Saturday, May 15, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၁၂)
 အခန်း (၁၀)  မှ ကျန်ထားသော စာများ
mail ဖြင့် ပို့လိုက်ပါသဖြင့် သေချာ မစစ်လိုက်နိုင်ပါ၍ ကျန်သွားပါသည် တောင်းပန်ပါသည်။
 အခန်း (၁၀) မှ ဆက်ဖတ်ရန် စာများ
သူမ သည် မှန်တင်ခုံရှေ့သွားပြီး အပြင်ပနးအလှကို အကောင်းဆုံး ခြယ်သပြုပြင် လိုက်သည်။
'အယ်နီ မင်းက တကယ်ချော တယ်လှနေပါကလား၊ တကယ်လို့ ငါသာ ဒီတစ်သက် အိမ်ထောင် မပြုတော့ဘူး လို့ ဆုံးဖြတ်ထားတဲ့ လူပျိုသိုးကြီးမဟုတ်ခဲ့ရင် မင်းကို အရှက်အကြောင်းမရှိ ပိုးပန်းမိမှာ ကျန်းသေ ပဲ'
    ဘော်ငွေရောင်ဆံပင်နှင့် ဘဏ်ဥက္ကဋ္ဌကြီးက ယင်းသို့ ပဋိသန္ဓာရစကားဆိုကာ အယ်နီ၏ ပါးပြင် နှစ်ဖက် ကို နမ်း၍ ကြိုဆိုသည်။
    အလန်က အယ်နီအာ သူထိုင်နေကျ အခန်းထောင့်ထဲသို့ ခေါ်လာသည်။ ကိန်းနှင့် ကဘော့ ဘဏ်တိုက် ဥက္ကဋ္ဌ ဘဏ်တိုက်တွင် နေ့လယ်စာ မစားလျှင် ရစ်ဇ်ဟိုတယ် စားသောက် ခန်းမမှ ထောင့်စားပွဲသည် အမြဲတမ်း သူ့အတွက်ဖြစ်ရသည်။
ဤသည်မှာ အစဉ်အလာတစ်ရပ် လည်း ဖြစ်သည်။ ရစ်ချတ်သည်  ဤအစဉ်အလာကို အမြဲတမ်း ကျင့်သုံး ခဲ့သည်။ ယခုတော့ ယင်းစားပွဲသည် ဥက္ကဋ္ဌအသစ် အလန်လွိုက်အတွက် ဖြစ်လာရသည်။ ဤစားပွဲတွင် သူစိမ်း ယောက်ျားတစ်ယောက်နှင့် ထိုင်ဖူးသည်မှာ အယ်နီအဖို့ ဤအကြိမ်သည် ပထမဆုံအကြိမ် ပင်ဖြစ် သည်။
    စားပွဲထိုးတွေ ၀ိုင်ုးံလာကြသည်။ စားပွဲတွင် ထိုင်နေသူများ ကိုယ်ရေးကိုယ်တာစကားပြော နေလျှင် အနှောင့်အယှက်မဖြစ်အောင် ဘယ်အချိန်တွင် စားပွဲနားမှ ထွက်ခွာသွားပြီး ဘယ်အချိန်တွင် ပြန်လာ ရမည် ဆိုသည် ကို စားပွဲထိုးများက ကျင့်သားရ သိရှိနေကြပြီ ဖြစ်သည်။
    'ဒါနဲ့ ကလေးမွေးဖို့ ဘယ်လောက်လိုသေးလဲ အယ်နီ'
    'သြော်... နောက်သုံးလောက် လိုပါသးတယ်'
    'အခက်အခဲတော့ ဘာမှမရှိပါဘူးနော်၊ ငါက ဟိုတုန်းက ဖြစ်ဘူးတာ သတိရလို့'
    'ဟုတ်ကဲ့ အခြေအနေကောင်းပါတယ်၊ ဒေါက်တာကလည်း တစ်ပတ်တစ်ခါ အမြဲတမ်း စစ်ဆေး နေတယ်လေ၊ ကျွန်မမှာ သွေးတိုးရှိလို့ သူကတော့ စိုးရိမ်တာပေါ့၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကျွန်မ နေကောင်း ပါတယ်'
    'ဒီစကားကြားရတာ ငါ အများကြီးဝမ်းသာတယ် အယ်နီ' အလန်က သူ့လက်ကို အယ်နီ၏ ပေါင်ပေါ်တွင် ညင်သာစွာ တင်လိုက်ရင်း 'ဒါပေမဲ့ ဂရုတော့စိုက်ပါ တူမရယ်၊ မင်းကြည့်ရတာ ပင်န်းနေသလိုပဲ၊ ပင်ပန်းမယ့် အလုပ် ဆိုရင် ဘာမှမလုပ်ပါနဲ့ စိတ်ရော ကိုယ်ရော သက်သက် သာသာဖြစ်အောင် နေပါ'
    အလန်က သူ့လက်ကို ဖြည်းဖြည်းသာသာ မြောက်ပြလိုက်သည်။ စားပွဲထိုးတစ်ယောက် သူ့ဘေး သို့ကပ်လာ သည်။ နှစ်ယောကစလုံး ကိုယ်ကြိုက်ရာ မှာလိုကြသည်။
    'အယ်နီ ငါ မင်းဆီက အကြံတစ်ခုတောင်းချင်တယ်'
    အလန်က နည်းပရိယာယ်သုံး၍ ပြောလိုက်သောစကားကြောင့် အယ်နီမှာ ရင်ထဲ နင့်ခနဲ ဖြစ်သွား မိသည်။ တကယ်တော့ သူက အယ်နီထံမှ အကြံဥာဏ်တောင်းချင်၍ နံနကစာ လာစားခြင်းမဟုတ်၊ အယ်နီ အတွက် သူက ကြင်နာစိတ်ဖြင့် အကြံဥာဏ်ပေးချင်၍ သည်နေရာသို့ ခေါ်လာခြင်းသာဖြစ်ကြောင်းကို အယ်နီ က မပြောဘဲနှင့် ကြိုတင်သိထားသည်။
    'ဟင်နရီရဲ့ အိမ်ငှား မြေငှားလုပ်ငန်းအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ မင်းသေသေ ချာချာသိရဲ့လား'
    'ဟင့်အင်း... မသိပါဘူး၊ သူ့အလုပ်မှာ ကျွန်မဘယ်တော့မှ ၀င်မစွက်ခဲ့ပါဘူး၊ အန်ကယ် သိတဲ့အတိုင်းပဲ၊ ရစ်ချတ် ရှိတုန်းကလည်း ကျွန်မ ဒီအတိုင်းပဲ နေခဲ့တာပဲ မဟုတ်လား၊ ဘာဖြစ်လို့လဲ၊ စိုးရိမ် စရာများ ရှိလို့လား'
    'မရှိပါဘူး၊ မရှိပါဘူး၊ တို့ဘက်က လူတွေလညး ဘာမှမသိကြပါဘူး၊ ဒါပေမယ့် ဟင်နရီဟာ ခေတ်မီ ဆေးရုံ သစ်ကြီး တစ်ဆောင် ဆောက်ဖို့တွက် ကန်ထရိုက်လုပ်ငန်းကြီးတစ်ခု ယူထားတယ် ဆိုတာတော့ တို့ သိရတယ်၊ ဒါကလည်း သူပြောလို့ သိရတာ မဟုတ်ဘူး တို့ဘဏ်မှာ သူ ဒေါ်လာ ငါးသိန်း ချေးဖို့လာလို့ စုံစမ်းကြည့်တာကြောင့် သိရတာ'
    သည်စကား ကြားလိုက်ရတော့ အယ်နီ အကြီးအကျယ် အံ့သြသွားသည်။
    'မင်း  အံ့သြသွားတယ် မဟုတ်လား၊ တို့ သိရသလောက်ဆိုရင် အခု မင်းရဲ့ စတော့စာရင်းမှာ စုငွေ ဒေါ်လာ နှစ်သောင်း မပြည့်တပြည့်ပဲ ကျန်တော့တယ်၊ ကိုယ်ပိုင်စုငွေစာရင်း မှာတော့ ဒေါ်လာ တစ်သောင်း ခုနှစ်ထောင်တောင် ပိုထုတ်ထားတာ တွေ့ရတယ်'
    အယ်နီက အလန့်တကြားနှင့် ဇွန်းကို ပြန်ချလိုက်သည်။ သူမအနေဖြင့် သည်မျှအထိ ဆိုးဆိုးဝါးဝါး ငွေထုတ် ထားမိမှနး လုံးဝမသိခဲ့ရိုးအမှန်၊  အယ်နီ စိတ်ထိခိုက်သွားသည်ကို အလန်က ရိပ်မိသည်။
    'တကယ်တော့ ဒီအကြောင်းပြောဖို့ ဒီမှာ ထမင်းလာစားတာ မဟုတ်ဘူး အယ်နီ၊ မင်းရဲ့ ကိုယ်ပိုင် ငွေစာရင်း မှာ ငွေတစ်ပြားမှ မကျန်ရင်ဘဲ တို့ဘဏ်တိုက်အနေနဲ့ ၀မ်းမနည်းပါဘူး၊ ၀ီလျံက ဘဏ္ဍာ ထိန်းစု ငွေပေါ်မှာ တစ်နှစ်ကို အတိုးသက်သက်ပဲ ဒေါ်လာတစ်သန်းအထိ ရနေတယ်၊ ဒါကြောင့် မင်းစာရင်းမှာ ငွေပို ထုတ်တည် အကြောင်းမဟုတ်ပါဘူး၊ မင်းက ၀ီလျံရဲ့ တရားဝင်အုပ်ထိန်းသူအနေနဲ့ ထောက်ခံချက် ပေးမယ်ဆိုရင် ဟင်နရီလာချေးတဲ့ ဒေါ်လာ ငါးသိန်းကို ထုတ်ချေးပေမယ့်လညး အကြောင်းမဟုတ်ဘူး'
    '၀ီလျံရဲ့ ဘဏ္ဍာထိန်းစုငွေနဲ့ ပတ်သက်ပြီး ကျွန်မအနေနဲ့ တစ်စုံတစ်ရာ ၀င်ရောက် စွက်ဖက်ပိုင်ခွင့် ရှိတယ်ဆိုတာ ကျွန်မလုံးဝမသိပါဘူး'
    'ဟုတ်ပါတယ်၊ မင်းက  သူ့ရဲ့ ရင်းနှီး မြှုပ်နှံငွေအပေါ်မှာ ဘာမှ စွက်ဖက်ပိုင်ခွင့်မရှိ ပါဘူး၊ သို့သော်လည်း ၀ီလျံ အတွက် အကျိုးရှိမယ်ဆိုရင် သူ့စုငွေအပေါ်က ရလာတဲ့ အတိုးငွေကို သင့်တော်တဲ့ လုပ်ငန်းမှာ မြှုပ်နှံ ရင်းနှီး မယ့် ကိစ္စမျိုးမှာတော့ မင်းလည်း တရားဝင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ၊ ၀ီလျံ အသက် ၂၁ နှစ်ပြည့် တဲ့ အထိ မင်းအပါအ၀င် တခြားခေါင်းကိုင် မိဘတွေ ဖြစ်ကြတဲ့ မီလီပရက်စတန်ရယ်၊ ငါရယ် တို့သုံးယောက်ဟာ ၀ီလျံရဲ့ တရားဝင် အုပ်ထိန်းစောင့်ရှောက်သူတွေ ဖြစ်တယ်။
အဲဒီတော့ မင်းကသာ ထောက်ခံမယ်ဆိုရင် အဲဒီဒေါ်လာ ငါးသိန်းကို ဘဏ်ဥက္ကဋ္ဌ အနေနဲ့ ငါက ထုတ်ချေး နိုင်တယ်၊ မီလီကလည် သူ့အနေနဲ့ သဘောတူတယ်ဆိုတာ ငါ့ကို အကြောင်းကြားပြီးပြီ၊ အဲဒီတော့ မင်းနဲ့ ပါဆိုရင် နှစ်မဲတောင်ရနေပြီ၊ ငါ့အနေနဲ့ ဘာမှလုပ်လို့မရတော့ဘူး၊ မင်းတို့ ဆန္ဒအတိုင်း သဘောတူ လိုက်ရုံပဲ'
    'မီလီပရက်စတန်က သူ သဘောတူတယ်ဆိုတာ တကယ်ပဲ ပြောပြီးပြီလား အလန်'
    'ဟုတ်တယ်၊ တကယ်ပြောပြီးပြီ၊ ဒီအကြောင်း မင်းကို သူဘာမှမပြောသေးဘူးလား'
    အယ်နီ က ချက်ချင်းပြန်မဖြေ။ အတန်ကြာ ငြိမ်နေပြီးမှ ပြန်လှန်မေးခွန်းထုတ်လိုက်သည်။
    'အန်ကယ်က ဘယ်လိုသဘောရသလဲ'
    'ဟင်နရီ ရဲ့ စာရင်းကို ငါလုံးဝမသိရသေးဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူ့ကုမ္ပဏီတည် ထောင်တာ ၁၈ လပဲ ရှိသေးတယ်၊ ပြီးတော့ သူက တို့ဘဏ်တိုက်မှာ ငွေအပတာလည်း မဟုတ်ဘူး၊ အဲဒါကြောင် ဒီနှစ်အတွက် ငွေတွေ ဘယ်လာက်ပိုသုံးထားပြီး ၁၉၂၃ ခုနှစ်အတွက် ၀င်ငွေမျှော်မှန်းချက် ဘယ်လောက်ရှိမှန်းလညး ငါအနေ နဲ့ လုံးဝမသိရသေးဘူး'
    'အဲဒီ ၁၈ လအတွင်းမှာ ကျွန်မစာရင်းထဲက ဟင်နရီကို ငွေငါးသိန်း ချေးပေးထားတာကို အန်ကယ် သိပြီးပြီလား'
    'ဘယ်သူ့စာရင်းပဲဖြစ်ဖြစ် အဲဒီလို ငွေအရေအတွက် များများထုတ်တိုင်း ငါ့ငွေစာရင်းကိုင် ချုပ်က ငါ့ကို အမြဲတမ်း အစီရင်ခံတာချည်းပဲ။ ဒါပေမဲ့.. အဲဒီငွေတွေနဲ့ မင်းဘာလုပ်တယ်ဆိုတာတော့ ငါမသိဘူး၊ သိဖို့ လည်း မလိုဘူး ငါနဲ့မှ မဆိုင်တာ၊ မင်းကို ရစ်ချတ်က ပေးခဲ့တဲ့ငွေ၊ မင်းသုံးချင်သလို သုံးနိုင်တယ်။'
    'သို့သော်လည်း မိသားစုပိုင် ဘဏ္ဍာထိန်းငွေပေါ်မျာ ရလာတဲ့ အတိုးငွေတွ ကိစ္စနဲက ပတ်သကရင်တော့ တစ်မျိုး ပေါ့၊ မင်းက ဟင်နရီရဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အဲဒီငွေထဲက ဒေါ်လာ ငါးသိန်း ထုတ်မယ်ဆိုရင် ဟင်နရီရဲ့ ငွေစာ၇င်းကို ဘဏ်တိုက်က အလျင်စစ်ဆေးကြည့် ရမယ်၊ ဘာဖြစ် လို့လည်းဆိုရင် အဲဒီငွေဟာ ၀ီလျံရဲ့ အကျိုးအတွက် တို့က အခြားလုပ်ငန်းမှာ ထပ်ပြီး ရင်းနှီးမြှုပ်နှံပေးဖို့ တာဝန် ကိုပဲ ပေးခဲ့တယ်။'
    'ငါက ဒီအကြောင်း ဟင်နရီကိုလညး ရှင်းပြပြီးပါပြီ၊ တို့အနေနဲ့ ရှေ့ဆက်သွားမယ်ဆိုရင် ရင်းနှီး မြှုပ်နှံမှုကို တန်ဖိုးတွက်ရမယ်၊ ဘယ်နှစ်ရာခိုင်နှုနးအထိ တန်ဖိုဖြတ်၇မလဲဆိုတာ တို့က ဆုံးဖြတ် ရမယ်၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ၀ီလျံက သူ့ရဲ့ ဘဏ္ဍာထိန်းဝင်ငွေတွေကို အမြဲတမ်း သိနေတယ်၊ သူလည်းပဲ ဘဏ္ဍာထိန်း အဖွဲ့ဝင်တွေလိုပဲ သုံးလပတ်ရှင်းတမ်းကို ဘဏ်က အမြဲတမ်းရနေတယ်၊ အဲဒီသုံးလပတ် အစီရင် ခံစာ တွေကို လေ့လာပြီး သလည်း သူ့စိတ်ကူးနဲ့သူ ဘာလုပ်ရမလဲဆိုတာ အမြဲတမ်း အကြံ ထုတ်နေ တယ်။'
    'မင်း ၀မ်းသာစရာတစ်ခု ပြောရဦးမယ်၊ ၀ီလျံဟာ အသက် ၁၆ နှစ်ပြည့်ကတည်းက ရင်းနှီးမြှုပ်နှံမှုတိုင်းနဲ့ ပတ်သက်ပြီး ငါ့ဆီကို သူ့ရဲ့အကြံဥာဏ်တွေ အမြဲတမ်း ရေးပို့ခဲ့တယ်။ ငါက သူ့ရဲ့ အုပ်ထိန်းသူ တစ်ယောက် အနေနဲ့ ဒီစာတွေကို တော်တော် စိတ်ဝင်စားမိတယ်၊ အခုနောက်ဆုံး ရောက်လာတဲ့စာဆိုရင် တော် တော်လေး အလေးအနက် ထားရမယ့်စာပဲ၊ အခု ငါလေ့လာနေတုန်းပဲရှိသေးတယ်၊ ဒီအတိုင်းသာ ဆိုရင် ၀ီလျံ အရွယ်ရာကလို့ ကိန်းနှင့် ကဘော့ ဘဏ်တိုက် ဥက္ကဋ္ဌနေရာယူတဲ့အချိန်မှာ ဒီဘဏ်ဟာ သူ့အတွက် အလွန်သေးနေမှာ သေချာတယ်၊ ဆိုလိုတာက ကလေးက အရွယ်နဲ့မလိုက်အောင် အသိဥာဏ် ကြီးနေလို့ တို့ဘဏ်ထက် ကြီးကျယ်တဲ့ဘဏ်နဲ့မှ ထိုက်တန်လိမ့်မယ်'
    'ဒါနဲ့ ၀ီလျံက ဘဏ္ဍာထိန်းငွေနဲ့ပတ်သက်ပြီး ကျွန်မဆီက ဟိုတုန်းက တစ်ခါမှ အကြံဥာဏ် မတောင်းခဲ့ဖူးပါလား' အယ်နီက မကျေနပ်သလိုအသံဖြင့် မေးလိုက်သည။
    'ဒါကရှင်းပါတယ်၊ သုံလပြည့်တိုင်း လဆန်းတစ်ရက်နေ့မှာ အမြဲတမ်း စာရင်းရှင်းတမ်းတွေ ပို့နေတာပဲ၊ မင်းလည်း ရပါတယ်၊ ငါလည်းရတယ်၊ ဘဏ္ဍာထိန်းအဖွဲ့တိုင်းလည်းရတယ်၊ အဲဒီတော့ အဲဒီရှင်းတမ်း တွေ ကြည့်ပြီး မင်းအနေနဲ့ ပြောချင်တာ ပြောပိုင်ခွင့်ရှိသားပဲ'
    အလန်လွိုက်က အင်္ကျီအိတ်ထဲမှ စာရွက်တစ်ရွက် ထုတ်ယူလိုက်သည်။ စားပွဲထိုးက ဖန်ခွက်ထဲသို့ အရက် လာထည့်ပေး သဖြင့် ခေတ္တစောင့်နေလိုက်သည်။ စားပွဲထိုး ပြန်ထွက်သွားတော့ စကားပြန် ဆက်သည်။
    'ဘဏ်မှာ အပ်ထားတဲ့ ၀ီလျံရဲ့ စုစုပေါင်းရင်းနှီးငွေဟာ ဒေါ်လာ ၂၁ သန်း ကျော်ကျော် ရှိတယ်၊ အဲဒီငွေအတွက် တစ်နှစ်ကို အတိုးရငွေက လေးရာခိုင်နှုန်းခွဲရှိတယ်၊ အဲဒီအတိုးထဲက သူ့အသက် ၂၁ နှစ်ပြည့်တဲ့အထိ နှစ်စဉ်မှန်မှန်ရနေမယ့်ငွေ၊ တစ်ခါ အဲဒီအတိုးထဲက လေးပုံ တစ်ပုံကို သူ့အတွက် တို့က စတော့ရှယ်ယာလုပ်ငန်းမျာ မှန်မှန် ရင်းနှီးမြှုပ်နှံပေးနေတယ၊ ဒါပေမယ့် ဟိုတုန်းကတော့ ပုဂ္ဂိလိက လုပ်ငန်းတွေမှာ ဘယ်တော့မှ မမြှုပ်နှံခဲ့ဘူး၊ အဲဒီလို ထပ်ခါထပ်ခါ ပြန်လည်ရင်းနှီးမြှုပနှံတာကို  တို့က ခုအချိန်ကစပြီး ၅၀/၅၀ အခြေခံမူနဲ့ လုပ်နေပြီ၊ သဘောကတာ့ ၅၀ ရာခိုင်နှုန်းကို ဘဏ်ရဲ့ သဘောအတိုင်း လုပ်သွားမယ်၊
ကျန် ၅၀ ရာခိုင်နှုန်းကိုတော့ ၀ီလျံရဲ့ ဆန္ဒအတိုင်းလုပ်မယ်၊ ခုလောလောဆယ်မှာတော့ တို့က ၀ီလျံထက် နည်းနည်း ရှေ့ပိုရောက်နတယ်၊ ဒီအတွက် တို့ဘက်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒါရိုက်တာ တိုနီဆိုင်မွန်က သိပ်ပြီး ၀မ်းသာနေတယ်၊ ဘာလို့လည်းဆိုတော့ သူနဲ့ ၀ီလျံနဲ့က အလောင်းအစား လုပ်ထားကြတယ်လေ၊ တစ်ဖက်ဖက် ၁၀ ရာခိုင်နှုန်းအမြတ်ငွေ ပိုရလာတဲ့နှစ်မှာ ရိုးလ်ရွိုက်ကားတစ်စီး ၀ယ်ပေးရမယ်လို့ သူတို့ နှစ်ယောက် လောင်းထားကြတယ်'
    'ရိုးရွိုက်ကားတစ်စီးက ဒေါ်လာ တစ်သောင်းတောင်မှ ပေးရတာ၊ တကယ်လို့ ၀ီလျံဘက်က ရှုံးသွားရင် သူ့အနေနဲ့ အဲဒီငွေ ဘယ်ကရမှာလဲ၊ သူအသက် ၂၁ နှစ် မပြည့်မချင်း ဘဏ္ဍာထိန်းစုငွေကို လက်နဲ့တောင် မထိရဘူးလို့ စည်းကမ်း သတ်မှတ်ထားတယ် မဟုတ်လား'
    'အဲဒီမေးခွန်းရဲ့ အဖြေကိုတော့ ငါမသိဘူး အယ်နီ၊ ငါသိတာကတော့ အဲဒီငွေကို ဘယ်က ရမှာလဲ၊ သူ့အသက် ၂၁ နှစ် မပြည့်မချင်း ဘဏ္ဍာထိန်းစုငွေကို လက်နဲကတောင် မထိရဘူးလို့ စည်းကမ်း သတ်မှတ် ထားတယ် မဟုတ်လား'
    'အဲဒီမေးခွန်းရဲ့ အဖြေကိုတော့ ငါမသိဘူး အယ်နီ၊ ငါသိတာကတော့ အဲဒီငွေကို မပေးနိုင်ဘဲနဲကတော့ သူက ဒီလိုအလောင်းအစားလုံးဝမလုပ်ဘူးဆိုတာပဲ၊ ဒါနဲ့ သူ့ရဲ့ နာမည်ကျော် ငွေစုစာရင်းစာအုပ်ကြီးရဲ့ နောက်ဆုံး လက်ကျန်ရှင်းတမ်းကို မင်းမြင်ရပြီလား'
    'သူ့အဘွားတွေ လုပ်ပေးထာတဲ့ စာရင်းစာအုပ်ကို ပြောတာလား' အလန်က ခေါင်းညိတ်သည်။
    'ဒါတော့ ကျွန်မ မမြင်၇သေးဘူး၊ သူကျောင်းကို ပြောင်းသွားကတည်းက ကျွန်မလုံးဝ မမြင်ရတော့ဘူး၊ ကျွန်မက အခုဆိုရင် အဲဒီစာအုပ်ကြီရှိမှ ရှိပါ့သေးရဲ့လားလို့တောင် တွေးမိတယ်'
    'အခုထိရှိပါသေးတယ်၊ သူ့စာရင်းစာအုပ်ကြီးရဲ့ ၀င်ငွေကွက်လပ်မှာ တစ်လ အတွင်း ဘယ်လောက် တိုးတယ် ဆိုတာတော့ ငါမသိဘူး၊
ဒါပေမဲ့ သူက သူကိုယ်ပိုင်စုငွေကို နယူးယောက်က လက်စတာဘဏ်မှာ အပ်ထားတယ်ဆိုတာတော့ မင်း သိလိမ့် မယ်ထင်တယ်၊ ဒီဘစ်က ပုဂ္ဂလိက စုငွေကို ဒေါ်လာတစ်သောင်းအောက်ဆိုရင် လုံးဝလက်ခံတာ မဟုတ်ဘူး၊ အဲဒီတော့ သူက အဲထက်နည်းရင် သူတို့က ဘယ်သူ့ကိုမှ လက်ခံမှာ မဟုတ်ဘူး၊ ရစ်ချတ်ကိန်း ရဲ့ သားပဲဖြစ်ဖြစ်၊ ဘယ်သူ့သားပဲဖြစ်ဖြစ် လံးဝလက်ခံမှာမဟုတ်ဘူး ဆိုတာတော့ သေချာတယ်'
    'ရစ်ချတ်ကိန်းရဲ့သား ဟုတ်လား'
    'သည်းခံပါ အယ်နီ၊ ငါ့စကား မှားများသွားသလား'
    'အိုး... မမှားပါဘူး၊ မမှားပါဘူး၊ သူဟာ ရစ်ချတ်ကိန်းရဲ့ သားအစစ်ပါ၊ ၀ီလျံဟာ ၁၂နှစ်ပြည့်တဲ့နေ့ကစပြီး ကျွန်မ ဆီမှာ ပိုက်ဆံတစ်ပြားမှ မတောင်းတော့ဘူး၊ အဲဒါကို အန်ကယ်သိသလား' သူမက ခဏ ရပ်နေပြီးတော့မှ 'ဒါပေမဲ့ ဘဏ္ဍာထိန်းငွေထဲက ဒေါ်လာငါးသိန်းကို ဟင်နရီရဲ့ ကုမ္ပဏီကို ရင်းနှီး မြှုပ်နှံတာ ကိုတော့ သူက ဘယ်လိုမှ သဘောတူ နိုင်မှာမဟုတ်ဘူးအန်ကယ်'
    အလန်က မျက်ခုံးချီလိုက်ပြီး-
    'သူတို့နှစ်ယောက် အချင်းချင်း မပြေလည်ကြဘူးလား'
    'ဟုတ်တယ်၊ မပြေလည်ကြဘူး၊ အဲဒီအတွက်ပဲ နေ့ရှိသရွေ့ ကျွန်မစိတ်ညစ်နေရတာပဲ'
    'ဒီလိုကြားရတာ ငါ စိတ်မကာင်းပါဘူး အယ်နီ၊ ၀ီလျံဟာ ဒီအစဉ်အလာကို ဆန့်ကျင် လာရင် အခြေအနေ ဆိုးသွားနိုင်တယ်၊ သူ့မှာ အသက် ၂၁ နှစ်မပြည့်မချင်း ဘဏ္ဍာထိန်းငွေနဲ့ ပတ်သက်ပြီး တရားဝင် လုပ်ပိုင်ခွင့် ဘာမှမရှိတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ သူက သူ့ရဲ့ တရားဝင် လုပ်ပိုင်ခွင့်အတွက် ပုဂ္ဂလိက ရှေ့နေတွေတောင် ဘာတွေတောင် ငှားထားတယ်ဆိုပါလား၊ ဒါက တကယ့်သတင်းအမှန်ပဲ၊ တို့ရဲ့ ထောက်လှမ်းရေးသမားတွေဆီက ရတဲ့သတင်းပါ'
    'ဘုရားရေ ... ဒါ ... တကယ်အမှန်ပဲလား.... ဟင်'
    'ဟုတ်တယ်... တကယ်အမှန်ပဲ၊ ဒါပေမဲ့ မင်းအနေနဲ့ စိုးရိမ်စရာမရှိပါဘူး၊ အမှန်အတိုင်း ပြောရရင်တော့ မင်းထက် တို့ဘက်က လူတွေအနေနဲ့ ပိုပြီး စိုးရိမ်စရာကောင်းတယ်၊ သူဟာ သူ့ရဲ့ ကိုယ်ရေးကိစ္စ တစ်ခုခုကြောင့် တို့နဲ့ ဒါရိုက်တာတွေ မဆက်သွယ်ဘဲ ဒီလိုလုပတာဖြစ်နိုင် တယ်'
    'ဘုရား...ဘုရား၊ ဒီကလေးဟာ အသက် ၃၀ အရွယ်သာဆိုရင် ဘယ်လိုများ နေလိမ့်မလဲ အလန်'
    'ဒါကတော့ သူ့အနေနဲ့ မင်းလို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို ရနိုင်မရနိုင် ဆိုတာအပေါ်မှာ တည်ပါလိမ့်မယ်၊ မင်းဟာ ရစ်ချတ်ရဲ့အားပဲ မဟုတ်လား အယ်နီ'
    'အန်ကယ်က အသက်ကြီးပေမယ့် တဖက်သားကို မြှောက်တော့ မြှောက်တတ်သားပဲနော်၊ ဒါနဲ့ စောစော က ပြောတဲ့ ငွေငါးသိန်းကိစ္စကို ဟင်နရီနဲ့ ကျွန်မလျင်ဆွေးနွေးကြည့်ရင် ကောင်းမလားဟင်'
    'ဒါပေါ့.... အလွန်ကောင်းတာပေါ့ တူမရယ်၊ ဒါကြောင့်မို့ မင်းဆီက အကြံဥာဏ်တောင်းဖို့ လာတာလို့ ငါပြောခဲ့ တယ်မဟုတ်လား'
    အလန်လွိုက်က ကော်ဖီလှမ်းမှာလိုက်သည်။ ပြီးတော့ အယ်နီ၏ လက်ကို ရွရွကလေး ဆုပ်ကိုင်ရင်း -
    'ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦးနော် အယ်နီ၊ မင်းက အဲဒီဒေါ်လာငွေကလေး လေးငါးသိန်းထက်ပိုပြီး တန်ဖိုး ရှိပါတယ်ကွယ်'
နေ့လယ်စာ စားရာမှ ပြန်လာ၍ အိမ်ရောက်တော့ အယ်နီသည် မနက်က ရောက်လာသော ကျန်စာနှစ်စောင်ကိစ္စကို တွေးမိပြန်သည။ တစ်ခုတော့ သေချာသည်။ သူမသည် သူမ၏ သားအကြောင်းကို အလန်လွိုက် ထံမှ တစ်ဆင့် ပြည့်ပြည့်စုံစုံ သိခဲ့ရပြီ။ သူ့ကို ဆန့်ကျင်ဘက် လုပ်၍ မဖြစ်။ သိက္ခာရှိရှိနှင့် အလျှော့ ပေးလိုက်တာက သူမအတွက် ပို၍ ကောင်းလိမ့်မည်။ လာမည့် ကျောင်းပိတ်ရက် အိမ်မပြန်ချင် လည်း နေပါစေတော့။ သူ့မိတ်ဆွေမက်သယူးလက်စတာ နှင့်ပဲ နေပါစေတော့။
    ဟင်နရီနှင့် မီလီတို့ ပြဿနာကတော့ လွယ်လွန်နှင့် ရှင်း၍မရသော  ပြဿနာဖြစ်သည်။ အယ်နီသည် ရစ်ချတ် အလွန်နှစ်သက်သော သားရေဖုံးဆိုဖာ ကုလားထိုင်ကြီးပေါ်တွင်ကာ ပြတင်းပေါက်မှကျော်ပြီး လှပသော အဖြူ၊ အနီ၊ နှင်းဆီပန်းမွေ့ရာကို ငေးကြည့်နေသည်။ သို့သော် မျက်စိထဲတွင်တော့ ဘာကိုမျှ မမြင်ရ။ သူမသည် အတွေးဖြင့် ငေးမောနေခြင်းသာ ဖြစ်သည်။ အယ်နီသည် ဆုံးဖြတ်ချက်တစ်ခုကို အလော တကြီးမဆုံးဖြတ်တတ်။ အကြာကြီး စဉ်းစားပြီးမှ ဆုံးဖြတ်တတ်သည်။ သို့သော် ဆုံးဖြတ်ပြီး ပြီဆိုလျှင် ဘယ်တော့မှ ပြန်ပြင်လေ့မရှိတော့။
    ညနေပိုင်းတွင် ဟင်နရီသည် ခါတိုင်းထက်စော၍ ပြန်လာသည်။ အယ်နီက ဘာကြောင့်များ ပါလိမ့်ဟုတွေးပြီး အံ့သြနေမိသည်။ မကြာခင်မှာပင် အကြောင်းအရင်း သိရတော့လည်။
    'ဒီနေ့မင်းအလန်လွိုက်နဲ့ နေ့လယ်စာ သွားစားတယ်ဆို'
    ဟင်နရီက အခန်းထဲ ၀င်လာလျှင် ၀င်လာချင်း မေးသည်။
    'ရှင့်ကို ဘယ်သူပြောသလဲ'
    ဟင်နရီက ရယ်ပစ်လိုက်သည်။ ပြီးမှ.....
