Wednesday, May 5, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၇)

ပုဒ်မ ၁၄၅ အရ တိုက်ပိတ်ပစ်ရန်

ထွက်သွားကြသော ညီအစ်ကိုနှစ်ယောက် ပြန်မရောက်မှီ အောက်ထပ် အိမ်သစ်ကလေးမှ အရက် ၀ိုင်းမှာ သောက်မြဲ သောက်လျက် ရှိသည်။ အချို့က လေးကွက် သိုင်းနင်းပြီး ပြန်သွားကြသည်။ အချို့က ဆရာသခင် အနီးမှာဘဲ တုံးလုံးပက်လက်လဲကျ၍ အိမ်ဖန်တော်စောင့် ဘ၀ရောက်သွား ကြသည်။

ခဏကြာသောအခါ ကားနှင့်သွားကြသော ဦးကိုကြီးနှင့် ဦးပုတို့ ညီအစ်ကို နှစ်ယောက်ပြန်လာကြ သည်။ ၀င်းတံခါး ကို အလိုတော်ရိ အစောင့်ဒရ၀မ်က ဖွင့်မပေးဘဲထားသည်။ သူတို့က အဖွင့်ခိုင်း သည်။ အစောင့် ကောင်က ဘယ်သူမှ ခြံထဲ မ၀င်စေရ ဟု ဆရာက ပြောထား၍ ဖွင့်မပေးနိုင်ဟု ခုခံ ပြောနေသည်။ ဒီ အဖြစ်အပျက် ကို အိမ်ပေါ်က မသိကြသေးပေ။ ကားပေါ်မှ ဒုအတွင်းဝန် ဦးပုက ခပ်ထွေထွေ ဖြစ်၍ အိမ်ထဲမှာ သူ့သားသမီးများကိုလဲ ခေါ်မရအောင် ခြံလှောင်ပိတ်ဆို့ခံ နေရသလို ဖြစ်နေသည်။ သို့ဝင်း တံခါး ဖွင့်မပေးတော့ မှ ဒေါပွပြီး ဗဟန်းရဲဋ္ဌာနာသို့ သွားတိုင်သည်။ ရဲဋ္ဌာနက ရဲအရာရှိတယောက် ကို ကားပေါ် တင်ခေါ်လာပြီး ၀င်းတံခါး ဖွင့်ပေးရန် ပြောကြသည်။ ဒရ၀မ်လုပ်သူ က ခေါင်းမာနေဆဲ ဖြစ်သည်။

ဤ ဒုတိယအခေါက် ခြံဝင်းပေါက်၌ ကားထိုးဆိုက်ပြီး စကားပြောနေချိန်မှာ အိမ်ပေါ်က လှမ်းမြင်ရ သော ဦးပု နှမက မေရီခေါ် သူ့တူမကို သွားကြည့်ရန် ခိုင်းလိုက်သည်။
မေရီမှာ အိမ်သို့ ၀င်ထွက်နေသူဖြစ်၍ အပေါ က်စောင့်ထံမှသော့ကို ကျမအမိန့်နှင့် တောင်းယူပြီး သူကိုယ်တိုင် သော့ဖွင့်ပေးလိုက်တော့မှ ခြံထဲသို့ ကားမောင်းဝင်လာနိုင်လေသည်။ ၂လကျော် ၃လမျှ လေပြော့ပြော့ နှင့် အညံ့စားလုပ်နေကြသူ အရာရှိ ညီအစ်ကိုနှစ်ယောက်မှာ သူတို့ကို ခပ်စပ် စပ်ကလေး စော်ကား ခံ လိုက်ရတော့မှ ရှက်ပြီး သွေးပူလာကြပုံရသည်။

အိမ်ပေါ်ရောက်လာကြသောအခါ သူတို့ခြံထဲ မ၀င်ရ တံခါးဖွင့်မပေးသော ကိစ္စကို ရှူးရှူးရှဲရှဲနှင့် ပြန် ပြောကြသည်။ ခေါ်လာသော ရဲအရာရှိကို ပိတ်ဆို့မှု ပိုင်နက်ကြူးလွန်မှု တိုင်ချက်များ ဖွင့်ရန် တိုင်စာတွေ ကျမ အနေနှင့် လက်မှတ်ထိုး၍ နှစ်စောင်ရေးသည်။ ဦးပုက သူ့ဇနီးနှင့် သမီးများကို ပိတ်ဆို့မှုနှင့် တမှု တိုင်သည်။ ကျမအနေနှင့် တိုင်သော တိုင်ချက်မှာ ကွာရှင်း ထားပြီးသား ဖြစ် လျက် ပိုင်နက် ကျူးလွန် ၀င်ရောက်မှု၊ အိမ်တံခါးသော့ခလောက် ဖျက်ဆီးရိုက်ချိုး ၀င်ရောက်နေထိုင် မှုနှင့် ထိုကိစ္စမှာ ကိုယ်ထိ လက်ရောက် အကူအညီလိုက်ပေးသူ ပင်စင်စား ရဲဟောင်း ဦးခင်မောင်လတ်ကိုပါ ပိုင်နက်ကျူးလွန်မှုတွင် ထည့်၍ တိုင်ချက် ပို့လိုက်ပါသည်။

နောက်တိုင်ချက်တခုမှာ သတင်းစာတိုက်ကို အဓမ္မ၀င်ရောက် ကျူးကျော်ပိတ်ဆို့ခြင်း၊ အလုပ် သမားများကို မောင်းနှင် ထုတ်ခြင်းများ နှင့် ပတ်သက်၍ အလုပ်သမားများ ပဋိပက္ခဖြစ်မည်။ ကျမက လည်း ပိုင်ဆိုင်ခွင့် မရှိသူက လာရောက် ကျူးကျော်သည် ကို သဘောမတူသဖြင့် ပုဒ်မ-၁၄၅အရ တိုက်ပိတ်ပစ်ရန် တိုင်ကြား စာ တစောင်ပို့ သည်။ သို့တိုင်ချက်စာများ ရေးသားပြီး စီးသွားသည့် နောက်ပိုင်းမှာ ရဲအရာရှိ ပြန်ဆင်း သွားသည် မသွားမီကျူးလွန်သူများကိုလည်းလ စစ်မေးပါမည်ဟု ပြောသွားသည်။
အောက်ရောက် သောအခါ ရဲအရာရှိ ဆိပ်ငြိမ်နေပြီး ကုတ်နေကြသော အိမ်သစ်ကလေးပေါ်မှနေ၍ လူ့တော်သလင်း က လှမ်းခေါ်ပြီး တီးတိုးမေးနေသည်ဟု ကောင်မကလေး များက အချင်းချင်း ပြောနေ ကြသည်။

နောက်မှ သိရှိရသည်မှာ ထိုညက လာရောက်သော ရဲအရာရှိငယ်ကား၊ ဟယ်ရီတန် ကိစ္စ ပေါ်ပေါက်စဉ်က လာရောက် စောင့်ကြပ်ခဲ့ဘူးသူဖြစ်၍ ဗမာ့ခေတ်မှ ၄၀ဂိုဏ်းဝင်လူများနှင့် ပလဲ နံပသင့်သူ ချစ်ကြည်ဖြူခဲ့သူ မိတ်ဟောင်း ဆွေဟောင်းတဦးဖြစ်ကြောင်း သိရှိရပါသည်။ ထိုနောက် ညဥ့်နက်လာပြီဖြစ်၍ ဦးကိုကြီးနှင့် ဦးပု တို့ ပြန်ကြရာ ၀င်းတံခါးသော့ကို လိုက်ဖွင့်ပေးစေပြီး ခြံစောင့် ဒရ၀မ်လက်တွင်သော့ကို ပေးမထား တော့ဘဲ အိမ်ပေါ်မှာ သိမ်းယူထားစေသည်။ မနက်လင်းမှ အမှု ကိစ္စတို့ကို ဆက်ရမည်။ နောက်တနေ့ မနက် နိုဝင်ဘာလ ၁၉ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာ မှာ အဓမ္မစံနစ်နှင့် လာရောက်နှောင့်ယှက်မှုကြောင့် မထုတ်ဝေ ရတော့ပါ။

