ယုတ်မာသော နည်းနဲ့ မတည့်တဲ့အစာကျွေးပုံ
နောက် ၂-ရက်ခန့်ရှိသောအခါ အယ်ဒီတာ ဦးသန်းညွှန့်တို့ ပဲခူးသို့ လိုက်သွားရန် အကြောင်းရှိ၍ ကျမနှင့် လာတွေ့ ကြပါသည်။ သွားရမည့်ကိစ္စမှာ ဗမာ့ခေတ်သတင်းစာ အလုပ်တိုက်နှင့် ဆက်သွယ်ထားသော ဘဏ် တိုက်ကြီးများသို့ ကျမ၏ လက်မှတ်နှင့်မူ ဆက်သွယ်ကြရန် မန်နေဂျာ ၏ ကိုယ်စားလှယ် လက်မှတ် ထိုးခွင့်ကို ဖျက်သိမ်းလိုက်ကြောင်း အကြောင်းကြားရမည့် စာများ အတွက် လက်မှတ်ထိုးဘို့ ကိစ္စရှိသဖြင့် ပဲခူးလိုက် သွားကြရန် ကိစ္စ ဖြစ်ပါသည်။
သူတို့ ယနေ့မနက်ပိုင်း ပဲခူးကို လိုက်သွားကြပါမည်။ ဘဏ်တိုက်လက်မှတ်ထိုးရန် လွှဲစာများကို လက်နှိပ်စက် နှင့် အသင့် ရိုက်ယူသွားကြမည်။ လှူစရာမုံ့သေတ္တာနှင့် သစ်သီးများလဲ ၀ယ်သွားကြ မည်ဟု ဆိုသည်။ လူဘယ်နှစ်ယောက် သွားမည်မသိ။ သိရန်လည်း မလို၍ မမေးပါ။ ဒါပေမဲ့ လက်ရင်း လူယုံတော်ကြီးများ အကြံပေး စားဖါးကြီး များမှာ နေရာတကာ သူတို့မပါလျှင် မပြီးသော ပဲခူးဆားကြီးများ အဖြစ် နေရာယူ ထားကြ သဖြင့် သွားလေရာရာ ပင့်ဘိတ်ပြီး ထိပ်မှာတင် သွားကြရ မြဲ ဖြစ်ပါသည်။
သူတို့ ဘယ်အချိန်က ထွက်သွားကြသည်ကိုပင် သတိမထားမိဘဲ အမှတ်မဲ့နေခဲ့သည်။ နေ့လည် နေ့ခင်း အချိန်မှာ ကျမအိမ်အောက် ဆင်းခဲ့ရာ ခါတိုင်းလိုဘဲ ဖဲဝိုင်းနှင့် ဘိလိယက်ဝိုင်းများ ဖြစ်နေကြ သည်ကို တွေ့ရ ပါသည်။ ဘိလိယက်ခန်းမှာ လာနေကြသူများတွင် ဗိုလ်ရန်နိုင် တယောက်ကိုတော့ မတွေ့မမြင်မိပါ။ ကျမ အိမ်အောက်ထပ် ရောက်လာလျှင် အပြင်မှ ဧည့်သည်သုံးလေးဦး ၀င်လာ သည်နှင့် ပက်ပင်းပါ တွေ့နေ ရပြန်ပါသည်။ သူတို့လက်ထဲမှာ ချိုချဉ်သစ်သီးစသော စားစရာ ပစ္စည်း ကလေးတွေကိုယ်စီနှင့် ဖြစ်ပါသည်။ ဦးပဉ္ဇင်းကြီး ကို ကန်တော့ရန် လာကြသည်ဟု ဆိုပါသည်၊ ကျမက ပဲခူးသွား၍ တရားအားထုတ်နေသည်၊ မည်မျှ ကြာမည် မသိသေးကြောင်းနှင့် သင့်လျော် သလို အခြေမပျက် ပြောလွှတ်နေရပါသည်။
