ဒီစာအုပ် ကို မြန်မာကျူးပစ် မှာ အခန်း (၃၆) ထိ ဖော်ပြပြီး ပါပြီလို့ ပြောလာပါတယ်..၊ ကျနော် မှာ မြန်မာ ကျူးပစ် အကောင့် လည်း မရှိတဲ့ အတွက် ရှာ မကြည့် ရသေးပါဘူး.. ညီမငယ် တယောက် ကတော့ အဲဒီထဲ ဝင်နေကြ ဆိုတော့ သူ့ မေးပြီး တင်ထားတဲ့သူ စီက ခွင့်တောင်းလို့ ရရင် ရသလောက် တင်ပြီး လိုတာတွေ ပြန်ရိုက် ပေးပါမယ်...၊ အခုတော့ ကျနော် လည်း မအားသေးလို့ ဘာမှ မလုပ် ရသေးပါ..၊ လောလော ဆယ်ဆယ် ရိုက်ပြီး သမျှလေးတွေ တင်ထားပေးပါမယ်...။
အခန်း (၂)
အမေရိကန်နိုင်ငံ
မက်ဆာချူးဆက်ပြည်နယ်
ဘော့စတွန်မြို့၊
၁၉၀၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
ဆရာဝန်သည် မွေးခါစကလေးငယ်အား ခြေကျင်းဝတ်မှစ၍ ဦးစောက်ထိုးမြှောက်ကိုင်လိုက်ပြီး ကလေးငယ် ၏ တင်ပါးကို အသာကလေး ပုတ်လိုက်သည်။ ကလေးငယ်က အိပ်ရာက လန့်နိုးလာသူပမာ ၀ါးခနဲ အော်၍ ငိုသည်။
ဘော့စတွန်မြို့မှ မက်ဆာချူးဆက် အထွေထွေဆေးရုံကြီးသည် သန်းကြွယ်သူဌေးကြီးများ၏ မိသားစုဝင် များကိုသာ ဦးစားပေး၍ လက်ခံကုသပေးသည်။ တစ်ခါတစ်ရံ သူဌေးကတော်၊ သူဌေးသမီးတို့၏ ကလေး များ ကိုလည်း မွေးဖွားပေးသည်။ ဤဆေးရုံတွင် ကိုယ်ဝန်ဆောင် မိခင်လောင်းတို့သည် လုံးဝနာကျင် ပင်ပန်းခြင်း မရှိဘဲ မိမိတို့၏ သားငယ်၊ သမီးငယ်များကို ရှောရှာရှုရှု လွယ်လွယ်ကူကူ မွေးဖွား ကြရသည်။
၁၉၀၆ ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့ နံနက်တွင် လူရွယ်တစ်ယောက်သည် ယင်းဆေးရုံကြီး၏ သားဖွားခန်း အပြင် ဘက်တွင် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်လျက်ရှိသည်။
အခန်း ထဲတွင်မူ သားဖွားဆရာဝန်နှစ်ယောက်နှင့် မိသားစု ဆရာဝန်ကြီးတို့ အလုပ်များနေကြသည်။
ယခုမွေးဖွားမည့် ကလေးသည် စောစောက လူငယ်၏ ဇနီးမှ ပထမဆုံးအကြိမ် မွေးဖွားမည့်ကလေးဖြစ် သည်။
ပထမဆုံး မွေးဖွားမည့် ကလေးအတွက် အစစအရာရာ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်မှု ရှိရမည် ဟု ကလေးဖခင်လောင်း လူငယ်က ခံယူထားသည်။
ထို့ကြောင့်လည်း မိသားစုဆရာဝန်ကြီးအပြင် အခြားသားဖွားပါရဂူ ဆရာဝန် နှစ်ဦးကိုပါ ကြေးကြီးပေး၍ ငှားရမ်း ခဲ့ခြင်း ဖြစ်သည်။
ယင်းဆရာဝန်ကြီးနှစ်ဦးအနက် တစ်ဦးသည် အဖြူရောင် ဆေးရုံဝတ်စုံရှည်ကြီးအောက်တွင် ပါတီပွဲဝတ်စုံကို ကျကျ နန ၀တ်ဆင်ထားသည်။ ကလေးမီးဖွားပြီးလျှင် ညစာစားပွဲတစ်ခုသို့ ဆက်လက် တက်ရောက်ရန် ဖြစ် သည်။ သူသည် ပါတီပွဲသို့ စောစော သွားချင်သော်လည်း မည်မည်ရရ မပင်ပန်းဘဲနှင့် ပိုက်ဆံနင့်နေအောင် ရသော သည်ကလေး မီးဖွားခြင်းကို သူ့အနေဖြင့် ဘယ်လိုမှ ရှောင်လွှဲ၍ မဖြစ်ချေ။
ဆရာဝန်သုံးယောက်တို့သည် ကလေးကို မည်သူက ဦးဆောင် တာဝန်ယူ၍ မွေးဖွားပေးမည်နည်းဟု အချင်း ချင်းမပြတ်မသား ဖြစ်နေခဲ့ကြသည်။ သို့ဖြင့် သုံးယောက်သဘောတူ တုတ်ချောင်းမဲနှိုက်၍ အဆုံးအဖြတ် ယူခဲ့ကြ သည်။ ကံအားလျော်စွာပင် မိသားစုဆရာဝန် ဒေါက်တာမက္ကင်ဇီက တာဝန်ယူ မွေးဖွားခွင့်ရခဲ့သည်။
ကလေးအဖေ သည် စင်္ကြံတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ကလေးအတွက် နာမည်ရွေးနေသည်။ အားရှိသော၊ တည်ကြည်သော၊ ခန့်ညားသော နာမည်မျိုးဖြစ်ရမည်။
တကယ် ဆိုသော် သူ့အနေဖြင့် သည်အထိ စိတ်လှုပ်ရှားနေစရာအကြောင်း လုံးဝမရှိ။
သူ့ဇနီး အယ်နီကို အိမ်ဖော် ရောဘတ်တို့လင်မယားက မနက်အစောကြီးကပင် ဇိမ်ခံကားကြီးဖြင့် ဆေးရုံသို့ ခေါ်လာ ခဲ့ကြသည်။ အယ်နီက သူမ၏ ကိုယ်ဝန်သည် ရှစ်လနှင့် ၂၈ ရက်ရှိပြီဟု ဆိုသည်။ သည်နေ့မနက် မနက်စာ စားပြီးနောက် ဗိုက်နာလာသည်။ သူမ၏ လင်တော်မောင် သူ့ဘဏ်ပိတ်ပြီးချိတ် ညနေပိုင်း လောက် မှကလေးမီးဖွားလိမ့်မည်ဟု ခန့်မှန်းသည်။
သူသည် စည်းကမ်းကို အလွန်ရိုသေသူဖြစ်သည်။ ကလေးမွေးသည့် အတွက် လုပ်နေကျအလုပ်ကို ဖျက်ရ မည် ဆိုသော အယူအဆကို လုံးဝလက်မခံ။
သို့သော် ယခုမူ သူသည် သားဦးဖခင်တို့၏ သဘာဝအတိုင်း ရင်ထဲက ဖိုလှိုက် ဖိုလှိုက်ဖြင့် တစ်နေရာတည်း တွင် ငြိမ်ငြိမ် မထိုင်နိုင် ဘဲ ခေါက်တုံ့ခေါက်ပြန် လမ်းသလားနေမိသည်။
ဆရာဝန်ကလေးများနှင့် သူနာပြုဆရာမများက စကားတိုးတိုးပြော၍ ခေါင်းကို မသိမသာ ငုံ့၍ ရိုကျိုးဟန် ဖြင့် သူ့ဘေးမှ ဖြတ်သွားကြသည်။ တော်တော်ကလေးလွန်သွားတော့မှ စကားကျယ်ကျယ် ပြောသည်။ ခေါင်း ကို ပြန်ထောင်ကြသည်။ သို့သော် သူကတော့ သူတို့ကို လုံးဝဂရုမစိုက်။ သူ့ကို လူတိုင်းပင် သည် အတိုင်း ဆက်ဆံနေကြသည် မဟုတ်လား။ သူတို့အနက် အများစုသည် သူ့မျက်နှာကို တစ်ခါမျှ မမြင်ဖူးကြ။ သို့သော် သူ့အကြောင်းကိုတော့ ကောင်းကောင်း သိကြသည်။
အကယ်၍ ယောက်ျားကလေးသာ မွေးဖွားခဲ့လျှင်တော့ သူက သည်ဆေးရုံတွင် အရေးတကြီး လိုအပ်နေ သော ကလေးဆောင် တစ်ခု ဆောက်လုပ်လှူဒါန်းမည်ဟု ဆုံးဖြတ်ထားသည်။ စာကြည့်တိုက်တစ်ခုနှင့် ကျောင်း တစ်ကျောင်း ကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ပြီးပြီ။
ဖခင်လောင်း လူငယ်သည် လက်ထဲမှ ညနေသတင်းစာကို ဖတ်ဖို့ ကြိုးစားသည်။ သို့သော် စာလုံးတွေကို သာမြင်နေသည်။ စိတ်က တခြားရောက်နေ၍ ဘာမှ အဓိပ္ပာယ်မပေါက်။ သူ တော်တော်ပင် စိတ်လှုပ်ရှားနေ သည်။ စိတ်လှုပ်ရှားရုံသာမက စိုးရိမ်စိတ်ပင် ၀င်နေလိုက်သေးသည်။
သားယောက်ျားကလေး မွေးလာလျှင် အနာဂတ်အတွက် စိတ်အေးရမည်။ သူ၏ ဘဏ်လုပ်ငန်းတစ်ခုလုံး တွင် တစ်နေ့သောအခါ ဘဏ်ဥက္ကဋ္ဌ နေရာအတွက် လူစားရလာနိုင်သည်။ သူ့နေရာကို ဆက်ခံမည့် သား ဦးဖွား စေချင်သည်။
သူသည် ' အီးဗင်းနင်းထရန်စကရစ်ထ်' သတင်းစာကို လှန်လိုက်သည်။ ဘောလုံးပွဲသတင်းကို သွား၍ ဖတ်မိ သည်။ ဘော့စတွန်အသင်းက နယူးယောက်အသင်းကို အပြတ်အသတ် နိုင်လိုက်သည်။ ' အင်း၊ နိုင်တဲ့ လူတွေ ကတော့ အပျော်လုံးဆို့ပြီး အောင်ပွဲခံနေကြမှာပဲ ' ထို့နောက် စောစောက ကမန်းကတန်း ဖတ်ခဲ့မိ သော မျက်နှာဖုံးသတင်းကို သတိရပြီး ပြန်လှန် လိုက်သည်။ အမေရိကန်ပြည်ထောင်စု သမိုင်းတွင် အကြီးကျယ် ဆုံးသော ငလျင်သတင်း။
ဆန်ဖရန်စစ္စကိုမြို့တွင် ငလျင်ကြီး လှုပ်သွားခဲ့သည်။ အနည်းဆုံး လူပေါင်း ၄၀၀ လောက် သေဆုံးလိမ့်မည် ဟု သက်ဆိုင်ရာ က ခန့်မှန်းထားသည်။ အင်း၊ သက်ဆိုင်သူတွေကတော့ အပူလုံးဆို့ပြီး မျက်ရည်နှင့် မျက်ခွက် ဖြစ်နေကြလိမ့်မည်။
သည် သတင်းကြောင့် သူတော်တော် စိတ်ပျက်သွားသည်။ သည်သတင်းကြောင့် သူ့သားကလေး မွေးဖွား သည့် မင်္ဂလာ သတင်း မြုပ်သွားလိမ့်မည်။ လူတွေက ငလျင်သတင်းကိုသာ အရေးတယူ ပြောဆိုနေကြလိမ့် မည်။
သားကလေး မွေးလာမည်ဟု လုံးဝမသိနိုင်သေးသော်လည်း သူကတော့ မိန်းကလေး လုံးဝမဖြစ်နိုင်ဟု ကျိန်းသေပေါက် တွက်ထားသည်။
စီးပွားရေး ကဏ္ဍကို လှန်လိုက်ပြန်သည်။ စတော့ အရောင်းအ၀ယ် ဈေးကွက်သတင်းများကို ဖတ်ကြည့် သည်။ ငလျင်ဒဏ်ကြောင့် သူ့အနေဖြင့် ဘဏ်တိုက်တွင် အပ်ထားသော ငွေဒေါ်လာ တစ်သိန်းခန့် နစ်နာ သွားခဲ့ပြီ။ သို့သော် ကိစ္စမရှိ။ သူ့တွင် နောက်ထပ် စုငွေဒေါ်လာ ၁၆ သန်းတောင် ကျန်ပါသေးသည်။ ယခုဆို လျှင် အတိုးတွေလည်း တော်တော် တက်နေရော့မည်။ ထိုငွေတွေသည် သူ၏ မမွေးသေးသော သားဦး ကလေး အတွက် ဖြစ်သည်။ သားဦးကလေးအတွက် မွေးနေ့လက်ဆောင်ဖြစ်သည်။
သူက သတင်းစာကို ဖတ်ဟန်ဆောင်ရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြန်သည်။
ပါတီပွဲ ၀တ်စုံ ၀တ်ထားသော ဆရာဝန်သည် ဆင်နားရွက်သံတံခါးကို တွန်းဖွင့်ပြီး အခန်းထဲမှ ထွက်လာ သည်။ သူက သူ့အနေဖြင့် ဘာမှ ပင်ပင်ပန်းပန်း မလုပ်ရဘဲ ပိုက်ဆံနင့်နေအောင် ရလိုက်သော သည်လုပ် ငန်းအတွက် တစ်ခုခုတော့ လုပ်ရမည်ဟု စဉ်းစားမိသည်။ ဆရာဝန်သုံးယောက်အနက် သူတစ်ဦးတည်းသာ လျှင် ၀တ်ကောင်းစားလှ ၀တ်ထားသူဖြစ်၍ သူသာလျှင် ဤသတင်းကို ဖခင်ဖြစ်သူထံ ပို့ထိုက်သည်ဟု လည်း သဘောပိုက်သည်။
သူတို့နှစ်ယောက်သည် စကားမပြောဘဲ အတန်ကြာသည်အထိ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် နေကြသည်။
ဆရာဝန် ကိုယ်တိုင်ပင်လျှင် အတော်ကလေး စိတ်လှုပ်ရှားသလို ခံစားနေရသည်။ သို့သော် ကလေးအဖေ ရှေ့ တွင် ဆရာဝန်တစ်ယောက် ပီပီ ဆက်ဆံရန် သူက အားတင်းလိုက်သည်။
' ဂုဏ်ယူပါတယ် မစ္စတာကိန်း၊ ခင်ဗျားမှာ သားဦးယောက်ျားလေးယောက် ရပါပြီ အင်မတန် ချောတဲ့ ချာတိတ် ကလေးပဲ ' သူများတွေ ကလေးမွေးလျှင် လူတွေက သည်အတိုင်းပဲ လောက၀တ် စကား ပြောတတ် ကြသည်။ အလကား မြှောက်ပြောတဲ့စကားတွေ၊ သို့သော် ဘာပဲဖြစ်ဖြစ် သူက ဘုရားသခင်ကို ကျေးဇူး တင်လိုက်မိသည်။ သူ့ အမွေ၊ သူ့လုပ်ငန်းကြီးကို ဆက်ဆံမည့် ကျားကျားလျားလျား သားဦး ကလေး တစ်ယောက်မွေးဖွား လိုက် သည်။
ဆရာဝန်က ငြိမ်သက်နေသော အခြေအနေကို ဖြိုခွင်းလိုက်သည်။
' ကလေးကို ဘယ်လိုနာမည်ပေးမယ်လို့ စိတ်ကူးထားပါသလဲ '
ကလေး ဖခင်က နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
' ၀ီလျံလိုဝယ်ကိန်း '
..............................
အခန်း (၃) ဆက်ရန်
.

2 comments:
အမရေးသာရေး ..
ကျနော်လဲ ဟိုဟိုဒီဒီမသွားတော့ မသိဘူး။ အမ ကျနော်တို့လိုလူတွေအများကြီး အမရဲ့အမာခံပရိသတ်တွေရှိတယ်။
ကျနော်ကိုယ်တိုင်လဲ အမဆီမှာပဲဖတ်ပါတယ်။
မြတ်နိုး
ကျေးဇူး အမရေ
Post a Comment