အခန်း (၃)
မျိုးမည်မသိ မိဖမဲ့ကလေးငယ်တစ်ယောက် ကောက်ရ၍ တစ်အိမ်သားလုံး စိတ်လှုပ်ရှားကြရပြီးနောက် အတွေး ကိုယ်စီဖြင့် အသီးသီး အိပ်ရာဝင်သွားခဲ့ကြလေပြီ။ သို့သော် အိမ်ရှင်မဖြစ်သူ ဟယ်လင်နာ ကော်စကာဝစ် မှာကား ကလေးငယ် လက်မောင်းပေါ်တွင် သိပ်လျက် အိပ်မပျော်နိုင်ဘဲ ရှိလေသည်။
ဟယ်လင်နာက မွေးလာသမျှ ကလေးတိုင်း အသက်ရှင်ရမည်ဟု ယုံကြည်သည်။ သူမကိုယ်တိုင် ကလေး ကိုးယောက် မွေးဖွားခဲ့ခြင်းက သည်အချက်ကို သက်သေခံနေသည်။ သူမ မွေးဖွားခဲ့သော ကလေးကိုး ယောက်အနက် သုံးယောက်မှာ ပုခက်တွင်းကတည်းကပင် ဆုံးပါးသွားခဲ့ကြသော်လည်း သူမအနေဖြင့် လွယ်လွယ် နှင့် လက်လွှတ်အလျှော့ပေးခဲ့သည်ကား မဟုတ်၊ တတ်နိုင်သမျှ ကြိုးစား၍ အသက်ကို လုခဲ့ သည်ချည်း ဖြစ်သည်။
ယခုအချိန်တွင် သူမအသက်မှာ ၄၅နှစ်ရှိပြီ။ နောက်ထပ်၍ သားသမီးမမွေးနိုင်တော့ကြောင်း သူမ သိပါသည်။
ယခု သူမ လက်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ' မောင်ကောက်ရကလေး 'ကို သူမအား ဘုရား သခင်က ပေးသနားတော်မူခြင်းဖြစ်၍ ဤကလေးသည် လူ့လောကတွင် အသက်ရှင်နေခွင့် အပြည့် အဝ ပါလာ သူဖြစ်သည်ဟု သူမက လေးလေးနက်နက် ယုံကြည်ထားသည်။
တကယ်တော့ ဟယ်လင်က ဘ၀ရိုးသားသလို ယုံကြည်ချက်လည်း အလွန်ရိုးသားသူဖြစ်သည်။ ရုပ်ရည် ကလည်း ၀၀ဖြိုးဖြိုး၊ စိုစိုပြည်ပြည်မဟုတ်၊ အရိုးပေါ်အရေတင်နေသူဟု၍ မဆိုလောက်ရုံတစ်မည်သာ။ အသား အရေမွဲခြောက်ခြောက်ဖြင့် အရွယ်နှင့်မလိုက်အောင် ပိန်လှီလှသည်။ အာဟာရချို့တဲ့ခြင်း၊ အလုပ် ပင်ပန်းခြင်း နှင့် ဆင်းရဲခြင်းတို့၏ ဒဏ်ရာဒဏ်ချက်ပင်ဖြစ်သည်။ သို့သော် သူမသည် ဘယ်တော့မှ ညည်းညူ သည်ဟူ၍ရှိ။ ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်သည်။ အ၀တ်အစားဆို၍လည်း အသစ်ဆိုတာကို တစ်သက် မှာ တစ်ခါသာ ၀တ်ခဲ့ရဖူးရှာသည်။
ဟင်လင်နာသည် နို့သီးခေါင်းတစ်ဝိုက်တွင် အနီစို့ကလေးများ ပေါ်လာသည်အထိ သူမ၏ နို့အုံကို ခပ်ပြင်း ပြင်း ကလေး ညှစ်လိုက်သည်။ နို့သီးခေါင်းမှ နို့ရည်တွေပန်းထွက်လာကြသည်။ လူ့သဘာဝအသက်တမ်း တစ်ဝက် ကျိုးလာသောအခါ လူတိုင်းလူတိုင်း အဖိုးတန် အရာတစ်ခုခုကိုတော့ နောင်လာနောက်သားများ အတွက် လက်ဆင့်ကမ်းကြရစမြဲ ဖြစ်သည်။ ယခု အသက် ၄၅ နှစ်အရွယ်တွင် ဟယ်လင်နာအနေဖြင့် ပေးကမ်း နိုင်သည့် တစ်ခုတည်းသောအရာကတော့ တန်ဖိုး အန ဂ္ဃထိုက်လှသည့် ' မိခင်နို့ရည် ' ပါတည်း။
' ကဲ ... မေမေ့ သားလေး နို့နို့ စို့လိုက်ပါဦး '
သူမက ကလေးငယ်၏ ပါးစပ်ဝသို့ နို့သီးခေါင်းကို တပ်ပေးလိုက်သည်။ ကလေးငယ်က မျက်လုံးပြာကလေး များကို ဖွင့်ကြည့်ပြီး နို့ကို အတင်းဆွဲဟပ်ကာ တပြွက်ပြွက်နှင့် အငမ်းမရ စို့သည်။ သူ့နှာခေါင်းကလေးထိပ် တွင် ချွေးကလေးများပင် စို့လာကြသည်။ ခဏကြာတော့ မိခင်ဖြစ်သူမှာ မအိပ်ချင် အိပ်ချင်နှင့် အိပ်ပျော် သွားလေ သည်။
*
နှုတ်ခမ်းမွှေးထူထူ၊ ကိုယ်ခန္ဓာထွားထွားနှင့် ဟယ်လင်နာ၏ ယောက်ျားဖြစ်သူ ဂျာစီယို ကော်စကာဝစ်သည် နံနက် ၅ နာရီတွင် အိပ်ရာမှ နိုးလာသောအခါ သူ့မိန်းမနှင့် ကလေးငယ်တို့ကို ကြိုးတပ်ခုံရှည်ပေါ်တွင် တွေ့ ရသည်။ ညတုန်းက ဟယ်လင်နာ သူတို့အိပ်ရာမှ ထသွားသည်ကို သူ လုံးဝမသိခဲ့။
သူသည် ကလေးငယ်ကို ငုံ့ကြည့်လိုက်သည်။ ကလေးက အငိုအပြုမရှိ၍ တော်ပါသေးသည်။ ဒီကောင် လေး အသက်ရှိပါသေးရဲ့လား။ အသက်ရှိရှိ မရှိရှိ သူ့အပူမဟုတ်။ ပူစရာရှိ ဟယ်လင်နာပဲ ပူလိမ့်မည်။ သူ့ အနေဖြင့် လောလောဆယ် အရေးကြီးဆုံးကတော့ အရုဏ်တက်ချိန်အမီ နယ်စားကြီး၏ ခြံသို့ အရောက် သွားဖို့ သာဖြစ်သည်။
သူသည် မီးဖိုခန်းထဲသို့ ၀င်လာခဲ့ပြီး ဆိတ်နို့ခွက်ကို အားရပါးရ မော့သောက်လိုက်ပြီးနောက် နှုတ်ခမ်းမွေးကို အင်္ကျီ လက်မောင်းနှင့်သုတ်လိုက်သည်။
ထို့နောက် လက်တစ်ဖက်က ပေါင်မုန့်တစ်တုံး၊ အခြားတစ်ဖက်က သူ့ပစ္စည်းများကိုင်ကာ သူ့မိန်းမ မနိုးအောင် တဲတံခါးကို အသာကလေးဖွင့်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ သူသည် မောင်ကောက်ရ ကလေး အား နောက်ဆုံးမြင်တွေ့ခဲ့ခြင်း သဘောထက်ပို၍ တခြားဘာကိုမျှ မတွေးတော့ဘဲ တောစပ်ဆီသို့ သာ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာခဲ့လေသည်။
*
သမီးကြီး ဖလော်ရင်တီနာသည် ၆ နာရီမထိုးခင်ကလေးတွင် မီးဖိုခန်းသို့ ၀င်လာခဲ့သည်။ ဖလော်ရင်တီနာ သည် အိမ်တွင်းမှုကိစ္စအ၀၀တွင် မိခင်ကို ကူညီလုပ်ကိုင်ပေးရသည်။ သူမ၏ နေ့စဉ် တာဝန်များအနက် အိမ် သားရှစ်ယောက် အတွက် နံနက်စာ ချက်ပြုတ်ကျွေးမွေးခြင်းလည်း ပါဝင်သည်။ နံနက်စာ ပြင်ဆင်ရာတွင် ဆိတ်နို့ ကျိုခြင်း၊ ပေါင်မုန့်ကြမ်းလှီးခြင်းတို့မှာ အသေးအဖွဲ့ လုပ်ငန်းကလေးမျှသာ ဖြစ်သည်။ သို့သော် လူရှစ်ယောက်စာ အတွက် မျှမျှတတဖြစ်အောင် ခွဲဝေစီစဉ်ရသည်မှာ ဦးနှောက်ကိုတော့ တော်တော်ကလေး သုံးရသည်။
ဖလော်ရင်တီနာမှာ ကိုယ်လုံးကိုယ်ထည် သွယ်သွယ်နှောင်းနှောင်းနှင့် ရွက်ကြမ်းရေကျို အလှပိုင်ရှင်မလေး ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်ယောက်မှစ၍ အ၀တ်အစားသစ် တစ်စုံလောက်မျှ ၀တ်မ၀တ်နိုင်ခဲ့ခြင်းက တော့ သူကလေးအတွက် အတော်ပင် ကရုဏာသက်စရာ ကောင်းလှသည်။ သို့ပေမဲ့ သူ့ခမျာ မိဘဆင်းရဲ၍ ' ပြုပြင်အလှ' ကိုမရနိုင်ရှာသော်လည်း ' သဘာဝအလှ ' ကိုတော့ အနည်းအကျဉ်း ပိုင်ဆိုင် ပါသေးသည်။ ရှည်လျား သော ရွှေဝါရောင်ဆံပင်နှင့် တောက်ပသော မျက်လုံးများက သူမ၏ ရွက်ကြမ်းရေကျို အလှကို ပို၍ လှအောင် ဖြည့်စွက်ပေးထားကြသည်။
ဖလော်ရင်တီနာ သည် ကြိုးတပ်ခုံရှည်အနီးသို့ ခြေကို ဖော့နင်း၍ လျှောက်လာခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်နေသော မိခင်နှင့် ကလေးငယ်တို့အား ရွှန်းရွှန်းစားစား ငုံ့ကြည့်သည်။ သူမသည် ကလေးငယ်အား မြင်လျှင် မြင်ချင်း နှစ်နှစ်ကာကာ ချစ်ခင်မိခဲ့သည်။
သူကလေးသည် ယခုအခါ အသက်ရှစ်နှစ် သမီးအရွယ်ရှိခဲ့ပြီ။ ယင်းသက်တမ်းအတွင်း ကိုယ်ပိုင်ကစားစရာ အရုပ်ကလေး တစ်ရုပ်တစ်လေကိုပင် မပိုင်ဆိုင်ခဲ့စဖူး၊ နယ်စားကြီး၏ စံအိမ်ရဲတိုက်ကြီး တွင် စိန့်မီကို လတ်ပွဲတော် ကျင်းပ ၍ သူတို့မိသားစုအားလုံး သွားရောက်ခဲ့ရစဉ်ကသာ လှပသော ကစားစရာ အရုပ် ကလေး မျိုးကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ရဖူးပါ၏။ သို့သော် မိမိကိုယ်ပိုင်အဖြစ် ကိုင်တွယ် ကစား နိုင်ခွင့် ကိုကား ဘယ် သောအခါမျှ မရခဲ့စဖူးပါချေ။ ထို့ကြောင့်လည်း ယခု မိခင်လက်တွင်းမှ ကလေးငယ်ကို မြင်ရသော အခါ မိမိ လက်ပေါ်တွင် တယုတယ ပွေ့ပိုက်ချော့မြူချင်သော ဆန္ဒသည် တားဆီး၍ မရနိုင် အောင် ပြင်းပြင်းပြပြ ဖြစ် ပေါ်လာမိသည်။
သူကလေးသည် ကိုယ်ကိုငုံ့ကာ ကလေးငယ်အား ညင်ညင်သာသာကလေး ကောက်ချီပွေ့ပိုက်လိုက်သည်။ ပြီးတော့ ကလေးငယ်၏ မျက်လုံးပြာကလေးများကို ရွှန်းရွှန်းစားစား စိုက်ကြည့်ရင်း တိုးတိုးသာသာ ချော့မြူ လှုပ်ကစား နေမိလေသည်။ မိခင်၏ နွေးထွေးသောရင်ခွင်မှ မိန်းကလေး၏ အေးစက်သော လက်ပေါ်သို့ ပြောင်းလဲ ရောက်ရှိလာသောအခါ ကလေးငယ်သည် ခြေလက်ကလေးတွေ ကွေးလိုက်ဆန့်လိုက်ဖြင့် ရုတ်တရက် ငိုပါလေတော့သည်။ ဤတွင် မိခင်ဖြစ်သူလည်း အိပ်ရာမှ လန့်နိုးလာခဲ့လေသည်။
' ဘုရားရေ ... ဒီကလေး အခုထိ အသက်ရှင်နေတုန်းပါပဲလား၊ ကဲ ... သမီး၊ ကလေးတွေအတွက် မနက်စာ သွားပြင်ချေဦး၊ ပေး .. သူ့ကို နို့ထပ်တိုက်လိုက်ဦးမယ်'
သမီး ဖြစ်သူက မိခင်ထံသို့ ကလေးငယ်ကို မပေးချင်ပေးချင်ဖြင့် ကမ်းပေးလိုက်သည်။ မိခင်ဖြစ်သူက သူမ ၏ နာကျင်နေသော နို့အုံကို အသာအယာညှစ်ရင်း ကလေးငယ်အား နို့တိုက်ပြန်သည်။ သမီးဖြစ်သူက မိခင် ၏ အပြုအမူကို တအံ့တသြ ထိုင်ကြည့်နေသည်။
' ဖလော်ရင်၊ ငါပြောနေတာ မကြားဖူးလား၊ မြန်မြန် သွားလုပ်ချေ ဆိုနေမှ '
မိခင်က နောက်တစ်ကြိမ် ထပ်ပြောလိုက်တော့မှ ဖလော်ရင်တီနာသည် ထိုင်ရာမှထကာ မီးဖိုခန်းထဲ ၀င်သွား လေသည်။
မကြာမီတွင် ဖလော်ရင်တီနာ၏ မောင်ငယ်များ အိပ်ရာမှ ထလာကြသည်။ သူတို့သည် မိခင်၏ လက်ကို နမ်းရှုပ် နှုတ်ဆက်ကာ မိခင်၏ ရင်ခွင်ထဲမှ မွေးကင်းစ လူသစ်ကလေးကို တအံ့တသြ ၀ိုင်းကြည့် နေကြသည်။ သည်ကလေးသည် သူတို့ မိခင်၏ ၀မ်းဗိုက်ထဲမှ ထွက်လာသော ကလေးမဟုတ် သည်ကို သူတို့ အားလုံး သိကြသည်။
ထိုနေ့မနက် ဖလော်ရင်တီနာသည် စိတ်လှုပ်ရှားနေသောကြောင့် နံနက်စာကိုပင် တစ်လုပ်စာမျှ မစားမိ။ ထို့ကြောင့် သူမ၏ ဝေစုကို မောင်ငယ်များက အချင်းချင်း ဝေခွဲစားပစ်လိုက်ကြသည်။ မိခင်အတွက် ဝေစု ကိုမူ စားပွဲပေါ်မှာပင် အဆင်သင့်ထားခဲ့ပြီးနောက် ကလေးတွေအားလုံး မီးဖိုခန်းထဲမှ ထွက်သွားကြ သည်။
သို့သော် သူ့မိခင်ဖြစ်သူမှာလည်း ဖလော်ရင်တီနာကဲ့သို့ပင် ကလေးငယ် ရောက်လာသည်နေ့မှစ၍ ဘာ အစားအစာကိုမျှ မစားကြောင်းကိုမူ သူတို့အနေဖြင့် လုံးဝမသိရှာကြ။
ဟယ်လင်နာ သည် သူမ၏ သားသမီးများအကြောင်းကို တွေးပြီး အတော်ကလေး ၀မ်းသာမိသည်။
ကလေးတွေက အသက်အရွယ်နှင့် မလိုက်အောင် လိမ္မာကြသည်။ သူတို့သည် မိဘအကူအညီ မလိုဘဲနှင့် မိဘ မပြောရဘဲနှင့် အိမ်မွေးတိရစ္ဆာန်တွေကို အစာကျွေးကြသည်။ ဆိတ်နို့၊ နွားနို့ ညှစ်ကြသည်။ ဟင်းသီး ဟင်းရွက်ခြံ ကို ရေလောင်းပေါင်းသင် ပြုပြင်ကြသည်။ တောက်တိုမယ်ရ အိမ်မှုကိစ္စတွေကိုလည်း ကူညီ လုပ်ကိုင်ကြသည်။
ညနေပိုင်းတွင် ဂျာစီယိုပြန်လာတော့မှ ဟင်လင်နာက ညစာထမင်းချက်ရန် ကိစ္စကို သတိရမိတော့သည်။ သူမ သည် တစ်နေ့လုံး ' မောင်ကောက်ရကလေး ' နှင့် အလုပ်များနေခဲ့သောကြောင့် ဖြစ်သည်။
သို့သော် သမီးကြီး ဖလော်ရင်တီနာက မိခင်ကိုယ်စား မီးဖိုခန်းထဲ ရောက်နေပြီ။ သူကလေးသည် အစ်ကိုကြီး ဖရန့်ခ် ဖမ်းလာခဲ့သော ယုန်ကလေးတွေကို ချက်ပြုတ်ရန် အဆင်သင့်ဖြစ်နေပြီ။
ဖလော်ရင်တီနာ သည် ယခုလို တစ်အိမ်သားလုံးအတွက် ထမင်းဟင်းချက်ရသည်ကို အလွန်ဂုဏ်ယူသည်။ သည် အလုပ်ကို မိခင် နေမကောင်းသောအခါနှင့် မအားလပ်သောအခါများတွင် သူမ အမြဲတမ်း လုပ်ရ သည်။
ဖရန့်ခ် က ယုန်ခြောက်ကောင်ရလာသည်။ ဖခင်ဖြစ်သူက မှိုခြောက်ပွင့်နှင့် အာလူးသုံးလုံး ယူလာသည်။ သူတို့ မိသားစု အဖို့ ယနေ့ညစာသည် တကယ့် စားပွဲကြီးပင် ဖြစ်တော့သည်။
ညစာ စားပြီးကြသောအခါ ဂျာစီယိုသည် မီးဖိုဘေးမှ ကုလားထိုင်တွင် အေးအေးလူလူ ထိုင်ရင်း ကလေးငယ် ကိုပွေ့ချီကာ ပထမဆုံးအကြိမ် စေ့စေ့စပ်စပ် ကြည့်မိသည်။
နီနီ တွတ်တွတ်နှင့် အရေလိပ်ကလေးများ တွန့်နေသော မျက်နှာသေးသေးကလေးပေါ်တွင် မှတ်မှတ်ရရ ပြောစရာ ဆို၍ အပြာရောင် မျက်လုံးကလေးနှစ်လုံးသာရှိသည်။
ကလေးငယ်၏ ကိုယ်ခန္ဓာသေးသေးကလေးကို ခြေဆုံးခေါင်းဆုံး ကြည့်နေရာမှ ထူးခြားသော တစ်စုံ တစ်ရာကို ရုတ်တရက် မြင်လိုက်ရသောအခါ ဂျာစီယိုသည် တအံ့တသြဖြင့် ရင်ဘတ် သေးသေး ကလေးကို လက်နှင့် ပွတ်ကြည့် လိုက်မိသည်။ သူက ကလေးငယ်၏ နံဘေးကို ဟယ်လင်နာရှေ့သို့ ထိုးပြရင်း -

' ဟေး ... ဟယ်လင်နာ၊ နင် ဒါကို မြင်ပြီးပြီလားဟင်၊ ဒီကလေးမှာ နို့သီးခေါင်းလည်း စမ်းကည့်လိုက်သည်။
သူ့ယောက်ျား ပြောတာ မှန်ပါသည်။ ကလေးငယ်တွင် လက်ဝဲဘက် နို့တစ်လုံးသာရှိပြီး လက်ယာဘက် နို့သီးခေါင်း နေရာတွင်မူ ပန်းရောင်ချိုင့်ပက်ပက် အမှတ်ကလေးတစ်ခုသာတွေ့ရသည်။
ဤတွင် ဟယ်လင်နာသည် ရိုးရာအစွဲအလမ်းတစ်ခုကို ရုတ်တရက်သတိရမိပြီး ယောက်ျားလုပ်သူအား ပြန်ပြော လိုက်သည်။
' ဒီကလေးက သာမညကလေး မဟုတ်ဘူးတော့်၊ ကျွန်မကို ဘုရားခင်က ပေးတဲ့ ကလေး၊ ဒါကြောင့် ဒီမှာ ကြည့်ပါလား၊ ဘုရားသခင်က မှတ်သားပေးလိုက်တဲ့ အမှတ်ကလေးလေ '
ဂျာစီယိုက စိတ်ဆိုးမာန်ဆိုးဖြင့် ကလေးငယ်ကို မိန်းမဖြစ်သူလက်သို့ ထိုးပေးလိုက်ရင်း -
' မင်းရူးနေပြီလား ဟယ်လင်နာ ... ဟင်၊ သူ့ကို ဘုရားသခင်ပေးတာမဟုတ်ဘူးကွ၊ အမျိုးမစစ်တဲ့အကောင် ကသူ့အမေကိုပေးလို့ မွေးလာတဲ့ မိမရှိ ဖမရှိကလေးကွ၊ သိရဲ့လား ' သူက မီးဖိုထဲသို့ ထွီခနဲ တံတွေးတစ် ပတက် ထွေးလိုက်ပြီးတော့မှ ' ဒါပေမဲ့ ဘာဖြစ်ဖြစ် ဒီကလေး သက်ဆိုးမရှည်ပါဘူးကွာ၊ မကြာခင် သေမယ့် ရုပ်ပါ၊ ငါ သူ့ရဲ့ ရုပ်ကြည့်တာနဲ့ အတတ်သိပါတယ်၊ ဒီကောင်လေး သက်ဆိုးမရှည်ဘူးဆိုတာ ငါက အာလူး တစ်လုံး နဲ့ တောင် အလောင်းအစားလုပ်ပြီး မပြောချင်ပါဘူး'
မှန်ပါသည်။ ဂျာစီယိုအနေဖြင့် သည်ကလေးငယ်၏ အသက်တစ်ချောင်းကို အာလူးတစ်လုံးလောက်ပင် တန်ဖိုး မထားမိသည် ကတော့ အမှန်ပင်။ တကယ်ဆိုလျှင် သူသည် သည်မျှအကြင်နာတရား ကင်းမဲ့သူတစ် ယောက်တော့ မဟုတ်။ သို့သော်လည်း ကလေးသည် သူ၏သွေးမှ ဖြစ်လာသော ကလေးမဟုတ်ခြင်းက အဓိက အချက်ဖြစ်နေသည်။ ပြီးတော့လည်း နောက်ထပ် ကျွေးစရာ ပါးစပ်တစ်ပေါက်တိုးလာခြင်းအတွက် အကျိုးထူး တစ်စုံတစ်ရာ ရှိလာာမည်မဟုတ်ဘဲ ပြဿနာသာ တိုးလာမည်ဟု ယုံကြည်ထားသောကြောင့် လည်း ဖြစ်သည်။
သို့သော်လည်း ဖြစ်လာပြီးမှတော့ သူ့အနေဖြင့် ဘာများတတ်နိုင်ပါဦးမည်နည်း။ ဘုရားသခင်၏ အလိုတော် အတိုင်း ဖြစ်လာသည်ကို သူက ဘာများ ဆင်ခြေပေးနေစရာ ရှိပါဦးမည်နည်း။
သို့ဖြင့် သည်ကလေးအကြောင်းကို ဆက်တွေးမနေတော့ဘဲ ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ ခဏကြာ တော့ မီးဖိုဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားခဲ့သည်။ မောင်ကောက်ရကလေး မသေနိုင်တော့ဆိုသည်ကို ဂျာစီယိုက စိတ်ချလက်ချ ယုံကြည်သွားခဲ့ပြီ။ အကယ်၍ ယခင်သူ့ယုံကြည်ချက်အတိုင်း သည်ကောင်လေး သေကို သေရမည်ဟု အလောင်းအစား လုပ်ခဲ့မိလျှင် သူ့အနေဖြင့် အာလူးတစ်လုံး ဆုံးရှုံးမည်မှာ သေချာပေါက် ဖြစ် သည်။
သားကြီးဖြစ်သူ ဖရန့်ခ်သည် ညီငယ်များ၏ အကူအညီဖြင့် နယ်စားကြီး၏ သစ်တောတွင် သစ်တစ်ပင် သွားခုတ်ကာ ' မောင်ကောက်ရလေး ' အတွက် ကွပ်ပျစ်တစ်ခုလုပ်သည်။
ဖလောရင်တီနာကလည်း သူမ၏ အ၀တ်အစားဟောင်းကလေးတွေကို ဖြတ်တောက်ဆက်စပ်ပြီး သူမကိုယ် တိုင်ပင် လက်ချုပ်အင်္ကျီကလေးတွေ ချုပ်ပေးသည်။
ကလေးအား နာမည်ပေးရန်အတွက် နာမည်အမျိုးမျိုး စဉ်းစားကြသည်။ တစ်ယောက်တစ်ပေါက်နှင့် အတော်ကလေး ငြင်းခုံကြရသည်။ ဖခင်ဖြစ်သူကတော့ ဘာနာမည်မျှ စဉ်းစား၍မရ။ သည်လိုနှင့် လအတော်ကြာတော့မှ အားလုံးသဘောတူပင် ' ၀လာဒက် ' ဟူသော နာမည်ကို ရွေးချယ်လိုက်ကြသည်။
သို့ဖြင့် နောက်တစ်နေ့ တနင်္ဂနွေနေ့တွင် နယ်စားကြီး၏ ခြံဝင်းကျယ်ကြီးထဲမှ ဘုရားရှိခိုးကျောင်းတွင် ကလေးငယ် အား' ၀လာဒက်ကော်စကေ၀စ်' ဟူ၍ နာမည်ပေးလွဲကျင်းပသည်။ ကလေးငယ် မသေ မပျောက် ဘဲ အသက်ရှင် လာသည့်အတွက် မိခင်ဖြစ်သူက ဘုရားသခင်ကို ကျေးဇူးတင်သည်။ ဖခင်ကြီး ကတော့ သူ့ထိုက် နှင့် သူ့ကံ ဖြစ်ချင်ရာဖြစ်ပါစေတော့ဟူ၍ ပေယျာလကံ ပြုထားလိုက်တော့သည်။
ထိုနေ့ညနေတွင် သူတို့အိမ်ကလေးတွင် ကင်ပွန်းတပ် အထိမ်းအမှတ်ပွဲကလေးတစ်ခု မှတ်မှတ်ရရ လုပ် ဖြစ်ကြသည်။ နယ်စားကြီး၏ ခြံမှ လက်ဆောင်ပေးလိုက်သော ငန်းတစ်ကောင်ကြောင့် ညစာစားပွဲတွင် တစ် အိမ်သားလုံး ထမင်းမြိန် ကြသည်။
ထိုနေ့မှ စ၍ ဖလော်ရင်တီနာသည် ထမင်းဝိုင်းတွင် ကိုးယောက်စာအတွက် မျှမျှတတ ဝေခြမ်းခြင်းပညာကို ကောင်းစွာ တတ်မြောက်လာခဲ့လေသည်။

အခန်း (၄) ဆက်ရန်
.
No comments:
Post a Comment