နေ့ ၁၂-နာရီခန့် စားပွဲခန်းကိုဝင်လျက် ကြက်ဆွပ်ပြုတ်သောက်သည် တွင် ပြင်ဆင် ကျွေးမွေးသူမှာ စလေသူ မိုနိုစာစီ မဖြစ်၍ အနားက အတူရပ်စောင့်နေသော ကရင်မယောက်ျားရှာ အိမ်ဖေါ်မ ကလေးလည်း ရှိသည်။ လဘက်ရည် ပန်းကန်တလုံးစာသာ ရှိသော ကြက်ဆွပ်ပြုတ်ရည်ထဲမှာ ကြက်သွန်ဖြူ ဥတလုံးတွေ ၁၅-လုံးခန့် ပါနေ၍ အတော် ဖယ်ရှား ပစ်နေရပါသည်။ ကြက်သွန်ဖြူ လျှော့ထည့်ဘို့ကိစ္စကို ဘယ်လိုပြော၍မှ မရပါ။
သွေးတိုး ရောဂါနှင့် လေငန်းရောဂါကြောင့် ၀က်သားကို အဆိပ်လို ရှောင်ခဲ့ရလွန်းသဖြင့် အနံ့ကိုပင် လိမ်မရ၊ နှာခေါင်း က သိနေသူ ဖြစ်ရာ တနေ့လုံးမှ တကြိမ်သာ သောက်လေ့ရှိသော ကြက်ဆွပ်ပြုတ် ထဲ မှ ၀က်သား များနှင့် ရောပြုတ်ပြီး၊ အစာအိမ်ထည်း မ၀င် ၀င်အောင် ကြက်သွန်ဖြူအနံ့ အုပ်၍ ကျွေးလာသည်ကို ကျမက ယုံမှား သံသယ မဖြစ်သဖြင့် မရိပ်မိ သေးသော အချိန်ပိုင်းမှာ ရှိနေပါသေးသည်။
သို့လိမ်၍ တိုက်ကျွေးနေသော ဆွပ်ပြုတ်ကို တနေ့တခါ အချိန်မှန်မှန်ကလေး သောက်ပေး အသွေး အသား ထဲသို့ မတဲ့သော အစာတွေပြန့်နှံ့ နေလေ၊ ဆရာဝန်၏ ဆေးက ဘယ်မျှပင် ထက်မြက်နေစေ မီးစတဖက်၊ ရေမှုတ်တဖက် လို၊ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ တုန်တုန်ရီရီ ဖြစ်သည့်အခါ ဖြစ်လာ လိုက်၊ အကြော အချင် တွေ ထုံကျင်လာလိုက်၊ ၀မ်းဗိုက်နှင့် ရင်ခေါင်းမှာ ဖေါင်းကြွစုခဲပြီး အောင့်လာ လိုက်နှင့်သာ ဝေဒနာ ခံစားရင်း နေ့တွေ၊ ရက်တွေ ကုန်ခဲ့ရသော်လည်း ကောက်ကျစ်ယုတ်မာသော နည်းပရိယာယ်တွေနှင့် ခြယ်လှယ် ဖန်တီးထားခြင်း ခံရသည်ဟု လုံးဝမသိ၊ မရိပ်မိ၊ ဆင်းရဲသော ဘ၀ အရိပ်အောက်မှ ခေါ်ယူ ပြုစု ထားသော ကျေးဇူးရှင် တယောက်အပေါ် တွင်လည်း ဤမျှယုတ်မာ လိမ့်မည်ဟုမထင်။
ထင်စရာ မသင်္ကာစရာကိစ္စဆို၍ တစွန်းတစမှ မကြားရ၊ မမြင်ရသေးသောအခါ သမယ ဖြစ်သောကြောင့် ယခု ယနေ့ အချိန်အထိ ကြက်ဆွပ်ပြုတ်မှာ ကြက်သွန်ဖြူ လျှော့ထည် ရန် ပြောမရ၊ သြာဇာ မကိုက်လှသည့် အဖြစ်ကို ကျမ သတိလစ်နေပြီး သောက်မိလျက် ရှိပါသည်။
ထိုနေ့ ညနေ ၅-နာရီခွဲလောက်မှာ အိမ်အမိုး ပတ်လည်အောက်၌ လမ်းလျှောက်လေ့ရှိသည့် အတိုင်း လမ်းထွက် လျှောက်နေပါသည်။ ဘယ်အချိန်က ပြန်ရောက်နေကြမှန်း မသိရသော အယ်ဒီတာ ဦးသန်းညွှန့် အောက်ထပ် ဧည့်ခန်းအတွင်းရောက်လာပါသည်။ သူပြောစရာ ရှိသည်ထင်၍ ကျမလဲ ဧည့်ခန်းမှ ကုလားထိုင် တခုသို့ ၀င်ထိုင်လိုက်သည်။ ကိစ္စများ ပြီးစီးခဲ့ပါပြီ၊ ဘဏ်တိုက် သုံးတိုက်သို့ မမခင်၏ နာမည်နှင့် (အာသော်ရတီ) အခွင့်အရေးလွှဲပြောင်း ပေးလိုက်ပါပြီဆိုသော အကြောင်း ကြားစာ သုံးစောင်ကို ဦးလေး လက်မှတ် ရေးထိုး လွှဲပြောင်းပေးလိုက်ပါသည်။ ထိုစာသုံးစောင်ကို ဦးဗအေးထံမှ ပေးထားပါသည်။ မနက်ဖန် ၌ ဘဏ်တိုက်များသို့ သွား၍ အကြောင်းကြားကြရပါမည်။ မမခင် လက်မှတ်ထိုးရန် ကိစ္စများကိုလဲ မနက်ဖန်မှ ဦးဗအေး လာပါလိမ့်မည်ဟု ဆိုသည်။
နောက်ထပ် ပြောစရာစကားမရှိ၍ တုံးတိတိနှင့် ရပ်နေသည်။ ကျမက သတင်းတခုခု ထပ်မေးလိမ့် မည်ဟု ထင်သော်လည်း ဘာမှ စကားမစသဖြင့် သူကစ၍ ပြောသည်။ ဦးပဉ္ဇင်းကြီး တရားအား ထုတ်နေပုံရသည်။ သို့ပေမဲ့ သူနေတဲ့ နေရာကို ကျွန်တော်တယ်ပြီး စိတ်မချပါ။ တရားအားထုတ် တဲ့ ကျောင်းကလေးနောက်မှာ လယ်ကွင်း ပြင်ကြီးသာ ရှိသည်။ လူနေနှင့်လည်း အလှမ်းဝေးသည်ဟု အစပျိုးလာသည်။
ကြာခြည်နောက်ကွယ်မှ ကာမကိစ္စ
သည်လို လူနေဝေးတော့၊ ညရေး ညတာမှာ စိတ်မချစရာ ဖြစ်နေပါသည်။ မောင်အေးကြည် တို့ဆီ ကလဲ နေ့မှာသာ လာနိုင်ကြ၍ ညစောင့်ရန် လူမရှိသလို ဖြစ်နေပါသည်ဟု အယ်ဒီတာ ဦးသန်းညွှန့် က ဆိုလေ သည်။ ကျမက ၎င်းကိစ္စကို ကြောင့်ကျ နေဘို့မလို၊ ဆင်းရဲပင်ပန်းစွာ တောမှာ ၀မ်းစာ ရှာမစားရတော့ဘဲ သူ့ကို မှီခိုလာနေကြသော တူသားနောင်မယ်တို့၊ တရွာလုံး တပြုံလုံး ဘာဂျော်ဂျီ ကုန်း၌ လူတကိုယ် အိမ်တလုံး စီနှင့် စမ်းပွင့်နေကြသည်ဖြစ်ရာ၊ သူတို့တတွေကသာလျှင် သွားလေ ရာ လိုက်ပါ၍ ရေပူရေချမ်း ကမ်းလှမ်း ရင်း စောင့်ရှောက်နေထိုင်ကြရန် တာဝန် အရှိဆုံး ဖြစ်လေ သည်။
မောင်သန်းညွန့် ပြန်ဆင်းသွားသောအခါ အလုပ်တိုက်ထဲမှ အပြင်ဘက် ထွက်လာသော သံချောင်း ခေါ် ထွန်းကြွယ်နှင့် မျက်နှာရင်ဆိုင် တွေ့လိုက်ရသောကြောင့်၊ ကျမကဘဲ မနေသာ၍ ဟဲ့ ဒီကိုလာ ခဲ့စမ်းဟု လှမ်းခေါ် လိုက်ပါသည်။ ၎င်းသံချောင်းခေါ် ထွန်းကြွယ်ဆိုသူမှာ ကြောင်သူတော်ကြီး ၏ တူအရင်း ဖြစ်ပါသည်။ ကျမ၏ ၀မ်းကွဲတူမ ဂါဝန်ပြာကျောင်းသူမနှင့် ကြူးလွန်ကြ၍ ပေးစားထား ရရာ၊ ယခုအချိန်၌ ခလေး နှစ်ယောက် သုံးယောက်င် ရရှိနေကြပြီ ဖြစ်သည်။
သံချောင်းအား နင်တို့ဟာ အစားမပျက် အနေမပျက် နေနိုင်ကြလွန်းသည်။ ဘာဖြစ် နေကြပြီ ဆိုဒါ မသိသလို လုပ်နေ သလား၊ နင်တို့ဝတ္တရားမှာ ဘာတွေလိုနေတယ်ဆိုဒါ သိဘို့ကောင်းသည်ဟု ကျမက အပြစ် တင် သည်။ ကျွန်တော်တို့လဲ ပြောဒါပါဘဲ၊ သိပ်မူးနေတဲ့အခါ ကားနှင့်အပြင်ဘက် မထွက်ဘို့ သတိပေးပါသည်။ ငါ့ကို ဆရာ မလုပ်နှင့်ဆိုပြီး လက်သီးနှင့် ထိုးခံရဒါ မကြာခဏ ဖြစ်ပါသည်ဟု ဖြေသည်။ ဒါပေမဲ့ ကြာခြည့်နောက်ကွယ်မှ ကာမ ကိစ္စအ၀၀တွေကို သူသာလျှင် "သေတ္တာမှောက်" အသုံးတော်ခံ ကြိုးကိုင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက် ထောက်ပံ့နေရသူ ဖြစ်ကြောင်း နောက်မှ သိရပါသည်။
ကျမစိတ်ထဲက ယနေ့ပဲခူး သွားကြသူများတွင၎င်း၊ မောင်အေးကြည်တို့ ခေါ်သွားကြသော ညနေက ပါ၊ အပါအ၀င် မရှိဟု ထင်ခဲ့မိသည်။
ထိုထင်ချက်က တက်တက်စင် မှားနေပါသည်။ သူသည် ဦးစီး ရှေ့ဆောင်သွားသူတွေထဲမှာ ထိပ်တန်းမှ အပါအ၀င် တဦး ဖြစ်နေပါသည။ ခဏအကြာတွင် ဗိုလ်ရန်နိုင်ဝင်လာပြန်ပါသည်။ ယနေ့ ကျွန်တော်လဲ ပဲခူး ကို လိုက်သွားပါတယ်ဟု ပြောပြန်ပါသည်။
ကျွန်တော် အမကြီးကို တခုပြောချင်ပါသည်။ ဦးပဉ္ဇင်းကြီး ဟိုမှာ နေရထိုင်ရဒါ သိပ်ပြီးလုံခြုံမှု မရှိ ဘူးလို့ ထင်ပါသည်။ ကမ္မဋ္ဌာန်းကျောင်းကလေးကလဲ ဘုန်းတော်ကြီးကျောင်းဝင်း၏ အစွန်အဖျားမှာ ဖြစ်သည်။ တဘက်မှာလဲ လယ်ကွင်းကြီးသာ ရှိပါသည်။ ပဲခူးမြို့၏ဆင်ခြေဖုံး အရပ်ဆိုသည်မှာ လူဆိုးများ တောခိုသောင်းကျန်းများ မကြာခဏ ဖြတ်သန်းသွားလာ ကြက်စားတတ်သော နေရာ ဖြစ်၍ သိပ်ပြီးမလုံခြုံဟု ထင်ပါသည်။ ပြီးတော့ အကိုကြီးကို ပုဂ္ဂိုလ်စွဲ မုန်းတီးနေသူတွေလဲ ရှိသည်။

ဝါဒရေးနှင့် မုန်းတီးနေသူတွေလဲ ရှိသည်။ သူကလဲနောက် နောက်က လူတွေမခံချင်အောင် မဆင် မခြင် ရေးသားထား ပြောဆို ထားမှု အနာဂတ် ရန်ညှိုးတွေ အတော်များနေလေတော့ ခုလိုအချက် ကောင်းရလျှင် ၀င်တွယ်သွားကြမှာ စိုးရိမ်ရပါသည်။ ဒီလိုတစုံတခု အန္တရာယ်ဖြစ်လာလျှင် အမကြီး နှင့် မသင့်မတင့်၍ အဝေးသို့ အရေးရပြီး မတော်တဆ ရေတိမ်နစ်မသွားစေချင်ပါဟု ပြောပါသည်။
ဒီနေရာကို ခေါ်သွားကြသူများက မောင်အေးကြည်တို့ လူစုသာ ဖြစ်သည်။ သူကိုယ်တိုင်ကလည်း လိုက်လို၍ လိုက်သွားခြင်း ဖြစ်သည်။ ကျမက ဒီဗနရာကို သွားရမည်ဟု ညွှန်ကြားခြင်းမပြု၊ ညွှန်ကြားနေရန်လည်း ၀တ္တရားမရှိ၊ ဘာမှမဆိုင်ကြဒါကို ဗိုလ်ရန်နိုင်သိပြီးသား ဖြစ်သည်။ သည်နေရာနှင့် မတော်လျှင် ဘယ်နေရာမှာ နေပါစေလားဟူ၍လည်း ပြောဘို့မလို၊ သူ့စိတ်နှင့် သူ့ကိုယ်သာ ပိုင်သည်ဟု လမ်းအတိုင်း ဖြေရပါသည်။
ဒါကတော့ ဟုတ်ပါသည်။ ဘာမှ မဆိုင်ဘူးဆို ဒါလဲမှန်းပါတယ်၊ အကယ်၍ တစုံတခု ပိုးစိုးပက်စက် ဖြစ်သွား ခဲ့လျှင် အားလုံးလဲ စိတ်မကောင်းစရာ ဖြစ်ကုန်ကြပါမည်။ သည်တော့ ကျွန်တော်တို့က လုံခြုံစိတ်ချ ရမည့်နေရာ တခုခုကို ရွှေ့ထားချင်ပါသည်။ အကောင်းဆုံးကတော့ ရန်ကုန်ထဲမှာရှိတဲ့ သာသနာ့ရိပ်သာ မင်းကွန်း တောရ၊ မိုးညှင်းတောရစသည်တို့တွင် တခုခု၌ နေစေချင်ပါသည်။ မြို့လည်မှာဆိုတော့ လုံခြုံရေး အတွက် စိတ်ချရပါသည်။ သူကိုယ်တိုင်လဲ သင်္ကန်းဝတ်နှင့် ပျော်ပိုက် နေပုံရပါသည်။ သို့သော် စိတ်မကောင်း ၍လားတော့ မသိ၊ မျက်နှာတော် ညှိုးနေပသါည်။ အချုပ်ကို ဆိုရင် ကျွန်တော်တော့ မလုံမလဲ ကာရံ ထားသော ၀ါးထရံကာ ကျောင်းကလေးထဲမှာနေတာ တဘက်မှာ လယ်ကွင်းကြီးသာ တမျှော်တခေါ်ရှိနေတဲ့ ဘုန်းကြီး ကျောင်းဝင်းအစွန်း အဖျားနေရာ မျိုးမှာ ညရေးညတာ အစောင့်အရှောက် မရှိဘဲနှင့် ပစ်မထား လိုပါ ဟု ပြောပါသည်။
နောက်ဆုံး ကျမက ဒါတော့ ဗိုလ်ရန်နိုင်တို့ သဘောကြသလို စီစဉ်ပါ။ အမကြီးနှင့် မဆိုင်တော့ ဒါကို ပါဝင် စွက်ဘက်မှု မပြုလိုဟု ဆိုရပြန်ပါသည်။ မဆိုင်ပေမဲ့ အမကြီးဘဲ ပစ္စည်းလေးပါး ဒါယကာ လုပ်ဦးမယ် ပြောထား ပြီး ဟာ ပစ်ထားလို့ မသင့်ဘူးထင်ပါသည်ဟု စောဒက တက်ပြန်ပါသည်။ ပစ္စည်းလေးပါး က တခြားပါ။ နေထိုင်မှု ကိစ္စစီမံပေးမှုကို တာဝန်ယူခွင့်မရှိပါဟုဆိုမှ စကားစပြတ်ပြီး ပြန်သွားပါသည်။ ထို့နောက် တယောက် ထပ်ပြီး ၀င်လာပြန်ပါသည်။ သူလဲ ယနေ့ ပဲခူးပြန်ကြီး တဦး ဘဲ ဖြစ်ပါသည်။
စွာကျယ်စွာကျယ် လုပ်ခဲ့သူမို့ ဆက်ရန်

.
No comments:
Post a Comment