Thursday, April 8, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၇ဝ)

စေတနာဆို၍ ယုံစားမိခဲ့ရာမှ

ထိုနေ့တနေ့လုံးလုံး နေထိုင် ကောင်းလျက် ရှိသဖြင့် အိမ်အောက်ထပ်မှာပင် နေခဲ့ပါသည်။ ကြာကြာ ထိုင်လျှင် လေအောင့်တတ်သောကြောင့် လမ်းလျှောက်နေသည်က များပါသည်။ ပျင်းလျှင် အိမ်သားများ ကစား နေကြသော ၀ိုင်းနားမှာ လမ်းလျှောက်ရာမှ တခါ၊ တခါဝင်ရပ်ကြည့် မိသည်။ ယခင်က ဆိုလျှင် တနင်္ဂနွေနေ့ များမှာ သူတို့ဝိုင်းသို့ ၀င်ထိုင်လေ့ ရှိသော်လည်း၊ ကျန်းမာရေးအခြေအနေအရ ကြာရှည် မထိုင်နိုင် ၍ ဆင်ခြင်နေရသည်မှာ ၂-နှစ်ကျော်၊ ၃-နှစ်ကျော် ရှိလာပြီ ဖြစ်ပါသည်။

ယနေ့လည်း တနင်္ဂနွေနေ့ဖြစ်၍ ၀ိုင်းမှာ လူတွေ အတော်စုံနေတာ တွေ့ရပါသည်။ ပညာရေးဋ္ဌာန ဒုအတွင်း ၀န် ဦးပု ၏ နှမအရင်း တလောက မိုးကြိုးလီမိတက်မှာ ရှယ်ယာ လာထည့်သော မိုးဆိုမ ကျမ၏ ညီမ ၀မ်းကွဲ တော်သူ လည်း ၀ိုင်းထည်းမှာ ရှိသည်။ အယ်ဒီတာ မောင်သန်းညွှန့်ကတော်မ ခင်မကြီးလည်း ရှိသည်။ ဗိုလ်ချုပ်ဈေးမှ မညွှန့်ညွှန့်၊ မမြင့်မြင့်နှင့် ဦးရှမ်းမောင်ကတော နုနုတို့လဲ ရှိသည်။ အတွင်းဝန် ဦးပု၏ နှမ ကတော့ ထိုအချိန်က ညအိပ်ညဥ့်နေ လာနေသည်။ သူနှင့် တူမ တော်သော စလေသူမိုနိုစာစီသူမနှင့် တခန်းထည်း မှာ အိပ်လေ့ ရှိပါသည်။ ထို့ပြင် စာအုပ်ရောင်း ခန်းမှ အထွေထွေ စာရေးမတဦးကလည်း ယောကျာ်း မရှိသူ မုဆိုးမ ဖြစ်၍ သူတို့နှင့် အတူဘဲ တခန်းထဲ အိပ်လေ့ ရှိပါသည်။ ၎င်းပြင် ကရင်မ အိမ်ဖေါ် နှစ်ယောက် နှင့် ကျမအတွက် ပြုစုနေသော ကရင်နာ့စ်မကလေးပါ သုံးယောက်က အခြားအိပ်ခန်းတခန်း၌ အိပ်ကြ ပါသည်။

လူတွေ စုစုရုံးရုံးရှိရာမှာ မတ်တပ်လာရပ်ကြည့်လိုက် လမ်းလျှောက်လိုက်နှင့် ရှိနေစဉ် ညနေ ၃နာရီ လောက်ရှိ လာသောအခါ ရင်ခေါင်းထည်းမှ နာလာ၍ ရေနွေးအိတ်ငယ်နှင့် ကပ်လျက် ပက်လက် နောက်မှီ ကုလားထိုင် မှာ ၀င်ထိုင်နေရပါသည်။ ယနေ့အဘို့ မသင့်သော အစာဆို၍လည်း ဘာမှ မစားပါ။ မနက်စာ အဖြစ် ကြက်သွန်ဖြူနံ့တွေ ပြင်းပြင်းထန်ထန် ထည့်ခပ် အုပ်ထားသော သောက်နေကျ ကြက်ဆွပ်ပြုတ် တခွက် နှင့် ရှောက်ရည်ညှစ်ပြုတ်ထားသော ကြက်သားတဖက် ကလွဲပြီး ဘာတခုမှ မစားခဲ့သေးဘဲ ရင်ထဲ က ထိုးနာ လာသည်။ ရေနွေးအိတ်နှင့် ကပ်သော်လည်း မသက်သာ၊ တိုး၍ နာမြဲနာနေပါသည်။ သို့ကြောင့် ညနေ အတွက်ကို လိမ္မော်ရည်သောက်လျှင် အအေးဓာတ်ကြောင့် ပုဆိုးလာမည် ထင်သောကြောင့် လေအောင့် သက်သာစေရန် ထမင်းအရည် ကြည် နဲနဲသောက်လို၍ ဆန်ပြုတ်ရည်ကျဲကျဲ ပြုတ်ထားဘို့ မီးဖို မှ ထမင်းချက်သော မိန်းမ (နာမည် မမှတ်မိ)အား သွားပြောခိုင်းထားလိုက်ပါသည်။

ညနေ ၅နာရီခွဲခန့် ရှိသောအခါ ရေနွေးအိတ်ကပ်လျက်နှင့်ဘဲ ထမင်းစားခန်းထဲရှိ ထမင်းစားပွဲရှည် ကြီး ရှိရာသို့ လာထိုင်ပါသည်။ ကရင်အိမဖေါ်မကလေးအား စောစောက ပြုတ်ခိုင်းထားသော ဆန်ပြုတ် ရေကြည် ကို ယူခဲ့စေရန် မီးဖိုခန်းသို့ လွှတ်ပြောခိုင်းလိုက်ပါသည်။ ခဏကြာလျှင် မိုနိုစာစီ သူမ ကိုယ်တိုင် ပန်းကန် လုံးငယ် တခုကို ဘန်းငယ်နှင့် ထည့်ကိုင်ယူလာပြီး ကျမရှေ့မှာ ချပေးပါ သည်။ ပူပူနွေးနွေး အငွေ့ ထွက် နေသေးသော ဆန်ပြုတ်ရည်ပန်းကန်ကို ဇွန်းထည့်၍ မွှေလိုက် သောအခါ ထူးထူး ထွေထွေ မပါဘဲ ထမင်းရည် ကျဲကျဲထဲမှ ထမင်းစေ့ ၄-၅စေ့ ခန့်သာ ပေါ်လာပါ သည်။
မိုနိုစာစီမ သည် ကရင်မလေးနှင့်အတူ စာပွဲနားမှာ ရပ်ကြည့်နေပါသည်။

ထမင်းချက်တဲ့ မိန်းမ ပြုတ်လျှင် စိတ်ကြိုက် မဖြစ်မှာစိုး၍ ဒေါ်ဒေါ်လေးအတွက် ကျမကိုယ်တိုင် စောင့်ပြီး ပြုတ်ယူ လာခဲ့ပါ သည်ဟု ဆိုသည်။ ကျမသည် ဇွန်းနှင့် ခပ်၍ ခပ်၍ သောက်နေသည်။ လေပွခြင်း၊ လေနာခြင်း၊ လေပူထခြင်းများကို ရုတ်တရက်အားဖြင့် ထမင်းရည်၊ ဆန်ပြုတ်ရည် ကြည်ကြည် ပူပူ သောက်ချ လိုက်လျှင် လေနှိမ်သည်ဟူသော အယူအဆအရ သောက်ရခြင်းဖြစ်ရာ၊ ယခုသောက်ရသော ဆန်ပြုတ်ရည်ကြည် ၏ အရသာမှာ ဘဲသားဆန်ပြုတ်လို အလွန်အမင်း ချိုလှသည်ကို လျှာပေါ်မှာ လာ၍ အရသာ တင်နေပါသည်။

ငါ သောက်ချင်တာက ရိုးရိုး ဆန်ပြုတ်ရည်ကြည်၊ ထမင်းရည်ကြည် ဖြစ်သည်။ ယခု ဘာသားတွေ ထည့်ပြုတ် ထားလို့ ချိုနေရတာလဲ ဟု မေးသောအခါ စလေသူမ မျက်နှာတချက် ပျက်သွားပြီး၊ ကြက်ပြုတ်ရည် နှင့် အချိုမှုံနဲနဲ ထည့်လိုက်ပါသည်။ အရသာရှိအောင် လို့ ထည့်လိုက်ရခြင်း ဖြစ်ပါ သည် ဟု ဆိုသည်။ ကျမလဲ အထွေအထူး မပြောတော့ဘဲ ပန်းကန်လုံးကလေးထဲရှိသမျှ ဆန်ပြုတ် ရေကြည်များကို သောက်ချ လိုက်မိပါသည်။

ထိုနောက် ထမင်းစားပွဲမှ ထလာခဲ့ပြီး၊ အစာအိမ်မှ လေကျေအောင် နဲနဲစင်းကြန်လျှောက် ပေးနေရပါသည်။ သို့သော် အစာအိမ်မှ လေငြိမ် ကျ မသွားဘဲ ရင်ခေါင်ထဲ ၌ အစိုင်အခဲကြီး လို ခုံးကြွကြွ ဖြစ်လာသဖြင့် စောစော က ချထားသော ရေနွေး အိတ်ကို ကောက်၍ ကပ်ထားရပြန်သည်။ ခဏ ကြာပြန်သော အခါ လင်မောင်းရင်း မှ လက်ဖ၀ါး အလည်ထိ တောင့်တင်း ကိုက်ခဲ လာသည်။ ခြေသလုံး နှင့် ခြေဖ၀ါး အလယ် ကလည်း  ကိုက်ခဲ လာပြန် ပါသည်။

ဆန်ပြုတ် ရေကြည်နှင့် မတဲ့၍ များလားဟု စဉ်းစားမိပါသည်။ ဆန်ပြုတ် ရေကြည် ကို ဘယ်တုန်းကမှ မသောက် ဘူးဘဲ၊ ယနေ့မှ ထူးထူး ခြားခြား သွားသောက်မိသဖြင့် မတဲ့ သောကြောင့် ဖြစ်လာရသည်ဟုသာ ထင်မိ ပါသည်။ ပိုကာဝိုင်းမှ မိန်းမများလည်း တယောက်တလဲ ထလာပြီး ထမင်းစားခန်း ထည်းသို့ ထမင်း ၀င်စား ကြသည်ကို တွေ့ရသည်။ ညနေ ၆နာရီကျော်၍ မီးများ ထွန်းပြီး ဖြစ်သောကြောင့် ကျမသည်လည်း ရေနွေးအိတ် ကို ကိုင်ပြီး ပုတီးစိပ်ရန် အိမ်ပေါ် တက်ခဲ့ ပါသည်။ ပုတီးစိပ်၍ ပြီးလှူဆဲ တွင် အောက်ထပ်မှ ကားများ ၀င်လာသံ၊ ကားတံခါးပိတ်သံများ ကြားရသဖြင့် ပဲခူးပြန် လူတစုဟု သိရှိနားလည်မိသည်။

ရေတိမ်တွင် နစ်တော့မည့်ဆဲဆဲ

ပုတီးပါတ် ပြည့်သွားသော်လည်း အခန်းထည်းမှာ လမ်းလျှောက်မြဲ လျှောက်နေ ရပါသေးသည်။ ထိုင်လိုက် လျှင် ပိုပြီး ဗိုက်အောင့်သည်။ တကိုယ်လုံးလည်း လမ်းလျှောက်နေဆဲမှာဘဲ ခြေကုန် လက်ပန်း မသယ်ချင် မပိုးချင် သလိုကြီး ဖြစ်လာသည်။

ထိုခဏ မှာဘဲ ကျမတူမ၀မ်းကွဲ သံချောင်းခေါ် ထွန်းကြွယ်မယား သည် အခန်းထဲ ၀င်လာသည်။ ဒေါ်ခေါ်ခင် အား ပြည်မြို့က ဧည့်သည် က ဖိုးဦးတောင်ဘုရားကိစ္စ နှင့် တွေ့ချင်သည်ဆို၍ လာပြော ပါသည် ဟု ဆိုသည်။ ယခု နေမကောင်း၍ မနက်ဖြန်မှ တွေ့နိုင်မည်ဖြစ်ကြောင်း ပြောလိုက်သဖြင့် ပြန်ထွက် သွားပါသည်။ နောက်တချီသူဘဲ ပြန်တက်လာချေသေးသည်။ ဦးပဉ္ဇင်းကြီးက ဆိုနီရေဒီယို အယူ ခိုင်းလိုက် လို့ ပါ ဟု ပြောပြန်သည်။

