အခန်း (၂၀)
အေဘယ်သည် ဆေးပြင်းလိပ်တို့ကို ဒုတိယအကြိမ် လွှင့်ပစ်လိုက်သည်။ ရစ်ခ်ျမွန့်ကုမ္ပဏီတစ်ခုလုံးကို ပိုင်ရန်အတွက် လိုအပ်နေသော ဒေါ်လာနှစ်သန်းကို မပေးနိုင်မချင်း နောက်ထပ် ဆေးပြင်းလိပ် လုံးဝ မသောက်တော့ ဟုလည်း ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် အခန်းမျက်နှာကျက်ကို စိုက်ကြည့်ရင်း ဦးစားပေးလုပ်သင့်သည့် လုပ်ငန်းများကို စဉ်းစားနေမိ သည်။ ပထမဆုံး လုပ်ရမည့် အလုပ်မှာ ရှီကာဂို ရစ်ခ်ျမွန့် ဟိုတယ်မှ အလုပ်ဖြုတ်ထားသော အမှု ထမ်းဟောင်း များထဲမှ အကောင်းဆုံးအမှုထမ်းများကို ပြန်လည်ခန့်ထားရန် ဖြစ်သည်။
ထို့ကြောင့် ခုတင်ပေါ်မှဆင်းပြီး အပေါ်အင်္ကျီကို ကောက်ဝတ်လျက် ဟိုတယ်နောက်ဘက်မှ အမှုထမ်း တန်းလျားသို့ ထွက်လာခဲ့သည်။ ဟိုတယ်မီးလောင်ပြီးကတည်းက အလုပ်မရသေးသော အမှုထမ်း တော်တော် များများပင် တန်းလျားတွင် နေနေကြတုန်းရှိသေးသည်။
အေဘယ်က ၎င်းတို့အနက် ယုံကြည်ရဆုံး အမှုထမ်းများကို အလုပ်ပြန်ပေးသည်။ ရှီကာဂိုဟိုတယ်တွင် မလုပ်ချင်သူများအားလည်း အခြားကြိုက်ရာ ဟိုတယ်များတွင် သွားလုပ်ခွင့်ပြုသည်။ ၎င်းတို့သည် ယင်းဟိုတယ်များ အရှုံးမပေါ်ဘဲ အမြတ်ထွက်မှသာ လုပ်သက်ရှည်နိုင်မည်ဖြစ်ကြောင်းကိုလည်း ပြတ်ပြတ် သားသား သတိပေးသည်။ အခြားဟိုတယ်များလည်း ရှီကာဂိုဟိုတယ်ကဲ့သို့ပင် မစ္စလက္ခတ် စခန်းသွားနေ ကြသည်ကို သူက ကောင်းကောင်းသိသည်။ ထို့ကြောင့် သူက အပြောင်းအလဲများ လုပ်ပစ်ချင်သည်။
လုပ်လျှင်လည်း အချိန်ဆွဲနေ၍ မဖြစ်၊ မြန်နိုင်သမျှ မြန်မြန် လုပ်ရလိမ့်မည်။
သို့ဖြင့် လက်ထောက်မန်နေဂျာ သုံးယောက်အား ဒါးလက်စ်၊ စင်စင်နာတီနှင့် စိန့်လူးဝစ်ဟိုတယ်များကို ကြီးကြပ်ရန် တာဝန်ပေးလိုက်သည်။ အခြားသော ဟောက်စတန်၊ မိုဘိုင်းလ်၊ ချားလက်စတန်၊ အတ် လန်တာ၊ မင်းဖစ်၊ နယူးအော်လင်နှင့် လူးဝစ်ဗီးလ်မြို့များမှ ဟိုတယ်များအတွက်လည်း လက်ထောက် မန်နေဂျာများ ရွေးချယ်ခန့်ထားလိုက်သည်။ အဘိုးကြီးလီရွိုင်း တည်ထောင်ခဲ့သော မူလဟိုတယ်အားလုံးမှာ တောင်ပိုင်း နှင့် ရှီကာဂိုဟိုတယ်အပအ၀င် အနောက်အလယ်ပိုင်းဒေသတွင် တည်ရှိကြသည်။
ရှီကာဂိုဟိုတယ်ကတော့ ကွယ်လွန်သူ ဒေးဗစ်လီရွိုင်းကိုယ်တိုင် တည်ဆောက်ခဲ့ပြီး သူ အနှစ်သက်ဆုံး ဟိုတယ်လည်း ဖြစ်သည်။ ရှီကာဂိုဟိုတယ် အမှုထမ်းဟောင်းများအား တခြားဟိုတယ်များတွင် နေရာချထားပေးခြင်း လုပ်ငန်းအတွက်ပင် အချိန်သုံးပတ်လောက် ကုန်လွန်သွားခဲ့သည်။
ထို့နောက် သူ၏ ရုံးခန်းကို ရှီကာဂိုရစ်ခ်ျမွန့်ဟိုတယ် နောက်ဘက်မှ တိုက်တွင်ဖွင့်လှစ်၍ အောက်ထပ်တွင် စားသောက်ခန်းကလေးတစ်ခုဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာတွင် ဌာနချုပ်ဖွင့်လှစ်ခြင်းသည် တောင်ပိုင်းဟိုတယ်တစ်ခုခုတွင် ဖွင့်လှစ်ခြင်းထက်ပို၍ ကောင်းသည်။ သူ့အား ကူညီထောက်ပံ့သူနှင့်ရော၊ ဘဏ်တိုက်နှင့် ရောပို၍ နီးသောကြောင့် ဖြစ်သည်။ ထို့ပြင် ဇာဖီယာမှာလည်း ရှီကာဂိုတွင်ပင် ရှိနေရာ သူမအား အချိန်အနည်းငယ် ပေးလိုက်ရုံနှင့် သူမ၏ မိတ်ဆွေဆိုသူ စားပွဲထိုးကလေးအား အဆက်ဖြတ်ပြီး သူ့ဘက်သို့ လုံးလုံးလျားလျား ပါလာနိုင်သည်ဟုလည်း အေဘယ်က ယုံကြည်ထားသောကြောင့် ဖြစ် သည်။
သူ့အနေဖြင့် ကြိုက်သောမိန်းမကို ခေါင်းခေါက်ရွေးယူနိုင်သော အရှိန်အ၀ါနှင့် အခြေအနေရှိသော်လည်း သူက ဇာဖီယာကိုသာ အိမ်ထောင်ဘက်အဖြစ် ရွေးချင်သည်။ ဇာဖီယာနှင့် အတူနေရလျှင် သူ့ဘ၀ကိုသူ ယုံကြည်မှု အပြည့်အ၀ရှိနေသောကြောင့် ဖြစ်သည်။ ဇာဖီယာက ရိုးသားသည် ဟန်ဆောင်မှုရှိ။ တခြား မိန်းမ တွေက အပေါ်ယံ ရွှေမှုန်ကြဲတွေသာ ဖြစ်ကြသည်ဟု သူက ယူဆသည်။
သို့ဖြင့် အေဘယ်သည် နယူးယောက်ဟိုတယ်အတွက် အမှုထမ်းများ ခန့်ထားရန် ခရီးမထွက်ခင်ကလေးတွင် ဇာဖီယာ နှင့် တွေ့ဆုံပြီး ကတိတစ်ခုတောင်းသည်။
' အဲဒီလူနဲ့ နောက်ထပ် မတွဲပါနဲ့တော့၊ အဲဒါဆိုရင် မင်းကို ငါ လက်ထပ်ယူဖို့ အဆင်သင့်ပဲ၊ ဘယ့်နှယ်လဲ၊ ကတိပေးမလား '
' ပေးပါတယ်၊ စိတ်ချပါ၊ လုံးဝ မတွဲတော့ပါဘူး '
ထိုနေ့ညက သူတို့နှစ်ယောက် အတူတူ အိပ်ကြသည်။
' မြားနက်သင်္ဘောပေါ်က ဆင်းလာပြီးကတည်းက မိန်းကလေး ဘယ်နှစ်ယောက်လောက် တွေ့ပြီးပြီလဲ ဟင် '
ဇာဖီယာက အေဘယ်၏ ရင်ဘတ်ပေါ်တွင် ပါးကလေးအပ်ရင်း စ လိုက်သည်။
' ငါက ဘယ်မိန်းကလေးမှ စိတ်မ၀င်စားပါဘူး '
' ဒါနဲ့တောင်များ ကျွန်မကို သတိမရခဲ့ဘူးနော် '
' ငါ မင်းကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး အချစ်ရယ် '
အေဘယ်က ညာပြောလိုက်သည်။ ပြီးတော့ ဇာဖီယာ စကားပြောရပ်သွားစေရန်အတွက် ကိုယ်ကိုကုန်းပြီး တရှိုက် မက်မက် နမ်းလိုက်လေသည်။ အေဘယ်သည် နယူးယောက်သို့ ရောက်ရောက်ချင်း သူ့ သူငယ်ချင်း ဂျော့ကို လိုက်ရှာသည်။ ဂျော့အား အရှေ့သုံးလမ်းထဲမှ အိမ်ခန်းကျဉ်းကလေးတစ်ခုတွင် တွေ့ရ သည်။ ဂျော့မှာ အလုပ်မရှိတော့။ ဂျော့ဦးလေး၏ ပေါင်မုန့်ဖိုကိုလည်း ပိတ်လိုက်ရပြီ။ သူ့ဦးလေး ကိုယ်တိုင် ပင်လျှင် နယူးယောက်မြို့ပြင်မှ စက်ရုံတစ်ခုတွင် ၀င်လုပ်နေ၍ ဂျော့အား ဘယ်လိုမှ မကူညီနိုင်။ အေဘယ် က သူ့ဆီတွင် အလုပ်ပေးသောအခါ ဂျော့မှာ ထခုန်တော့မတတ် ၀မ်းသာမိလေသည်။
သူနှင့် ဂျော့တို့သည် ရှီကာဂိုသို့ ပြန်၍ ရစ်ခ်ျမွန့်စားသောက်ဆိုင် မဖွင့်မီ အခြားအမှုထမ်း သုံးဦးကိုလည်း ရှာဖွေ ရွေးချယ်ကြသေးသည်။ မုန့်ဖုတ်ခေါင်းဆောင်တစ်ယောက်၊ ကြီးကြပ်ရေးမှူးတစ်ယောက်နှင့် စားပွဲထိုး မှူးတစ်ယောက်။
အေဘယ်က သူ့ခရီးအောင်မြင်မှုအတွက် ကျေနပ်မိသည်။ အရှေ့ကမ်းခြေတစ်လျှောက်မှ ဟိုတယ်များမှာ စီးပွားရေး မကောင်း၍ အမှုထမ်းများအား လျှော့ပစ်နေကြရသည်။ သို့ဖြင့် အေဘယ်အဖို့ အတွေ့အကြုံရှိ သော အမှုထမ်းများကို လွယ်လွယ်ကူကူ ရှာဖွေရရှိနိုင်ခဲ့သည်။ ၎င်းတို့အနက် သူ့ယခင်က လုပ်ခဲ့ဖူးသော ပလာဇာ တိုတယ်မှ အမှုထမ်းဟောင်းတစ်ယောက်လည်း ပါဝင်သည်။
အေဘယ် နှင့် ဂျော့တို့သည် မတ်လဆန်းတွင် အခြားရစ်ခ်ျမွန့်ဟိုတယ်များသို့ စစ်ဆေးရေး ခရီးထွက်ကြ သည်။
သူတို့နှင့်အတူ ဇာဖီယာကိုလည်း ခေါ်လာခဲ့ကြသည်။ အေဘယ်က ဇာဖီယာအား ကြိုက်ရာဟိုတယ်တွင် ၀င် လုပ်ခွင့် ပြုသည်။ သို့သော် သူမက ရှီကာဂိုဟိုတယ်ကိုသာ ရွေးချယ်သည်။ ရှီကာဂိုမြို့မှာ သူမ၏ ရင်းနှီး ကျွမ်းဝင်ဆုံး ဌာနဖြစ်နေသည် မဟုတ်ပါလား။
ဇာဖီယာသည် အေဘယ် ခရီးထွက်နေသောအချိန်များတွင် ရစ်ခ်ျမွန့်စားသောက်ဆိုင်မှ အေဘယ်၏ အခန်းတွင် လာနေလေ့ရှိသည်။ ဂျော့ကလည်း အေဘယ်အား မိန်းမကိစ္စတွင် သိပ်ပြီး ကင်းကင်းရှင်းရှင်း မနေ ရန် အမြဲတမ်း သွေးထိုးပေးနေသည်။
အခြားဟိုတယ်အားလုံးလည်း အလားတူပင် အခြေအနေ ဆိုးရွားနေကြသည်ကို တွေ့ရသည်။ သို့သော် အေဘယ်က အံ့သြခြင်း မဖြစ်မိ။ တစ်နိုင်ငံလုံး၌ အလုပ်လက်မဲ့ပြဿနာတက်နေစဉ် အေဘယ် ရောက်လာ သဖြင့် ဟိုတယ်အမှုထမ်းများက အေဘယ်အား ကယ်တင်ရှင်သဖွယ် အားထားကြသည်။
သို့သော်လည်း အချို့အမှုထမ်းများမှာ စည်းစနစ်ကြီးသော အေဘယ်အကြောင်းကို သိနေကြသဖြင့် အေဘယ်က မဖြုတ်ရမီမှာပင် သူတို့အလိုအလျောက် အလုပ်မှ နုတ်ထွက်သွားကြသည်။
ဤသို့ဖြင့် အေဘယ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရသည့် ပထမနှစ် ကုန်ဆုံးသွားသောအခါတွင် ရစ်ခ်ျမွန့်ဟိုတယ်များ၌ လုပ်ကိုင်နေသော အမှုထမ်းများမှာ ယခင် အမှုထမ်းအရေအတွက်၏ တစ်ဝက်ခန့် သာ ကျန်တော့သည်။ ထိုနှစ်တွင် အရှုံးငွေမှာလည်း စုစုပေါင်း ဒေါ်လာတစ်သောင်းကျော်သည်။ ထွက်သွား သော အမှုထမ်းများနေရာတွင်လည်း လူစေ့အောင် ပြန်လည် ဖြည့်စွက်ခန့်ထားခြင်း မပြုနိုင်ခဲ့။ ထို့ကြောင့် အေဘယ် သည် ရစ်ခ်ျမွန့်ကုမ္ပဏီ၏ အနာဂတ်အတွက် အတော်ကလေး ရင်လေးမိလေသည်။
သို့သော် သူက စိတ်ဓာတ်တော့ မကျ။ လာမည့် ၁၉၃၂ ခုနှစ်တွင် အရင်းကျေအောင် အစွမ်းကုန် ကြိုးစား ရန် အားခဲထားသည်။ လုပ်ငန်းတိုးတက်လာရေးအတွက် နည်းလမ်းမျိုးစုံကို စဉ်းစားကြည့်သောအခါ သူ ရှီကာဂို ရစ်ခ်ျမွန့် ဟိုတယ်တွင် စတင်လုပ်ကိုင်ခဲ့စဉ်က မစ္စတာလီရွိုင်းပေးခဲ့သည့်အတိုင်း မန်နေဂျာတိုင်း အား အမြတ်ငွေထဲမှ အချိုးကျ ဝေစုခွဲပေးခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟု ယူဆသည်။
အေဘယ် သည် ဟိုတယ်တစ်ခုတည်း၌ ဘယ်တော့မှ အမြဲမနေ။
တစ်ခုပြီးတစ်ခု လျှောက်ကြည့်ပြီး လိုအပ်ချက်များကို အမြန်ဆုံး ပြုပြင်ဖြည့်ဆည်းသည်။ သူသည် တစ်နေရာ တွင် အများဆုံး သုံးပတ်သာနေ သည်။ သူ ဘယ်ဟိုတယ်သွားပြီးနောက် ဘယ်ဟိုတယ် သွားမည် ဆိုသည်ကိုလည်း ရှီကာဂိုဟိုတယ်မှ သူ၏ ညာလက်ရုံးသဖွယ် အားကိုးရသော ဂျော့မှတစ်ပါး တခြား မည်သူမျှ မသိကြ။ သူသည် ' ဆပ်ပရိုက်(စ) အင်ပစက်ရှင်း' ခေါ် လျှပ်တစ်ပြက်စစ်ဆေးခြင်းနည်းကို အသုံး ပြုပြီး ဟိုတယ်လုပ်ငန်းတစ်ခုလုံး တိုးတက် အောင်နေ့မအား ညမအား ကြိုးစားဆောင်ရွက်သည်။ လပေါင်း အတော်ကြာမှ ဇာဖီယာထံသို့ သို့မဟုတ် မစ္စတာ ကာတစ်ဖင်တန်ထံ တစ်ခေါက် ရောက်တတ် သည်။
ယင်းသို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်နေသည့်ကြားမှ သူ့ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေ အနေ ကို အမှန်အတိုင်း သိရှိထားသဖြင့် မလုပ်ချင်သော အလုပ်တစ်ခုကို စိတ်မချမ်းမသာဖြင့် လုပ်လိုက် ရသည်။ ယင်းမှာ အခြားမဟုတ်၊ မိုဘိုင်းလ်မြို့နှင့် ချားလက်စတန်မြို့ရှိ ဟိုတယ်နှစ်ခုကို ယာယီ ပိတ်ပစ် လိုက်ရခြင်း ပင် ဖြစ်သည်။ ယင်းဟိုတယ်နှစ်ခုမှာ လစဉ်အရှုံးပေါ်နေပြီး တခြားဟိုတယ်များ၏ အမြတ်ကို စုပ်ယူ နေသလို ဖြစ်နေကြသောကြောင့် ဖြစ်သည်။ သည်ဖြစ်ရပ်ကိုမြင်တော့ တခြား ဟိုတယ် အမှုထမ်း များက မိမိတို့ ဟိုတယ်များကိုလည်း အလားတူ ပိတ်ပစ် မည်စိုး၍ ယခင်ကထက် ဆတက်ထမ်းပိုး ပိုမို ကြိုးစား လာကြသည်။
နယ်လှည့်စစ်ဆေးရေးခရီးမှ ရှီကာဂိုမြို့သို့ ပြန်ရောက်လာတိုင်း သူ့စားပွဲပေါ်တွင် အရေးပေါ်ဆောင်ရွက် ရမည့် လုပ်ငန်းတွေ ပုံနေတတ်သည်။ ရေချိုးခန်းထဲတွင် ရေပိုက်ပေါက်နေခြင်း၊ ထမင်းချက်ခန်းတွင် ပိုးဟပ် များ သောင်းကျန်းနေခြင်း၊ စားသောက်ခန်းတွင် မီးချောင်းများ မကောင်းခြင်းနှင့် မကျေနပ်သော ဖောက်သည် များက တရားစွဲရန် ခြိမ်းခြောက်ခြင်းစသော ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ပြေလည် အောင် ဖြေရှင်းရသည်မှာ သူ့အဖို့ စိတ်ရောကိုယ်ပါ ဖတ်ဖတ်မော။
သည်ကြားထဲ ၀မ်းသာစရာတစ်ခုကတော့ ရှီကာဂိုရစ်ခ်ျမွန့်ဟိုတယ် မီးလောင်သွားခြင်းအတွက် အာမခံငွေ ဒေါ်လာ ၇၅၀၀၀၀ ကို လာရောက်ထုတ်ယူရန် ' ဂရိတ်ဝက်စတန် အာမခံကုမ္ပဏီ' မှ ဟင်နရီအော့စဘွန်းက အကြောင်း ကြားခြင်းပင်ဖြစ်သည်။ မီးအာမခံငွေရအောင် ကူညီသူများတွင် ရဲမှူးအိုမာလီက ထိပ်ဆုံးမှ ပါဝင်သည်။ မီးရှို့မှုတွင် မန်နေဂျာဟောင်း ဒက်စမွန်ပါစီနှင့် အေဘယ်တို့ လုံးဝပတ်သက်ခြင်းမရှိဘဲ ပါစီ တစ်ဦးတည်း ၏ လက်ချက်သာဖြစ်ကြောင်းကို ရဲမှူး အိုမာလီက အသေအချာ ထောက်လှမ်းပြီး ခိုင်လုံစွာ အထောက် အထားပြနိုင်ခဲ့သည်။
အေဘယ်က မီးအာမခံကုမ္ပဏီမှ ပေးသောငွေကို ကျေကျေနပ်နပ် လက်ခံလိုသည်။ သို့သော် အော့စတွန်း က သူ့အား ကော်မရှင် ထိုက်ထိုက်တန်တန်ပေးလျှင် ထို့ထက်ပိုရအောင် သူလုပ်ပေးမည်ဟု ဆိုလာသည်။ ဤတွင် အေဘယ်က စိုးရိမ်မကင်းဖြစ်လာမိသည်။ အော့စဘွန်းသည် သူ့အား လခမှန်မှန် ပေးနေသော ကုမ္ပဏီ ကိုပင် သစ္စာဖောက်ခဲ့လျှင် တစ်နေ့သောအခါတွင် မိမိအပေါ်တွင်လည်း မရိုးမသား လုပ်လာ နိုင်သည်ဟူ၍ သူက ယူဆသောကြောင့် ဖြစ်သည်။
*
၁၉၃၂ ခုနှစ်၊ နွေဦးပေါက်ရာသီတွင် မယ်လာနီလီရွိုင်းထံမှ တရင်းတနှီး ရေးလိုက်သော စာတစ်စောင်ကို ရရှိသော အခါ အေဘယ်သည် အံ့အားပင် သင့်သွားမိသည်။
မယ်လာနီ ၏ စာကို ရ၍ သူသည် အလွန်ဝမ်းသာမိသည်။ စိတ်လည်း အတော်ကလေ လှုပ်ရှားမိသည်။ ထို့ကြောင့် သူက မယ်လာနီအား စတီဖင်ဟိုတယ်တွင် ညစာအတူစားရန် ဖိတ်ခေါ်လိုက်သည်။ မယ်လာနီ ကလည်း လွယ်လွယ်ကူကူပင် လက်ခံသည်။
သို့သော် ဟိုတယ်ရောက်သွားသောအခါတွင်မူကား အေဘယ်က သူ့လုပ်ရပ်အတွက် အတော်ကလေး စိတ်မ ကောင်းဖြစ်မိလေသည်။ အဘယ်ကြောင့်ဆိုသော် ဟိုတယ်တွင် စားပွဲထိုးမယ် လုပ်နေသော ဇာဖီယာ နှင့် ပက်ပင်းသွားတိုးရသောကြောင့်ပင်တည်း။
ဇာဖီယာ က ခေတ်မဆန် ရိုးသားသည်။ အလုပ်ပန်း၍ ညှိုးနွမ်းနေသော ရုပ်သွင်မျိုး။
မယ်လာနီကတော့ ခေတ်ဆန်သည်။ အသားနှင့်ဟပ်နေသော အစိမ်းရောင် ပိုးသားနုဝတ်စုံကို မြင်ရသူ ငေးကြည့် ရလောက်အောင် ခေတ်မီမီ ၀တ်ဆင်ထားသည်။ သူမ၏ မျက်လုံးတွေကလည်း ၀တ်စုံအရေင် အတိုင်း ပင် ညှို့ဓာတ်အပြည့်ဖြင့် ရွှန်းစိုစိမ်းမြနေကြသည်။
' ရှင့်ကြည့်ရတာ ဟိုတုန်းကထက် ကျက်သရေရှိလာသလိုပဲ အေဘယ် ' မယ်လာနီက စားသောက်ဆောင် အလယ် စားပွဲတွင် ၀င်ထိုင်ရင်း ပြောသည်။ ' ရစ်ခ်ျမွန်ကုမ္ပဏီကို ရှင်က အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင် တယ် ဆိုတာ ကိုလည်း လူတိုင်းက သိပါတယ် '
' ရစ်ခ်ျမွန့ကုမ္ပဏီ မဟုတ်တော့ဘူး၊ ' နယ်စားကုမ္ပဏီ ' ဖြစ်နေပြီ
' ဟင် ... တကယ်လား၊ နာမည်ပြောင်းတာ ကျွန်မ လုံးဝမသိသေးဘူး '
' တကယ်ပါ၊ ငါ မနှစ်ကတည်းက ပြောင်းလိုက်တယ် '
အေဘယ်က ညာပြောလိုက်သည်။ တကယ်တော့ ယင်းနာမည်သစ်ကို ယခုကလေးတွင်မှ ရုတ်တရက် သတိရ မိခြင်းဖြစ်သည်။ ယခင်ကတည်းက နာမည်သစ် မပြောင်းခဲ့မိခြင်းအတွက် သူက နောင်တရမိသည်။
' နာမည် က တော်တော် ကောင်းပါတယ် ' မယ်လာနီက ပြုံးပြီးပြောသည်။
ဇာဖီယာက မှိုဟင်းစွပ်ပြုတ်ပန်းကန်ကို မယ်လာနီ၏ ရှေ့တွင် ခပ်ဆောင့်ဆောင့်ကလေးလာချသည်။ သည် အပြုအမူ သည် အေဘယ်အတွက် အဓိပ္ပာယ်အများကြီးရှိသည်။ ဟင်းပန်ကန်စောင်းသွား၍ မယ်လာနီ ၏ ဂါဝန်ပေါ်သို့ပင် ဟင်းရည်တွေ စင်ကုန်ကြသည်။
' ဒါနဲ့ မင်း ဘာအလုပ်မှ မလုပ်သေးဘူးနော် '
အေဘယ်က အစားအသောက်စာရင်းစာရွက်ပေါ်တွင် ' နယ်စားကုမ္ပဏီ' ဟူသောအမည်ကို အမှတ်မထင် ရေးခြစ်နေရင်းမှ မေးလိုက်သည်။
' မလုပ်သေးဘူး၊ လောလောဆယ် ဘာမှမလုပ်သေးပါဘူး၊ ဒါပေမဲ့ အခြေအနေကတော့ ကောင်းပါလိမ့်မယ်၊ ဒီမြို့မှာ ၀ိဇ္ဇဘွဲ့ရထားတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ အလုပ်ရဖို့ မခက်ပါဘူး၊ အချိန်ကို ထိုင်စောင့် ရုံပါပဲ '
' နယ်စားကုမ္ပဏီမှာ လုပ်ချင်တဲ့ဆန္ဒရှီရင် ပြောပါ '
ထို့နောက် မယ်လာနီက ပြဇာတ်နှင့် ဂီတဘက်သို့ ကမန်းကတန်းခေါင်းစဉ် ပြောင်းပစ်လိုက်သည်။
သည်တစ်ကြိမ် မယ်လာနီနှင့် စကားပြောရသည်မှာ ယခင်ကထက်ပို၍ အဆင်ပြေပြေရှိသည်ဟု အေဘယ် က ထင်မိသည်။
သူတို့နှစ်ယောက်သည် ည ၁၁ နာရီအထိ စားရင်းသောက်ရင်း စကားကောင်းနေကြသည်။
စားသောက်ဆောင်တွင် သူတို့နှစ်ယောက်မှတစ်ပါး ဘယ်သူမှ မရှိတော့။ ဇာဖီယာလည်း ပြန်သွားပြီ။ သူမ မျက်စိမျက်နှာမကောင်းသည်ကို အေဘယ် သတိထားလိုက်မိသည်။
ဟိုတယ်မှအပြန်တွင် အေဘယ်က မယ်လာနီအား သူမ၏ အခန်းသို့ ကားနှင့် လိုက်ပို့သည်။
သည်တစ်ကြိမ်တွင်တော့ မယ်လာနီက သူ့အား သူမအခန်းသို့ လိုက်ပြီး တစ်ခုခုသောက်ရန် ဖိတ်ခေါ်သည်။
အေဘယ်က ဆိုဖာစွန်းပေါ် ၀င်ထိုင်လိုက်သည်။ မယ်လာနီက ဖန်ခွက်ထဲသို့ ၀ီစကီထည့်ပေးသည်။ ပြီးတော့ ဓာတ်ပြားသီချင်းဖွင့်သည်။
' ငါ ကြာကြာ နေလို့ မဖြစ်ဘူးထင်တယ် မယ်လာနီ၊ မနက်ဖြန် လုပ်စရာတွေ တစ်ပုံကြီး ရှိနေလို့ဟ '
' ကျွန်မလည်း အဲဒါပြောမလို့ဘဲ အေဘယ်၊ သိပ်မလောပါနဲ့လေ၊ ဒီလိုပျော်ရတဲ့ နေ့မျိုးမှာ ပျော်ပျော်ပဲ နေလိုက် ကြတာပေါ့ ဟုတ်လား '
မယ်လာနီ က အေဘယ်၏ ဘေးတွင် ၀င်ထိုင်သည်။ သူမ၏ ဂါဝန်ကို ဒူးဆစ်ပေါ်အထိ တင်ထားသည်။ အလွန် လှတဲ့ ခြေထောက်ပိုင်ရှင်ပါပဲလားဟု အေဘယ်က တွေးလိုက်မိသည်။
မယ်လာနီက အေဘယ်နှင့် ပူးပူးကပ်ကပ် ရွေ့ထိုင်လိုက်သည်။ အေဘယ်ကတော့ မတုန်မလှုပ်ပင် ငြိမ်နေ သည်။
ခဏအကြာတွင် နှစ်ယောက်သား နမ်းမိလျက်သား ဖြစ်သွားသည်။ အေဘယ်က စတင်နမ်းတာလား၊ မယ်လာနီ က စတင်နမ်းတာလားဆိုတာတော့ မသိတော့။
ထို့နောက် အေဘယ်က သူမ၏ တစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ဖက်လိုက်သည်။ မယ်လာနီက ထိုင်ရာမှ ထကာ အေဘယ် ၏ လက်ကိုဆွဲလျက် အိပ်ခန်းဆီသို့ ခေါ်လာခဲ့သည်။
*
မနက်အိပ်ရာ မှထသောအခါ မယ်လာနီက အေဘယ်အား နံနက်စာ ပြင်ဆင်ကျွေးမွေးသည်။ သူမသည် အေဘယ် အား ခါတိုင်းနှင့် လုံးဝမတူ၊ တမူထူးခြားစွာဖြင့် အလွန်ဂရုစိုက်နေသလို ထင်ရသည်။
' နယ်စားကုမ္ပဏီ ကြီးပွားတိုးတက်ပါစေလို့ ကျွန်မ အမြဲတမ်း ဆုတောင်းနေပါ့မယ်၊ တကယ့်ကို ကြီးပွား လာလိမ့်မယ် လို့လည်း ကျွန်မ လေးလေးနက်နက် ယုံကြည်ပါတယ် အေဘယ် '
' ကျေးဇူး တင်ပါတယ် မယ်လာနီ၊ အခုလို မနက်စာကျွေးတာနဲ့ မမေ့နိုင်သော ညအတွက် ဆိုပါတော့ '
' ကျွန်မတို့နှစ်ယောက် ဒီလိုပဲ ခဏခဏ တွေ့ကြမယ်နော် '
' အများကြီး ကောင်းပါတယ် မယ်လာနီ '
မယ်လာနီက အလုပ်သွားခါနီး ခင်ပွန်းသည်အား ဇနီးမယားက နှုတ်ဆက်နမ်း နမ်းသလို အေဘယ်၏ ပါးနှစ်ဖက် ကို နမ်းလိုက်သည်။ ထို့နောက် သူမက အေဘယ်အား ကုတ်အင်္ကျီဝတ်ပေးရင်း -
' ရှင် ဘယ်လိုမိန်းမျိုးနဲ့ ညားမလဲဆိုတာ ကျွန်မ စဉ်းစားနေမိတယ် '
အေဘယ်က သူမအား ပြန်ကြည့်ပြီး ပြုံးလိုက်သည်။
' အဲဒီကိစ္စအတွက် ဆုံးဖြတ်ချက်ချတဲ့အခါ မင်းရဲ့ ထက်မြက်ချက်ကိုလည်း အလေးအနက် ထားပါ့မယ် မယ်လာနီ '
' ရှင် ဘာကို ဆိုလိုတာလဲ ... ဟင် '
' လွယ်လွယ်ကလေးပါ၊ မင်းရဲ့ အကြံဥာဏ်ကို ယူပါ့မယ်လို့ ပြောတာပါ ' သူက တံခါးဝသို့ လျှောက်လာရင်း ' အခု ငါ့ကို လက်ထပ်ချင်နေတဲ့ ပိုလန်သူချောချောလေးတစ်ယောက် တွေ့ထားပြီ မယ်လာနီ '
*
နောက်တစ်လအကြာတွင် အေဘယ်နှင့် ဇာဖီယာတို့ လက်ထပ်လိုက်ကြသည်။ မင်္ဂလာ အခမ်းအနားတွင် ဇာဖီယာ၏ အစ်မ၀မ်းကွဲ ဂျနက်က အပျိုရံလုပ်ပြီး ဂျော့က လူပျိုရံလုပ်သည်။
ညနေ ကျတော့ စတီဖင်ဟိုတယ်တွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပသည်။ ကပွဲ၊ သောက်ပွဲ စုံလင်သည်။ ပိုလန် အမျိုးသား ရိုးရာထုံးစံအရ ကြွရောက်လာသော ယောက်ျား ဧည့်သည်တိုင်း သတို့သမီးနှင့် တွဲကကြရသည်။
ဂျော့တစ်ယောက်မှာတော့ ခန်းမဆောင်ထဲတွင် ခြေရာချင်း ထပ်မျှ လှည့်ပတ်လျှောက်သွားပြီး ဓာတ်ပုံတွေ အဖျပ်ဖျပ် ရိုက်ရင်း ချွေးတွေ ပြန်နေသည်။
သန်းခေါင်လောက်တွင် ယမကာမျိုးစုံဖြင့် ညစာ စားသောက်ကြပြီးသောအခါ သတို့သားနှင့် သတို့သမီးတို့ အား မင်္ဂလာအိပ်ခန်းဆောင်သို့ ၀င်ခွင့်ပြုလိုက်ပြီး မင်္ဂလာ ဧည့်ခံပွဲကို ရုတ်သိမ်းလိုက်ကြသည်။
*
နောက်တစ်နေ့မနက်တွင် မစ္စတာကာတစ်ဖင်တန်၏ စကားကြောင့် အေဘယ်မှာ အံ့ဝြမ်းသာဖြစ်သွား ရသည်။
အကြောင်းကတော့ မနေ့ညက စတီဖင်ဟိုတယ်တွင် ကျင်းပခဲ့သော အေဘယ်နင့် ဇာဖီယာတို့၏ မင်္ဂလာ ဧည့်ခံပွဲ ကုန်ကျစရိတ်အားလုံးကို ဟိုတယ်ပိုင်ရှင် မစ္စတာမက်တွန်က မင်္ဂလာလက်ဆောင်အဖြစ် ကျခံ သောကြောင့်ပင်ဖြစ်သည်။
သို့ဖြင့် အေဘယ်က ဧည့်ခံပွဲအတွက်သုံးရန် သူ ရည်မှန်းထားသောငွေဖြင့် ရစ်ဂ်လမ်းတွင် အိမ်ကလေး တစ်ဆောင် လက်ငင်းပေး၍ ၀ယ်ယူလိုက်သည်။
အေဘယ်သည် တစ်သက်တာတွင် ပထမဆုံး အိမ်ပိုင်ရာပိုင် ဖြစ်လာခဲ့လေသည်။
............................
အခန်း (၂၁) ဆက်ရန်
.

No comments:
Post a Comment