ်ဖက်ထဲ ဖိပြောနေတဲ့ စကားတွေဆိုတော့ အတည်ယူရတော့ ခက်တယ်။

Thura Sao Yan Naing said...

ကျွန်တော့ facebook မှာ အမှတ်တရတင်ထားပါရစေ ခင်ဗျာ။
လေးစားစွာဖြင့်