    'ငါ့မှာ နေ၇ာတကာမှာ စပိုင်တွေရှိတယ်'
    'ဟုတ်ပါတယ်၊ အလန်က ဖိတ်လို့သွားစားတာပါ၊ ၀ီလျံရဲက ဘဏ္ဍာထိန်းငွေထဲက ငွေငါးသိန်းထုတ်ယူပြီး ရှင့်ကုမ္ပဏီမှာ မြှုပ်နှံမယ့် ကိစ္စ သူက ဆွေးနွေးချင်လို့ ဖိတ်တာ'
    'အဲဒီတာ့ မင်းက ဘယ်လိုပြောခဲ့သလဲ'
    ဟင်နရီက စိုးရိမ်စိတ်ကို ထိန်းပြီး မေးလိုက်သည်။
    'ဒီကိစ္စ ရှင်နဲ့ အလျင် ဆွေးနွေးကြည့်ဦးမယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ရှင်က ဘဏ်တိုက် မသွားခင် ကျွန်မကို ဘာဖြစ်လို့ အလျင်မပြောတာလဲ ဟင်နရီ၊ ခုတော့ အလန်က ခေါ်ပြောမှ သိရတာ၊ ကျွန်မအနေနဲ့ အရူး ကျတာပေါ့'
    'ဒါက ဒီလိုပါ အယ်နီရာ၊ မင်းက စီးပွားရေးကိစ္စကို စိတ်မ၀င်စားဘူး မဟုတ်လား၊ မင်းတို့ သုံးယောက်က ၀ီလျံရဲ့ ဘဏ္ဍာထန်းအဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတာကိုလည်း ငါက ခရီးသွား ဟန်လွှဲသိရတာပါ'
    'ကျွန်မကိုယ်တိုင်တောင်မှ အခုမှသိရတာ၊ ရှင်က ဘယ်လိုလုပ်ပြီး သိရတာလဲ'
    'မင်းက ဘာသာလ၀ါနေတတ်တော့ ဘယ်သိရမှာလဲ၊ ငါလည်း မကြာခင်ကလေးကမှ သိရတာပါ၊ တောင်ပြော မြောက်ပြောနဲ့ တိုက်တိုက်ဆိုင်ဆိုင် စကားစပ်မိလို့ မီလီပရက်စတန်က ပြောပြလို့ သိရ တာပါ၊ အဲဒီတော့ ဒီကိစ္စ တိုတိုပြောရရင် တို့အကျိုးအတွက် အခွင့်အရး အမိအရယူဖို့ပဲအယ်နီ၊ မင်းသဘော တူရင် မီလီကလည်း ငါ့ကို ထောက်ခံပေးမယ်လို့ ကတိပေး ထားပြီးပြီ'
    မီလီဆိုသည့်နာမည်ကု ကြားရရုံနှင့်ပင် အယ်နီမှာ နားခါးလှပြီ။
    'ကျွန်မတို့ ၀ီလျံရဲ့ ပိုက်ဆံကို သွားထိလို့မရဘူး ဟင်နရီ၊ အဲဒီဘဏ္ဍာထိန်းငွေတွေဟာ ကျွန်မနဲ့ ပတ်သက်တယ်လို့လည်း ကျွန်မ လုံးဝမထင်ဘူး၊ အဲဒီတော့ပ အလျင်တုန်းက လုပ်နေကျအတိုင်းပဲ အတိုးငွေတွေကို ဘဏ်တိုက်က သင့်တော်သလို ရင်းနှီးမြှုပ်နှံပေးနေတာပဲ အကောင်းဆုံးဖြစ်လိမ့်မယ်'
    'ငါ ဆေးရုံကြီးဆောက်ဖို့ ကန်ထရိုက်ရထားတာ၊ ဒီလုပ်ငန်းက ပိုက်ဆံတွေ အများကြီး ရင်းနှီးရမှာ၊ အမြတ် ကလည်း ၀က်ဝက်ကွဲမြတ်မှာ၊ ဒီတော့ ဘဏ်က ရင်းနှီးပေးတဲ့ လုပ်ငန်းကလေး တွေလောက်နဲ့ ဘယ်ကျေနပ် နေရမှာလဲ၊ ၀ီလျံအနေနဲ့ ငါ့ကုမ္ပဏီကပဲ အမြတ်ငွေတွေ သိန်းသန်းချီပြီရမယ်၊ အလန်က သဘော တူမယ့် အခြေအနေအများကြီး မြင်ခဲ့ရဲ့လား'
    'ဒါတော့ ကျွန်မလည်း မပြောတတ်ဘူး၊ ရှင့်လုပ်ငန်းဟာ ပိုက်ဆံအများကြီး ရနိုင်တယ်ဆို တာတော့ သူသဘော ပေါက်ပုံရပါတယ်'
    'ဒါပေါ့၊ တကယ်လည်း အများကြီးရမှာပဲ'
    'ဒါပေမဲ့ သူက ဆုံးဖြတ်ချက်မချခင် ရှင့်ဘဏ်စာရင်း ကြည့်ချင်သေတယ်၊ ရှင့်ကို ကျွန်မထုတ်ပေးခဲ့တဲ့ ငွေငါးသိန်း ဘယ်လိုဖြစ်သွားတယ်ဆိုတာလည်း သူက သိချင်နေမိတယ်'
    'အဲဒီငွေအတွက် ဘာမှမပူပါနဲ့၊ ကောင်းကောင်းမွန်မွန် ရင်းနှီးမြှုပ်နှံထားပါတယ်၊ မကြာခင် မင်းအသေး စိတ် သိရပါလိမ့်မယ်၊ မနက်ဖြနဆိုရင် စာရင်းစာအုပ်တွေ အလန့်ဆီကို ငါပို့လိုက် ပါမယ်၊ သူကြည့်ချင် သလို ကြည့်ပါစေ၊ သူက စိတ်ဝင်စားတယ်ဆိုတာ ငါသေချာပေါက် ပြောရဲပါတယ်'
    'သူ စိတ်ဝင်စားပါစေလို့ ကျွန်မလည်း ဆုတောင်းပါတယ်၊ ဒါမှ ကျွန်မတို့ နှစ်ယောက်စလုံ အကျိုးရှိမယ် မဟုတ်လား၊ အဲဒီတာ့ သူ့ထင်မြင်ချက်ကို စောင့်ကြည့်ကြတာပေါ့၊ ရှင်သိတဲ့အတိုင်းပဲ ကျွန်မက အလန့်ကို သိပ်ယုံတာ၊ ဒီပုဂ္ဂိုလ်ကြီးက ဥာဏ်အမြော်အမြင် တော်တော်ကြီးတယ်'
    'ကျွန်မက အလန့်ကို သိပ်ယုံတယ်ဆိုတော့ ငါ့ကိုတော့ မယုံဘူးပေါ... ဟုတ်လား'
    'အို... မဟုတ်ဘူး...မဟုတ်ဘူး၊ ကျွန်မက အဲလိုဆိုလိုတာမဟုတ်ပါဘူး ဟင်နရီ'
    'အလကားစကြည့်တာပါ အချစ်ရယ် အချစ်က ကိုယ့်ယောက်ျားကို သိပ်ယုံတယ် ဆိုတာ ကိုယ်သိပါတယ်'
    အယ်နီ၏ မျက်လုံးအိမ်တွင် မျက်ရည်တွေ ရွှန်းလာသည်။ ရစ်ချတ်ရှေ့မှာဆိုလျှင် မျက်ရည်မကျမိအောင် အမြဲတမ်း ထိန်းထားနိုင်ခဲ့သည်။ ယခု ဟင်နရီရှေ့မှာတော့ ဘယ်လိုမှ ထိန်း၍မရ။
    'ကျွန်မလည်း ကိုယ့်ယောက်ျားကို အမြဲတ်း ယုံကြည်ချင်ပါတယ်၊ ဒါပေမယ့် အခု ကျွန်မဖြစ်က လူကိုတော့ ယုံပါတယ်၊ ပိုက်ဆံကို မယုံနိုင်ဆိုတဲ့အဖြစ်မျိုး ရောက်နေပြီ၊ ကျွန်မဟာ ဟိုတုန်းကဆိုရင် ပိုက်ဆံကိစ္စ ဘယ်တော့မှ ထည့်မတွကခဲ့ပါဘူး၊ ဒီကြားထဲ ဗိုက်ထဲက ကလေးကလည်း တစ်ဒုက္ခ၊ ကိုယ်ဝန်ရှိပြီးကတည်းက တစ်နေ့မှ နေကောင်းတယ်မရှိဘူး၊ ကလေးလိုချင်လွန်းလို့သာ ပူရုပ်ကို ပျော်ရုပ်ဆောင်နေရတာ'
    ဟင်နရီ၏မျက်နှာတွင် စိုးရိမ်ရိပ်တွေ သန်းလာသည်။
    'ဟုတ်ပါတယ်၊ ကိုယ်သိပါတယ်ကွယ်၊ ကိုယ်ကလည်း မင်းခေါင်းထဲ စီးပွားရေး ကိစ္စတွေနဲ့ ရှုပ်ထွေးနေတာကို မမြင်ချင်ပါဘူး၊ ဒါတွေ ကိုယ့်တာဝန်ထားစမ်းပါ၊ ကိုယ်အားလုံး ကိုင်နိုင်ပါတယ်၊ ကဲဘာမှ တွေးပူမနေပါနဲ့ကွယ်၊ အိပ်ခန်းထဲသာ ၀င်ပါတော့၊ ကိုယ်ညစာပွဲယူလာခဲ့မယ် ဟုတ်လား၊ ပြီးတော့ ကိုယ်ရုံးပြန်သွားပြီး ဖိုင်တွေ သွားယူလိုက်ဦးမယ်၊ မနက်ကျတော့ အလန်ကိုပြနိုင်တာပေါ့'
အယ်နီသည် အိပ်ရာပေါ်တွင် လှဲနေသော်လည်း အိပ်ချင်စိတ်မရှိ။ စိတ်မော လူမော ဖြစနေကာ မျက်လုံးတွေ ကြောင်နေသည်။
    ဆင်ကလဲလူးဝစ်၏ ၀တ္ထုစာအုပ်တစ်အုပ်ကို ယူဖတ်သည်။ သို့သော် စိတ်က ၀တ္ထုထမြရှိဘဲ တခြား ကိုသာ ရောက်နေသည်။
    ဟင်နရီသည် ၁၅ မိနစ်အတွင်း ရုံးသို့ ရောက်နိုငသည်။ အယ်နီက မိနစ် ၂၀တိတိ စောင့်နေလိုက်ပြီး ရုံးသို့ ဖုန်းလှမ်းဆက်သည်။ တစ်ဖက်မှ ဖုန်းသည် တစ်မိနစ်ခန့် ဆက်တိုက်မြည် နေသည်။ ဘယ်သူမှ ဖုန်းကို မကိုင်။
    နောက် မိနစ် ၂၀ အကြာတွင် တစ်ကြိမ်ထပ်ဆက်ပြန်သည။ သည်တစ်ကြိမ်တွင်လည်း ဖုန်းကို ဘယ်သူမှ လာမကိုင်။ သူကသည် မိနစ် ၂၀ ကြာတိုင်း တစ်ကြိမ်ကျစီ ထပ်ဆက်သည်။ အကြိမ်တိုင်း ဘာတုံ့ပြန်ချက်မရ။ ညနေပိုင်း ဟင်နရီပြောသွားသော စကားများသည် သူမ၏ နားထဲတွင် ပဲ့တင်ရိုက် ခတ်နေကြသည်။
    သန်းခေါင်းလောက်ကျမှ ဟင်နရီပြန်ရောက်လာသည်။ အယ်နီ မအိပ်သေး ၀တ္ထု ဖတ်နေသည်ကို တွေ့ရတော့ စိုးရိမ်သွားသည်။
    'ဘာလို့ ဒီလောက် အိပ်ပျက်ခံနေရတာလဲ အချစ်ရယ်'
    သူ အယ်နီအား နွေးထွေးစွာနမ်းလိုက်သည်။ အယ်နီ၏ နှာခေါင်းဝသို့ ရေမွှေးနံ့တွေ ၀ငလာသည်။ သူကမစိတ်စောပြီး သံသယ၀င်နေလို့များ ဖြစ်လေသလား။
    'ဖိုင်တွဲတွေ လိုက်ရှာနေရတာနဲ့ နည်းနည်းကြာသွားတာပါကွာ၊ သောက်သုံးမကျတဲ့ စာရေးမက စာရွက် စာတန်း တွေကို ခေါင်းစဉ်မှားပြီး တွဲထားတယ်လေ'
    'အဲဒီတော့ ရုံးခန်းထဲမှာ ညကြီးမင်းကြီး တစ်ယောက်တည်း ငူငူကြီး ထိုင်နေရတာ ပျင်းစရာကြီး နေမှာပေါ့နော်'
    'အို... ဒါကတော့ အလုပ်မှာ စိတ်ဝင်စားနေရင် ဘယ်ပျင်းစရာကောင်းပါ့မလဲကွယ်' သူက အိပ်ရာပေါ် တက်လာပြီး အယ်နီ၏ဘေးတွင် ၀င်အိပ်သည်။ 'အဲလိုအချိန်မျိုးမှာ တယ်လီဖုန်းသာ ခဏခဏ ဒုက္ခ မပေးရင် ပိုပြီးတောင် အလုပ်လုပ်လိုကကောင်းသေးတယ်'
    မကြာမီတွင် သူအိပ်ပျော်သွားသည်။ အယ်နီကတော့ လုံးဝအိပ်မပျော်၊ ညနေက ဆုံးဖြတ်ချက်ချခဲ့သော စီမံကိန်းကို အကောင်အထည်ဖော်တော့မည်ဟု သိန္နိဋ္ဌာန်ချလိုက်သည်။ နောက်တစ်နေ့ နံနက်စာ စားပြီးတာ့ ဟင်နရီ အပြင်ထွက်သွားသည်။ ရုံးကို သွားတာမှ ဟုတ်ပါရဲ့ လားဟု အယ်နီက တွေးလိုက် မိသည်။
    သူမသည် 'ဘော့စတွန်ဂလုပ်'သတင်းစာကိုလှန်ပြီး အသေးစားကြောငြာကလေးကို ရှာဖွေ ဖတ်ရှုသည်။ သူမ သိချင်တာကို သိရသောအခါ တယ်လီဖုန်းကောက်ဆက်သည။ တစ်ဖက်လူ နှင့် အဆက် အသွယ် ရတော့ တွေ့ဆုံရန် အချိန်ကို ချိန်းသည်။
    ထို့နောက် နေ့လည် ၁၂ နာရီမထိုးခင် မိနစ်အနည်းငယ်ခန့်တွင် အိမ်မှ ထွက်လာခဲ့သည်။
    သူမ ထွက်လာခဲ့သောအရပ်က ဘော့စတွန်မြို့၏ တောင်ဘက်နယ်မြေ။ တိုက်အိုတိုက် ပျက်များနှင့် ညစ်ပတ် ရှုပ်ပွေနေသော  အခန်းများကို မြင်လိုက်ရတော့ သူမ တော်တော်စိတ်ပျက် သွားမိသည်။ သူမ သည် သည်နယ်မြေသို့ ယခင်က တစ်ခါမျှ ခြေမချခဲ့စဖူး။ ယခုလို အထူးကိစ္စသာ မကြုံခဲ့လျှင် သူတစ်သက် လုံး သည်နယ်မြေ သို့ ရောက်ဖူးရန်အကြောင်း လုံးဝမရှိ။
    တိုးခန်းတစ်ခုရှေ့ ရောက်သောအခါ သစ်သားလှေကားကလေးအတိုင်း အပေါ်ထက်သို့ တက်လာသည်။ လှေကား ပေါ်တွင် မီးခြစ်ဆံများ၊ စီးကရက်တိုများနှင့် စက္ကူစုတ်များဖြင့် ရှုပ်ပွေ ညစ်ပတ်နေသည်။ ဆီနှင်း များ သီးနေသော ပြတင်းပေါက်ပေါ်တွင် စာလုံးကြီးဖြင့် "ဂလင်းရီကာဒို"ဟု ရေးထားပြီး ယင်းအောက် မှ အလွတ်စုံထောက် (မက်ဆာချူးဆက်ပြည်နယ်တွင် မှတ်ပုံတင်ပြီး)ဟူ၍ ရေးသား ထားသည်။
    အယ်နီက အခန်းတံခါးကို အသာကလေး ခေါက်လိုက်သည်။
    '၀င်ခဲ့ပါ၊ တံခါးတွန်းလိုက်ပါ'
    အထဲမှ အသံသြကြီးက လှမ်းပြောသည်။
    အယ်နီ အခန်းထဲ ၀င်လိုက်သည်။
    စားပွဲပေါ်တွင် ခြေထောက်နှစ်ဖက် ကားရားကြီး ဖြန့်တင်ထားသောလူသည် အမျိုးသမီး ရုပ်စုံမဂ္ဂဇင်း ဖတ်နေရာ မှ မျက်နှာမော့်၍ ကြည့်သည်။ အယ်နီအား မြင်လိုက်ရသောအခါ သူ့ပါးစပ်တွင် ကိုက်ထားသော ဆေးလိပ်တို ပင် ပြုတ်ကျသွားတော့မလို ဖြစ်သွားသည။ သူ့အခန်းထဲသို့ ယခုလို အပေါ် အင်္ကျီ အကောင်းစား ၀တ်၍ လာဖူးသူဟူ၍ လုံးဝမရှိခဲ့ ဘူးသောကြောင့် ဖြစ်သည်။
    သူက ကမန်းကတန်း ထရပ်လိုက်ပြီး..
    'မင်္ဂလာနံနက်ပါခင်ဗျာ၊ ကျွန်တော့နာမည် ဂလင်းရီကာဒိုပါ'
    သူက ကိုယ်ကိုကိုင်းလျက် အမွေးထူထူနှင့် ဆေးလိပ်ဆီတွေ ရွှဲနေသော သူ့လက်ကြီးကို ကမ်းပေးသည်။ အယ်နီ က လှမ်းဆုပ်လိုက်သည်။ သူမ၏ လက်တွင် လက်အိပ်စွပ်ထား၍ တော်ပါသေးရဲ့ဟု တွေးလိုက် မိသည်။
    'ကျွန်တော်နဲကများ ချိန်းထားပါသလားခင်ဗျာ'
    'ဟုတ်ပါတယ်၊ ချိန်းထားပါတယ်'
    'ဒါဖြင့် မစ္စက် အော့စဘွန်းဆိုတာ.....'
    'ဟုတ်ပါတယ်၊ ကျွန်မပါဘဲ'
    'အပေါ်အင်္ကျီကို ကျွန်တော် ချွတ်ပေးပါရစေလားခင်ဗျာ'
    'နေပါစေ၊ ရပါတယ်၊ ကျွန်မ ၀တ်ထားချင်လို့ပါ'
    အယ်နီက ချိတ်စရာနေရာမရှိဘဲ ကြမ်းပြင်ပေါ် ပုံထားမလို့ ထင်ပါရဲ့ဟု တွေးလိုက်မိသည်။
    'အို... ဟုတ်ကဲ့.... ဟုတ်ကဲ့၊ ဒါဆိုလည်း ရပါတယ်'
    သူက  ကုလားထိုင်တွင် ပြန်ထိုင်သည်။ ဆေးပြင်းလိပ်အသစ် တစ်လိပ် ထပ်ညှိသည။  အယ်နီက သူ့ကို အကဲခတ် ကြည့်နေသည်။ ၀တ်စုံက အစိမ်းနုရောင်၊ လည်စည်းက ဖန်ဆီကာလာ၊ ဆံပင်တွေ ဆီတွေရွှဲပြီး ပြောင်လက် နေသည်။ ဒါတွေကို အယ်နီက လုံးဝစိတ်မ၀င်စား၊ ဘယ်နေရာမှာ ထိုင်ရပါ့မလဲဟူသော ပြဿနာ ကိုသာ စဉ်းစားနေသည်။
    'ကဲ.... ပြဿနာကို ပြောပြပါဦး' ရီကာဒိုကမေးသည်။ ပြီးတော့ အသွားတုံးနေသော ဓားဖြင့် ခဲတံတစ်ချောင်းကို ကောက်ချွန်နေသည်။ 'ခွေးပျောက်လို့လား၊ ရတာပစ္စည်းပျောက် လို့လား၊ ဒါမှမဟုတ် လင်ပျောက် လို့လား'
    အယ်နီ သည် အတော်ပင် စိတ်တိုသွားမိသည်။ သို့သော် ဒေါသကို ထိန်းလိုက်ပြီး...
    'အဲဒါတွေ ဘာမှမဟုတ်ဘူး၊ ကျွန်မ လိုရင်းကို တိုတိုပြောပါရစေ၊ ကျွန်မဆီကို ပစ်စာတွေ ဆကတိုက်လိုလို ရောက်နေပါတယ်၊ အဲဒီစာတွေထဲမှာ ကျွန်မ ယောက်ျားဟာ ကျွန်မရဲ့ အရင်းနှီး ဆုံးမိတ်ဆွေအမျိုးသမီးတစ်ယောက်နဲ့ မရှင်းမရှင်းဖြစ်နေတယ်ဆိုပြီး စွပ်စွဲထားပါတယ်၊ အဲဒါ ပစ်စာ ရေးတဲ့လူ ဘယ်သူလဲဆိုတာ ကျွန်မ သိချင်ပါတယ်၊ ပြီးတော့ စာထဲမှာ ပါတဲ့ စွပ်စွဲချက်ဟာ တကယ်ပဲ အမှန် ပဲလား ဆိုတာကိုလည်း သိချင်ပါတယ်'
    မျိုသိပ်ထားသော သူမ၏ ခံစားချက်ကို ပထမဦးဆုံးအကြိမ် ရင်ဖွင့်လိုက်ရသည့်အတွက် အယ်နီသည် အတော်ပင် စိတ်ချမ်းသာသွားသည်။ ရီကာဒိုကတော့ သူမအား ကျောက်ရုပ်မျက်နှာကြီးနှင့် စေ့စေ့ ကြည့်နေသည်။ သူက ခေါင်းကို တစ်ချက် ကုတ်လိုက်ပြီး...
    'ဟုတ်ပြီ၊ ယောက်ျားကိစ္စကတော့ လွယ်ပါတယ်၊ ပစ်စာကိစ္စကတော့ နည်းနည်းခက်မယ်၊ အဲဒီစာတွေ သိမ်းထားသလား'
    'ကျွန်မဆီမှာ နောက်ဆုံးရောက်လာတဲ့ စာတစ်စောင်ပဲကျန်တော့တယ်'
    ရီကာဒိုသည် သက်မချသည်။ ပြီးတော့ လက်နှစ်ဖက်ကို စားပွဲပေါ် ဖြန့်တင်လိုက်သည။ အယ်နီက လက်ပွေ့အိတ်ကို ခပ်ဖြည်းဖြည်းဖွင့်၍ စာကို ထုတ်ယူလိုက်သည်။ သူမသည် ခပ်ဆိုင်းဆိုင်း ဖြစ်နေသည်။ ပြီးတော့ မှ စာကို ကမ်းပေးလိုက်သည်။
    'မစ္စက်အော့စဘွန်းအနေနဲ့  ဘယ်လိုခံစားနေရမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက တော်တော် မလွယ်တဲ့ကိစ္စ'
    'ဟုတ်ပါတယ် ၀မ်းနည်းပါတယ်၊ မစ္စတာရီကာဒို'
    ရီကာဒိုက စာကို သုံးလေးကြိမ် ထပ်ဖတ်ပြီးတော့မှ...
    'စာတွေအားလုံး ဒီလိုစာရွက်မျိုး၊ ဒီလိုစာအိတ်မျိုးတွေချည့်ပဲလား'
    'ဟုတ်ပါတယ်၊ ဟုတ်မယ်ထင်ပါတယ်'
    'ကောင်းပြီ၊ ဒီတော့ နောက်တစ်စောင် ဘယ်တော့ရောက်လာမယ် ထင်သလဲ'
    'နောက်တစ်စောင်ရောက်လာဦးမယ်လို့ မစ္စတာရီကာဒိုက သေချာပေါက် တွက်ထားလို့ လား'
    'ဟုတ်ပါတယ်၊ တွက်ထားပါတယ်၊ လာဦးမှာပါ၊ ကဲ... ခင်ဗျားယောက်ျားရဲ့အကြောင်း အသေးစိတ်ပြောပြပါ၊ သူ့ဓာတ်ပုံများ ရနိုင်မလား'
    'ဟုတ်ကဲ့ ရနိုင်ပါတယ်'
    'ကျွန်တ်ာက မျက်နှာလောက်သာ ကြည့်ချင်တာပါ၊ ကျွန်တော်က အလကား အချိန်ဖြုန်းမခံနိုင်ဘူး'
    အယ်နီက လက်ပွေ့အိတ်ကို ထပ်ဖွင့်ပြီး စစ်ဗိုလ်ဝတ်စုံနှင့် ရိုက်ထားသော ဟင်နရီ၏ ဓာတ်ပုံတစ်ပုံကို ကမ်းပေးလိုက်သည်။
    'မစ္စတာအော့စဘွန်းက လူချောပဲ၊ ဒီဓာတ်ပုံ ဘယ်တုန်းက ရိုက်တာလဲ'
    'ငါးနှစ်လောက်တော့ရှိပြီထင်ပါတယ်၊ သူဘယ်တုန်းက စစ်ထဲဝင်ခဲံတယ်ဆိုတာတော့ ကျွန်မ အတိအကျ မသိဘူး'
    ထို့နောက်တွင် ဟင်နရီအော့စဘွန်း၏ နေ့စဉ် ပြုမူလှုပ်ရှားမှုများနှင့် ပတ်သက်၍ စုံထောက် ရီကာဒိုက အယ်နီအား မေးခွန်းများစွာ မေးသည်။ ဟင်နရီအကြောင်း သူမကိုယ်တိုင် အသေးစိတ် မသိသေးတာတွေ အများကြီး ရှိနေသေးကြောင်း သိရသောအခါ အယ်နီ အတော်ကလေး စိတ်မကောင်းဖြစ်မိသည်။
    'ကိစ္စမရှိပါဘူး မစ္စက်အော့စဘွန်း၊ ရသလောက်ပေါ့ ဒီလောက်ဆို၇င် လုံလောက်ပါပြီ၊ ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်၊ ကဲ... တစ်နေ့တွက် ဒေါ်လာ ၁၀ သာ မ,စပါ၊ အထွေထွေ ကုန်ကျစရိတ်အပါအ၀င်ပေါ့၊ ကျွန်တော်က မစ္စက်အော့စဘွန်းဆီကို တစ်ပတ်တစ်ကြိမ် ကျစီ အစီရင်ခံစာတွေပေးပို့သွားပါ့မယ်၊ အဲဒီတော့ နှစ်ပတ်အတွက် ကြိုတင်ငွေ အခုကတည်းက ပေးသွားပါ'
    သူကစားပွဲကို လက်ဖြန့်တင်လိုက်သည်။
    အယ်နီက ပိုက်ဆံအိတ်ကို ပြန်ဖွင့်၍ ဒေါ်လာ ၁၀၀ တန် နှစ်ရွက် ထုတ်ယူကာ ရီကာဒို လက်ထဲ ထည့်ပေး လိုက်သည်။ ရီကာဒိုက အယ်နီအာ ဒေါ်လာ ခြောကဆယ် ပြန်အမ်းလိုကသည်။
    'ကျွန်မ တနင်္ဂနွေနေ့တိုင်း လာတွေ့ပါ့မယ်'
    'အဲဒါ ကောင်းပါတယ်၊ နောက်တနင်္ဂနွေ ဒီအချိန် အကောင်းဆုံးပါပဲ'
    အယ်နီက ရီကာဒို ကမ်းပေးသောလက်ကို လှမ်းမကိုင်တော့ဘဲ နောက်ပြန်လှည့်ကာ ပြန်ထွက်လာခဲ့သည်။
ဝီလျံထံသို့ ကိန်းနှင့်ကဘော့ဘဏ်တိုက်၏ သုံးလပတ် အစီရင်ခံစာ ရောက်လာသည်။ ဟင်နရီအော့စဘွန်းက ဘဏ်တိုက်မှ ငွေငါးသိန်းချေးရန် တောင်းဆိုလာကြောင်း ဖတ်ရသောအခါ တော်တော်ခေါင်းခဲသွားရသည်။ ထိုအပတ်တွင် အစမ်းစာမေးပွဲ၌ သင်္ချာဘာသာရပ်တွက မက်သယူးလက်စတာက ပထမချိတ်ပြီး ၀ီလျံက ဒုတိယအဆင့်သို့ ကျသွားသည်။
    ထိုညနေတွင် အလန်လွိုက်၏အိမ်သို့ ဖုန်းလှမ်းဆက်သည်။ ဘဏ်တိုက်ဥက္ကဋ္ဌကြီးက လုံးဝမအံ့သြ။ ဟင်နရီ နှင့် ၀ီလျံ၏ ဆက်ဆံရေး မပြေလည်ကြောင်း အယ်နီပြောပြ၍ သိထားပြီးဖြစ် သောကြောင့်ပင်။
    '၀ီလျံလား၊ နေကာင်းတယ်နော်၊ ကျောင်းအခြေအနေက ဘယ်လိုလဲ'
    'အားလုံးကောင်းပါတယ် ခင်ဗျား၊ ဒါပေမဲ့ ကျွန်တော် အခုဖုန်းဆက်တာက အဲဒါတွေနဲ့ ဘာမှ မပတ်သက်ပါဘူး'
    အလန်က နည်းဗျူဟာသုံးရမည်ကို တွေးလိုက်ပြီးလျှင် -
    'ဟုတ်ပါတယ်၊ ငါကလည်း အဲဒီအကြောင်းကြောင့်လို့ မထငပါဘူး၊ ကဲ... အဲဒီတော့ ငါ့ဘာလုပ်ပေးရမလဲ'
    'မနက်ဖြန် နေ့လယ်မှာ ကျွန်တော် အဘနဲ့ တွေ့ချင်ပါတယ်'
    'တနင်္ဂနွေနေ့ကြီးပါလား ၀ီလျံ'
    'ဟုတ်ပါတယ်၊ ကျွန်တော်က အဲဒီနေ့မှာပဲ ကျောင်းအားပါတယ်၊ အဲဒီတော့ သင့်တော်တဲ့ နေရာနဲ့ အချိန် ကိုသာ ချိန်းပါ၊ ကျွန်တော်လာခဲ့ပါမယ်၊ ဒါပေမဲ့ ကျွန်တော်အဘဆီလာတာကို ကျွန်တော့မေမေ သိလို့ တော့ လုံးဝမဖြစ်ဘူး'
    'ဟုတ်ပြီ...ဟုတ်ပြီ၊ ဖြစ်ပါတယ် ၀ီလျံ'
    'ကျွန်တော်ပထွေးရဲ့ တရားဝင်မဟုတ်တဲ့ ပုဂ္ဂလိကလုပ်ငန်းမှာ ကျွန်တော့်ရဲ့ ဘဏ္ဍာထိန်းငွေတွေကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးတာဟာ လုံးဝမတရားဘူးလို့ ကျွန်တော်ထင်ပါ တယ် ခင်ဗျာ'
    အလန်လွိုက်က အတန်ကြာကြာ ငြိမ်နေသည်။ သူသည် သည်ကလေးကို တယ်လီဖုန်းထဲမှ ဖျောင်းဖျ ပြောဆိုတာ ကောင်းပါ့မလားဟု တွေးမိသည်။ ဒါမှမဟုတ် သူ့ကို ဆန့်ကျင်ဘက် ပြောဆိုရလျှင် ကောင်းမည်လားဟုလည်း စိတ်ကူးမိသည်။ သို့သော် ယင်းသို့ ပြောရမည့်အချိန်ကာလာ ကုန်လွန် သွားခဲ့ပြီဟု သဘောပေါက်လိုက်မိသည်။
    'ကောင်းပြီလေ၊ ဒီကိစ္စ တို့နှစ်ယောက် အေးအေးဆေးဆေး ပြောကြာတာပေါ့၊ မွန်းလွဲ တစ်နာရီ "ဟန့်ကလပ်"မှာ ဆုံကြရင် မကောင်းဘူးလား'
    'ကောင်းပြီလေ ကျွန်တော်လာခဲ့ပါ့မယ်'
    အင်း..... စစ်မျက်နှာကတော့ ငါ့ဘက်ဖွင့်လာပြီဟု တွေးလိုက်မိပြီးနောက် အလန်လွိုက်သည် တယ်လီဖုန်းကို ပြန်ချလိုက်သည်။
*
အလန်က ''ဟန်ကလပ်"ကို ရွေးချယ်လိုက်ခြင်းမှာ သူတို့၏ ဆွေးနွေးပွဲကို သိပ်ပြီး ပုဂ္ဂိုလ်ရေး မဆန်စေ လိုသော ကြောင့်ဖြစ်သည်။
    ကလပ်သို့ ၀ီလျံရောက်လာလျှင် ရောက်လာချင်း 'ကျွန်တော်တို့ နေ့လယ်စာ စားပြီးရင် ဂေါက်တစ်ပွဲလောက် ရိုက်လိုက်ကြရအောင်လားအဘ'ဟူသော မေးခွန်းကို ပထမဆုံးမေးသည်။
    "ဟာ.... အလွန်ကောင်းတာပေါ့.... ၀ီလျံ"ဟု အလနကပြောပြီး နောက်သုံးနာရီတွင် ပွဲစရန် စာရင်းပေးထားလိုက်သည်။
ထမင်းစား နေသည့် တစ်ချိန်လုံး ၀ီလျံက ဟင်နရီအော့စဘွန်းကိစ္စကို လုံးဝမပြောဘဲ သွင်းကုန်ထုတ်ကုန် ခွန်ကိစ္စ နှင့် ပတ်သက်သော သမ္မတဟာဒင်၏ သဘောထားနှင့် ချားလ်စ်၊ ဂျီ၊ ဒေါဝက်စ်တွင် သမ္မ၏ ဘဏ္ဍာရေး အကြံပေး ပုဂ္ဂိုလ်အဖြစ်နှင့် ထိုက်တန်သော အရည်အသွေးမရှိကြောင်းတို့ကိုသာ ဆွေးနွေး နေောအခါ ဘဏ်ဥက္ကဋ္ဌကြီး အလန်လွိုက်မှာ အံ့အားကြီးသင့်နေမိသည်။
နှစ်ယောက်သား စားသောက်ရင်း စကားပြောရင်းနင့် ၀ိုင်အရက်တစ်လုံး တစ်ဝက်ကျိုးသွားသည်။ သို့သော် ၀ီလျံ က တစ်ခွက်သာသောက်၍ အလန်လွိုက်ကသာ အများဆုံးသောက်သည်။
စားသောက် ပြီးတော့ အားကစားခန်းထဲသို့သွား၍ အ၀တ်အစားလဲကြသည်။ ထို့နောက် ကစားကွင်းထဲသို့ လျှောက်လာ ခဲ့ကြသည်။
" ဒါနဲ့ ... အဘက အခုအထိ ကိုးပွဲပဲ အမြဲတမ်း ကစားတုန်းပဲလား " ၀ီလျံက မေးလိုက်သည်။
" ဆိုပါတော့ ... ဘာဖြစ်လို့လဲ "
" လောင်းကြေးက တစ်ကျင်းသွင်းရင် ဆယ်ဒေါ်လာဖြစ်ပါ့မလား "
ဝီလျံ သည် ဂေါက်ရိုက်ရာတွင် နာမည်ကြီးသူဖြစ်၍ အလန်က ခေတ္တမျှ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ပြီးတော့မှ ...
" ဖြစ်ပါတယ် ... ဖြစ်ပါတယ်၊ လုပ်ပါ "
ပထမပွဲတွင် တစ်ယောက်မျှ စကားမပြောဘဲ ဂေါက်သီးကိုသာ အာရုံစိုက်၍ ရိုက်ကြသည်။ အလန်က လေးချက် နှင့် ကျင်းဝင်သည်။ ၀ီလျံက ငါးချက်နှင့်ရိုက်၍ ၀င်သည်။ ဒုတိယပွဲနှင့် တတိယပွဲတွင်လည်း အလန် ကပင် အနိုင်ရသည်။ ဒုတိယပွဲတွင် သူတို့သည် အားကစားရိပ်သာမှ မိုင်ဝက်ခန့်အကွှာအဝေးသို့ ရောက်လာ ကြသည်။
အလန် က ဂေါက်ရိုက်တံကို လက်လွှဲရင်း ချိန်ဆနေသည်။
" တကယ်ဆိုရင် ... ကျွန်တော့်ရဲ့ ဘဏ္ဍာထိန်းငွေထဲက ဒေါ်လာငါးသိန်းကို အဘတို့အနေနဲ့ ဘယ်ကုမ္ပဏီ တစ်ခုခု၊ ဒါမှမဟုတ် ဟင်နရီအော့စဘွန်းနဲ့ ဆက်စပ်နေတဲ့ ဘယ်သူတစ်ယောက်ကိုမှ တရားဝင် ထုတ်ချေး ပိုင်ခွင့် မရှိပါဘူး "
အလန် က ဂေါက်ရိုက်တံကို တအားလွှဲရိုက်လိုက်ရာ ဂေါက်သီးကိုမထိဘဲ လုံးဝလွဲချော်သွားသည်။ ၀ီလျံက ရိုက်ချက်များကို လှပစွာ ရိုက်သွားသည်။ အလန်နှင့် တော်တော်ဝေးသွားသည်။ အလန်အတွက် စဉ်းစားရန် အချိန်ပေးလိုက်သလို ဖြစ်သွား၍ အလန်က ၀မ်းသာမိသည်။
အလန်လွိုက် နောက်ထပ် သုံးချက်ရိုက်ပြီးသောအခါ ၀ီလျံနှင့်ပြန်၍ ဆုံမိသည်။ ပွဲစဉ် (၄)တွင် အလန်က ရှုံးသွားသည်။
" ၀ီလျံ ... မင်းသိတဲ့အတိုင်း ငါက ဘဏ္ဍာထိန်းအဖွဲ့ဝင် တစ်ယောက်အနေနဲ့ တစ်မဲပဲ ပေးပိုင်ခွင့်ရှိပါတယ်၊ နောက်တစ်ချက်က မင်းဟာ အသက် ၂၁ နှစ် မပြည့်မချင်း အဲဒီငွေနဲ့ပတ်သက်ပြီး ဘာမှပြောပိုင်ခွင့်မရှိဘူး၊ ဒါ့ကြောင့် ဘဏ္ဍာထိန်းအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဘာမှကန့်ကွက်ပိုင်ခွင့် မရှိဘူး၊ လောလောဆယ်မှာ ဒီခေါင်းစဉ်ကို လုံးဝမဆွေးနွေးတာ အကောင်းဆုံးပါပဲ "
" တရားဥပဒေဆိုင်ရာ ကန့်သတ်ချက်တွေကို ကျွန်တော် အားလုံးသဘောပေါက်ပါတယ်၊ ဒါပေမဲ့ ဘဏ္ဍာထိန်း အဖွဲ့ဝင် အမျိုးသမီးနှစ်ယောက်စလုံးက ဟင်နရီ အော့စဘွန်းနဲ့ အိပ်နေကြတဲ့အချိန်မှာ ကျွန်တော် က ဒီလိုပဲ ငုံ့ခံနေရမှာလား "
ဝီလျံ၏ စကားကြောင့် အလန် မျက်လုံးပြူးသွားမိသည်။
" မီလီပရက်စတန်နဲ့ ကျွန်တော့်ပထွေးတို့ကိစ္စကို မသိတဲ့လူဆိုလို့ ဘော့စဘွန်းတစ်မြို့လုံးမှာ အဘ တစ်ယောက်တည်း ရှိတယ်လို့တော့ ကျွန်တော့်ကို မပြောပါနဲ့"
အလန် မှာ အာစေးမိနေသူလို ဘာမှပြန်မပြောနိုင်ဘဲ ဖြစ်နေသည်။ ၀ီလျံက ဆက်ပြောသည်။
" အဲဒီတော့ ... အဘမဲ့ဟာ ကျွန်တော့်ဘက်က ရှိမရှိ ကျွန်တော်အတိအကျသိချင်ပါတယ်၊ အဲဒီငွေထုတ်ချေး ဖို့ကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့်မေမေကို အဘက ကန့်ကွက်ရင် ဖြစ်နိုင်ပါတယ် "
အလန် က ရိုကချက်လွဲသွားပြန်သည်။ ၀ီလျံရိုက်လိုက်သော ဂေါက်သီးက ကွင်းအလယ်သို့ ရောက်သွား သည်။ အလန်က နောက်တစ်ကြိမ် ရိုက်လိုက်ရာ ဂေါက်သီးက ကွင်းစပ်မှ ချုံတောထဲ ရောက်သွားသည်။
" မောင်ရင့် တောင်းဆိုချက်တွေက နည်းနည်းတော့ များလွန်းမယ်ထင်တယ် "
အလန်က ၀ီလျံအနီးသို့ ပြန်ရောက်လာပြီး ပြောလိုက်သည်။
" မများပါဘူး၊ ကျွန်တော့်ဘက်က အဘ မထောက်ခံရင် ကျွန်တော် လုပ်ရမယ့် လုပ်ငန်းစဉ်နဲ့ ယှဉ်ကြည့်ရင် ဘာမှ မများပါဘူး "
" ဒီလို အကျပ်ကိုင်တာမျိုးကို မင်းဖေဖေက မကြိုက်ဘူးဆိုတာ မင်းသိပါတယ် "
၁၄ ပေအကွာမှ ၀ီလျံသွင်းလိုက်သော ဂေါက်သီးသည် ကျင်းထဲသို့ ချောက်ခနဲ ၀င်သွားသည်။
" ဖေဖေ မကြိုက်တာက တခြားကိစ္စမဟုတ်ပါဘူး၊ အော့စဘွန်းလိုလူမျိုးနဲ့ တွဲလုပ်တာကိုသာ မကြိုက်မှာပါ " ၀ီလျံက ပြန်လည်ချေပလိုက်သည်။ အလန်က လေးပေအကွာမှ နှစ်ချက်သွင်းလိုက်ရာ နှစ်ချက်စလုံး မ၀င်။
" ဘာပဲဖြစ်ဖြစ်၊ ဖေဖေရဲ့ သေတမ်းစာပါ စည်းကမ်းချက်တွေကို အဘလည်း သိပြီးသားပါ၊ အခုလို မရေရာ တဲ့ ပုဂ္ဂလိက လုပ်ငန်းတစ်ခုထဲမှာ ဘဏ္ဍာထိန်းငွေကို ရင်းနှီးမြှုပ်နှံခွင့် မပြုရဘူးဆိုပြီး စည်းကမ်းချက် တစ်ခု ပါပါတယ်၊ ဖေဖေဟာ ဘဏ်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဒီလိုစည်းကမ်းမျိုးကို ဘယ်တော့မှ မချိုးဖျက် ခဲ့ဖူးဘူး "
" ဒါပေမဲ့ မောင်ရင့်အမေက မိသားစုဝင် ပုဂ္ဂိုလ်တစ်ယောက် အကျိုးအတွက် ဒီစည်းကမ်းကို ဖောက်သင့် ဖောက်ရမယ်လို့ ယူဆနေတယ် "
" ဟင်နရီအော့စဘွန်းဟာ ကျွန်တော်တို့ မိသားစုဝင်တစ်ယောက် မဟုတ်ပါဘူး၊ ကျွန်တော်သာ ဒီဘဏ္ဍာထိန်းငွေကို ချုပ်ကိုင်ခွင့် အာဏာရခဲ့လို့ရှိရင် ဖေဖေ့ဆန္ဒအတိုင်း ဘယ်တော့မှ ဖောက်ဖျက်မှာ မဟုတ်ဘူး "
" မောင်ရင် ဒီလိုခေါင်းမာပြီး တင်းခံနေရင် နောက်ပိုင်းမှာ အကျိုးယုတ်နိုင်စရာ ရှိတယ် "
" ကျွန်တော်တော့ အဲဒီလို လုံးဝမထင်ဘူး "
" မောင်ရင်ပြောသလိုသာ လုပ်လိုက်ရင် မောင်ရင့်အမေအတွက် ဘယ်လို ထိခိုက်နိုင်တယ် ဆိုတာကိုလဲ စဉ်းစားပါဦး ... ၀ီလျံ "
' မေမေဟာ သူပိုင်တဲ့ ငွေငါးသိန်းစလုံးကို သုံးပစ်ခဲ့ပြီးပါပြီ၊ လင်တစ်ယောက်အတွက် ဒီလောက် အနစ်နာ ခံရင် တော်ရောပေါ့၊ ကျွန်တော့်ငွေ ငါးသိန်းထပ်ပြီး ဆုံးရှုံးခံရဦးမယ်လို့ဆိုတာ ဘယ်နည်းနဲ့တွက်တွက် တရား နည်းလမ်းတစ်စက်ကလေးမှ မကျပါဘူး '
' အဲဒီကိစ္စကတော့ တို့လည်း ဘာမှမသိရသေးဘူးဝီလျံ၊ ဒါပေမဲ့ အခုကိစ္စမှာ ငွေငါးသိန်း ရင်းနှီးမြှုပ်နှံလိုက်ရင် အမြတ်ငွေကတော့ ကျိန်းသေပေါက်ပဲ၊ ဒါပေမဲ့ ဟင်နရီရဲ့စာရင်းကိုတော့ မကြည့်ရ သေးပါဘူး '
' သူဟာ ကျွန်တော့်မေမေရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်ပစ်တယ်ဆိုတာကတော့ သေချာပါတယ်၊ သူ့စာရင်းကို စစ်တာထက် သူ့ဘ၀နောက်ခံ၊ သူ့အပေါင်းအသင်း၊ သူ့လုပ်ရပ်တွေကို လိုက်ကြည့်တာက ပိုပြီး အကျိုးရှိပါလိမ့်မယ်၊ သူဟာ မေမေ့ငွေတွေနဲ့ ဖဲရိုက် အပျော်လိုက်နေတယ်ဆိုတာ အဘ တွေးမိရဲ့လား'
ရှစ်ပွဲမြောက်တွင် အလန်က ဂေါက်သီးကို၎င်းတို့ရှေ့မှ ရေကန်ထဲသို့ ရိုက်ထည့်လိုက်သည်။ သည်လုပ်နည်းမျိုးကို သင်ကာစ ဂေါက်သမားတောင်မှ လုပ်မိမည်မဟုတ်။
' ဟင်နရီအကြောင်းကို မောင်ရင်က ဘယ်လိုလုပ်သိတာလဲ '
ကိုဟင်ရှေ့နေ လုပ်ငန်းဌာနမှတစ်ဆင့် သိရခြင်းဖြစ်ကြောင်း အလန်က သိပြီးဖြစ်သော်လည်း တမင်ထပ် မေးလိုက်သည်။
' အဲဒါတော့ ကျွန်တော် လုံးဝမပြောနိုင်ဘူး '
' အေးလေ ... ဒါကတော့ ထားလိုက်ပါတော့၊ မောင်ရင်ပြောတာတွေသာ အားလုံးအမှန်ပဲဆိုရင်တော့ ဟင်နရီကို ငွေချေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ငါက မောင်ရင့်မေမေကို တားပေးပါ့မယ်၊ အကောင်းဆုံးကတော့ ဟင်နရီကို အကြောင်းစုံပြောပြလိုက်ဖို့ပါပဲ '
' အဲဒါကောင်းပါတယ်၊ ပြောဖြစ်အောင် ပြောပြပါခင်ဗျာ '
သည်တစ်ချီတွင် အလန်၏ရိုက်ချက် တော်တော် ကောင်းသည်။ သို့သော် သူက သူ မနိုင်နိုင်တော့ဘူးဆို တာကို ကျိန်းသေပေါက် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဝီလျံကဆက်ပြောသည်။
' အော့စဘွန်းအနေနဲ့ ကျွန်တော့် ဘဏ္ဍာထိန်းငွေထဲက ငွေငါးသိန်းလိုချင်တာဟာ တကယ်တမ်း ဆေးရုံ ဆောက်ဖို့ ကန်ထရိုက်ရလို့ မဟုတ်ဘူး၊ သူ့မှာ ရှီကာဂိုမှာ ပေးစရာအကြွေးတွေကို ဆပ်မလို့ ချေးတာပါ၊ ဒီအကြောင်းလည်း အဘ ဘာမှသိဦးမှာမဟုတ်ပါဘူး '
အလန်က ဘာမှ ပြန်မပြော။ အမှန်ကလည်း သည်အကြောင်း သူ လုံးဝမသိ။
ဝီလျံက တစ်ကျင်းသွင်းလိုက်သည်။
' မင်းကတော့ ငါ့အပေါ် ဗုံးတွေ တစ်လုံးပြီးတစ်လုံး ပစ်ချနေပါရောလား ၀ီလျံ '
' စကတည်းက ဒီအတိုင်းပါပဲ အဘ '
အလန်က ကိုယ်ကို ဂေါက်ရိုက်တံပေါ်မှီရင်း ရယ်လိုက်ပြီးတော့ ...
' ဟုတ်ပါတယ်၊ တစ်ချိန်လုံးပဲ ၀ီလျံ '
' အော့စဘွန်းဟာ ဆေးရုံကန်ထရိုက်ကိုလည်း လုံးဝမရနိုင်ပါဘူး၊ သူက အစိုးရဌာန အောက်တန်းအရာရှိ ကလေးတွေကို လာဘ်ထိုးထားတယ်ဆိုတာ လူတိုင်းလိုလို သိနေကြပြီ၊ ကန်ထရိုက်ကို တကယ်ရမှာက ကက်ဘရိုက်နဲ့ ကာတာကုမ္ပဏီပါ၊ ဒီအကြောင်း သူတို့တောင် မသိကြသေးဘူး၊ ဘယ်သူ့မှတော့ မပြော လိုက်ပါနဲ့ အဘ '
အလန်က သွင်းချက် လွဲသွားသည်။ ၀ီလျံက လျှောခနဲ ရိုက်သွင်းလိုက်သည်။
သူက ဘဏ်ဥက္ကဋ္ဌကြီးဆီ လျှောက်လပြီး လက်ကို ကမ်းပေးလိုက်သည်း။ နှစ်ယောက်သား ဖက်လှဲတကင်း လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
' ကျေးဇူးတင်ပါတယ် အဘ၊ အဘက ကျွန်တော့်ကို ဒေါ်လာကိုးဆယ် ပေးရပါမယ် ခင်ဗျာ '
အလန်က ပိုက်ဆံအိတ်ကို နှိုက်ယူပြီး ဒေါ်လာတစ်ရာတစ်ရွက် ကမ်းပေးရင်း ...
' ငါ့ကို အဘတွေ ခင်ဗျားတွေနဲ့ မသုံးပါနဲ့တော့ ၀ီလျံ၊ အလန်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါတော့ '
ဝီလျံက ဆယ်ဒေါ်လာပြန်အမ်းလိုက်ရင်း ...
' ကျေးဇူးတင်ပါတယ် အလန် '
*
တနင်္လာနေ့တွင် အလန်လွိုက် ဘဏ်တိုက်ရောက်တော့ ခါတိုင်းနေ့များထက် လုပ်စရာတွေ ပိုလာပါသည်။ သူက ဌာနဆိုင်ရာ မန်နေဂျာငါးဦးကို သူ့စားပွဲသို့ ခေါ်လိုက်ပြီး ၀ီလျံ၏ စွဲချက်များ မှန်မမှန်ကို အမြန်ဆုံး သိရအောင် စုံစမ်းစစ်ဆေး၍ သူ့ထံ အစီရင်ခံကြရန် ညွှန်ကြားလိုက်သည်။ သို့သော် သူက ၎င်းတို့အား တစ်ပေါင်း တည်း ခေါ်ယူတွေ့ဆုံခြင်းမဟုတ်။ တစ်ယောက်စီခေါ်ယူတွေ့ဆုံခြင်းသာဖြစ်သည်။ တစ်ယောက် လုပ်ငန်းကို တခြားတစ်ယောက်က မသိစေရ။ သူ့ညွှန်ကြားချက်များက တိကျသည်။ ပြတ်သား သည်။ အစီ ရင်ခံစာသည် အထူးလျှို့ဝှက်ဖြစ်ရမည်။ ဘဏ်ဥက္ကဋ္ဌတစ်ဦးတည်းအတွက် သီးသန့် အထူး အစီရင်ခံစာ ဖြစ်ရ မည်။
ဗုဒ္ဓဟူးနေ့ကျတော့ သူ့စားပွဲသို့ လျှို့ဝှက်အစီရင်ခံစာ ငါးစောင်ရောက်လာသည်။ အစီရင်ခံစာ ငါးစောင်စလုံး ပင် ၀ီလျံ၏ စွပ်စွဲချက်များကို ထောက်ခံတင်ပြကြသည်။ သို့သော် ပို၍ သေချာအောင် အသေးစိတ်ကို ထပ်မံ စုံစမ်းဖို့ အချိန်ပေးရန် တောင်းဆိုထားကြသည်။
အလန်လွိုက်သည် ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်းမပြုသေးဘဲ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်သည်။ သူက ဖြစ်ရပ်တစ်ခုလုံး၏ အလားအာ ကို ခန့်မှန်းသိရှိထားပြီးဖြစ်သော်လည်း အယ်နီ အတွက် လဲရာဖိထောင်းသလို အခြေအနေမျိုး ရောက်သွားမည်ကို မလိုလားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လောလောဆယ်တွင် ဘာမှမလုပ်သေးဘဲ ဟင်နရီအော့စဘွန်း၏ ညစာစားပွဲသို့ တက်ရောက်ပြီး အခြေအနေကို အကဲခတ်ခြင်းသာ အကောင်းဆုံးဟု သူက ယူဆသည်။ ညစာစားပွဲမှာ ဆေးရုံကန်ထရိုက်ရမည့်အတွက် အကြိုအောင်ပွဲအဖြစ် အော့စဘွန်းက သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် မိတ်ဆွေ များအား တည်ခင်းကျွေးမွေးခြင်းဖြစ်သည်။
ညစာစားပွဲသို့ အလန်လွိုက်ရောက်သွားသောအခါ အယ်နီအား စိတ်ရောကိုယ်ရော အလွန် နွမ်းနယ်သော ရုပ်သွင်ဖြင့် မြင်တွေ့ရသည်။ ထို့ကြောင့် သူမအား ပို၍ ညင်ညင်သာသာ ချဉ်းကပ်ပြောဆိုရမည်ဟု အလန်က တွေးလိုက်မိသည်။ အယ်နီကိုယ်ဝန်မရှိသောအချိန်တွင် သည်လိုပြဿနာတွေ ပေါ်ပေါက်လျှင် ဘယ်လောက် ကောင်းလိမ့်မလဲဟုလည်း တွေးမိသည်။ အယ်နီအနားတွင် ဧည့်သည်များ ရှင်းသွားသော အခါ အလန်က မသိမသာ ချဉ်းကပ်သွားသည်။
' ဘဏ်မှာ အလုပ်တွေများရတဲ့အထဲက အခုလို ညစာစားပွဲတက်ဖြစ်အောင် တက်လာတာအများကြီး ကျေးဇူးတင်ပါတယ် အလန် '
' ကိစ္စမရှိပါဘူး အယ်နီ၊ အလုပ်က ပြဿနာမရှိပါဘူး၊ ငါက မင်းတို့လုပ်တဲ့ပါတီပွဲတိုင်း အမြဲတမ်း မပျက်မကွက် တက်ခဲ့တာချည်းပဲ မဟုတ်လား၊ ဒါနဲ့ ငွေချေးဖို့ကိစ္စဘယ်လိုစိတ်ကူးမိသေးသလဲ ' အလန်က ခရီးသွားဟန်လွှဲ သဘောမျိုးဖြင့် မေးလိုက်သည်။
' ဘာမှ မစဉ်းစားရသေးပါဘူး၊ ကျွန်မမှာ တခြားကိစ္စတွေနဲ့ စိတ်မအား လူမအား ဖြစ်နေတယ်၊ ဟင်နရီ ငွေစာရင်း ကြည့်ပြီးပြီလား '
' အခြေအနေ ကောင်းပါတယ်၊ ဒါပေမဲ့ တို့က တစ်နှစ်အတွက် စာရင်းတွေကိုပဲ ကြည့်ရသေးတယ်၊ နောက် ထပ်ဆက်ပြီး ကြည့်ရှုဦးမယ်၊ ဒါက တို့ဘဏ်ရဲ့ အစဉ်အလာ လုပ်ထုံးလုပ်နည်းပါ၊ ဒီအချက်ကို ဟင်နရီ သဘော ပေါက်လိမ့်မယ်လို့ ထင်ပါတယ် '
' ဟေး ... အယ်နီ၊ ညစာစားပွဲကတော့ တကယ့်ချစ်စရာပွဲပါပဲ ' အလန်၏ နောက်ဘက်မှနေ၍ တစ်စုံ တစ်ယောက်က လှမ်းပြောလိုက်သည်။ ' ဘယ့်နှယ်လဲ သားသည် မိခင်လောင်းနေကောင်းပါစေ '
အလန်က ထိုသူ၏ မျက်နှာကို လုံးဝမမှတ်မိ။ ဟင်နရီ၏ နိုင်ငံရေးသမား မိတ်ဆွေဖြစ်ရမည်ဟုတော့ တွက် လိုက်မိသည်။
ပါတီပွဲသို့ နိုင်ငံရေးသမားတွေ တော်တော်များများ တက်ရောက်ကြသည်။ မြို့တော်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လွှတ်တော်အမတ်များကိုလည်း တွေ့ရသည်။ သည်အတိုင်းဆိုလျှင် ဟင်နရီ အနေဖြင့် သော့ချက်ကို အပိုင်ကိုင်ထားပြီ။ ၀ီလျံအတွက်များ မှားသွားပြီလား။ ကန်ထရိုက်ရသူ အမည်  စာရင်းကို နောက်အပတ်တွင် စည်ပင်သာယာရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်တော့မည်။
    အလန်က ဘဏ်တိုက်သို့ပြန်၍ လုပ်စရာကျန်တာတွေကို လုပ်နိုင်ရန် ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် ဟင်နရီနှင့် အယ်နီတို့အား နှုတ်ဆက်ပြီး ပြန်ထွက်သွားသည်။
အယ်နီက တစ်ချိန်လုံး အခြေအနေကို အကဲခတ်နေသည်။ အထူးသဖြင့် မီလီပရက်စတန်အနားသို့ ဟင်နရီ ကပ်သွားတိုင်း မသိမသာ စောင့်ကြည့်နေသည်။ သို့သော် ထူးခြားသော အမူအရာတော့ မတွေ့ရ။ ခါတိုင်း လိုပင် ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေဖြင့် ပုံမှန်ဆက်ဆံ ပြောဆိုကြသည်ကိုသာ မြင်ရသည်။ ဟင်နရီသည် တစ်ချိန်လုံး မီလီ၏ ယောက်ျား ဂျွန်ပရက်စတန်နှင့်သာ တစ်တွဲတွဲ ဖြစ်နေသည်။ ငါ့ယောက်ျားကို ငါက တမင်သက်သက် အထင်လွဲမိသလိုများ ဖြစ်နေပြီလားဟု အယ်နီက တွေးမိသည်။ နောက်နေ့တွင် စုံထောက် ဂလင်းရီကာဒိုနှင့် ချိန်းထားသည်ကိုလည်း ပြန်ဖျက်လိုက်ရမည်လားဟုပင် စိတ်ကူးလိုက်မိသေး သည်။
ပါတီပွဲက သတ်မှတ်ချိန်ထက် နှစ်နာရီနောက်ကျပြီးမှ ပြီးဆုံးသွားသည်။ ရောက်လာသမျှ လူတိုင်ပင် ပျော်ရွှင်ကြလိမ့်မည်ဟု အယ်နီက မျှော်လင့်သည်။
' သိပ်ပြီး ပျော်စရာကောင်းတဲ့ပွဲပဲ အယ်နီ၊ အခုလို မှတ်မှတ်ရရ ဖိတ်မန္တကပြုပြီး ဧည့်ခံကျွေးမွေးတာကို အများကြီး ကျေးဇူးတင်ပါတယ် '
စောစောက နှုတ်ဆက်ခဲ့သောပုဂ္ဂိုလ်က နောက်ဆုံးမှပြန်သွားသည်။
သူ့နာမည်ကို အယ်နီမသိ။ သို့သော် မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်ကြီးတစ်ယောက် ယောက်ဖြစ်သည်ဟုတော့ ခန့်မှန်းမိသည်။
ဧည့်သည်တွေ အားလုံး ပြန်သွားပြီးသောအခါ အယ်နီသည် အပေါ်ထပ်သို့ တက်လာခဲ့ပြီး အ၀တ်အစားလဲ သည်။ ဟင်နရီက သူမနောက်မှ ၀င်လိုက်လာသည်။
' အလန်နဲ့ စကားပြောလိုက်ရသလား ဒါလင် ' ဟင်နရီက မေးသည်။
' ပြောလိုက်ရပါတယ်၊ စာရင်းတွေကအခြေအနေကောင်းပါတယ်တဲ့၊ ဒါပေမဲ့ နောက်ထပ်ပြီး အသေးစိတ် စစ်ဆေးစရာ နည်းနည်းကျန်သေးတယ်လို့ ပြောတယ်၊ ဘဏ်တိုက်စည်းကမ်းအရ လုပ်ရတာမို့ ရှင့်ကို တောင်းပန်ပေးဖို့လည်း ပြောသွားတယ် '
' အလကား၊ အဲဒီသောက်စည်းကမ်းတွေ ထားလိုက်စမ်းပါ၊ နောက်ပိုင်းက ၀ီလျံကြိုးကိုင်နေတာကို မင်း မစဉ်းစားမိဘူးလား၊ သူက ငါ့ကို ငွေမချေးဖြစ်အောင် လိုက်ပြီး ဖျက်နေတာ '
' ရှင်က အဲဒီလို ဘာကြောင့်ပြောနိုင်တာလဲ၊ အလန်ကလည်း ကျွန်မကို ဒီအကြောင်း ဘာမှမပြောပါလား '
' ဘာ ... သူက မင်းကို မပြောဘူး ဟုတ်လား၊ အဲ ... ပြောပါလိမ့်မယ် ... ပြောပါလိမ့်မယ်၊ မင်းက ယုံနေ ... ယုံနေ၊ တကယ်တော့ တနင်္ဂနွေနေ့တုန်းက ဂေါက်ကလပ်မှာ သူတို့နှစ်ယောက် နေ့လယ်စာစားပြီး ဂေါက် ရိုက်ကြတာကော သူက မင်းကို ပြောလို့လား '
' ဘာ ... ဂေါက်ကလပ်မှာ တွေ့ကြတယ် ဟုတ်လား၊ ဒါတော့ ကျွန်မ လုံးဝမယုံဘူး၊ ၀ီလျံက ဘော့စတွန် ရောက်လျက် သားနဲ့ ကျွန်မဆီ ဘယ်တော့မှ မလာဘဲ မနေဘူး၊ ဒါကတော့ ရှင် ... တမင်သက်သက် အထင်လွဲ နေတာ ဟင်နရီ '
' ငါပြောတာ ယုံစမ်းပါ မိန်းမရာ၊ အဲဒီနေ့က မြို့တစ်ဝက်လောက် ဂေါက်ကလပ်ရောက်နေကြပါတယ်၊ ၀ီလျံဟာ အလန်နဲ့ ဂေါက်ရိုက်ရုံသက်သက်နဲ့တော့ မိုင် ၅၀ ခရီးကို မလာပါဘူးကွ၊ ဒီမှာ အယ်နီ၊ ဒီပိုက်ဆံကို ငါမရ လို့ မဖြစ်တော့ဘူး၊ အဲဒါမရရင် ငါ့ကို ကန်ထရိုက်ဆွဲနိုင်တဲ့ အရည်အချင်းမရှိဆိုပြီး သတ်မှတ်ကြတော့ မယ်၊ အဲဒါဆိုရင် ငါ့ဘ၀တော့ သွားပြီ၊ တစ်သက်လုံး အဖတ်ဆယ်လို့ မရအောင် သိက္ခာကျသွားပြီ၊ အဲဒီတော့ မင်းအနေနဲ့ အမြန်ဆုံး ဆုံးဖြတ်ဖို့က ငါ့ကိုပဲ ယုံမှာလား၊
ဝီလျံကိုလည်း ယုံမှာလား၊ အဲဒါပဲ မြန်မြန် လုပ်တော့၊ ငါက အဲဒီငွေကို နောက်အပတ်အတွင်း မရရင်မဖြစ်ဘူး၊ ဒီနေ့ကနေပြီး ရှစ်ရက်အတွင်း ရကိုရမှဖြစ်မယ်၊ အဲဒါမရရင် မြို့တော် စည်ပင်သာယာရေး အဖွဲ့က ငါ့ကို ကန်ထရိုက်နဲ့ မထိုက်တန်တဲ့လူဆို ပြီး ပယ်ချခံရတော့မယ်၊ မင်းက ငါ့ကို လက်ထပ်တာ ၀ီလျံက သဘောမတူတဲ့အတွက် ငါ ပယ်ချခံရတော့ မယ်၊ ငါ တောင်းပန်ပါတယ် အယ်နီ၊ ငါ့ကို ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ဖြစ်အောင် ကူညီပါဦး၊ မနက် အလန့်ဆီ ဖုန်းဆက်ပြီး ငါ့ကို ငွေချေးလိုက်ပါလို့ ပြောပေးပါဦး '
ဟင်နရီ၏ စကားသံများက အယ်နီ၏ နားထဲတွင် ပဲ့တင်ရိုက်ခတ်နေကြသည်။ သူမသည် ခေါင်းထဲက မူးတူးတူး ဖြစ်လာပြီး အားနည်းလာသလိုပင် ခံစားမိသည်။
' မဖြစ်ဘူး ... မဖြစ်ဘူး၊ မနက်ဖြန်တော့ မဖြစ်သေးဘူး ဟင်နရီ၊ သောကြာနေ့ အထိတော့ စောင့်ပါဦး၊ မနက်ဖြန် ကျွန်မ မအားသေးလို့ပါ '
ဟင်နရီက ဒေါသစိတ်ကိုထိန်းပြီး အယ်နီအနီးသို့ ကပ်လာသည်။ အယ်နီက ကိုယ်လုံး ပေါ် မှန်ရှေ့တွင် ထိုင်ကာ အင်္ကျီလဲနေသည်။ ဟင်နရီက အယ်နီ၏ ဗိုက်စူစူကလေးကို ညင်သာစွာ ပွတ်ကစားရင်း ပြောသည်။
' ဒီဗိုက်ထဲက ငါ့ရင်သွေးကလေးကိုလည်း ၀ီလျံလို အခွင့်အရေးရအောင် လုပ်ပေးရမယ် ' နောက်တစ်နေ့ မနက်တွင် အယ်နီသည် စုံထောက်ရီကာဒိုထံ သွားရကောင်းမလား၊ မသွားရ ကောင်းမလားဟု ချီတုံချတုံ ဖြစ်နေသည်။ သို့သော် ၁၂ နာရီမထိုးခင်ကလေးတွင်တော့ သူမသည် တက္ကစီတစ်စီးငှားပြီး ထွက်လာ ခဲ့သည်။
သူမသည် ထိုင်နဲ့၍ တကျည်ကျည် အသံမြည်နေသော သစ်သားလှေကားမှ တက်လာခဲ့သည်။ အခန်းထဲ ရောက်လျှင် ဘယ်လိုမြင်ကွင်းမျိုးမြင်ရမည်ကို သူမက ကြိုတင်တွေးမိပြီး ဖြစ်သည်။ ရီကာဒိုနှင့် မတွေ့ တော့ဘဲ ပြန်သွားရကောင်းမလားဟု တွေးမိသည်။ တံခါးဝတွင် အတန်ကြာအောင် တုံ့ဆိုင်းဆိုင်းဖြစ် နေပြီး မှ တံခါးကို ခေါက်လိုက်သည်။
' ၀င်ခဲ့ပါ '
အယ်နီက တံခါးကိုဖွင့်၍ အခန်းထဲသို့ ၀င်လိုက်သည်။
' အား ... မစ္စက်အော့စဘွန်းကိုး၊ ခင်ဗျားလာတာ အတော်ပါပဲ၊ ထိုင်ပါ ခင်ဗျာ '
အယ်နီ ကုလားထိုင်တွင် ၀င်ထိုင်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့် နေကြသည်။ အတန်ကြာတော့မှ ရီကာဒိုက စပြောသည်။
' သတင်း ကတော့ သိပ်မကောင်းဘူးခင်ဗျာ ' ရီကာဒိုက ခေါင်းကို တစ်ချက်ကုတ်လိုက်သည်။
အယ်နီ တော်တော် စိတ်ဓာတ်ကျသွားသည်။ နေမကောင်းချင်သလို ဖြစ်သွားသည်။
' ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်းမှာ မစ္စတာ အော့စဘွန်းကို မစ္စက်ပရက်စတန်နဲ့ တွဲတာ လုံးဝမတွေ့ရဘူး၊ ဘယ်မိန်းမ နဲ့မှ တွဲတာ မတွေ့ရပါဘူး '
' ဒါနဲ့ ရှင်က ပြောတော့ သတင်းက သိပ်မကောင်းဘူးဆို '
' ဟုတ်ပါတယ်၊ အဲဒါတော့ အမှန်ပဲ၊ ခင်ဗျားက ယောက်ျားနဲ့ ကွာရှင်းချင်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ တကယ်တော့ ယောက်ျားအပေါ် စိတ်ဆိုးနေတဲ့ မိန်းမတွေဟာ ကျွန်တော့်ဆီ တစ်ခုခုသိချင်လို့ လာကြတာ ချည်းပါပဲ၊ အဲဒီတော့ ပိုပြီး သေချာအောင် နောက်တစ်ပတ်တော့ စောင့်ကြည့်ပါဦး '
' တော်ပါပြီ ... မစ္စတာရီကာဒို၊ နောက်ထပ်လည်း မစုံစမ်းပါနဲ့တော့၊ စုံစမ်းတော့ ပိုသေချာအောင်ဆိုပြီး ပြောတာပါ၊ နောက်တစ်ပတ်ဆိုရင် အတိအကျသိရမှာပါ '
' အေးလေ ... ရှင်က ဆက်ပြီး စုံစမ်းချင်သေးတယ်ဆိုရင်လည်း စုံစမ်းပေါ့၊ ဒါပေမဲ့ ကျွန်မကတော့ ဘယ်လိုမှ ထူးခြား လာမယ်လို့ လုံးဝမထင်တော့ပါဘူး '
    ' ဒါတော့ ဒါပေါ့လေ၊ ဒါပေမဲ့ ကျွန်တော်က နှစ်ပတ်အတွက် ငွေယူထားပြီးပြီ မဟုတ်လား၊ အဲဒီတော့ ပိုက်ဆံနဲ့တန်အောင်တော့ လုပ်ပေးရမှာပေါ့၊ မစ္စက်အော့စဘွန်း '
' ဒါနဲ့ စာတွေက ဘယ်လိုလဲ၊ ကျွန်မတော့ ကျွန်မယောက်ျားရဲ့ လုပ်ရပ်တွေကို မနာလိုတဲ့ လူတစ်ယောက်က ရေးတာ ပဲလို့ ထင်တာပဲ '
' ဒီကိစ္စက အလျင်တစ်ပတ်က ကျွန်တော် ပြောသလိုပါပဲ၊ ပစ်စာရှင်ကို စုံစမ်းရတာဟာ မလွယ်ပါဘူး၊ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော်တို့က စာရေးစက္ကူအမျိုးအစား၊ စာအိတ်အမျိုးအစားနဲ့ ၀ယ်တဲ့ ဆိုင် စတဲ့ သဲလွန်စတော့ ရသင့်သလောက် ရထားပြီး၊ နောက်အပတ်ဆိုရင်တော့ အတိအကျ သိရလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်၊ နောက်ထပ် စာတွေ ရောက်လာသေးသလား '
' မလာတော့ပါဘူး '
' အဲဒါကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် နောက်တစ်ပတ်တော့ နောက်ဆုံးအဆင့်ပါပဲ၊ တစ်ခုခုတော့ ၀ီထိပေါက်မှာပါ မစ္စက်အော့စဘွန်း '
' ကောင်းပြီလေ၊ ရှင့်ဘက်က လုပ်စရာရှိတာသာ ဆက်လုပ်ပေတော့၊ ကဲ ... ကျွန်မကို ပြန်ခွင့်ပြုပါဦး '
' ကောင်းပါပြီဗျာ ... ကောင်းပါပြီ '
အယ်နီ သည် အိမ်သို့ ပြန်လာရင်း ဟင်နရီအား ငွေငါးသိန်းချေးရန်အတွက် သူမအနေဖြင့် ထောက်ခံချက် ပေးရန် ဆုံးဖြတ်ချလိုက်သည်။ အလန်လွိုက်နှင့် ၀ီလျံတို့က ဟင်နရီအပေါ် အထင်လွဲနေခြင်းသာဖြစ်သည်။ ၀ီလျံ က သူမအား အသိမပေးဘဲ ဘော့စတွန်းသို့ တိတ်တိတ်ကလေး လာခဲ့ခြင်းမှာ ဟင်နရီအား တမင် နှောင့်ယှက် ချင်၍ဖြစ်ကြောင်း ထင်ရှားနေသည်။
*
ထိုနေ့ညတွင် အယ်နီက ငွေငါးသိန်းကိစ္စနှင့် ပတ်သက်၍ သူမ၏ ဆုံးဖြတ်ချက်ကို ပြောပြလိုက်သော အခါ ဟင်နရီ မှာ အလွန့်အလွန် ၀မ်းသာသွားသည်။း
မနက်ကျတော့ အယ်နီလက်မှတ်ထိုးရန် တရားဝင် စာချုပ်စာတမ်းများကို ဟင်နရီက ထုတ်ပေးသည်။ ဟင်နရီ သည် ယင်းစာချုပ်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားကြောင်း အယ်နီက သိလိုက်သည်။ မီလီ ပရက်စတန် ၏ လက်မှတ်ကိုပင် ရေးထိုးထားပြီးဖြစ်နေသည်။ သူမက သံသယစိတ် ၀င်လာမိပြန်သည်။ သို့သော် ' အို ... ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးလေ ' ဟု တွေးလိုက်ပြီး စာချုပ်ပေါ်တွင် ခပ်မြန်မြန်ကလေး လက်မှတ် ထိုးလိုက်လေသည်။
နောက်နေ့တနင်္လာနေ့မနက်တွင် အလန်လွိုက်ထံမှ ဖုန်းလာသည်။ အယ်နီသည် အလန်လွိုက် နှင့် ရင်ဆိုင် ရန် အသင့်ပြင်ဆင် ထားပြီးဖြစ်နေသည်။
' အယ်နီ ... ငွေငါးသိန်းထုတ်ချေးဖို့ကိစ္စကို ကြာသပတေးနေ့အထိ ဆိုင်းထားစေချင်တယ်၊ ဆေးရုံကန်ထရိုက်ကို ဘယ်သူရတယ်ဆိုတာ အဲဒီနေ့မှာ သိရလိမ့်မယ် '
' မဖြစ်ဘူး ... အလန်၊ ကြာသပတေးနေ့အထိ စောင့်နေလို့ မဖြစ်တော့ဘူး၊ ဟင်နရီက အဲဒီငွေကို ခုချက်ချင်း လိုချင် နေတယ်၊ သူ့မှာ ငွေအင်အား အလုံအလောက် ရှိတယ်ဆိုတာပြနိုင်မှ ကန်ထရိုက်ကိုရမှာ၊ စာချုပ် ပေါ်မှာ ဘဏ္ဍာထိန်းအဖွဲ့ဝင် နှစ်ယောက်တောင် လက်မှတ်ထိုးထားပြီးပြီ၊ အန်ကယ့်အနေနဲ့ ဘာမှ တားပိုင်ခွင့် မရှိတော့ပါဘူး '
' ဒါပေမဲ့ ငါဆိုလိုတာက ဒီလိုပါ၊ ငွေကို ခုချက်ချင်း လက်ငင်းပေးဖို့ မလိုပါဘူး၊ ဟင်နရီကို ဘဏ်က ထောက်ခံချက်ပေးထားမှာပါ၊ ဒါဆိုရင် စည်ပင်သာယာအဖွဲ့ကလည်း လက်ခံနိုင်ပါလိမ့်မယ်၊ ပြီးတော့ သူ့ကုမ္ပဏီ ရဲ့ ငွေစာရင်းကိုလည်း တို့က အကုန်မစစ်ဆေးနိုင်သေးဘူး၊ စစ်ဖို့လည်း အချိန်မရသေးဘူး၊ တခြားအရေးပေါ် အလုပ်တွေနဲ့ ရှုပ်နေတယ် '
' အန်ကယ်က ကျွန်မကို အသိမပေးဘဲ ဟိုတစ်ပတ် တနင်္ဂနွေနေ့က ၀ီလျံနဲ့ ဂေါက်သီးသွားရိုက်ဖို့တော့ အချိန်ရတယ်ပေါ့လေ '
တစ်ဖက်မှ အတန်ကြာအောင် တိတ်ဆိတ်နေသည်။ ပြီးတော့မှ ...
' ဒါက ... ဒီလို '
' ဘာမှ ဆင်ခြေပေးမနေပါနဲ့တော့ ... အလန်၊ အန်ကယ်က ဗုဒ္ဓဟူးနေ့မှာ ကျွန်မတို့ ပါတီပွဲတောင် လာသေးတာပဲ၊ အန်ကယ်ပြောချင်ရင် အဲဒီနေ့က ကျွန်မကို ပြောနိုင်သေးပဲမဟုတ်လား၊ ဒါပေမဲ့ အန်ကယ်က အဲဒီကိစ္စ တစ်ခွန်းမှမဟခဲ့ဘူး၊ အချိန်မရလို့လို့ ပြောချင်သေးသလား၊ အခု ကျွန်မဆီ ဖုန်းဆက် ပြီး ဟန့်တားဖို့ကျတော့ အချိန်ရသားပဲ '
' ဒီစကားကြားရတာ ငါ ၀မ်းနည်းပါတယ် ... အယ်နီ၊ ငါက အားလုံးအတွက် အကျိုးရှိအောင် အချိန်စောင့် ကြည် နေတာပါ၊ ငါ့ကို ယုံစမ်းပါ ... အယ်နီ၊ လိုအပ်ရင် ငါ မင်းဆီ လာခဲ့မယ်လေ၊ အကြောင်းစုံ ရှင်းပြရတာ ပေါ့ဟုတ်လား '
'  တော်ပါပြီ ... အလန်၊ အန်ကယ် လာစရာမလိုတော့ပါဘူး၊ အန်ကယ်တို့အားလုံး တစ်ကျိတ်တည်း တစ်ဥာဏ်တည်းချည်းပဲ၊ ကျွန်မ ယောက်ျားကို အန်ကယ်တို့ ပူးပေါင်းပြီး တိုက်ခိုက်နေကြတယ်ဆိုတာ ကျွန်မ သိပါပြီ၊ ဒါပေမဲ့ ကျွန်မတော့ သူ့ကို အပြည့်အ၀ ထောက်ခံမှာပဲ '
' အယ်နီ တယ်လီဖုန်းကို ပြန်ချလိုက်လိုက်။ အလန်အား ပြေချင်တာတွေ ပြောပြလိုက်ရ၍ အတောကလေးကျေနပ်သွားမိသည်။ သူမ၏ ယောက်ျားအပေါ်တွင် သစ္စာရှိစွာဖြင့် အကူအညီကြီးတစ်ခု ပေးလိုက်ရ၍လည်း အထူးပင် ၀မ်းသာခြင်းဖြစ်မည်။
အလန်ထံမှ တယ်လီဖုန်းပြန်ဆက်သည်။ သို့သော် အယ်နီက သူမ အပြင်သို့ ထွက်သွားကြောင်း စကား ပြန်လိုက် ရန် အိမ်ဖော်ကို ပြောလိုက်သည်။
ထိုနေ့ ည ဟင်နရီ အိမ်ပြန်ရောက်တော့ အယ်နီက အလန်နှင့် ပြောခဲ့သမျှကို ပြန်ပြောပြသည်။ ဟင်နရီက အလွန် ကျေနပ်ဝမ်းသာသွားသည်။
' ဘာမှ မစိုးရိမ်ပါနဲ့ အချစ်ရယ်၊ ကိုယ်က ဒီလုပ်ငန်းမှာ သိန်းချီပြီး မြတ်မှာပါ၊ ကြာသပတေးနေ့ဆိုရင် ကန်ထရိုက် ရသူ အမည်စာရင်း ထွက်လာတော့မယ်၊ ကိုယ်ရမှာ သေချာပါတယ်၊ စောင့်ကြည့်နေပါ၊ အဲဒီ တော့မှ အချစ်က အလန့်ကို ရင်ကော့ပြီး ကြွားပြလိုက်စမ်းပါ၊ ဒီကြားထဲမှာတော့ သူနဲ့ ဘာမှ အဆက် အသွယ် လုပ်မနေပါနဲ့၊ ကန်ထရိုက်စာရင်းကြေငြာပြီးရင် ရစ်ဇ်ဟိုတယ်မှာ တို့လင်မယားနှစ်ယောက် နေ့လယ်စာ စားပွဲနဲ့ အောင်ပွဲခံကြမယ်၊ အဲဒီတော့မှ သူ့စားပွဲမှာ ထိုင်စားနေတဲ့ အလန့်ဆီကို အချစ်က ခပ်ကြွားကြွား ဟန်နှင့် လယ်ယမ်းပြလိုက်တာ့ပေါ့ ဟုတ်လား '
အယ်နီက သဘောကျပြီး ပြုံးနေသည်။ ထိုနေ့ ၁၂ နာရီတွင် စုံထောက်ကြီး ရီကာဒိုနျင့် ပြန်တွေ့ရန် ချိန်း ထားကြေင်း သတိရမိသည်။ ရီကာဒိုနှင့် သွားတွေ့ပြီးတော့ ရစ်ဇ်ဟိုတယ်သို့ မွန်းလွဲ ၁ နာရီရောက်လျှင် တော်ပြီ။ ဘာပဲဖြစ်ဖြစ်၊ ထိုနေ့တွင်တော့ သူမအနေဖြင့် အောင်ပွဲနှစ်ခုကို တစ်ပြိုင်တည်း ကျင်းပခွင့် ရတော့ မည်မှာ သေချာနေပြီ။
အလန်လွိုက်က အယ်နီထံသို့ အကြိမ်ကြိမ် ဖုန်းထပ်ဆက်သည်။ သို့သော် အယ်နီအပြင် ထွက်သွားကြေင်း၊ ပြန်မရောက်သေးကြောင်းကိုသာ အိမ်ဖော်က အကြိမ်တိုင်း ပြန်ပြောသည်။
ယခု အချိန်တွင် ငွေချေးစာချုပ်ကို ဘဏ္ဍာထိန်းအဖွဲ့ဝင်နှစ်ဦးက အပြည့်အစုံ လက်မှတ်ထိုးထားပြီး ဖြစ်သည်။ ထို့ကြောင့် အလန့်အနေဖြင့် ငွေထုတ်ချေးရန်ကိစ္စကို ၂၄ နာရီထက်ပိုပြီး ဆိုင်းထား၍မရတော့။ စာချုပ် ပေါ်တွင် ရေးသားထားသော စကားအသုံးအနှုန်းများမှာ ရစ်ချက်ကိန်း ရေးဆွဲခဲ့သည့်အတိုင်း တစ်သဝေ မတိန်း တရားဝင် အသုံးအနှုန်းများဖြစ်နေသည်။ ချွတ်ယွင်းချက်နှင့် ခကျလက်မှတ်ကို ဘဏ်တိုက် မှ အထူးစာပို့ဖြင့် ဟင်နရီထံသို့ ပို့လိုက်သည်။
အလန်သည် ရုံးခန်းထဲမှ စားပွဲတွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုကသည်။ ထို့နောက် ၀ီလျံထံသို့ စာရှည်ကြီးတစ်စောင် ကောက်ရေးသည်။
မိတ္တူတစ်စောင်ကိုလည်း ဘဏ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဒါရိုက်တာလူကြီး အသီးသီးထံသို့ ပေးပို့လိုက်သည်။ ၀ီလျံသည် ကြာသပတေးနေ့ နံနက်တွင် စိတ်ပေါကျောင်း၌ မက်သယူးနှင့်အတူ နံနက်စာ စားနေစဉ် အလန် လွိုက်ထံမှစာကိုလက်ခံရရှိသည်။
*
' ဘီကွန်တောင်ကုန်းရိပ်သာ' အိမ်ကြီးတွင် ကြာသပတေးနေ့ နံနက်စာ စားပွဲသည် ခါတိုင်းလိုပင် စားစရာ တွေ အမည်စုံ၍ မြိုင်ဆိုင်လှသည်။ ဟင်နရီမှာ ခါတိုင်းထက် ပျော်နေပုံရသည်။ သူက နံနက်စာ ပြင်ဆင် ပေးသော အိမ်ဖော်ကို မနောက်စဖူး နောက်နေသည်။ စည်ပင်သာယာအဖွဲ့မှ ကန်ထရိုက်စာရင်း ထုတ်ပြန် မည့် အရာရှိထံ ဖုန်းလှမ်းဆက်ပြီး ပြက်လုံးတွေပင် ထုတ်လိုက်သေးသည်။ ဆယ်နာရီဆိုလျှင် ကန်ထရိုက် စာရင်းထုတ်ပြန်တော့မည်။
အယ်နီက ရီကာဒိုနှင့် နောက်ဆုံးအကြိမ်အဖြစ် သွားတွေကရဦးမည့် ကိစ္စကို တွေးနေမိသည်။ ဟင်နရီက ' ဘော့စတွန်ဂလုပ်' သတင်းစာကို ဖတ်နေသည်။ သူ့လက်တွေ တုန်နေသည်ကို အယ်နီက မသိယောင် ဆောင်ကာ စားပွဲပေါ်မှ ' ဗို့ဂ်' ဖက်ရှင် မဂ္ဂဇင်းကြီးကို ဟိုလှန်သည်လှန်လုပ်နေလိုက်သည်။
' ဒါနဲ့ ဒီနေ့မနက်ပိုင်း မင်းဘယ်သွားစရာရှိသေးသလဲ ' ဟင်နရီက ဖျတ်ခနဲမေးသည်။
' သြော် ... ထွေထွေထူးထူးတော့ မရှိပါဘူး၊ တစ်နာရီကျတော့ ရစ်ဇ်မှာ အောင်ပွဲခံမယ် မဟုတ်လား၊ ဒါနဲ့ ဟင်နရီ၊ ရစ်ချတ်ရဲ အထိမ်းအမှတ်အနေနဲ့ ဆေးရုံမှာ ကလေးဆောင်တစ်ဆောင် ဆောက်ပေးနိုင်မှာလား ဟင် '
' ဒါပေါ့ ဆောက်မှာပေါ့၊ ဒါပေမဲ့ ရစ်ချတ်ရဲ့ အထိမ်းအမှတ်နဲ့တော့ မဆောက်နိုင်ဘူး ဒါလင်၊ ကိုယ့်ရဲ့ စွမ်းဆောင်ချက်နဲ့ ဖြစ်လာရတာဆိုတော့ အဆောင်ကို ' မစ္စက်ဟင်နရီအော့စဘွန်း ကောင်းမှု ' လို့ပဲ ဆိုင်းဘုတ် ဆွဲရမှာပဲ '
' ဟာ ... သိပ်ကောင်းတဲ့ စိတ်ကူးပဲ ဟင်နရီ ' အယ်နီက လက်ထဲမှ မဂ္ဂဇင်းကို စားပွဲပေါ် ပြန်ချလိုက်သည်။ သူမမျက်နှာတွင် အပြုံးပန်းတွေ ပွင့်လန်းနေသည်။ ' ဒါနဲ့ ကန်ထရိုက်ကို ရှင် ရမယ်ဆိုတာကရော သေချာရဲ့လား ... ဟင် '
' အို ... သေချာသမှ သိပ်သေချာတာပေါ့ အချစ်ရယ်၊ ခုနက ငါ ဖုန်းဆက်ခဲ့တဲ့ အရာရှိက ပြောတယ်၊ ရာနှုန်းပြည့် သေချာပါတယ်တဲ့၊ ဒါပေမဲ့ ဆယ်နာရီကျမှ တရားဝင် ထုတ်ပြန်မယ်တဲ့ '
' အဲဒီတော့ ရှင် ပထမဆုံးလုပ်ရမယ့်အလုပ်က အလန့်ဆီ ဖုန်းဆက်ပြီး သတင်းကောင်းပြောပြလိုက်ပါ၊ ကျွန်မတော့ မဆက်တော့ပါဘူး၊ အလျင်အပတ်တုန်းက သူ့အပေါ် ကျွန်မ ခပ်ထန်ထန် ပြောခဲ့တာတွေ ကျွန်မ စိတ်မကောင်းဖြစ်မိတယ် ဟင်နရီ၊ အလန်က လူတော်လူကောင်းကြီးပါ၊ ကျွန်မတို့အပေါ်မှာ စေတနာဘယ်တော့မှ မယုတ်ပါဘူး '
' အို ... သူ့အတွက် ထည့်တွက်မနေစမ်းပါနဲ့ အချစ်ရယ်၊ သူ့ဆီ ၀ီလျံလာတဲ့ ကိစ္စတောင်မှ သူက မင်းကို မပြောတာဘဲဟာ '
' ဒါပေမဲ့ နောက်တော့ သူ ကျွန်မကို ပြောပြပါတယ်၊ တောင်းလည်း တောင်းပန်ပါတယ် '
' အေးလေ၊ ဒါဆိုလည်း ပြီးရောပေါ့၊ မင်း စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်က သူ့ဆီဖုန်းလိုက်ပါ့မယ်၊ ဒါပေမဲ့ ဆယ်နာရီ ငါးမိနစ်မှာမှ ဆက်မယ်၊ ပြီးတော့ မင်းကလည်း ၀ီလျံဆီ ဆက်လိုက်ဦး၊ သူ့အတွက် ငါက သန်းနဲ့ချီပြီး အမြတ်ရအောင် လုပ်လိုက်ပြီလို့ သူ့ကို ပြောပြလိုက်ပါ ' သူက နာရီကို ကြည့်လိုက်ပြီး ' ကဲ ... ဒီတော့ ကိုယ်သွားလိုက်ဦးမယ်၊ ကံကောင်းပါစေလို့သာ ဆုတောင်းပေတော့ '
' ရှင့်အတွက် ကံကောင်းစရာ မလိုတော့ပါဘူး၊ သေချာနေပြီးတဲ့ဥစ္စာပဲ '
' ဟုတ်ပါတယ် ... ဟုတ်ပါတယ်၊ သေချာနေပြီးတဲ့ဥစ္စာပဲ၊ ကဲ ... တစ်နာရီမှ ရစ်ဇ်ဟိုတယ်မှာ ဆုံကြမယ် ... ဟုတ်လား' သူက အယ်နီ၏ နဖူးကို ငုံ့နမ်းလိုက်သည်။ ' ဒီနေ့ ညနေပိုင်းမှာတေ့ အချစ်အနေနဲ့ အပျော်ဆုံး ဖြစ်ရတော့မှာပဲ၊ ဘာပဲဖြစ်ဖြစ် အလန့်ကိုရော၊ ၀ီလျံကိုရော၊ ကန်ထရိုက်ကိစ္စကိုရော အတိတ်မှာပဲ ထားလိုက် တော့၊ တို့လင်မယး ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံဖို့သာ အဓိကပဲ မဟုတ်လား၊ ကဲ ... ဂွတ်ဘိုင် ... ဒါလင် '
' ဂွတ်ဘိုင် ... ဒါလင် '
*
အလန်လွိုက်သည် နံနက်စာ စားပွဲတွင် ထိုင်ရင်း ' ဘော့စတွန်ဂလုပ် ' သတင်းစာစီးပွားရေးကဏ္ဍစာမျက်နှာ ကို ဖြန့်ဖတ်နေသည်။ လက်ယာဘက် ကော်လံတစ်နေရာမှ သတင်းတိုကလေးတစ်ပုဒ်ကို သတိပြုလိုက်မိ သည်။ ဒေါ်လာ ငါးသိန်းတန် ဆေးရုံကန်ထရိုက်ရသည့် ကုမ္ပဏီအမည်စာရင်းကို ယနေ့နံနက် ၁၀ နာရီတိတိတွင် မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း တိုတိုတုတ်တုတ် ရေးသားထားသည်။
အကယ်၍ ကန်ထရိုက်ကို ဟင်နရီ မရခဲ့လျှင် ရှေ့ဆက် ဘာလုပ်ရမည်ဆိုသည်ကို အလန်လွိုက်က ကြိုတင် စဉ်းစားထားပြီးဖြစ်သည်။ ယင်းဖြစ်ရပ်မျိုးနှင့် ရင်ဆိုင်ခဲ့ရလျှင် သူ့အနေဖြင့်ရစ်ချတ်လုပ်ခဲ့သည့် နည်းလမ်း အတိုင်း တစ်သဝေမတိမ်း လိုက်နာကျင့်သုံးမည်ဖြစ်သည်။ ဘဏ်၏ အကျိုးကိုသာ ဦးစားပေးရမည်ဟူသော အချက်သည်သာ အဓိက ဖြစ်သည်။
ဟင်နရီ၏ ကိုယ်ပိုင်ငွေရေးကြေးရေးကိစ္စများနှင့် ပတ်သက်၍ နောက်ဆုံးသိရှိရသော အချက် အလက် များမှာ အလွန်တစ်ရာမှ အခြေအနေ ဆိုးရွားလှသည်။ သည်အတွက် အလန်သည် အထူး စိတ်မချမ်း မသာ ဖြစ်မိ သည်။
တကယ်သော်ကား ဟင်နရီအော့စဘွန်းဆိုသူမှာ စီးပွားရေးသမားတစ်ယောက် မဟုတ်ဘဲ ဖဲသမား တစ်ယောက် သာ ဖြစ်နေသည်။ အိမ်ငှားမြေငှားလုပ်ငန်းတွင် မြှုပ်နှံခဲ့သည်ဆိုသော ငွေများမှာလည်း ကုမ္ပဏီ စာရင်းထဲသို့ ပြည့်ပြည့်၀၀ ၀င်သည်ကို မတွေ့ရ။
အလန်သည် လိမ္မော်ရည် ဖန်ခွက်ကို တစ်ကျိုက်မော့၍ သောက်သည်။ ပြီးတော့ ဘာကိုမှ ဆက်မစား တော့ဘဲ စားပွဲမှ ထသည်။ နံနက်စာ ပြင်ပေးသော အိမ်ဖော်ကို တောင်းပန်စကားပြောပြီး ဘဏ်တိုက်သို့ ခြေကျင်လျှောက်လာခဲ့သည်။ ယနေ့သည် နေရောင်ထွန်းပ၍ သာယာလှပသော နေ့တစ်နေ့။
*
' ၀ီလျံတို့ ဒီနေ့ညနေပိုင်း တင်းနစ်ကစားကြမယ်ကွာ '
ဝီလျံက အလန်လွိုက်ထံမှ စာကို ဒုတိယအကြိမ် ပြန်ဖတ်နေစဉ် မက်သယူးက ဘေးနားလာရပ်ပြီး ပြောလိုက် ခြင်းဖြစ်သည်။
' အင်း ... မင်း ဘာပြောတာလဲ မက်သယူး၊ ငါ နားမလည်လိုက်လို့ '
' အို ... မင်းကလည်း နားပင်းနေတာ ကျနေတာပဲ၊ ဒီနေ့ညနေ တင်းနစ်သွားရိုက်ကြမယ်လို့ ပြောတာကွ '
' ဒီနေ့ညနေ ငါမအားဘူးကွာ၊ ငါ့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေလို့ပါ '
' အို ... ဒီလိုလား၊ မင်းကိစ္စ ငါသိပါတယ်ကွာ၊ မင်းက ၀ါရှင်တန်က သမ္မတအိမ်တော်ကို ထုံးစံအတိုင်း လျှို့ဝှက် ခရီးသွားဦးမလို့ မဟုတ်လား၊ သမ္မတဟာဒင်က သူ့ရဲ့ ဘဏ္ဍာရေး အကြံပေးပုဂ္ဂိုလ်ရာထူးအတွက် လူသစ်တစ်ယောက် ရှာနေတယ်ဆိုတာ ငါ သိပါတယ်ကွာ၊ လက်ရှိအကြံပေးအရာရှိ ချားလ်စ်ဂျီဒေါဝက်စ်က ငတုံးဆိုတော့ သူ့နေရာ မင်းနဲ့ပဲ ထိုက်တန်တာ အမှန်ပဲကွ၊ အဲဒီတော့ မင်း ဟိုရောက်တော့ အဲဒီရာထူးအတွက် လက်ခံပါတယ်လို့ သမ္မတကြီးကို ပြောပြလိုက်ပေါ့ ... ဟုတ်လား၊ ပြီးတော့ မင်း သူငယ်ချင်း မက်သယူးလက်စတာဆိုတဲ့ အကောင်ကိုလည်း တရားဝန်ကြီးချုပ် ရာထူးပေးဖို့ အဆိုပြုလိုက် ပေါ့ကွာ '
ဝီလျံက ဘာမှပြန်မပြော။
' အင်း ... မင်းက ဘယ်ရယ်ပါ့မလဲ၊ ငါ့ဟာသက ဟာသမှ မမြောက်တာပဲကိုးကွ၊ ဒါပေမဲ့ အဓိပ္ပာယ်တော့ ရှိပါတယ်၊ သူငယ်ချင်းရာ '
မက်သယူးက ၀ီလျံ၏ ဘေးတွင် ၀င်ထိုင်လိုက်သည်။
ဝီလျံက စာကို စာအိတ်ထဲပြန်ထည့်ရင်း ...
' ငါ့မှာ ပြဿနာတစ်ခုရှိနေတယ် မက်သယူး၊ အဲဒါ မင်းကူညီမှ ဖြစ်မယ် '
' ငါသိပါတယ်၊ ငါသိပါတယ် ၀ီလျံရာ၊ မင်းလက်ထဲက စာက ငါ့ညီမဆီကစာ မဟုတ်လား၊ ဘာလဲ မင်းက သူ့ကို အသည်းထဲက စွဲချစ်တာမဟုတ်ဘူးလို့ ငါ့ညီမက စာထဲမှာ ရေးလိုက်လို့လား '
ဝီလျံက ထိုင်ရာမှ ဖျတ်ခနဲ ထရပ်လိုက်သည်။
' နောက်မနေစမ်းပါနဲ့ သူငယ်ချင်းရာ၊ တကယ်လို့ မင်းအဖေရဲ့ ဘဏ်တိုက်ကို ဓားပြတိုက်ခံနေရချိန်မှာ မင်းက ဒီလိုပဲထိုင်ပြီး ပြောင်ပြောင်နောက်နောက် စကားတွေ ပြောနေမတဲ့လား '
ဝီလျံ၏ မျက်နှာအမူအရာက တကယ် လေးလေးနက်နက် ပြောနေကြောင်း ဖော်ပြနေသည်။ သည်တော့မှ မက်သယူစက လေသံပြောင်းသွားပြီး ...
' အဲဒီလိုဆိုရင်တော့ ငါက ဘယ်လိုလုပ်ပြီး ပြောင်နောက်နေပါ့မလဲကွာ '
' ဒါပေါ့ သူငယ်ချင်း၊ ကဲ ... တို့ တစ်နေရာသွားကြရအောင် ပြီးတော့မှ မင်းကို ငါ အကြောင်းစုံ ရှင်းပြမယ် '
*
အယ်နီသည် ၁၀ နာရီထိုးပြီးနောက် မိနစ်အနည်းငယ်အတွင်းတွင် ' ဘီကွန်ရိပ်သာ ' မှ ထွက်လာခဲ့သည်။ အစီအဉ်က ပထမဈေးသို့သွား၍ ၀ယ်စရာကလေးတွေ ၀ယ်မည်။ ပြီးတော့ စုံထောက် ရီကာဒိုထံသို့ ဆက်သွားမည်။
အယ်နီထွက်သွားပြီး မိနစ်အနည်းငယ်အတွင်းမှာပင် တယ်လီဖုန်းလာသည်။ အိမ်ဖော်က တယ်လီဖုန်းကို သွားကိုင် သည်။ တစ်ဖက်မှလူက ' အယ်နီနဲ့ စကားပြောချင်တယ် ' လို့ပြောသည်။ အိမ်ဖော်က ပြူတင်းပေါက် ဆီ ပြေးသွားပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။ အယ်နီက အဝေးသို့ ရောက်သွားပြီ။ ပြန်ခေါ်၍ မဖြစ်နိုင်တော့။
အကယ်၍သာ အယ်နီသာ ပြန်လာနိုင်ခဲ့လျှင် ဆေးရုံကန်ထရိုက်ကို ဘယ်သူရရှိကြောင်း သိရှိရမည် ဖြစ်သည်။
အယ်နီသည် ဈေးသို့သွား၍ ခြေအိတ်ဆွေ ၀ယ်သည်။ ရေမွှေးအသစ် တစ်ပုလင်း ၀ယ်သည်။
ထို့နောက် ၁၂ နာရီထိုးပြီး မိနစ်အနည်းငယ်အကြာတွင် စုံထောက် ရီကာဒို၏ ရုံးခန်းသို့ ရောက်လာသည်။ အကောင်းစား ရေမွှေးနံ့က ရီကာဒို၏ ဆေးပြင်းလိပ်နံ့ကိုတော့ ဖုံးလွှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။
' ကျွန်မ နောက်တော့မကျပါဘူး ထင်ပါတယ် မစ္စတာ ရီကာဒို '
' ထိုင်ပါ မစ္စက်အော့စဘွန်း '
ရီကာဒို၏ မျက်နှာက များစွာ မကောင်းလှသည်ကို အယ်နီက သတိပြုလိုက်မိသည်။
ရီကာဒိုက အညိုရောင် ဖိုင်တွဲတစ်တွဲ ဖွင့်လိုက်သည်။
' ပစ်စာနဲ့ပတ်သက်ပြီး အလျင်စကြရအောင် မစ္စက်အော့စဘွန်း '
' ဟုတ်ကဲ့ အဲဒါ ကောင်းပါတယ် '
' အဲဒီစာတွေ ရေးတဲ့လူက မစ္စက်ရူဘီဖလားဝါးဆိုတဲ့ အမျိုးသမီးတစ်ယောက်ပဲ '
' ဟင် ... ဘယ်သူ၊ သူက ဘာကြောင့် ရေးရတာတဲ့လဲ '
' ကျွန်တော် ခန့်မှန်းမိသလောက်တော့ အဲဒီ မစ္စက်ဖလားဝါးက ခင်ဗျားရဲ့ ယောက်ျားကို တရားစွဲချင် နေတယ်လို့ ထင်တယ် '
' ဟုတ်ပါပြီ၊ ဒါဆိုရင် အားလုံးရှင်းနေပြီပဲ၊ တကယ်တော့ အဲဒီမိန်းမက ကလဲ့စားပြန်ချေချင်လို့ ဒီလိုလုပ်တာ ဖြစ်ရမယ်၊ ဒါနဲ့ ဟင်နရီက သူ့ကို ပိုက်ဆံဘယ်လောက် ပေးစရာရှိသတဲ့လဲ '
' သူက ပိုက်ဆံကိစ္စကြောင့် မဟုတ်ဘူး မစ္စက်အော့စဘွန်း '
' ဒီတော့ ..... ဘာကိစ္စကြောင့်လဲ '
' ကတိစကား ဖောက်ဖျက်တဲ့ကိစ္စကြောင့်ပဲ '
' ဟင် ... ဒါတော့ လုံးဝမဖြစ်နိုင်ဘူး '
' ဖြစ်နိုင်ပါတယ် မစ္စက်အော့စဘွန်း၊ လာဖြစ်လို့လဲဆိုတော့ မစ္စတာအော့စဘွန်းနဲ့ အဲဒီ မစ္စက်ဖလားဝါးတို့က တစ်နေ့ လက်ထပ်ကြမယ်ဆိုပြီး စေ့စပ်ထားကြပြီးသား၊ အဲဒါ မစ္စတာအော့စဘွန်းက သူ့ကို လက်မထပ်ဘဲ ခင်ဗျားကို လက်ထပ်လိုက်တော့ သူ့အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာပြီးသာ တွေးကြည့် တော့ပေါ့၊ တကယ်တော့ မစ္စတာအော့စဘွန်းက ဘာအကြောင်းမှ မခိုင်လုံဘဲနဲ့ ကတိဖျက်လိုက်တာပဲ '
' ဗိုင်းတာမ .... သူက ဟင်နရီဆီက ပိုက်ဆံလိုချင်လို့ ဒီလို လုပ်တာဖြစ်မှာပဲ '
' မဟုတ်ဘူး ၊ အဲဒီလိုမဟုတ်ဘူး၊ မစ္စက်ဖလားဝါးက ပိုက်ဆံချမ်းသာတဲ့ မိန်းမတစ်ယောက်ပါ၊ ခင်ဗျား လောက်တော့ မချမ်းသာဘူးပေါ့၊ သို့သော်လည်း ချမ်းသာတဲ့ မိန်းမတစ်ယောက်လို့တော့ ဆိုနိုင်ပါ တယ်၊ သူ့ယောက်ျား သေသွားတော့ ဖျော်ရည်စက်ရုံကုမ္ပဏီတစ်ခု ကျန်ရစ်တယ်၊ ငွေတွေလည်း တော်တော် များများ ကျန်ရစ်တယ် '
' ဒါနဲ့ အဲဒီမိန်းမက ဘယ်အရွယ်ရှိပြီလဲ '
' ၅၂ နှစ် ပြည့်တော့မယ် '
' အမယ်လေး ... ဘုရားရေ၊ တော်တော် သနားစရာကောင်းတဲ့ အဘွားကြီးပါလား၊ သူက ကျွန်မကို မနာလိုဖြစ်ပြီး မုန်းနေတာ ဖြစ်မှာပေါ့ '
' အဲဒါ ဖြစ်နိုင်ပါတယ် မစ္စက်အော့စဘွန်း၊ အဲဒီတော့ မစ္စတာအော့စဘွန်းရဲ့ တခြားကိစ္စတွေကို ဆက်ကြည့် ကြရအောင် '
အယ်နီသည် နေမကောင်းချင်သလို ဖြစ်လာသည်။ ဒီကိုလာခဲ့တာ မှားသွားပြီးလားဟုလည်း စဉ်းစားမိသည်။ ချက်ချင်း ပြန်ထွက်သွားရကောင်းမလား၊ ဒီအချိန်မှာ ရစ်ချက်သာ ရှိလိုက်ရင် ဘယ်လောက် ကောင်းမလဲ၊ ရစ်ချက်က ဘာပြဿနာကိုမဆို ခေါင်းအေးအေးနှင့် ရှင်းနိုင်သည်။
အယ်နီသည် ထိုင်ရာမှ ချက်ချင်း ထပြန်ချင်သော်လည်း ကိုယ်က ထလို့မရအောင် လေးလံနေသည်။ စုံထောက်ကြီး၏ အပြုအမူကိုသာ ကြောင်ကြောင်ကြီး စိုက်ကြည့်နေမိသည်။ စုံထောက်ကြီးက ဖိုင်တွဲကို ဟိုလှန် သည်လှန် လုပ်နေသည်။
' လွန်ခဲ့တဲ့အပတ်က မစ္စတာအော့စဘွန်းဟာ နှစ်ကြိမ်တိတိ မစ္စက်ပရက်စတန်နဲ့ တွေ့ခဲ့တယ်၊ သုံးနာရီ လောက်စီ ကြာတယ်၊ သူတို့နှစ်ယောက်တည်းပဲ '
' ဒါက ဘာမှခိုင်လုံတဲ့အခချက်မဟုတ်ပါဘူ၊ သူတို့က အလွန်အရေးကြီးတဲ့ ငွေကြေးကိစ္စတွေ ဆွေးနွေးကြ တာဖြစ်မယ် '
' ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး၊ ဒါပေမဲ့ သူတို့တွေ့တဲ့နေရာက လာဆယ်လီလမ်းထဲက တည်းခို ရိပ်သာကလေးတစ်ခုမှာ '
အယ်နီက ဘာမှဝင်မပြောတော့ဘဲ ဆက်၍သာ နားထောင်နေလိုက်သည်။
' နှစ်ကြိမ်စလုံးမှာ သူတို့နှစ်ယောက် ရိပ်သာထဲကို လက်ဆွဲပြီး ၀င်လာကြတယ်၊ စကားတွေ တိုးတိုးပြောပြီး ရယ်လို့ မောလို့ပဲ၊ သူတို့ ၀င်လာတဲ့ဓာတ်ပုံနဲ့ ထွက်သွားတဲ့ ဓာတ်ပုံတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်'
' အဲဒါတွေ ဆုတ်ပစ်လိုက်စမ်းပါ '
စုံထောက်ကြီးက ဆက်ပြောသည်။
' ဒါကတော့ ခင်ဗျားသဘောအတိုင်းပဲ၊ လုပ်ချင်သလို လုပ်နိုင်ပါတယ်၊ အဲဒါထက် ဆိုးတာတွေ ရှိပါသေးတယ်၊ နောက်ထပ် သိရတာက မစ္စတာအော့စဘွန်းဟာ ဟားဗတ်တက္ကသိုလ်ကိုလည်း တစ်ခါမှ မရောက်ဖူးဘူး၊ အမေရိကန်တပ်မတော်ထဲလည်း တစ်ခါမှ မ၀င်ဖူးဘူး၊ ဟားဗတ်တက္ကသိုလ်မှာ ဟင်နရီ အော့စဘွန်းဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်တော့ ရှိခဲ့ဖူးပါတယ်၊ သူက အရပ် ၅ ပေ ၅ လက်မ၊ ဆံပင်ရွှေရောင် နဲ့၊ အလာဘားမားပြည်နယ်ဇာတိ၊ ၁၉၁၇ ခုနှစ်က မိန်းပြည်နယ်မှာ သေဆုံးသွယ်တယ်၊ ပြီးတော့ ခင်ဗျား ယောက်ျားဟာ သူပြောတဲ့အသက်ထက် ငယ်သေးတယ်ဆိုတာလည်း သိရတယ်၊ သူနာမည်ရင်းက ဗစ်တိုရီယိုတိုဂနာတဲ့ သူဟာ ... '
' တော်ပါတော့ ... တော်ပါတော့၊ ကျွန်မ နောက်ထပ် ဘာမှမကြားချင်တော့ဘူး' အယ်နီ၏ မျက်နှာပြင်တွင် မျက်ရည် တွေ စီးကျလာသည်။
' ကောင်းပါပြီ မစ္စက်အော့စဘွန်း၊ ကျွန်တော် သဘောပေါက်ပါတယ်၊ အခုလို ဖြစ်ရတာ ကျွန်တော်လည်း အများကြီး စိတ်မကောင်းပါဘူး၊ ကျွန်တော့်အလုပ်ကိုလည်း ... '
' ကျေးဇူး တင်ပါတယ် မစ္စတာရီကာဒို၊ အခုလို ကူညီတာ အများကြီးကျေးဇူးတင်ပါတယ်၊ ဒီအတွက် ကျွန်မ ဘယ်လောက်ပေးရပါမလဲ ... '
' အလျင် နှစ်ပတ်စာအတွက် ကြိုတင်ပေးထားပြီးပါပြီ၊ နောက်ထပ် ကုန်ကျငွေ က ၇၃ ဒေါ်လာပါ '
အယ်နီက ပိုက်ဆံအိတ်ထဲမှ ဒေါ်လာ တစ်ရာတန်တစ်ရွက် ထုတ်ပေးလိုက်ပြီးနောက် ထိုင်ရာမှ ထလိုက်သည်။
' ပိုငွေ ပြန်ယူသွားပါဦး မစ္စက်အော့စဘွန်း '
အယ်နီက ခေါင်းကိုယမ်းပြီး လက်ကို ခါပြလိုက်သည်။
' ဒါနဲ့ ... နေလို့မှကောင်းရဲ့လား မစ္စက်အော့စဘွန်း၊ ခင်ဗျား မျက်နှာကြည့်ရတာ ဖြူရော်ရော်ကြီးနဲ့ မောနေသလိုပဲ၊ ရေတစ်ခွက်လောက် သောက်လိုက်ပါလား '
' နေပါစေရှင်၊ ကျွန်မ ဘာမှမဖြစ်ပါဘူး၊ ကျေးဇူးတင်ပါတယ် '
' ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် ကားကောင်းပြီး လိုက်ပို့ပါရစေလား '
' ရပါတယ်၊ ကိစ္စမရှိပါဘူး၊ ကျွန်မ သွားနိုင်ပါတယ် '
စုံထောက် ရီကာဒိုက အခန်းတံခါးကို အသာကလေး ပြန်ပိတ်လိုက်သည်။ ပြီးတော့ ပြူတင်းပေါက်သို့လျှောက်လာသည်။ သူ့ပါးစပ်မှ ဆေးပြင်းလိပ်တို့ကို ပြူတင်းပေါက်မှ မှုတ်ထုတ်လိုက်ပြီး တော့ သူ့အလုပ်ကို ကျိန်ဆဲလိုက်သည်။
*
အန်နီးသည် လက်ရန်းတန်းကိုကိုင်ကာ လှေကားထိပ်တွင် ခေတ္တရပ်လိုက်သည်။ သူမတစ်ကိုယ် လုံးအား အင် မရှိတော့သလို ခွေးနုံးနေသည်။  စိတ်ကိုလျော့လိုက်လျှင် လဲကျသွားတော့မလားဟု ထင်ရသည်။ ဗိုက်ထဲ က ကလေးကလည်း တော်တော်လှုပ်လာသည်။ အန်ချင်သလိုလို၊ အော့ချင် သလိုလို၊ ဖြစ်လာ သည်။
    စိတ်ကိုတင်းပြီး တစ်ထစ်ချင်းဖြည်းဖြည်းဆင်းလာသည်။ လမ်းထိပ်ရောက်တော့ အငှား ကားတစ်စီးကို လက်ပြလိုက်သည်။
    ကားနောက်ခန်းတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ဘာကိုမှ မစဉ်းစားချင်တော့၊ တစ်လမ်းလုံး ရှိုက်၍သာ အသံတိတ်ငိုလာခဲသည် ။
    အိမ်ကိုရောက်တော့ ခုတင်ပေါ် ပစ်လှဲလိုက်ပြီး အားရပါးရ ငိုချင်လိုက်တော့သည်။
    ချုတင်ဘေးမှ တယ်လီဖုန်းမြည်သံ ပေါ်ထွက်လာသည်။ တယ်လီဖုန်းကို လှမ်းကိုင်လိုက် သည်။
    ကျေးဇူးပြုပြီး မစ္စက်ကိန်းနဲ့ပြောပါရစေ။
    အလန်၏ အသံမှန်း ချက်ချင်းသိလိုက်သည်။ နွမ်းလျခွေနုံးသောအသံ။
ဟဲလို ……… အလန်းပါလား၊ ကျွန်မအယ်နီပါ
အယ်နီ…… ဘယ်လိုမှတော့ မဖြစ်ပါနဲ့၊ ဒီနေ့မနက် သတင်းကတော့  စိတ်မကောင်းစရာပဲ
အဲဒါ အန်ကယ် ဘယ်လိုလုပ်သိလဲ၊ ဘယ်လိုလုပ်ပြီး အတိအကျ ပြောနိုင်တာလဲ၊  အန်ကယ်ကိုဘယ်သူပြောတာလဲ
စည်ပင်သာယာအဖွဲ့က ငါ့ဆီကိုဖုန်းဆက်တယ်၊ ၁၀နာရီထိုးပြီး မကြာခင်မှပဲ ငါမင်းဆီ ဆက်တာ အကြိမ်ပေါင်း မနည်းတော့ဘူး၊ အိမ်ဖော်က မင်းဈေးသွာတယ်လို့ ပြန်ပြောတယ်
' အို ... ဘုရား ... ဘုရား ...၊ ကျွန်မ ကန်ထရိုက်အကြောင်း လုံးဝတောင် သတိမရခဲ့ပါလား '
သူမသည် ခုတင်ပေါ်မှဆင်းပြီး ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။
' ဒါနဲ့ ... မင်း နေကောင်းရဲ့လား အယ်နီ '
' ဟုတ်ကဲ့၊ ကောင်းပါတယ်' သူမက ရှိုက်သံကို တစ်ဖက်မှ မကြားစေအောင် အားတင်းပြီး ထိန်းထားရင်း ' စည်ပင်သာယာအဖွဲ့က ဘယ်လိုပြောသလဲ အလန် '
' ဆေးရုံထရိုက်ကို ကက်ဘရိုက်နှင့် ကာတာကုမ္ပဏီက ရသွားတယ်လို့ ပြောတယ်၊ ဟင်နရီက ထိပ်ဆုံး သုံးဦးစာရင်းမှာတောင် မပါဘူးတဲ့၊ ဒီနေ့ တစ်မနက်လုံး သူ့ဆီဖုန်းဆက်တာ သူ့ရုံးခန်းမှာ မရှိဘူး၊ ၁၀ နာရီ ကတည်းက ထွက်သွားတာ လုံးဝ ပြန်မလာသေးဘူးတဲ့၊ သူ ဘယ်မှာ ရှိမယ်ဆိုတာ မင်းလည်း သိမှာ မဟုတ်ပါဘူး '
' ဟင့်အင်း ... ကျွန်မ မသိပါဘူး '
' ဒါနဲ့ ငါ မင်းဆီလာခဲ့ရမလား၊ ငါ မိနစ်ပိုင်းအတွင်း ရောက်လာမှာပါ '
' နေပါစေ ... အလန်၊ မလာပါနဲ့ ကျေးဇူးတင်ပါတယ် ' အယ်နီက အသက်ကို ၀အောင်ရှူလိုက်သည်။ ' တစ်နေ့တုန်းက အန်ကယ့်ကို ကျွန်မ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာ သည်းခံပါ အလန်၊ ရစ်ချက်သာ အသက် ထင်ရှားရှိမယ်ဆိုရင် ကျွန်မအပေါ် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်တော့ပါဘူး '
' မဟုတ်တာတွေ ပြောမနေစမ်းပါနဲ့ အယ်နီရယ်၊ တို့ဟာ အကြာကြီး ပေါင်းလာကြတဲ့ မိတ်ဆွေရင်းတွေပါ၊ ဒီပြဿနာလောက်ကတော့ ဘာမမဆန်းပါဘူး '
အလန်၏ အသံတွင် တကယ့်ကရုဏာသံ ပါနေသည်။ အယ်နီ၏ မျက်လုံးအစုံမှ မျက်ရည်တွေ တရဟော စီးကျလာသည်။ သူမသည် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်သည်။
' အလန် ... ကျွန်မကို ခွင့်ပြုပါဦး၊ အိမ်ရှေ့က လူခေါ်ခေါင်းလောင်းတီးသံကြားတယ်၊ ဟင်နရီလား မသိဘူး၊ ကျွန်မ သွားကြည့်လိုက်ဦးမယ် '
' ကိုယ့်ကိုယ်ကိုယ်လည်း သတိထားပါဦး အယ်နီ၊ ဒီနေ့ ဒီကိစ္စတွေ လုံးဝမစဉ်းစားပါနဲ့တော့၊ အားလုံးမေ့ပစ်လိုက်ပါ၊ ငါ ဘဏ်ဥက္ကဋ္ဌ ဖြစ်နေသမျှတော့ မင်းဘက်က အမြဲတမ်း ရပ်တည်နေမှာပဲ၊ ဘာကိစ္စဖြစ်ဖြစ် အကူအညီလိုရင် ငါ့ဆီ ချက်ချင်း ဖုန်းဆက်ဖို့ မမေ့ပါနဲ့ '
အယ်နီက တယ်လီဖုန်း ပြန်ချလိုက်သည်။ တယ်လီဖုန်းနှင့် ပုခတ်ထိသံသည် အယ်နီ၏နားထဲသို့ စူးဝင်သွားသည်။
သူမသည် အားပြုပြီး အသက်ရှူနေရသည်။ ထိုခဏတွင် ဗိုက်ထဲမှ မခံမရပ်နိုင်အောင် နာလာပြီး ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။
ခဏအကြာတွင် အိမ်ဖော်က အခန်းတံခါးကို သာသာကလေး လာခေါက်သည်။
အိမ်ဖော်နောက်တွင် ၀ီလျံရပ်နေသည်။ ၀ီလျံသည် သူ့မေမေ အော့စဘွန်းနှင့် လက်ထပ်ပြီးကတည်းက သည်အခန်းထဲသို့ ဘယ်တော့မှ မ၀င်တော့။
ဝီလျံနှင့် အိမ်ဖော်တို့က အယ်နီအနီးသို့ ပြေးသွားပြီး ပွေ့ဖက်ထားလိုက်ကြသည်။
အယ်နီသည် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေသည်။ ၀ီလျံနှင့် အိမ်ဖော်တို့အား သတိရဟန်မတူ။ သူမ၏ ပါးစပ်ထောင့်တွင် အမြှုပ်တွေ ထွက်နေသည်။ ခဏကြာတော့ ငြိမ်ကျသွားသည်။ သူမက တိုးတိုးသာသာ ညည်းသည်။
' မေမေ ... မေမေ ... ဘယ်လိုဖြစ်တာလဲ ... ဟင် '
ဝီလျံ မျက်ကလူးဆံပျာ မေးလိုက်သည်။
အယ်နီက မျက်လုံးကို အသာဖွင့်ကာ သားမျက်နှာကို ကြောင်ကြောင်ကြီး ကြည့်နေသည်။
' ဟင် ... ရစ်ချက်၊ ရှင်လာတာ ၀မ်းသာလိုက်တာ၊ ရှင့်ကို ကျွန်မ သိပ်အောက်မေ့တာပဲ '
' မေမေ ... သားပါ မေမေ၊ ၀ီလျံက ... မေမေ့သား ၀ီလျံလေ ... မေမေ '
' ကျွန်မမှာ အားတွေ မရှိတော့ဘူး ... ရစ်ချက်၊ ကျွန်မ အားပြတ်နေပြီ၊ ကျွန်မမှားခဲ့မိတာတွေ ခွင့်လွှတ်ပါ ... နော်၊ ခွင့်လွှတ်ပါ၊ အမယ်လေး ... သေရပါတော့မယ် ရစ်ချက်ရယ် '
ဗိုက်ထဲမှ လှိုက်ခနဲဖြစ်သွားပြီး တအားအော်ညည်းလိုက်သည်။
' ဘာဖြစ်တာလဲ မေမေ၊ ဘယ်လို ခံစားရသလဲဟင် '
' ကျွန်မတော့ ကလေးမွေးချင်လို့ ထင်တာပဲ၊ လိုတာတော့ ရှစ်ပတ်တောင် လိုသေးတယ် ' အိမ်ဖော်က ၀င်ပြောသည်။
' ဒါဖြင့် ဒေါက်တာ မက်ကင်ဇီဆီကို အမြန်ဖုန်းဆက်ပါ '
ဝီလျံက ပြောပြောဆိုဆို တံခါးဝသို့ ပြေးသွားပြီး ...
' မက်သယူး ... မက်သယူး၊ မြန်မြန် တက်လာခဲ့စမ်းပါ ' ဟု အောက်ထပ်သို့ လှမ်းခေါ်လိုက်သည်။
' မေမေ့ကို ကားပေါ်သယ်ချကြရအောင်၊ လုပ်ပါဦး '
ထို့နောက် နှစ်ယောက်သား အယ်နီကို ပွေ့ချီကာ လှေကားမှ ဖြည်းဖြည်းဆင်း၍ ကားပေါ်သို့ တင်လိုက်က သည်။ အယ်နီက ကားနောက်ခန်းတွင် ခွေခွေကလေးလှဲကာ တအီးအီး တအင်အင်နှင့် အော်ညည်းနေသည်။
' မင်းဒီမှာစောင့်နေလိုက်၊ ငါ ဟိုပြေးလိုက်ဦးမယ် '
ဝီလျံသည် အိမ်ထဲသို့ ပြန်ပြေးလာပြီး အိမ်ဖော်လက်မှ တယ်လီဖုန်းကို လှမ်းယူလိုက်သည်။
' ဒေါက်တာ မက်ကင်ဇီပါလား '
' ဟုတ်ပါတယ် ၊ ဘယ်သူပါလိမ့် '
' ကျွန်တော့်နာမည် ၀ီလျံကိန်းပါ၊ ဒေါက်တာ ကျွန်တော့်ကို မမှတ်မိတော့ဘူး ထင်ပါတယ် '
' ဘယ်နှယ် မမှတ်မိရမှာလဲ ကလေးရ၊ မင်းကို ငါကိုယ်တိုင် မွေးထုတ်ပေးခဲ့တာပဲဟာ၊ ဒါနဲ့ ကိစ္စက ဘာလဲ၊ ငါ ဘာလုပ်ပေးရမှာလဲ '
' ကျွန်တော့်မေမေ ကလေးမီးဖွားတော့မယ် ထင်ပါတယ် ဒေါက်တာ၊ အဲဒါ ဆေးရုံကို ကျွန်တော် အခုချက်ချင်း ခေါ်လာခဲ့ပါ့မယ်၊ မကြာခင် ရောက်လာမှာပါ '
' ကောင်းပြီလေ၊ ခေါ်သာခေါ်လာခဲ့ပါ၊ ဘာမှ မစိုးရိမ်ပါနဲ့၊ ငါ ဒီက အဆင်သင့် စောင့်နေမယ်၊ လိုအပ်တာတွေလည်း အဆင်သင့် လုပ်ထားမယ် '
' ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ မေမေ ရုတ်တရက် မိုက်ခနဲဖြစ်ပြီး လဲသွားပုံရတယ် ဒေါက်တာ၊ အဲဒါ ရိုးရိုး ဟုတ်ပါရဲ့ လားခင်ဗျာ '
ဝီလျံ၏ စကားကြေင့် ဒေါက်တာ မျက်လုံးပြူးသွားသည်။ ခဏမျှ တုံ့ဆိုင်းဆိုင်းဖြစ်နေပြီးတော့မှ ...
' ဟုတ်တယ်၊ အဲဒါ ရိုးရိုးမဟုတ်ဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကလေးမွေးပြီးရင် ကောင်းသွားမှာပါ၊ ကဲ ... ဒီတော့ အမြန်ဆုံးသာ ခေါ်လာခဲ့ပေတော့ '
ဝီလျံသည် ဖုန်းကို ပြန်ချကာ အိမ်ထဲမှ ပြေးထွက်ခဲ့ပြီး ရိုးလ်ရွိုက်ကားထဲ ကမန်းကတန်း ၀င်ထိုင်လိုက်သည်။
ထို့နောက် လီဗာကို တအားဆောင့်နင်းပြီး စက်ကုန်ဖွင့်၍ မောင်းထွက်လာခဲ့သည်။ ဆေးရုံ ရောက်သည် အထိ ဘယ်မီးပွိုင့် တွင်မှ မရပ်ခဲ့တော့။
ဝီလျံနှင့် မက်သယူးတို့နှစ်ယောက် အယ်နီကို ကားပေါ်မှပွေ့ပြီး သယ်ချကြသည်။ သူနာပြု ဆရာမ တစ်ယောက် က တွန်းခုတင်နှင့် အသင့်စောင့်နေသည်။
ဒေါက်တာ မက်ကင်ဇီအား သားဖွားခန်းတံခါးဝတွင် တွေ့ရသည်။
အခန်းတံခါး ပြန်ပိတ်သွားသည်။
ဝီလျံ နှင့် မက်သယူးတို့က အပြင်ဘက်မှ ခုံတန်းကလေးပေါ်တွင် ထိုင်စောင့်နေကြသည်။ သားဖွားခန်းထဲမှ ငိုသံများ၊ အော်ညည်းသံများ သဲ့သဲ့ကြားနေရသည်။
ဝီလျံ၏ ဘ၀တွင်သည်တစ်ကြိမ်သည် မှီခိုရာမရှိသလို ၀မ်းနည်းအားငယ်မိရသော ပထမဆုံး အတွေ့အကြုံ ဖြစ်သည်။
သူတို့နှစ်ယောက် ထိုင်နေသည်မှာ တစ်နာရီကျော်သွားပြီ။ တစ်ယောက်နှင့် တစ်ယောက် တစ်ချိန်လုံး ဘာစကား မှ မပြောကြ။ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေကြသည်။
မကြာမီ တွင် ဒေါက်တာ မက်ကင်ဇီ ပြန်ထွက်လာသည်။ သူ့ရုပ်သွင်က နွမ်းလျနေသည်။
လူငယ်နှစ်ယောက်တို့ ပြိုင်တူလို ထရပ်လိုက်ကြသည်။ ဒေါက်တာက မက်သယူးလက်စတာကို ကြည့်ပြီး ...
' ၀ီလျံဆိုတာလား '
' မဟုတ်ပါဘူး ခင်ဗျာ၊ ကျွန်တော်က သူ့သူငယ်ချင်း မက်သယူးလက်စတာပါ၊ ၀ီလျံက သူပါ '
ဒေါက်တာ က ၀ီလျံဘက်သို့လှည့်က ပခုံးပေါ်သို့ လက်တင်လိုက်သည်။
' ၀ီလျံ ... ငါစိတ်မကောင်းပါဘူးကွယ်၊ မင်းမေမေ ခုတင်ကလေးကပဲ ဆုံးသွားရှာပြီကွယ်၊ ကလေးက မိန်းကလေးပါ၊ အသေမွေးတယ် ' ၀ီလျံ၏ ဆူးဆစ်တွေ ခွေကျသွားပြီး ခုံတန်းကလေးပေါ်သို့ အလို အလျောက် ထိုင်ကျသွားသည်။ ဒေါက်တာက ဆက်ပြောသည်။ ' တို့ကလည်း အစွမ်းကုန် ကြိုးစားပါတယ်၊ ဒါပေမဲ့ ဘယ်လိုမှ မတတ်နိုင်ကြတော့ဘူး ' သူက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ပြီး ' အမှန်က ငါ့စကား နားမထောင်လို့ ဒီလိုဖြစ်ရတာ၊ သူက ကလေးသိပ်လိုချင်နေတာကိုး၊ ကလေးမမွေးရင် ဒီလို မဖြစ်နိုင်ဘူး '
ဝီလျံက ဘာမှပြန်မပြော၊ ရှေ့ကိုသာ ငူငူကြီး စိုက်ကြည့်နေပြီး သစ်ငုတ်ကြီးလို မတုန်မလှုပ်ထိုင်နေသည်။
မေမေဘာဖြစ်လို့ သေရတာလဲ၊ ဘာကြောင့် ဒေါက်တာက မေမေ့အသက်ကို မကယ်နိုင်ရတာလဲ သူက ဒေါက်တာ့ မျက်နှာ မကြည့်ပဲ တိုးတိုးကလေး မေးလိုက်သည်။
စောစော တုန်း က ငါပြောခဲ့ပြီးပြီးပဲ၊ သူကငါ့စကားကို နားမထောင်ဘူး၊ သူကလေးပျက်ကျပြီးတဲ့နောက် ဘယ်တော့မှ နောက်ထပ် ကလေးမမွေးပါနဲတော့လို့ ငါအကြိမ်ကြိမ် သတိပေးခဲ့တယ်၊ ဒါပေမဲ့ သူကနောက်အိမ်ထောင် ထပ်ပြုတော့သူရော သူ့ယောကျာ်းကရော ငါ့စကားကို လုံးဝပေ ယျောကလန် ပြုကြ တယ်၊
သူတို့နှစ်ယောက်စလုံး ကလေးမွေးဖို့ပဲ ဦးစူးမဂ္ဂ ထားနေကြတယ်၊ သူမှာက ရောဂါကင်းတာ မဟုတ်ဘူး၊ ပထမပျက်ကျတဲ့ ကိုယ်ဝန်ကတည်းက သွေးတိုးရောဂါ ၀င်နေတာ၊ အခုဒီကိုယ်ဝန်ရှိလာတော့ သွေးတိုးကတော့ သိပ်မတက်ပါဘူး၊ ဒါပေမဲ့ တစ်နေ့နေ့မှာ မမျှော်လင့်ပဲ တက်လာနိုင်လို့ ငါကသူ့အစား တွေးပူခဲ့ရတယ်၊ ဒီနေ့ ခေါ်လာတဲ့အချိန်မှာတော့ သူ့ရောဂါအခြေအနေက အဆုံးအစွန်ရောက်နေပြီ၊ ဘုရားမှတစ်ပါး ဘယ်သူမှမကယ်နိုင်တော့ဘူး၊ တကယ်တော့ သူဟာသန္ဓေသွေးတက်ရောဂါကြောင့် အခုလိုဖြစ်ရတာပဲ
"သန္ဓေသွေးတက်ရောဂါ"
"ဟုတ်တယ်၊ ကိုယ်ဝန်ရှိစဉ် သွေးတက်တဲ့ရောဂါ၊ တစ်ခါတလေ သွေးတက်ပြီး အသက်ရှု ရပ်သွားတတ်တယ်"
ဝီလျံက အသက်တစ်ချက်ရှိုက်ရှူလိုက်ပြီး မျက်နှာကို လက်ဝါးနှစ်ဖက်နှင့် အုပ်ထားလိုက်သည်။
မက်သယူးက သူ့မိတ်ဆွေအား ပခုံးကို အသာပွေ့ဖက်၍ စင်္ကြံဆောင်အတိုင်း ခေါ်လာခဲ့သည်။ ဒေါက်တာ သူတို့နောက်မှ လိုက်လာသည်။ တံခါးဝရောက်တော့ ဒေါက်တာက ၀ီလျံကိုကြည့်ပြီး ပြောသည်။
"သူ့သွေးတိုး ဒီဂရီက ချက်ချင်းတက်သွားတယ်၊ ဆန်းတော့ အလွန်ဆန်းတာပဲ၊ အဲဒီလိုမဖြစ်ခင် ကလေးမှာ ကြီးကြီး ကျယ်ကျယ် စိတ်ညစ်စရာတစ်ခုခုများ ကြုံရသလား"
ဝီလျံက မျက်ရည်တွေ ရွှဲနေသောမျက်နှာကို မော်ကြည့်ပြီး နာကျည်းစွာဖြင့် ပြောလိုက်သည်။
မေမေဆုံးရတာ ဒေါက်တာပြောတဲ့ တစ်ခုခုကြောင့် မဟုတ်ဘူး၊ တကယ်တော့ မေမေဆုံးရတာ တစ်ယောက် ယောက်ကြောင့် တစ်ယောက်ယောက်ကြောင့်
ဝီလျံနှင့် မက်သယူးတို့ အိမ်သို့ပြန်ရောက်သောအခါ အလန်လွိုင်အား ဧည့်ခန်းတွင် ထိုင်နေသည် ကိုမြင်ရတော့ အလန်ကထိုင်ရာမှ ထလိုက်သည်။
ဝီလျံ၊ ငွေကိုထုတ်ချေးလိုက်မိတာ ငါ့ကိုယ်ငါ အပြစ်တင်လို့ မဆုံးတော့ဘူး သူကကမန်း ကတန်းနှင့် မြန်မြန်ပြောလိုက်သည်။
ဝီလျံက သူ့စကားဘာမှနားမလည်သလို တွေတွေကြီး စိုက်ကြည့်နေသည်။
မက်သယူး က ရှေ့သို့တိုးလာပြီး ၀င်ပြောလိုက်သည်။
"အဲဒီကိစ္စက ဘာမှာမအရေးမကြီးပါဘူး ခင်ဗျား၊ ၀ီလျံရဲ့အမေဟာ ကလေးမီးဖွားလို့ ခုနကပဲဆုံး သွားပါပြီ"
အလန်၏ မျက်နှာ တစ်ပြင်လုံးသွေးမရှိတော့သလို ဖြူရော်သွားသည်။ သူသည်မီးခင်းဖိုစောင်းကို လှမ်းကိုင် ကာ အားတင်းထားလိုက်ရသည်။ ပြီးတော့မျက်နှာကို အောက်စိုက်က တဟီးဟီးနှင့် ငိုလေတော့သည်။ အရွယ် ရောက်ပြီးသော လူကြီးတစ်ယောက် ငိုသည်ကို လူငယ်နှစ်ယောက် ဤတစ်ကြိမ်သာ မြင်ဖူး သေးသည်။
"ငါ့ကြောင့် ဒီလိုဖြစ်ရတာ၊ ငါ့ကိုယ်ငါဘယ်တော့မှ ခွင့်မလွှတ်နိုင်တော့ဘူး၊ ငါသိသမျှ အားလုံးကို ငါက သူ့ကို ပြောမပြခဲ့ဘူး ငါဟာသူ့ကို အများကြီးချစ်ပါတယ်၊ သူစိတ်ဆင်းရဲမယ့် ကိစ္စဆိုရင် ငါဘယ်တော့မှ မလုပ်ချင်ဘူး"
အလန် က ငိုကြီးချက်မနှင့်ပြောနေသည်။
အလန်၏ ငိုသံကြောင့် ၀ီလျံမှာ ငြိမ်နေ၍ မရတော့
'မငိုပါနဲ့အဘ၊ တကယ်တော့ ဒီကိစ္စဟာ အဘအပြစ်ကြောင့် ဖြစ်ရတာမဟုတ်ပါဘူး၊ အဘဟာ ကျွန်တော် တို့ အားလုံးအတွက် အစွမ်းကုန် ကူညီခဲ့တာ ကျွန်တော်သိပါတယ်၊ အဲဒီတော့ပြီခဲ့တာတွေ မေ့ထားလိုက်ပြီး အဘက ကျွန်တော့်ကို ဆက်ပြီး ကူညီပါဦး'
ဝီလျံ၏အသံက တည်ငြိသည်။ လူကြီးဆန်သည်။
အလန်က စိတ်ကိုတင်းကာ ကိုယ်ကို မတ်မတ်ပြန်ရပ်လိုက်သည်။
'အယ်နီဆုံးတာ အော့စဘွန်း သိပြီးပြီလား'
"ကျွန်တော် ဘာမှမသိဘူး၊ သိလည်းမသိချင်ဘူး"
ဒီနေ့တစ်မနက်လုံး သူ့ဆီငါဖုန်းဆက်တယ်၊ သူဆယ်နာရီထိုးပြီးကတည်းက အပြင်ထွက်သွား သတဲ့ အဲဒီ ကတည်းက ရုံးခန်းကို လုံးဝပြန်မလာတော့ဘူး
"ဒါပေမဲ့ မပူပါနဲ့၊ ဒီလူအနှေးနဲကအမြန်တော့ ဒီကိုပြန်လာရမှာပါ"
အလန်းလွိုက် ၀မ်းနည်းစကားပြောပြီး ပြန်သွားသည်။ ၀ီလျံနှင့် မက်သယူးတို့ နှစ်ယောက်သည် ဧည့်ခန်းတွင် တစ်ညလုံးထိုင်ပြီး ငိုက်နေကြသည်။
နံရံပေါ်မှ တိုင်ကပ်နာရီကြီးက လေးချက်တိတိ မြည်သည်။ ဆက်တိုက်လိုပင် အိမ်ရှေ့လမ်းပေါ်မှ လူသံ လိုလိုကြားလိုက်သည်။
မက်သယူးက ပြတင်းပေါက်နား လျှောက်သွားပြီး အိမ်ရှေ့ဆင်ဝင် ကားလမ်းပေါ်သို့ ငေးကြည့်နေ သည်။ ၀ီလျံက မထချင်ထချင် ထပြီးခြေလှမ်းလေးလေးဖြင့် မက်သယူးဘေးတွင် သွားရပ်သည်။
ဟင်နရီအော့စဘွန်း ကို နှစ်ယောက်စလုံး ပြိုင်တူလိုလို လှမ်းမြင်လိုက်ကြရသည်။ အော့စဘွန်း သည် အရက် မူးလွန်ကာ ဒယီးဒယိုင်နှင့် သိုင်းကွက်နင်း၍ လျှောက်လာသည်။ လက်ထဲတွင်လည်း အရက် တစ်ဝက် ကျန်နေသေးသော ပုလင်းကြီးကို ကိုင်လို့။
အိမ်တံခါးဝမှ သော့ဖွင့်သံကြားရသည်။ အတန်ကြာမှ တံခါးပွင့်သည်။ တံခါးဝတွင် အော့စဘွန်း ရပ်နေသည်။ သူက လူငယ်နှစ်ယောက်ကို အမူးသမားမျကလုံးဖြင့် စောင့်ကြည့်နေသည်။
'ဟေ့ကေင်တွေ မင်းတို့ဘာလုပ်ကြတာလဲ၊ မင်းတို့ကျောင်းမတက်ကြဘူးလား၊ ငါမင်းတို့ကို မလိုချင်ဘူး၊ အယ်နီ ကိုပဲ လိုချင်တယ်၊ ဘယ်မှာလဲ အယ်နီ၊ အယ်နီဘယ်မှာလဲ'
သူက ၀ီလျံအနားသို့ ကပ်လာပြီး လျှာလေးသံကြီးနှင့် မေးလိုက်သည်။
'မေမေမရှိတော့ဘူးဗျ၊ မေမေသေသွားပြီး'
ဝီလျံက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
ဟင်နရီ သည် အတန်ကြာသည်အထိ ၀ီလျံ၏မျက်နှာကို ကြောင်၍ကြည့်နေသည်။ ၀ီလျံက စိတ်ကို ထိန်းကာ ပြန်၍အော်မေးလိုက်သည်။
'ခင်ဗျားက ဘယ်သွားနေတာလဲ၊ ကိုယ့်မိန်းမ အရင်းခေါက်ခေါက်ကြီး တစ်ယောက် သေသွားတဲ့ အချိန်မှာ ခင်ဗျားက ဘယ်သွားပြီ အလေဏတော လိုက်နေရတာလဲ၊ ပြောစမ်းပါဦး'
ဟင်နရီက ယိုင်တိယိုင်တိုင် ရပ်နေရင်းက ပြန်မေးသည်။
'အဲဒီတော့ ကလေးကရော'
'ကလေးက သေသွားပြီ၊ အသေမွေးတယ်၊ မိန်းကလေး'
ဟင်နရီသည် ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ သူ့မျက်လုံးအစုံမှ မျက်ရည်တွေ စီးဆင်း လာကြသည်။
'ဒီလိုဆိုရင် ငါ့ရင်သွေးလေး သေသွားရှာပြီပေါ့'
ဟင်နရီ၏ စကားကြောင့် ၀ီလျံမှာ အသားတွေ တဆတ်ဆတ် တုန်လာသည် အထိထောင်းခနဲ ဒေါသ ထွက်သွား မိသည်။
'ဟင်........ခင်ဗျား ရင်းသွေးလေးတဲ့လား၊ ဒီမယ်........ကျွန်တော်ပြောမယ်၊ ဒီအချိန်ကစပြီး ခင်ဗျားကို ခင်ဗျား အလကားကောင်ဖြစ်သွားပြီလို့သာ မှတ်ပေတော့ သိလား၊ ဒေါက်တာ မက်ကင်ဇီက မေမေ့ကို ကလေး မမွေး ပါနဲ့တော့လို့ အကြိမ်ကြိမ်ပြောခဲ့တယ်၊ အဲဒါကိုခင်ဗျားသိ တယ်၊ ခင်ဗျားက အဲဒါကို သိလျက်သား နဲ့ မေမေ့ကိုမတားခဲ့ဘူး၊ ခင်ဗျားကြောင့် မေမေသေရတာ၊ ခင်ဗျားကြောင့် သေရတာ'
'ဟေ့ကောင်........ မင်း သောက်လုပ်မဟုတ်ဘူးကွ၊ မင်းနဲ့ဘာမှမဆိုင်ဘူး၊ ငါနဲ့ငါ့မိန်းမကိစ္စမှာ မင်းဘာမှ ၀င်စွက်စရာမလိုဘူး'
'ခင်ဗျား ဆိုလိုတာ မေမေ့ပိုက်ဆံတွေကိစ္စမှာလည်း ဘာမှဝင်စွက်စရာမလိုဘူးလို့ ဆိုလိုတာလား'
'ဘာ...........ပိုက်ဆံဟုတ်လား၊ ခွေးမသားလေး၊ မင်းကမင်းပိုက်ဆံတွေ ကုန်သွားမှာ ကြောက်နေတယ် ပေါ့လေ'
'ဟေ့လူ ခင်ဗျား ဘာမှပြောမနေနဲ့တော့၊ ပါစပ်ပိတ်လိုက်၊ ကဲ...........ထမ်း'
ဝီလျံ က ဟင်နရီအား ထိုးတော့ကြိတ်တော့မည့်ဟန်ဖြင့် အံကြိတ်ပြီး အော်ပြောလိုက် သည်။
ဟင်နရီ က ရုတ်တရက် ထရပ်လိုက်ပြီး အရက်ပုလင်းကို ကုလားထိုင်လက်တန်းတွင် တအားရိုက်ခွဲ လိုက်သည်။ ကြမ်းပြင်ပေါ်တွင် အရက်တွေဖိတ်စဉ် ပျံ့နှံ့သွားသည်။ ထို့နောက် ပုလင်းကျိုးကို ကိုင်မြောက် ပြီး ၀ီလျံဆီကို ကယိုင်းကပါးနဲက တိုးလာသည်။ ၀ီလျံက နောက်သို့လုံဝမဆုတ်ဘဲ နေရာတွင်ပင် မတ်မတ်ကြီး ရပ်နေသည်။ ထိုအချိန်တွင် မက်သယူးက သတို့နှစ်ယောက်ကြား သို့ရုတ်တရက်ပြေးဝင်ပြီး ဟင်နရီ၏ လက်မှ အရက်ပုလင်းကို ဆတ်ခနဲလုယူလိုက်သည်။
ဝီလျံက မက်သယူအား လက်ဖြင့် ဘေးသို့တွန်းဖယ်ပစ်လိုက်ပြီး ဟင်နရီရှေ့သို့ တိုးလာသည်။ သူတို့ နှစ်ယောက်သည် မျက်နှာချင်းထိလုမတက် ရပ်ကာ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်နေသည်။
'ဟေ့လူ......ဒီမယ်၊ ကျုပ်မျက်နှာ သေသေချာချာကြည့်စမ်း၊ ပြီးတော့ကျူပ်ပြောတကို သေသေချာချာ နားထောင်၊ ခင်ဗျားနောက်တစ်နာရီအတွင်းမှာ ဒီအိမ်က ချက်ချင်းထွက်သွားပါ၊ ဒီအချိန်ကစပြီး နောက်ထပ် ခင်ဗျားနဲ့ ပတ်သက်လို့ တစ်ခုခုကြားရရင်တော့ ခင်ဗျားမလွယ် ဘူးသာမှတ်ပေတော့၊ ကျူပ် စကား နားမထောင်ရင် ကျူပ်မေမေ ပိုက်ဆံငါးသိန်းကို ခင်ဗျားအလွဲ သုံးစားလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျူပ် က တရားရုံးမှာ အမှုဖွင့်မယ်၊
 ပြီးတော့ ရှီကာဂိုမှာ ခင်ဗျားနာမည်လိမ်နဲ့ ဗရုတ်ကျခဲ့တာတွေကို အကုန်လုံးဖွင့်ချပစ်လိုက်မယ်၊ အဲဒီတော့ ဒီအချိန်က စပြီး ကျူပ်ပြောတဲ့အတိုင်း လုပ်ရင်လုပ်၊ မလုပ်ရင်တော့ ခင်ဗျားတစ်ဘ၀လုံး လူဖြစ်ရှုါံ် ပြီသာ မှတ်ပေတော့၊ ကဲ.........ကိုယ့်လူကြာကြာရင် ခင်ဗျားကို ကျူပ်မိလိမ့်မယ်၊ မြန်မြန်သာကြွ ပေတော့၊ ဒါ နောက်ဆုံး စကားပဲ'
ဟင်နရီသည် ယောကျာင်္ကြီးတန်မဲ့ တရှုပ်ရှုပ်ငိုရှိုက်ရင်းဖြင့် အခန်းထဲမှ သိုင်းကွက်နင်းပြီး ပြန်ထွက် သွားလေ တော့သည်။
နောက်တစ်နေ့မနက်တွင် ၀ီလျံသည် ဘဏ်တိုက်သို့  လာခဲ့သည်။ ချက်ချင်းပင် တံခါးစောင့်က သူ့အား ဘဏ်ဥက္ကဋ္ဌ ရုံးခန်းသို့ ခေါ်လာခဲ့သည်။ ရုံးခန်းထဲသို့ ၀ီလျံဝင်သွားချိန်တွင် ဘဏ်ဥက္ကဋ္ဌ အလန်လွိုက်သည် စာရွက် တစ်ရွက်ကို ကမ်းပေးသည်။ ထိုစာမှာ ဘဏ်ဥက္ကဋ္ဌအဖြစ်မှ သူလုံးဝနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ရေးသားထားသောစာ ဖြစ်သည်။
ဝီလျံက စာရွက်ကို ဖတ်ကြည့်ပြီးနောက် ခပ်တည်တည်ဖြင့် ပြောသည်။
'အတွင်းရေးမှုးရှိရင် ခဏခေါ်ပေးဖို့ ဖြစ်နိုင်မလား'
'ရပါတယ်'
'အလန်က စာပွဲဘေးမှ ခလုတ်ကိုအသာနှိပ်လိုက်သည်။ မကြာမီတွင်ပင် အသက်လေးဆယ်ခန့် အရွယ်အမျိုးသမီးတစ်ယောက် ဘေးတံခါးကိုဖွင့်ပြီး ၀င်လာသည်။'
'မင်္ဂလာနံနက်ပါ မစ္စတာကိန်းရဲ့ အမေအကြောင်းကို သိရလို့ ကျွန်မအများကြီး စိတ်မကောင်ပါ ဘူး'
'ဟုတ်ကဲ့........ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ဒါနဲ့ဒီစာကို အခြားဘယ်သူတွေ သိပြီးပြီလဲ'
'ဘယ်သူမှ မသိသေးပါဘူး၊ အခုပဲကျွန်မ ကော်ပီဆယ့်နှစ်စောင် ကူးမလို့လုပ်နေတာ၊ အဲဒါပြီးမှ မစ္စတာလွိုက် လက်မှတ်ထိုးပြီး သက်ဆိုင်ရာတွေကို ပို့မလို့ပါ'
'ဟုတ်ပြီ............ဒီစာကို ကော်ပီကူးမနေနဲကတော့၊ ဒီအကြောင်းကို လုံးဝမေ့ပစ်လိုက်တော့၊ နောက်ပြီး ဒီအကြောင်း ကို ဘယ်သူ့ကိုမှလည်း မပြောပါနဲ့၊ ကျွန်တော်ပြောတာ သဘောပေါက်ရဲ့ လား'
အတွင်းရေးမှုး စာရေးမက ၀ီလျံ၏မျက်နှာကို စိုက်ကြည့်နေသည်။ အင်းဒီသူငယ်ကတော့ အသက် တစ်ဆယ့် ခြောက်နှစ်သာ ရှိသေးပေမယ့် သူ့အဖေလိုပဲ တကယ်ပြတ်သားတဲ့ လူငယ်ပါပဲ လားဟု သူမကတွေးလိုက်မိသည်။ ပြီးတော့မှ.............
'ဟုတ်ကဲ့ သဘောပေါက်ပါတယ် မစ္စတာကိန်း'
ယင်းသို့ ပြောပြီးနောက် အတွင်းရေးမှူး စာရေးမသည် အခန်းထဲမှာ ငြိမ်သက်စွာ ပြန်ထွက်သွား သည်။ အလန်လွိုက်က ၀ီလျံ၏မျက်မှာကို မော့်ကြည့်လိုက်သည်။
ဝီလျံက အလန်၏ မျက်နှာကို စေ့စေ့ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောသည်။
'ကျွန်တော် တစ်ခုပြောပါရစေ အလန်၊ အလုလောလောဆယ်အချိန်မှာ ဒီဘက်တိုက်က အလန် နုတ်ထွက် သွားဖို့ မလိုအပ်ပါဘူး၊ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်အဖေ ဘယ်တော့မှ မလုပ်တဲ့အလုပ်မျိုးကို အလန် အနေနဲ့ လုံးဝမလုပ်သင့်ပါဘူး'
'မင်းပြောတာ မှန်တော့ မှန်ပါတယ်ဝီလျံ၊ ဒါပေမဲ့ အပြောလွယ်သလောက် အလုပ်ကမလွယ်ပါ ဘူး'
'လွယ်အောင် လုပ်ရင်လွယ်ပါတယ် အလန်၊ အဲဒီတော့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်အသက် ၂၁နှစ်ပြည့်တော့မှပဲ ဆက်ပြီးဆွေးနွေးကြတော့မယ်၊ အဲဒီကြားကာလမှာ အလန်က ဘဏ်ဥက္ကဋ္ဌ အဖြစ်နဂိုအတိုင်းပဲ ဆက်လက်ပြီး လုပ်သွားစေချင်ပါတယ်၊ အခုလိုဖြစ်ပျက်ခဲ့တာတွေကိုလည်း အပြင် လူတွေ တစ်ယောက်မှ မသိစေချင်ပါဘူး၊ ပြီးတော့ဟင်နရီ အော့စဘွန်းနဲ့ ပတ်သက်လို့ ထောက်လှမ်း ရရိှခဲ့တဲ့ အတင်းအချက်အလက်တွေကိုလည်း အားလုံး ဖျက်ဆီးပစ်လိုက်ပါ။
သူ့အကြောင်းကို ဘာမှစဉ်းစားမနေပါနဲ့တော့၊ ဒီတွင်ပဲ စာရင်းလုံးဝပိတ် ပစ်လိုက်ပါတော့'
ဝီလျံက အလန်၏နုတ်ထွက်စာကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲကာ အနီးရှိ မီးဖိုထဲသို့ ပစ်ထည့် လိုက်သည်။ ထို့နောက် အလန်၏ ပခုံးပေါ်သို့ လက်တင်ကာညင်သာစွာဖြင့် ပြောသည်။
'ကျွန်တော့ကို ကူညီပါအလန်၊ ကျွန်တော်မှာ အားကိုးစရာလူဆိုလို့ အလန်ကလွဲပြီး ဘယ်သူမှ မရှိတော့ ပါဘူး၊ ဒီအချိန်မှာ ကျွန်တော်အနေနဲ့ အလန့်ရဲ့ အကူအညီကို အများကြီးလို အပ်နေပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့် ကို ပစ်မသွာပါနဲ့ အလန်'
ဝီလျံအိမ်သို့ ပြန်ရောက်တော့ အဘွားနှစ်ယောက်က သူ့ကိုဧည့်ခန်းတွင် ထိုင်စောင့်နေကြသည်။ သူ့ကိုမြင်တော့ အဘွားကြီးနှစ်ယောက်စလုံး မတ်တတ်ထရပ်လိုက်ကြသည်။ သူသည်'ကိန်း' မိသားစုကြီး၏ အိမ်ထောင် ဦးစီး ဖြစ်လာခဲ့ပြီဆိုသည်မှာ ထိုအချိန် ထိုခဏတွင်ပင် ၀ီလျံက လေးလေးနက်နက် သဘောပေါက် လိုက်မိသည်။
နောက်နှစ်ရက်အကြာ အယ်နီ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဘီကွန်တောင် ကုန်းရိပ်သာ အိုးလ်ဒ်နော့သ် ဘုရားရှိလိုးကျောင်း ၀င်းအတွင်းရှိ သုဿာန်တွင် မြှပ်နှံသဂြိုလ်သည်။ အသုဘအ ခမ်းအနား သို့ ကျန်ရစ်သူမိသားစုနှင့် ရင်းနှီးသော မိတ်ဆွေ အနည်းငယ်မျှသာ လာရောက်ကြ သည်။ အလောင်း ကို မြှုပ်နှံသဂြိုဟ်ပြီးသောအခါ အသုဘရှုပရိသတ်များသည် ၀ီလျံအားနှုတ်ဆက် ပြီးနောက် အသီးသီး ပြန်သွားကြသည်။
အဘွားကြီးနှစ်ဦးမှာ သက်တော်စောင့်များပမာ မြေးဖြစ်သူ ၏အနီးတွင် ရပ်နေကြသည်။ သူတို့ နှစ်ယောက် က မြေးဖြစ်သူ၏ တည်ငြိမ်အေးဆေး လေးနက်သော အမှုအရာကို ကြည့်ကာစိတ်ထဲမှ ကျိတ်ပြီး အလွန် ကျေနပ် နေကြသည်။ ပရိသတ် အားလုံးပြန်သွားပြီးသောအခါ ၀ီလျံကအလန်လွိုက်အား ကားရပ် ထားသော နေရာအထိ လိုက်ပို့သည်။
ကား မထွက်မီ ၀ီလျံပြောလိုက်သော စကားကိုတော့ အလန်က အလွန်ကျေနပ်မိသည်။
'ဒါနဲ့ အလန်၊ ဖေဖေကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ဆေးရုံသစ်ကြီးမှာ ကလေးဆောင်တစ်ခု တိုးချဲ့ ဆောက်လုပ်ဖို့ ကိစ္စကိုမေမေ ခဏခဏပြောခဲ့ဖူးတာ အလန်လည်းမှတ်မိပါလိမ့်မယ်၊ အဲဒီတော့ မေမေ့ဆန္ဒ ကို ကျွန်တော်အနေနဲ့ အမြန်ဆုံး အကောင်ထည်ဖော်ချင်ပါတယ်'
....................................
အခန်း (၁၂)
ဝီလျံသည် နောက်ဆုံးနှစ်အတွက် ပညာသင်ကြားရန် ၁၉၃၂ခုနှစ်၊ စက်တင်ဘာလတွင် စိန်ပေါ ကျောင်းသို့ ပြန်လာ ခဲ့သည်။ အထက်တန်းကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသည်။ တကယ်တော့ ၀ီလျံသည် သည်ရာထူးကို အတော်ဆုံး အားကစားသမား၊ သို့မဟုတ် ကျောင်းတွင်း၌ လူသိ အများဆုံး သော ကျောင်းသားဟူသော အစဉ်အလာ သတ်မှတ်များဖြင့် ရရှိခဲ့ ခြင်းမဟုတ်။ သူ၏ အရင်းနှီး ဆုံး မိတ်ဆွေ မက်သယူလက်စတာသည် အထက်ပါအရည်အချင်းနှစ်ခု စလုံးနှင့် ပြည့်စုံသဖြင့် ၀ီလျံနှင့် ယှဉ်ပြိုင် အရွေးခံလျှင် မက်သယူးက အနိုင်ရမှာ သေချာသည်။
သို့သော်လည်း မက်သယူးက ၀ီလျံသည် စာအတော်ဆုံး ကျောင်းသားတစ်ယောက်ဖြစ်သည့်အပြင် သူ၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လည်း ဖြစ်နေသည့်အတွက် ယှဉ်ပြိုင်အရွေးမခံဘဲ တမင် ရှောင်ပေး လိုက်သောကြောင့် ၀ီလျံအနေဖြင့် သည်ရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဝီလျံသည် သင်္ချာဘာသာတွင် ထူးချွန်သူဖြစ်သည့်အလျောက် ကျောင်းသားအုပ်ချုပ်ရေးအဖွဲ့က သူ့အား ဟားဗတ် တက္ကသိုလ်သို့ ဆက်တက်နိုင်ရန် ဟယ်မစ်လတန် အထိမ်းအမှတ် သင်္ချာ စကောလား ရှစ်ဆု အတွက် စာရင်းသွင်းပေးလိုက်သည်။ ၀ီလျံကလည်း ယင်းဆုကို မလွတ်တမ်း ရရှိ အောင် နေ့မအား ညမအား အထူးကြိုးစားသည်။
ခရစ်စမတ် ကျောင်းပိတ်ရက်အတွင်း "ဘီကွန်ရိပ်သာ"သို့ ပြန်လာသောအခါ "ပရင်းစပီးယ မက်သမက် တိကာ" ခေါ်သော ကမ္ဘာကျော် "သင်္ချာနယူပဒေသကျမ်းကြီး"ကို သဲသဲမဲမဲ လေ့လာရန် အချိန်ရတော့မည် ဆိုကာ အလွန်ဝမ်းသာမိသည်။ သို့သော် လက်တွေ့ကျတော့ သူထင်သလို ဖြစ်မလာခဲ့။
အိမ်ရောက်တော့ ပါတီပွဲနှင့် ကပွဲ၊ ဧည့်ခံပွဲပေါင်း မြောက်မြားစွာက သူ့ကို အဆင်သင့် ကြိုနှင့်နေကြ သည်။ သို့သော် သူက ဘယ်လိုမှ ရှောင်လွှဲ၍မရသော ကပွဲတစ်ခုကိုသာ လက်ခံလိုက်ပြီး ကျန်ပွဲ များကိုမူ ပရိယာယ် သုံး၍ အဆင်ပြေအောင် တောင်းပန်လိုက်ရသည်။ သူလက်ခံလိုက်သော ကပွဲ ကလည်း တခြားသော ဖိတ်သောပွဲမဟုတ်။ သူ၏ အဘွားနှစ်ဦးက သူတို့မြေးအတွက် အထူးစီစဉ် ကျင်းပမည့်ပွဲ ဖြစ်သည်။ ဘီကွန်တောင်ကုန်းရိပ်သာ လူးဝီစဘတ်ရပ်ကွက်ရှိ သူတို့အိမ်နီကြီးတါင် တခမ်းတနား ကျင်းပမည့်ပွဲ ဖြစ်သည်။
သည်အဖြစ်မျိုးကို ကြုံတွေ့ရသော ၀ီလျံအနေဖြင့် သည်အဘွားကြီးနှစ်ယောက်၏ သြဇာခံဘ၀မှ လွတ်မြောက် နိုင်သည့် အသက်အရွယ်ကိုသာ အမြန် ဆုံးရောင်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ် မိလေသည်။ တကယ်တော့ ဘော့စတွန်မြို့မှာ ၀ီလျံ၏ ဇာတိချက်ကြွေမြို့ဖြစ်သော်လည်း သူ့အနေဖြင့် သည်မြို့ တွင် ရင်းနှီးသော မိတ်ဆွေဆို၍ များများ စားစားမရှိလှ။
လက်ချိုးရေတွက်၍ပင် ရသည်။ သို့သော် ဖိတ်ကြားထားသော ဧည့်သည်စာရင်းကို ယူကြည့်သောအခါ နာမည်တွေ တစ်ပုံတစ်ပင်ကြီး တွေ့ရသည်။ အဘွားနှစ်ဦးကို သူတို့ဆန္ဒအတိုင်း သူတို့ဆန္ဒအတိုင်း ဖိတ်ချင် သူတွေကို စွတ်ပြီး ဖိတ်ထားကြခြင်း စြဖ်သည်။
ဤပွဲအတွက် အထူးလက်ဆောင်အဖြစ် အဘွားနှစ်ဦးက ၀ီလျံအား ပွဲနေပွဲထိုင် ၀တ်စုံသစ်တစ်စုံ စပါယ်ရှယ်ချုပ်ပေးသည်။ အဘွားတွေဆီက ၀တ်စုံကို လက်ခံယူတုန်းကတော့ ၀ီလျံက ဟက်ဟက် ပက်ပက် အမူအရာ မပြဘဲ ခပ်တည်တည်ပင် လက်ခံယူခဲ့သည်။ သို့ပေမဲ့ နောက်တော့ သူ့အခန်းထဲ တွင် ၀တ်စုံသစ် ၀တ်ပြီး မှန်ရှေ့မှ မခွာနိုင်အောင် ဖြစ်နေမိလေသည်။
နောက်နေ့ မနက်ကျ တော့ နယူးယောက်မြို့သို့ အဝေးတယ်လီဖုန်းဆက်ပြီး မက်သယူးကို လှမ်းခေါ် သည်။ မက်သယူး ၏ ညီမလေးကလည်း ကပွဲသို့ သူမပါ တက်ချင်သည်ဟု ဆိုသည်။ သို့သော် မိခင် ဖြစ်သူက မသင့်တော် ဟု တား၍ သူ့ခမျာ တက်ခွင့် မရရှာ။
ဝီလျံက မက်သယူးအား ဘူတာတွင် ဆင်းကြိုသည်။
"ဒီမယ် ....... ငါပြောမယ် ၀ီလျံ၊ မင်း စိတ်ကူးမလွဲနဲ့၊ ဒီပွဲဟာ မင်းအတွက် အခွင့်ကောင်းပဲ၊ မင်း အရည်အချင်း ပြရမယ့်ပွဲပဲ၊ ဘော့စတွန်မျာ အပျော်တွဲလို့ရမယ့် မိန်းမတွေ တော်တော် ရှီလိမ့်မယ်၊ အဲဒါ မင်း အနေနဲ့ လက်မလွတ်ဖို့ အရေးကြီးတယ်"
ဒရိုင်ဘာ က ကားကို ဘီကွန်ရိပ်သာဘက်သို့ ပြန်မောင်းလာစဉ် မက်သယူးက ၀ီလျံအား ခပ်တိုးတိုး ပြောလိုက်ခြင်း ဖြစ်သည်။
"ဒါနဲ့ မင်းကော တွဲဖူးပြီးလား မက်သယူး"
"ပြီးခဲ့တဲ့ ဆောင်းတွင်းက နယူးယောက်မှာ တစ်ယောက်တွဲဖူးတယ်"
"အဲဒီတုန်းက ငါဘာလုပ်နေသလဲ"
"မင်းက ဘာလုပ်နေရမှာလဲ၊ ထုံးစံအတိုင်း ဘာထရန်ရပ်ဆဲရဲ့ သင်္ချာကျမ်းကြီးနဲ့ နပန်းလုံးနေတာ ပေါ့"
"အဲဒီအကြောင်း ငါ့ကို မင်းတစ်ခါမှ မပြောဖူးပါဘူး"
"ဘာပြော စရာရှိလို့လဲကွ၊ ပြီးတော့လည်း မင်းက အချစ်ကိစ္စထက် ဖေဖေ့ဆီက ဘဏ်လုပ်ငန်းကိစ္စ တွေကိုသာ ပိုပြီးစိတ်ဝင်စားနေတာကိုး၊ ကြုံရပုံက ဒီလိုကွ၊ ဂျော့ဝါရှင်တန်ရဲ့ မွေးနေ့ဂုဏ်ပြုပွဲတစ်ခု ဖေဖေက လုပ်တော့ ဘဏ်အမှုအထမ်းတွေပဲ အများဆုံးတက်ကြတာပဲ၊ အဘိုးကြီးက သူ ပျော်ချင် လို့ ကြံဖန် လုပ်တဲ့ပွဲ ဆိုပါတော့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီပွဲမှာ ဒါရိုက်တာလူကြီး တစ်ယောက်ရဲ့ အတွင်းရေး မှူး စာရေးတစ်ယောက်က ငါ့ကို ဘဏ်ဥက္ကဋ္ဌသားဆိုပြီး အတင်းကပ် ပြီး နသားပါယား လုပ်တာ ပဲကွ၊ အဲဒီအမျိုးသမီးနာမည်က စင်သီယာတဲ့၊ အင်မတန်ထွားတဲ့ မချောပဲ၊ မင်းဆို မြင်ရတာ နဲ့တောင် လန့်သွားလိမ့်မယ် ... ဟဲ ... ဟဲ"
"သူနဲ့တွေ့တော့ မင်းက တော်တော် ပျော်တာပေါ့"
"ပျော်တာပေါ့၊ ဒါပေမဲ့ သူက အရကတွေ သောက်ရမ်းမူးနေတော့လည်း တစ်မျိုးကြီးပေါ့ကွာ"
ဝီလျံက သူတို့ဘဏ်ဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးစာရေးမနဲ့ ပူးပူးကပ်ကပ် လုပ်ဖို့ကိစ္စက သိပ်မလွယ်ဘူး ထင်တယ် မက်သယူး"
ဝီလျံက အိုးမလုံ အုံပွင့်သွားမိသည်။
"လုပ်စမ်းပါ၊ မင်း အံ့သြသွားရလိမ့်မယ်၊ တကယ်တော့ မိန်းမတွေက ဣနြေ္ဒလုပ်နေကြတာပါကွာ၊ သော့ချက် သိရင် ချဉ်းကပ်ရတာ ထင်တာထက်တောင် လွယ်ပါသေးတယ်၊ သူတို့က ဣနြေ္ဒကောင်း လေ အညှာလွယ် လေပွဲကွ၊ ငါတော့ အခုဆိုရင် ဘယ်ဧည့်ခံပွဲတွေ ဖိတ်ဖိတ် မလွတ်တမ်းတက်တာ ပဲ၊ ငါ့အတွက် အ၀တ်အစား က အဓိက မဟုတ်ဘူး၊ ကိုယ်နဲ့ သဟဇာတဖြစ်မယ့် တွဲဖက်အမျိုးသမီး တွေ့ဖို့ပဲ အရေးကြီးတယ်"
ဒရိုင်ဘာက ကားကို ကားရုံထဲ မောင်းသွင်းလိုက်သည်။ လူငယ်နှစ်ယောက်က ကားပေါ်မှ ဆင်းပြီး အိမ်ရှေ့လှေကားသို့ ပြေးတက်လာခဲ့ကြသည်။
"ကြည့်စမ်း ... ငါ ဟိုတစ်ခေါက် ရောက်ပြီးကတည်းက မင်းအပြောင်းအလဲတွေ တော်တော် လုပ်ထား တာကိုးကွ"
မက်သယူးက ခေတ်ပေါ်ကြိမ်ကုလားထိုင်၊ ကြိမ်စားပွဲများနှင့် ဆေးအရောင်သစ်ခြယ်ထားသော အခန်းနံရံ များကို ကြည့်ပြီး ပြောသည်။ ဘာမှ အပြောင်းအလဲမရှိတာကတော့ ယခင်အတိုင်း နေရာ မရွေ့ ရှိသော အနီရင့် ရောင် သားရေဖုံး ကုလားထိုင်ကြီးပင် ဖြစ်သည်။
"ဒီအိမ်က ဒီထက်တောင် ပြောင်းလဲပစ်ဖို့ လိုနေသေးတယ်ကွ၊ ငါ့စိတ်ထဲမှာတော့ ကျောက်ခေတ် ပုံစံအတိုင်းပဲ ထင်နေတာ၊ ငါက အတိတ်ကို လုံးဝမသတိမရချင်ဘူး၊ လာစမ်းပါကွာ၊ ဒါတွေ ထားလိုက် စမ်းပါ"
"ဒါနဲ့ ပါတီပွဲကို ဧည့်သည်တွေ ဘယ်အချိန်ရောက်လာကြမလဲ"
"ပါတီပွဲ မဟုတ်ဘူးကွ၊ အဘွားကြီးတွေက ကပွဲဆိုပြီး နာမည်ပေးထားတယ်"
"ကပွဲလို့ ခေါ်မယ်ဆိုရင် အင်္ဂါပြည့်စုံဖို့ လိုသေးတယ်ကွ"
"ထားစမ်းပါကွာ၊ ဘဏ်ဒါရိုက်တာတစ်ယောက်ရဲ့ အတွင်းရေးမှူး စာရေးမတစ်ယောက်နဲ့ တစ်ခါတွဲ ဖူးရုံလောက်နဲ့တော့ မင်းအနေနဲ့ သျှတ္တရပညာမှာ တစ်ဖက်ကမ်းခပ်ပြီလို့ မယူဆင့်ပါဘူး"
"ဟော ... ကြည့်စမ်း၊ မင်းက ငါ့ကို မနာလိုဝန်တို ဖြစ်နေတယ်ပေါ့ ဟုတ်လား၊ အဲ ... ကောင်းပေါ့ကွာ၊ အချစ်ဆုံး မိတ်ဆွေတစ်ယောက်ကတောင် အဲဒီလို မလိုတမာ ဖြစ်နေရင်တော့ ငါ့အနေနဲ့ ဘာမှလုပ်လို့ မကောင်း တော့ပါဘူး"
မက်သယူးက ဣနြေ္ဒတစ်ခွဲသားနှင့် နောက်ပြောင်ပြောလိုက်သည်။
ဝီလျံက သဘောကျပြီး တဟားဟားနှင့် ရယ်ပြီးတော့ လက်ပတ်နာရီကို ကြည့်လိုက်သည်။
"ပထမဆုံး ဧည့်သည်က နောက်နှစ်နာရီဆိုရင် ရောက်တော့မယ်ကွ၊ အဲဒီတော့ အချိန်သိပ် မရှိ တော့ဘူး၊ ရေချိုးပြီး အ၀တ်အစား မြန်မြန်လဲရလိမ့်မယ်၊ ဒါနဲ့ မင်းမှာ ပွဲထိုင်ဝတ်စုံပါရဲ့လား"
"ပါပါ တယ်ကွာ၊ ဒါပေမဲ့ ငါက ရိုးရိုးဝတ်စုံပဲ ၀တ်မှာပါ"
"ငါ့အဘွားတွေအကြောင်း မင်းလည်း သိသားပဲကွာ၊ သူတို့က ဒူးနေရာဒူး တော်နေရာတော် လုပ်တာမှ သဘောကျတာကွ"
"ဖြစ်ပါတယ်ကွ၊ ပူမနေစမ်းပါနဲ့၊ ငါ အခြေအနေအရ မီးစင်ကြည့်ပြီး အဆင်ပြေအောင် လုပ်ပါ့မယ်"
အကျွေး အမွေးသမားများ ခြောက်နာရီတိတိတွင် ရောက်လာကြသည်။ စုစုပေါင်း ၂၃ယောက်တိတိ။ အဘွားကြီး နှစ်ဦးက အနက်ရောင် ဇာဝတ်ရုံရှည်ကြီးများကို ခြေမျက်စိဖုံးမျှ ၀တ်ဆင်ကာ ခုနှစ်နာရီ တိတိ တွင် ရောက်လာကြသည်။ ၀ီလျံနှင့် မက်သယူးတို့က အဘွားကြီးများကို တံခါးဝထွက်၍ ကြို ဆိုကြသည်။
ဝီလျံ က မက်သယူးကို အဘွားများနှင့် မိတ်ဆက်ပေးသည်။
"ဘွားဘွား ဒါက ကျွန်တော့အချစ်ဆုံးသူငယ်ချင်း မက်သယူးလက်စတာပါ"
"သြော်၊ ဟုတ်လား၊ တွေ့ရတာ ၀မ်းသာပါတယ်ကွယ်" အဘွားကိန်းက ပြောသည်။
"ဟုတ်ကဲ့၊ ကျွန်တော်လည်း အများကြီးဝမ်းသာပါတယ် ဘွားဘွား၊ ဒါနဲ့ ကျွန်တော့အဘိုးကို ဘွားဘွား သိမယ် ထင်ပါတယ်"
"မောင့်အဘိုးကို ဟုတ်လား၊ သိတာပေါ့ ... သိတာပေါ့၊ ကလက်ဟောင်း ၀ပ်လက်စတာလေ၊ သူက ဘွားဘွား ကိုတောင် လက်ထပ်ပါရစေလို့ ခွင့်တောင်းဖူးတာပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက် ကပေါ့ကွယ်၊ ဒါပေမဲ့ ဘွားဘွားက လက်မခံပါဘူး၊ သူက သိပ်ပြီး အရက်သောက်တယ်ကွယ့်၊ ဒါကြောင့် မို့လည်း သူ့ခမျာ အသေစောရှာတာပေါ့၊ သားတို့လည်း အရက်မသောက်ကြပါနဲ့ကွယ်၊ အရက်ဟာ ဦးနှောက် ထိုင်းမှိုင်းစေတယ်ကွယ့်"
"အစိုးရ က ပိတ်ပင်ထားတဲ့ ကျွန်တော်တို့အနေနဲ့ အရက်သောက်ဖို့ မလွယ်ပါဘူး ဘွားဘွား"
"ပိတ်ပင်ထားတာက ခဏပါကွယ်၊ မကြာခင် ပြန်ပြီး ရုတ်သိမ်းပါလိမ့်မယ်၊ သမ္မတ "ကာလဗင်ကူးလစ်ဂ်ျ" ဟာ ဘ၀ကို မေ့တဲ့လူကွယ့်၊ သမ္မတ ဟာဒင်သာ မသေခဲ့ရင် သူ့အနေနဲ့ သမ္မတ ဖြစ်လာ နိုင်စရာ အကြောင်းတောင် မရှိပါဘူး"
"အဲဒါအမှန်ပဲ  ဘွားဘွား၊ ဘွားဘွားက မှတ်ဥာဏ်သိပ်ကောင်းတာပဲ၊ ရဲသပိတ်တုန်းကဆိုရင် သူ့ကို ဘယ်သူမှ ဆန့်ကျင်ပြီး စကားမပြောရဲကြဘူး"
မစ္စက်ကိန်းက ဘာမှပြန်မပြော။
ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ အများစုမှာ ၀ီလျံအဖို့ မျက်နှာစိမ်းများ ဖြစ်နေသည်။ အလန်လွိုက် စောစောရောက်လာသဖြင့် ၀မ်းသာမိသည်။
"၀လို့ လှလို့ပါလား ၀ီလျံ"
အလန်က ၀ီလျံအား ပြုံးပြီးပြောသည်။
"အလန်လည်း ၀လို့ လှလို့ပါပဲ အလန်၊ အခုလို ရောက်လာတာ ကျေးဇူးတင်ပါတယ် အလန်"
"ကျေးဇူးတင်စရာ မလိုပါဘူး ၀ီလျံ၊ မောင့်ရင့်အဘွားနှစ်ယောက်လုံးက မလာမနေရဆိုပြီး အတင်း ဖိတ်လို့ လာရတာပါ"
နှစ်ယောက်စလုံး  ရယ်လိုက်ကြသည်။
"ဒါနဲ့ အချိန်နည်းနည်းများရမလား အလန်၊ အလန်နဲ့ တိုင်ပင်စရာတစ်ခု ရှိလို့ပါ"
"ရပါတယ်၊ ရပါတယ်"
ဝီလျံက အလန်အား လူရှင်းသော အခန်းထောင့်တစ်နေရာသို့ ခေါ်လာခဲ့သည်။
"ကိစ္စက ဒီလိုပါ၊ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို နည်းနည်းပြောင်းချင်းလို့ပါ၊ အခါအခွင့် ပေါ်လာတဲ့ အခါမှာ လက်စတာဘဏ်ရဲ့ ရှယ်ယာကို ၀ယ်ကြည့်မလားလို့ ကျွန်တော် စိတ်ကူးမိ တယ်၊ ကျွန်တော့ အသက် ၂၁နှစ် ပြည့်တဲ့အချိန်မှာ သူတို့ဘဏ်ရဲ့ ရှယ်ယာငါးရာခိုင်နှုန်းလောက် ပိုင်ထား ချင်တယ်"
"ဒါကတော့ သိပ်တော့မလွယ်ဘူး ၀ီလျံ၊ လက်စတာဘဏ်က ရှယ်ယာတွေကို ပုဂ္ဂလိက ပိုင်ရှင် တွေက ကိုင်ထားတော့ နောက်ထပ် ရှယ်ယာခေါ်ဖို့ သိပ်မလွယ်ဘူး၊ ဒါပေမဲ့ ကြည့်ကြသေးတာပေါ့ ဟုတ်လား၊ ဖြစ်နိုင် ရင်လည်း လုပ်သင့် လုပ်ရမှာပေါ့၊ ဒါနဲ့ ဒီစိတ်ကူးက မင်းခေါင်းထဲ ဘယ်လို ရောက်လာရတာလဲ"
"ကျွန်တော့် ရည်ရွယ်ချက်က ... "
"၀ီလျံ ... သားရေ ... "
အဘွားကဘော့က ၀ီလျံအား အော်ခေါ်ရင်း သူတို့အနီးသို့ လျှောက်လာသည်။
"သားက ဒီလာပြီး မစ္စတာလွိုက်နဲ့ ဘာတွေ ကျိတ်ကြံစည်နေရတာတုံး၊ လူငယ်ပီပီ မိန်းမကလေး တစ်ယောက် ယောက်နဲ့ တွဲကချေပါလား၊ ဒီကပွဲက ထိုင်ပြီး စကားပြောနေဖို့အတွက် လုပ်တာမှ မဟုတ်တာပဲ"
"အဲဒါ မှန်ပါတယ် ခင်ဗျာ"
အလွန်လွိုက်က ထိုင်ရာမှ ထရပ်ရင်း ပြန်ပြောလိုက်သည်။
"လာပါ ... ကြွပါ ... မစ္စက်ကဘော့၊ ကျွန်တော့်အနားမှာ လာထိုင်ပါ။ ဒီသူငယ်က သူကြိုက်တဲ့လူနဲ့ တွဲက ချေပါစေ၊ ကျွန်တော်တို့က သူတို့ကတာ ထိုင်ကြည့်ရင်း ဂီတနားထောင်ကြတာပေါ့ ဟုတ်လား"
"ဘာတဲ့ ဂီတဟုတ်လား၊ အဲဒါဂီတမှ မဟုတ်တာပဲ အလန်ရဲ့၊ အလကား ဘာမှအဓိပ္ပာယ်မရှိတဲ့ အော်ဟစ် သံကြီးပဲ"
"အဲဒါ သိပ်ပြီးနာမည်ကြီးတဲ့" "တို့မှာ ငှက်ပျောသီး မရှိပါ"ဆိုတဲ့ သီချင်းရဲ့ တီးလုံးပါ ဘွားဘွား ၀ီလျံ က ၀င်ပြော လိုက်သည်။
"အေး ... ဒါဆိုရင် ဒီလောကကြီးက ငါ ထွက်သွားဖို့ အချိန်တန်ပြီ"
အဘွားကြီးက မဲ့ကာရွဲ့ကာဖြင့် ပြန်ပြောလိုက်သည်။
"အဲဒါတော့ တောင်းပန်ပါရစေ ခင်ဗျာ၊ ထွက်တော့ မသွားလိုက်ပါနဲ့"
သုံးယောက်သား ရယ်လိုက်ကြသည်။
ထို့နောက်တွင် ၀ီလျံသည် အမည်မသိသော မိန်းကလေးနှစ်ယောက်နှင့် တွဲကသည်။ မက်သယူး ကတော့ တစ်ထောင့်တွင် ထိုင်ပြီး မိန်းကလေးတစ်ယောက်နှင့် စကားလက်ဆုံကျနေသည်။ မက်သယူးနှင့် စကားပြောနေသော မိန်းကလေးကို ၀ီလျံက မသိ။ ၀ီလျံ သူတို့အနားသို့ လျှောက်လာခဲ့သည်။ မိန်းကလေး က ၀ီလျံ၏ မျက်နှာကို စိုက်ကြည့်သည်။ ၀ီလျံ ဒူးတွေပင် တုန် သွားမိသည်။
"၀ီလျံ၊ ဒါက အက်ဘီဘလန့်၊ မင်း သိမှာပေါ့"
မက်သယူးက မိတ်ဆက်ပေးသည်။
"မသိပါဘူး"
ဝီလျံက တုံးတိတိ ပြောချလိုက်ပြီးမှ သူ့အမှားကို သတိပြုမိသည်။ သူက လည်စည်းကို ပြန်စည်း ရင်း ဣနြေ္ဒ ဆောင်လိုက်ရသည်။
"သူက အခုကပွဲရဲ့ ဒါနရှင် မစ္စတာ ၀ီလျံလို ၀ယ်ကိန်းပါပဲ"
ဝီလျံက အက်ဘီ၏ဘေးမှ နေရာလပ်တွင် ၀င်ထိုင်သည်။ အက်ဘီက ၀ီလျံကို တစ်စောင်းကြည့်ရင်း အကဲခတ် နေသည်။ မက်သယူးက အလိုက်သိစွာဖြင့် နေရာမှ ထွက်သွားသည်။
"ကျွန်တော် တစ်သက်လုံး ဘော့စတွန်မှာနေလာတာ ခင်ဗျားနဲပ တစ်ခါမှ မဆုံဖူးတာ အံ့သြစရာပဲ"
"ရှင် မမှတ်မိလို့ပါ၊ ကျွန်မတို့ တစ်ခါဆုံဖူးပါတယ်၊ ရှင်က ကျွန်မကို ရေကန်ထဲ တွန်းချတာ မမှတ်မိ တော့ဘူး လား၊ အဲဒီတုန်းက ကျွန်မတို့နှစ်ယောက်စလုံး သုံးနှစ်အရွယ်ပဲ ရှိကြသေးတာ"
"ကျွန်တော် တောင်းပန်ပါတယ်ဗျာ"
"ခုမှတော့ မထူးတော့ပါဘူး၊ ရပါတယ်။ ဒါနဲ့ ရှင်တို့အိမ်ကြီးက သိပ်လှတာပဲနော် ၀ီလျံ"
"ကျေးဇူး တင်ပါတယ်ဗျာ"
ဝီလျံက အက်ဘီကို ဘေးစောင်းကြည့်ရင်း မသိမသာ အကဲခတ်နေသည်။ ကိုယ်လုံးကိုယ်ဖန်က သွယ်သွယ် နှောင်းနှောင်း။ မျက်တောင့်ကော့ကော့နှင့် အညိုရောင် မျက်လုံးများက ၀ိုင်းစက်နေကြ သည်။
"နောက်နှစ်ဆိုရင် ရှင် ဟားဗတ်တက္ကသိုလ်ကို သွားမယ်လို့ မက်သယူးက ပြောတယ်"
အက်ဘီ က စကားမရှိ စကားရှာ၍ မေးလိုက်သည်။
"ဟုတ်ပါတယ်၊ အဲဒီလိုပဲ ရည်ရွယ်ထားတာပဲ၊ ဒါနဲ့ တို့နှစ်ယောက်  ကကြရအောင်လား"
"ရပါတယ်"
သို့ဖြင့် သူတို့နှစ်ယောက် လူအုပ်ထဲဝင်ပြီး တွဲကကြသည်။ ၀ီလျံက အက မကျွမ်းကျင်။ တခြား ပုဂ္ဂိုလ်များ နှင့် ခဏ ခဏ ၀င်တိုက်မိသည်။ အက်ဘီ၏ ခြေထောက်ကိုလည်း မကြာခဏ နင်းမိ သည်။ သူက တောင်းပန်သည်။ အက်ဘီက ပြုံးနေသည်။
"ဟိုမှာ ... ၀ီလျံနဲ့ တစ်ချိန်လုံး တွဲကနေတာ ဘယ်က ကောင်မလေးလဲ"
အဘွား ကဘော့က သံသယမကင်းသံဖြင့် မေးလိုက်သည်။
အဘွားကိန်းက နှာခေါင်းချိတ်မျက်မှန်ကို ကောက်တပ်ပြီး လှမ်းကြည့်သည်။ ၀ီလျံနှင့် အက်ဘီ တို့က ဘေးတံခါးမှ ထွက်ပြီး အိမ်ရှေ့မြင်ခင်းပေါ်တွဲလျှောက်သွားကြသည်။
"အက်ဘီဘလန့်ဆိုတာလေ" အဘွားကိန်းက ပြောသည်။
"သြော် ... သိပြီ ... သိပြီ၊ ရေတပ်ဗိုလ်ချုပ်ကြီး ဘလန့်ရဲ့ သမီးလေး မဟုတ်လား"
"ဟုတ်တာပေါ့"
အဘွာကဘော့က သဘောကျသွားပြီး ခေါင်းတညိတ်ညိတ် လုပ်နေသည်။
ဝီလျံက အက်ဘီအား ပန်းခြံအစွန်အထိ ခေါ်သွားသည်။ သူငယ်စဉ်က တက်ကစားခဲ့သော သစ်ချ ပင်ကြီးအောက် ရောက်တော့ ရပ်လိုက်ကြသည်။
"ရှင်က မိန်းကလေးတစ်ယောက်ကို စတွေ့တွေ့ချင်း နမ်းတတ်သလားဟင်"
အက်ဘီက ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်သည်။
"အမှန်အတိုင်းပြော အခုအချိန်ထိ ငါ ဘယ်မိန်းကလေးကိုမှ မနမ်းဖူးသေးပါဘူး"
အက်ဘီက ရယ်လိုက်ပြီး ...
"ဒါဆို ကျွန်မအနေနဲ့ ဂုဏ်ယူစရာပဲပေါ့နော်"
ဝီလျံက သူမ၏ ပန်းနုရောင်ပါးပြင်ကလေးကို နမ်းလိုက်သည်။ ပြီးတော့ နှင်းဆီသွေးရောင် နှုတ်ခမ်းကို နမ်းလိုက်သည်။ ပြီးတော့ အက်ဘီက ပြန်ကြစို့ဆို၍ အိမ်ထဲသို့ ပြန်ဝင်လာကြသည်။ အဘွားကြီး နှစ်ယောက် က ၀ီလျံနှင့် အက်ဘီတို့ စောစောပြန်ဝင်လာတာကို ၀မ်းသာနေကြသည်။
ညပိုင်း ကျတော့ သူငယ်ချင်းနှစ်ယောက် အိပ်ရာထဲတွင် လှဲရင်း ကပွဲအကြောင်း စားမြုံ့ပြန်ကြ သည်။
"ဒီနေ့ပွဲက မဆိုးပါဘူးကွ၊ တော်တော် အောင်မြင်ပါတယ်၊ ငါ့အနေနဲ့ ကိုယ့်ကောင်မလေး လူလုခံရ ပေမယ့် နယူးယောက်ကလာပြီး ကပွဲတက်ရတာ တက်ရကျိုးတော့ နပ်ပါတယ်"
"ကောင်မလေး ကို မင်း ဘယ်လိုထင်သလဲ မက်သယူး၊ ငါ ချဉ်းကပ်ရင် ရနိုင်ပါ့မလား"
ဝီလျံက မက်သယူး၏ ပြောင်ချော်ချော်စကားကို ဂရုမစိုက်ဘဲ ခပ်တည်တည်ဟန်နှင့် ပြန်မေးလိုက် သည်။
"ဒါကတော့ မင်းအပေါ်မှာ တည်တာပေါ့၊ စမ်းကြည့်ပါလား၊ သုံးပတ်လောက်ဆိုရင် အဖြူအမည်း သိရမှာပါ၊ ဒါပေမဲ့ ငါတော့ မထင်ပါဘူး၊ မင်းအနေနဲ့ မလွယ်ပါဘူး၊ ငါးဒေါ်လာ ကြေးလောင်းမယ် ကွာ ဘယ့်နှယ့်လဲ၊ သဘောတူရဲ့လား"
"တူတယ်ကွာ၊ စိန်လိုက်"
ထိုနေ့မှစ၍ ၀ီလျံသည် အယ်ဘီဘလန်၏ "အချစ်"ကို ရရေးအတွက် တက်ကန်ုရွက်ကုန် ကြိုးစား တော့သည်။
သူသည် နေ့တိုင်းလိုလို အက်ဘီနှင့် တွေ့နိုင်အောင် ကြံဖန်ကြိုးစားသည်။
အသက်၁၇နှစ်အရွယ် တွင် ကိုယ်ပိုင်အိမ်ကြီးနှင့် ကိုယ်ပိုင်ဇိမ့်ခံကားနှင့် သူဌေးသားတစ်ယောက်ဟူသော ဂုဏ်ဒြပ်ကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီး သဲကြီးမဲကြီး ကြိုးစးသည်။ သို့ပေမဲ့ အက်ဘီ၏ မိဘများက သမီးဖြစ်သူအား အရိပ်တကြည့်ကြည့်လည်း ဣနြေ္ဒရှိသော မိန်းကလေးပီပီ ကိုယ့်ကိုယ်ကို ထိန်းထိန်း သိမ်းသိမ်း နေထိုင်သောကြောင့်လည်းကောင်း ၀ီလျံအနေဖြင့် အက်ဘီအား အချိန်တိုင်း အပြင် ခေါ်ထုတ်နေ၍ မရနိုင်အောင် ဖြစ်ခဲ့ရသည်။ သို့ဖြင့် နောက်ဆုံးတော့ ကျောင်းပိတ်ရက် နောက်ဆုံးနေ့သို့ ရောက်လာခဲ့ တော့သည်။
ထိုနေ့ နံနက်စောစောတွင် ၀ီလျံသည် အလှဆုံး နှင်းဆီပန်း တစ်ဒါဇင်တိတိ ၀ယ်ကာ အက်ဘီထံ သို့ ပို့လိုက်သည်။ ညနေပိုင်းကျတော့ နာမည်ကျော် "ဂျိုးဇက်" ဟိုတယ်သို့ ခေါ်လာပြီး နှစ်ယောက် သား ညစာစားကြသည်။
ဝီလျံက ၀ီစကီမှာပြီး တော်တော်ကလေး သောက်ပစ်လိုက်သည်။ တော်တော်ကလေးလည်း မူး သည်။ အက်ဘီက ၀ီလျံ အရက်သောက်တာကို လုံးဝမကြိုက်။ သူမက အတန်တန် တားသည်။ မျက်ရည်ပင် ကျသည်။ ၀ီလျံက နောက်မသောက်တော့ပါဘူးဟူသော ကတိစကားဖြင့် တောင်ပန်း သည်။
သူက သူ့ကုလားထိုင်ကို အက်ဘီ၏ဘေးသို့ ရွှေ့ထိုင်ပြီး ပခုံးကို သိုင်းဖက်လိုက်သည်။ အက်ဘီက ဘာမှ မပြောဘဲ ငြိမ်ခံနေသည်။
"အက်ဘီ မင်းဟာ သိပ်ပြီး လှတာပဲကွယ်"
ဝီလျံက အာလုပ်သံကြီးနှင့် တိုးတိုးကလေးပြောသည်။
အက်ဘီက ၀ိုင်းစက်စက် မျက်လုံးညိုကြီးများနှင့် စိုက်ကြည့်သည်။ ပြီးတော့ လေသံဖြင့် ပြန်ပြော သည်။
"သြော် ... ၀ီလျံ၊ ရှင် တော်တော်အံ့သြစရာ ကောင်းတာပဲနော်"
ဝီလျံက အက်ဘီကို နမ်းသည်။ အက်ဘီက ကြည်ကြည်ဖြူဖြူ သဘောတူသည်။ ၀ီလျံက အတင့်ရဲ လာသဖြင့် လက်က ဂနာမငြိမ်ဘဲ ဟိုရောက်သည်ရောက် ဖြစ်လာသည်။
အက်ဘီ က ၀ီလျံ၏လက်ကို တွန်းတွန်းပစ်သည်။
"၀ီလျံ အဲဒါတော့ သည်းခံပါကွယ်"
"ဒီအဆင့်လောက်ပဲ ကောင်းပါတယ် ၀ီလျံ၊ အဆင့်ကျော်သွားရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ရှင်လည်း သိပါတယ်"
အက်ဘီမှ ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်ပြီး အ၀တ်များကို နေသားတကျ ပွတ်သပ်လိုက်သည်။
"အိမ်ပြန်ကြစို့လား ၀ီလျံ"
"အို ... ဘယ်နှယ့် ရောက်တာမှ မကြာသေးတာပဲ"
"မေမေဆူမှာ ကြောက်လို့ပါကွယ်၊ သူက ညပိုင်းမှာ အကြာကြီး အပြင်ထွက်နေတာ မကြိုက်ဘူး လေ"
"ကိုယ်က မနက်ဖြန်ဆိုရင် ကျောင်းကို ပြန်ရတော့မှာမို့လို့ပါ အချစ်ရယ်"
"ဟုတ်ပါတယ်၊ အဲဒါဆိုရင် ရှင် ကျွန်မဆီ စာရေးပေါ့"
"၀ီလျံက စားပွဲမှ ထရပ်လိုက်သည်။ ပြီးတော့ အက်ဘီ၏ လက်ကိုဆွဲကာ ထမင်းစားခန်းထဲမှ ပြန် ထွက်လာခဲ့သည်။ အက်ဘီအား သူ့ကားနှင့် အိမ်ရှေ့အထိ လိုက်ပို့ပြီး စိတ်ပျက်လက်ပျက်ဖြင် တစ်ယောက်တည်း ပြန်လာခဲ့ရသည်။
နောက်တစ်နေ့ ကျောင်းပြန်ရောက်တော့ မက်သယူးက ၀ီလျံထံမှ လောင်းကြေးငွေငါးဒေါ်လာကို ရင့်ကော့ပြီး လက်ခံယူသည်။
"မောင်ရင့်အဖြစ်ကို ကိုယ်ချင်းစာပြီး သနားမိလို့ ငါက ပိုက်ဆံကိုတောင် မလိုချင်တော့ပါဘူး ၀ီလျံ၊ ဒါပေမဲ့ မင်းက ပြန်ယူမှာ မဟုတ်တော့ဘဲ ယူလိုက်တာပဲ ကောင်းပါတယ်လေ"
"အေးပေါ့ကွာ၊ မင်းက နိုင်တဲ့လူဆိုတော့လည်း ပြောအားရှိတာပေါ့"
နောက် "အိစတာပွဲတော်" ကျောင်းပိတ်ရက်အတွင်း အိမ်ပြန်လာသည့်အခါကျတော့ ၀ီလျံသည် အက်ဘီ၏ အချစ်ပန်း ကို လွယ်ကူစွာ ဆွတ်ခူးနိုင်ခဲ့လေတော့သည်။ သို့ဖြင့် မက်သယူးက ငါးဒေါ်လာ ပြန်လျော် ရလေသည်။
သို့ပေမဲ့ အက်ဘီက မကြာမီတွင် မိဘများနှင့်အတူ "ပမ်းဘိခ်ျ" ကမ်းခြေသို့ အပန်းဖြေ ခရီးထွက် သွားလေတော့ ၀ီလျံမှာ မောကျန်ရစ်ခဲ့ရလေသည်။ အိမ်တွင်လည်း စကားပြောစရာလူဆို၍ အဘွားကြီးနှစ်ယောက်နှင့် မကြာခဏ လာလည်တတ်သော အလန်လွိုက်တို့သာ ရှိသဖြင့် သူ့မှာ အားအားရှိတိုင်း စာအုပ်ပုံကြားတွင်သာ ခေါင်းမြှုပ်ပြီး အချိန်ဖြုန်းခဲ့ရလေသည်။
ကျောင်းသို့ ပြန်ရောက်တော့လည်း စာမေးပွဲက နီးနေပြီဖြစ်၍ အချစ်ရေးကို ဘေးချိတ်ထားပြီး ပညာရေးကိုသာ ဖိကြိုးစားရပြန်သည်။
စိန်ပေါကျောင်းတွင် စာကြည့်ခန်းထဲ၌ မက်သယူးနှင့် နှစ်ယောက်သားထိုင်ကာ ခက်ခဲသော သင်္ချာ ပြဿနာ များ ကို ဖြေရှင်းကြသည်။ မက်သယူးက အခက်အခဲတွေ့၍ မေးတော့မှသာ တစ်ယောက် နှင့် တစ်ယောက် စကားပြောဖြစ်ကြသည်။
နောက်ဆုံးစာမေးပွဲ ဖြေချိန်ရောက်လာခဲ့သည်။ သူငယ်ချင်းနှစ်ယောက် တစ်ပတ်လုံးလုံး အကြိတ် အနယ် ကြိုးစားကြရသည်။ စာမေးပွဲဖြေပြီးတော့ နှစ်ယောက်စလုံးပင် ကျေကျေနပ်နပ် ရှိကြသည်။ အဆင့် မြင့်မြင့် ဖြင့် အောင်ကို အောင်ရမည်ဟု ကျိန်းသေပေါက် တွက်ထားကြသည်။
သို့သော် အောင်စာရင်းထွက်မည့်ရက်ကို စောင့်ရင်း စောင့်ရင်းနှင့် သူတို့၏ ယုံကြည်မှုလည်း တဖြည်းဖြည်း လျော့လျော့လာခဲ့သည်။ ဟားဗတ်တက္ကသိုလ်သို့ သွားနိုင်ရန် ချီးမြှင့်သော ဟင်မီလ် တန်အထိမ်းအမှတ် စကောလားရှစ်ဆုမှာ တင်းကပ်သော ပြိုင်ပွဲစနစ်ဖြင့် ရွေးချယ်သောဆုဖြစ် သည့်အပြင် အမေရိကန်တစ်ပြည်လုံးရှိ မည်သည့်ကျောင်းသားမဆို အရွေးခံနိုင်ခွင့် ရှိသည်။ ထို့ကြောင့်လည်း ၀ီလျံအနေဖြင့် ဘာသတင်းအစအနမျှ တစ်စွန်းတစ်စပင် မကြားရတော့ စိတ်ဓာတ်ကျလာသည်။
တစ်နေ့တွင် ၀ီလျံသည် အခြားကျောင်းသားမိတ်ဆွေများနှင့် ဘေ့စ်ဘောကစားနေသည်။ အိမ်ပြန် ရင် ရက် အနည်းငယ် ကိုသေးသဖြင့် စကောလားရှစ်ဆု ကြေညာရက်ကို စောင့်ရင်း အားအားရှိတိုင်း အားကစား နှင့်ပင် အချိန်ဖြုန်းနေခြင်း ဖြစ်သည်။
တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် သဲသဲမဲမဲ ကစားနေတုန်းမှာပင် သံကြိုးစာရောက်လာသည်။ ၀ီလျံက လက်ထဲ မှ ဘောရိုက်တံကိုချပြီး အ၀ါရောင်စာအိတ်ကလေးကို ကမန်းကတန်း ဖောက်ဖွင့် လိုက်သည်။
သူက သံကြိုးစာကို အသံတိတ် ဖြည်းဖြည်းကလေး ဖတ်နေစဉ် အခြားကစားဖော်များက စိတ်မရှည် စွာဖြင့် စောင့်ကြည့်နေကြသည်။
"သူတို့က မင်းကို လက်ရွေးစင် ရွေးလိုက်တဲ့စာဖြစ်မယ်ကွ"
အဖော်တစ်ယောက်က အော်ပြောလိုက်သည်။ ယခုလို ပွဲကျင်းပနေစဉ် သံကြိုးစာလာပေးခြင်းမျိုး ယခင်က တစ်ခါမျှ မရှိခဲ့စဖူး။ မက်သယူးက ၀ီလျံအနားသို့ ကပ်လာပြီး ၀မ်းသာစရာသတင်းလား၊ ၀မ်းနည်း စရာ သတင်းလား ဆိုသည်ကို သိရအောင် မျက်နှာကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်နေ သည်။
ဝီလျံက မျက်နှာအမူအရာ ဘယ်လိုမျှ မပြောင်းဘဲနှင့် သံကြိုးစားကို မက်သယူးလက်သို့ ကမ်းပေး လိုက်သည်။
မက်သယူးက သံကြိုးစာကို ဖတ်ကြည့်ပြီး အားရ၀မ်းသာ အမြောက်အမြောက် ထခုန်သည်။ ပြီးတော့ သံကြိုး စာရွက်ကို လွှင့်ပစ်လိုက်ပြီး ၀ီလျံ၏ လက်ကိုဆွဲကာ နှစ်ယောက်သား ကစားကွင်း ထဲ ပတ်ပြေး လေ့တော့သည်။
အဖော်ကစားသမားများက သံကြိုးစာကို တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း၍ ဖတ်ကြ သည်။
သံကြိုးစာကို "မစ္စတာဝီလျံလိုဝယ်ကိန်း"ဟူသော လိပ်စာမူထားသည်။ သံကြိုးစာတွင် ရေးထား သည် ကတော့ "ဟင်မီလိတန် အထိမ်းအမှတ် ပညာသင်ဆုကို ချီးမြှင့်ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူပါသည်။ အသေးစိတ် အချက်အလက်များကို ဆက်လက် ပေးပို့ပါမည်။ အက်ဘော့ လောရင့်လိုဝယ်၊ ဥက္ကဋ္ဌ"ဟူ၍ ဖြစ်သည်။
ဝီလျံ ပညာသင်ဆု ချီးမြှင့်ခံရသည့်အတွက် မင်းသယူးက ၀မ်းသာအားရ ဖြစ်မိသည်။ သို့သော် အချစ်ဆုံးသူငယ်ချင်းနှင့် ခွဲခွာရမည်ကိုတော့ အထူးပင် ၀မ်းနည်းမိသည်။ ၀ီလျံကလည်း သူ့အတိုင်း ပင် ခံစား နေရသည်။ သို့သော် ပါးစပ်ကတော့ ဘာမျှ ထုတ်မပြော။ ကံကောင်းချင်တော့ နောက် ကိုးရက်ကြာ တွင် မက်သယူးအားလည်း ဟားဗတ်တက္ကသိုလ်မှ ကျောင်းဝင်ခွင့်ပြုကြောင်း သိရှိကြ ရလေသည်။
ထိုနေ့တွင် နောက်ထပ် သံကြိုးစာတစ်စောင် ထပ်မံရရှိသည်။
မက်သယူး၏ဖခင် ချားလ်လက်စတာ ထံမှ ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်သို့ ၀င်ခွင့်ရသည့်အတွက် ၀မ်းသာ ဂုဏ်ယူကြောင်းနှင့် သူငယ်ချင်းနှစ်ယောက်စလုံးကို နယူးယောက်မြို့မှ ပလာဇာဟိုတယ် လက်ဖက်ရည်ပွဲသို့ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်သည်။ ၀ီလျံထံသို့ အဘွားနှစ်ယောက်ထံမှလည်း ၀မ်းမြောက်စာများ လာရောက်လာသည်။
ဖိတ်ထားသော နေ့တွင် နှစ်ယောက်သား ပဉ္စမရိပ်သာလမ်းထဲသို့ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် လျှောက် လာကြသည်။ လမ်းသွားလမ်းလာ မိန်းကလေးတွေက အတွဲညီသော လူချောကလေး နှစ်ယောက် ကို မခို့တရို့ နှင့် မျက်လုံးထောင့်ကပ် ကြည့်သွားကြသည်။
ပလာဇာဟိုတယ် တံခါးဝရောက်သောအခါ ကောက်ရိုးဦးထုပ်များကို ချွတ်ပြီး ခန်းမဆောင်ထဲသို့ ၀င်လာကြသည်။
"ပမ်းကုတ်" ခန်းမဆောင်တွင် မိသားစုဝင်ပုဂ္ဂိုလ်တွေ အသင့်ရောက်နေကြပြီ။ မစ္စက်ကိန်းနှင့် မစ္စက်ကဘော့ တို့လည်း စားပွဲတွင် ၀င်ကြွားဟန်ဖြင့် ထိုင်နေကြသည်ကို တွေ့ရသည်။ ၀ီလျံက သူ့ အဘွားကိန်း အရွယ် တခြား အဘွားတစ်ဦးကိုလည်း သတိပြုမိသည်။
လက်စတာမိသားစု၏ အဘွားတစ်ယောက်ယောက်ဖြစ်မည်ဟု ခန့်မှန်လိုက်သည်။ တခြား ပုဂ္ဂိုလ်များ ကတော့ မစ္စတာ ချားလ်စ်လက်စတာနှင့် မစ္စက်လက်စတာ သူတို့၏ သမီးငယ် ဆူဆန် (ဆူဆန်က သူမ၏ မျက်လုံး များကို ၀ီလျံအပေါ်မှ ဘယ်တော့မှ မခွာတမ်းကြည့်နေသည်) နောက်တစ်ယောက် အလန်လွိုက်၊ စားပွဲတွင် ကုလားထိုင်လွတ်နှစ်လုံး ချထားသည် ၀ီလျံနှင့် မက်သယူးတို့က ၀င်ထိုင်ကြသည်။
အဘွားကိန်းက အနီးဆုံးစားပွဲထိုးကို ဟန်အပြည့်ဖြင့် မျက်ခုံးချီကာ လှမ်းပြောလိုက်သည်။
"လက်ဖက်ရည် လတ်လတ်ဆတ်ဆတ်တစ်အိုး၊ ပြီးတော့ ... ကိတ်မုန့် အကောင်းစား များများယူခဲ့ ပါ"
"လက်ဖက်ရည် လတ်လတ် ဆတ်ဆတ်တစ်အိုး၊ ကိတ်မုန့်အကောင်းစာများများ စားပွဲ ၂၃ကို အမြန် ပို့ပါ"ဟု လှမ်းအော်လိုက်သည်။
"ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... လာပါပြီ လာပါပြီ" မီးဖိုထဲမှ ပြန်ပြောသံ။
စားပွဲထိုးအဘိုးကြီး ပြန်ရောက်လာပြီး မစ္စက်ကိန်းအား
"အခုပဲ ရောက်လာပါလိမ့်မယ် ခင်ဗျား"
မစ္စက်ကိန်းက ခေါင်းညိတ်ပြလိုက်သည်။
မစ္စတာလက်စတာက ၀ီလျံဘက်သို့လှည့်ကာ-
"ဒီလိုနေ့မျိုးမှာ မောင်ရင့်အဖေသာရှိလိုက်ရင် ဘယ်လောက်များ ဂုဏ်ယူဝမ်းသာလိမ့်မလဲ မသိဘူး ၀ီလျံ"
အနီးတွင် ရပ်နေသော စားပွဲထိုးလူငယ်က အချီးကျူးခံ လူငယ်ချောချောကလေးကို အထင်တကြီး ငေးကြည့်နေသည်။ ဘယ်လိုထူးချွန်မှုကြောင့်များ အခုလို ဧည့်ခံပွဲနဲ့ ဂုဏ်ပြုတာပါလိမ့်ဟုလည်း သူက တွေးနေမိသည်။
ဝီလျံက လူငယ်စားပွဲထိုးကို လုံးဝစိတ်မ၀င်စားသော်လည်း သူ့လက်တွင် ၀တ်ထားသော ငွေလက်ကောက်ကွင်း ကိုတော့ သတိပြုမိသည်။ လှပသော ရှေးဟောင်းပစ္စည်းဖြစ်၍ တီဖန်နီ ရှေးဟောင်း ပစ္စည်းဆိုင် မှာ ၀ယ်လယတာဖြစ်မည်ဟု တွေးမိသည်။ ပစ္စည်းနှင့် လူ မလိုက်ဖက်လေ ခြင်း ဟုလည်း တွေးလိုက် မိသည်။
"၀ီလျံ" အဘွားကိန်းက ခေါ်လိုက်သည်။ "ကိတ်မုန့်နှစ်ခုဆိုရင် တော်ရောပေါ့သားရယ်၊ ဒီပွဲဟာ သား ဟားဗတ် တက္ကသိုလ် မသွားခင် နောက်ဆုံးစားပွဲ မဟုတ်သေးပါဘူးကွယ်"
ဝီလျံက ရယ်ပြီး ဘွားဘွားမျက်နှာကို ရွှန်းရွှန်းစားစား ကြည့်လိုက်သ၉ည်။ စားပွဲထိုးလူငယ် လက်မှ ငွေလက်ကောက်ကွင်း ကို လုံးဝသတိမရတော့။
အခန်း (၁၃) ဆက်ရန်
.
No comments: