Sunday, April 4, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၉)

အိုလင် အဘို့ကား ထိုအရေးမှာ ဘာလောက်မျှမဟုတ်ပေ၊ တောင်းမစားတတ် လျှင် ခိုးစားပေစေဟု လျစ်လျူရှု ထားလေ၏။ ၀မ်လန်းမှာ ထိုကိစ္စတွင် ဘာမှဝင်မပြောသော်လည်း၊ သားကလေးတွေ သူခိုး အလုပ် လုပ်နေသည်ကို တွေ့ရသောအခါ ရွံရှာစက်ဆုပ်ခြင်းဖြစ်မိလျက်၊ သူခိုးဘ၀တွင် အကြီး ခလေး မှာ လက်နှေး မကျွမ်းကျင်ခြင်းကို တွေ့ရသောအခါ မြည်တွံတောက်တီးခြင်း မပြုပေ၊ အုဋ္ဌ်တံ တိုင်းကြီး၏ ခြေရင်း တွင် နေရသော ဘ၀မျိုးမှာ ၀မ်လန်း နှစ်သက်သော ဘ၀မျိုးမဟုတ်၊ ၄င်း၏ စိတ် များမှာ သူ့လယ်များ ဆီသို့သာ ရောက်နေလေသတည်း။

တညသ၌ ၀မ်လန်းသည် ခါတိုင်းထက် နောက်ကျ၍ ပြန်ရောက်လာလေ၏။ တဲသို့ရောက်သော အခါ၊ ၀က်သားတုံး ကြီးတတုံး နှင့် ရောချက်ထားသော မုံလာဥဟင်း နှင့် တွေ့နေလေ၏။ အိမ်က နွားကို သတ်စား ခဲ့ရပြီး ကတည်းက ဤအကြိမ်မှာ ပဋ္ဌမဆုံး အကြိမ် အသားဟင်း ကို တွေ့ရခြင်းဖြစ်လေရာ၊ မျက်လုံးများ ပြူးကျယ် ၍ လာလေ၏။

''ဒီကနေ့ တော်တော် ငွေဝင်ကောင်းတယ်ထင်သဟေ့'' ဟု ပြောလိုက် သည်တွင် အိုလင်မှာ သူ့ဝါသနာ အတိုင်း ခပ်မဆိတ်ပင် နေသော်လည်း၊ သားအငယ် ကလေးက ၄င်း၏ အလုပ်ကို ဟုတ်လှပြီ အထင်ဖြင့်၊
''ဒါ ကျွန်တော် ယူလာတာဗျ..... ဒါ ကျွန်တော့်ဟာ ၀က်သားသည်ကြီးက အတုံးကြီးတတုံးကို လှီးချထားပီး ဟိုဘက် လှည့်နေတုန်း ကျွန်တော်က ဈေးဝယ်လာတဲ့ မိန်းမကြီးတယောက်ရဲ့ လက်မောင်းအောက်က လျှိုဝင်ပြီး၊ ဗျပ်-ဆို ဆွဲပြေး ခဲ့တာပေါ့၊ နောက်ပြီးတော့ လမ်းကြား တခုထဲက စဥ့်အိုးကြီး တလုံးထဲ ၀င်ပုန်း နေတာ၊ အစ်ကိုလဲ နောက်တော့ရောက်လာရော''ဟု အားရပါးရ ပြောပြလေ၏။

ထိုအခါ ၀မ်လန်းမှာ စိတ်ဆိုးလျက်။
''ဒါဖြင့် ငါမစားဘူး၊ ၀ယ်လို့ ရရင်ဖြစ်စေ၊ တောင်းလို့ ရရင်ဖြစ်စေ၊ ငါစားမယ် ခိုးလာတာတော့ ငါမစား ဘူး''ဟု ပြောကာ၊ ၀က်သားတုံးကို နှိုက်ယူပြီး မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်ရာ ခလေး၏ ကဲကဲဆပ် ငိုသံဖြင့် ဆူညံ၍ သွားလေ၏။

ထိုအခါ အိုလင်သည် ထိုင်ရာမှထလာလျက်၊ မြေကြီးပေါ် မှ ၀က်သားတုံး ကို ကောက်ယူပြီး ရေအနည်း ငယ်ဖြင့် ဆေးကြောကာ ဆူပွက်နေသော ဟင်းအိုးထဲသို့ ပြန်ထည့် လိုက်လေ၏။ သို့ ထည့်ရင်းက ''အသားဟင်း ဟာ အသားဟင်းဘဲတော့'' ဟု ပြောလေ၏။

ဝမ်လန်းကား နောက်ထပ်ဘာမျှ ဆက်မပြောသော်လည်း စိတ်ဆိုးနေလျက်၊ သားကလေးတွေ သူခိုး သူဝှက် ဘ၀ နှင့်ပင် ကြီးလာကြမည့် အရေးကို တွေးတော စိုးရိမ်နေမိလေ၏။ ထမင်းစားကြသည့် အခါ အိုလင်က ဟင်းတုံး ကို အဘိုးကြီး နှင့် ခလေးများအား ဖဲ့ပေးလျက် သ္မီးထွေးကလေး ကိုပင် ယူ၍ ခွံ့နေသည်ကို မြင်ရသည့် အခါ၌လည်း၊ ဘာမျှမပြော ခတ်မဆိတ် ပင်နေလျက် သူကိုယ်တိုင် ကား မုံလာဥဘတ်နှင့်ပင် တင်းတိမ် ရောင်ရဲ လေ၏။

သို့သော် ထမင်းစားပြီးကြသည့် အခါ၌ကား၊ သားအငယ်ကို သူ့အမေ မကြားမမြင် နိုင်သည့် လမ်းထဲသို့ ဆွဲခေါ် သွားပြီးနောက်၊ အိမ်တအိမ်၏ နောက်ဘေးသို့ ရောက်သောအခါ၊ သားကလေး၏ ခေါင်းကို မလှုပ်အောင် ဂျိုင်းအောက်တွင် ညှပ်လျက်၊ ''ခိုးအုံးဟ ခိုးအုံးဟ'' ဟု နားသယ်နှစ်ဘက် ကို ဘယ်ပြန် ညာပြန် ရိုက်နှက်ပြီးနောက် တဲသို့ ပြန်လွှတ် လိုက်လေ၏။ ထိုနောက် တကိုယ်တည်း ''မဖြစ်ဘူး မဖြစ်ဘူး ရွာပြန်မှပဲ'' ဟု ညဉ်းလေ၏။

အခဏ်း ၁၃။

တတဲပေါ် တတဲ ထပ်လျက် နေရာလပ် မကျန်အောင် ကြက်တောင် စိုက်ထိုးထားသော တဲစုကလေးမှာ ရှည်လျားမြင့်မားသော အုဋ္ဌ်တံတိုင်းကြီး၏ခြေရင်းတွင် ရွာကလေးတရွာ ဖြစ်နေလေ၏။ ထိုရွာကလေးတွင် လူပေါင်းစုံ ရောယှက်၍ နေကြလေရာ၊ ၄င်းတို့၏ ဘ၀မှာ ''စားရပါလည်း တလုပ် တဆုပ် နေရပါလည်း ငုတ်တုတ်'' ဘ၀မျိုးဖြစ်လေ၏။

ထမင်းတလုပ် နပ်မှီအောင် စားနိုင်ရေးအတွက် အလုပ်အမျိုးမျိုးကိုထွက်၍ လုပ်ကြရသည်တွင် အချို့မှာ ပေါင်မုံ့ဖို များတွင် အခြေတည်မိလျက်၊ အချို့မှာ အထည်ရုံကြီးများတွင်၊ အလုပ်ရကြ၏။ ခလေးများမှာ ပေါင်မုံ့ဖို များတွင် နံနက်လင်းကတည်းကစ၍ ညသန်းခေါင်ကျော်တိုင် အလုပ်ဆင်းကြရကာ အလုပ်ချိန် ကုန်လျှင် ကုလားသေ ကုလားမောအိပ်ကြလျက် နောက်တနေ့ နံနက်မိုးမလင်းမီ အလုပ်ခွင်သို့ ယိုင်တိ ယိုင်တိုင် အိပ်မှုံစုံမွှား ဆင်းကြရပြန်၏။ ၄င်းတို့ရသော လုပ်ခကား ၄င်းတို့လုပ်ပေးနေသည့် ပေါင်မုံ့တလုံး ဘိုးပင် မရှိချေ။

အထည်တိုက်များတွင် လုပ်ကိုင် သူများမှာလည်း ကိုယ်မှမလုံ့တလုံ အပြဲအစုတ်ကို ချုပ်ဖာဝတ်ဆင်ကြရ၏။ အိုအို မင်းမင်း များမှာ လည်း အိုအိုမင်းမင်း ဖြစ်၍ အငြိမ်စားမနေနိုင်ကြ။  အချို့မှာ လက်တွန်းလှည်းနှင့် စီးပွားရှာ ကြရလေ သည်။ ၄င်းတို့၏ မျက်နှာများမှာ ဘယ်သောအခါမျှ ရွှင်ပျချမ်းမြေ့ပုံ မရ နွားလိုရုန်းကာ တကုန်းကုန်း ဆင်းရဲပင်ပန်းရသည့် ဘ၀မျိုးဖြစ်၍ အမြဲသဖြင့် ရင့်ရော် ထိုင်းမှိုင်း မျက်နှာရိုင်းကြီးများ ဖြစ်နေ လေ၏။

ရုတ်တရက် ကြည့်လိုက်လျှင် စိတ်ဆိုးဒေါသ ထွက်နေသည့် မျက်နှာများနှင့် တူလေ၏။ အမှန်ကား ဒေါသ ထွက်နေခြင်း အဟုတ်ပေ၊ နှစ်ရည်လများ ကူလီထမ်းပိုးရသော အလုပ်မှာ ဂုတ်သွေး ကို ဖောက်စားသလို အသားကို ခန်းခြောက် စေသဖြင့် မျက်နှာတွေ အိုစာရင့်ရော်နေခြင်းဖြစ်လေ၏။ အခါများစွာ မနိုင်သော ၀န်ထုပ် ၀န်ပိုးကြီးများကို ပခုန်းပေါ်အားခဲ၍ အမ သွားဖြဲ၍ ပြသကဲ့သို့ အံကြိတ်ရလေရာ အံကြိတ်ခြင်းမှာ အလိုလို နေရင်းလည်း အကျင့် ပါလျက်၊ မြင်မြင်ကရာ ကို သွားဖြဲ၍ ကြည့်သကဲ့သို့ ကြမ်းတမ်း ခက်ထရော် နေလေ၏။

၎င်းတို့အနက် အချို့မှာ ၀မ်လန်း နည်းတူပင် ယခုမှ မြို့ကြီးပြကြီးများသို့ ရောက်ဘူး သူများဖြစ်ရ ကား၊ မြို့ပါး မ၀တ၀ နှင့် ခတ်ရိုင်းရိုင်း ဖြစ်နေကြလေ၏။ လူတယောက်မှာ သူ့ရုပ်ကိုသူ လမ်းပေါ်တွင် တွန်းသွား သော အိမ်ထောင် ပရိဘောဂ လှည်းကြီးပေါ်မှ မှန်ထဲတွင် သွား၍မြင်သည့် အခါ၊ ''ကြည့်စမ်း၊ ဟေ့ လှည်းပေါ် က အကောင် နှယ် သောက်ကျိုးနှဲ အကျည်းတန် တဲ့ အကောင်'' ဟု အော်ပြောလေ၏။ ဘေးလူ များ က ၀ိုင်းရယ်သည့်အခါ သူ့ကို ၀ိုင်း၍ သရော်မှန်းမသိ၊ မိမိကပင် တယောက်ယောက် ကို ထိပါး ပြောဆို မိသကဲ့သို့၊ အားနာသည့် မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ပြာပြာသလဲ လှည့်ကြည့်နေရှာ၏။
စားဘူးတောင်း ကလေးများ ပမာထိုးထားသော တဲစုကလေးကား……….။ ဒွန်းစဏ္ဍား ရွာကလေး နှင့် တူနေ လေ၏။

မိန်းမများမှာ သားကလေးတွေ- သ္မီးကလေးတွေ အတွက်၊ အ၀တ်စုတ်တကာ့ အ၀တ်စုတ် ကလေးများကို စုဆောင်း လျက်၊ တစနှင့်တစ အင်္ကျီကလေးများ ဖြစ်လာအောင် စပ်ချုပ်ပြန်လုပ်၍ ပေးကြလေ၏ ခလေး များကား-။ လမ်းတကာ့လမ်းတွင် ကလေက၀ လယ်ပတ် လမ်းလျှောက် နေကြပြီးလျှင်၊ လူလစ်လျှင်ခိုး- လူနိုးလျှင် လစ်လျှက်။ အပြစ်ကို မကြောက် အပေါက်ကောင်း ကိုသာ စောင့်လင့်ကာ လူတေ လူပေ ကလေးများ ဖြစ် နေကြလေ၏။

မိဘလုပ်သူ များမှာ လည်းသားသ္မီးတွေသူခိုး သူဝှက်ဖြစ်နေပြီ- ဟုဆုံးမပဲ့ပြင်ရိုက်နှိက် တားဆီးခြင်းမရှိ၊ ဆုံးမ ပဲ့ပြင်ရအောင် ကလည်း၊ မိမိတို့တွင် သားသ္မီး ဘယ်နှစ်ယောက် မွေးခဲ့၍၊ မည်မျှ ထွန်းကားနေ ပြီကိုပင် မမှတ်မိကြတော့……..၊ သေသူ က သေ၍ နောက်ထပ်မွေးလာသည့် ခလေးက နောက်ထပ် မွေးလာသည့် တိုင်…………. မှီခိုအားထားရာ ကင်းမဲ့သည့် အငတ်လောကကြီးတွင်။ ဖွားစာရင်းထက်၊ စားစာရင်း က အရေးကြီး နေလေသတည်း။

သို့ဖြင့် ဆောင်းဥတု ကုန်လှုလျက်၊ မိုဃ်းဘက်သို့ချဉ်းခဲ့လေ၏။ တဲကလေးများအနီး ပတ်ဝန်းကျင် တွင် နှင်းခဲတွေ အရေပျော်လျက်၊ ဘွက်ဖြစ်ကာ တဲထဲသို့ ချောင်းပေါက်၍ ၀င်သောကြောင့်၊ လူများမှာ ဒုက္ခ ကြီးစွာ ရောက်ကြပြီးလျှင် အုဋ္ဌ်ခဲတွေ ခင်းအိပ်ကြရလေ၏။

ထိုညဥ့်လေမှာ မိုဃ်းသယ် မိုဃ်းရိပ် ကလေးများကို ကျောပိုး လျက် ပြေးလာလေ၏ မိုဃ်းနံ့ကိုရ သော ၀မ်လန်း မှာ အိပ်မပျော်တော့ပဲ တဲထဲမှ ထွက်လာခဲ့ပြီး လမ်းဘေး၌ ထွက်၍ ရပ်နေမိလေ၏။ ထိုနေရာမှာ အဘိုးကြီး ထိုင်နေကျ နေရာဖြစ်လေ၏။ တဲထဲတွင် ခလေးတွေ ဆူလှသဖြင့်၊ အဘိုးကြီး မှာ ထိုနေရာသို့ ထွက်ပြီး မြေးအငယ်ဆုံးကလေးနှင့် ကစား၍နေတတ်လေ၏။ ခလေးမှာ မတ်တတ် ထစလူမှန်းသူမှန်း သိတတ်စ အရွယ် ဖြစ်ရကား၊ မိခင်၏ ရင်ခွင်ကို ငြီးငွေ့လျက်၊ လှုပ်ရှား ထကြွစ ပြုလာသည်တွင် အဘိုးကြီး သည် ခလေးကို ထိန်းရလေ၏။ ကြိုးစ တစကို ခလေး၏ ခါးတွင် ချည်လျက်၊ တစကိုထိန်းကိုင်၍ ထားသော အခါ၊ ခလေးသည်၊ ယိုင်တိယိုင်တိုင်နှင့် လျှောက်၍ နေလေ၏။

ထိုအချိန်တွင် အိုလင်မှာ ကိုယ်လေးလက်ဝန်နှင့် ဖြစ်နေပြန်ရာ၊ ခလေးကိုအမြဲချီပိုး၍ မထားနိုင်ရှာပေ။
ဝမ်လန်း မှာ မြေးအဘိုး နှစ်ယောက် ကစားနေသည်ကိုကြည့်ရင်း မိုဃ်းသက် ရောသော လေ၏ ဖြန်းပက် တိုးဝှေ့ခြင်း ကို ခံရသည်တွင်လယ်တွေကို ပြန်၍အောက်မေ့လာလေ၏။
"အဘရာ- ရွာမှာသာဆိုရင်လေ၊ ဒီအချိန်မျိုးဟာ ဂျုံစိုက်ဖို့လယ်စလုပ်တဲ့ အချိန်ပေါ့နော်"ဟု ပြောလိုက် လေ၏။

"အင်း……မင့်ရင်ထဲ ဘယ်လိုဖြစ်နေတယ်ဆိုတာ ငါသိသဟေ့၊ ငါတို့ခေတ်တုန်းကလဲ ဒီလိုပါပဲကွာ၊ အခုလို ငတ်မွတ် ခေါင်းပါးသို့ ငါလေးခါတောင် လယ်တွေကို ပစ်ထားခဲ့ပီး၊ ထွက်လာခဲ့ရဘူးသကွ၊"
"ဒါပေမဲ့ နောက်တော့- ရွာကိုပဲပြန်တာပဲ မဟုတ်လား-"
"လယ်က ရှိသေးတာကိုးကွ-"ဟု အဘိုးကြီးကပြန်၍ ဖြေလေ၏။

"ဒို့လဲ ဒီနှစ်မဟုတ်ရင် နောင်နှစ်တော့ပြန်မယ်"ဟု ၀မ်လန်းသည် တကိုယ်တည်း ကြုံးဝါးမိလေ၏။ သို့ကြုံးဝါး ရင်းပင် ပြန်ချင်စိတ်မှာ တဖွားဖွားထက်သန်၍ လာလေရာ၊ တဲထဲသို့ပြန်ဝင်ခဲ့ပြီး ဇနီးသယ် အား……………။
"တခုခု ရောင်းဖို့သာရှိရင်၊ ရောင်းပီး ရွာသာပြန်ချင်တာပဲကွယ်- အဘိုးကြီးသာ မပါရင်- ဒို့တတွေ ငတ်ငတ် ပြတ်ပြတ် ရွာကို ကုန်ကြောင်းလျှောက်ပါရဲ့….၊ အခုတော့ သူနဲ့ခလေးတွေဟာ ဒီမိုင်တရာကျော် ခရီးကြီး ကို ဘယ်လိုလျှောက်နိုင်ပါမလဲ……..မင်းကလဲ ကိုယ်ဝန်ကြီးနဲ့"
အိုလင်သည် ထမင်းပုံဂံများကို ဆေးကြောနေလျက် ဆေးပြီးသော ပုဂံများကို တဲထောင့်တထောင့် တွင်သွား၍ စုပုံထားလိုက်ရင်း။
"ကျုပ်တို့သ္မီးကလေးက လွဲလို့ ဘာမှ ရောင်းစရာမရှိဘူး….."ဟု ဖြေးလေးစွာ ပြောလေ၏။

"သားသ္မီးတော့ မရောင်းဘူးဟေ့"
"ကျုပ်တော့ အရောင်းခံခဲ့ရတယ်……..၊ ကျုပ်မိဘတွေဟာ သူတို့ ရပ်ဋ္ဌာန်ပြန်နိုင်အောင် ကျုပ်ကို သူဋ္ဌေး အိမ်မှာ ရောင်း ပစ်ခဲ့ကြတယ်။"
"ဒါကြောင့်- မင်းသ္မီးကလေး ကိုလဲ မင်းရောင်းခဲ့မယ် ဆိုပါတော့"
"ကျုပ်စိတ်နဲ့ကျုပ်သာဆိုရင်- ဒီကောင်မကလေး ရောင်းအစား မခံရင်ခင် ကတည်းက၊ သတ်အပစ်ခံ ရတာ ကြာပီ- သေသွားရင်လဲ ဘာမှ အကျိုးမရှိလို့သာ- အခုတော့ရွာကို ရှင်ပြန်နိုင်အောင် သူ့ကို ရောင်းပစ် ခဲ့မယ်-"

"ငါ့တာ့ဘယ်တော့မှ မရောင်းဘူဟေ့- ဒီအရပ်မှာပဲငါသေချင် သေပေစေတော့-"
ဤသို့ပင် ပြောလိုက်မိစေကာမူ၊ တဲထဲမှ ပြန်ထွက်လာမိသောအခါ ရပ်ဋ္ဌာန်ပြန်လိုသော စိတ်မှာတ ဖွားဖွား ပေါ်လာ ပြန်လေ၏။ အဘိုးအေနားတွင် လမ်းလျှောက် သင်နေသော သ္မီးကလေးကိုလှမ်း ကြည့်လိုက် လေ၏။ ခလေးမှာ စကားမပြောတတ်သေးပေ၊ နှုတ်ခမ်းကလေးများမှာ ရဲနေလျက်၊ သွားမပေါက် သေးသဖြင့်၊ ပါးစပ်မှာအမယ်ကြီးအို ပါးစပ်နှင့်တူပြီးလျှင်၊ ၀မ်လန်းကိုမြင်သောအခါ၊ ပြုံး၍မြူးနေသော၏။

"ငါသူ့ကို ဘယ်နှယ်လုပ်ရောင်းစားရက်ပါ့မလဲ"ဟု ရေရွတ်မိပြီး၊ လယ်ကို သတိရသောအခါ၊ "ငါ့လယ်တွေကို ငါပြန်မှ တွေ့ပါအုံးမလား- ငါကလံခြားဆွဲ၊ ငါ့မယားကထွက်တောင်တာတောင် ငါတို့မှာ ထမင်းတနပ် အနိုင်နိုင် စားနေရတာ- ဘယ်မှာရွာပြန်ဖို့ စရိတ်ရပါမလဲ……"ဟု ညည်းလိုက်မိသည်တွင် အသံထွက် သွားလေ၏။

ထိုအခါ မှောင်ထဲမှ" ခင်ဗျားတယောက်ထဲမှ မဟုတ်ပဲဗျာ၊ ခင်ဗျားလိုလူတွေ မြို့ပေါ်မှာ တပုံကြီး ရှိပါသေး တယ်…….." ဟု အသံကြီးတသံ ထွက်ပေါ်လာလေ၏။ ထိုအသံရှင်ကား- ၀မ်လန်းတဲနှင့် နှစ်တဲကျော်မှ လူတယောက်ဖြစ်၍၊ ဆေးတံတိုတချောင်းကိုခဲလျက်၊ မှောင်ထဲမှထွက်လာလေ၏။ ထိုသူမှာအသူ ရကယ် ဘုံသားလို၊ နေစံ၍- ညခံရသော အလုပ်ကြမ်းသမားတဦး ဖြစ်ပေ၏။ နေ့ဘက်တွင် ၎င်းအားမြင်ရခဲ့၏။

တနေ့လုံးတဲထဲတွင် အိပ်လျက်၊ နေ့အခါ လူသွားလူလာရှုပ်ထွေးလှ၍၊ လမ်းပေါ် တွင် မတိုးနိုင်သော ကုန်လှည်း ကြီး များကို ညဘက်ရောက်မှ လူရှင်းသဖြင့် ထွက်၍ဆွဲရ၏ နံနက်ဝေလီဝေလင်း လောက်တွင်မှ အလုပ်သိမ်း လျက် ပြန်ရလေရာ၊ သို့ပြန်လာသည့်အခါ ကြိတ်ဆုံတွင် ထည့် အထောင်းခံ ခဲ့ရသလို တကိုယ်လုံး ပြော့ခွေ၍ လာလေ၏။ ၀မ်လန်းသည် လံခြား ဆွဲရန် နံနက်အစောကြီး ထ၍သွားရစဉ် ထိုသူက အလုပ် သိမ်း၍ ပြန်လာသည် နှင့် မကြာခဏ ဆုံမိရာ မျက်မှန်း တမ်းမိနေလေ၏။

ဆက်ရန်
.

1 comment:

Anonymous said...

သနားစရာ...ဘ၀တွေနော်...

အိုလင်ကလည်းတကယ်ကြောက်စရာပဲ။
အင်း..အပြစ်တင်လို့တော့မရဲဘူး။ သူကလည်း လက်တွေ့ဒီလိုဘ၀မျိုးနဲ့ ကြီးပြင်းခဲ့တာကိုး..။

မြတ်နိုး