အကြီး အကျယ် တရားကျသွားပြီး၊ ထေရ်ကြီးဝါကြီး ကဲ့သို့ တရားအားထုတ် နေသည်ဟု သခင် ကျော်ရင်က ၀ါဒ ဖြန့်ထား ရာမှ ရေဒီယို အယူခိုင်းလိုက်သည် ဆိုသော စကားနှင့် ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေသဖြင့် အတော် အံ့အားသင့် သွားမိသည်။ တရားကျနေတဲ့ ဘုန်းကြီးက ရေဒီယို ဖွင့်ပြီး သီချင်းနားထောင်ဘို့မလို။ နေမကောင်း ရာမှ နောက်ထပ်လာပြီး ငါ့ကို နှောင့်ယှက် မနေနှင့် ပြန်ထွက်သွားတော့ဟု ဆိုလွှတ်လိုက် မှ ပြန်ထွက် သွားသည်။

၇နာရီလောက်တွင် တကိုယ်လုံး ထုံကျင် လေးလံ လာသောကြောင့် အိပ်ယာထဲ ၀င်လှဲနေရသည်။ လှဲနေရာ မှပင် လက်ဖ၀ါးတွေ အောက်လျှက်လက်ချောင်းတွေလဲ ကွေးလာပြီး မခံမရပ်နိုင်အောင် ဝေဒနာ ပြင်းထန် လာသည်။ ဖြစ်ပုံက ထူးဆန်းလှသောကြောင့် ကရင်နာ့စ်မကလေး အား အောက်ထပ်မှ ဒရိုင်ဘာ မပြန်သေး လျှင် ဆရာဝန် အမြန်သွာခေါ်ပေးရန် အပြောခိုင်း လိုက်ပါသည်။

ဤတွင်မှ အိမ်ဖေါ်မကလေးများနှင့် အောက်ထပ် ပိုကာဝိုင်း မှ မိန်းမ အချို့တက်လာပြီး ကျမ ကုတင် ဘေးဝင်ထိုင်လျက် ကွေးနေသော လက်ချောင်းများ ဖြန့်၍ လက်ဖ၀ါးကို နှိပ်သူကနှိပ်၊ ခြေဖ၀ါး ထိုးသူက ထိုးနှင့် တက်သရွေ့၊ မှတ်သရွေ့ ၀ိုင်းအုံပြုစုနေကြသည်။ ကြမ်းပြင်ပေါ်မှာလည်း မိန်းမ ၄-၅ဦးခန့် ထိုင်ကြည့် နေသည်ကို ၀ိုးဝါးမြင်ရပါသည်။ ဤသို့ နှိပ်ကြ နယ်ကြသည့် အထဲ ကပင် အောက်ခြေသလုံးမှ ဒူးဆစ် အထိ လှုပ်၍မရတော့ဘဲ အေးစက်ပြီး ကျောက်ခဲကဲ့သို့  မာနေသည် ထင်ရသည်။

ရင်ဝသို့ လေ အလုံးကြီး ပင့်တက်လာ၍ တယောက်တလက်နှင့် တအားဖိထားရသည်။ လျှာကလည်း ဘာမှ မပြောနိုင်ဘဲ လေးလံခြောက်ကပ် သွားသည်။ မျက်စိများပြာ၍ အနားက လူတွေကို သဲကွဲစွာ မမြင် ရတော့ဘဲ တချီထဲ သတိလစ် သွားပါတော့သည်။ နောက်တခါ သတိလစ် သလို ဖြစ်လာသောအခါ ကျမ အနား တွင် ဆရာဝန်ဒေါက်တာလွင် ရောက်၍ ဆေးထိုးပြီး ကျမကို စောင့်ကြည့်နေသည်ဟု နားထဲမှာ ကြားရသည်။ လှုပ်၍ မရသော ကိုယ်အောက်ပိုင်းမှာ ရေနွေး အိတ်တွေ ဖုံးဖိထားသော်လည်း နွေးသည်ဟု မထင်ရဘဲ ရေခဲလို အေးနေပါသည်။ စောစောက လှုပ်မရသော လက်များ လှုပ်၍ ရလာသည်။ လျှာတွေ ခြောက်နေသောကြောင့် လှုပ်ပြမှ သကြားရေ (ကလူးကို့) ဇွန်းငယ်နှင့် လျှာပေါ်သို့ လောင်းထည့် ပေးကြသည်။

ဒေါက်တာလွင်သည် လွန်ခဲ့သော ရက်တပတ်ခန့်ကပင် ကျမကို လာရောက် စမ်းသပ် စစ်ဆေး ကြည့်ရှု သေးသည်။ အမကြီး နေကောင်းပါတယ်။ သွေးသားလဲ သိပ်မတိုးပါ။ ရိုက်သတ်လို့တောင် မသေနိုင်ပါဘူးဟု ရယ်စရာ ပြောသေးသည်ဟု သိရပါသည်။ ယခု ရုတ်တရက်ချက်ချင်း အခြေ အနေဆိုးလာသည်ကို သူ မတွေးတတ်အောင် ရှိ၍ အစားအနေမှား၍ သာဟု ဆရာဝန်ပီပီ၊ ထင်ပါ လိမ့်မည်။ ဆရာဝန်သည် ကျမ သတိရ လာပြီး မျက်လုံးဖွင့်ကြည့်နိုင် လှုပ်ရှားလာနိုင်တော့ စိတ်ချ  သွားပုံရ၏။ အနားက ညီမ၀မ်းကွဲက ၁၅မိနစ် လောက်သာ ဆေးထိုးနောက်ကျ ခဲ့လျှင် ဒုက္ခဘဲ ဟု အနားက မိန်းမအား တီးတိုးစကား ပြောကြား လိုက်သည် ကိုလဲ နားထဲသဲ့သဲ့ ၀င်လာသည်။

သို့ရာတွင် ကျမကိုယ်တိုင်ကတော့ သိပ်မထင်ပါ။ အချိန်မှီဆေးထိုး၍ သတိရလာသော်လည်း တခါ တခါ ပြန်လစ်သွားသည်။ နောက်ချက်ချင်း ပြန်သတိရသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ စက်ပျက်ကြီးလို ပုံကျနေသည်ဟု နားလည်နေပါသည်။ ဒီတချီတော့ သေတော့မည်ဟု ဆုံးဖြတ် မိပါသည်။ သေရမည်ကို မကြောက်ပါ။ ယခင်ကပင် မကြာမကြာ ဝေဒနာခံရလွန်း၍ သေရင်လဲ သေပါစေတော့။ တမလွန် အတွက် ကိုယ်တို့ ပါသင့်သရွေ့ပါအောင် ယူပြီးသားဖြစ်သဖြင့် သေသင့် ပြီ၊ သေရမည်ကို မကြောက်တော့ပါ။

သို့ကြောင့် ယခုသေရမည့်အချိန်တော့ ဆိုက်ရောက်လာပြီဟု ပိုင်းဖြတ်လိုက်ပါသည်။ ဤသို့ ပိုင်းဖြတ် လိုက်မိသည်နှင့် တပြိုင်တည်း ယခုလောလောဆယ် လှူရေးတန်ရေးကိစ္စ မပြီးပြတ်သမျှကို သတိရပြီး စိတ်ချ ရမည့် သူကို မှာကြားပေးအပ်ခဲ့သလိုဖြင့် ဆရာဝန်ဒေါက်တာလွင်အား ခေတ္တတားထားပါသည်။ ကျမ မှာ ဆွေမျိုးသားချင်း အရင်း မရှိသော ကြောင့် အသောက်အစားကင်း၍ ဖြောင့်မတ်တည်ကြည်သူ မောင်နှမ ၀မ်းကွဲတော်စပ်သည့် ဂွတ်တလစ်လမ်းနေ ဦးကိုကြီးအား သွားခေါ်စေပါသည်။ ၎င်းမှာ နန်းရင်း ၀န်ဟောင်း ဦးပု၏ သမက် ဖြစ်၍ မြေကျေးရှင်းဋ္ဌာနမှ ညွှန်ကြားရေးဝန်အဖြစ် အစိုးရအမှုထမ်းသူ ဖြစ်သည်။

လှူဒါန်ရေးကိစ္စကို လွှဲအပ်စီစဉ်ခဲ့ခြင်း ဆက်ရန်
.

No comments: