ဘဏ်တိုက်အသီးသီးမှ ငွေများ ထုတ်ထားခြင်း
၁၉၆၀-နှစ်ပြည့် သြဂုတ်လ ၁၄-ရက်နေ့၌ အသိသက်သေ နိုင်ငံတော် ရှေ့နေချုပ်ကြီး ဦးရန်အောင်၊ ဗိုလ်ရန်နိုင် စသူတို့ရှေ့တွင် ကွာရှင်းစာချုပ်ပေါ်၌ လက်မှတ်ရေးထိုး၍ ကွာရှင်းကြပြီးနောက်၊ ထိုနေ့ ညနေ ၅-နာရီ အချိန်တွင် ပဲခူးသို့ ခေါ်သွားကြသဖြင့် တနင်းလာနေ့ ထိအောင် မနေရတော့ပါ။ အိမ်သစ် ကလေး မှာလည်း နေ၀က်တနေ့ မနက်က စပြီး ဧည့်တရုံးရုံးနှင့် အဆင်းအတက် လူဝင် လူထွက် မရှိတော့ဘဲ တံခါး ပိတ်၍ တိတ်ဆိတ် သွားပြီး လာနေကြသော ယောက်ျားစု များသည် ဘိလိယက်ခုံ အခန်းများ၌ စခန်းချ ကြသည်။
မိန်းမပိုင် ကလစ်အဖွဲ့ဝင် အသီးသီးတို့နှင့် နီးစပ်သူများဖြစ်သော အမျိုးသမီးတို့က ၄-၅ဦး စုမိလျှင် ပိုကာ ၀ိုင်းထိုင် ကြသည်။ အပြင်က ၀ိုင်းမည့် သူ မလာလျှင် စာအုပ်ရောင်း၊ အထွေထွေ စာရေးမနှင့် ကျမ ကားကို မောင်းသူ ဒရိုင်ဘာ အပါအ၀င် အိမ်သူ၊ အိမ်သား အချို့က ၅-ပြားဝိုင်း ဆိုပြီး ကစား တတ်ကြသည်။
အိမ်အောက်ထပ် မှာ ပိုကာ ၀ိုင်းက ပြတ်သည်ဟု မရှိပါ။ စားစရာရှိလျှင် ထစားကြ၊ လုပ်စရာရှိက ထလုပ်ကြ နှင့် အားလပ်ချိန် တွင် ကစား၍ တဟား ဟား ပျော်ရွှင် နေလေံ ရှိကြသည့် အတိုင်း နောက်တနေ့ မနက် ကျမ အိမ်အောက်ထပ် သို့ စဆင်းသောအခါ သူတို့တတွေ မူမပျက် ကစားနေကြသည်ကိုဘဲ တွေ့ရပါသည်။
ကျမကလဲ ဘာမှအကြောင်း ထွေထွေထူးထူး မပြော၊ အနေမပျက် အိမ်အပြင်ဘက် အမိုးအောက် တ၀ိုက်၌ စိုက်ပျိုး ပြုပြင် ဆွဲချိတ်ထားသော နိုင်ငံခြားမှ ၀ယ်လာသည့် သစ်ခွပန်းပင်များ ပွင့်နေကြ သည်ကို လှည့်ကြည့် ရင်း လမ်းလျှောက်နေရာ အိမ်အနီးရှိ ဘိလိယက်ခုံ အတွင်းတွင် ဗိုလ်မင်းခေါင်၊ ဗိုလ်ရန်နိုင် နှင့် တကွ အခြား လူများပါ ကစားနေကြသည်ကို မှန်တံခါးမှ အတိုင်းသား မြင်နေရပါသည်။ ယောက်ျားဝိုင်း၊ မိန်းမ၀ိုင်း နှင့် အိမ်သူ၊ အိမ်သား အလုပ်တိုက်သား များပါ အခြေ အနေက အတော်ကလေး ငြိမ်ဝပ် ပိပြား လျက် ရှိပါသည်။
မန်နေဂျာ လုပ်သူမှာ ကွာရှင်းစာချုပ်များ လက်မှတ်ရေးထိုးပြီးသည့် နောက်ပိုင်းတွင် ထင်ထင် ရှားရှား အလုပ်တိုက် သို့ ရောက်လာသည် ကို မတွေ့ရဘဲ၊ ဗမာ့ခေတ်တိုက်ဝင်း အပြင်ရှိ အနီးအပါး အိမ် တအိမ်မှာ စတည်း ချလျက် အချက်အခြာ စာအုပ်စာတမ်း စာရင်းအင်းများကို ကဲ့ထုတ်ယူထားပြီး၊ ထိုအိမ်များတွင် ခွဲဖြန့် အပ်နှံထားလိုက်သည် ဟု နောက်မှ သိရခြင်း ဖြစ်ပါသည်။
သတင်းစာ အလုပ်တိုက်မှ နေ့စဉ် ငွေဝင် ငွေထွက်စာရင်ျးားကို ကျမက စတင်လက်ခံကြည့်ရှု လေ့လာစ ပြုသည်။ သို့ရာတွင် အလုပ်တိုက်နှင့် ကင်းကွာ နေသည်မှာ နှစ်ကြာလှပြီ။ အလုပ်တာဝန် တွေ၊ ဋ္ဌာနတွေ၊ အစိတ် အပိုင်းတွေ အများအပြား ရှိနေသော အလုပ်တိုက်ကြီးတစ်တိုက်၏ ၄-၅-၆နှစ်စာ၊ စာရင်းအင်း များကို ရုတ်တရက် နားလည် သဘောပေါက် လာအောင် အတော် ကြည့်ရှု လေ့လာမှ ဖြစ်ပါမည်။
ဒါတွေကို (က) မှ စ၍ (အ) အထိ မကြည့်နိုင်သေးပါ။ ကြည့်သည်ဆိုရာမှာပင် နှစ်ချုပ်စာရင်း၊ လချုပ်စာရင်း လောက် အကြမ်းဖြင်း သိအောင်မျှ မကြည့်ရသေးသဖြင့် လောလော ဆယ် သြဂုတ်လ ၁၂-ရက်နေ့ လောက် က နေ့စဉ် ၀င်ငွေ၊ ထွက်ငွေ လောက်ဘဲ ကြည့်နိုင်သေး သည်။
ယမန်နေ့က ၀င်ငွေ၊ ထွက်ငွေ စာရင်းအချုပ်ကို နောက်တနေ့ နေ့လည်မှ ကျမထံ လာပြသည်။ လာပြသူမှာ ငွေထိန်းကက်ရှာ ဖြစ်၍ စာရင်းလုပ်ပေးလိုက်သူမှာ သခင် ဗအေးခေါ် ဦးဗအေး ဖြစ် သည်။ ငွေထိန်း မခင်ရီ မှာ ဗမာ့ခေတ်တွင် လုပ်သက် ၁၅-နှစ်ထဲနဲမည်မထင်၊ မူလ နဂါးနီစာအုပ် တိုက်က အိမ်တော်ပါ။ အန္တေ၀ါသိက တပည့်မဟောင်း ဖြစ်ပြီး သူတို့ ဆွေမျိုးနီးစပ် ယောကျာ်းနှင့် အိမ်ထောင်ကျသူဖြစ်၍ ဦးဗဘေး ကလည်း သူ၏ လူယုံတော် လက်ရုံးကြီးတဘက် ဖြစ်ပါသည်။
ကျမက အလုပ်တိုက်ကိစ္စတွေကို ဘာမှ နှိုက်နှိုက်ချွတ်ချွတ် စေ့စေ့ငုငု မသိရ၊ ဗြုံးကနဲ သိအောင် လုပ်ဘို့ ကလည်း ဤမျှ များပြားသော စာရင်းအင်းများကို လက်မှတ်ရ စာရင်းစစ်ကြီးများပင် သြချ ရ၊ ခေါင်းချာ လည် ရအောင် ရှုပ်ရှုပ်၊ ထွေးထွေး ဖြစ်နေသေးလျှင် ကျမကဲ့သို့ နဖူးတွေ့ ဒူးတွေ့ ဖြစ်နေသူ အစိမ်း သက်သက် က သာ၍ ခက်ခဲရှုပ်ထွေးလိမ့်ဦးမည်။ သို့ကြောင့် အထွေအထူး ကြည့် လိုက်ရုံ အပ်ငွေကို လက်မှတ် ရေးထိုး၍ ဘဏ်တိုက်သို့ ပို့တန်သည့် ချက်လက်မှတ်များကို ပို့စေရ သည်။ သတင်းစာ စောင်ရေ ကိုပင် ထိုအချိန်က ဘယ်လောက်ရှိသည်ဟြု သိအောင် မစစ်ဆေး မမေးမြန်းနိုင်သေးသော အခိုက်အတန့် ဖြစ်ပါ သည်။
အုပ်ချုပ်ရေး ဆိုင်ရာ မန်နေဂျာရုံးခန်းရှိ လူတခု၏ ပြုသမျှ နုနေရသေးသော အချိန်အခါလည်း ဖြစ်ပါ သည်။
အလုပ်တိုက် နှင့် ဆက်သွယ်ထားသော ဘဏ်တိုက်ကြီးများက ငွေစာရင်းနှင့် လက်ကျန်ငွေများကို လည်း မသိရ သေးပါ။ ပြောလည်း မပြောကြ၊ သြဂုတ်လ ၁၂-ရက်နေ့လောက်ကစပြီး ဘဏ်သွင်း ငွေများ၏ စာရင်း ကိုသာ သိရသည်။ သို့ရာတွင် ငွေထုတ်နိုင်ခွင့်ရှိသူ မှာ မန်နေဂျာ ဖြစ်သည်။
အထက် ဆရာကြီး အမိန့်အရ မနနေဂျာက ဘဏ်ငွေများကို အားလုံး ထုတ်ယူထားလိုက်ပြီး လက်ကျန် ငွေက ဘဏ်တိုက် တတိုက် လျှင် ငါးရာစ တထောင်စ လောက်ဘဲ စာရင်းမပြတ်ရုံ ချန်ထား ခဲ့သည်ဟု နောက်မှ သိရပါသည်။
အခွံချည်း ကျန်ရစ်ခဲ့သော ဗမာ့ခေတ်
လွန်ခဲ့သော ၇-နှစ်၊ ၈-နှစ် ခန့်ကစပြီး ကျမက အလုပ်တိုက်မှ ငွေကို မကိုင်တော့ပါ။ စာရင်းစစ်နှင့် ငွေထိန်းနှင့် ထားပြီး ဘဏ်တိုက်ကြီးများမှ ငွေထုတ် ငွေသွင်း အခွင့်အရေးများကိုပါ မန်နေဂျာအား အခွင့် အရေး (အသောရတီ) လွှဲပေးထားခဲ့ပါသည်။ ကျမလစဉ် အသေးအဖွဲ သုံးရန်၊ လှူရန်၊ နွမ်းပါးသူများ လစဉ် ထောက်ပံ့ရန် ငွေများကိုဘဲ သူတို့ထံမှ တဆင့် ယူသုံးနေသူ ဖြစ်ပါသည်။ ငွေမကိုင်လို၍ကို မကိုင်ဘဲ နေခဲ့သည်။
ယခုဘရုတ်သုတ်ခ အချိန်ရက်တိုင်း ကလေးအတွင်းမှာ တော့ အမိန့်အရ သဘောရှိ အကြွင်းမဲ့ ထုတ်ယူ ပစ်လိုက်ပြီး ဘဏ်များမှ ငွေတွေသာမက အလုပ် ရုံးခန်းအတွင်းရှိ မီးအာမခံ သေတ္တာများ အတွင်းမှ အရေး ပါသော ပစ္စည်း စာချုပ်စာတမ်း များလည်း မန်နေဂျာက သော့ကိုင်ဖြစ်ပြီး လက်ခုတ်ထည်းက ရေကဲ့သို့ ရှိလေသည်။ ငွေထိန်းလက်တွင် နေ့စဉ် ငွေထည့်ကိုင်ကာ ငွေသေတ္တာ မှ တရာတန်စက္ကူထုပ် တွေကိုလည်း ရုံးခန်းထည်း မှာ ထုတ်ယူ သွားကြသည်ကို သြဂုတ်လ ၁၀-ရက်နေ့လောက်က စောင်းပါး ရိပ်ခြေ မြင်လိုက် ရသော အလုပ် သမားအချို့ ရှိကြပါသည်။
အလုပ်တိုက် ထဲ မှာ အခွံချည်း ကျန်အောင် အပြုတ်နှံ အကြံပိုင်လိုက်သြည်။
သို့ရာတွင် ၀င်ငွေများ က ရေတံခွန် ရေသလျှောက်တို့မှ အမြဲကျနေသလို နေ့စဉ်စီးဝင် နေသောကြောင့် များပြား လှသော နေ့စဉ်ထွက်ငွေများ၊ အသုံးစရိတ်များအဘို့ သူ့ဝန်နှင့်သူ့အားက မျှတလျှက် ရှိနေပါသည်။ ထို့ပြင် ဤအချိန်မတိုင်မီက ပြုပြင် လျှို့ဝှက် ထားသော စာရင်းများရှိ၍ ၀င်သရွေ့ ငွေမှ အတိအကျ မဟုတ် ကြောင်း၊ သတင်းစာ ရောင်းရသော စောင်ရေနှင့် ၀င်ငွေမှန်၊ ကြော်ငြာဋ္ဌာနမှ ရရှိသော ၀င်ငွေအစစ် အမှန်များ မဟုတ်ပါ။
အချို့ကို လျှို့ဝှက်သောနည်းဖြင့် အကြွေးစာရင်းထဲမှာ ပြ၍ အချို့က လျော်ပစ် လိုက်ရသော အကြွေး အဖြစ် သို့ ရောက်ရှိနေကြပါသည်။
အလုပ်တိုက် မှ ၀င်ငွေအမျိုးမျိုးများကိုလည်း အခြားနည်း အမျိုးမျိုးနှင့် ငုတ်လျှိုး ဖုံးကွယ်ထားပါသေး သည်။ အများအပြား ရှိနေသော နည်းပေါင်းစုံတို့မှ တခုတလေ ဆွဲပြရမည်ဆိုလျှင် ရန်ကုန်မြို့ ပေါ်အတွက် နေ့စဉ် ဖြန့်ချီရသော သတင်းစာစောင်ရေများမှ အပိုရရှိသော ၀င်ငွေတမျိုးမှာ အလုပ် တိုက်ထဲမှ စောရ လေးဆယ် ပါတီ၏ ခေါင်းဆောင်ပုဂ္ဂိုလ်ပိုင်းက အံခွအောင်ဝေ စားနေကြရသော ငွေပဒေသာပင်ကြီး တခု ဖြစ်နေ ပါသည်။
ဖြစ်ပုံဖြစ်နည်းမှာ ဗမာ့ခေတ်နေ့စဉ် သတင်းစာကို ရန်ကုန်မြို့ပေါ်၌ ဖြန့်ချီသော ကိုယ်စားလှည်များ အား ကိုယ်စားလှည် နှုန်းထား အပြည့်နှင့် ပေးခဲ့သည်။ ထို ကိုယ်စားလည် ကြီးများက တဆင့် (ဟောကာ) ခေါ် လိုက်လံ ရောင်းသော သူငယ်များ အား ရောင်းချစေသည်။ သတင်းစာကိုယ်စား လည်နှင့် ရောင်းသူ ဟောကာ တို့မှာ ကိုယ်စီ အမြတ်ရကြသည်။ တိုက်ကတော့ ပင်ရင်းဈေးအတိုင်း ဘဲ ယူခဲ့သည်။
သို့သော် လွန်ခဲ့သော ၄-၅နှစ်ကစပြီး ကိုယ်စားလည်ကြီးများကို ဖြုတ်လိုက်ပြီး ရောင်းသူများအား တိုက်မှ တိုက်ရိုက် ဝေငှ ပေးစေသည်။ ကြီးကြပ်ဝေငှသူများကို တလလျှင် ၁၅၀ိမှ ၂၀၀ိအထိ လခပေးခိုင်းသည်။ သတင်းစာ တစောင်လျှင် ကိုယ်စားလည်ကြီး ဖြစ်သူကို စားစေသော အမြတ်၂-ပြားခွဲကို စောရလေးဆယ် ခေါင်းပိုင်း မှ ဆရာကြီးအတွက် တ၀က်ပေးပြီး သူတို့လည်း ကိုယ်စီကိုယ်ငှ အိတ်ထည်းသို့ ထည့်ကြသည်။
သတင်းစာ တစောင်ပေါ်တွင် ၂-ပြားခွဲမျှသော ၀င်ငွေသည် ရန်ကုန်မြို့ပေါ်၌ အနည်းဆုံး သတင်းစာ စောင်ရေ ၁၅၀၀၀ခန့်ရှိ၍ ၁၉၅၉-၆၀တို့မှာ စောင်ရေပေါင်း သုံးသောင်းမှ ၄သောင်းအထိ ရှီခဲ့သည်။ မြို့စောင်ရေတသောင်းပေါ်၌ ပိုက်ဆံပြား ပေါင်း ၂၅၀၀၀ရှိလျှင် ၀င်ငွေ ၂၅၀ိအနည်းဆုံး ရပါသည်။ သတင်း စာ စောင်ရေ တသောင်းမှ တနေ့ ၏ ၀င်ငွေ ၂၅၀ိဆိုပါ တနေ့ သုံးသောင်း လေးသောင်း အထိ တက်သွား သော အချိန်က ၀င်ငွေ တနေ့ တထောင်ကျော်ရမည်။ တလ၌ သုံးသောင်းကျော် ရှိသည်။
ဤငွေ သုံးသောင်းမှာ လစဉ် ၀င်ငွေဖြစ်ပြီး အလုပ်တိုက်၏ စာရင်းထည်းသို့လည်း သွင်းရသော ၀င်ငွေ မဟုတ်တော့ဘဲ တလွဲသို့ စောင်းချော်စီးဆင်းသွားသော ငွေစီးချောင်းကြီး တခု ဖြစ်နေပါ သည်။ သည် တနည်းထဲကပင် အင်မတန်မှ ခူးဆွတ်မကုန်နိုင်ကြသော ငွေပဒေသာပင် အကြီး အငယ် အစားစား များသည် စားမကုန် ဖြုန်းမကုန် လူ့ဘုံလောက၌ ကာမစည်းစိမ်ကို သဘောရှိ ခံစားနိုင်ရန် ဖန်တီး ပေးနေ လေသည်။
ကာမဂုဏ်ပွဲစား ကပ်ပါး ညာစားတို့ အဘို့လည်း နှိုက်တိုင်း ထွက်သည့် ရွှေဂျိုးဖြူမူလခဲသိုက် ငွေတွင်းကြီး တခုအဖြစ် ၀ိုင်းကာ အုံကာ ခုံမင်တွယ်တာလျက် ရှိ ကြရှာသည်။ နှုတ်ပိတ်ခတွေ သုံးစရာငွေလုံးနှင့် ဖိစရာ ကိစ္စ အဖြာဖြာတွေမှာလည်း စာရင်းထည်း မပါသည့် ဤငွေပဒေသာပင် အသီးသီးမှ ဆွတ်ခူး အသုံးချ နိုင်၍သာ လိုရာခရီးရောက်နေနိုင်ခြင်း ဖြစ်ပါသည်။
ငွေပဒေသာနှင့် မနီးစပ်သူ ရိုးရိုး အလုပ်သားများမှာတော့ ငတ်တလှည့် ပြတ်တလှည့်နှင့် အလုပ် လုပ်ရသော နှစ်ပရစ္ဆေဒပေါင်း မည်မျှကြာမြင့်လာပြီဖြစ်သော်လည်း၊ မျောက်လောင်း မျောက်လောင်းဘ၀၌ ရှိနေကြ ပါသည်။ သိုက်ဆရာကြီး၏ အသိုင်းအ၀ိုင်းတို့မှာသာ ကားဝယ်၊ စိန်ဝယ်၊ အိမ်ဝယ်၊ တချို့လည်း ရှေ့ဆောင် နွားလား သွားရာလမ်းသို့ ဖြောင့်ဖြောင့် တန်းတန်း လိုက်နာ အတုယူကာ သောက်သောက် စားစား လူမင်းသားဖြစ်နေကြရုံမက အငယ်အနှောင်း တကိုယ် နှစ်ယောက်စ၊ သုံးယောက်စ များ ထား၍ လောက စည်းစိမ်ခံစားကာ ပြည်တော်သာနေကြ ရသည်ဟု သိရပါသည်။
ယုတ်မာသော နည်းနဲ့ မတည့်တဲ့အစာကျွေးပုံ ဆက်ရန်
.

2 comments:
အဲသလောက် ဖြစ်နေတာတောင်.. မသိပဲ အားလုံးပီးမှရေးသည့် ဒဂုန်ခင်ခင်လေးအကြောင်း ခုမှသေချာသိတော့၏
အလွန်လျှော်၏
ပီးတော့ စားရင်းကို ကိုယ်တိုင်မစစ်နိုင်လျှင် လိုင်စင်ရစားရင်းကိုင်ကို ခေါ်စစ်လိုက်လျှင် ကိစ္စပြတ်နေပီကို..မရှည်၇ှည်အောင်လုပ်သည်။ မာနကမိုးထိနေသည်ပင်ဖြစ်မည်။
မည်သူကမျှ သတင်းမပေးသည်ကိုထောက်လျှင် သူကိုယ်တိုင်က လူယုံမထား၍ ဖြစ်မည်။
အံ့သြမိသည်...။
မြတ်နိုး
ဆက်ဖတ်ချင်ပါသေးတယ်ဗျာ-
Post a Comment