အခန်း (၁၀)
အယ်နီအဖို့ ' ထိုင်နေရင်အကောင်းသား ထသွားမှကျိုး' ဘ၀မျိုးနှင့် ရင်ဆိုင်တိုးနေရပြီ။ သူမသည် အနာဂတ် အတွက် ရတက်မအေး တွေးပူနေရပြီ။
ဟင်နရီအော့စဘွန်း နှင့် လက်ထပ်စက ပျော်သလိုလို ရှိခဲ့ရပေမယ့် ယခုတော့ သူမမှာငိုနေ ရပြီ။
သားဖြစ်သူ ၀ီလျံက ပထွေးအပေါ်တွင် တစ်နေ့တခြား ပို၍ ပို၍သာ အတိုက်အခံပြုလာသည်။ သည်အတွက် အယ်နီ စိတ်မကောင်းဖြစ်ရသည်။ လင်ဖြစ်သူမှာလည်း ယခုအထိ တည်တည်တံ့တံ့ အလုပ်မလုပ်နိုင်သေး။ သည် အတွက်လည်း အယ်နီစိတ်ဆင်းရဲနေရသည်။
သည်အကြောင်းကို စကားစပ်မိတိုင်း ဟင်နရီက ဝေ့လည်ကြောင်ပတ်လုပ်ကာ ပြောချင်ရာ လျှောက်ပြော နေသည်။ သူသည်စစ်ကြီး၏ အနိဋ္ဌာန်ရုံဖြစ်ရပ်များကို နဖူးတွေ့ဒူးတွေ့ ကြုံခဲရသူဖြစ် ၍ခေါင်းအေးအေးဖြင့် ဖုတ်ပူမီးတိုက်လည်း မလုပ်လိုကြောင်း........ဘာကြောင်း ညာကြောင်းတို့ ကိုသာ အမြဲလိုလို ဆင်ခြေ ပေးနေသည်။ သည်အချက်ကို အယ်နီက လုံးဝလက်ခံ၍မရ။ ထို့ကြောင့်လည်း လင်မယား နှစ်ယောက် ပထမဆုံးအကြိမ် အကြီးအကျယ် စကားများခဲ့ကြရ သည်။
"ကျွန်မကတော့ ရှင်လုပ်နေတာကို လုံးဝနားမလည်ဘူး ဟင်နရီ၊ ကိုယ်ပိုင်အိမ်ငှား မြေငှားလုပ်ငန်း ဖွင့်မယ်ဆိုတာလည်း အခုအထိဘာမှ အကောင်အထည် ပေါ်မလာသေးဘူး"
'ငါမလုပ်သေးတာ အကြောင်းမဲ့ မဟုတ်ပါဘူးကွာ၊ အချိန်အခါမသင့်သေးလို့ စောင့်ကြည့်နေတာပါ၊ လောလော ဆယ်မှာ အိမ်ငှားမြေငှားဈေးကွက်က ကျနေတယ် မဟုတ်လား'
'ရှင် ဒီစကားမျိုးပြောနေတာ တစ်နှစ်ပြည့်တော့မယ်၊ ဒီအတိုင်းဆိုရင် ရှင့်မှာရည်မှန်းချက် ပန်းတိုင် ဆိုတာများ ရှိပါသေးရဲ့လားလို့ ကျွန်မစဉ်းစားမိတယ်'
'တစ်နေ့တော့ ဖြစ်ရမှာပေါ့ကွာ၊ ယုံစမ်းပါ၊ ငါ့မှာအရင်းငွေ နည်းနည်းလိုနေသေးလို့ ဒီလောက်ကြာ နေရတာပါ၊ မင်းပိုင်ငွေထဲက ငါ့ကိုနည်းနည်းချေးနိုင်မလား၊ ငါအခုချက်ချင်း လုပ်ငန်းစမှာပဲ'
'ဒါတော့ လုံးဝမဖြစ်နိုင်ဘူး ဟင်နရီ၊ ရစ်ချတ်ရဲ့ သေတမ်းစာပါ စည်းကမ်းချက်တွေကို ရှင်သိပါတယ်၊ ကျွန်မ နောက်အိမ်ထောင်ပြုတဲ့နေ့မှာ အကျိုးခံစားခွင့်တွေ ရပ်စဲရမယ်လို့ ဆိုထားတယ် မဟုတ်လား၊ ကျွန်မကိုယ်ပိုင်ဆိုလို့ လုပ်ငန်းရင်းနှီးငွေလောက်ပဲရှိတာ'
'အဲဒီအထဲက နည်းနည်းပါးပါးချေးပါ အန်နီရာ၊ မင်းရဲ့သားလေးမှာလည်း သူပိုင်ငွေ သန်း၂၀ ကျော်တောင် ရှိသေးတာပဲ၊ မင်းအနေနဲ့ စိုးရိမ်စရာ မရှိပါဘူး'
'ရှင်က ၀ီလျံပိုင်တဲ့ ပိုက်ဆံတွေအကြောင်းကိုတောင် သိနေပါရော့လား'
အယ်နီက သံသယအကြည့်ဖြင့် ပြန်ပြောလိုက်သည်။
'အို.. ဒီလိုမပြောစမ်းပါနဲ့ မိန်းမရာ၊ ငါက မင်းရဲ့ပုဆိုးတန်းတင် လင်ယောက်ျား တစ်ယောက်ပါ၊ ငါ့ကို သူစိမ်းတစ်ရံဆံ တစ်ယောက်လိုတော့ မဆက်ဆံချင်ပါနဲ့'
'ဒါနဲ့ ရှင့်ပိုက်ဆံတွေကရော ဘယ်ရောက်သွားပြီလည်း ဟင်နရီ၊ ရှင့်မှာ လုပ်ငန်း ထူထောင်နိုင်လောက်တဲ့ အရင်းအနှီးတွေ ရှိပါတယ်လို့ ရှင်ကပဲ ခဏခဏ ပြောခဲ့တယ် မဟုတ်လား'
'ငါဟာ ရစ်ချတ်လို သုံးမကုန်အောင် ချမ်းသာတဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုတာ မင်းသိပါတယ် အယ်နီရာ၊ မင်းကပြောတော့ ရှင့်မှာ ခြူးတစ်ပြားမှ မရှိပေမယ့် ရှင့်ကို လက်ထပ်မှာပဲဆို၊ ခုတော့ ပိုက်ဆံ စကား ပြောလာပြီပေါ့၊ ဟုတ်လား'
ဟင်နရီက ငေါ့၍ ပြောလိုက်သည်။ အယ်နီက မထိန်းနိုင်တော့ဘဲ ငိုချလိုက်တော့သည်။ ဟင်နရီက ပြန်ချော့သည်။
သူတို့နှစ်ယောက် တစ်နေ့လုံး သည်ကိစ္စကိုပဲ ဆက်ပြောနေကြသည်။ အယ်နီက လင်တော်မောင်၏ ရင်ခွင်ထဲမှာ မှေးအိပ်ရင်း စဉ်းစားနေသည။ သူမကိုယ်သူမ မိန်းမကောင်း မပီသဟု ထင်လာသည်။ သူမမှာ လိုသည်ထက ပိုသောငွေတွေ အများကြီးရှိသည်။ ကိုယ့်ဘ၀ကို တစ်သက်လုံး ပုံအပ်ထားရမည့် လင်ယောက်ျား တစ်ယောက်အတွက် နည်းနည်းပါးပါးများ မပေးနိုင်တာ့ဘူးလား။
နောက်ဆုံးတော့ လင်တော်မောင် အချော့ကောင်း၍ အယ်နီတစ်ယောက် အရညပျော်ကျသွားသည်။ ဘော်စတွန်မြို့တွင် အိမ်ငှားမြေငှားလုပ်ငန်း စတင်ထူထောင်ရန် ဟင်နရီအား ဒေါ်လာတစ်သိန်းချေးရန် ကတိပြုသည်။
နောက်တစ်လကြာတော့ မြို့လယ်နေရာကောင်း တစ်ခုတွင် ခန့်ညားသပ်ရပ်သော ရုံးခန်းတစ်ခု ဖွင့်လှစ် သည်။ အမှုထမ်းတွေ ခန့်သည်။ လုပ်ငန်းစတင်သည်။