၁၉-၁၁-၆၀နေ့ မနက်ပိုင်း ၉နာရီခန့်လောက် ရှိသောအခါ ခါတိုင်း ဆင်းနေကြ အလုပ်သမားများ သည် ဘာလုပ် ၍ ဘယ်သူ့သြဇာ နာခံရမှန်း မသိ၊ ယောင်ချာခာ ဖြစ်နေကြသည်။ အလုပ်တိုက်ရှိရာ သို့ မလာရဲ သေးဘဲ မျက်နှာချင်းဆိုင် ဖြစ်သော ဘာဂျော်ဂျီကုန်းအစ ပလက်ဖေါင်းပေါ်မှာ ပျောက်ကြားပျောက်ကြား ရောက်နေ ကြသည်။ တပါးကျွန် လူယုံတော် အယ်ဒီတာ ဦးကိုလေးက တဖျောက်ဖျောက် ရောက်လာ ကြသော အလုပ်သမားများကို ထိုနေရာမှာလဲ စုစည်းသိမ်းပိုက်ထား သည်။ ခြံထဲက ဆရာအမိန့်ကို စောင့်စား နာခံနေသည်။ ပြော့ညံ့ညံ့ ဖြစ်နေကြသော အလုပ်သမား တစုအပေါ်တွင် ဦးကိုလေးက လက်ဝါးကြီး အုပ်၍ အလုပ်စခန်း စရပေမည်။ ၀င်းတံခါးသော့မှာ အိမ်ပေါ်တွင် ရှိနေ၍ မည်သူမှ လာမတောင်း ၀န့်ပေ။ သို့ကြောင့် စက္ကူဂိုဒေါင်အနီးရှီ အခြား သစ်သားဝင်းတံခါး တပေါက်ကို သော့ခလောက် ရိုက်ချိုးပြီး အလုပ်သမားတစု၊ တစုကို သိုးအုပ် ရိုက်သွင်းသလို ခြံတွင်းသို့ သွင်းလာသည်။ သွင်းရာ တွင် ကိုယ်တိုင်ကြပ်မတ်သူမှာ အရက်မူးသော ခေါင်းဖြူကြီး ကိုယ်တိုင် ဖြစ်ပါသည်။

ဂုဏ်တော်ပုတီးနှင့် ပစ္စတို

ယင်းသို့ အရက်မူးနေသူ ခေါင်းဖြူစွယ်ကျိုး ကိုယ်တိုင် တဘက်မှာ ရှိသော သစ်သားဝင်းတံခါးကို သော့ ရိုက်ချိုး ဖွင့်လှစ်ပေးထားပြီး အလုပ်သမားများအား တသုတ်စီ၊ တသုတ်စီ အလုပ်ခန်းထဲသို့ ၀င်လာ စေသည်။ ပုလင်းကိုင် အယ်ဒီတာ ဦးကိုလေးက ခြံထဲဝင်ရန် မရွံ့မရဲ ဖြစ်နေကြသော  အလုပ်သမား လူငယ်များ ကို သူတို့ဆိုင်ရာ အကြီးအမှူးများနှင့် စီးဝါးရိုက်လျက် အပြင်ဘက်၌ စုစီး ပြီးသား ဖြစ်သည် အလျောက် အရံသင့် ၀င်ရောက် လာကြခြင်း ဖြစ်ပါသည်။

