Thursday, May 20, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၁၇)

အခန်း (၁၇)

၁၉၃၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၄ ရက် ...
ထိုနေ့တွင်အေဘယ်ရို့စ်နော့စကီးသည် မီးရထားဖြင့် ဘော့စတွန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဘူတာမှ တက္ကဆီငှား၍ ကိန်းနှင့်ကဘော့ဘဏ်တိုက်သို့ တန်းလာခဲ့သည်။ သူသည် စည်းဝေးပွဲ စတင်ချိန်မတိုင်မီ မိနစ်ပိုင်း မျှစော၍ ရောက်ရှိလာသည်။
ကျယ်ဝန်းခမ်းနားသော ဧည့်ခန်းဆောင်တွင် ထိုင်ကာ စားပွဲပေါ်မှ ' ဝေါလ်စထရိဂျာနယ် ' သတင်းစာကြီးကို လှန်ဖတ် နေလိုက်သည်။

၁၉၃၀ ပြည့်နှစ်တွင် စီးပွားရေးကောင်းလာရန် အလားအလာရှိသည်ဟု သတင်းစာက သုံးသပ်ထားသည်။ သို့သော် သူကတော့ မယုံချင်။

ရုပ်ရည်ချောမောသော မိန်းမရွယ်တစ်ယောက် အခန်းထဲဝင်လာသည်။
' မစ္စတာကိန်း ရောက်နေပါပြီ၊ မစ္စတာရို့စ်နော့စကီး '
အေဘယ် သည် ထိုင်ရာမှထကာ ထိုအမျိုးသမီးနောက်သို့ လိုက်လာခဲ့သည်။

ဝက်သစ်ချသားကာ ရုံးခန်းကျယ်ကြီးတစ်ခုထဲသို့ ၀င်လာခဲ့သည်။ သားရေဖုံးစားပွဲကျယ်ကြီးနောက်တွင် အရပ်ရှည်ရှည်၊ ရုပ်ရည်ခန့်ညားသော လူငယ်တစ်ယောက် ထိုင်နေသည်။ ထိုသူသည် မိမိနှင့် သက်တူ ရွယ်တူ လောက်ပင် ရှိလိမ့်မည်ဟု အေဘယ်က ခန့်မှန်းလိုက်မိသည်။

ထိုလူငယ်၏ မျက်လုံးများမှာလည်း အေဘယ်၏ မျက်လုံးများလိုပင် အပြာရောင်ဖြစ်သည်။ သူ့နောက်မှ အခန်းနံရံတွင် လူလတ်ပိုင်းအရွယ် လူတစ်ယောက်၏ ဓာတ်ပုံကားချပ်ကြီးကို ချိတ်ဆွဲထားသည်။ ထိုပုံထဲမှ ပုဂ္ဂိုလ် နှင့် စားပွဲတွင် ထိုင်နေသော လူငယ်တို့သည် ရုပ်ရည်ချင်း အလွန်တူကြသည်။ သူ့အဖေဖြစ်လိမ့်မည် ဟု အေဘယ် က ထင်လိုက်သည်။
' ကျွန်တော့်နာမည် ၀ီလျံကိန်းပါ ' ထိုလူငယ်က ထိုင်ရာမှထ၍ လက်ကို ကမ်းပေးသည်။

' ထိုင်ပါ မစ္စတာရို့စ်နော့စကီး '
' ကျေးဇူး တင်ပါတယ် '
ဝီလျံက သူ့ရှေ့မှ အ၀တ်အစား မသေမသပ်နှင့် လူပုသေးသေးကလေးကို အကဲခတ်ကြည့်နေသည်။ ထူးခြားသော မျက်လုံးအမူအရာ ကို သတိထားလိုက်မိသည်။

' အဲဒီတော့ နောက်ဆုံးအခြေအနေတွေကို ကျွန်တော် ရှင်းပြပါ့မယ် ' ၀ီလျံက ပြောသည်။
' ဟုတ်ကဲ့ ကောင်းပါတယ် '
' မစ္စတာလီရွိုင်း ဟာ အချိန်မတန်သေးဘဲနဲ့ ၀မ်းနည်းစရာ ရုတ်တရက် သေဆုံးသွားတာကြောင့် '
' အဲဒီလိုဖြစ်ရတာ မင်းကြောင့်ပဲ ... မင်းကြောင့်ပဲ ' ဟု အေဘယ်က တွေးလိုက်မိသည်။
ဝီလျံက စကားပြန်ဆက်သည်။

' ဒီဟိုတယ်တွေကို လောလောဆယ် အုပ်ချုပ်နေတဲ့ ခင်ဗျားအပေါ်မှာ လုံးဝ တာဝန်ရောက်လာခဲ့ရတယ်၊ အဲဒီတော့ ဒီဟိုတယ်တွေကို ၀ယ်မယ့်လူ အမြန်ဆုံးရအောင် ရှာဖို့ တာဝန်ဟာလည်း ခင်ဗျားအပေါ်မှာပဲ ရောက်ရှိ လာတယ်၊ ခင်ဗျားက ဟိုတယ်အားလုံးရဲ့ ရာနှုန်းပြည့်ရှယ်ယာတွေကို ပိုင်ထားပေမယ့် မစ္စတာလီရွိုင်း က ကျွန်တော်တို့ဆီက ငွေချေးခဲ့တုန်းက ဒီဟိုတယ်တွေကို အပေါင်ပစ္စည်းအဖြစ် ထားပစ်ခဲ့ တဲ့ အတွက် အခုဆိုရင် ဒီဟိုတယ်အားလုံးဟာ ကျွန်တော်တို့လက်ထဲ ရောက်နေပါပြီ။

' သဘောကတော့ အဲဒီအတွက်ကြောင့် ခင်ဗျားမှာ ဘာတာဝန်မှ မရှိတော့ဘူး၊ ခင်ဗျားနဲ့ ဘာမှ မဆိုင်တော့ဘူး၊ အဲဒီတော့ ခင်ဗျားအနေနဲ့ ဒီလုပ်ငန်းက အပြီးအပိုင် ထွက်သွားချင်တယ်ဆိုရင်လည်း လွတ်လွတ် လပ်လပ် ထွက်သွားနိုင်ပါပြီ '
သည်စကားကို စော်ကားသည့်စကားဟု အေဘယ်က ယူဆလိုက်သည်။

သို့သော် သူက နားထောင်မြဲ နားထောင်နေသည်။
' ကျွန်တော်တို့ ဆီက ချေးထားတဲ့ ငွေနှစ်သန်းကို မပေးဆပ်နိုင်သေးသမျှ ကာလပတ်လုံး မစ္စတာလီရွိုင်းပိုင် တဲ့ ပစ္စည်းတွေဟာ ကျွန်တော်တို့ လက်ထဲမှာပဲ ရှိနေပါလိမ့်မယ်၊ ဒီလုပ်ငန်းမှာ ခင်ဗျားအနေနဲ့ ကြိုးစားလုပ် ကိုင်ခဲ့တာ တွေကိုတော့ ကျွန်တော်တို့ကလည်း မမေ့ပါဘူး၊ လေးလေးစားစား အသိအမှတ်ပြုပါတယ်၊

အဲဒီ တော့ လိုရင်းကို ပြောရရင် ကျွန်တော်တို့က မစ္စတာလီရွိုင်းရဲ့ လုပ်ငန်းနဲ့ ပစ္စည်းတွေကို မသိမ်းခင် ခင်ဗျား အနေနဲ့ အဲဒီပစ္စည်းတွေကို ၀ယ်မည့်လူရအောင် အမြန်ဆုံးရှာဖို့ပါပဲ'
' ၀ယ်သူ ရအောင် ကျွန်တော် ရှာပါ့မယ်၊ အချိန်ဘယ်လောက် ပေးနိုင်ပါ့မလဲ '
ဝီလျံက အေဘယ်ကို စိုက်ကြည့်နေသည်။

အေဘယ်၏ လက်မှ ငွေလက်ကောက်ကွင်း ဆီသို့ ရုတ်တရက် မျက်လုံးရောက်သွားသည်။ ထို လက်ကောက် ကို တစ်ချိန်တုန်းက တစ်နေရာတွင် သူ မြင်ခဲ့ဖူးသည်။ သို့သော် ဘယ်နေရာမှန်းတော့ စဉ်းစား၍ မရတော့။
' ရက် ၃၀ ပေးပါ့မယ်၊ အဲဒီတော့ ဒီရက်အတွင်း အမြန်ဆုံးရအောင် လုပ်စေချင်ပါတယ်၊ နို့မဟုတ်ရင် ဘဏ်တိုက် အနေနဲ့ ရှုံးသထက် ရှုံးနေလိမ့်မယ်၊ ရှီကာဂိုဟိုတယ်တစ်ခုသာ အရှုံးမပေါ်တာ၊ တခြားဟိုတယ် ဆယ်ခု က နေ့တိုင်း အရှုံးပေါ်နေတယ်၊ ဒါကြောင့် အရှုံးနည်းအောင် မြန်နိုင်သမျှ မြန်စေချင်တဲ့သဘောပါ '

' ခင်ဗျားအနေနဲ့ ကျွန်တော့်ကို အချိန်လည်းပေးမယ်၊ အကူအညီလည်း ပေးမယ် ဆိုရင် ဒီဟိုတယ်တွေ အမြတ် ထွက်လာအောင် ကျွန်တော် လုပ်နိုင်ပါတယ် မစ္စတာကိန်း၊ အဲဒီတော့ ဖြစ်နိုင်ရင် ကျွန်တော့်ကို ကူညီ စေချင်ပါတယ်ခင်ဗျား '
နောက်ဆုံး စကားကို သုံးလိုက်သည့်အတွက် အေဘယ်က သူ့ကိုယ်သူ လိပ်ပြာမလုံချင်သလို ဖြစ်သွားမိ သည်။

' မနှစ်တုန်းက မစ္စတာလီရွိုင်း ကျွန်တော်တို့ဆီ ရောက်လာတုန်းကလည်း ဒီစကားမျိုးပဲ ပြောသွားခဲ့ တယ်၊ ခင်ဗျား အသိပါပဲ မစ္စတာရို့စ်နော့စကီး၊ အခုအချိန်က စီးပွားရေးလုပ်ငန်းတိုင်း ဘေးကျပ်နံကျပ်တွေ့နေတဲ့ ကာလ ပါ၊ အဲဒီတော့ ဟိုတယ်လုပ်ငန်းလည်း ကောင်းလာနိုင်စရ မရှိပါဘူး၊ ကျွန်တော်တို့ ဘဏ်သမား တွေ လည်း ထိုနည်းလည်းကောင်းပါပဲ '
အေဘယ် စိတ်တိုချင်လာပြီ။ သို့သော် သူက စိတ်ကို ထိန်းပြီး ပြန်ပြောသည်။

' ဟိုတယ် လုပ်ငန်း ဖျက်ပစ်လိုက်ရင် အမှုထမ်းဆွေအတွက် ပိုဆိုးသွားပါလိမ့်မယ်၊ သူ့ခမျာတွေ ဘယ်သွား ပြီး ဘာလုပ်ကြရတော့မှာလဲ '
' အဲဒိတော့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး၊ ကျွန်တော်တို့က ကိုယ့်လုပ်ငန်းရဲ့ အကျိုးစီးပွားကိုပဲ အဓိက ကြည့်ရ မှာပဲ '
' ကိုယ့်လုပ်ငန်းရဲ့ အကျိုးစီးပွားဆိုတာက ခင်ဗျားတစ်ယောက်တည်းရဲ့ အကျိုးစီးပွားကို ဆိုလိုတာပါလား မစ္စတာကိန်း '
ဝီလျံ မျက်နှာပျက်သွားသည်။

' ဒါကတော့ ခင်ဗှား မတရားပြောတဲ့စကားပဲ၊ ခင်ဗျား ကျွန်တော့်လုပ်ရပ်ကို နားမလည်ရင် ကျွန်တော် ကတော့ ' ဗဲရီး ဆောရီးပဲ ' မစ္စတာရို့စ်နော့စကီး '
' ခင်ဗျားက မစ္စတာလီရွိုင်းကို နားမလည်ခဲ့တာမှ ပိုပြီး ဆိုးတာပါ၊ ခင်ဗျားသူ့ကို နားလည်ဖို့ ကောင်းတယ်၊ ခုတော့ ခင်ဗျားက သူ့ကိုနားမလည်လို့ သူ့ကို သတ်ပစ်လိုက်ပြီ၊ ပြူတင်းပေါက်က ခင်ဗျားကိုယ်တိုင် တွန်းချ လိုက်တာနဲ့ ဘာမှမထူးဘူး၊ ခင်ဗျားတို့က ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ၀ါဒကို အသေ စွဲကိုင်ပြီး ကိုယ်ကျိုးပဲ ရှာနေကြတယ် '
ဝီလျံ လည်း ဒေါသထွက်လာပြီ။ သို့သော် သူက အေဘယ်နှင့်မတူ။ သူ့ဒေါသကို အပြင်သို့ ထုတ်မပြ။

' ဒီအတိုင်းဆိုရင်တော့ ကျွန်တော်တို့ ဆွေးနွေးပွဲ ဘာမှအဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးမစ္စတာရို့စ်နော့စကီး၊ အဲဒီတော့ ကျွန်တော် တိုတိုနဲ့ ရှင်းရှင်းပဲ ပြောပါရစေ၊ ရက် ၃၀ အတွင်း ၀ယ်သူရအောင် ရှာပါ၊ မရရင်တော့ ဟိုတယ်အားလုံးကို လေလံတင်ပြီး ရောင်းပစ်ရပါလိမ့်မယ် '

' အဲဒီလိုလုပ်မယ့်အစား ကျွန်တော် ငွေချေးလို့ ရနိုင်မယ့် ဘဏ်တစ်ခုခုကို ခင်ဗျားက အကြံပေးရင် ပို မကောင်းဘူးလား ' အေဘယ်က သရော်စကားပြောလိုက်သည်။ ' ကျွန်တော့်အကြောင်း ခင်ဗျား အားလုံး သိပါတယ်၊ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို မကူညီဘူး၊ အဲဒီတော့ အခု ကျွန်တော် ဘာလုပ်ရတော့မှာလဲ၊ ဘယ်သူ့ ဆီသွားပြီး ခြေထောက်ဖက်ရတော့မှာလဲ၊ ပေးပါဦးဗျ၊ အကြံကောင်း၊ ဥာဏ်ကောင်းကလေး၊ ခင်ဗျား ဟားဗတ်တက္ကသိုလ်ထွက်ဆိုတော့ ဒီလောက်တော့ တော်မှာပေါ့ '

' ကျွန်တော့်ကို သရော်နေစရာ မလိုပါဘူး၊ မစ္စတာရို့စ်စကီး၊ ခင်ဗျားလည်း အစွမ်းအစရှိတဲ့လူပဲ၊ ကိုလံဘီယာ တက    ကသိုလ်ထွက် ဘောဂဗေဒပညာရှင်တစ်ယောက်ပဲ၊ ကိုယ့်အစွမ်းနဲ့ ကိုယ်သာ လုပ်စမ်းပါ၊ ကျွန်တော် အကြံမပေးနိုင်တာ စိတ်မရှိပါနဲ့၊ ကျွန်တော် အခုပြောနေတာက ဘဏ်အုပ်ချုပ်ရေး အဖွဲ့ကြီး ရဲ့ အမိန့်အရ ပြောနေတာပါ၊ အဲဒီတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ထက် နောက်မကျစေဘဲ ခင်ဗျား က ကျွန်တော်နဲ့ ပြန်ဆက်သွယ်စေချင်တယ်၊ ကဲ ... ကံကောင်းနိုင်ပါစေ မစ္စတာ ရို့စ်နော့စကီး '

ဝီလျံက ကုလားထိုင်မှ ထရပ်လိုက်သည်။ ပြီးတော့ လက်ကို ကမ်းပေးသည်၊ အေဘယ်က ၀ီလျံ၏ လက်ကို လှမ်းမကိုင် ဘဲ ထိုင်ရာမှ ဆက်ခနဲထပြီး တံခါးဘက်သို့ လျှောက်လာခဲ့သည်။ ပြီးတော့ တံခါးရှေ့တွင် ရပ်ကာ ၀ီလျံဘက်သို့လှည့်၍ ပြောလိုက်သည်။

' ကျွန်တော်တို့ ဖုန်းဆက်စကားပြောပြီးတော့ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို တစ်နည်းတစ်လမ်းက အကူ အညီ ပေးလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တယ် မစ္စတာကိန်း၊ ကျွန်တော့်အထင် မှားသွားတယ်၊ ခင်ဗျားက ကျွန်တော် ထင်ထားတာနဲ့ တခြားစီပဲ၊ အလကားလူတစ်ယောက်ပဲ၊ ဒီတော့ ဒီနေ့ည အိပ်ရာဝင်တော့ နဖူး ပေါ်လက်တင်ပြီး ကျွန်တော်ပြောခဲ့တာတွေ ပြန်စဉ်းစားကြည့်ပါ၊

မနက်မိုးလင်းတော့လည်း ပြန်ပြီး စဉ်းစားပါဦး၊ ဒီစကားဘာဖြစ်လို့ ပြောရသလဲဆိုတော့ ခင်ဗျားနဲ့ ပတ်သက် ပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော့်အနေနဲ့ တစ်သက်လုံး စဉ်းစားနေမှာမို့လို့ပဲ၊ ကဲ ... သွားပြီဗျာ၊ တစ်နေ့ တော့ တွေ့ကြသေးတာပေါ့'
ဝီလျံက ပိတ်သွားသောတံခါးရှေ့တွင် မျက်မှောင်ကြီးကြုတ်ပြီး ရပ်နေမိသည်။
ဒီလူ့ လက်က ငွေလက်ကောက် ငါ မြင်ဖူးပါတယ်၊ ဘယ်မှာ မြင်ဖူးတာပါလိမ့်။
သူ၏ အတွင်းရေးမှူး စာရေးမ ၀င်လာသည်။

' လူပုံက သေးသေးညှပ်ညှပ်နဲ့ တော်တော် ကြောက်စရာကောင်းတဲ့ ငနဲပါလား မစ္စတာကိန်း '
' သူ ပြောတာလည်း မမှားပါဘူး၊ သူက မစ္စတာလီရွိုင်းဟာ ကျွန်တော်တို့ စနက်ကြောင့် သေရတာလို့ ယုံကြည်နေတယ်၊ ပြီးတော့ ကျွန်တော်တို့က အမှုထမ်း ပြဿနာကို လုံးဝမကြည့်ဘဲ ဟိုတယ်တွေ ရောင်း ပစ်မယ် ဆိုတာ ကိုလည်း သူက လုံးဝမကျေနပ်ဘူး၊

 အမှန်ကတော့ မစ္စတာရို့စ်နော့စကီးဟာ လူတော် လူကောင်းတစ်ယောက်ပါ၊ အဲဒီအချက်ကို ကျွန်တော်တို့ ဘုတ်အဖွဲ့ဝင် တွေက ထည့်မတွက်ဘဲ အခုလို ရက်ရက်စက်စက် လုပ်လိုက်မိတာကိုတော့ ကျွန်တော့်အနေဲ့ တော်တော် လည်း စိတ်မကောင်းပါဘူး ' သူက အတွင်းရေးမှူး စာရေးမ မျက်နှာကို မော့ကြည့်လိုက်ပြီး -
' ကဲ ... ကျွန်တော့်ကို မစ္စတာကိုဟ်ဆီ ဆက်ပေးစမ်းဗျာ '
..................................................
အခန်း (၁၈) ဆက်ရန်
.

No comments: