Wednesday, May 19, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၁၆)

အခန်း (၁၆)

"ရစ်ခ်မွန့် ကွန်တီနင်တယ်"ဟိုတယ်တွင် ဖြစ်ပေါ်နေသော ပြဿနာအပြည့်အစုံ သိရှိရန်အတွက် အေဘယ် သည် သုံးလတိတိ အချိန်ယူခဲ့ရသည်။ ယင်းကို တစ်ချက်ကလေးမျှ သတိလစ်မခံဘဲ မျက်စိကို ဒေါက်ထောက်ပြီး သီတင်းပတ် ၁၂ပတ်မျှ အကဲခတ်ပြီးသောအခါ ဟိုတယ်အမှုထမ်းများက ပိုက်ဆံတွေ ခိုးယူနေခြင်း ကြောင့် ယခုကဲ့သို့ အရှုံးပေါ်နေရသည်ဟူသော အဖြေသည် ဘူးပေါ်သလို ပေါ်လာ တော့သည်။

    သို့သော် သူယင်းအချက်ကို သိရှိထားပြီး ဖြစ်ကြောင်း အမှုထမ်းများ လုံးဝမရိပ်မိစေတဲ့သူက ဆက်လက် စောင့်ကြည့် နေသည်။ ဌာနတိုင်း၏ အတွင်းရေးများကို ချေးခါးအူမ သိရှိအောင် အချိန်ယူ၍ အကဲခတ် နေသည်။

    စာရင်းလိမ်မှုသည် ဧည့်သည်လက်ခံဌာနမှ စတင်သည်။ ဟိုတယ်သို့ ဧည့်သည် ဆယ်ယောက်လာလျှင် မှတ်ပုံတင်စာရေးများက ရှစ်ယောက်သာ စာရင်းပြပြီး နှစ်ယောက်အတွက် ပိုက်ဆံကို သူတို့အိတ်ထဲ ထည့်လိုက် ကြသည်။

    စားသောက်ခန်းတွင်မူ သူတို့လုပ်ပုံက ပို၍ စေ့စပ်သည်။ မှတ်ပုံတင်စာရေးနှင့် စားသောက်ခန်း အမှုထမ်း တို့ စည်းဝါးကိုက်ထားကြသည်။ မှတ်ပုံတင်စာရင်းမ၀င်သော ဧည့်သည်များ စားသောက်ခ စာရင်း မသွင်း ဘဲ ထားသည်။ စားသောက်ခန်းတွင် ပစ္စည်းတွေ မကြာခဏပျောက်သည်။ အစားအသောက်များကိုလည်း ခိုးကြသည်။ ပန်းကန်၊ ဇွန်း၊ ခက်ရင်း၊ စားပွဲခင်းမှစ၍ ပျောက်ရှသည်။ ထို့ပြင် ပန်းကန်ခွက်ယောက်များ မတော် တဆ ကွဲရှသည်ဟု လိမ်ပြပြီး ခိုးယူကြသည်။ စားပွဲ၊ ကုလားထိုင်များ ပြန်ပြင်ရသည်ဆိုပြီး ပိုက်ဆံခိုး ယူကြသည်။
    ဤသို့ဖြင့် ဟိုတယ်အမှုထမ်း ထက်ဝက်ခန့်မှာ သူခိုးတွေဖြစ်နေကြောင်း အေဘယ်က သိလာရသည်။

    သူသည် ဟိုတယ်သို့ ရောက်ခါစက မန်နေဂျာ ဒက်စမွန်ပါစီအနေဖြင့် သည်ပြဿနာတွေကို ဘာကြောင့် များ မသိတာပါလိမ့်ဟု တွေးမိခဲ့သည်။ သူက ပါစီအား လူပျင်းတစ်ယောက်ဟု အစတုန်းက ထင်ခဲ့ခြင်း မှာလည်း လုံးဝမှားနေကြောင်း နောက်တော့မှ သိလာရသည်။

    တကယ်တော့ ပါစီက လူပျင်းမဟုတ်၊ လူလည်တစ်ယောက် ဖြစ်နေသည်။ ဟိုတယ်အတွင်း ခိုးဝှက်မှုကြီးတစ်ခုလုံး၏ အဓိကတရားခံဖြစ်နေသည်။ မန်နေဂျာ ကိုယ်တိုင်က ကြံရာပါဖြစ်နေသော ကြောင့် လည်း အားလုံး ပိပိရိရိနှင့် အလုပ်ဖြစ်နေကြခြင်းဖြစ်သည်။ ပါစီသည် ရစ်ခ်ျမွန့် ဟိုတယ် လုပ်ငန်း တွင် နှစ်ပေါင်းသုံးဆယ်မျှ လုပ်ကိုင်လာခဲ့ပြီ။ ထို့ကြောင့် သူမလုပ်ဖူးခဲ့သော ရစ်ခ်ျမွန့်ဟိုတယ်ဟူ၍ တစ်ခုမျှ မရှိတော့။ ဤအချက်ကို တွေးပြီး တခြားဟိုတယ်တွေလည်း ကွန်တီနင်တယ်ဟိုတယ်ကဲ့သို့ပင် အတွင်းလှိုက် ပြီး လောက်စားနေလိမ့်မည်ဟု သေချာသည်ဟု အေဘယ်က ယုံကြည်သည်။ ပါစီသည် ဟိုတယ်ပိုင်ရှင် မစ္စတာလီရွိုင်း၏ ရင်းနှီးသောမိတ်ဆွေ ဖြစ်နေခြင်းက အေဘယ်အတွက် ပို၍ ဘေးကျပ်နံကျပ် ဖြစ်ရသည်။

    ယခု ရှီကာဂိုမြို့မှ ကွန်တီနင်တယ်ဟိုတယ်သည် တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာသုံးသောင်းခန့် အရှုံး ပေါ်နေသည်။
    သည်အခြေအနေကို ပြောင်းလဲပစ်ရန် အဓိကလုပ်ငန်းမှာ မန်နေဂျာ ပါစီအပါအ၀င် အမှုထမ်း တစ်ဝက်ခန့်ကို အလုပ်ထုတ်ပစ်မှ ဖြစ်မည်။ သို့သော် မစ္စလီရွိုင်းသည် ရှေးတုန်းကပင် မည်သည့် အမှုထမ်း ကိုမျှ ထုတ်ပစ်ခြင်းမရှိခဲ့၍ အေဘယ်အနေဖြင့် အကျပ်တွေ့ရပြန်သည်။ မစ္စတာလီရွိုင်းက ပြဿနာကို သိသော်လည်း တနေ့ကောင်းလာပါလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် စောင့်၍သာ ကြည့်လာခဲ့သည်။

    ဘာပဲဖြစ်ဖြစ် လုပ်သင့်တာကိုတော့ လုပ်ရတော့မည်။ သည်ပြဿနာကို မစ္စတာလီရွိုင်းအား အိတ်သွန် ဖာမှောက် ရှင်းပြမှဖြစ်တော့မည်။
    သို့ဖြင့် ၁၉၂၈ခုနှစ်၊ နှစ်ဦးတွင် အေဘယ်သည် တစ်ပြည်လုံးရှိ ရစ်ခ်ျမွန်ဟိုတယ်အားလုံး သို့ သွားရောက်ပြီး အခြေအနေများကို လေ့လာခဲ့သည်။ ထို့နောက် သုံးလတိတိ အချိန်ယူကာ စာမျက်နှာ ၂၀၀ ရှိ အစီရင်ခံစာရှည်ကြီးတစ်ခုကိုကြိုးစားပမ်းစားရေးသည်။
    ယင်းအစီရင်ခံစာကို ဖတ်ရတော့ မစ္စတာလီရွိုင်းက စိတ်မချမ်းသာစွာဖြင့် အေဘယ်၏ မျက်နှာကိုသာ ငေးကြည့် နေသည်။

သူက အစီရင်ခံစာကို စားပွဲပေါ် ပြန်တင်လိုက်သည်။ ပြီးတော့ ...
' ဒီလူတွေ အားလုံးလိုလိုက ငါ့မိတ်ဆွေတွေ ဖြစ်နေတယ် အေဘယ်၊ တချို့ဆိုရင် ဟိုတယ် တည်ထောင် ချိန်က စပြီး ငါနဲ့အတူတူ တွဲလုပ်လာခဲ့ကြတာ၊ နှစ်ပေါင်း သုံးဆယ်တိတိ လုပ်လာခဲ့ကြပြီ။ ဒီလုပ်ငန်းမျိုးမှာ ဒီလုပ်ရပ်မျိုးတွေကတော့ အနည်းနဲ့အများ ရှိကြမှာပဲ၊ ဒါပေမဲ့ အခု မင်း အစီရင်ခံစာအရဆိုရင် ဒီလူတွေက ငါ့မျက်နှာ လုံးဝ မထောက်ဘဲ ငါ့နောက်ကျောကို ဓားနဲ့ထိုးနေသလို ဖြစ်နေပြီ '
' ဟုတ်ပါတယ်၊ တချို့ဆိုရင် အဲဒီလိုလုပ်နေတာ နှစ်ပေါင်း သုံးဆယ်တောင် ရှိနေကြပြီ '
' အဲဒီတော့ ငါဘယ်လိုလုပ်ရမှာလဲ '

' မန်နေ၈ျာပါစီကို အလုပ်က ထုတ်ပစ်လိုက်ပါ၊ အဲဒါဆိုရင် ဒီဟိုတယ် တိုးတက်လာအောင် ကျွန်တော် လုပ်နိုင်ပါတယ်၊ ပြီးတော့ မနက်ဖြန်ကစပြီး ကျွန်တော် ထုတ်ပစ်ချင်တဲ့လူကို ထုတ်ပစ်ပိုင်ခွင့်ကိုလည်း ပေးပါ'
' ပြဿနာက ဒီလောက်တောင် ကြီးကျယ်နေလို့လား အေဘယ်၊ စဉ်းစဉ်းစားစားလည်း လုပ်ပါဦးလေ၊ ငါ့အထင်တော့ လွယ်လွယ်နဲ့ လုပ်လို့ရမယ် ထင်တာပဲ '
' ဟုတ်ပါတယ်၊ လွယ်လွယ်နဲ့ လုပ်လို့ ရနိုင်ပါတယ်၊ ကျွန်တော် တောင်းဆိုတဲ့ အချက်တွေကိုသာ ပေးပါ၊ အဲဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်လည်း ခုချက်ချင်းပဲ ထွက်စာတင်သွားတော့မယ်၊ အမေရိကန် တစ်ပြည်လုံး မှာ အဆိုးရွားဆုံးဟိုတယ်မှာ လုပ်နေလို့ ကျွန်တော့်အတွက် ဘာအကျိုးရှိတော့မှာလဲ'

' ပါစီကို လက်ထောက်မန်နေဂျာရာထူးကို ချပစ်ရုံနဲ့ မပြီးဘူးလား၊ မင်းက မန်နေဂျာလုပ်ပေါ့၊ အဲဒါဆိုရင် မင်းအနေနဲ့ ခြေနိုင်လက်နိုင်လုပ်သွားနိုင်မယ် ထင်တာပဲ '
' အဲဒီလို လုပ်နေလို့ ဘယ်တော့မှ မဖြစ်ဘူး၊ ပါစီက ပင်စင်ယူဖို့ နောက်ထပ် နှစ်နှစ်တောင် ကျန်သေးတယ်၊ အဲဒီ နှစ်နှစ်အတွင်း သူ့အနေနဲ့ အများကြီး လုပ်ချိန်ရသေးတယ်၊ အဲဒီအချိန်ဆိုရင် မစ္စတာလီရွိုင်းဟာ သေရင်လည်း သေပြီ၊ ဒါမှမဟုတ်ရင် ဒေ၀ါလီခံရင်လည်း ခံရပြီဖြစ်မှာပဲ၊ အဲဒီအဖြစ်မျိုးနဲ့ မကြုံရချင်ရင်တော့ ကျွန်တော် တင်ပြသလို လုပ်ကို လုပ်မှဖြစ်မယ်၊ မလုပ်ချင်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ၊ ကျွန်တော် လည်း မနေတော့ဘူး '

' တို့တက္ကဆက်နယ်သားတွေကလည်း စိတ်ထဲရှိတာ ပြောင်ပြောင် ပြောတတ်ပါတယ် အေဘယ်၊ ဒါပေမဲ့ တို့က မင်းအဆင့်ကိုတော့ မမီသေးဘူး၊ ကဲ .... ဟုတ်ပြီလေ၊ မင်းကို ငါ ခု အချိန်ကစပြီး အာဏာကုန် လွှဲ အပ်လိုက် ပါတယ်၊ အောင်မြင်အောင်သာ ကြိုးစားပါတော့၊ အခု မင်း ရစ်ခ်ျမွန့်ကွန်တီနင်တယ်ဟိုတယ်ရဲ့ မန်နေဂျာ ဖြစ်သွားပြီ၊ ၀မ်းသာပါတယ် အေဘယ် '
မစ္စတာ လီရွိုင်းက ထိုင်ရာမှ ထလာပြီး အေဘယ်၏ ပခုံးကို လက်ဖြင့် ရင်းနှီးစွာ ပုတ်လိုက်ရင်း

' ဒီအချိန်ကစပြီး မင်းဟာ ငါ့ရဲ့ ယုံကြည်စိတ်ချရဆုံး ညာလက်ရုံးဖြစ်သွားပြီ၊ အမှန်အတိုင်း ပြောရရင် ငါကိုယ်တိုင်က ဟိုတယ်လုပ်ငန်း ဖိဖိစီးစီး မကိုင်ဘဲ စတော့ ဈေးကွက်မှာသာသွားပြီး အရောင်းအ၀ယ် လုပ်နေခဲ့မိတယ် အေဘယ်၊ အဲဒီအလုပ်ကြောင့် ၀က်ဝက်ကွဲ အရှုံးရှိခဲ့ရတယ်၊ အခု မင်းရောက်လာတော့ ငါ့အတွက် မိတ်ဆွေကောင်းတစ်ယောက် ရတာပဲ၊ ဒါနဲ့ ဒီည ဒီမှာပဲ အိပ်ပါလား၊ တို့နှစ်ယောက် ညစာတွေ သွားစားကြရအောင် '

"ကျေးဇူးတင်ပါတယ် ခင်ဗျား၊ ဒါပေမဲ့ သည်းခံပါ၊ ကျွန်တော်က ဒီည ဒါးလက်ရစ်ခ်ျမွန့်ဟိုတယ်မှာ သွားတည်း ဖို့ ဆုံးဖြတ်ထားလိုက်ပါ၊ အဲဒီမှာ လုပ်စရာကလေးတွေ ရှိလို့ပါ၊ ဒီမှာတော့  မအိပ်ပါရစေ နဲ့တော့၊ ညစာ တော့ လိုက်စားပါ့မယ်"
"ဒါဆို မင်းက တစ်ကောင်မှ မလွတ်နိုင်အောင် အကုန်လုံး ဖမ်းမလို့ ဆိုပါတော့"
"ဆိုပါတော့"

ထိုညနေတွင် မစ္စတာလီရွိုင်းက အေဘယ်အား ဟင်းခွက်ပေါင်းစုံသော ညစာစားပွဲဖြင့် ဧည့်ခံသည်။ ၀ီစကီကလည်း အတန်အသင့်စီ သောက်ကြသည်။
မစ္စတာလီရွိုင်းက သူ့အနေဖြင့် အေးအေးဆေးဆေး နေချင်ပြီဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် ရစ်ခ်ျမွန့် ဟိုတယ်လုပ်ငန်းတစ်ခုလုံး ခြေနိုင်လက်နိုင် လုပ်နိုင်မည့် လူတော်လူကောင်းတစ်ယောက် လိုချင် ကြောင်း အေဘယ်အား ပြောပြသည်။
"မစ္စတာလီရွိုင်းက ကျွန်တော့်ကို ရည်ရွယ်ပြီး ပြောနေတာပါလား"
"ဒါပေါ့၊ တခြားဘယ်သူ ရှိဦးမှာလဲ၊ အဲဒီတော့ မင်းပဲ ကြည့်လုပ်ပါတော့၊ ရစ်ခ်ျမွန့်ဟိုတယ်တွေ အကြောင်း လူတိုင်းပါးစပ်ဖျားရောက်အောင် ကြိုးစားလိုက်စမ်းပါမောင်ရာ"
အေဘယ်က အရက်ခွက်ကို မြှောက်လိုက်ပြီး

"အဲဒီအတွက် သောက်လိုက်ကြရအောင်၊ ပြီးတော့ အဓွန့်ရှည်သော အောင်မြင်သော စပ်တူ လုပ်ငန်းဖြစ်ဖို့အတွက် ဆိုပါတော့"
"ကဲ ... ဘသားကြီး၊ လုပ်လိုက်စမ်း၊ အောင်မြင်ပါစေ၊ တိုးတက်ပါစေ"
ထိုညတွင် အေဘယ်သည် ဒါးလက်မြို့မှ ရစ်ခ်ျမွန့်ဟိုတယ်တွင် အိပ်သည်။ သူက နာမည်အမှန်ကို စာရင်း မပေး ဘဲ နာမည်လိမ်ဖြင့် တည်းခိုသည်။ တစ်ညသာ တည်းခိုမည်ဟု မှတ်ပုံတင်စာရေးကို ပြောလိုက် သည်။

နောက်ကျတော့ သူ၏တစ်ခုတည်းသော ဟိုတယ်တည်းခိုခ ပြေစာစာရွက်မှာ အမှိုက်ခြင်းထဲ ရောက်နေသည်ကို တွေ့ရသည်။ ဤတွင် သူ၏သံသယမှာ ခိုင်လုံသွားတော့သည်။ ပြဿနာသည် ရှီကာဂို ဟိုတယ်တစ်ခုတည်းတွင်သာ ရှိနေသည်ဟုမဟုတ် ဆိုသည်ကို အထင်အရှားတွက်ဆ၍ ရနေပြီ ဖြစ်သည်။ သူက ရှီကာဂိုဟိုတယ်ကို ပထမဆုံး ရှင်းပစ်ပြီးမှ ကျန်ဟိုတယ်များကို ရှင်းရန် ဆုံးဖြတ်လိုက်သည်။ မစ္စတာ လီရွိုင်းထံသို့လည်း အခြေအနေအားလုံးကို ဖုန်းဆက်၍ ပြောလိုက် သည်။
ရှီကာဂိုဟိုတယ်သို့ ပြန်ရောက်လာချိန်တွင် တာဝန်ကျ ညစောင့်ကို လုံးဝမတွေ့ရ။ မှတ်ပုံတင် စာရေး တစ်ယောက်သာ စားပွဲတွင် ထိုင်နေသည်။ သူ့အခန်းဘက်သို့ လှည့်လာတော့ ဧည့်ကြို လူငယ် တစ်ယောက်က တံခါးဖွင့်ပေးသည်။

"ခရီးထါက်တာ ပျော်ခဲ့ပါရဲ့လား မစ္စတာရို၏့စ်နော့စကီး"
"ပျော်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ ဒီမှာ အခြေအနေ ဘယ်လိုရှိသလဲ"
"အို ... ဘာမှမဖြစ်ပါဘူးခင်ဗျာ၊ အားလုံး ငြိမ်ငြိမ်ဆိမ်ဆိမ်ပါပဲ"
"ကောင်းပြီ၊ မနက်ကျတော့ ပိုပြီး ငြိမ်ငြိမ်ဆိမ်ဆိမ် ဖြစ်သွားတာ မင်းတွေ့ရလိမ့်မယ်"ဟု အေဘယ်က စိတ်ထဲမှ ကျိတ်၍ ပြောလိုက်မိသည်။
ထို့နောက် အထုပ်အပိုးတွေ ဖြေပြီးနောက် သူ့အခန်းထဲသို့ ညနေစာ လာပို့ရန် မှာလိုက်သည်။ တစ်နာရီကြာမှ ညစာ ဗန်းရောက်လာသည်။
ကော်ဖီသောက်ပြီးတော့ အ၀တ်လဲသည်။ ပြီးတော့ ရေအေးအေး အ၀ချိုးလိုက်သည်။ ထို့နောက် စားပွဲတွင် ထိုင်ကာ မနက်ဖြန်လုပ်ရမည့် အစီအစဉ်များကို ရေးဆွဲသည်။
ထိုအချိန် သည် ဖေဖော်ဝါရီလဆန်းရက် ဖြစ်သည်။ ဟိုတယ်တွင် လာရောက် တည်းခိုသူ စုစုပေါင်း မှာ ၂၅ ရာခိုင်နှုန်း မျှသာ ရှိသည်။
အစီအစဉ် ရေးဆွဲပြီးတော့ အိပ်ရာထဲ ၀င်လှဲလိုက်သည်။

မန်နေဂျာ ဒက်စမွန်ပါစီကို ဟိုတယ်အမှုထမ်းတွေက "ငပျင်းပါစီ"ဟု နောက်ပြောင်ခေါ်ကြသည်။ အသက်က ၆၂နှစ်ရှိပြီ။ သူ့ကိုယ်ခန္ဓာကြီးက အဆမတန် ၀သည်။ ခြေတွေ လက်တွေကလည်း အတိုကလေးတွေ၊ လမ်းလျှောက်လျှင် ၀က်ဝံတစ်ကောင်လို ကိုးရိုးကားရားကြီး လျှောက်သည်။
နောက်တစ်နေ့ မနက်တွင် ပါစီသည် အေဘယ်၏ရုံးခန်းသို့ ၀င်လာသည်။ ၁၀နာရီတိတိတွင် တွေ့ ရန် ချိန်းထား သော်လည်း ၁၀မိနစ်နောက်ကျပြီး ရောက်လာသည်။
"ဧည့်ခန်း မှာ နည်းနည်း အလုပ်များနေလို့ပါ"

သူဘာအတွက် အလုပ်များနေခဲ့ကြောင်း အေဘယ်က အတပ်သိလိုက်ပြီး ဖြစ်သည်။
အေဘယ်သည် စားပွဲအံဆွဲကို ဖြည်းဖြည်းကလေး  ဖွင့်လိုက်သည်။ ဟိုတယ်ပြေစာ အရွက်၄၀ကို စားပွဲပေါ် တင်လိုက်သည်။ အများစုမှာ သုံးလေးစစီ အပိုင်းပိုင်းစုတ်ပြတ်နေကြပြီ။ သူသည် ယင်းတို့ကို အမှိုက်ခြင်း ထဲမှ ကောက်စုထားခြင်း ဖြစသ်ည။
"မစ္စတာပါစီ၊ ဒီအချိန်ကစပြီး ခင်ဗျားကို အလုပ်က ထုတ်လိုက်ပြီ၊ တစ်နာရီအတွင်း ဟိုတယ်ထဲက ထွက်သွားပါ"
ပါစီက သူ့နားသူ မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ သူနားကြားမှားသွားတာ ဖြစ်မည်ဟု ထင်ပြီး ပြန်မေးလိုက်သည်။
"မင်း ဘာပြောတာလဲ အေဘယ်၊ ငါသိပ်ပြီး နားမရှင်းလိုက်လို့ပါ"
"ခင်ဗျား နားရှင်ပါတယ်၊ ခင်ဗျားကို အလုပ်ဖြုတ်လိုက်ပြီး

"ဟင် ... မင်းက ငါ့ကို အလုပ်ဖြုတ်နိုင်လို့လား၊ ငါက မန်နေဂျာကွ၊ ငါ ဒီမှာ လုပ်လာတာ နှစ်ပေါင်း ၃၀တိတိ ရှိပြီ သိရဲ့လား၊ ဖြုတ်စရာရှိ ငါကသာ ဖြုတ်မှာပါ။ ဘယ့်နှယ် ခုတော့ မင်းလုပ်တာက ပြောင်းပြန်ကြီးပါလား"
"မပြောင်းပြန်ပါဘူး၊ အမှန်လုပ်တာပါ၊ အခု ခင်ဗျားက မန်နေဂျာ မဟုတ်တော့ဘူး၊ မစ္စတာလီရွိုင်း က ကျွန်တော့်ကို မန်နေဂျာသစ် ခန့်လိုက်ပြီ"
"ဘာ ... ဘာပြောတယ်"
"ကျွန်တော့်ကို မန်နေဂျာခန့်လိုက်ပြီ" အေဘယ်က ကျယ်ကျယ်အော်ပြောလိုက်သည်။ "မနေ့ကစပြီး မစ္စတာလီရွိုင်းက ခန့်လိုက်ပြီ၊ အဲဒါကြောင့် ခင်ဗျားကို အခုအချိန်ကစပြီး ကျွန်တော် အလုပ်ဖြုတ်လိုက်ပြီ"

"ဟိုတယ်ပိုက်ဆံတွေကို လိမ်လည်ခိုးယူမှုကြောင့် ဖြုတ်တာ"
အေဘယ်က ပါစီရှေ့သို့ ပြေစာအပိုင်းအစများကို ဖြန့်ပြလိုက်သည်။
"ဒီဧည့်သည်တွေဟာ အားလုံးပိုက်ဆံပေးပြီး တည်းကြတာ၊ ဒါပေမဲ့ ဟိုတယ်စာရင်းထဲ တစ်ပြားမှ မ၀င်ဘူး၊ အဲဒီပြေစာတိုင်းမှာ ခင်ဗျားလက်မှတ် ထိုးထားပါတယ်"
"ဒီအထောက်အထားလောက်နဲ့ မင်းက ငါ့ကို အလုပ်ဖြုတ်နိုင်ရောလား"

"ကျွန်တော် အားလုံးသိထားပြီးပါပြီ၊ ခင်ဗျား လုပ်ပုံကလည်း တော်တော် ပိရိလုပ်လို့ရမယ်၊ ဆက် လုပ်ချင် သေးရင် တခြားမှာသာ သွားလုပ်ချေတော့၊ ပိုလန်စကားပုံတစ်ခုရှိတယ် မစ္စတာပါစီ၊ ဘယ်လိုလဲဆိုတော့ "ရေပုံး မှာ လက်ကိုင်ရှိမှ ရေခပ်လို့ ရတယ်"တဲ့၊ အဲဒီတော့ အခုရေပုံးမှာ လက်ကိုင်ကျိုးသွားပြီ၊ ခင်ဗျား လည်း အလုပ်ပြုတ်ပြီ"
"ငါ့ကို ဖြုတ်နိုင်တဲ့အာဏာ မင်းမှာ မရှိပါဘူး" ပြောသာ ပြောနေရသော်လည်း အဘိုးကြီးနဖူးပေါ်မှ ချွေးသီးချွေးပေါက်တွေ ကျနေပြီ။ "ဒေးဗစ်လီရွိုင်းဟာ ငါ့မိတ်ဆွေရင်းပါ၊ သူကလွဲပြီး ငါ့ကို ဘယ်သူ မှ မဖြုတ်နိုင်ဘူး၊ မင်းက နယူးယောက်က ရောက်လာတာ သုံးလပဲ ရှိပါသေးတယ်၊ ငါ သူ့ဆီ ဖုန်း ဆက်ပြီး မင်းကို ဒီဟိုတယ်ထဲက မောင်းထုတ်ပစ်လိုက်မယ်၊ နားလည်ရဲ့လား"
"လုပ်ပါ၊ ခင်ဗျား ကြိုက်သလိုသာ လုပ်ပါ"

အေဘယ်က ဖုန်းကို ကောက်ကိုင်ပြီး ဒါးလက်မြို့ရှိ မစ္စတာလီရွိုင်းထံ တောင်းလိုက်သည်။ နှစ်ယောက်သား ရှေ့ဆိုင်ပေါက်ထိုင်ပြီး စောင့်ကြည့်နေကြသည်။
ပါစီ၏ နဖူးချွေးက နှာခေါင်းဖျားသို့ စီးကျလာသည်။
"ဂွတ်မောနင်း မစ္စတာလီရွိုင်း၊ ကျွန်တော် အေဘယ်ရို့စ်နော်စကီးပါ၊ ရှီကာဂိုက လှမ်းပြောနေပါ တယ်၊ ကျွန်တော် အခုပဲ လက်ထောက်မဟုတ်တော့ဘူးဗျ၊ မန်နေဂျာ ဖြစ်နေပြီ၊ ကဲ ... ဒီတော့ မြန်မြန်သာ ကြွပတော့"
"ခွေမသားကလေး၊ အေး ... မင်းတော့ တစ်နေ့ သိရလိမ့်မပေါ့ကွာ၊ မင်း ပိုင်တုန်းတော့ လုပ်ပေါ့၊ လုပ်ပေါ့"
ပါစီ အခန်းထဲမှ ပြန်ထွက်သွားသည်။

နေ့လယ်စာစားချိန်တွင် ပါစီသည် စားပွဲထိုးမှူး၊ စားဖိုမှူး၊ သန့်ရှင်းရေးမှူး၊ မှတ်ပုံတင်စာရေးကြီး၊ အလုပ်သမားမှူးနှင့် အခြားအမှုထမ်း ၁၇ယောက်တို့နှင့် လမ်းပေါ်တွင် တွေ့ဆုံပြီး မစ္စတာလီရွိုင်း နှင့် အေဘယ်တို့အကြောင်းကို တစ်ယောက်တစ်ပေါက် အပုပ်ချပြောဆို ဝေဖန်ကြသည်။
ထိုအချိန်တွင် အေဘယ်က ကျန်အမှုထမ်းတွေနှင့် မျက်နှာစုံညီ အစည်းအဝေး လုပ်နေသည်။

သူက သူ့လုပ်ရပ်သည် လိုအပ်ကြောင်း ရှင်းပြသည်။ ရိုးရိုးသားသား၊ ကြိုးကြိုးစားစား လုပ်ကိုင်သူ များအနေဖြင့် အနာဂတ်တက်လမ်းရှိကြောင်း အားပေးစကားပြောသည်။
"ဒါပေမဲ့ ခုတော့ သတိထားကြစေချင်တယ်၊ တစ်ဒေါ်လာပဲဖြစ်ဖြစ် မရိုးသားတဲ့ သဘောနဲ့ လုပ်ထား တာ တွေ့ရင် တော့ လုပ်တဲ့လူကို ချက်ချင်းဖြုတ်ပစ်မှာပဲ၊ ကျွန်တော်ပြောတာ နားလည်ကြတယ် မဟုတ်လား" မည်သူမျှ ပြန်မပြောကြ။

သည်လိုနှင့် နောက်သီတင်းပတ် သုံးလေးပတ်အတွင်းရောက်တော့ အမှုထမ်းတွေ တော်တော် များများ နုတ်ထွက်သွားကြသည်။ သို့သော် အေဘယ်က ၀မ်းမနည်း ပို၍တော် ၀မ်းသာမိသေး သည်။ သူက လစ်လပ်နေရာများတွင် ချက်ချင်း လူစားခန့်ထားလိုက်သည်။
မတ်လကုန်တော့ အေဘယ်က ပလာဇာဟိုတယ်မှ သူ့မိတ်ဆွေဟောင်းလေးယောက်ကို ခေါ်ယူ လိုက်သည်။ ၎င်းတို့မှာ တူညီသော အချက်သုံးချက် ရှိကြသည်။ ပထမအချက်က ငယ်ရွယ်နုပျို သည်။ ဒုတိယအချက်က တိုးတက် ချင်စိတ် ရှိကြသည်။ တတိယအချက်က ရိုးသားကြိုးစားကြ သည်။

နောက်ခြောက်လကြာလျှင် ရှီကာဂိုရစ်ခ်ျမွန့်ဟိုတယ်၌ အမှုထမ်း တစ်ရာ့တစ်ဆယ်ရှိသည့်အနက် ၃၇ယောက်က ကျန်တော့သည်။
ထိုနှစ်ကုန်တော့ အေဘယ်က အကောင်းစား ရှမ်ပိန် အရက်တစ်လုံးဖောက်ကာ မစ္စတာလီရွိုင်းနှင့် အောင်ပွဲ ကျင်းပသည်။ ထိုနှစ်အတွင်း စုစုပေါင်းအမြတ်ငွေ ၃.၄၈၆ ဒေါ်လာ ရရှိသည်။ ယင်းငွေမှာ နည်းသေး သော်လည်း နှစ်ပေါင်း ၃၀အတွင်း ပထမဆုံး ရရှိသော အမြတ်ငွေဖြစ်၍ နှစ်ယောက်စလုံး ပင် ၀မ်းသာကျေနပ်ကြသည်။
လာမည့် ၁၉၂၉ခုနှစ်တွင် အမြတ်ငွေ ဒေါ်လာ ၂၅၀၀၀ကျော် ရရှိရန် အေဘယ်က ခန့်မှန်းထား သည်။

ရှိကာဂိုသို့ မစ္စတာလီရွိုင်း လာရောက်တိုင်းလိုလိုတွင် သမီးဖြစ်သူ မယ်လာနီလီရွိုင်းကိုလည်း ခေါ် လာတတ်သည်။ သူမက မျက်နှာတည်သည်။ သို့သော် ကိုယ်လုံးကိုယ်ပေါက် သွယ်သွယ် နှောင်းနှောင်းနှင့် အတော်လည်း ချောသည်။ သူမက အေဘယ်အပေါ်တွင် ခပ်တည်တည်ပင် ဆက်ဆံသည်။ အေဘယ်က သူမအား "မစ္စလီရွိုင်း"ဟုပင် လေးလေးစားစား ခေါ်သည်။
နောက်ပိုင်းတွင် အေဘယ်သည် ကိုလံဘီယာတက္ကသိုလ်မှ ဘောဂဗေဒ၀ိဇ္ဇာဘွဲ ရရှိထားသူ ဖြစ် ကြောင်း သိရတော့မှ ဆက်ဆံရေး တစ်မျိုးပြောင်းလာခဲ့သည်။ မကြာခဏဆိုသလို အေဘယ်နှင့် အတူ ဟိုတယ်တွင် အတူစားသောက်ခြင်း ပြုလာသည်။ သူမက ရှီကာဂိုတက္ကသိုလ်တွင် ရိုးရိုးဝိဇ္ဇာ ဘွဲ့အတွက် ပညာဆည်းပူးနေသောကြောင့် တချို့ဘာသာရပ်များတွင် မသိတာရှိလျှင်လည်း အေဘယ်အား လာ၍ မေးလေ့ ရှိတတ်သည်။ နောက်တော့ အေဘယ်က မယ်လာနီအား ကပွဲများ၊ ပြဇာတ်များ သွားပြ တတ်သည်။

မယ်လာနီမှာ တွဲဖက်တွေတော့ အတော်များများ ရှိသည်။ အပြင်တစ်ခါထွက်လျှင် တွဲဖက်အသစ် တစ်ယောက်စီ တွဲသွားတတ်သည်။ ဒါကို မြင်ရတော့ အေဘယ်က ရင်ထဲတစ်မျိုးကြီး ခံစားရမိ သည်။ မနာ လိုစိတ် ဖြစ်ချင်လာသလိုလို ခံစားလာရသည်။

ရှီကာဂိုဟိုတယ်သည် တစ်နေ့ထက်တစ်နေ့ နာမည်ထွက်လာသည်။ တည်းခိုသူများ၊ လာရောက် စားသောက် သူများလည်း တိုးတက်လာသည်။
အေဘယ် က ဟိုတယ်တစ်ခုလုံးကို ဆေးပြန်သုတ်သည်၊ အသန့်ဆုံး၊ အလှဆုံးဖြစ်အောင် မွမ်းမံ ပြင်ဆင် သည်။  အမှုထမ်းတွေကိုလည်း အကောင်းစား တူညီဝတ်စုံတွေ ချုပ်ပေးသည်။ ကောင်းမည် ထင်လျှင် စိတ်ကူး ရတိုင်း ဟိုတယ်အတွင်းအပြင် အလှဆင်တတ်သည်။

ထို့ကြောင့်လည်း နှစ်စဉ် တစ်ပတ်တန်သည် နှစ်ပတ်တန်နေသည် လာရောက် တည်းခိုလေ့ရှိသော ဧည့်သည် များသည် နောက်တစ်နှစ် လာရောက်သောအခါ ယခင်နှစ်ကတည်းခဲ့သော ရစ်ခ်ျမွန် ဟိုတယ်မှ ဟုတ်ပါရဲ့ လားဟု ထင်ယောင်ထင်များပင် ဖြစ်ကြရသည်။
သည်လို နှင့် ဟိုတယ်လည်း နာမည်ထွက်လာသည်။ အေဘယ်လည်း လူသမိများလာသည်။

ထိုကာလအတွင်း စတော့ဈေးကွက်အခြေအနေ ကောင်းလာသည်။ အေဘယ်၏ ပုဂ္ဂလိက စီးပွား ဥစ္စာလည်း တိုးတက်လာသည်။ အေဘယ်သည် ငယ်ငယ်ရွယ်ရွယ်နှင့် သူဌေးကလေးတစ်ယောက် ဖြစ်လာပြီ။ လွန်ခဲ့သော ၁၈လခန့်က နယူးယောက် ပလာဇာဟိုတယ်မှ ထွက်ခွာလာခဲ့စဉ်က အေဘယ်တွင် ကိုယ်ပိုင် ပိုက်ဆံ ဒေါ်လာရှစ်ထောင် ပါလာခဲ့ရာမှ ယခုအချိန်တွင်မူ စတော့ ဈေးကွက်တွင် အရောင်း အ၀ယ် လုပ်ရာ မှ ဒေါ်လာသုံးသောင်းအထိ တိုးတက်လာခဲ့သည်။

စတော့ဈေးကွက်သည် ဆက်လက်ကောင်းလာဦးမည်ဟု အေဘယ်က ယုံကြည်ထားသည်။ ထို့ကြောင့် အမြတ်ငွေ များကို အမြဲတမ်း ပြန်လည်ရင်းနှီးမြှုပ်နှံသည်။ သူသည် လူချမ်းသာကလေး တစ်ယောက် ဖြစ် လာသော်လည်း ဘ၀င်မမြင့်။ အသုံးအစွဲ လက်မဖွာ၊ သူ့မှာ ၀တ်စုံသစ်နှစ်စုံနှင့် ရှူးဖိနပ်အသစ်တစ်ရံသာ ရှိသည်။ နေတော့လည်း ဟိုတယ်မှ ပေးထားသော ယခင်အခန်းကျဉ်း ကလေးတွင်ပင် နေသည်။ အစား ကျတော့လည်း ဟိုတယ်က ကျွေးသည်။ ထို့ကြောင့် သူ့အဖို့ ထွေထွေထူးထူး ပိုက်ဆံကုန်စရာ မရှိ။ သို့ အတွက် သူ၏အနာဂတ် ကြီးပွားချမ်းသာရလမ်းကြောင်း မှာ ဖြောင့်ဖြူးနေတော့သည်။
သူသည် ရှီကာဂိုသို့ ရောက်လာပြီးသည့်နောက် မကြာမီတွင်ပင် သူ့ပိုက်ဆံများကို "ကွန်တီနင် တယ်ကဏ္ဍာ ထိန်း အဖွဲ့"တွင် အပ်နှံထားလိုက်သည်။ ယင်းအဖွဲ့ကို ရစ်ခ်ျမွန့်အုပ်စုက ကြီးကြပ် ကွပ်ကဲ၍ သက်တမ်း ၃၀ကျော်ပြီ ဖြစ်သည်။ သူသည် နေ့စဉ် ဘဏ်တိုက်သို့သွားပြီး ယခင်နေ့က ရရှိသော ဟိုတယ်ပိုင်ငွေများကို ဘဏ်သို့ ပေးသွင်းသည်။

သောကြာနေ့ မနက်တွင် ဘဏ်မန်နေဂျာက သူ့ကို တွေ့ချင်ပါသည်ဆိုသော စာတစ်စောင် ရရှိ သည်။ သူတော်တော် အံ့အားသင့်သွားသည်။ သူသည် သူပိုင်ငွေကို ဘဏ်မှ ပိုထုတ်ထားခြင်း လုံးဝမရှိ။ ထို့ကြောင့် မန်နေဂျာ တွေ့ချင်သော ကိစ္စသည် ရစ်ခ်ျမွန့်ဟိုတယ်ကိစ္စသာ ဖြစ်ရမည်သာ တွက်လိုက်မိသည်။
ဘဏ်တိုက် ရောက်တော့ ဘဏ်စာရေးက အေဘယ်အား စင်္ကြံလမ်းအတိုင်း ခေါ်လာခဲ့သည်။ ခမ်းနား လှပသော သစ်သားတံခါးကြီးရှေ့သို့ ရောက်လာသည်။ တံခါးကို အသာခေါက်ပြီး အခန်းထဲ သို့ ၀င်လိုက် သည်။ စားပွဲတွင် ဘဏ်မန်နေဂျာ ထိုင်နေသည်။

"ကျုပ်နာမည် ကာတစ်ဖင်တန်ပါ"
ဘဏ်မန်နေဂျာက ကုလားထိုင်မှထပြီး အေဘယ်ဆီသို့ လက်ကမ်းပေးသည်။ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ကြသည်။ ပြီးတော့ မန်နေဂျာက အစိမ်းရောင်သား ရေဖုံး ကုလားထိုင်ကို ညွှန်ပြ သည်။ မန်နေဂျာ က မျက်နှာဝိုင်းဝိုင်းနှင့် လူချောလူခန့်တစ်ယောက် ဖြစ်သည်။ လခြမ်းမျက်မှန် တပ်ထားသည်။ အဖြူရောင် ကော်လာ၊ အနက်ရောင်လည်စီးနှင့် ၀တ်စုံကလည်း သပ်ရပ်အချိုးကျ သည်။
"ကျေးဇူး တင်ပါတယ်" အေဘယ်က ပြန်ပြောလိုက်သည်။
"ကျုပ်က ခင်ဗျားကို နေ့လယ်စာစား ဖိတ်မလို့ပါ၊ မစ္စတာရို့စ်နော့စကီး" နေဂျာများသည် ဖောက်သည်များအား မကောင်းသတင်းပြောရန်ရှိလျှင် ထမင်းကျွေးလေ့ မရှိကြောင်း သူက သိထားသောကြောင့် ဖြစ်သည်။

"ဒါပေမဲ့ ထမင်းမစားခင် အရေးပေါ်ကိစ္စတစ်ခု အရင်ဆွေးနွေးကြရအောင်၊ ခရီးရောက်မဆိုက် ဒီကိစ္စဆွေးနွေးရတာကိုတော့ ခွင့်လွှတ်စေချင်တယ်၊ အဲဒီတော့ လိုရင်းကို ရှင်းရှင်းပဲ ပြောပါရစေ၊ ကျုပ်တို့ ဘဏ်တိုက် ရဲ့ လေးစားအပ်တဲ့ေ ဖာက်သည်တစ်ယောက်ဖြစ်တဲ့ အမျိုးသမီးကြီး တစ်ယောက်ကိစ္စပါ၊ သူ့နာမည် က မစ္စအေမီလီရွိုင်း" နာမည်ကို ကြားလိုက်ရုံနှင့် အေဘယ်က ထိုင်ရာမှ ဆတ်ခနဲ ထလိုက် မိသည်။ အေဘယ်စတော့ထဲက ၂၅ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့် ရှိပါတယ်။ သူက သူပိုင်စတော့တွေကို သူ့မောင် မစ္စတာဒေးဗစ်လီရွိုင်းကို ပြန်ရောင်းဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တယ်၊ ဒါပေမဲ့ မစ္စတာလီရွိုင်းက အဘွားကြီး ရဲ့ စတော့တွေကို ၀ယ်ယူဖို့ လုံးဝစိတ်မ၀င် စားခဲ့ဘူး၊ မစ္စတာလီရွိုင်းရဲ့ အကြောင်းပြချက်ကို ကျုပ် သဘောပေါက်ပါတယ်၊ သူက ဒီကုမ္ပဏီမှာ အစုရှယ်ယာ ၇၅ရာခိုင်နှုန်းကို ပိုင်ထားတယ်၊ အဲဒါကြောင့် လည်း သူ့အနေနဲ့ ကျန်တဲ့ ၂၅ရာခိုင်နှုန်း ကို ထပ်ပိုင်ဖို့ စိတ်မ၀င်စားတော့တာပေါ့၊ ဒီငွေတွေက ကွယ်လွန်သူ သူတို့ ဖခင်ဆီက အမွေရလိုက် ကြတာ ဖြစ်တယ်၊ ဒါပေမဲ့ အဘွားကြီးက အမြတ်ဝေစုတစ်ကြိမ်မှ မရဖူး တော့ သူပိုင် စတော့တွေကို အပြီးအပိုင် ရောင်းချင်နေတယ်"
အေဘယ် က ဘာမှမပြော ဆက်နားထောင်နေသည်။

"မစ္စတာလီရွိုင်းကလည်း အဘွားကြီး အဲဒီလိုရောင်းဖို့ လုပ်တာကို ကန့်ကွက်လိုတဲ့သဘော ရှိပုံ မပေါ်ပါဘူး၊ အဘွားကြီးကတော့ သူမသေခင် ကိုယ်ပိုင်ငွေကလေး လက်ထဲမှာကိုင်ပြီး သုံးချင်တာ တွေ သုံးသွားချင် တဲ့သဘောပါ၊ အဲဒီတော့ ဒီကိစ္စမှာ မစ္စတာရို့စ်နော့စကီးရဲ့ အကူအညီ လိုနေပါ တယ်။ ဟိုတယ် လုပ်ငန်း ထဲက တစ်ယောက်ယောက်ကများ အဲဒီအဘွားကြီးပိုင် စတော့တွေကို ၀ယ်ချင်နေတဲ့လူ ရှိမလားလို့ပါ၊ မစ္စတာ ရို့စ်နော့စကီးအနေနဲ့ သိနိုင်ကောင်းပါရဲ့ဆိုပြီး ကျုပ် အခုလို ဖိတ်ခေါ်တိုင်ပင်ရတာပါ"
"အဘွားကြီး က ဘယ်လောက်နဲ့ ရောင်းချင်တာလဲ"
"သိပ်မများ ပါဘူး၊ ခြောင်သော်းခွဲလောက်ရရင် တော်ပါပြီ"

"အမြတ်ဝေစု တစ်ကြိမ်မှ မရသေးတဲ့ စတော့တစ်ခုအတွက် ခြောက်သောင်းခွဲဆိုတာ တော်တော် ဈေးကြီး နေပါတယ်၊ ဒီအတိုင်းဆို တော်တော်နဲ့ စွဲဖို့မလွယ်ပါဘူး"ဒါ "ဟုတ်သလောက်လည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ ဟိုတယ် ၁၁ခုရဲ့ စုစုပေါင်း တန်ဖိုးကိုလည်း ထည့်တွက်ရလိမ့်မယ်"
"ကုမ္ပဏီတစ်ခုလုံးကို မစ္စတာလီရွိုင်းက ချုပ်ကိုင်ထားတော့ အဲဒီ ၂၅ရာခိုင်နှုန်းဆိုတာ ဘာမှ မပြောပ လောက် ပါဘူး"
"ဟိုတယ် ၁၁ခုရဲ့ ၂၅ရာခိုင်နှုန်း တန်ဖိုးဆိုတာ မနည်းပါဘူး မစ္စတာရို့စ်နော့စကီး၊ ခြောက်သောင်း ခွဲဆိုတဲ့ ပိုက်ဆံ ကသာ အနည်းကလေးပါ"
"မစ္စတာလီရွိုင်းက ကုမ္ပဏီကို ချုပ်ကိုင်ထားတဲ့အတွက် ၂၅ရာခိုင်နှုန်းဟာ အလွန်နည်းပါးတယ် မစ္စတာ ဖင်တန်၊ အဲဒီတော့ ဒီလိုလုပ်ပါ၊ လေးသောင်းနဲ့ရောင်းဖို့ အဘွားကြီးကို ပြောပါ၊ ၀ယ်မယ့် လူ ရအောင် ကျွန်တော် ရှာပေးပါ့မယ်"

"အဲဒီလူကို နည်းနည်းလောက် တိုးပေးဖို့ မပြောနိုင်ဘူးလား"
"အဲဒါတော့ မဖြစ်နိုင်ပါဘူး မစ္စတာဖန်တန်"
ဘဏ်မန်နေဂျာက အေဘယ်အား သူအကဲခတ်မိသည့်အတိုင်း မှန်နေပြီဟု တွေးမိပြီး ကျေနပ် သွားသည်။
"ကောင်းပြီလေ၊ မစ္စက်အေမီကို ကျုပ် ပြောကြည့်ပါမယ်၊

သူနဲ့ ဆွေးနွေးပြီးတော့ ခင်ဗျားကို ကျွန်တေ် အကြောင်းကြားပါ့မယ်"
ဘဏ်တိုက်မှ ပြန်ထွက်လာတော့ အေဘယ်၏ ရင်သည် တဒိတ်ဒတိ ခုန်နေသည်။ သူသည် ဟိုတယ်သို့ အမြန် သုတ်ခြေတင်ခဲ့ပြီး သူပိုင်ငွေစာရင်များကို ကမန်းကတန်း စစ်ဆေးကြည့်သည်။ စတော့ ဈေးကွက် တွင် မြှုပ်နှံရင်းနှီးထားသော သူပိုင်ငွေမှာ ၃၃၁၁၂ ဒေါ်လာ ရှိသည်။ ဘဏ်တွင် အပ်ထားသော သီးသန့်ငွေ ကတော့ ၃၀၀၀ ဒေါ်လာ ရှိသည်
ငွေစာရင်းကို စစ်ကြည့်ပြီးတော့ တစ်နေ့တာ လုပ်စရာရှိသည့်လုပ်ငန်းများကို ဆက်လုပ်သည်။ သို့သော် အလုပ်တွင် စိတ်မ၀င်စား။ သူ့စိတ်က မစ္စက်အေမီလီရွိုင်းဆီသို့သာ ရောက်နေသည်။
ဒေါ်လာ လေးသောင်းပေးတာကို အဘွားကြီးက လက်မှခံပါမလား။ တကယ်လို့ လက်ခံရင်တော့ ရစ်ခ်ျမွန့် အုပ်စု ထဲမှာ အစုရှယ်ယာ ၂၅ရာခိုင်နှုန်းပိုင်တဲ့ သူဌေးကလေးတစ်ယောက် ဖြစ်လာတော့မှာ ပဲ။ အဲဒါ ဆိုရင် တော့ ငါ့အတွက် အနာဂတ်ကြီးပွားရေး လမ်းပွင့်သွားပြီး။

သူက အတွေးဖြင့် အူမြူးနေသည်။
ထို့နောက် စိုးရိမ်စိတ် ၀င်လာပြန်သည်။ သည်ကိစ္စကို မစ္စတာလီရွိုင်းအား မပြော၍ မဖြစ်။ တကယ် လို့ ပြောလိုက်လျှင် ဒေါသများ ထွက်လေမလား။
သည်လိုနှင့် သုံးလေးရက် အချိန်ကုန်သွားသည်။ အပြန်ပြန် အလှန်လှန် စဉ်းစားပြီးနောက် နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချလိုက်သည်။ မစ္စတာလီရွိုင်းကို ပြောကို ပြောရမည်။
သို့နှင့် မစ္စတာလီရွိုင်းထံ ဖုန်းလှမ်းဆက်ပြီး အကြောင်းစုံ ရှင်းပြသည်။

ကျွန်တော် ဒီလို ဘာကြောင့် လုပ်တယ်ဆိုတာ မစ္စတာလီရွိုင်းကို ပြောပြပါမယ်။ ရစ်ခ်ျမွန့်အုပ်စုက တစ်နေ့မှာ သိပ်ပြီး ကြီးပွားတိုးတက်လာမှာ သေချာပါတယ်။ အဲဒီတော့ ဒီလုပ်ငန်းထဲမှာ ကျွန်တော် လည်း အစု ရှယ်ယာပိုင် တစ်ယောက် ဖြစ်လာရင် ကျွန်တော့်အနေနဲ့ အခုထက်ပိုပြီး ကြိုးစား လုပ်ကိုင်လာမှာ သေချာပါတယ် ခင်ဗျာ" သူက ခေတ္တရပ်နေပြီးတော့မှ "ဒါပေမဲ့ အဲဒီ ၂၅ရာခိုင်နှုန်း ကို မစ္စတာလီရွိုင်းကပဲ ၀ယ်မယ် ဆိုရင်တော့ အကောင်းဆုံပါပဲ"
မစ္စတာလီရွိုင်း၏ စကားကြောင့် အေဘယ်က အံ့အားကြီး သင့်သွားမိသည်။

"ကောင်းပြီလေ၊ တို့ကုမ္ပဏီအပေါ်မှာ မင်းက ဒီလောက်တောင် ယုံကြည်မှု ရှိနေရင်လည်း ဆက်သာ လုပ်တော့ ငါ့သား၊ မင်းပဲ ဆက်လုပ်တော့၊ အဘွားကြီး စတော့ကို မင်းပဲ ၀ယ်လိုက် တော့၊ တို့ကုမ္ပဏီမှာ မင်းလည်း အစုရှယ်ယာပိုင် ဖြစ်လာတယ်ဆိုရင် ငါက ပိုပြီးတောင် ဂုဏ်ယူ ၀မ်းသာရမှာပါ"
အေဘယ် ကလည်း အတိုင်းထက်အလွန် ၀မ်းသာသွားမိသည်။

"ကျေးဇူးကြီးလှပါတယ် အန်ကယ်၊ အန်ကယ့်ဆုံးဖြတ်ချက်အတွက် ဘယ်တော့မှ စိတ်မချမ်း မသာ မဖြစ်စေရပါဘူးလို့ ကျွန်တော် ကတိပေးပါတယ်ခင်ဗျာ"
"ငါ စိတ်မချမ်းမသာ မဖြစ်ရဘူးဆိုတာ ငါ ယုံကြည်ပါတယ် ပါတနာ"
နောက် တစ်ပတ်အကြာတွင် အေဘယ်သည် ဘဏ်တိုက်သို့ ပြန်သွားသည်။ သည်တစ်ကြိမ်တွင် တော့ ဘဏ်မန်နေဂျာ ကို တွေ့ချင်သူမှာ သူဖြစ်နေသည်။ သူသည် ယခင် တစ်ခေါက်က ထိုင်ခဲ့ သော အစိမ်းရောင် သားရေဖုံး ကုလားထိုင်တွင်ပင် ထိုင်ကာ မစ္စတာ ဖင်တန်ပြောမည့် စကားကို နားစွင့်နေသည်။
"ကျုပ် တော်တော် အံ့သြသွားမိတယ်" သို့သော် သူ့မျက်နှာတွင်တော့ အံ့သြရိပ် လုံးဝမမြင်ရ။ "မစ္စက် အေမီရွိုင်း က ခင်ဗျားပေးတဲ့ဈေးကို ရှောရှောရှူရှူပဲ လက်ခံတယ်" သူက ခေတ္တစကားရပ်ပြီး အေဘယ်၏ မျက်နှာ ကို ကြည့်လိုက်သည်။ "အဲဒီတော့ ၀ယ်မယ့် သူက ဘယ်သူများလဲ"

"ကျွန်တော်ပါပဲ ခင်ဗျာ"
"ဟုတ်ကဲ့ နားလည်ပါပြီ" သူက အံ့သြဟန်လုံးဝမပြ။ "ဒါနဲ့ ဒေါ်လာလေးသောင်းကို ခင်ဗျားက ဘယ်နည်းနဲ့  ရမလဲ၊ သိပါရစေလား"
"ကျွန်တော်ပိုင်တဲ့ စတော့တွေ ရောင်းပစ်လိုက်မယ်၊ ပြီးတော့ ကိုယ်ပိုင်စုထားတဲ့ ပိုက်ဆံထုတ်ယူ မယ်၊ ဒါပေမဲ့ လေးသောင်းပြည့်ဖို့ လေးထောင်လောက်တော့ လိုနေပါသေးတယ်၊ ဖြစ်နိုင်ရန် အဲဒီ ငွေကို မစ္စတာ ဖင်တန် ကျွန်တော့်ကို ချေးစေချင်ပါတယ်"
မစ္စတာဖင်တန်က မျက်မှောင်ကြုတ်လိုက်ပြီး ...

"ကျုပ်ကို အချိန်နည်းနည်းပေးပါဦး၊ ကျုပ် စဉ်းစားကြည့်ပါရစေ၊ ပြီးတော့ အကြောင်းကြားပါ့မယ်"
သို့ဖြင့် အေဘယ်က နောက်တစ်ပတ်လောက် စောင့်စားပြီးနောက် "ကွန်တီနင်တယ်ဘဏ္ဍာထိန်း အဖွဲ့"သို့ ချဉ်းကပ်ပြီး ဒေါ်လာလေးထောင် ချေးယူလိုက်သည်။
၁၉၂၉ခုနှစ်၊ မတ်လမှ သြဂုတ်လအတွင်း အေဘယ်သည် စတော့များ ၀ယ်လိုက်ပြန်ရောင်းလိုက် ဖြင့် အကြွေးငွေလေးထောင်ကို အကျေအလည် ပေးဆပ်နိုင်လိုက်သည်။
စက်တင်ဘာလရောက်တော့ စတော့ဈေး ပိုကောင်းလာသည်။ အေဘယ်သည် ကိုယ်ပိုင်ကား တစ်စီး ၀ယ်လိုက် သည်။

ယခုအချိန်တွင် သူသည် ရစ်ခ်ျမွန့်ဟိုတယ် လုပ်ငန်းစုကုမ္ပဏီ၏ အစု ရှယ်ယာပိုင်တစ်ယောက် ဖြစ်လာခဲ့ပြီ မဟုတ် ပါလား။ မစ္စတာလီရွိုင်း၏ စီးပွားရေးအင်ပိုင်ယာထဲသို့ ၀င်ရောက်လာနိုင်ခြင်းအတွက် သူက အလွန် ၀မ်းသာ မိသည်။ ဤနည်းဖြင့် မစ္စတာလီရွိုင်း၏ သမီး ချောကလေး၏ အထင်ကြီး ဦးစားပေးမှုကိုလည်း ရရှိ လာနိုင်သည်။ ပြီးတော့ အစုရှယ်ယာ ၇၅ရာခိုင် နှုန်းကိုလည်း မျှော်လင့်ချက်ထားနိုင်လာသည်။
အောက်တိုဘာလအတွင်းတွင် သူက မယ်လာနီအား ရှီကာဂိုကပွဲရုံကြီးတွင် မိုးဇက်ဂီတပွဲသို့ ခေါ် သွားသည်။ ဂီတပွဲပြီးတော့ သူက မယ်လာနီအား ရစ်ခ်ျမွန့်ဟိုတယ်သို့ မခေါ်ဘဲ "လု(ပ်) " ဟိုတယ် သို့ ခေါ်လာ ခဲ့သည်။

ညစာစားရင်း အေဘယ်က တခြားအကြော်းငအရာတွေကို မပြောဘဲ စီးပွားရေးနှင့် နိုင်ငံရေး အကြောင်း ကိုသာ တမင်ရွေးပြောသည်။ သည်အကြောင်းတွေကို ပြောလျှင် မယ်လာနီက သူ့ကို ပိုပြီး အထင်ကြီး လိမ့်မည်ဟု ယုံကြည်သည်။ စားသောက်ပြီးတော့ သူ့အိပ်ခန်းသို့ လိုက်၍ တစ်ခုခု သောက်ရန် သူက ဖိတ်ခေါ် သည်။ အခန်းတွေက ကျယ်ဝန်းပြီး လှပခမ်းနားလှသောကြောင့် မယ်လာနီက အံ့အား သင့် မိသည်။
အေဘယ်က ကိုကာကိုလာဖန်ခွက်ကို မယ်လာနီအား ကမ်းပေးသည်။ ပြီးတော့ မယ်လာနီ၏ သွယ်လျ ပြည့်ဖောင်း နေသော ခြေသလုံးသားကလေးကို ခိုးကြောင်ခိုးဝှက်တစ်ချက်စောင့်ကြည့် လိုက်သည်။ အေဘယ် က သူ့အတွက် ၀ီစကီတစ်ခွက်ထည့်သည်။

"ကျေးဇူးတင်ပါတယ် အေဘယ် သိပ်ပြီး ပျောစရာကောင်းတဲ့ ညတစ်ညပါပဲ" အေဘယ်က မယ်လာနီဘေးတွင် ၀င်ထိုင်ပြီးနောက် ဟန်ပါပါဖြင့် ဖန်ခွက်ကို လှုပ်ကစားနေသည်။
"ငါ ဂီတ ကို နားမထောင်ခဲ့တာ တော်တော်ကြာပြီ၊ ဒီညနေ နားထောင်ကြည့်တော့ မိုးဇက်ရဲ့ဂီတက ငါ့နှလုံးသား ကို ဆွဲယူထားသလို ခံစားရတယ်"
"တစ်ခါတစ်လေ ရှင်က ဥရောပအလယ်ပိုင်းသား သိပ်ဆံတာပဲ အေဘယ်" သူမက အေဘေယ် ဖိထိုင် ထားသော ဂါဝန်စကို ပြန်ဆွဲလိုက်သည်။ "ဟိုတယ် မန်နေဂျာတစ်ယောက်နဲ့ ကမ္ဘာကျော် ဂီတပညာရှင်ကြီး မိုးဇက် က ဘယ်လိုများ ဆက်စပ်နေလို့လဲရှင်"

"ငါ့အဘိုး ဖြစ်တဲ့ နယ်စားကြီး ဘေရွန်ရို့စနော့စကီးက မိုးဇက်မိသားစုရဲ့ အင်မတန် ရင်းနှီးခဲ့တယ် လေ၊ ဒါကြောင့် ငါလည်းပဲ မိုးဇက်နဲ့ ရင်းနှီးနေသလို ထင်နေမိတယ်"
မယ်လာနီ က ပြုံးနေသည်။ အေဘယ်က ကိုယ်ကိုကိုင်းပြီး မယ်လာနီ၏ နားသယ်စကို နမ်းလိုက် သည်။ မယ်လာနီ က ဂရုမစိုက်ဘဲ စကားကိုသာ ဆက်ပြောသည်။
အေဘယ် က ထပ်၍ နမ်းလိုက်သည်။ မယ်လာနီက မျက်နှာကို လှည့်ပေးသည်။ အေဘယ်က နှုတ်ခမ်းကို စုပ် နမ်းလိုက် သည်။ ပြီးတော့ မယ်လာနီက မျက်နှာလွှဲလိုက်သည်။
"ကျွန်မ ကျောင်းပြန်တက်ရတော့မယ်"

"ဘယ့်နှယ် ရောက်တာမှ မကြာသေးတာ"
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျောင်းက မတတ်လို့ မဖြစ်သေးဘူး၊ မနက်ကျတော့ အစောကြီး ထ ရမယ်"
အေဘယ်က နောက်တစ်ကြိမ် ထပ်နမ်းပြန်သည်။ မယ်လာနီက ဆိုဖာကုလားထိုင်ရှည်ပေါ်သို့ လဲကျ သွားသည်။ အေဘယ်က လက်သရမ်းမည် လုပ်သည်။ မယ်လာနီက သူ့ကို အသာတွန်းပစ် လိုက်သည်။
"ကျွန်မ ပြန်တော့မယ် အေဘယ်"
"နေပါဦး အချစ်ရယ်၊ ကိုယ် ချစ်လွန်းလို့ပါကွယ်"

သူက ထပ်နမ်းမည် လုပ်သည်။ သည်တစ်ကြိမ်တွင်တော့ မယ်လာနီက စောစောကထပ် ပို၍ ခပ်ပြင်းပြင် တွန်းပစ် လိုက်သည်။
"ဘာလဲ ရှင်က ကျွန်မကို ပွဲပြ၊ ထမင်းကျွေးပြီး အခွင့်ကောင်းယူမယ် ကြံတာလား အေဘယ်"
"အို ... မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး၊ တို့နှစ်ယောက်က အတူတူ သွားလာနေကြတာ ကြာပြီ ပဲဟာ၊ မင်းက မငြင်ူးး ထင်လို့ပါကွယ်"
"ရှင်ပြောသလောက် မကြာသေးပါဘူး အေဘယ်၊ ကျွန်မက ရှင်နဲ့အတူ ကျွန်မ ဖေဖေရဲ့ ထမင်းစား ခန်းမှာ မကြာ ခဏ စားခဲ့ဖူးတာလောက်နဲ့ ကြာပြီလို့ ပြောလို့မရပါဘူး"
"ငါ တောင်းပန်ပါတယ် မယ်လာနီ၊ ငါက မင်းကို တကယ်ချစ်လို့ပါ"

"ကျွန်မက လက်ထပ်ယူမယ်လို့ မဆုံးဖြတ်ဘဲနဲ့ ဘယ်ယောက်ျားနဲ့မှ အထိအတွ့ မလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်"
"မင်း ကို ငါ လက်ထပ်ယူပါ့မယ်"
မယ်လာနီ အသံထွက်အောင် ရယ်လိုက်သည်။
"ငါ့စကားကို ရယ်စရာ ဖြစ်နေလို့လား"
"မမိုက်စမ်း ပါနဲ့ အေဘယ်၊ ကျွန်မက ရှင့်ကို ဘယ်တော့မှ လက်မထပ်နိုင်ပါဘူး" "ဘာဖြစ်လို့လဲဟင်၊ ဘာဖြစ် လို့လဲ" သူ့အသံက အနည်းငယ် တုန်နေသည်။

"အမေရိကန်တောင်ပိုင်းသူတစ်ယောက်က ပိုလန်ပြည်က ၀င်လာတဲ့ လူတစ်ယောက်ကို ဘယ်တော့မှ လက်မထပ်နိုင်လို့ပေါ့"
သူမက ထိုင်ရာမှ ထရပ်ပြီး ဂါဝန်ကို နေသားတကျ ပွတ်သပ်နေသည်။
"ငါက သာမန်ပိုလန်သားမှ မဟုတ်ဘဲ၊ နယ်စားတစ်ယောက်ပဲ"
မယ်လာနီ က ထပ်၍ ရယ်ပြန်သည်။

"အဲဒီလို ရှင်က ပြောတိုင်း လူတွေက ယုံရမှာတဲ့လား၊ ရှင် အဲဒီလိုပြောလို့ ရှင့်နောက်ကွယ်မှာ လူတွေ ဟား နေကြတာ ရှင်ကမှ မသိတာကိုး"
အေဘယ် တော်တော်ရှက်သွားသည်။ မျက်နှာတစ်ပြင်လုံးလည်း နီရဲသွားသည်။
'သူတို့က ငါ့နောက်ကွယ်မှာ တကယ်ပဲ ဟားနေကြတယ်လား'
'ဟုတ်တယ်၊ ဟားနေကြတယ်၊ ရှင့်ကို သူတို့ခေါ်နေကြတဲ့ နာမည်ကို ရှင်သိမှာပါ၊ "ရှီကာဂိုနယ်စား"တဲ့
အေဘယ် မှာ အာစေးမိသလို ဘာတစ်ခွန်းမှ ပြန်မပြောနိုင်အောင် ဖြစ်သွားသည်။

'အဲဒီတော့ ကျွန်မပြောချင်တာက မဖြစ်နိုင်တာ မမှန်းပါနဲ့ အေဘယ်၊ ရှင်ကအလုပ်မှာ တော်လို့ ဖေဖေက ရှင့်ကို သိပ်သဘောကျနေတယ်၊ ဒါပေမဲ့ အဲဒါနဲ့ ရှင့်ကိုကျွန်မ လက်ထပ်ဖို့ဟာနဲ့ ဘာမှမဆိုင်ပါဘူး'
'မင်းဘယ်တော့ မှ လက်မထပ်နိုင်ဘူး...ဟုတ်လား' အေဘယ်က မလိုအပ်ဘဲနှင့် ထပ်မေးနေသည်။
'ဟုတ်တယ်၊ ဘယ်တော့မှ လက်မထပ်နိုင်ဘူး၊ ဖေဖေက ရှင့်ကို ခင်မင်လေးစားပေမယ့် သမက်အဖြစ်နဲ့တော့ ဘယ်တော့မှ သဘောတူနိုင်မှာမဟုတ်ဘူး'
'မင်းကို စော်ကားသလို ပြောမိလုပ်မိတာ ငါတောင်းပန်ပါတယ် မယ်လာနီ'
'တောင်းပန် စရာမလိုပါဘူး အေဘယ်၊ ကျွန်မအနေနဲ့ ဂုဏ်ယူစရာတောင် ကောင်းပါ သေးတယ်၊ အဲဒီတော့ ဒီအကြောင်း နောက်ထပ်မပြောကြပါနဲ့စို့၊ မေ့ပစ်လိုက်ပါတော့၊ ကဲ...ကျွန်မကို အိမ်ပြန်ဖို့ အချိန် တန်ပါပြီထင်တယ် အေဘယ်'

သူမက ထိုင်ရာမှထကာ တံခါးဝသို့ လျှောက်သွားသည်။ အေဘယ်က မင်သက်သမိသလို ကုလားထို်င်တွင် ထိုင်မြဲထိုင်နေသည်။ ပြီးတော့ စိတ်ကိုတင်းပြီး ထိုင်ရာမှ ထလိုက်သည်။ အင်္ကျီချိတ်တွင် ချိတ်ထားသော မယ်လာနီ ၏ ကုတ်အင်္ကျီကိုယူပြီး ပခုံးပေါ်တင်ပေးလိုက်သည်။
နှစ်ယောက်သား စင်္ကြအတိုင်း လျှောက်လာစဉ် အေဘယ်၏ ခြေထောက်တစ်ဖက် ဆာတာတာ ဖြစ်နေ ကြောင်း မယ်လာနီက သတိထားလိုက်မိသည်။
အပြင် ရောက်တော့ တက္ကစီကားဌားပြီး လာခဲ့ကြသည်။ ကားပေါ်တွင် တစ်ယောက်နှင့် တစ်ယောက် စကား တစ်ခွန်းမှ မပြောကြ။ အိမ်ရှေ့ရောက်တော့ တက္ကစီကို စောင့်ခိုင်းထားခဲ့ပြီး အေဘယ်က မယ်လာနီအား ခြံဝ အထိ လိုက်ပို့သည်။

'ကျွန်မတို့နှစ်ယောက်ဟာ မိတ်ဆွေအဖြစ်နဲ့တော့ တစ်သက်လုံးနေသွားကြမယ် အေဘယ်'
'ဟုတ်ကဲ့၊ ကောင်းပါတယ် မယ်လာနီ'
'ကျွန်မကို ဂီတပွဲပြပြီ့း ညစာကျွေးတာ အများကြီး ကျေးဇူးတင်ပါတယ်ရှင်၊ ရှင့်အနေနဲ့ ပိုလန်သူ ချောချော လှလှကလေး တစ်ယောက်ရဖို့တော့ မခဲယဉ်းပါဘူးလို့ ကျွန်မထင်ပါတယ်၊ ကဲ....ခွင့်ပြုပါဦး၊ ဂွတ်နိုက်'
'ဂွတ်နိုက်....'

အေဘယ်က နယူးယောက် စတော့ဈေးကွက်တွင် အခြေအနေ ရေရှည်ကောင်းနေ လိမ့်မည်ဟု ယုံကြည် ထားသည်။ သို့သော် တစ်နေ့တွင် ဟိုတယ်၌ တည်းခိုနေသူတစ်ဦးက သူ၏တည်းခိုခကို စတောဖြင့် ပေးချေ ၍ ရနိုင်ပါမည်လားဟု မေးလာသောအခါမှသာ အခြေအနေဆိုးရွာနေကြောင်း သိရတော့သည်။ သူ၏ ရသမျှ ပိုက်ဆံအားလုံးနီးပါးမှာ ရစ်ခ်ျမွန့်ဟိုတယ်လုပ်ငန်းမျှသာ ရှိသည်။ ထို့ကြောင့် စတော့ ဈေးကွက် ၌ ကျန်နေသော သူ၏ရှယ်ယာအနည်းငယ်ကို အရှုံးနှင့်ပြန်ရောင်းပစ် လိုက်သည်။
    သူ၏ဟိုတယ်လုပ်ငန်းမှာလည်း နှစ်ဦးပိုင်းတွင် အခြေအနေကောင်းနေသည်။ ၁၉၂၉ခုနှစ တွင် အမြတ်ငွေ နှစ်သောင်းခွဲကျော် မျှော်မှန်းချက်ကိုလည်း ကျိန်းသေပေါက်တွက်ထားသည်။ မစ္စတာလီရွိုင်း ကလည်း တော်တော်အားတက်နေသည်။

    သို့သော်ထိုနှစ် အောက်တိုဘာလတွင် အဆိုဆုံးအခြေအနေသို့ ရောက်လာသောအခါ ဟိုတယ်တွင် အမှုထမ်း တစ်ဝက်ခန့်သာ ကျန်တော့သည်။ "အမှောင်ဖုံးသောအင်္ဂါနေ့တွင် အေဘယ်က မစ္စတာ လီရွိုင်းထံ ဖုံးလှမ်း ဆက်သည်။ မစ္စတာလီရွိုင်းမှာ အကြီးအကျယ် စိတ်ဓာတ် ကျနေသည်။
    'ခဏစောင့်ပါဦး အေဘယ်၊ နောက်အပတ်မှာ ငါလာခဲ့မယ်၊ အဲဒီတော့မှ အသေးစိတ် ဆွေးနွေးပြီး သင့်သလို ကြည့်လုပ်ကြတာပေါ့'
    'အခြေအနေက တော်တော်ဆိုးနေသလား အန်ကယ်၊ ကျွန်တော့ကိုကြိုတင်ပြီး နည်းနည်းရှင်းပြထားရင် ပိုကောင်းမယ် ထင်ပါယတ်'
    'တယ်လီဖုံးနဲ့ ပြောတာထက် ငါလာတော့မှ ရှင်းပြတာ ပိုကောင်းလိမ့်မယ်အေဘယ်၊ အဖြစ်ကတော့ စတော့ ဈေးကွက်မှာ ငါရှုံးတာကို အကြောင်းပြုပြီး ဘဏ်တိုက်က ငါကိုအ ကျပ်ကိုင် လာတယ်၊ သူတို့ဘဏ်က ချေးထားတဲ့ ပိုက်ဆံ မဆပ်နိုင်ရင် ဟိုတယ်တွေ ရောင်းပြီးဆပ်ဖို့ ပြောလာတယ်'
    အေဘယ်တစ်ကိုယ်လုံး အေးစက်သွားသလို ထင်လိုက်ရသည်။

    'ဒါပေမယ့် မင်းအနေနဲ့ ဘာမှ ပူစရာမရှိပါဘူး အေဘယ်၊ ငါလာတော့မှ အသေးစိတ် ပြောပြပါ့မယ်၊ အဲဒီအချိန်ကျတော့ တစ်နည်းတစ်လမ်းတော့ ရှာကြံနိုင်ပါလိမ့်မယ်'
    တစ်ဖက်မှ တယ်လီဖုံးပြန်ချသွားသည်။ အေဘယ်တစ်ကိုယ်လုံး ချွေးပြန်လာသည်။ မစ္စတာ လီရွိုင်း၏ဒုက္ခကို သူ့အနေဖြင့် ဘယ်လိုကယ်နိုင်ပါမလဲဟု စဉ်းစားကြည့်သည်။ သူက မစ္စတာဖင်တန်ထံ ဖုံးလှမ်းဆက်ပြီး ရစ်ခ်ျမွန့်ဟိုတယ်လုပ်ငန်းနှင့် ဆက်သွယ်နေသော ဘဏ်တိုက်ပိုင်ရှင် အမည် ကို မေးသည်။ ဘဏ်တိုက်ပိုင်ရှင်နှင့် သွားပြီးဆွေးနွေးလျှင် မစ္စတာလီရွိုင်းအတွက် တစ်ဖက် တစ်လမ်း မှ ကူညီနိုင်မည်လားဟူ၍ တွေးမိသောကြောင့် ဖြစ်သည်။

အခြေအနေက တစ်နေ့ထက်တစ်နေ့န ပိုဆိုးရွားလာသည်။ သည်အတိုင်းကြည့်နေလျှင် ဆိုးသည်ထက် ဆိုးလာတော့မည်။ ထို့ကြောင့် အေဘယ်က မစ္စတာလီရွိုင်းကို ဖုံးဆက်ပြီး ဆုံးဖြတ်ချက်တစ်ခုခု အမြန်ဆုံး ချရန် ပြောသည်။ သို့သော် မစ္စတာလီရွိုင်းဦးနှောက်ခြောက်ပြီး ဘယ်လိုမှ မဆုံးဖြတ်တတ်အောင် ဖြစ်နေ သည်။
    သည်လိုနှင့် ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုးသို့ ဦးတည်လာသောအခါ အေဘယ်က ရစ်ခ်ျမွန့် ဟိုတယ်လုပ်ငန်းနှင့်ပက်သက်သော ဘဏ်တိုက်ပိုင်ရှင်ထံသို့ ဖုံးဆက်လိုက်သည်။
'ဂွတ်မောင်း.... ကျွန်တော် ဘာအကူအညီပေးရပါမလဲ ခင်ဗျာ'

'ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော်နာမည် အေဘယ်ရိုစ်နော့်စကီးပါ၊ ရှီကာဂို ရစ်ခ်ျမွန့် ဟိုတယ် က မန်နေဂျာပါ ခင်ဗျာ၊ ရစ်ခ်ျမွန့်ဟိုတယ်လုပ်ငန်းနဲ့ ပက်သက်ပြီး ဆွေးနွေးချင်လို့ ဘယ်နေ့ လာတွေ့ နိုင်ပါမလဲ ခင်ဗျာ'
'မစ္စတာဒေးဗစ်လီရွိုင်းကလွဲပြီး တခြားဘယ်သူနဲ့မှ ဆွေးနွေးလို့ မဖြစ်ပါဘူးခင်ဗျာ'
'ဒါပေမယ့် ကျွန်တော်ကလည်း ရစ်ခ်ျမွန့်ဟိုတယ်လုပ်ငန်းရဲ့ ရှယ်ယာ၂၅ရာခိုင်းနှုန်းကို ပိုင်ပါတယ်ခင်ဗျာ'
'သြော်...ဟုတ်ကဲ့၊ ဒါပေမဲ့ ရှယ်ယာ၅၀ရာခိုင်နှုန်း ပိုင်တဲ့လူမှ ကျွန်တော်တို့ဘဏ်တိုက်နဲ့ ဆွေးနွေးပိုင်ခွင့် ရှိပါတယ် ခင်ဗျာ၊ တကယ်လို့လူကြီးမင်းပဲ ဆွေးနွေးချင်ရင်တော့ မစ္စတာလီရွိုင်းဆီ က ကိုယ်စားလှယ် လွှဲစာ ယူလာရပါလိမ့်မယ်'
'မစ္စတာလီရွိုင်းက ကျွန်တော်ရဲ့မိတ်ဆွေရင်းပါ'

'ဟုတ်ကဲ့၊ ကျွန်တော်လည်း ယုံကြည်ပါတယ်ခင်ဗျာ'
'အဲဒီတော့ သူ့အတွက် ကျွန်တော်တတ်နိုင်တဲ့ဘက်က ၀င်ကူချင်ပါတယ်'
'သူ့ဆီက လွှဲစာရထားပြီးပြီးလား'
'မရသေးပါဘူးခင်ဗျာ'
'ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ခင်ဗျာ၊ အခုလို စကားပြောနေတာတောင် လွန်လွန်းနေပါပြီ၊ ဒါပါပဲ ခင်ဗျာ' 
တစ်ဖက်မှ တယ်လီဖုံးပြန်ချသွားသည်။ အေဘယ်က တစ်ဖက်မှပုဂ္ဂိုလ်ကို အသံတိတ်ကျိန်ဆဲ လိုက်ပြီး တယ်လီဖုံးကို ခွမ်ခနဲ ပစ်ချလိုက်သည်။ သူက မစ္စတာလီရွိုင်းအတွက် အလွန်စိုးရိမ်မိ သည်။ ကူညီနိုင်မည့် နည်းလမ်း ကို အမြန်ဆုံးရှာဖွေရမည်ဟုလည်း တွေးလိုက်မိသည်။

နောက်တစ်နေ့ညနေတွင် အေဘယ်က မယ်လာနီအား စားသောက်ခန်းထဲတွင် မြင်လိုက်မိသည်။ သူမသည် ခါတိုင်းလို ရွှင်ရွှင်ပျပျမရှိ။ မျက်နှာတွင် သောကရိပ်တွေ ပေါ်လွင်နေသည်။ သူက အကျိုးအကြောင်းသွားမေးရန် စိတ်ကူးမိသေးသည်။ သို့သော်စိတ်ပြောင်းသွားပြီး မသွားရန် ဆုံးဖြတ် လိုက်သည်။
သူသည် စားသောက်ခန်းအနီးမှဖြတ်ကာ သူ့ရုံးခန်းဆီသို့ လျှောက်လာခဲ့သည်။ တံခါးဝတွင် မစ္စတာလီရွိုင်း ရပ်နေ သည်ကို တွေ့ရသည်။ မစ္စတာလီရွိုင်းသည် အေဘယ်နှင့် ပလာဇာ ဟိုတယ်တွင် ပထမဆုံး တွေ့ခဲ့တုန်း က ၀တ်ခဲ့သောဂျက်ကတ်အင်္ကျီို ၀တ်ထားသည်။

‘စားသောက်ခန်းထဲမှာ မယ်လာနီရှိသလား မစ္စတာလီရွိုင်းက မေးလိုက်သည်။
‘ဟုတ်ကဲ့၊ ရှိပါတယ်ခင်ဗျာ၊ အန်ကယ်ရောက်နေပြီဆိုတာ ကျွန်တော်လုံးဝမသိပါဘူး၊ ဒီလိုဆိုရင် ကျွန်တော် သီးသန့်ခန်း စီစဉ်ထားလိုက်ပါမယ့် ခင်ဗျာ’
‘တစ်ည အတွက်ပဲ စီစဉ်ပါ အေဘယ်၊ ပြီးတော့ မင်းနဲ့ငါနဲ့ နှစ်ယောက်ချင်း တွေ့ချင်တယ်’
‘ကောင်းပါပြီခင်ဗျာ’
အေဘယ် က ‘နှစ်ယောက်ချင်း’ဆိုသော စကားကြောင့် တစ်မျိုးကြီး ခံစားလိုက်ရသည်။ မယ်လာနီကများ သူမဖခင်ကြီး ကို သွားတိုင်လိုက်ပြီးပြိးလား။ အဘိုးကြီးဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေတာ ဒီကိစ္စကြောင့် ပဲလား။

မစ္စတာလီရွိုင်းက စားသောက်ခန်းထဲ ၀င်သွားသည်။ အေဘယ်က ၁၇ထပ်မှ အထူးခန်းအား,မအား စုံစမ်းရန် မှတ်ပုံတင်ဌာနသို့ လျှောက်လာခဲ့သည်။
ဟိုတယ်တွင် အခန်းစုစုပေါင်း၏ တစ်ဝက်ခန့်မှာ တည်းခိုသူမရှိ ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် အထူးခန်း တွင်လည်း လူမရှိသည်မှာ အံ့သြစရာမဟုတ်။
အေဘယ် က မှတ်ပုံတင်စားပွဲနားတွင် ရပ်နေတုန်း မယ်လာနီအခန်းထဲမှ ပြန်ထွက်သွားသည်ကို မြင်လိုက် ရသည်။ သူမမျက်နှာ မို့အစ်နေသည်။ ငိုထားဟန်တူသည်။ ခဏအကြာတွင် ဖခင်ဖြစ်သူလည်း စားသောက်ခန်း မှ ပြန်ထွက်လာပြန်သည်။

‘အေဘယ်၊ ၀ီစကီပုလင်း ဆွဲလာခဲ့ပါ၊ တစ်ပုလင်းမကုန်ဘူးလို့ မပြောနဲ့၊ အရက်ပုလင်းယူပြီးသာ ငါ့အခန်း လာခဲ့ပါ’
အေဘယ် က သူ့ဗီရိုထဲမှ ၀ီစကီနှစ်ပုလင်းယူပြီး အထူးခန်းသို့ တက်လာခဲ့သည်။ စိတ်ထဲတွင်တော့ မယ်လာနီက သူမဖခင်ကို တိုင်ပြောလိုက်တာပဲ ဖြစ်မည်ဟုပင် တွေးလာမိသည်။
‘ပုလင်း ဖွင့်ကွာ၊ ပြီးတော့ မင်းဖန်ခွက်ထဲ တော်တော်များများ လောင်းထည့်’ မစ္စတာလီရွိုင်းက အမိန့် ပေးသည်။

အေဘယ်က ကြောက်စိတ်ဝင်လာပြီး လက်တုန်တုန်ယင်ယင်ဖြင့် ဖန်ခွက်ထဲ အရက်ထည့်သည်။ တကယ်တော့ သူ့သမီးကို ကြိုက်ပါတယ်ဆိုရုံနဲ့ သူကငါ့ကို အလုပ်မထုတ်နိုင်ပါဘူး။
သူနှင့် မစ္စတာလီရွိင်းတို့သည် ယခုအချိန်တွင် စီးပွားရေးစပ်တူ လုပ်ဖက်လည်း ဖြစ်ကြသည်။ ရင်းနှီးသော မိတ်ဆွေများ လည်း ဖြစ်နေကြပြီ။
‘ကဲ... အားလုံးက တစ်ကျိုက်တည်း မော့ချလိုက်ကွာ’

အေဘယ်က သူ့ဖန်ခွက်ကို မော့သောက်လိုက်သည်။ မစ္စတာလီရွိုင်းကလည်း တစ်ကျိုက် တည်းပင် မော့ချ လိုက်သည်။
‘အေဘယ် ငါ့ဘ၀တော့ စုပ်စုပ်မြုပ်ပါပြီကွာ’ သူကအရက်ခွက်ကို ထပ်ကိုင်သည်။ အေဘယ်က နှစ်ခွက် ထပ်ထည့်သည်။ နှစ်ယောက်စလုံး မော့လိုက်ကြပြန်သည်။ ‘တစ်ပြည်လုံးက ငါ့အကြောင်း သိကုန်ကြပြီ’

အေဘယ်က ဘာမှပြန်မပြော။ ဘာပြောရမှန်းလည်း မသိ။ နှစ်ယောက်သားတစ်ယောက် မျက်နှာတစ်ယောက် အကြာကြီး စိုက်ကြည့်နေကြသည်။ ပြီးတော့ အရက်ခွက် မော့လိုက် ကြပြန်သည်။ အေဘယ် က အားတင်းပြီး ပြောလိုက်သည်။
‘ဒါပေမဲ့ အန်ကယ်က ဟိုတယ်11ခု ပိုင်ထားပါသေးတယ်၊ စိုးရိမ်စရာမရှိပါဘူး’
‘အဲဒါက ဟိုတုန်းက ပိုင်ခဲ့ဖူးတာ၊ အခုမပိုင်တော့ဘူး၊ ကြာသပတေးနေ့ကတည်းက ဘဏ်တိုက်က ၀ရမ်း ထုတ်လိုက်ပြီ’
‘ဒါပေမယ့် အန်ကယ် ပိုင်ပါသေးတယ်၊ မိသားစုမျိုးဆက် နှစ်ဆက်တိတိ ပိုင်လာခဲ့တဲ့ လုပ်ငန်းကြီးပါ အန်ကယ်’

‘မင်းပြောတာ မှန်တော့မှန်ပါတယ် အေဘယ်၊ ဒါပေမယ့် အဲဒီဟိုတယ်တွေကို အခုငါ လုံးဝ မပိုင်တော့ဘူး။ ဘဏ်တိုက် က ပိုင်သွားပြီ၊ အဖြစ်မှန်ကို မင်းလည်းသိပြီးသားပါ၊ အခုအချိန်မှာ အမေရိကန် တစ်ပြည်လုံး လိုလို ရင်ဆိုင်နေရတဲ့အဖြစ်ပါ၊ လုပ်ငန်းကလေးတွေရော လုပ်ငန်းကြီး တွေရော အားလုံးဒီအဖြစ်မျိုးနဲ့ ထွက်ပေါက် မရှိဖြစ်နေကြပြီ၊ လွန်ခဲ့တဲ့ 10နှစ်လောက်က ဟိုတယ်တွေကို အပေါင်ခံထားပြီး ငါငွေနှစ်သန်း ချေးယူ ခဲ့တယ်၊ တစ်ဖက်တစ်လမ်းက ၀င်ငွေ ရအောင်ဆိုပြီး အဲဒီငွေနဲ့စတော့ ဈေးကွက်မှာ မြုပ်နှံ ရင်းနှီး ခဲ့တာ၊ ဒီလိုနဲ့ ငါးသန်းလောက်အထိ တိုးတက်လာခဲ့တယ်၊ ဒါကြောင့်မို့လည်း ဟိုတယ်လုပ်ငန်းက အရှုံးကို ငါခံလာ နိုင်ခဲ့တာပေါ့။

‘ဒီနေ့ကျတော့ ငါ့မှာအကြွေးလည်ပင်းခိုက်ပြီး ဒေ၀ါလီခံရတော့မယ့် အခြေဆိုက်နေပြီ၊ လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက  စတော့ဈေးကွက်မှာ ငါ့ရှယ်ယာတွေ အတတ်နိုင်ဆုံး ရောင်းကြည့်ပေမယ့် ၀ယ်မယ့်သူ တစ်ယောက်မှမရှိတော့ဘူး၊ ဘဏ်ကလည်း လွန်ခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ငါ့အကြွေး တွေကို စာရင်းပိတ်လိုက်ပြီ၊ အဲဒီတော့ အခုသူတို့က ဟိုတယ်တွေရောင်းပစ်ပြီး သူတို့ငွေပြန်ရဖို့ အသေ အလဲ ကြိုးစားနေကြပြီ’

‘အဲဒါကတော့ သူတို့မိုက်တာပဲ အန်ကယ်၊ သူတို့က ဒီလောက်ထိ လောဘကြီးစရာ မလိုပါဘူး၊ ကျွန်တော်တို့ကို အကူအညီ ဆက်ပေးသွားရင် နှစ်ဦးနှစ်ဝ အကျိုးရှိနိုင်တာပဲ’
‘မင်းပြောတာ မှန်ပါတယ် အေဘယ်၊ ဒါပေမဲ့ သူတို့က မင်းထင်သလို မလုပ်ကြဘူး၊ ငါ့ကို အလဲထိုးဖို့ပဲ စိတ်ဝင်စားနေကြပါတယ်၊ ဒီကိစ္စ သူတို့ဆီသွားပြိး ငါရှင်းပြခဲ့ပြီးပြီး၊ မင်းအကြောင်း လည်း ပြောပြပါတယ်၊ သူတို့က ဆက်ပြီး ကူညီရင် တို့ကအရှုံးမရှိအောင် အစွမ်းကုန်ကြိုးစားမယ် လို့လည်း ကတိပေးပါတယ်။

ဒါပေမဲ့ ဒီလူတွေက လုံးဝစိတ်မ၀င်စားဘူး၊ သူတို့က ငါကို နို့ရည် တောင်မစင်သေးတဲ့ ငချွတ် ကလေးတစ်ယောက်နဲ့ လွှဲအပ်ပေးတယ်၊ ဒီကောင်လေးက ဘာမှမသိပါဘူး၊ မနေ့တစ်နေ့ကမှ တက္ကသိုလ် က ထွက်လာခဲ့တာ၊ ကျောင်းက သင်လိုက်တာတွေ နှုတ်တိုက်ရွက်ပြပြီး ငါ့ကိုအလဲထိုးတာပဲ၊ အဲလေ... သူတို့အားရှိတုန်း လုပ်ကြပါစေ၊ လုပ်ကြပါစေ၊ တကယ်လို့ ငါပြန်ထောင်လာရင်တော့ အဲဒီ ကောင်လေး နဲ့ သူ့ဘဏ်တိုက်တော့ မလွယ်ဘူးသာ မှတ်ပေတော့၊ ကဲ...လောလောဆယ်ဆယ် အဲဒါတွေ မေ့ထား လိုက်ကြရအောင်၊ အရက်သာမူးအောင် ချပေတော့၊ မထူးတော့ပါဘူး၊ ငါကငမွဲဖြစ်သွားပြီ၊ ငါမွဲ သွားပြီ’
‘ကျွန်တော်လည်း ဒီအတိုင်းပါပဲ’

‘မဟုတ်ပါဘူး၊ မင်းမမွဲဘူး၊ မင်းအတွက် အနာဂတ် လမ်းပွင့်နေပါတယ် အေဘယ်၊ တို့ဟိုတယ် တွေကို ဘယ်သူပဲသိမ်းသိမ်း၊ မင်းမပါဘဲနဲ့ သူတို့ ဘာမှမလုပ်နိုင်ပါဘူး’
‘ကျွန်တော့်ရှယ်ယာ 25ရာခိုင်နှုန်းပါဝင်နေတာ အန်ကယ်မေ့နေတယ် ထင်တယ်’
‘ဟုတ်သားပဲ အေဘယ်၊ ငါက မင်းပိုက်ဆံတစ်ချို့တစ်ဝက်သာ ရင်းနှီးမြုပ်နှံတာလို့ ထင်ခဲ့တာ’
‘မဟုတ်ပါဘူး’၊ ကျွန်တော့မှာရှိသမျှ အကုန်ထည့်လိုက်တာ၊ အခုလက်ထဲမှာ တစ်ပြားမှ မရှိတော့ဘူး၊ ဒါပေမဲ့ ကျွန်တော် ဘာမှမဖြစ်ပါဘူး အန်ကယ်၊ လူမိုက်တစ်ယောက်နဲ့ပေါင်းပြီး ပိုက်ဆံမြတ်ရတာထက် လူလိမ္မာ တစ်ယောက်နဲ့ပေါင်းလို့ ရှုံးရတာက ပိုပြီးမွန်မြတ်ပါတယ်’
အေဘယ် က ၀ီစကီတစ်ခွက် ထပ်သောက်လိုက်သည်။

မစ္စတာလီရွိုင်း၏ မျက်နှာတွင် မျက်ရည်တွေ စီးကျလာသည်။ 
‘အေဘယ်၊ မင်းဟာ အင်မတန်တော်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ၊ မင်းကြောင့်ဟိုတယ်တွေ တိုးတက် လာခဲ့တယ်၊ ဒါကြောင့်လည်း မင်းမှာ ပိုက်ဆံအတန်အသင့် ချမ်းသာလာခဲ့တယ်၊ ခုတော့ ငါက မင်းကို ငမွဲဘ၀ရောက်အောင် လုပ်လိုက်ပြီ၊ အဲဒါကို မင်းကလုံးဝစိတ်မဆိုးဘူး၊ ပြီးတော့ ငါ့သမီးက ငြင်းပယ်တာ ကိုလည်း ဘယ်လိုမှ သဘောမထားဘူး'
'ဒါဖြင့် ကျွန်တော် မယ်လာနီကို လက်ထပ်ဖို့ ကမ်းလှမ်းတာ အန်ကယ်ဘယ်လိုမှ မထင်ဘူးပေါ့' အေဘယ် က အရက်ရှိန်ကလေးဖြင့် အရဲစွန့်ပြီး မေးလိုက်သည်။

'ခွေးတရစ္ဆာန်မ၊ လူကောင်းကို လူကောင်းမှန်း မသိတတ်ဘူး၊ သူကတောင်ပိုင်းသား ဟိုအကောင် ကိုပဲ အထင်ကြီးနေတာ၊ အဲဒီအကောင်က မြင်းမွေးစားတယ်၊ သူမျိုးဆက်မှာ ဗိုလ်ချုပ်ကြီးသုံး ယောက်လောက် ရှိခဲ့ဖူးတယ်၊ ငါ့မှာနောက်ထပ် သမီးတစ်ယောက် မရှိခဲ့တာ အလွန်ကံဆိုးတာပဲ အေဘယ်၊ မင်းဟာ ငါ့အပေါ် မှာ သစ္စအရှိဆုံးမိတ်ဆွေ၊ မင်းကိုသမက်တော်ရရင် ငါဂုဏ်ယူလို့မဆုံး ဘူး၊ မင်းနဲ့ငါက အလုပ်ဖြစ်တယ်၊ ဒါပေမဲ့ မင်းအတွက်တော့ မပူပါနဲ့အေဘယ်၊ မင်းကအရွယ်လည်း ရှိပါသေးတယ်၊ ပညာလည်း ရှိတယ်၊ မင်းရဲ့ တက်လမ်း၊ ဖြောင့်တန်းနေပါတယ်။'
အေဘယ် မှာ အသက်၂၃နှစ်ရှိပြီ။ သို့သော် ယခုအချိန်တွင် သူ့ကိုယ်သူတော့ အများကြီး အိုစာသွား ပြီဟု ထင်နေ မိသည်။

'အန်ကယ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် အန်ကယ်၊ အန်ကယ်ဟာကျွန်တော့်ရဲ့ အရင်းအနှီး ဆုံး မိတ်ဆွေတစ်ယောက်ပါ၊ ကျေးဇူးရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး'
အေဘယ်က နောက်တစ်ခွပ်ကို ထပ်မော့လိုက်သည်။ မနက်၂နာရီလောက် ရောက်တော့ အရက်နှစ်ပုလင်း ပြောင် သွားပြီ။
မစ္စတာလီရွိုင်းက ကုလားထုင်ပေါ်တွင်ပင် ခြေပစ်လက်ပစ် အိပ်ပျော်နေပြီ။ အေဘယ်က သူ့ကိုယ်သူ ထိန်းပြီး ၁၁ထပ်မှ သူ့အခန်းသို့ ဒယီးဒယိုင်တက်လာခဲ့သည်။ ပြီးတော့မနိုင်တနိုင် အ၀တ်လဲပြီး အိပ်ရာပေါ် လှဲချလိုက်သည်။

တံခါးကို ခပ်ပြင်းပြင်းခေါက်သံကြား အေဘယ်အိပ်ရာမှ လန့်နိုးလာသည်။ တစ်ခေါင်းလုံး မူးနောက် ပြီး ထူမရအောင် ခံစားနေရသည်။
တံခါးခေါက် သံ ဆက်တိုက်ပေါ်လာပြန်သည်။
သူ့ကိုယ်သူ အတင်းအားတင်းပြီး တံခါးဝသို့ ကြိုးစားလျှောက်လာခဲ့သည်။
ဧည့်ကြို လူငယ်ကလေးက တံခါးဝတွင် ရပ်နေသည်။

'လူငယ်က ယင်းသို့ပြောပြီးနောက် ခန်းမဘက်သို့ ကမန်းကတန်း ပြန်ပြေးသွားသည်။'
အေဘယ် က အပေါ်အင်္ကျီနှင့် ညှပ်ဖိနပ်ကို ကမန်းကတန်း ကောက်စွပ်ပြီး အခန်းထဲမှ ထွက်လိုက် သည်။
ဓာတ်လှေကားတွင် လူငယ်ကအသင့်စောင့်နေသည်။

'မြန်မြန် ဆရာ၊ မြန်မြန်………မြန်မြန်'
'ဘာတွေများ ဖြစ်နေလို့လဲကွ၊ ဒီလောက်တောင် မြန်ရအောင်'

အေဘယ်၏ ခေါင်းထဲတွင် ခဲကျပ်နေတုန်းရှိသေးသည်။ သို့သော်ညနေက ကိစ္စကိုတော့ ပြန် သတိရ မိသည်။ ဧကန္တတော့ ဘဏ်တိုက်က လူတွေရောက်လာကြတာ ဖြစ်မည်။
'လူတစ်ယောက် ပြတင်းပေါက်က ခုန်ချလို့ဆရာ'
'ဧည့်သည်လား'

'ဟုတ်မယ်ထင်တယ် ဆရာ၊ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး'
ဓာတ်လှေကား သည် မြေညီထပ်တွင် ရပ်သွားသည်။ အေဘယ်ကသံတံခါးကို အတင်းဖွင့်ပြီး လမ်းဘက်သို့ ပြေးထွက် လာခဲ့သည်။
ရဲတွေ ရောက်နေကြပြီ။ သေဆုံးနေသူ၏ ကိုယ်ပေါ်တွင် ဂျက်ကက်အင်္ကျီသာ ၀တ်မထားလျှင် အေဘယ်က ဘယ်သူ ဘယ်ဝါမှန်း လုံးဝသိနိုင်မည် မဟုတ်။ တစ်ကိုယ်လုံး ကျိုးပဲစုတ်ပြတ်ပြီး မြင်မကောင်း ရှုမကောင်း အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ။

ရဲသားတစ်ယောက်က အသေးစိတ် မှတ်တမ်းရေးမှတ်နေသည်။
အရပ်ဝတ် အရပ်စားနှင့် လူတစ်ယောက် အေဘယ်အနီးသို့ ကပ်လာသည်။
"ခင်ဗျားက မန်နေဂျာလား"
"ဟုတ်ပါတယ် ခင်ဗျာ"
"ဒီလူ ဘယ်သူဆိုတာ သိသလား"
"သိပါတယ်၊ သူ့နာမည်က ဒေဗစ်လီရွိုင်းပါ"
"သူက ဘယ်ကလာတာလဲ၊ သူ့မှာဆွေမျိုးသားချင်း ရှိသလား"

"ဒါးလက်မြို့က လာတာပါ၊ မစ္စမယ်လာနီလိရွိုင်းဆိုတာ သူ့သမီးပါပဲ၊ မစ္စမယ်လာနီက ရှီကာဂို တက္ကသိုလ် အပြင်ဘက်မှာ ဘော်ဒါငှားနေပါတယ်"
"ကောင်ပါပြီ၊ သူ့ဆီကျုပ်တို့လူတစ်ယောက်လွှတ်ပြီး၊ အကြောင်းကြားလိုက်ပါ့မယ်"
"ဒီလိုမလုပ်ပါနဲ့၊ ကျွန်တော်ကိုယ်တိုင်ပဲ သွားပြောပါရစေ ခင်ဗျာ၊ အဲဒါပိုကောင်းမယ် ထင်လို့ပါ"
"ကျေးဇူပါပဲ၊ အဲဒါပိုကောင်ပါတယ်၊ မကောင်သတင်းဆိုတာ တစိမ်းတစ်ယောက်က သွားပို့လို့ မကောင်းပါဘူး၊ ဒါနဲ့ဆိုရင်ရှီကာဂိုမှာ ဒီလိုဖြစ်ရပ်မျိုး ၁၁ခုရှိသွားပြီ"
ရဲအရာရှိက မှတ်စုစာအုပ် ပြန်ပိတ်ပြီး အရေးပေါ် လူနာတင်ကားဆီသို့ လျှောက်သွားသည်။
ထို့နောက် အလောင်းကို လူနာတင်ကတ်နှင့် သယ်ပြီးကားပေါ်သို့ တင်ကြသည်။

အေဘယ်က စိတ်မချစ်သာစွဖြင့် ကြောင်ကြောင်ကြီး စိုက်ကြည့်နေသည်။ သူ့တစ်ကိုယ်လုံး အေးစက် သွားသည်။ ဒူးဆစ်တွေခွေချသွားတော့မတတ် ခံစားရသည်။ သူ၏ကျေးဇူးရှင် မိတ်ဆွေ ကောင်းကြီး တစ်ယောက် သေဆိုးနှင့် သေဆုံးသွားရှာပြီ။
ငါမူးအောင် သောက်မိလို့ ဒီလိုဖြစ်ရတာ၊ နို့မဟုတ်ရင်သူ ဒီလိုဖြစ်ရမှာမဟုတဘူး။

အေဘယ်သည် နောင်တကြီးစွာရမိသည်။ သူ့ကိုယ်သူ မနည်းအားတင်ပြီး အခန်းသို့ ပြန်လာခဲ့သည်။
ပြီးတော့ အကြာကြီး ရေစိမ်ချိုးပစ်လိုက်သည်။ အ၀တ်အစားလဲသည။် ကော်ဖီကြမ်းတစ်ခွက် မှာ သောက်သည်။
ထို့နောက်အထူးခန်းသို့ တက်လာခဲ့ပြီး တံခါးကိုဖွင့်လိုက်သည်။

အိပ်ရာပေါ် တွင် လူအိပ်ထားဟန လက္ခဏာမရှိ၊ အိပ်ရာဘေးစားပွဲပေါ်မှ စာရွက်များကို လှမ်းမြင် လိုက်သည်။ စုစုပေါင်းစားသုံးစောင်။
ပထမစာ ကို မယ်လာနီသို့ လိပ်စာတပ်ထားသည်။ ဒုတိယစာက ဒါးလက်မြို့မှ ရှေ့နေအတွက်။ တတိယစာ ကတော့ သူ့အတွက်။
သူက သူ့ ကျေးဇူးရှင်ကြီး နောက်ဆုံးရေးသွားခဲ့သောစာကို ကမန်းကတန်းဖတ်ကြည့်သည်။

အေဘယ်

ဘဏ်တိုက်က ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ငါ့အနေနဲ့ အတတ်နိုင်ဆုံး အလုပ်ကို နောက်ဆုံးလုပ် လိုက်ရတာပါ၊ ငါအနေနဲ့ လူ့ပြည်မှာအသက်ရှင်နေလို့လည်း ဘာမှမထူးတော့ပါဘူး၊ အသက်လည်း ကြီးလှ ပါပြီ။ ဘာမှထွန်းထွန်းပေါက်ပေါက် မစွမ်းဆောင်နိုင်တော့ပါဘူး၊ ဒီအကျပ် အတည်းကြီးထဲက တတ်နိုင် သမျှ အကောင်းဆုံး အခြေအနေအထိ ရောက်လာအောင် ကြိုးစားပါ ငါ့သား၊ မင်းကို ငါ ယုံကြည် တယ်၊ မင်းလုပ်နိုင်ပါတယ်။

ငါသေတမ်းစာအသစ ရေထားခဲ့တယ်၊ အဲဒီအထဲမှာ ကျန်တဲ့ရှယ်ယာ ၇၅ရာခိုင်နှုန်းကို မင်းကိုပဲ အားလုံးအပ်ထားခဲ့တယ်၊ အဲဒါတွေဘာမှတန်ဖိုးမရှိတော့ဘူးဆိုတာတော့ ငါသိပါတယ်၊ ဒါပေမဲ့ စတော့ တွေက မင်းဟာရစ်ခခ်ျမွန့်ဟိုတယ် လုပ်ငန်းရဲ့ တရားဝင်ပိုင်ရှင်ဖြစ်တယ်ဆိုတာကို အခိုင်အမာ သက်သေခံ နိုင်ကြလိမ့် မယ်။ တခြားငါပိုင်တဲ့ အိပ်အပါအ၀င် ပစ္စည်းအားလုံးကိုတော့ မယ်လာနီ ကိုပေးခဲ့ ပါတယ်၊သူတို့နှစ်သိမ့်ပါ။ မင်းကိုငါသမက်တော်ရရင် ငါဘယ်ဘ၀ရောက်ရောက် ဂုဏ်ယူနေမှာပါ အေဘယ်။

                                                                                        မင်းရဲ့အချစ်ဆုံးမိတ်ဆွေ
                                                                                                      ဒေးဗစ်

အေဘယ်ကစာတိုက် အကြိမ်ကြိမ် ထပ်ဖတ်နေမိသည်။ ပြီးတော့ သေသေ သပ်သပ် ခေါက်ပြီး အိတ်ထဲ ထည့်လိုက်သည်။ 
ထို့နောက်ရှီကာဂိုတက္ကသိုလ်ဘက်သို့ ထွက်လာခဲ့သည်။
မယ်လာနီ ထံ ရောက်တော့ တတ်နိုင်သမျှ ညင်သာအေးဆေးစွာဖြင့် သတင်းပို့သည်။
အေဘယ်သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဂနာမငြိမ်ဖြစ်နေသည်။ မယ်လာနီက အံ့သြရိပ် လုံးဝမပြ။ မျက်ရည် လည်း တစ်စက်မျှမကျ။ သို့သော်နောက်တော့မှ ချုံးပွဲချငိုလိမ့်မည်ဟု အေဘယ်က တွက်လိုက် မိသည်။ အေဘယ်သည် မယ်လာနီကိုကြည့်ပြီး အလွန်သနား သွားမိသည်။

အေဘယ်ဟိုတယ်သို့ ပြန်လာခဲ့သည်။ နေ့လယ်စာ မစားတော့ရန် ဆုံးဖြတ်လိုက်ပြီး စားပွဲထိုးအား ခရမ်းချဉ်သီးရည် ယူလာရန် မှာလိုက်သည်။  ထိုနောက်စားပွဲပေါ်မှ စာအိတ်တွေကို ဖွင့်ဖတ်သည်။ ''ကွန်တီနင်တယ် ဘဏ္ဍာန်ထိန်းအဖွဲ့'' ဒုတိယဥက္ကဌ ကာတစ်ဖက်တန်ထံမှ စာတစ်စောက် ရောက်နေ သည်။   
ရစ်ခ်ျမွန် ဟိုတယ်လုပ်ငန်း ကို သိမ်းယူလိုက်သည့်ဘဏ်မှာ ဘော့စတွန်မြို့မှကိန်းနှင့် ကဘော့ဘဏ် ဖြစ်ကြောင်း၊ သို့သော်လောလောဆယ်တွင်  မူလအတိုင်း လုပ်ငန်းငန်းအရှိန်မပျက် ဆက်လုပ်နေ နိုင်ကြောင်၊ တစ်နေ့တွင်မှ မစ္စတာလီရွိုင်းနှင့် အသေးစိတ် ဆွေးနွေးပြီး သင့်သလိုစီစဉ်ရန် ဘဏ်တိုက်က ဆုံးဖြတ် ထားကြောင်း ရေးသားထားသည်။

အေဘယ်သည် ကုလားထိုင်တွင် ငုတ်တုတ်ကြီးထိုင်ကာ စာကိုစိုက်ကြည့်နေသည်။ ခရမ်းချဉ်ရည် တစ်ခွက်ထပ်မှာသောက်ပြီးနောက် ကိန်းနှင့်ကဘော့ဘဏ်မှ လုပ်ငန်းဖျက်သိမ်း ရေးဆိုင်ရာ ဒါရိုက်တာနှင့် အသေးစိတ် ဆွေးနွေးရမည်ဖြစ်သည်။ မစ္စတာလီရွိုင်း၏ ကြေကွဲစရာ ရုတ်တရက် သေဆုံးရခြင်း အဓိက အကြောင်း အရင်း ကိုမူ ဘဏ်တိုက်က အဖြေရှာရဦးမည်ဟုလည်း ထိုစာတွင် ဖော်ပြထားသည်။
'ကြေကွဲ စရာ ရုတ်တရက် သေဆုံးရခြင်းတဲ့၊ အဲဒါသူကြောင့် ဖြစ်ရတာပဲ'

အေဘယ်က ဒေါသစိတ်ဖြင့် အသံထွက်အောင်ပင် တစ်ယောက်တည်း အော်ပြောလိုက်မိသည်။ တစ်ချိန်တည်းတွင် မစ္စတာလီရွိုင်း နောက်ဆုံးပြောသွားသော စကားကိုလည်း သတိရမိသည်။ 'သူတို့က ငါ့ကို နိုရည်တောင် မစင်သေးတဲ့ ငချွတ်ကလေးတစ်ယောက်နဲ့ လွှဲအပ်ပေးတယ်၊ ဒီကောက်လေးက ကျောင်းက သင်လိုက်တာတွေ နှုတ်တိုက်ရွတ်ပြပြီး ငါ့ကိုအလဲထိုးတော့တာပဲ၊ တကယ်လို့ ငါပြန်ထောင် လာနိုင် ရင်တော့ အဲဒီကောင်လေးနဲ့ သူ့ဘဏ်တိုက်တော့ မလွယ်ဘူးသာ မှတ်ပေတော့' 

'မစိုးရိမ်ပါနဲ့ အန်ကယ်၊ အန်ကယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်ကျွန်တော် အစွမ်းကုန် ကြိုးစာပါ့မယ်၊ စိတ်သာချနေပါတော့' 
အေဘယ်က တစ်ယောက်တည်း အသံထွက်၍ သစ္စာဆိုလိုက်သည်။
ထိုရက်ပိုင်းအတွင်း အေဘယ်သည် ရစခ်ျမွန့်ဟိုတ် လုပ်ငန်းကြီးတစ်ခုလုံးကို အသေအလဲ ကုန်းရုန်းပြီး လုပ်ငန်း အရှိန်မပျက်အောင် ကြိုးစားလုပ်ကိုင်နေရသည်။ ရှီကာဂိုဟိုတယ်ကို ကြီးကြပ် နေစဉ်အတွင်း တခြား ဟိုတယ် ဆယ်ခုတွင် ဘာတွေဖြစ်လာ ဖြစ်လာ သူ့အနေဖြင့် ပူစရာမလိုတော့။ ယခုအချိန်အတွင်း ယင်းဟိုတယ် အားလုံးကို ကိန်းနှင့်ကဘော့ဘဏ်တိုက်က ပိုင်သွားပြီ မဟုတ်ပါလား။

အခန်း (၁၇) ဆက်ရန်
.

1 comment:

Anonymous said...

want to read more and more.

Myatnoe