မနေ့က သတင်းစာတိုက်ကို အဓမ္မစံနစ်နှင့် အတင်း ၀င်သိမ်းပိုက်၍ ပိတ်လိုကပြီးမှ ယနေ့ သူတို့ သဘော အရ ပြန်ဖွင့်မည် ဖြစ်သည်။ ယနေ့ မနက် စောစော စီးစီးမှာဘဲ သူရဲဘောနည်းသူအား အာဇာနည် သူရဲကောင်း စိတ်ဝင်ရာမှ စိတ်ဓာတ်ကျဆင်း မသွားစေရန် အရက်ကိုးမောင်း ထပ်မံ တိုက်သွင်း ထားသောကြောင့် မနက်စောစောမှာဘဲ ဒရီးဒယိုင် မူးရူးနေဆဲ ရှိနေသည်။ ခြံထဲသို့ အလုပ်သမားတွေ ၀င်လာရန် တံခါးသော့ သွားဖျက်ပေးခဲ့ယုံနှင့် မနေသေးဘဲ နဲနဲ ကဲတက်လာပြန် သည်။

အိမ်ကလေးထဲမှာ နေရုံမက တံခါးတွေ ပိတ်ထားသော ကျမနေရာ အိမ်ကြီးအောက်ထပ်သို့ ရောက်လာပြီး ပိတ်ထားသော တံခါးများကို တွန်းသည်။ ဖွင့်ပေးရန် ပြောသည်။ အောက်ထပ်ရှိ ကောင်မကလေးများက မမဆိုမည်စိုး၍ ဖွင့်မပေးဝန့်ကြောင်း ပြောကြသည်။ သူတို့စိတ်မှာ မတော် တဆ စိုးရိမ်ပုံရသည်။ ကောင်မလေး များက ဖွင့်မပေးသောအခါ ထပ်ခါ ထပ်ခါ တံခါးထုပြီး ဖွင့်ခိုင်း သည်။ နောက်မှ ကြားသိရ သည်မှာ မြှောက်ပေးသူတစုတို့က အိမ်ကြီးပေါ်ကိုပါ ဇွတ်တက်နေရန် တိုက်တွန်းကြသဖြင့် ဤသို့ လုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

မြှောက်ပေးသူများတွင် သာပေါင်း ညာစား အရေခွါ အင်အားစုများ သာမက နိုင်ငံရေး ဖင်နေရာ မရသေးသူ တစု ကလည်း ပါဝင်ကြ သည်ဟု သိရသည်။ ဥပဒေနားလည်သူနှင့် အာဏာ အနည်းအများ ရရှိထား ပြီးသော ၎င်း၏ အပေါင်းအသင်းများကလည်း နည်းပေးလမ်းပြ မြှောက်ပင့်ပေးကြသူတို့စာရင်းမှာ ပါရှိကြသည် ဟု ကြားရပါသည်။ အမည်နာမကို ယခု မဖေါ်လိုသေးသော်လည်း မပြေးသော် ကံရာရှိ ဆိုသလို ထိုသူတို့ လုပ်ရပ် လုပ်ဟန်းများမှာ နောက်ပိုင်း၌ အလိုလို ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

ယင်းသို့ အိမ်ကြီးအောက်ထပ်မှ ပိတ်ထားသော တံခါးများ ဖွင့်ပေးရန် မရ မက ခိုင်းသောအခါ ကရင် ယောက်ျားရှာ ကလေးများ  ထိတ်လန့် ကြောက်ရွံ့နေကြသည်။ အိမ်ပေါ်ထပ်လာပြီး ကျမ အား တိုင်ပြော ကြသည်။ ကျမမှာလည်း ကောင်းစွာ နေကောင်းသေးသူ မဟုတ်ပါ။ စိတ်ကို မထိခိုက်စေရန် ဒေါမနဿ မဖြစ်စေ ရန် အင်မတန်ကြီး သတိထား နေရပါသည်။ ထို့ကြောင့် အိမ်အောက်ထပ်မှာ မည်သူမှ မနေကြစေ ဘဲ အပေါ်ခေါ်သိမ်းထားပြီး အိမပေါ်တက်သော လှေခါး မှ သံဆွဲတံခါးကို သော့ခလောက်နှင့် ပိတ်ထား စေရပါသည်။

အောက်ထပ်မှာ တံခါးဖွင့်ခိုင်းစရာ လူမမြင်သောအခါ အိမ်၎မျက်နှာ ပတ်လည်ကို လှည့်လည်၍ ပိတ်ထား သမျှ ၀င်ပေါက်တံခါးများကို ထုနေသော အသံကို ကြားရသည်။ ပုံဟန်မှာ သောင်းကျန်း နေသော အရူး တယောက် အိမ်ပတ်လည်၌ ရှောင်သောင်းကျန်း ဆူပူနေသည်နှင့် တူနေပါသည်။ အတန်ကြာအိမ်ကြီးကို ပတ်လည် လှည့်၍ ဟစ်အော် ဆူညံနေရာမှ နောက်ဖေးဘက်ဝင်ပေါက်တခု မှ မှန်ရိုက်ခွဲ၍ လက်လျှို့ပြီး ကလန့် ဖြုတ်ကာ တံခါးဖွင့်လျက် အိမ်အောက်ထပ်အတွင်းဘက်သို့ ကျူးကျော် ၀င်ရောက်လာလေသည်။ အိမ် အတွင်း ရောက်သည်ဆိုလျှင်ဘဲ အောက်ထပ်မှ ပိတ် ထားသော တံခါးမှန်သရွေ့အားလုံး လိုက် ဖွင့်ပစ်ပြီး ဟာလာ၊ ဟင်းလင်းကြီး လုပ်ထားသည်။ အိမ်ကြီး အောက်ထပ်မှာ ၀င်ပေါက်တံခါးရှည်ကြီးတွေက ၄မျက်နှာ အပြည် ၂၅ပေါက်ထက် မနည်း ရှိပါသည်။ ဒါတွေကို အားလုံး လိုက်ဖွင့်ပစ်ပြီး ဧည့်ခန်းထည်းမှာ အကျ အန လာထိုင်နေသည်။ ထိုင်ရုံမျှ မကသေးဘဲ တတိယအဆင့် လှမ်းလာပြန်သည်။

အိမ်ကြီး အပေါ်ထပ် တက်သည့် လှေခါးအဆစ်ချိုး ထိအောင် ရောက်လာပြီး သော့ခတ်ထားသော သံဆွဲ တံခါး ကို တွန်းပြန်သည်။ အပေါ်ထပ် လှေခါးထိပ်မှာ ထိုင်နေသော ကလေးမများအား ဖွင့်စမ်း ပါဟဲ့ဟု မူးယစ်သံကြီး နှင့် အော်ပြောနေပြန်သည်။ သော့ခလောက်ကို တဂျောက်ဂျောက်နှင့် ဆွဲခါ နေသည်။ အရူးထောင် မှ လွတ်လာသော အရူးနှင့်မခြား သောင်းကျန်ချင်တိုင်း သောင်းကျန်းနေ လေသည်။
ကလေးမ များသည် လှေခါးထိပ်မှာပင် မထိုင်ဝံ့၊ အမြင်မခံဝံ့ဘဲ ရှောင်တိမ်းနေရသည်။

လူမမြင်ရ သောအခါ ပြန်ဆင်းသွားလိုက်၊ နောက်တချီ ပြန်တက်လာပြီး သံဆွဲတံခါးမှ သော့ခလောက်ကို ဆွဲ လှုပ်လိုက် နှင့် သုံးလေးကြိမ်လုပ်နေသည်။ မြှောက်ပင့်ပေးသူများ၏ အခါပေးနည်းအတိုင်း အိမ်ပေါ် အရောက် အဓမ္မတက်လာရန် ကြိုးစားခြင်း ဖြစ်ပါသည်။ ရေးခဲ့ပြီးအတိုင်း ကျမသည် ဤမျှ ရမ်းကား ခြင်း၊ စော်ကားခြင်းများကြောင့် လက်လွတ်၊ ခြေလွတ် စိတ်မထွက်မိစေရန် သတိ အတန်တန် ထားပြီး စိတ်ကို ကွပ်ကဲ ထိန်းချုပ် နေရသည်။ မတော်တဆ သံဆွဲတံခါးပွင့်ပြီး အနီး ရောက်လာလျှင် တော့ နောက်ဆုံး ခုခံ ကာကွယ်ရန် ကျမ၏ပစ္စတိုကလေးကို ယမ်းထိုးလျက် အနားမှာ ချထားပြီး အိမ်ဦးခန်းရှီ နောက်မှီ ကုလားထိုင် မှာ ထိုင်နေပါသည်။

လက်တဖက် မှာ ရစ်ပတ်ထားသော ဂုဏ်တော်စိပ်ပုတီးကို ကြည့်လျက် တဖက်တွင် ချထားသော ပစ္စတိုကို ကြည့်လိုက် နှင့် ကျမ အသဲနှလုံးတွင် ထိခိုက်လာသည်။ ဂုဏ်တော် စိပ်ပုတီးကလည်း သာမည မဟုတ်ပါ။ ရှစ်သောင်း လေးထောင် ဂုဏ်တော်ပေါင်း အပြန်ပြန် ဆောင်ထားသည်။ (၁၀)နှစ် သမီးအရွယ်က စိပ်လာသော အဓိဋ္ဌာန်မှာ ယနေ့အထိ ပျက်ကွက်မှု မရှိခဲ့ပါ။ ဤအသက် ဤအရွယ်ကျခါမှ မဖွယ်မရာ ရင်မဆိုင်ချင် ဘဲ မလွှဲမရှောင်သာအောင် လာ၍ ရင်ဆိုင်သော ဖြစ်ဆိုး တို့ကို သုံးသပ်ခါ ကြေကွဲ ၀မ်းနည်း မိပါသည်။

စိတ်သက်သာရာရအောင် ပြူတင်းမှ မနက်နေရောင် တွင် ရွှေတ၀င်းဝင်း ပြောင်လျက် ရှိသော ရွှေတိဂုံ စေတီတော်ကြီး ကို လှမ်းမျှော် ဦးခိုက်လိုက်မိ သည်။ ဤအခါတွင် ရေစက်မချရသေးသော မဟာဗောဓိ တန်ဆောင်းတော်ကြီး ကို၎င်း၊ မနှစ်က ကပ်လှူထားသော စေတီတော် ငှက်ပြောဖူးမှ ရွှေပြား အသစ်များကို၎င်း လှမ်းမြင်နေရသည်။ စိန်ဖူးတော်သို့ မတပ်ဆင်သေးသော အလှူ စိန်ကျောက် ရတနာ များ အတွက်၎င်း သွား၍ သတိရ သောအခါ ဤကုသိုလ်တွေမပြီးမှီ မသေချင်သေးသည့် မူလစိတ်ဓာတ်မှာ အသစ် နှိုးဆွ ပေါ်ပေါက် လာမိပါသည်။
သို့နှင့် အိမ်ပေါ်မှာ ရှိနေသော ကျောက်ပန်းတောင်းအသိုက်မှ မိန်းမကြီးငယ်တို့ အထဲမှာလည်း သစ္စာဖေါက် သူ ရှိချင်ရှိမည် စိုး ၍ သံတံခါးသော့ ကို ကျမအနီး မှာ လာချ ထားစေရပါသည်။

မူးမူးရူးရူးနှင့် အိမ်ဦးခန်းမှလူကြီး ဆက်ရန်

.

No comments: