Sunday, May 23, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၃)

အခန်း (၃)

ပန်းဥယျာဉ်ထဲတွင် နီကိုလတ်စ်အတွက် နေရာတနေရာ သီးခြားလုပ်ပေးထားသည်။ သူ့အဖေ၏ စိတ်ကူး အတိုင်း အိုလင်ယန်ဒါပန်းနွယ်များဖြင့် ပန်းခုံးတခုပြုလုပ်ပြီး ထိုပန်းခုံးအောက်၌ ခြေညောင်း လက်ဆန့် နေနိုင် သည့် ဆိုဖာရှည်တလုံးချပေးထားသည်။ နီကိုလတ်စ်သည် နေ့လယ်စာ စားပြီးချိန်မှ စ၍ ညနေခင်း လက်ဖက်ရည် မသောက်မီ အချိန်အထိ ထိုဆိုဖာပေါ်တွင် နားနား နေနေ နေရသည်။ သူ့အဖေ ခိုင်းထား သည့် အတိုင်း ပင်လယ်လေကို ရှူ၍ သူ့အဖေ ရွေးချယ် ပေးထားခဲ့သည့် စာအုပ်ကိုဖတ်၍ အချိန်ဖြုန်း ရလေသည်။

ယနေ့ မွန်းလွဲပိုင်းတွင်မူ နီကိုလတ်စ် ပျင်းရိငြီးငွေ့လျက်ရှိသည်။ စာဖတ်ချင်စိတ်လည်း ကင်းမဲ့လျက် ရှိသည်။ သူ့မျက်လုံးများသည် စာအုပ်ပေါ်၌မရှိ။ ခပ်လှမ်းလှမ်းရှိ ကက်တားပါး သစ်ပင်အောက်၌ တလှုပ် လှုပ် နှင့် အလုပ်လုပ်နေသော ဥယျာဉ်မှူးထံ ရောက်နေသည်။ ဥယျာဉ်မှူး အလုပ်ဝင်သည်မှာ နှစ်ရက်ရှိပြီ။ နီကိုလတ်စ် အနေဖြင့် ဥယျာဉ်မှူးနှင့် စကားပြောချင်စိတ် ပြင်းပြလျက်ရှိ၏။ သို့သော်လည်း အခါအခွင့်က မသင့်။ သင့်သည့်အခါ ကျပြန်တော့လည်း သူက စတင်၍ နှုတ်ဆက်စကား ပြောရမည်ကို ရှက်နေသည်။

ဂျိုစီ လုပ်ကိုင်နေပုံမှာ သွက်လက်မြန်ဆန်လှပေသည်။ သူသည် ပေါင်းမြက်များကို သုတ်သင်ရင်း မြေကိုပါ တဆက်တည်း တူးဆွနေခြင်းဖြစ်၏။ မကြာခင်မှာပင် သူထိုင်နေသည့် ဆိုဖာအနီးသို့ ရောက်လာ ပေတော့ မည်၊ လူချင်း ဘာစကားမျှမပြော ဖူးသော်လည်း သူနှင့် စပိန်လူငယ်သည် မကြာခင် အလွန် ရင်းနှီး ခင်မင် သည့် လူနှစ်ဦးအဖြစ် ရောက်လာလိမ့်မည်ဟု သူ့စိတ်က သိနေသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသည် ကိုတော့ သူမပြောတတ်။ သူ့အထင်သည် မှားများနေမလား။

ဂျိုစီ သည် သူ တွေးထင်နေသလို လူရိုးလူကောင်း တယောက် မဟုတ်ပဲ ဘဏ္ဍာစိုး ဂရေစီယာလို လူစားမျိုး ဖြစ်နေခဲ့ပါမူ။ ဤအတွေးသည် နီကိုလတ်စ်၏ စိတ်ကို ခြောက်လှန့်နေသည်။ သူ့စိတ်ထဲက ကျိတ်၍ ခင်မင် နေမိသည့် ဂျိုစီအား ဂရေစီယာလို လူမျိုးတော့ မဖြစ်စေချင်။ ဂရေစီ ယာလို လူလိမ်လူညစ်သာဖြစ်နေခဲ့ပါမူ သူ စိတ်မကောင်း ဖြစ်ရပေတော့မည်။ ထိုအခါ နီကိုလတ်စ်၏ စိတ်သည် တုန်လှုပ်ချောက်ချားလာသည်။ ထို အတွေးမျိုး ကို တွေးရမှာ ကြောက် လာသည်။

နောက်ဆုံးတွင် ဥယျာဉ်မှူး လူငယ်သည် နီကို လတ်စ်ရှိရာ ပန်းခုံအနီးသို့ ရောက်လာသည်။ သူသည် ခါးကို ဆန့်၍ ရပ်လိုက်ပြီး တူရွင်းပြား လက်ကိုင်ပေါ်တွင် တံတောင်နှစ်ဘက် ထောက်လိုက်ကာ နီကိုလတ်စ်အား ကြည့်၍ ပြုံးသည်။ သူက စကားစပြောမှ ဖြစ်မည်ဟု နီကိုလတ်စ် တွေးသည်။ သို့သော်လည်း ဘာကစ၍ ပြောရမှန်း မသိ။ ရုတ်တရက် အသံမထွက်နိုင်။ စကားလုံးများက လည်ချောင်းတွင် ကပ်နေသည်။

' ခင်ဗျား ... သိပ်အလုပ်လုပ်တာပဲ ' ဟု ထစ်တီးထစ်ငေါ့နှင့် ပြောသည်။
' မလုပ်ပါဘူးကွာ ' ဂျိုစီက လှိုက်လှိုက်လှဲလှဲပြုံးပြပြီးနေလောင်ထားသော သူ့ပခုံးနှစ်ဘက်ကို တွန့် သည်။ သူ့ ကိုယ် အပေါ်ပိုင်းတွင် အင်္ကျီမရှိ။ ခါးတွင် ချည်ဘောင်းဘီဟောင်း ၀တ်ထားသည်။ သူ့ အသားအရေမှာ နူးညံ့ပြီး ရွှေဝါရောင် ပေါက်နေသည်။ ကျစ်လျစ်မာကျောပုံလည်းရ၏။ တူရွင်းပြား နှင့် မနားတမ်း ပေါက်လာ ခဲ့ရသော အရှိန်ကြောင့် အသက်ရှူမမှန်။ သူသည် ခဏမျှ အမောဖြေပြီးမှ စကားဆက်ပြောသည်။ ' မင်းကော ဘာမှ မလုပ်ဘူးလား '

' ကျွန်တော် ဒါတွေ လုပ်တယ်လေ... ' နီကိုလတ်စ်က သူ့ဆိုဖာဘေးတွင် ချထားသည့် စားပွဲပေါ်မှ စာအုပ် များကို ညွှန်ပြသည်။
' အေး ... ဟုတ်သားပဲ ' တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ဂျိုစီက ခေါင်းတဆက်ဆက် ညိတ်သည်။ နီကိုလတ်စ် ၏ ထူးခြားသော ဥာဏ်ရည် ဥာဏ်သွေးကို အသိအမှတ်ပြုသည့်သဘော။ ' မင်းသိပ်တော် တယ်လို့ ငါကတော့ ထင်တာပဲ '

' အို ... သိပ်မတော်ပါဘူးဗျာ ' ဟု နီကိုလတ်စ်ကပြောသည်။ ရှက်စိတ်ဖြင့် သူ့မျက်နှာသည် စော စောက ထက် နီရဲလာသည်။ ' ဒါပေမယ့် ကျွန်တော်က အချိန်များများ အနားယူဖို့ လိုတယ်မဟုတ်လား၊ ဒါကြောင့်မို့ စာဖတ် နေရတာပါ '
' အခုကော ... မင်းနေကောင်းရဲ့လား၊ ဖျားများဖျားနေသလား ' ဟု ဂျိုစီက မေးသည်။
' ကျွန်တော့်မှာ အဖျားနည်းနည်းကတော့ အမြဲရှိနေတာပဲ ' ဟု နီကိုလတ်စ်က စိတ်ရှုပ် စိတ်ညစ် သံဖြင့် ဖြေသည်။ ' ကျွန်တော်က ကျန်းမာရေး သိပ်မကောင်းဘူး ဗျ '
ဂျိုစီ က ပြုံးသည်။

' မင်း ... အခု ငါ အလုပ်လုပ်သလို လုပ်နေယင် ကျန်းမာလာမယ်လို့ ထင်တယ် ' သူက လက်တဘက်ကို ဆန့်တန်း ပြသည်။ ' ကဲ ... လာကွာ၊ ငါအခု မြေတူးပြီးပြီ၊ ပန်းပင်တွေ စိုက်တော့မယ်၊ မင်းငါ့ကို ကူညီ နိုင်မှာပါ '

နီကိုလတ်စ်မှာ ၀မ်းသာလုံးဆို့ကာ စကားပင် မပြောနိုင်။ ပထမတော့ ထိုင်နေရာမှ ရုတ်တရက်မထပဲ ကြောင်နေ သေးသည်။ သို့သော်လည်း တဒင်္ဂမျှသာဖြစ်၏။ ဂျိုစီက သူ့လက်ကို လှမ်းဆွဲလိုက်သောခါ ချက်ချင်း ထရပ်သည်။ စောစောက ၀င်နေသည့် ရှက်စိတ်မှာ ဘယ်ဆီ ရောက်သွားမှန်းမသိ။ သူတို့သည် ပန်းအိုး နှင့် ပျိုးပင်များထားရာ တဲဆီသို့ သွားကြသည်။ တဲထဲတွင် ကောင်စစ်ဝန်၏ အမိန့်အရ မနက်ကမှ ဂျိုစီ ကိုယ်တိုင် ပီတူးနီးယားပန်းပျိုးပင် သေတ္တာတလုံးကို ကောက်ထမ်းလိုက်ပြီး မြက်ခင်းပြင်၏ တဘက် အစွန်း သို့ ဆက်သွားသည်။ ထိုနေရာတွင် စနစ်တကျ တိုင်းထွာပြီး အကွက်သစ်တွက် လုပ်ထားသည်။ မြေ ကိုလည်း အသစ်ပြန်လည်ပြုပြင် ထားသည်။ ဥယျာဉ်မှူး ဂျိုစီသည် ထိုမြေကွက်ပေါ်တွင် ပျိုးပင်များကို တပင်ပြီး တပင် ယူ၍စိုက် သည်။

ပထမတော့ နီကိုလတ်စ်သည် ဂျိုစီလုပ်သမျှကို ထိုင်ကြည့်ကာ သာယာကျေနပ်လျက်ရှိသည်။ သို့သော် လည်း ဂျိုစီက သူ့အား မကြာခဏ လှည့်လှည့် ကြည့်နေသဖြင့် သူပါဝင် လုပ်ချင်စိတ် ဖြစ်လာသည်။ သူသည် ဂျိုစီဘေးတွင် ဒူးထောက်ထိုင်ကာ ပျိုးပင်တပင်ကိုယူ၍ မ၀ံ့မရဲဖြင့် စိုက် ကြည့် သည်။

ထို့နောက်တော့ တပင်ပြီးတပင်ယူ၍စိုက်ကြည့်သည်။ ရပ်နေဖို့ နားနေဖို့ပင် သတိမရ။  စိုပြည်စိမ်းလန်းပြီး အေးမြလျက်ရှိသော ပျိုးပင်ကို ကိုင်ရသည်မှာ ချစ်စရာကောင်းလှပါဘိခြင်း။ မြေကိုယက်၍ မြေကြီးခဲများကို မွမွကြေအောင် ဆုပ်ချေပေးရသည်မှာလည်း အရသာတမျိုးရှိနေ သည်။ ပြီးတော့ ယက်ထားသည့် တွင်းထဲ သို့ အမြစ်ပိုင်းကို ချလိုက်ပြီး ဘေးပတ်ပတ်လည်မှ မြေကြီး များဖို့ပေးလိုက်သည့်အခါ ပျိုးပင်သည် ကမ္ဘာ လောကကြီးကို ရဲရဲဝံ့ဝံ့ ၀င့်ဝင့်ကြွားကြွားနှင့် ရင်ဆိုင် သွားတော့မည့်နှယ် ခေါင်းတထောင်ထောင် လည် တမော့မော့ ဖြစ်လာလေသည်။

နီကိုလတ်စ်သည် မြို့ပေါ်၌သာ အမြဲတစေ နေခဲ့ရသူဖြစ်သည်။ သူနေထိုင်ခဲ့ရသည့် အိမ်များမှာ လည်း အိမ်ပေါ်မှ ဆင်းလျှင် လမ်းမပေါ်ရောက်သွားသည့် အိမ်များချည်းဖြစ်သည်။ ခြံနှင့်ဝင်းနှင့် ကျယ်ကျယ် ၀န်းဝန်း ရှိကြသည်မဟုတ်။ အခု သူ ဂျိုစီ၏ဘေး၌ ဆောင့်ကြောင့်ထိုင်နေသည့်အခိုက် တွင် နေရောင်ခြည် သည် သူ့ လည်ကုပ်ပေါ်သို့ နွေးနွေးစွာ ကျရောက်လျက်ရှိသည်။ သူ့နှာခေါင်းဝ သို့ တိုးဝင်လာနေသော မြေနံ့ သည် သူ့အား ယစ်မူးသာယာအောင် ဖန်တီးပေးလျက်ရှိသည်။

သူ့ အဖို့တော့ အလျင့်အလျင်က မတွေ့ဖူးမကြုံဖူးခဲ့သည့် အထူးအဆန်းများဖြစ်နေပေသည်။ သူ့ရှပ် အင်္ကျီ အောက်တွင် ချွေးသီးချွေးပေါက်များ စိမ့်ထွက်လျက်ရှိ၏။ ဤချွေးများသည် သူ့သဘာဝအတိုင်း ထွက်လာ နေသည့် ချွေးများဖြစ်သည်။ ဤချွေးများအတွက် စိုးရိမ်ပူပန်ခြင်း မဖြစ်မိ။

လေးနာရီ ထိုးခါနီးသောအခါ ပန်းစိုက်ပျိုးခြင်း အလုပ်ပြီးဆုံးသွားသည်။ နီကိုလတ်စ်သည် ဂျိုစီ၏ ဘေးမှ ရပ်ကာ သူတို့နှစ်ယောက်စိုက်ထားခဲ့သည့် ပန်းပင်များကို အလွန်အားရကျေနပ်သော မျက်နှာ ထားဖြင့် ကြည့်နေသည်။ ဤမြေပေါ်၌ အရောင်မျိုးစုံဖြင့် ဝေေ၀ဆာဆာ ဖူးပွင့် လာကြတော့မည့် ပန်းပွင့်များကို စိတ်ကူးဖြင့် မြင်ယောင် ထင်ယောင် ဖြစ်နေသည်။ သူ့အတွေး သူ့အာရုံသည် ပန်းခင်းပေါ်၌သာ စူးစိုက်လျက် ရှိသဖြင့် အိမ်ထဲသို့ ၀င်လာသည့် မော်တော်ကားသံ ကိုပင်မကြား။ သို့သော်လည်း နောက် တမိနစ်ခန့် အကြာတွင် သူ့နောက်နားမှ သူ့အဖေ၏ အသံကို ကြားလိုက်ရသဖြင့် တကိုယ်လုံး တုန်သွား သည်အထိ လန့်ဖျပ်သွားလေသည်။

' နီကိုလတ်စ် ... မင်းဘာတွေ လျှောက်လုပ်နေတာလဲ ' သူ့အဖေ၏အသံတွင် အံ့သြခြင်းနှင့် သဘော မကျခြင်း တို့ ရောစွက်လျက်ရှိ၏။
နီကိုလတ်စ် သည် သူ့အဖေအသံကြောင့် လန့်ပြီး ခုန်လိုက်မိသေးသည်။ ပြီးတော့မှ ရွှငလန်းဝမ်းသာ သော မျက်နှာထား ဖြင့် လှည့်ကြည့်သည်။

' ကျွန်တော် ကနေ့ သိပ်ပျော်တာပဲ ဖေဖေ၊ သူ လုပ်နေတာကြည့်ယင်းနဲ့ ကျွန်တော်ပါ ပီတူးနီးယား ပန်းပင် တွေ ကူစိုက်ပေးတယ်၊ အခု အားလုံးစိုက်ပြီးသွားပါပြီ၊ ရေလောင်းပေးဖို့ပဲ လိုတော့တယ်၊ ရေမလောင်း ယင်တော့ သူတို့အားလုံး ရှင်မှာမဟုတ်ဘူး ' မြူးကြွသောလေသံဖြင့် သူ့အဖေအား ပြောပြသည်။ ' သိပ်နောက် မကျသေးပါဘူးဖေဖေ၊ သားသား ဒီမှာ ခဏနေပါရစေဦး '
ဘရန်းဒီး သည် ဝေခွဲ၍မရနိုင်သော မျက်နှာထားဖြင့် ကြည့်နေသည်။

စိတ်ထဲက သိပ်ပြီးတော့ ကျေနပ်ပုံတော့မရ။ သူ့သားမျက်နှာပေါ် ရောက်နေသည့် သူ့အကြည့်သည် စပိန် ဥယျာဉ်မှူး လူငယ်ဆီ ကူးပြောင်းသွားသည်။ လူငယ်ကတော့ သူတို့သားအဖကို မကြည့်။ အခြေအနေကို ရိပ်မိ ဟန်တူသည်။ ပန်းပင်များ အတန်းလိုက်စိုက်ရန်အတွက် ဆွဲထားသည့် ကြိုးကို ပြန်ခွေနေသည်။ သူ့အပြုအမူ မှာ သူ့အလုပ်မှတပါး တခြားဘာကိုမှ စိတ်မ၀င်စားသည့်နှယ် ဖြစ် သည်။ တင်းမာ လျက် ရှိသော ကောင်စစ်ဝန်၏ မျက်နှာသည် တဖြည်းဖြည်းချင်း ပြေစပြုလာသည်။ သူသည် မျက်ခုံးများကို တချက် ပင့်လိုက်ပြီး သူ့သားအား လှမ်းပြောသည်။

' အေး ...၊ သား နေချင်သေးယင်နေခဲ့၊ သိပ်တော့ မကြာစေနဲ့နော်၊ အအေးမမိအောင်လဲ သတိထား၊ ဖေဖေ တို့  သေတ္တာတွေ ရောက်လာပြီ၊ ဖေဖေ ပစ္စည်းတွေ ထုတ်လိုက်ဦးမယ် '
' ကျေးဇူးပဲ ဖေဖေ ' ဟု နီကိုလတ်စ်က ၀မ်းသာအားရ ရေရွတ်သည်။ ' အအေးမမိပါဘူးဖေဖေ၊ စိတ်ချပါ၊ ကျွန်တော် ကြာကြာမနေဘူး၊ အခုပဲ လိုက်လာခဲ့ပါ့မယ် '
ဟာရင်တန် ဘရန်းဒီးသည် အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ခန်းမထဲမှ ထင်းရှူးသေတ္တာကြီး သုံးလုံး သည် သူ့အား စောင့်ကြိုလျက်ရှိသည်။ သေတ္တာအဖုံးများမှာ ပွင့်နေပြီ။ ပစ္စည်းများမကွဲမရှ မထိခိုက် စေရန် ထည့်လာ သည့် ကောက်ရိုးများမှာလည်း အပြင်သို့ ရောက်နေကြပြီ။ ဂရေစီယာက အလိုက်သိစွာ လုပ်ကိုင် ထားခြင်းဖြစ်၏။

ဒါမျိုးကျတော့ ဘရန်းဒီးက သဘောကျသည်။ ဂရေစီယာ သည် သူ မျှော်လင့်ထားသည်ထက် ပို၍ အသုံးဝင်သော၊ ပို၍ အကူအညီရသော လူတယောက်ဟု သူထင်သည်။ အနီးတွင် ဂရေစီယာမရှိ။ သူသည် လူခေါ် ခေါင်းလောင်းကြိုးကို ဆွဲလိုက်ပြီး သေတ္တာထဲမှ ပစ္စည်းများ အပျက်အစီးအပျောက်မရှ ရှိ မရှိ စေ့စေ့ စပ်စပ် ငုံ့ကြည့်သည်။ သူသည် အတွင်းမှ တိပ်ကြိုးအနီဖြင့် ချည်ထားသော သေတ္တာကလေးတလုံးကို တယု တယ ဆွဲထုတ်သည်။

' ကျွန်တော့်ကို ခေါ်ပါသလား ... ဆီညော် '
ဘရန်းဒီးက ဖြတ်ကနဲ လှည့်ကြည့်သည်။
' အေး ... ခေါ်တယ် ဂရေစီယာ၊ မင်းကတော့ အတော့်ကို အလိုက်သိတတ်တဲ့ လူတယောက်ပါပဲ၊ ကဲ အခု ဟောဒီ ဟာလေးကိုယူ၊ ကောင်းကောင်းကိုင်ကွာ၊ အဲဒါ ငါ့စာအုပ် လက်နှိပ်စက်မူကွ '
ဂရေစီယာ မျက်လုံးကျယ်သွားသည်။
' ဆီညော် စာရေးဆရာ တယောက်လား ခင်ဗျာ '

ကောင်စစ်ဝန်အဖို့ ဤမေးခွန်းမှာလည်း သဘောကျစရာပင် ဖြစ်နေသည်။ မြှောက်လုံး ပင့်လုံးကလေး ပါနေသည့်တိုင်အောင် သူ့ စိတ်ကြိုက်ဖြစ်နေသည်။ ဘရန်းဒီးက ခေါင်းကို ညိတ်၍ ပြသည်။
' ဒီအလုပ် လုပ်လာတာလဲ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုပါတော့ကွာ၊ အလွန် ထင်ရှားထူးခြားတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ အတ္ထုပ္ပတ္တိပေါ့ '
' ဆီညော်ရဲ့ အကြောင်းဆိုပါတော့ ... ဟုတ်လား '
ဘရန်းဒီး က ဂရေစီယာ၏ အပြောကို သဘောကျသဖြင့် ဟက်ဟက်ပက်ပက်ရယ်သည်။

' တော်ပြီ ... ဂရေစီယာ .... တော်လောက်ပြီ၊ မင်းစပ်စုတာ နည်းနည်းလေး များသွားပြီ၊ စက္ကူထူထူ တရွက် ရှာပြီး အဲဒီဟာကို ကျကျနန ထုပ်စမ်း၊ ငါရုံးကို ယူသွားမလို့၊ ပြီးတော့ ဒီကို ပြန်လာခဲ့၊ သေတ္တာထဲက ပစ္စည်း တွေ ထုတ်ကြရအောင် '
' ဟုတ်ကဲ့ပါ ဆီညော် '

ဂရေစီယာ သူ့အပါးမှ ထွက်သွားသောအခါ ဘရန်းဒီးသည် ခဏမျှ ငိုင်၍ရပ်နေမိသည်။ ထို့နောက် သူနှင့်ကပ်နေသော သေတ္တာဆီသွား၍ အထဲမှပစ္စည်းများကို စေ့စေ့စပ်စပ်လျှောက်ကြည့်သည်။ ဘယ်ပစ္စည်း ကို အလျင်ဆုံး ထုတ်ရပါမည်နည်း။ သို့သော်လည်း သူ့အတွေးစသည် ပြတ်သွားသည်။ သူ့မျက်လုံး များသည် သေတ္တာအပေါ်ဆုံး၌ ရှိနေသည့် စက္ကူအထူစားနှင့် ပြုလုပ်ထားသော ကတ်ဘုတ် တခု ၏ ဖမ်းစားခြင်းကို ခံရသည်။

စိတ်ထဲက သဘောမတွေ့သည့်နှယ် စုတ်တချက်သပ် လိုက်မိ၏။ ပစ္စည်းများကို တာဝန်ယူ၍ သိမ်းဆည်းထည့်သွင်းပေးခဲ့သည်မှာ ဟာဗရီး ကုမ္ပဏီမှဖြစ် သည်။ သူတို့ကတော့ ဘာမှသိကြသည် မဟုတ်။ ပစ္စည်းအားလုံးကို သူ့နေရာနှင့်သူ အဆင်ပြေ အောင် ထည့်ပေးလိုက်ခြင်းသာဖြစ်မည်။ ဤကတ်ဘုတ် သူ့မျက်စိအောက်မှ ပျောက်ကွယ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ဤ ကတ်ထုတ် သည် သူ့ဇနီးသည်၏ ဓာတ်ပုံထည့်ထားသည့် ကတ်ဘုတ်ပေတည်း။

သူ့လက်များသည် ဓာတ်ပုံရှိရာသို့ ဖြည်းဖြည်းချင်း တိုးသွားလျက်ရှိသည်။ ဆီးကြို၍ ပေါက်လိုက်ရန် မာန်ဖီ နေသည့် မြွေတကောင်ကို ကိုင်ဖမ်းမိရန် အားထုတ်နေသည်နှင့် တူလှပေသည်။ ဓာတ်ပုံ လက်ထဲ ရောက်လာသည့်အခါ တည်တည်ငြိမ်ငြိမ်နှင့် ကြည့်နိုင်ဖို့အတွက် သူ့စိတ်သူ တင်းရပြန် သည်။ ဆွဲဆောင်မှု ရှိ သလောက် ချစ်စရာကောင်းသော မျက်နှာ..။ နက်မှောင်သော မျက်လုံးများ သည် နူးညံ့ သိမ်မွေ့ လှသည်။ စိတ်အာရုံ၏အလိုကို လိုက်တတ်သည့် နှုတ်ခမ်းများပေါ်တွင် အပြုံး ရိပ်သည် သမ်းလျက် ရှိလေသည်။

တကယ်တော့ ဤအပြုံးသည် သူ့အား အမြဲတစေ ဒုက္ခပေးခဲ့သော အပြုံးဖြစ်ချေသည်။ သူသည် ဓာတ်ပုံကို လက်က မချပဲ ပြတင်းပေါက်အနီးရှိ ကုလားထိုင်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ အတိတ်က အရိပ် သည် သူ့ အတွေး အာရုံအတွင်းသို့ ၀င်ရောက်လာသည်။ ရှောင်လွှဲ၍မရနိုင်သော ကံကြမ္မာ၏ စေစားချက် အရ သူနှင့် မာရီယွန်တို့ ပထမဆုံးအကြိမ် ဆုံမိခဲ့ကြသည့် ညနေခင်း။

*
လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်သည်။ ထိုစဉ်က သူသည် အလုပ်မှခွင့်ရက်ရှည်ယူပြီး နားနေခိုက် ဖြစ်၏။ တရက်တွင် ၀ါရှင်တန်မှနေ၍ ဘော်ဒိုအင်း ကောလိပ်သို့ လာခဲ့ရသည်။ ကိစ္စက ကျောင်းသူ ကျောင်းသား များ အသင်း တသင်းတွင် ဘာသာရပ်တခု ဟောပြောပို့ချပေးဖို့။ သူ့အလုပ် တာဝန်ပြီး စီးသွားသောခါ အသင်း သူ အသင်းသားများက တညနေခင်းတွင် သူ့အား ဂုဏ်ပြုသည့် ဧည့်ခံပွဲလေးတခု ပြုလုပ်ခဲ့သည်။

ထိုဧည့်ခံပွဲတွင် သူနှင့် မာရီယွန်တို့ စတင် ဆုံမိခဲ့ကြသည်။ တံခါးအနီး၌ ရပ်နေသော မိန်းမပျိုတဦး။ အသား အရောင်က ဖြူရော် ဖျော့တော့သည်။ ကိုယ်လုံး ကိုယ်ထည်က ပိန်ပိန် ပါးပါး။ တကိုယ်လုံး အနက် ရောင် ၀တ်ထားသဖြင့် ထူးခြားနေသည်။ ကွယ်လွန်သွားသော မိခင်အတွက် ၀မ်းနည်းသော အထိမ်းအမှတ်ဖြင့် ၀တ်ဆင် ထားခြင်းဖြစ်သည်။ ဘရန်းဒီးသည် ဆန့်ကျင်ဘက် လိင်များနှင့် အများ ကြီးတွေ့ခဲ့ဖူးသည်။ ခင်မင် ခဲ့ဖူးသည်။ တရင်းတနှီး ပေါင်းသင်း ဆက်ဆံခဲ့ဖူးသည်။

သို့သော်လည်း ဘယ်သူ့ကိုမှ စိတ်ဝင်စားခြင်းမဖြစ်ခဲ့။ ဤမိန်းမပျိုနှင့်ကျတော့ မြင်လျှင် မြင်ချင်း စိတ်ဝင်စား မိသည်။ အလျင့်အလျင်က မဖြစ်ပေါ်ခဲ့ဖူးသည့် စိတ် ခံစားမှုလည်း ရှိလာခဲ့သည်။ ဤ စိတ်ခံစား မှုမျိုးကို သူ ဘယ်တုန်းကမှ မပေါ်ခဲ့စဖူး။ မိန်းမပျိုနှင့် မိတ်ဆက်ပေးမည့်သူ မရှိ၍ သူ့လာသာသူ မိတ်ဆက် ခဲ့ရသည်။ ရမည်ရှာ၍ စကားစမြည်ပြောယင်းကပင် မိန်းမပျို၏အကြောင်း ကိုလိမ္မာပါးနပ်စွာဖြင့် စုံစမ်း ခဲ့သည်။ မိန်းမပျိုမှာ ဆင်းရဲနွမ်းပါးသည်။

သူ့ဖခင်သည် ဇရာထောင်း သဖြင့် အငြိမ်းစား ယူခဲ့ရသော တက္ကသိုလမတခုမှ ပါမောက္ခဟောင်းတဦး။ ဖခင်မှာ ဆေးကု၍ မရ နိုင်တော့သည့် နာတာရှည်ရောဂါဖြင့် မြို့ထဲရှိ အပေါစားတည်းခိုခန်းများတွင် တခန်းပြီး တခန်း လှည့်လည်ပြောင်းရွှေ့နေရသည့် ဘ၀။

ဤအခြေအနေကို သိခဲ့ပြီးသည့်နောက်တွင် ဘရန်းဒီးသည် ထိုမြို့ဆင်ခြေဖုံး ရပ်ကွက်တခုတွင်ရှိ ဟိုတယ် တခုတွင် အခန်းငှားပြီး သူ၏အားလပ်ချိန်များကို ထိုနေရာ တ၀ိုက်၌ပင် ကုန်လွန်စေခဲ့ သည်။ အချိန်ရသမျှ မာရီယွန်နှင့် ဆုံမိအောင် ကြိုးစားကာ လူပျိုလှည့်သော အလုပ်ကို လုပ်ခဲ့သည်။ သို့သော်လည်း သူ့ အလုပ်မှာ အောင်မြင်မှု သိပ်မရခဲ့။ မလျှော့သောဇွဲဖြင့် ပိုးပန်းခြင်း ပြုခဲ့ပါသော်လည်း တဘက်မှ တုံ့ပြန်ခြင်း ကိုမရခဲ့။

သူ့တွင် လက်ထပ်လိုသောဆန္ဒ မရှိပါဟု မာရီယွန်က ဆိုသည်။ သူနှင့် လက်ထပ်ဖို့ ဘရန်းဒီးက နှစ်ကြိမ် တိတိ ပြောခဲ့သည်။ နှစ်ကြိမ်စလုံး မာရီယွန်က ငြင်းခဲ့သည်။ စိတ်ပျက်လက်ပျက်ခြင်းဖြင့် သူ နောက်ဆုတ် ခဲ့ရသော်လည်း မာရီယွန် အပေါ် စွဲလမ်းသောစိတ်၊ မာရီယွန်၏ အလှတွင် တပ်မက်သော စိတ်များ ကြောင့် လုံးဝလက်မြှောက် အရှုံးပေးခြင်းတော့ မပြုနိုင်။ သူ့စကားကို ငြင်းပယ်ထားသည့် ကြားမှပင် မာရီယွန်ထံ အသွား အလာမပျက်ရှိခဲ့သည်။

ဤသို့ဖြင့် ထိုနှစ် ဆောင်းရာသီ၏ ဖေဖော်ဝါရီလတွင် မာရီယွန်၏ ဖိင် ကွယ်လွန်သွားခဲ့သည်။ မာရီယွန် သည် တယောက်တည်း အထီးကျန်ဘ၀ဖြင့် ကျန်ရစ်ခဲ့လေသည်။ ဤအခွင့်အရေးသည် ဘရန်းဒီးအဖို့ ရတောင့် ရခဲ အခွင့်အရေးဖြစ်သဖြင့် လက်လွတ်မခံနိုင်။ ဖြစ်ပေါ်လာသည့် အခြေအနေကို သူ့ဘက်က အလေးသာ နိုင်မည့် အခြေအနေ။ သူ့ဖခင်အား သင်္ဂြိုဟ်ပြီးသည့် ညနေစောင်းတွင် မာရီယွန်သည် သူငှားထား သည့် အခန်း၏ပြတင်းပေါက် အနီးတွင် စိတ်ပျက် ညှိုးငယ်စွာဖြင့် ထိုင်ကာ ငေးငိုင် လျက်ရှိသည်။

မိုးစက် မိုးပေါက်များသည် ပြတင်းပေါက် ဘောင်ပေါ်သို့ စီးဆင်းလျက်ရှိ၏။ အပြင်ဘက်တွင် ဆီးနှင်း များသည် အဆုပ်လိုက် အခဲလိုက် ကျလျက် ရှိ၏။ လမ်းများပေါ်ဝယ် အရည်ပျော်စပြုနေသော နှင်းရည် များသည် မြေကြီးနှင့် ထိတွေ့ ရောစပ်ကာ ရွံ့ရည် ရွံ့ပျော့များဖြစ်လျက် ရှိလေသည်။

မာရီယွန်သည် တယောက်တည်း ငြိမ်သက်စွာ ထိုင်နေရာမှ စိတ်ပျက်စရာ ကောင်းလောက်အောင် အထီးကျန် နိုင်လှသည့် သူ့ဘ၀အကြောင်းကို တွေးတော စဉ်းစားနေဟန် ရှိသည်။ ထို့နောက် ဘရန်းဒီးအား အလွန် ထူးဆန်းသော မျက်နှာထားဖြင့် မော့်ကြည့်သည်။ ထို့နောက်တော့ ... ဘရန်းဒီး၏ ဆန္ဒအတိုင်းဖြစ်ဖို့ သဘောတူ ခဲ့လေသည်။

သူတို့လက်ထပ်ပြီးသည့်နောက် ဘာတွေဖြစ်ခဲ့ပါသနည်း။ အမှန်အတိုင်း ၀န်ခံရလျှင် သူ မာရီယွန်ကို သိပ်ချစ် သည်။ ချစ်လွန်း၍လည်း မာရီယွန်အတွက် သူ့စိတ်ထဲက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆရ သမျှ ကို လုပ်ကိုင်ပေးခဲ့သည်။ သူ မာရီယွန်အပေါ် မည်မျှ လောက်အထိ ချစ်သည်ကို ဘုရားသခင်မှတပါး တခြား ဘယ်သူမှ သိနိုင်မည် မထင်။

ထိုအချိန်က သူသည် ၀ါရှင်တန်မြို့တော်မှာပင် အလုပ်တာဝန်ကျနေဆဲ။ သူ့ဘ၀၏ ရှေ့အလား အလာ ကလည်း များစွာကောင်းနေသည့် အချိန်။ သူတို့ ငှားနေသည့် ဟိုတယ်ခန်းကလည်း နေလို့ ထိုင်လို့ အဆင် ပြေသည်။ မာရီယွန်အပေါ် ချစ်လွန်လွန်းသည့် စိတ်ဖြင့် ဘာမဆို မတောင့်မတ မကြောင့်မကြ ဖြစ်နေ အောင် အစွမ်းကုန် လုပ်ပေးခဲ့သည်။ မာရီယွန် အနားမှ တဖ၀ါးမခွာ ပြုစုသည်။ ယုယသည်။ သူဖတ်သင့် ဖတ်ထိုက် သည့် စာအုပ်တွေ ရွေးချယ်ပေးသည်။ ပန်းကအစ သူ့ဘာသာသူ မ၀ယ်ရ။ ကိုယ်တိုင်ရွေးချယ်ပြီး ကိုယ်တိုင် ပင် ၀ယ်ပေးသည်။

ပွဲလမ်းသဘင် ရုပ်ရှင် တေးဂီတပွဲတွေကျတော့လည်း မာရီယွန်နှင့် သင့်ရာတော်ရာများကို သူ ကိုယ်တိုင်ပင် စီစဉ် ၍ ပို့ပေးသည်။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကျတော့လည်း မာရီယွန် ပေါင်းသင့် ပေါင်းထိုက် သူများကို ရွေးချယ်၍ ပေါင်းသင်းနိုင်ရန် သူကိုယ်တိုင်ပင် စီစဉ်ပေးသည်။ နောက်ဆုံးအချိန်အခါ ရာသီ နှင့်လိုက်၍ ၀တ်စား ဆင်ယင်မှု ပြုနိုင်ရန် အ၀တ်အစား ဖက်ရှင်မှစ၍ အရောင်အသွေးအထိ သူကိုယ်တိုင် ရွေးချယ် ပေးခဲ့သည်။

မာရီယွန်သွားလေရာ သူတွဲလျက် ပါသ်။ ပါတီပွဲ၊ ဧည့်ခံပွဲ၊ ဘာပွဲ ညာပွဲ။ ပွဲ ဟူသမျှတွင်လည်း သူသည် မာရီယွန် နံဘေးမှာ ရှိသည်။ ဧည့်ပရိ သတ်များသော ညစာစားပွဲများ၊ သို့မဟုတ် ဂုဏ်ပြုပွဲ နှုတ်ဆက်ပွဲ စသည့် ဧည့်ခံပွဲ များတွင် မတော် တဆ လူချင်း ကွဲသွားပါကလည်း တဒင်္ဂ ချက်ချင်း မတွေ့တွေ့အောင် လိုက်ရှာ တတ်သည်။ တခြား လူတွေက ဘယ်လိုပဲ ထင်ထင်၊ ဘယ်လိုပဲ မြင်မြင် သူ ဂရုမစိုက်။ သူ့အနေဖြင့် မာရီယွန် ကို သူ့ မျက်စိအောက်မှ အပျောက်မခံနိုင်။ ဤမျှလောက်ထိပင် သူ မာရီယွန်ကို ချစ်မြတ်နိုးခဲ့ပါ၏။

သို့သော်လည်း မာရီယွန်သည် နောက်ပိုင်းကာလများတွင် အလွန် နှုတ်ဆိတ်လာသည်။ သူ ဘာတွေ ပြော နေနေ သူ့ဘက်က ခွန်းတုံ့ပြန်ခြင်းမရှိ။ တုဏှိဘာဝေ ဆိတ်ဆိတ် နေလာတတ်သည်။ ထိုငြိမ်ဆိတ်မှုသည် တနေ့ တခြား ကြီးထွားလာသောအခါ ဘရန်းဒီးမှာ အစဉ်း စားရ ခက်လာသည်။ နိုင်ငံရေး၊ သို့မဟုတ် စာပေ အနုပညာ၊ သို့မဟုတ် တကိုယ်ရေသန့်ရှင်းမှု စသော အကြောင်းအရာ တခုခုနှင့် စပ်လျဉ်း၍ သူ၏ ထင်မြင် ယူဆချက် များကို ဝေဖန် သုံးသပ်ပြ နေသည့်အခါများတွင်လည်း မာရီယွန်သည် တခွန်း တလေမျှပင် ပြန်၍ ပြောဖော် မရပဲ ငြိမ်၍ နား ထောင်နေတတ်သည်။ သို့သော်လည်း သူ့အား ကြည့်နေသည့် မာရီယွန်၏ အကြည့် ကတော့ ထူး ဆန်းနေသည်။ ထိုအကြည့်တွင် အပြုံးရိပ် ခပ်ရေးရေး ထင်ဟပ်နေသည်ဟု သူ ထင်သည်။ မည်သို့ ပင်ဖြစ်စေ မထင်မရှား ဖြစ်ပေါ်နေသော ထိုအပြုံးသည် ဘရန်းဒီး၏ စိတ်ကို များစွာ ကသိ ကအောက် ဖြစ်စေခဲ့၏။

ဘရန်းဒီး အနေဖြင့် တနေ့သော ညနေခင်းကို ပြန်၍ မြင်ယောင်နေမိသည်။ သူတို့၏ သားငယ် မွေးဖွားပြီး လ အနည်းငယ် အကြာတွင် ဖြစ်သည်။ ထိုညက အဖြစ်ကို သူမေ့၍မရ။ ထိုညက မာရီယွန်၏ မျက်နှာသည် အရောင် အဆင်းကင်းမဲ့လျက်ရှိသည်။ သူနှင့် မျက်နှာချင်းဆိုင်၍ ထိုင်နေ သော်လည်း လွှဲဖယ်ထားသည်။ ပြီးတော့ သူ့အတွက် သီးခြား အခန်းတခန်း လုပ်ပေးပါဟု မာရီယွန် က တောင်းခံလာသည်။ သူ မခံစား လိုသော ဝေဒနာတရပ်ကို အချိန်ကာလကြာမြင့်စွာ ကြိတ်မှိတ်၍ ခံစားနေရသူ တဦးနှင့် တူလှသည်။

' ဘာ ... ဘာဖြစ်လို့လဲ ' ဟု သူက မကျေနပ်သော လေသံဖြင့် ပြန်မေးသည်။ ' မင်းဟာ ကိုယ့်မိန်းမ မဟုတ် တော့လို့လား '
မာရီယွန်က သူ့အမေးကို ပြန်ဖြေသည်။ အသံက တိုးလွန်း၍ မနည်းအားစိုက်ပြီး နားထောင်ရသည်။
' တခါတလေ ကျတော့လဲ ကိုယ့်တယောက်တည်း လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး နေချင်တယ် '

ဒါမျိုး ကျတော့ ဘရန်းဒီးက လက်မခံနိုင်။ ခေါင်းမာသည် အခြေအနေနှင့် အချိန်အခါကို ကြည့်၍ လိုက်လိုက် လျောလျော ပြုချင်တတ်သော အကျင့်မရှိ။ တကယ်တော့ မာရီယွန်သည် သူ၏ တရားဝင် ဇနီး ဖြစ်သည်။ သူ့စိတ်တိုင်းကျ ပြုနိုင်သည့် အခွင့်အရေး သူ့မှာ အပြည့်အ၀ ရှိသည်ဟု သူ ယူဆသည်။ ထို့ကြောင့် မာရီယွန်၏ ဆန္ဒကို မလိုက်လျော။

သို့သော်လည်း ထိုအချိန်မှစ၍ မာရီယွန်သည် သူ့အပေါ်၌ စိတ်မ၀င်စားပဲ ဖြစ်လာသည်။ သူ့အပေါ်၌ အလို မကျသော သဘောများကို သိသိသာသာ ပြလာသည်။ မာရီယွန်၏ တုံ့ပြန်မှုမှာ ယုံနိုင်ဖွယ်ပင်မရှိ။ တဖြည်း ဖြည်းနှင့် မာရီယွန်သည် သူ့အပေါ် စက်ဆုပ်သည့် သဘော၊ မုန်းတီး ရွံရှာသည့် သဘောများကိုပင် ပြလာ သည်။ သူကလည်း မာရီယွန်ကို အနိုင်ရဖို့ ကြိုးစားသည်။ မာရီယွန်၏ ကိုယ်ရော စိတ်ပါ အပြည့်အ၀ ပိုင် ဆိုင်နိုင်ဖို့ အားထုတ်သည်။

သူ၏ ကြိုးစား အားထုတ်မှုသည် သူနှင့် မာရီယွန်ကြားတွင် တံတိုင်းကြီးတခု ကာသလို ဖြစ်လာသည်။ ထိုတံတိုင်း ကြီးကို ဖြိုဖျက်နိုင်ဖို့ ကြိုးစားပါသေး၏။ မရ။
မည်သို့ပင် ဖြစ်စေ သူသည် ယောက်ျားတယောက်ဖြစ်သည့် အားလျော်စွာ ယောက်ျား ပီပီပင် နေထိုင် ဆက်ဆံ သည်။ ယောက်ျား တယောက်အနေဖြင့် သူ လိုလားသော ဆန္ဒကို သူ ရအောင် ယူသည်။ သို့သော် လည်း သူ့ဆန္ဒ အပြည့်အ၀ ရသည်ဟု မဆိုနိုင်။ မာရီယွန်သည် သူ၏ ဆက်ဆံ မှုကို ငြင်းဆန်ခြင်း မပြုသော်လည်း သူနှင့်အတူ စိတ်တူ ကိုယ်တူပါဝင်ခြင်းမရှိ။ လူသေအလောင်း တလောင်းသဖွယ် ငြိမ်နေသည် ကများသည်။ ဤသို့ဖြင့် သူတို့နှစ်ဦး၏ လင်နှင့်မယား ဆက်ဆံရေး အခြေအနေသည် ချွတ်ယွင်း ပျက်ပြား လာခဲ့ရလေ၏။

သူ့စိတ်ထဲက မဖြစ်နိုင်ဟု သိနေသည့်ကြားကပင် မာရီယွန်၌ တိတ်တိတ်ပုန်းချစ်သူ ရှိနေသလားဟူ သော သံသယ ၀င်လာသည်။ ထိုအခါ သ၀န်ကြောင်စိတ်သည် သူ့အလိုအလျောက် ဖြစ်ပေါ်လာ သည်။ ထို့ကြောင့် မာရီယွန် ၏ လှုပ်ရှားမှု ဟူသမျှကို မျက်ခြည်မပြတ် စောင့်ကြည့်ခိုင်းခဲ့၏။ သို့သော်လည်း မသင်္ကာစရာ အထောက် အထား မတွေ့ခဲ့။ သူ့ထက်ပို၍ ချစ်ရမည့်သူ မရှိပါပဲလျက်နှင့် သူ့အပေါ် မုန်းတီးရွံရှာခြင်း ဖြစ်နိုင် ပါမည်လော။

ထို့နောက် သူသည် ၀ါရှင်တန်မှ ဥရောပတိုက်သို့ ပြောင်းရွှေ့ခဲ့ရသည်။ သူတို့ မိသားစုသည် စတတ်ဂက်၊ လိုင်ဂျီ၊ အန်ကိုလာ စသောဒေသများသို့ ရောက်ခဲ့ကြသည်။ တနေရာမှ တနေရာသို့ ရွှေ့ပြောင်း နေထိုင် ခဲ့ကြ ရသော်လည်း သူတို့ လင်မယား၏ ဆက်ဆံရေး အခြေအနေကတော့ မပြောင်း။ သာမန်စိတ်ရှိသော မိန်းမ တယောက်သည် လင်ယောက်ျားအပေါ် သံယောဇဉ်တော့ ရှိ သင့်သည်ဟူသော စကားကို နာကျည်း သော စိတ်ဖြင့် ဘရန်းဒီးက မကြာခဏ ပြောခဲ့သည်။ မာရီယွန်ကတော့ အချိုးမပြောင်း။

ကိုယ့်နိုင်ငံကိုယ့်ဒေသကို ပြန်ရောက်လျှင် သူ့စိတ်များ ပြောင်းလေမလား။ ဤအတွေးဝင်လာသောအခါ သူ့ စိတ်များ ပြောင်းလေမလား။ ဤအတွေး ၀င်လာသောအခါ စိတ်ပြေလက်ပျောက်လည်း ဖြစ်စေ၊ စိတ်နေ စိတ်ထားလည်း ပြောင်းစေ ဟူသော သဘောဖြင့်ခွင့်ယူကာ အမေရိကသို့ ခေတ္တခဏပြန်ခဲ့သည်။ ထိုစဉ်က သူတို့ သားငယ် နီကိုလတ်စ်မှာ သုံးနှစ်သား။ အဆင်ပြေလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် လုပ်လိုက်ခါမှပင် အခြေအနေက ပို၍ဆိုးလာခဲ့သည်။ အမေရိက ပြန်ရောက်ခါမှပင် ပြင်းထန်သော နောက်ဆုံး ထိုးနှက်ချက် နှင့် သူ ရင်ဆိုင်ခဲ့ရလေသည်။

တနေ့တွင် သူတို့ငှား၍ နေထိုင်လျက်ရှိသော နယူးယောက်မြို့၏ တိုက်ခန်းထဲတွင် လင်မယားချင်း ခွဲခွာ နေထိုင်ရေးဟူသော ပြဿနာပေါ်ပေါက်လာခဲ့သည်။ ထိုနေ့ကမာရီယွန်သည် မရွှင်သောနှလုံး မပြုံးသော မျက်နှာဖြင့် ဦးခေါင်းကို ငိုက်စိုက်ချထားသည်။ ဘရန်းဒီးနှင့် အတူတူ နေရသဖြင့် သူ့မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြောင်း၊ သူ့စိတ်သူ ပြန်လည်ပြုပြင်နိုင်ဖို့အတွက် လ အတန်ကြာမျှ လူချင်းခွဲပြီး သူ တယောက် တည်း နေလိုကြောင်း ထုတ်ဖော်ပြောခဲ့သည်။

လုံးဝ မမျှော်လင့်သော စကားများ ကြားလိုက်ရသဖြင့် သူ့တကိုယ်လုံး အေးစက်သွားသည်။ မာရီယွန်၏ တကိုယ်လုံး ကို သူ့လက်နှစ်ဘက်ဖြင့် မှုန့်မှုန့် ညက်ညက် ကြေသွားအောင် ချေပစ်လို သောစိတ်လည်း ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ရ၏။ မာရီယွန်အသနားခံနေသည်ကို သူ လုံးဝ လက်မခံ တော့ပဲ သူ၏ နောက်ဆုံး စကားကို ပြောလိုက်သည်။
' တကယ်လို့ မင်းအခု ငါနဲ့ ခွဲခွာသွားမယ်ဆိုရင် မင့်ကို ငါဘယ်တော့မှ ပြန်ပြီး လက်မခံတော့ဘူး၊ ဒါဟာ ငါ့ရဲ့ နောက်ဆုံး စကားပဲ '

မာရီယွန်ကတော့ မတုန်မလှုပ်။ စကားတခွန်း မှလည်း ပြန်ပြောဖော်မရ။ သူ့ကိုသာ ငေးမော ကြည့်နေ သည်။ မာရီယွန်၏ မျက်လုံးများထဲတွင် အသိရခက်သော အရိပ်အငွေ့များရှိနေသည်။ ထိုအရိပ် အငွေ့ များ ထဲတွင် သူ့စိတ်ကို အစဉ်သဖြင့် နှိပ်စက်ကလူပြုနေခဲ့သောအပြုံးသည် ထင်ဟပ် လျက်ရှိနေသည်။ ထို အပြုံး ၏ အနက်အဓိပ္ပာယ်သည် အဖော်ရခက်လှပါဘိခြင်း။ သူကတော့ နှုတ်ခမ်းကို သွေးထွက် လုခန်း ကိုက်ထားသည်။

' ငါ မင့်ကို ငွေကြေးလဲမထောက်ပံ့ဘူး၊ ငါ့နာမည်နဲ့ရာထူးဂုဏ်ကိုလည်း သုံးခွင့်မပေးဘူး၊ ကလေးကိုလည်း မွေးခွင့် မပေးဘူး '
' ဒီလိုဆိုရင် ကျွန်မအခု သွားလို့ရပြီပေါ့နော်' ဟု မာရီယွန်က ၀မ်းနည်းကြေကွဲသံဖြင့် တခွန်းမျှ ရေရွက်ကာ အခန်း ထဲမှ ချာကနဲလှည့်၍ ထွက်သွားခဲ့သည်။
နောက်ကျိ ရှုပ်ထွေးလွန်းသောစိတ်ဖြင့် သူ့မျက်နှာကို လက်ဝါးနှစ်ဘက်တွင်အပ်ကာ မလှုပ်မယှက် ထိုင်နေ မိသည်။ သူ့မျက်စိများသည် သေးသွယ်ကြော့ရှင်းသော မာရီယွန်၏ ရုပ်ပုံလွှာကို မြင်ယောင် ဆဲ။ မည်သို့ ပင်ဖြစ်စေ မာရီယွန်သည် ထိုနေ့ ထိုရက်မှစ၍ သူ့ဘ၀ထဲမှ ကွယ်ပျောက်သွားခဲ့၏။ သူကိုယ်တိုင်ကလည်း ထိုအချိန် မှ စ၍ မာရီယွန်အကြောင်းကို မေးမြန်းစုံစမ်းခြင်းမပြု။

မာရီယွန်သည် နယူးယောက်မြို့ပေါ်ရှိ အမျိုးသမီးဘော်ဒါဆောင် တခု၌ အခန်းငှားနေသည်။ နယ်မြေ လူထု ရိပ်သာ တခုတွင် အလုပ်ဝင်လုပ်နေသည်ဟူသော သတင်းကိုတော့ တဆင့်စကား ကြားသိခဲ့ရသည်။ မာရီယွန် လုပ်နေသည်ဆိုသောအလုပ်မှာ လခများများ စားစားရနိုင်မည့် အလုပ်မျိုးမဟုတ်။ ထောက်ပံ့ ကြေး သဘောလောက်သာ ရသည့်အလုပ်မျိုးဖြစ်မှန်း သူတွေးကြည့် ရုံမျှဖြင့် သိနေသည်။

မည်သို့ပင် ဖြစ်စေ သူနှင့် မာရီယွန်တို့သည် ဘ၀ချင်းခြားနားသွားခဲ့ကြပြီဖြစ်၏။ မာရီယွန်၏ အပေါ်တွင် ထားခဲ့ သော သူ့အချစ်၊ သူ့မေတ္တာနှင့် သူ့စေတနာတို့သည် ယခုအခါတွင် သူ့သားငယ် နီကိုလတ်စ်ထံ ကူးပြောင်း ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူ့ဘ၀တွင် ချစ်စရာ မြတ်နိုးစရာဆို၍သူ့သားငယ် နီကိုလတ်စ် တဦး တည်းသာ ရှိတော့သည်။ နီကိုလတ်စ်သည် သူ၏ အသည်းနှလုံး၊ သူ၏အသက်၊ သူ့မှာ နီကို လတ်စ် မှ တပါး အခြားတွယ်တာစရာ ကိုးကွယ်စရာ မရှိ တော့ပြီ။

*
ဘရန်းဒီးသည် ဦးခါင်းငိုက်စိုက်ဖြင့် အတွေးနယ်ချဲ့ချင်တိုင်း ချဲ့နေမိသဖြင့် ထိုင်နေရာမှ ရုတ်တရက် မထနိုင်။ သူ့မျက်နှာသည် သိသိသာသာပင် အိုစာကျလျက်ရှိသည်။ နာကျည်းခံပြင်း သောစိတ်ကြောင့် သူ့နှုတ်ခမ်း များသည် မဲ့လျက်ရှိသည်။ အိမ်အပြင်ဘက်မှ လှိုက်လှဲသော ရယ်သံ သည် သူ့နားထဲသို့ ၀င်လာသည်။ ဖြတ်ကနဲ အသိဝင်လာသည်။ သူသည် ဦးခေါင်းကို ဆတ်ကနဲ မော့်ကာ ပြတင်းပေါက်မှနေ၍ အပြင်သို့ မျှော်ကြည့်သည်။ ဥယျာဉ်မှူး ဂျိုစီနှင့် သူ့သားနီကို လတ်စ်တို့သည် ရေပန်းကရားကို တယောက် တဘက်ဆွဲကာ စိုက်ပြီးစ ပန်းပင်များကို ရေလောင်းနေကြသည်။ ဘာကို သဘောကျနေကြသည် မသိ။ နှစ်ယောက် သား အားပါးတရ ရယ်မောနေကြလေသည်။

ကောင်စစ်ဝန်၏ မျက်နှာသည် တင်းမာသွားသည်။ သူ့ရင်ထဲတွင် နာကျင်သော ဝေဒနာတစ်ခုကို ခံစား လိုက်ရ သလိုလည်း ဖြစ်သွားသည်။ သူသည် ဖြုန်းကနဲ ထရပ်လိုက်ကာ အိမ်နောက်ဘက် တံခါးဆီသို့ လျှောက် သွားသည်။ သူ့အသံကို တတ်နိုင်သမျှ ကြိုးစားထိန်းချုပ်ကာ အပြင်သို့ လှမ်း၍ အသံပြုသည်။
' နီကိုလတ်စ် ...၊ အထဲဝင်တော့ သား၊ အခုချက်ချင်း အိမ်ထဲဝင်ခဲ့တော့ '

အခန်း (၄) ဆက်ရန်
.

2 comments:

Anonymous said...

သူချစ်တာ မှားနေတယ်။
ဒါကြောင့် သူမိန်းမလဲ သူ့ကို ပစ်သွားခဲ့ပြီ။
အခု ကျန်ခဲ့တဲ့ သားလေးက သနားစရာ။
သူ့ရဲ့ အကျဉ်းစံကလေး ဖြစ်နေရှာတာနော်။

Anonymous said...

အပေါ်က အနော်နီးမတ်စကလဲ ကျနော်နဲ့အမြဲ အကြံတူနေတယ်..

အမ သူပြောတဲ့အတိုင်းပဲ.လို့ ကျနော်လည်းထင်တယ်.။

မြတ်နိုး