မကြာမီတွင် ဟင်နရီသည် ဘော့စတွန်မြို့မှ နိုင်ငံရေးသမားများ၊ အိမ်ငှားမြေငှား လုပ်ငန်းရှင်များနှင့် ရင်းနှီးကျွမ်းဝင်သွားသည်။ သူတို့က ယခုအချိန်တွင လယ်ယာမြေလုပ်ငန်း စီးပွားဖြစ်ကြောင်းပြောပြီး ဟင်နရီအား မြှောက်ပေးကြသည်။ အယ်နီကတော့ ၄င်းတို့အား လူမှုရေး အပေါင်းအသင်းများအနေဖြင့် လုံးဝဂရုမစိုက်။ သို့သော်လည်း သူမ၏ ခင်ပွန်းသညအနေဖြင့် လုပ်ငန်းသစ်တွင် အောင်မြင်မှု ရနေသည်ကို မြင်ရ၍ ၀မ်းသာမဆုံးဖြစ်နေမိသည်။
ယခုအခါ ၀ီလျံမှာ အသက် ၁၄ နှစ် ပြည့်ခဲ့ပြီ။ စိန်ပေါကျောင်းတွင် သုံးနှစ် ပညာသင်ခဲ့ရပြီ။ တစ်တန်းလုံး တွင် အဆင့်ခြောက်ရပြီး သင်္ချာဘာသာတွင်ကား ပထမအဆင့်ရသည်။ သူသည် စကားရည် လုပွဲအသင်း တွင်လည်း "ပွဲတိုင်းကျော် သော စတား"ဖြစ်လာသည်။
မိခင်ဖြစ်သူထံသို့ တစ်ပတ်တစ်စောင် စာရေးသည်။ သူ့ပညာရေးတိုးတက်မှုကို အမြဲတမ်း အစီရင်ခံသည်။ မိခင်၏ လိပ်စာတွင် "မစ္စက်ဟင်နရီအော့စဘွန်း"ဟူ၍ ဘယ်တော့မှမတပ်။ "မစ္စက် ရစ်ချတ်ကိန်း"ဟူ၍သာ အမြဲတမ်းတပ်သည်။
သူ့သားလုပ်ပုံကို အယ်နီက သဘောမကျ။ သို့သော် အကျိုးအကြောင်းပြောပြရန်လည်း မလုံသလို ဖြစ်နေသည်။ တနင်္လာနေ့တွင် စာပုံးမှ စာအိတ်များ ထုတ်ယူလျှင် ဟင်နရီမမြင်အောင် အမြဲတမ်း ၀ှက်ရသည် မှာ သူ့အတွက် တစ်ဒုက္ခလိုဖြစ်နေသည်။
ဝီလျံအနေဖြင့ တစ်နေ့တော့ ပထွေးဖြစ်သူအား သဘောပေါက်နားလည်လာနိုင်မည်ဟု အယ်နီက မျှော်လင့်ထားသည်။ သို့ပေမဲ့ တကယ့်ဖြစ်ရပ်ကား သူမမျှော်လင့်သလို ဖြစ်မလာ။
နောက်ဆုံး ရောက်လာသောစာတွင် ၀ီလျံက ကျောင်းပိတ်လျှင် အိမ်သို့မပြန်ဘဲ သူ့မိတ်ဆွေ မက်သယူး လက်စတာနှင့်ပင် အတူနေမည်ဖြစ်ကြောင်း ရေးထားသည်။ သည်အချက်သည် ရိုးရိုးမဟုတ်၊ ပထွေး မျက်နှာ မကြည့်ချင်၍ အကြောင်းရှာခြင်းဖြစ်ကြောင်း အယ်နီက ချက်ချင်း သဘောပေါက် လိုက်သည်။
သည်စာကို ဖတ်လိုက်ရတော့ အယ်နီအဖို့ ရင်ထဲနင့်ခနဲ ခံစားလိုက်ရသည်။ သို့သော် သူမက သားဖြစ်သူ၏ ဆန္ဒကို မတား။ ကြည်ကြည်ဖြူဖြူနှင့်ပင် ခွင့်ပြုလိုက်သည်။ ဟင်နရီကလည်း သဘောတူ သည်။
အမှန်က ၀ီလျံသည် ဟင်နရီအော့စဘွန်းအား မကြည့်ချင်အောင် မုန်းသည်။ ယင်းအမုန်းကို လျော့သွားအောင် လုံးဝမကြိုးစား၊ တိုးပွားအောင်သာ အမြဲတမ်း ကြိုးစားနေသည်။ သည်ပြဿနာကို ဘယ်လို ဖြေရှင်းပစ်ရမှန်း သူလည်း မစဉ်းစားတတ်။ သူ့ကျောငးသို့ ဟင်နရီ လုံးဝမလာခြင်းအတွက် အလွန် ကျေးဇူး တင်မိသည်။ သို့သော် သူ့မိခင်နှင့် ဟင်နရီတို့ တွဲသွားနေ သည်ကို တခြား ကျောင်းသား ဖော်တွေ မြင်ခဲ့ရသဖြင့် သူ့ကိုပြန်ပြောကြသည်။ ထိုအခါမျိုးတွင် ၀ီလျံမှာ အသားတွေ တဆတ်ဆတ် တုန် လာသည် အထိ မချိအောင် ခံစားရသည်။
ဒါကြောင့်လည်း သူက ပထွေးမျက်နှာကို လုံးဝမကြည့်ချင်ခြင်းဖြစ်သည်။ ၀ီလျံနှင့် မက်သယူးတို့ နှစ်ယောက်သည် မက်သယူးတို့၏ ပက်ကက်ဇိမ်ခံကားကိုစီး၍ ဗားမွန့်မှ နွေရာသီ အပန်းဖြေစခန်းသို့ ထွက်လာ ခဲ့ကြသည်။
'ဒါနဲ့ သူငယ်ချင်း၊ မင်းစိန်ပေါကျောင်းက (၁၀)တန်းအောင်ပြီးရင် ဘယ်လိုလုပ်မယ်လို့ စိတ်ကူး ထားသလဲ' မက်သယူးကမေးသည်။
'၁၀ တန်းအောင်ရင် ဟယ်မီလတန် အထိမ်းအမှတ် သင်္ချာစကောလားရှစ်ဆုကို ရမှာသေချာတယ်၊ အဲဒါ ဆိုရင် ဟားဗတ်တက္ကသိုလ်ကိုသွားရမယ်'
'မင်းက အဲလိုရအောင် တမင်ကြိုးစားခဲ့တာလား'
'ဟုတ်တယ်၊ တမင်ကြိုးစားခဲ့တာ'
'ဘာဖြစ်လို့လဲ'
'ဖေဖေက အဲလိုဖြစ်အောင် ကြိုးစာိးု့ မှာခဲ့လို့'
'ဒါဆို မင်းက ဘမျိုးဘိုးတူ လုပ်ချင်တဲ့လူပေါ့၊ မင်းက မင်းအဖေကို သိပ်ပြီး အထင်ကြီးနေလို့ပါ၊ နောက်တော့ ငါ့ကို အထင်ကြီးလာပါလိမ့်မယ်'
ဝီလျံက ဘာမှနြပ်မပြောဘဲ ပြုံး၍သာ နေလိုက်သည်။
သူငယ်ချင်းနှစ်ယောက် ဗားမွန့်တွင် ချက်စ်အစ ဘောလုံးအဆုံး ကစားနည်းမျိုးစုံ ကစားကာ နှစ်ပတ် တိတိ အပန်းဖြေ ၀င်ကြသည်။ သူတို့အား ဘဏ္ဍာစိုးနှင့် ၁၂ နှစ်သမီးကလေး တစ်ယောက်က ဆိးကြို ကြသည်။ ဘဏ္ဍာစိုးက မက်သယူးအား 'သခင်လေး'ဟု ခေါ်ပြီး မိန်းကလေးက 'ဖက်တီး'ဟုခေါ်သည်ကို ကြားရ တော့ ၀ီလျံသဘောကျပြီးရယ်မိသည်။ တကယ်တော့ မက်သယူးက အလွနပိန်ပြီး မိန်းကလေးက ဖိုးဝရုပ် ကလေးကို ၀သည်။ ၀ီလျံရယ်တော့ မိန်းကလေးကလည်း ပြန်၍ ရယ်သည်။ သူကလေး၏ သွားဖုံး က မောက်နေ၍ သွားတွေကို မနည်းကြည့်မှ မြင်ရသည်။
'ဆူဆန်ဟာ ငါ့ညီမလို့ပြောရင် မင်းယုံမှာမဟုတ်ဘူး ၀ီလျံ' မက်သယူးကပြောသည်။
'ဟုတ်တယ် မယုံဘူး' သူက ဆူဆန်ကို ပြုံးကြည့်ရင်း... 'ဘယ်ယုံမှာလဲကွ၊ သူက မင်းထက်ချောတာကိုး'
ထိုအချိန်မှစ၍ ဆူဆန်ကလေးက ၀ီလျံကို ခင်မင်သွားတော့သည်။ မစ္စတာ လက်စတာနှင့် တွေ့ရတော့ ၀ီလျံက သူ့ဖခင်ကို သတိရမိသည်။ ၀ီလျံက မစ္စတာ ချားလက်စတာအား ဘဏ်တိုက်ကြီးကို လိုက်ကြည့် ပါရစေ ဟု တောင်းပန်သည်။ မစ္စတာလက်စတာမှာလည်း ၀ီလျံ၏ ဖခင်ပိုင် ဘဏ်လုပ်ငန်း ဥက္ကဋ္ဌ ဖြစ်သည်။ ၀ီလျံ၏ မေတ္တာရပ်ခံချက်ကို မစ္စတာလက်စတာကလည်း ကြည်ကြည်ဖြူဖြူပင် လက်ခံသည်။
တကယ်ဆိုလျှင် နယူးယောက်မြို့ ဘရွတ်လမ်းကျယ်ကြီး၏ အမှတ် ၁၇ ခြံမြေအတွင်းရှိ ဘဏ်တိုက်ကြီး၏ ပရိဝုဏ် အတွင်းသို့ မည်သည့်ကလေးကိုမျှ ၀င်ခွင့်မပြု။ အဆုံးအစွန် ဘဏ်ဥက္ကဋ္ဌသားဖြစ်သူ မက်သယူး ပင် တစ်ခါမျှ မ၀င်ဖူးခဲ့။ သို့သော်လည်း ၀ီလျံအတွက်ကိုတော့ ဘဏ်လုပ်ငန်းရှင်တွေ လုပ်နေကျအတိုင်း 'ပြေလည်အောင် ညှိ၍'အထူးခွင့်ပြု ခဲ့ခြင်းဖြစ်သည်။ မစ္စတာလက်စတာက တနင်္ဂနွေနေ့တစ်နေ့တွင် ၀ီလျံအား ခေါ်သွားပြီး ဝေါလ်စထရိနယ်မြေရှိ ဘဏ်တိုက်ကြီးကို အနှံ့အပြား လိုကလံပြသသည်။
ဝီလျံမှာ ရုံးခန်းအဆောင်ဆောင်၊ လုပ်ငန်းအမျိုးမျိုး မြင်ရသောအခါ အထူးပင် စိတ်ဝင်စားမိသည်။ မီးခံ လုံခြုံခန်းများ၊ နိုင်ငံခြားငွေလဲလှယ်ရေးဌာနများ၊ ဘဏ်အုပ်ချုပ်ရေး ဒါရိုက်တာ လူကြီးများ၏ ရုံးခန်း များနှင့် ဘဏ်ဥက္ကဋ္ဌ၏ ရုံးခန်းများစသည် စသည်တို့မှာ ၀ီလျံအဖို့ အားကျ မက်မောစရာ တွေချည်း ဖြစ်နေသည်။
လက်စတာဘဏတိုက်မှာ ၀ီလျံမိသားစုပိုင်သော ကိန်းနှင့် ကဘော့ဘဏ်တိုက်နှင့် ယှဉ်လျှင် ပို၍ ကြီးကျယ်ခမ်းနားနေသည်။ ရင်းနှီးမြှုပ်နှံငွေမှာလညး ပို၍ များသည်။
အိမ်အပြန်တွင် ၀ီလျံသည် စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်၍ လိုက်လာခဲ့သည်။ သူသည် တစ်စုံ တစ်ရာ ကို လေးနက်စွာ စဉ်းစားလာခဲ့ခြင်းဖြစ်သည်။
'ဘယ့်နှယ်ဝီလျံ၊ ငြိမ်ချက်သားကောင်းလှချည့်လား၊ ဦးတို့ဘဏ်တိုက်ကို လိုက်လည်ရတာ သဘောကျ ရဲ့လား'
မစ္စတာ လက်စတာက ရင်းနှီးသောလေသံဖြင့် မေးလိုက်သည်။
'သြော်... ဟုတ်ကဲ့ခင်ဗျာ၊ ကျွန်တော် သိပ်သဘောကျမိပါတယ်ဦး' သူက ခဏစဉ်းစား နေပြီးမှ 'တစ်နေ့မှာ ကျွန်တော်ဟာ ဦးတို့ဘဏ်တိုက်ရဲ့ ဥက္ကဋ္ဌ ဖြစ်လာရမယ်လို့ ဆုံးဖြတ်မိပါတယ်ခင်ဗျား'
မစ္စတာလက်စတာက ရယ်နေသည်။
ထိုနေ့က ညစာစားတော့ ၀ီလျံကိန်းဆိုသည့် ကောင်ကလေးက တစ်နေ့တွင်သူ လက်စတာ ဘဏ်တိုက်ကြီး၏ ဥက္ကဋ္ဌ ဖြစ်လာရမည်ဟု ရည်မှန်းထားကြောင်းကို မစ္စတာလက်စတာက အခြား ပုဂ္ဂိုလ်များအား ပြန်လည်ပြောပြသည်။ သည်စကားကို ကြားရတော့ အားလုံးပင် ရယ်ကြသည်။ သူတို့က ၀ီလျံ ၏ စကားကို ပြက်လုံးတစ်ခုလောက်သာ သဘောထားကြသည်။
သို့သော် ၀ီလျံကတော့ ယင်းစကားကို တကယ့်နှလုံးသားထဲမှ ခံစားချက်နှင့် ပြောခဲ့ခြင်း ဖြစ်သည်။ သည်အချက် ကို သူတစ်ယောက်တညးသာ နားလည်သည်။
ဟင်နရီအာ့စဘွနးက နောကထပ် သူ့ကို ငွေချေးပါဦးဟု လာပြောသောအခါ အယ်နီမှာ လန့်ဖျပ် သွားမိသည်။
'ဒီလုပ်ငန်းက တိုက်အိမ်ကြီးတစ်လုံး ဆောက်သလို စိတ်ချရပါတယ် အယ်နီရယ်' ဟင်နရီက ဇနီးသည်အား လေပြည်ထိုးသည်။ 'မယုံရင် အလန်လွိုက်ကို မေးကြည့်ပါ၊ မင်းအတွက် အလုပ် ဖြစ်မယ် ဆိုတာကို သူက ဘဏ်ဥက္ကဋ္ဌအနေနဲ့ အလေးအနက် ယုံကြည်ပါတယ်'
'ဒါပေမယ့် ငွေက ဒေါ်လာနှစ်သိန်းခွဲတောင်ဆိုတော့ မများလွန်းဘူးလား ဟင်နရီ'
'ဒါက ရတောင့်ရခဲ အခွင့်အရေးပါ အချစ်ရယ်၊ နှစ်နှစ်အတွင်းမှာ နှစ်ဆမြတ်လာမယ်ဆို တော့ ဒီလိုရင်းနှီးမြှုပ်နှံမှုများ ဘယ်မှာရှိနိုင်ပါ့မလဲ၊ စဉ်းစားကြည့်စမ်းပါဦး'
သည်လိုနှင့် လင်မယားနှစ်ယောက် ထုံးစံအတိုင်း အကြာကြီး အပြန်အလှန် ငြင်းကြ၊ ခုံကြ၊ စကားများ ကြရပြီးသည့်နောက်မှာတော့ ထုံးစံအတိုင်းပင် အယ်နီက လက်လျှော့လိုက်ရပြန်သည်။
အယ်နီက သူမ၏ ဘဏ်ရင်းနှီးငွေစာရင်းကို ပြန်လည် စစ်ဆေးကြည့်သောအခါ ဒေါ်လာ တစ်သိန်းလေးသောင်းသာ ကျန်တော့သည်ကို တွေ့ရသည်။
ဟင်နရီက သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ညှိနှိုငးထားပြီးဖြစ်သည့်အပြင် သက်ဆိုင်ရာ လုပ်နည်း လုပ်ဟန် များကိုလည်း ဘောင်ဝင်အောင် စီမံထားပြီးသည်မှာ ထင်ရှားသည်။ သည်ကိစ္စအားလုံးကိုကိန်းနှင့် ကဘော့ ဘဏ် ဥက္ကဋ္ဌသစ် အလန်လွိုက်နှင့် ဆွေးနွေးကြည့်ရကောင်းမည်လားဟု စဉ်းစားမိသည်။ သို့ပေမဲ့ နောက်တော့ သူမက သည်အကြံကို လက်လျှော့လိုက်သည်။ သူမက သူမ၏ ခငပွန်းကို အယုံအကြည် မရှိကြောင်း လူပုံအလယ်တွင် ဗြောင်ဖွင့်ချသလို ဖြစ်သွားမည်။ ပြီးတော့ အလန်လွိုက်ကိုယ်တိုင် ခွင့်ပြုချက် မရဘဲနှင့် ဟင်နရီအနေဖြင့် မည်မျှ သည်မျှ များပြားသောငွေကို ချေးယူနိုင်မည် မဟုတ်ဟုလည်း တွေးမိ သည်။
အယ်နီမှာ ကလေးလျိုင်စိတ်ကလည်း နေ့စဉ်လိုပင် ဖြစ်ပေါ်နေသည်။ သို့နှင့် ဒေါက်တာ မက်ကင်ဇီ ထံသွား၍ စစ်ဆေးခံသည်။ သို့သော် ဒေါက်တာက ကလေးလုံးဝ မမွေးတော့ရန်ကိုသာ အကြံပးသည်။ သွေးတိုး ရောဂါရှိနေသောကြောင့် ကိုယ်ဝန်ပျက်ကျမည်မှာ သေချာသည်ဟု ဆိုသည်။ ပြီးတော့ယခုအခါ အယ်နီမှာ အသက် ၃၅ နှစ်ရှိနေပြီ။ သည်အသက်အရွယ်ရောက်မှ နောက်ထပ် ကလေး တစ်ယောက် မွေးရန် မသင့်တော့ဟုလည်း ဒေါက်တာက အကြံပေးသည်။
အယ်နီက ဒေါကတာပြောပြသမျှကို အဘွားကြီးနှစ်ယောက်အား ပြန်လည်ပြောပြသည်။ အဘွားကြီး များကလည်း ဒေါကတာဘက်မှ ထောက်ခံကြသည်။ သူတို့နှစ်ယောက်စလုံးက မူလကပင် ဟင်နရီ စတော့ဘွန်း ကို လိုလားကြသည်မဟုတ်။ ထို့ကြောင့်သူတို့ ကွယ်လွန်သွားပြီး သောအချိန်တွင် ဟနရီနှင့် မွေးဖွားသော အယ်နီ၏ ရင်သွေး တစ်ယောက်ယောက်က ကိန်းမိသားစု၏ အမွေကို ခံစားထိုက်ပါသည်ဟု တောင်းဆို လာမည့် အရေးကို သူတို့အနျြေဖင့် စိတ်ကူးထဲပင် မထည့်ချင်ကြခြင်းဖြစ်သည်။
သည်တော့မှ အယ်နီက သူမ၏ ပြင်းပြသော ဆန္ဒစိတ်ကို ပယ်ထုတ်ပစ်လိုက်ပြီး ၀ီလျံကိုသာ တစ်ဦးတည်းသော အမွေစား အမွေခ့အဖြစ်နှင့် တစ်သက်လုံး ချစ်သွားတော့မည်ဟု စိတ်ကို တုံးတုံးချ လိုက်သည်။
ဟင်နရီကတော့ အယ်နီအား အလွန်စိတ်ဆိုးပြီး သစ္စာဖောက်မဟုပင် စွပ်စွဲသည်။ တကယ်လို့ ရစ်ချတ်သာ အသက်ထင်ရှားခဲ့လျှင် အယ်နီအနေဖြင့် ကလေးတစ်ယောက် မွေးဖြစ်အောင် မွေးဦးမည်မှာ သေချာ သည်ဟုလည်း ပြောသေးသည်။
ဒီပုဂ္ဂိုလ်နှစ်ယောက် ဘယ်လိုများ ကွာခြားကြပါသလဲ။ အယ်နီက တွေးကြည့်မိသည်။ သူမ အနေ ဖြင့်တော့ ဘယ်လိုမှ ကွာခြားချက်မရှိ။ သူမသည် နှစ်ယောက်စလုံးကိုပင် ချစ်လင် ခင်ပွန်းအဖြစ် မြတ်နိုး သည်။
ထို့ကြောင့်သူမက ဟင်နရီအား ချော့ရသည်။ နှစ်သိမ့်စကားတွေ ပြောရသည်။ ဟင်နရီ၏ လုပ်ငန်းကြီးအောင်မြင်တိုးတက်ပါစေ၊ လုပ်ငန်းခွင်တွင် ဖင်မြဲပါစေဟုလည်း နေ့စဉ်ဆုတောင်း သည်။
အမှန်ပင် ဟင်နရီသည်တစ်နေ့တခြား အိမ်ပြန်နောက်ကျလာသည်။ တစ်ရက် တလေများ အိမ်သို့ပင် ပြန်မရောက်တော့။
*
အောက်တိုဘာလ၏ နေ့တစ်နေ့။
ဟင်နရီနှင့်အယ်နီတို့၏ နှစ်နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပပြီး၍ နောက် တစ်နေ့ ဖြစ်သည်။
ထိုနေ့တွင် အယ်နီထံကို ''မီးခဲ'' စာတစ်စောင်ရောက်လာသည်။ ဘယ်သူ ရေးလိုက်သော စာမှန်းမသိ။ ''အမည်မသိ မိတ်ဆွေတစ်ဦး'' ဟူ၍သာ လက်မှတ်ထိုးထားသည်။
ထိုစာတွင် ဟင်နရီသည် ဘော့စတွန်မြို့တွင် တခြားအမျိုးသမီးများနှင့် တွဲခုတ် နေကြောင်း၊ အထူးသဖြင့် အမျိုးသမီးတစ်ယောက်နှင့် ပို၍ အတွဲများကြောင်း ရေးသားထားသည်။ သို့သော် ဘယ် အမျိုးသမီး ဟူု၍တော့ စာကအတိအကျ ဖော်မပြထား။
စာတွေက တစ်စောင်ပြီးတစ်စောင် ဆက်တိုက်ရောက်လာသည်။ အယ်နီက လာသမျှကို မီးရှို့ပစ် လိုက်သည်။ စိတ်ထဲတွင် သံသယတွေဝင်လာပြီး။ သို့သော်လည်း ဟင်နရီကိုတော့ ဖွင့်မ မေးသေး။ စာတစ်စောင် ရောက်လာတိုင်း နောက်ဆုံးစာ ဖြစ်ပါစေဟုသာ စိတ်ထဲက ကျိတ်၍ ဆုတောင်းနေမိသည်။
သည်ကြားထဲ ဟင်နရီက သူ့အားနောက်ဆုံးအနေဖြင့် ဒေါ်လာတစ်သိန်းခွဲထပ်၍ ချေးပါဦး ဟု တောင်းခံလာပြန်သည်။ သည်အချိန်တွင် တောင်မှ အယ်နီက အမည်မသိသူထံမှ စာတွေ ကိစ္စနှင့် ပတ်သက် ၍ ဟင်နရီအား ထုတ်မမေးရဲ။ မေးရဲသော သတ္တိလည်းမရှိ။
'အဲဒီငွေကို မရင် ငါ့အနေနဲ့ လုပ်ငန်းကြီးတစ်ခုလုံး ရေစုန်မျောရတော့မယ် အယ်နီ၊ ဒီတစ်ခါတော့ ငါအထူးတောင်းပန်းပါတယ်၊ နောက်ဆုံးအနေနဲ့ အတတ်နိုင်ဆုံး ကူညီပါဦး အချစ်ရယ်'
'ခက်တော့တာပဲ ဟင်နီရီ၊ ကျွန်မမှာလည်း အဲဒါပဲ ကျန်တော့တယ်။ အဲဒါ အားလုံးပေး လိုက်ရင် ကျွန်မ မှာ လက်ဖ၀ါး၊ ခြေဖ၀ါးပဲ ကျန်တော့မယ်'
'ဖြစ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်၊ ဒီအိမ်ကြီးတောင်မှ ဒေါ်လာနှစ်သိန်း ကျော် တန်ပါတယ်၊ ဒီအိမ်ကြီး ကို ပေါင်လိုက်ကြရအောင်နော်၊ မနက်ဖြန်ကိုယ် သွားပေါင်လိုက်ရင် ဖြစ်ပါတယ်'
'မဖြစ်ဘူး ဟင်နရီ၊ ဘယ်လိုမှ မဖြစ်ဘူး၊ ဒီအိမ်ကို ကျွန်မမပိုင်ဘူး၊ ပိုင်ရှင်က ၀ီလျံ'
'အေး....၀ီလျံ.....၀ီလျံ၊ အားလုံး ၀ီလျံ၊ ၀ီလျံနဲ့ တစ်ဝီလျံတည်း ၀ီလျံနေကြ တာချည်းပဲ၊ ငါ့ရဲ့ အောင်မြင်မှုလမ်းကြောင်းကို ပိတ်ဆို့ထားတာလည်း ဒီ ၀ီလျံပဲ'
ဟင်နရီက ဒေါသကို မထိန်းနိုင်တော့၍ သံကုန်အော်ပြီး ပြောလိုက်သည်။
ထိုနေ့က သူသည် ညသန်ခေါင်ကျော်မှ အိမ်သို့ ပြန်ရောက်လာသည်။ သူ့ပုံက အကြီးအကျယ် စိတ်ဓာတ် ကျ နေသည့် ပုံမျိုး။
ဟင်နရီက ထိုငွေကို သူမယူတော့၊အယ်နီကပင် စိတ်ချမ်းသာသလို သိမ်းထား ပါတော့ဟု ပြောလာသည်။ သည်စကား ကြားရတော့ အယ်နီအလွန်စိတ်ချမ်းသာသွားသည်။ ပြီးတော့ နှစ်ယောက်သား အိပ်ရာ ၀င်ကြသည်။
မနက်ကျတော့ အယ်နီက ဟင်နရီအား ဒေါ်လာ တစ်သိန်းခွဲတန် ချက်တစ်စောင် လက်မှတ်ထိုး၍ ပေးသည်။ သည်ငွေကို ပြန်မရလျှင်တော့ သူမအနေဖြင့် လက်ထဲတွင် ခြူတစ်ပြား တောင် ကျန်တော့မည် မဟုတ်ဟူသော အတွေးကိုလည်း မတွေးမိအောင် မေ့ဖျောက်ထား လိုက်သည်။ သို့သော သူမအမွေရသော ငွေအရေ အတွက်နှင့် ဟင်နရီတောင်းသော ငွေအရေ အတွက်ချင်း တိုက်တိုက်ဆိုင်ဆိုင် ထပ်တူထပ်မျှ ဖြစ်နေသည် ကိုတော့ သူမက မစဉ်းစားဘဲ မနေနိုင်ပါချေ။
*
နောက်လတွင် အယ်နီ ရာသီသွေး ရပ်သွားသည်။
ဒေါက်တာ မက်ကင်ဇီက စိုးရိမ်မိသည်။ သို့သော် ဖွင့်၍တော့ မပြော။
အဘွားကြီးနှစ်ယောက်ကလည်း အလန့်တကြား ဖြစ်သွားသည်။ ဖွင့်၍လည်း ပြောကြ သည်။
သို့သော် ဟင်နရီကတော့ လေချွန်နေပြီ။ သူ့တစ်သက်တာတွင် ဆန္ဒအပြင်းအပြဆုံးသော ရင်သွေး တစ်ယောက် ရလာတော့မည်ဖြစ်၍ အယ်နီအား အလွန့်အလွန်ချစ်မြတ်နိုးရပါသည်ဟု ဇနီးဖြစ်သူကို ဂုဏ် တင်သည်။ ကလေးမွေးလာလျှင် ရစ်ချတ်မကွယ်လွန်ခင်က ပြောခဲ့သည့် အတိုင်းမက်ဆာချူးဆက် ဆေးရုံကြိး တွင် သီးသန့်ကလေးဆောင်တစ်ဆောင် တိုးချဲ့ ဆောက်လုပ ၍ လှူဒါန်းမည်ဟု လည်း လှိုက်လှဲ ၀မ်းသာ ကတိပြုသည်။
သည်အကြောင်းကို မိခင်ဖြစ်သူက ၀ီလျံထံသို့ စာလှမ်းရေးသည်။ စာဖတ်ပြီးတော့ ၀ီလျံ သည် ငိုင် သွားသည်။ လေးလေးနက်နက် စဉ်းစားသည်။ မက်သယူးကိုပင် စကားမပြော။
နောက်နေ့ စနေနေ့နံနက်တွင် ၀ီလျံသည် အတန်းပိုင်ဆရာမထံမှာ အထူးခွင့် တောင်းခံ ကာ ဘော့စတွနသို့ ရထာားစီး၍ လာခဲ့သည်။ ဘော့စတွန်ရောက်တော့ သူပိုင် ဘဏ်တိုက် စုငွေထဲမှ ဒေါ်လာတစ်ရာ ထုတ်ယူသည်။ ပြီးတော့ ဂျက်ဖာဆင်လမ်းမှ "ကိုဟင်၊ ကိုဟင်နှင့် ယက်ဘလွန် ရှေ့နေ လုပ်ငန်း ဌာန" သို့ လာခဲ့သည်။ ရှေ့နေလုပ်ငန်းဌာန၏ အရေးပါဆုံး အစုရှယ် ယာပိုင်ရှင် မစ္စတာ သောမတ်ကိုဟင်က ၀ီလျံကို မြင်လိုက်တော့ အံ့သြနေသည်။ သူက ၀ံလျံအား သူ့ရုံးခန်းထဲ့သို့ ခေါ်လာ ခဲ့သည်။
မစ္စတာစကိုဟင်ကပင် စတင်ပြောသည်။
"ကျုပ်တစ်သက်မှာ အခုလို ၁၆ နှစ်သားတစ်ယောက်က လာပြီးဌားရမ်းတာ ဒီတစ်ကြိမ် ပထမဆုံးပဲ၊ ကျူပ်အဖို့တော့ အတွေ့အကြုံသစ်ပဲ ဆိုပါတော့" သူက ခဏစဉ်းစားနေပြီးတော့မှ "ဒီမှာ မစ္စတာကိန်း၊ အမှန် အတိုင်းဝန်ခံရရင် မောင်ရင်ရဲ့ အဖေဟာ ကျုပ်ရဲ့ ဘာသာရေးနဲ့ ပတ်သတ်ပြီး စေတနာရှိတဲ့ လူတစ်ယောက် လို့ မဆိုနိုင်ပါဘူး၊ အဲဒီတော့"
ဝီလျံက ခပ်မြန်မြန်ဖြတ်၍
"ကျွန်တော့ဖေဖေဟာ ဟီဘရူးလူမျိုးတွေရဲ့ ကြီကျယ်တဲ့ စွမ်းဆောင်မှုကို လေးစားတဲ့ လူတစ်ယောက်ပါ၊ အထူးသဖြင့် လူကြီးမင်းရဲ့ လုပ်ငန်းဌာနကိုတော့ အလေးအနက် ထားခဲ့ပါတယ်၊ သူ့ပါးစပ် ကလည်း မကြာမကြာ ထုတ်ဖော်ပြောပြခဲ့ဖူးပါတယ်၊ ဒါကြောင့်မို့လည်း ဒီဌာနကို ကျွန်တော် ရွေးချယ် လာရောက်တာ ဖြစ်ပါတယ်၊ ဒါဆိုရင် အကြောင်းလုံလောက်ပါပြီ"
မစ္စတာကိုဟင်က ၀ီလျံ ၁၆ နှစ်သားအရွယ် လူငယ်တစ်ယောက်ဆိုသော အချက်ကို မေ့ထားလိုက်ပြီး
'မှန်ပါတယ်...မှန်ပါတယ်၊ ရစ်ချတ်ကိန်းရဲ့ သားအတွက် ခြွင်းချက် အနေနဲ့ အထူး ကူညီရမယ်လို့ ကျူပ် ခံစားမိပါတယ်၊ ကိုင်း...ဆိုပါဦး၊ ဘယ်လိုကူညီမရမှာလဲ'
'ကျွန်တော်မေးတဲ့မေးခွန်းသုံးခုကို ဖြေဆိုပါ မစ္စတာကိုဟင်၊
မေးခွန်း (၁) ကျွန်တော့ မိခင် ဖြစ်တဲ့ မစ္စက်ဟင်နရီအော့စဘွန်းဟာ မကြာခင်သားဖြစ်စေ၊ သမီးဖြစ်စေ မွေးပါတော့မယ်၊ တကယ်လို့ ဒီကလေးကို မွေးလာရင် အဲဒီကလေးအနေနဲ့ ကိန်းမိသားစုပိုင် ပစ္စည်းတွေကို အမွေ ဆိုင်နိုင်ပါသလား၊ မေးခွန်း (၂)က မစ္စတာဟင်နရီကိန်းဟာ ကျွန်တော့မိခင်ကို လက်ထပ် လိုက်တဲ့ အတွက် သူ့အပေါ်မှာ ကျွန်တော့်အနေနဲ့ တရားဥပဒေအရ တစ်စုံတစ်ရာ ထောက်ထား မှီခိုမှု ရှိပါသလား၊ မေးခွန်း(၃)က ကျွန်တော်အမွေရထားတဲ့ အိမ်ကြီးဟာ ဘယ်အရွယ်ရောက်ရင် မစ္စတာဟင်နရီ အော့စဘွန်း ကို အဲဒီအိမ်ကြီးပေါ်က မောင်းချလို့ ရနိုင်မှာပါလဲ'
မစ္စတာကိုဟင်၏ ငှကတောင်ကလောင်တံသည် သူ့ရှေ့မှ စာရွက်ပေါ်တွင် အရှိန်မြန်မြန် နှင့် ရွေ့လျားနေသည်။
ဝီလျံက စားပွဲပေါ်တွင် ဒေါ်လာတစ်ရာ တင်ထားလိုက်သည်။ ဥပဒေပညာရှင်ကြီးက အံ့အားသင့် သွားသည်။ သို့သော် သူက ပိုက်ဆံကို ကောက်ယူပြီး ရေတွက်ကြည့်သည်။
'ဒီငွေကို အဓိပ္ပာယ်ရှိရှိအသုံးပြုပါ မစ္စတာကိုဟင်၊ ကျွန်တော် ဟားဗတ်တက္ကသိုလ်က ဆင်းပြီးတဲ့အခါ ရှေ့နေကောင်းတစ်ယောက် အမြဲတမ်း ငှားထားဖို့ ရည်ရွယ်ချက်ရှိပါတယ်'
'အိုး.... မောင်ရင်က အခု ဟားဗတ်တက္ကသိုလ် ရောက်နေပြီကိုး၊ ဂုဏ်ယူပါတယ် မစ္စတာကိန်း၊ ကျုပ်သားကိုလည်း အဲဒီရောက်အောင် ပို့မလို့ စိတကူးထားတယ်'
'ကျွန်တော် အခုဟားဗတ်ကို မရောက်သေးပါဘူး၊ နောက်နှစ်နှစကြာမှ ရောက်မှာပါ၊ ကျွန်တော် နောက်တစ်ပတ်ကြာရင် ဘော့စတွန်ကို ပြန်လာပြီး လူကြီးမင်းနဲ့ တွေ့ပါဦးမယ်၊ ဒီအကြောင်းကို လူကြီးမင်း ကလွဲပြီး တခြားတစ်ယောက်ယောက်ဆီက ကျွန်တော် ကြားရတယ်ဆို ရင်တော့ အဲဒီကြားရတဲ့နေ့ဟာ လူကြီးမင်း နဲ့ ကျွန်တော်နဲ့ ဆက်ဆံရေး နိဂုံးချုပ်တဲ့နေ့ပဲလို့သာ ယူဆပါတော့၊ ကျေးဇူးတင်ပါတယ် မစ္စတာ ကိုဟင် ကျွန်တော့်ကိုခွင့်ပြုပါဦး'
မစ္စတာကိုဟင်က ကျေးဇူးတင်စကား ပြန်မပြောလိုက်နိုင်မီမှာပင် ၀ီလျံက ရုံးခန်းတံခါးကို ဂျိန်းခနဲ ပိတ်၍ ပြန်ထွက်သွားတော့သည်။
ဝီလျံသည် နောက်ခုနှစ်ရက်အကြာတွင် "ကိုဟင်၊ ကိုဟင်နှင့် ယက်ဘလွန်"ရှေ့နေ လုပ်ငန်းဌာနသို့ ပြန်လာသည်။
'အား.... မစ္စတာကိန်းပါလား' ရှေ့နေကြီး မစ္စတာသောမက်ကိုဟင်က ဆီးကြိုနှုတ်ဆက်သည်။ 'အခုလို ပြန်တွေ့ရတာ ၀မ်းသာပါတယ်၊ ဒါနဲ့ ကော်ဖီသုံးဆောင်ပါဦးလား'
'ကိစ္စမရှိပါဘူး၊ ကျေးဇူးတင်ပါတယ်'
'ဒါဖြင့် ကိုကာကိုလာဖြစ်ဖြစ် မှာလိုက်ရမှာလား'
ဝီလျံက ဘာမှပြန်မပြောဘဲ ကျောက်ရုပ်မျက်နှာမျိုးနှင့်သာ ရှေ့နေကြီးကို ကြည့်နေသည်။ ရှေ့နေကြီး က မသိမသာ မျက်နှာပျက်သွားပြီး
'ဟုတ်ပြီ၊ ဟုတ်ပြီ အလုပ်ကိစ္စပဲ ပြောကြတာပေါ့၊ မောင်ရင် မေးထားတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့အတွက် ကျုပ်တို့ အလွန်ကျွမ်းကျင်တဲ့ ပုဂ္ဂလိက ထောက်လှမ်းရေး ကုမ္ပဏီတစ်ခုကို အကူအညီ တောင်းခဲ့ ရတယ်။
မောင်ရင့် မေးခွန်းတွေက ပညာပိုင်းတော့ မဆန်ဘူး၊ ဒါပေမဲ့.. အဖြေတွေရထားပြီးပါပြီ၊ မစ္စတာ အော့စဘွန်းနဲ့ ရလာမယ့် မောင်ရင့်မိခငရဲ့ ကလေးဟာ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိန်းမိသားစုပိုင် ပစ္စည်းခြံမြေ၊ အထူးသဖြင့် မောင်ရင့ ကို မောင်ရင့်ဖခင် အမွေပေးခဲ့တဲ့ ဘဏ္ဍာထိန်း ငွေတွေကို တောင်းဆိုခွင့်ရှိသလား...လို့ မောင်ရင် ကမေးခဲ့တယ်၊ အလွယ်ဆုံးဖြေရရင်တော့ 'မရှိဘူး' ဆိုတာပဲ၊ ဒါပေမဲ့ ... မစ္စက်အော့စဘွန်းကို မောင်ရင့်ဖခင်ပေးခဲ့တဲ့ ဒေါ်လာငါးသိန်း ရှိတယ်၊ ဒါပေမဲ့... မစ္စက် အော့စဘွန်းအနေဲ့ အဲဒီငွေထဲက တချို့တစ၀က်ကို တစ်ယောက်ယောက်ကို ခွဲပေးချင်ရင်တော့ သူ့သဘောအတိုင်း ခွဲပေးနိုင်ခွင့် ရှိတယ်'
မစ္စတာကိုဟင်က ၀ီလျံ၏ မျက်နှာကို မော့်ကြည့်လိုက်သည်။ ပြီးတော့ ဆက်ပြောသည်။
'သို့သော် အဲဒီလို အခြေအနေမျိုးကို ဘယ်လိုမှ မရောက်နိုင်တော့ဘူး၊ ဒီအချက်ကို မောင်ရင် စိတ်ဝင်စား လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ္စက်အော့စဘွနးဟာ ကိန်းနှင့် ကဘော့ဘဏ်မှာ အပ်နှံ ထားတဲ့ သူ့ရဲ့ကိုယ်ပိုင်ငွေ ငါးသိန်းစလုံးကို လွန်ခဲ့တဲ့ ၁၈လ အတွင်းမှာ တစ်ပြားမကျန် ထုတ်ယူ သွားပြီးပြီ၊ ဘာအတွက် ထုတ်ယူသွားတယ် ဆိုတာတော့ ကျုပ်တို့ မသိရသေးဘူး၊ တခြားဘဏ်တစ်ခုမှာ ပြောင်းပြီး အပ်နှံချင် လို့ ထုတ်သွားတာလည်း ဖြစ်နိုင်တယ်'
ရှေ့နေကြီး၏ စကားကို ကြားလိုက်ရတော့ ၀ီလျံသည် တော်တော်ကြီးကို အမူအရာ ပျက်သွားသည်။ သူက ပြန်ပြောလိုက်သည်။
'ဒါ လုံးဝမဖြစ်နိုင်ဘူး၊ တစ်ယောက်ယောက်အတွက် ထုတ်ပေးလိုက်တာပဲ ဖြစ်ရမယ်'
ရှေ့နေကြီးက ငြိမ်နေသည်။ ၀ီလျံ ဘာဆက်ပြောမလဲ စောင့်နေခြင်း ဖြစ်သည်။
သို့သော် ၀ီလျံကလည်း ဘာမှမပြောတော့ဘဲ ငြိမ်မြဲငြိမ်နေသည်။ သည်တော့မှ ရှေ့နေကြီးကပြောသည်။
'မောင်ရင်မေးတဲ့ ဒုတိယမေးခွန်းရဲ့အဖြေကတော့ မောင်ရင့်အနေနဲ့ မစ္စတာအော့စဘွန်း အပေါ်မှာ ပုဂ္ဂိုလ်ရေးအရရော၊ တရားဥပဒေအရ ဘာတာဝန်မှမရှိပါဘူး၊ မောင်ရင့်ဖခင်ရဲက သေတမ်းစာပါ စည်းကမ်း ချက်အရ မောင်ရင့်မိခင်က မောင်ရင်ရဲ့ ခေါင်းကိုင်မိဘတွေဖြစ်ကြတဲ့ မစ္စတာအလန်လွိုက်၊ မစ္စက် ဂျွန်ပရက် စတန်ဆိုတဲ့ ပုဂ္ဂိုလတွေနဲ့အတူ မောင်ရငအသက် ၂၁ နှစ်အရွယ်ရောက်တဲ့အထိ မောင်ရင်ရဲ့ ဘဏ္ဍာထိန်း အဖွဲ့ဝင် တစ်ယောက်ဖြစ်တယ်'
ရှေ့နေကြီးက မျက်နှာမော့်ကြည့်လိုက်ပြန်သည်။ သို့သော် ၀ီလျံက ဘာအမူအရာမှမပြ။ သူကပင် ဆက်ပြော ရမည့် လက္ခဏာဟု ရှေ့နေကြီးက သိလိုက်ပြီး
'တတိယမေးခွန်းနဲ့ ပတ်သက်လို့တော့ မစ္စတာအော့စဘွန်းဟာ မောင်ရင့်မိခင်နဲ့ အကြင်လင် မယားအဖြစ် ရှိနေသမျှ ကာလပတ်လုံး၊ ဒါမှမဟုတ် သူတို့နှစ်ယောက် အတူတကွ နေနေသမျှ ကာလပတ် လုံး မစ္စတာအော့စဘွန်းကို မောင်ရင့်အိမ်ကနှင်ချလို့ လုံးဝမရပါဘူး၊ မောင်ရင့်မိခင် ကွယ်လွန် သွားတဲ့နေ့ မှာ ဒီအိမ်ကြီးဟာ မောင်ရင့်လက်ထဲ အလိုလိုရောက် လာရမှာပဲ၊ အဲဒီအချိန်မှာတော့ သူ့ကို နှင်ချလို့ရပြီ၊ ဒါဆိုရင် မေးသမျှ မေးခွန်းအားလုံးကို ကျေနပ်လောက်အောင် ဖြေဆိုပြီးပြီလို့ ထင်ပါတယ်'
'ကျေးဇူးတင်ပါတယ် မစ္စတာကိုဟင်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူကြီးမင်းရဲ့ ကျွမ်းကျင်မှုနဲ့ အမြော် အမြင်ရှိမှုအတွက် ကျွန်တော်လေးစာပါတယ်၊ ကဲ.. ဒီအတွက် ကျွနတော် ဘယ်လောက် ပေးရမယ် ဆိုတာ သိပါရစေ'
'အမှန်တော့ ဒီအလုပ်အတွက ဒေါ်လာတစ်ရာနဲ့ မလုံလောက်ပါဘူး၊ သို့သော်လည်း ကျုပ်က မောင်ရင်ရဲ့ ရှေအလားအလာကို မြင်ပါတယ်၊ ဒီတော့ '
'ကျွန်တော့်အတွက် ဘယ်သူ့အပေါ်မှာမှ တာဝန်တစ်ခု ဖြစ်မနေစေချင်ပါဘူး မစ္စတာ ကိုဟင်၊ လူကြီးမင်း အနေနဲ့ ကျွန်တော့ကို နောက်ထပ် ဘယ်တော့မှ ပြန်မဆက်ဆံ ရတော့မယ့် လူတစ်ယောက် လို့ပဲ သဘောထား စေချင်ပါတယ်၊ ဒီတော့ ကျသင့်သလောက်ပေါ့၊ ကျွနတော်ဘယ်လောက်ပေးရမှာလဲ'
ရှေ့နေကြီးက ခေတ္တစဉ်းစားနေသည်။ ပြီးတော့မှ
'ဒီလိုကိစ္စမျိုးမှာ ကျုပ်တို့က ဒေါ်လာ ၂၂၀ ထိ ယူပါတယ်'
ဝီလျံက ဘာမှပြန်မပြောတော့ဘဲ အတွင်းအင်္ကျီအိတ်ထဲမှ ဒေါ်လာ ၂၀ တန် ခြောက်ရွက် ယူပြီး ကမ်းပေးလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ ရှေ့နေကြီးက ပိုက်ဆံကို ရွေတွက်မကြည့် တော့။
'အခုလို ကူညီတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်၊ မစ္စတာကိုဟင်၊ အခွင့်ကြုံရင် နောက်လည်း တွေ့ကြပါဦးမယ်၊ မင်္ဂလာနေ့ပါ'
'မင်္ဂလာနေ့ပါ မစ္စတာကိန်း၊ ကျုပ်ကို စကားတစ်ခွန်းတော့ ပြောခွင့်ပြုပါဦး။ ကျုပ်က မောင်ရင်ရဲ့ နာမည်ကျော်ဖခင်နဲ့ တစ်ခါမှ မဆုံလိုက်ရဘူး၊ အခုတော့ သားဖြစသူနဲ့ ဆုံရပြီ၊ အခုလို ဆုံရတာ ကျုပ်က ဂုဏ်ယူမိပါတယ်။'
ဝီလျံက ပြုံးပြီး ပြန်ပြောလိုက်သည်။
'ကျေးဇုးတင်ပါတယ်ခင်ဗျား'
အယ်နီသည် ကလေးမီးဖွားရန် ပြင်ဆင်နေရသည်နှင့်ပင် လူမအား စိတ်မအားဖြစ်နေသည်။ သူမသည် ကလေး မီးဖွားရမည့်အတွက် စိတ်လှုပ်ရှားနေရသည်နှင့် အမျှ လင်တော်မောင် အတွက်လည်း စိုးရိမ် သောက ဖြစ်နေရသည်။
မယားဖြစ်သူက လုပ်ငနးအခြေအနေ ကောင်းရဲကလားဟု မေးကြည့်တိုင်းတွင်လည်း ဟင်နရီက ကောင်းပါတယ်ဟူ၍ တစ်မျိုးတည်းသော အဖြေကိုသာ အမြဲတမ်းပေးနေသည်။ ဘယ်တော့မှ အတိအကျ မဖြေ။ အသေးစိတ်မဖြေ။
တစ်နေ့မနက်တွင်မူ အမည်မသိ မိတ်ဆွေတစ်ဦးထံမှ စာတွေ ရောက်လာပြန်သည်။ သည် တစ်ကြိမ် တွင်တော့ ဟင်နရီနှင့် တွဲနေသော အမျိုးသမီး၏ အမည်နာမနှင့် နေရာဌာနတွေပါ အသေးစိတ် ပါလာသည်။ အယ်နီက ယင်းနာမည်တွေကို မှတ်ထားရန်ပင် စိတ်မကူးတော့ဘဲ အားလုံးကို မီးပုံရှို့ပစ် လိုက်သည်။ ယခုလို သူမ ကိုယ်ဝန်ရှိနေချိန်တွင် သူမ၏ ခင်ပွန်းသည်အနေဖြင့် သစ္စာဖောက်လိမ့်မည်ဟု သူမလုံးဝမထင်။ မနာလိုသူ တစ်ယောက်ယောက် က ကြားဝင်ပြီး နှောင့်ယှက်နေခြင်းသာဖြစ်မည်ဟု ထင်သည်။
သို့သော်လညး စာတွေကတော့ တစ်စောင်ပြီးတစ်စောင် ရောကလာမစဲ ရောကလာမြဲပင်။ တချို့ စာများတွင် နာမည်သစ်တွေ တိုးလာသည်။ အယ်နီက မီးရှို့မြဲ မီးရှို့ပစ်နေသည်။ သို့သော် စိတ်ထဲကတော့ သံသယ မကင်းချင်တော့။ သည်ကိစ္စကို တစ်ယာက်ယောက်နှင့် ဆွေးနွေးကြဘ့်ချင်စိတ် ဖြစ်ပေါ်လာသည်။ သို့သော် ယုံကြည် စိတ်ချရမည့်သူဟူ၍ တစ်ယောက်မျှ စဉ်းစားမရ။ အဘွားကြီးနှစ်ယောက်က ဟင်နရီ အပေါ် တွင် နဂိုကပင် မကျေမနပ်ဖြစ်နေကြသည်။ ဘဏ်ဥက္ကဋ္ဌ အလန်လွိုက်ကျပြန်တာ့လည်း လူပျိုကြီး ဖြစ်၍ အိမ်ထောင်ရေး ပြဿနာကို လုံးစေ့ပတ်စေ့ နားလည်နိုင်မည်မထင်။ ၀ီလျံဆိုလျှင်လည်း အသက်က ငယ်သေး သည်။
တစ်ခါတွင် ကမ္ဘာကျော် စိတ်ပညာရှင်ကြီး ဆစ်ဂမွန်ဖရွိုက်၏ ဟောပြောပွဲသို့ သွားရောက် နားထောင်ရာမှ သူမ၏ ပြဿနာကို စိတ်ကုပါရဂူတစ်ယောကထံ သွားရောက် တိုင်ပင်ကြည့်ရ ကောင်းမည် လားဟု စိတ်ကူးမိသေးသည်။ သို့သော် ကိုယ့်မိသားစု အဆက်ဆက်တို့သည် မိသားစုပြဿနာကို သူစိမ်း တစ်ရံဆံ တစ်ယောကှ်င့် ဘယ်တုန်းကမှ ဆွေးနွေးလေ့မရှိ။
သည်လိုနှင့် တစ်နေ့သောအခါတွင်တော့ ကြိုတင်ပြင်ဆင်မှုမရှိဘဲနှင့် သူမ၏ ပြဿနာကို ရင်ဖွင့်ပြရမည့် အခြေအနေ စုပြုံပေါ်ပေါက်လာခဲ့လေသည်။ တနင်္လာနေ့တစ်နေ့တွင် အယ်နီထံသို့ စာသုံးစောင် ရောက်ရှိလာသည်။ ပထမစာက လာရိုးလာစဉ် "မစ္စက်ရစ်ချတ်ကိန်း" ဟူ၍ ထုံးစံအတိုင်း လိပ်စာ တပ်ထားသော ၀ီလျံထံမှစာ၊ ထိုစာတွင်လာမည့် နွေရာသီကျောင်းပိတ် ရက်ရောက်လျှင် သူသည် အိမ်မပြန် တော့ဘဲ နယူးယောက်မြို့ရှိ မက်သယူးလက်စကာတို့ အိမ်သို့ပင် သွားနေမည်ဖြစ်ကြောင်း ၀ီလျံ က ရေးသား ထားသည်။
ဒုတိယစာမှာ အညတရမိတ်ဆွေတစ်ဦးထံမှစာဖြစ်သည်။ ဟင်နရီသည် မီလီ ပရက်စတန် (မစ္စက်ဂျွန်ပရက်စတန်)ဆိုသူ အမျိုးသမီးတစ်ယောက်နှင့် တွဲနေကြောင်းပါသည်။
တတိယစာကတော့ ကိန်းနှင့် ကဘော့ဘဏ်တိုက ဥက္ကဋ္ဌ အလန်လွိုက်ထံမှစာ၊ ထိုစာတွင် အလန် လွိုက်က သူ့အနေဖြင့် အယ်နီနှင့် တိုင်ပင်စရာရှိ၍ သူ့ထံ ဖုန်းပြန်ဆက်ပါဟု ရေးသားထား သည်။
စာသုံးစောင်ကို ဖတ်ပြီးတော့ အယ်နီသည် တစ်ကိုယ်လုံး နုံးချည့်ခွေကျသွားသလို ခံစားရသည်။ သို့သော်လည်း သူမသည် ထိုစာများကို အကြိမ်ကြိမ်ပင် ပြန်၍ ဖတ်နေမိသည်။
ဝီလျံ၏စာကြောင့် သူမအဖို့ အထီးကျန်ဘ၀သို့ ရောက်သွားသလို ခံစားရသည် အိမ်သို့မပြန်ဘဲ မိတ်ဆွေအိမ်သို့ သွားနေခြင်းမှာ ရိုးရိုးမဟုတ်တော့။ သူမအား တဖြည်းဖြည်းနှင့် ခွဲခွာသွားချင်သောကြောင့် ဖြစ်သည်။ သူမ ဟင်နရီနှင့် အိမ်ထောင်ပြုသည့် နေ့ကစ၍ ၀ီလျံနှင့် သူမတို့၏ ဆက်ဆံရေးသည် တစိမ်း ပြင်ပြင် ဖြစ်လာခဲ့သည်။
အညတရ မိတ်ဆွေ၏စာကြောင့်လည်း သူမရင်ထဲ မချိအောင် နာကျင်ခြင်း ဖြစ်ရသည်။ ဟင်နရီနှင့် တွဲနေသည်ဆိုသော မီလီပရက်စတန်မှာ တခြားသူမဟုတ် သူမ၏ အချစ်ဆုံး မိတ်ဆွေလည်းဖြစ်သည်။ ၀ီလျံ၏ ခေါင်းကိုင်မိခင်လည်းဖြစ်သည်။ ထို့ပြင် ဟင်နရီအား သူမနှင့် မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်သည်။
အလန်လွိုက်ထံမှစာမှာ သူမဖို့ ဘာရယလို့မသိဘဲနှင့် ပို၍ပင် ရင်ဖိုရသည်။ သူမသည် အလန်လွိုက်ထံမှ ယခင်က စာတစ်စောင်သာ ရခဲ့ဘူးသည်။ ရစ်ချတ် ကွယ်လွန်သွား၍ ၀မ်းနည်းကြောင်း ပေးပို့စာဖြစ်သည်။ ယခု ဒုတိယမြာက် ရောက်လာသောစာတွင် သူမအတွက် ပထမစာထက်ပင် ပို၍များ ဆိုးရွား နေဦးမှာလားဟု တွေးမိပြီး တိုက်ရိုက်ဆက်ပေးသည်။
'အလန်.... ကျွန်မကို တွေ့ချင်လို့ဆို'
'ဟုတ်တယ်...အယ်နီ၊ ငါ မင်းနဲ့ စကားပြောချင်တယ်၊ ဘယ်တော့ တွေ့နိုင်မလဲ'
'သတင်းဆိုးလား အလန်'
'မဆိုးလှပါဘူး၊ ဒါပေမဲ့ ငါဖုန်းနဲ့ပြောလို့တော့ မဖြစ်ဘူး၊ ဘာမှလည်း မစိုးရိမ်ပါနဲ့၊ မင်းအားရဲ့လား၊ နေ့လယစာ စားရင်း တွေ့ကြရင် ကောင်းမယ်ထငတယ်'
'ဟုတ်ကဲ့... ကောင်းပါတယ် အလန်'
'ဒါဖြင့်... တစ်နာရီတိတိမှာ ရစ်ဇ်ဟိုတယ်ကို လာခဲ့ပါ၊ ငါ အဲဒီက စောင့်နေမယ်'
'စိတ်ချပါ ကျွန်မ ဆက်ဆက် လာခဲ့ပါ့မယ် အလန်'
တစ်နာ၇ီဆိုတော့ နောက်သုံးနာရီပဲ ကျန်တော့သည်။ သူမစိတ်တွေ မငြိမ်တော့။ တောင်ရောက် မြောက်ရောက် ရောက်ချင်ရာ ရောက်နေသည်။ အလန်၊ ၀ီလျံ၊ ဟင်နရီ။ အထူးသဖြင့် မီလီပရက် စတန်အကြောငးကိုသာ စိတ်ထဲစွဲနေသည်။ တကယ်ပဲ အဲဒီလို ဖြစ်နေကြ ပြီလား။
သူမက ဆက်လက်တွေးမနေတော့ပဲ ရေနွေးပူပူနှင့် အကြာကြီး ရေစိမ်ချိုးပစ်လိုကသည်။ ပြီးတော့ အကောင်းစား ၀တ်စုံတစ်စုံကို ရွေးဝတ်သညိ။
ဒါပေမဲ့ စိတ်ထဲကတော့ ငြိမ်မသွား။ သူမရင်ထဲတွင် ဗလောင်ဆူနေသလို ခံစားနေရသည်။ ကလေး မမွေးခင် ပြဿနာတွေ ဆိုးသညထက် ဆိုးလာလျှင်တော့ အကျိုးနည်းရချည့်ရဲ့။
အခန်း (၁၁) ဆက်ရန်

.
No comments:
Post a Comment