အခန်း- ၁၆
တနေ့သ၌ ၀မ်လန်းသည် အိပ်ရာထဲ၌ အိုလင်နှင့်အတူ အိပ်လျက်ရှိစဉ် ၎င်း၏လက်သည် အိုလင်၏ ရင်ဘတ် ပေါ်မှ လက်သီးဆုပ်ခန့်ရှိသော မာကျောသည့် အရာဝတ္ထု တခုကိုသွား၍ ထိမိလေ၏။ "ဒါ ဘယ့်နှယ် ဟာကြီးလဲ"ဟု မေးမေးပြောပြော ထိမိသောအရာကို ကိုင်စမ်း၍ ကြည့်လိုက်မိသည်တွင်၊ မာကျစ် ၍ နေသည့် အဝတ်ထုပ် တခုဖြစ်ကြောင်းတွေ့ရလေ၏။ ပဋ္ဌမ၌ အိုလင်သည်ရုန်းဖယ် ကန် ကြောက် ၍ နေလေ၏။ ၀မ်လန်းကအထုပ်ကို ဆွဲဖြတ်လိုက်တော့မည် ပြုမှ "ကဲ-ကဲ ဒါလောက်တောင် ဖြစ်နေမှ ကြည့်-ကြည့်-ရော့" ဟု ဆိုပြီး လယ်ပင်း၌ဆွဲထားသည့် အထုပ်ကို ကြိုးဖြတ်၍ လှမ်းပေး လိုက်လေ၏။
ဝမ်လန်းသည် ရစ်ပတ်ထားသော အ၀တ်စကို စုတ်ဖြဲလိုက်သောအခါ၊ လက်ထဲသို့ ၀င်းလက်သော ကျောက်မျက် ရတနာတွေ ထွက်ကျလာလေ၏။ ဤမျှများပြားသော ရတနာမျိုးစုံကို အိပ်မက် ပင် မမက် ဘူးခဲ့ချေ၊ အချို့မှာ ဖရဲသီး အတွင်းသား ပမာ နီနီကလေးတွေ ဖြစ်လျက်၊ အချို့မှာ ရွှေဝါရောင် တောက်ပ နေပြီး လျှင်၊ အချို့မှာ မိုဃ်းဦးကျ ရွက်နု ကလေးများ လို စိမ်း၍ အချို့မှာ စမ်းရေ လို ကြည်လင် တောက်ပ ၍ နေလေ၏။
တသက် နှင့် တကိုယ် ဤမျှအဖိုးထိုက်သော ရတနာများကို မြင်လည်းမမြင်ဘူး၊ အမျိုးအစား အကောင်း အဆိုး လည်း ခွဲခြား၍ သိနားမလယ်၊ သို့သော်- ပြိုးပြိုး ပြက်ပြက် တခဲနက်ဝင်းလျှံနေသော ပစ္စည်းများကို လက်ထဲ တွင် ဆုပ်ကိုင်ထားမိရင်း၊ မိမိမှာ ထိုရတနာများဖြင့်ပင် အတော်ချမ်းသာနေပြီ ဖြစ်ကြောင်း တွေးတော မိလေ၏။ ရုတ်တရက် စကားမပြောနိုင် စိန်ရောင်ကျောက်ရောင် ပတ္တမြားရောင်များဖြင့် မူးမော် အန်တွေ ကြက်သေ သေလျက် နေကြလေ၏။

အတန်ငယ်ကြာမှ "ဘယ်ကရ တာလဲ…… …ဘယ်က ရတာလဲ"ဟု လေသံဖြင့် အသက်မရှုနိုင်ပဲ မေးလိုက်သည်တွင် အိုလင်ကလည်း လေသံကလေးဖြင့် "ဟို- သူဋ္ဌေးအိမ် ကပေါ့၊ သူဋ္ဌေးအချစ်တော် တယောက်ယောက်ရဲ့ဟာတွေ လို့ အောက်မေ့တာပဲ အုဋ္ဌ်နံရံကြီးမှာ အုဌ်တချပ် ချောင်နေတာ တွေ့ရလို့အသာ ဒီပြင်လူတွေ မမြင်အောင် သွားပီးဆွဲ နုတ်ကြည့်လိုက်တော့ ဒါတွေ တွေ့ရတာပဲ" "နို့… ဒီနေရာထားမှန် မင်းဘယ်နှယ် လုပ်သိသလဲ"။
ထိုအခါ အိုလင်က ပြုံး၍။
"ဘယ့်နှယ်တော် ကျုပ်သူဋ္ဌေးအိမ်မှာများ မနေခဲ့ဘူး- ဘူးလို့ အောက်မေ့လို့လား၊ သူဋ္ဌေးဆိုတာ ဟာ နေ့ရှိ သမျှ တထိတ်ထိတ်နဲ့ နေကြရတာတော့ ကျုပ် ဟိုအိမ်ကြီးမှာ နေခဲ့တုံးက။ တနှစ်ပေါ့ ဓါးမြတွေ ၀င်တိုက် တာ၊ သူဋ္ဌေးအပျော်မယား တွေရော ကျွန်မ တွေရော သခင်မကြီး ရော ဟာ- ခြေဦးတည့်ရာ လျှောက်ပြေး ကြတာပဲ၊ သူတို့ အဖိုးတန်ပစ္စည်းတွေ ကိုယ်စီကိုယ်စီ တိတ်တိတ် ၀ှက်ထားတဲ့ နေရာတွေ ရှိတယ်၊ ဒီတော့ အုဌ်တချပ်ချောင်နေတဲ့ အဓိပ္ပါယ် ကျုပ်နားလယ်တာပေါ့"
ထိုနောက် ငြိမ်သက် သွားကြလေ၏။ အတန်ကြာသောအခါ ၀မ်လန်းက အသက်ပြင်းပြင်း ကြီးရှုလိုက် ပြီး။
"ဒီလို အဖိုးတန် ရတနာတွေဆိုတာ၊ ကြာကြာသိမ်းထားလို့ ကောင်းတာမဟုတ်ဘူး၊ အင်မတန် ဘေးရန်များ တဲ့ ဟာတွေ ထုခွဲရောင်းချပစ်ပီး မပျောက်မပျက်တဲ့ ပစ္စည်းတခုခု လုပ်ပစ်မှာ မပျောက် မပျက်တဲ့ ပစ္စည်းဆိုလဲ လယ်ပဲ ရှိတာပဲ၊ နို့မို့- ဒါတွေ ဒို့လက်ထဲရှိမှန်း လူသိရင် ဓါးမြ၀င် တိုက်လို့ မကြာခင် အသတ်ခံ ရလိမ့်မယ်………. မြန်မြန် လယ်ဝယ်ပစ် မှ အိုလင် …… နို့မို့ရင် ငါအိပ်ပျော် တော့မှာ မဟုတ် တော့ဘူး"ဟု ပြောဆိုကာ၊ ကျောက်မျက်ရတနာများကို အ၀တ်နှင့်ပြန် ထုတ်လျက်၊ ရင်ဘတ်ကြား ထဲ ထည့်ထား မည်ဟု အင်္ကျီကျယ်သီးများကို အဖြုတ်လိုက်။ ဇနီးသယ်၏ မျက်နှာကို အမှတ်တမဲ့ သွား၍ မြင်မိ လေ၏။ အိုလင်မှာကုတင်ပေါ်၌ ခြေ၂ချောင်းချိတ်၍ ထိုင်နေ လေရာ၊ ၎င်းး၏နှုတ်ခမ်းများမှာ တခုခု ပြောချင် သလိုလို တလှုပ်လှုပ် တရွရွ ဖြစ်နေလေ၏ အံ့သြလျက် "ဘာလဲကွ- ဘာပြောချင်လို့လဲ" ထိုအခါ အိုလင် က လေသံဖြင့်။
"ဒါတွေ အားလုံး ရောင်းပစ်လိုက်တော့ မလို့လားဟင်-"
"အားလုံး ရောင်းမပစ်လို့၊ ဘာလုပ်ရအုံးမှာလဲ- အိမ်စုတ်နဲ့နေပီး ဒါတွေ လက်ထဲ ထားလို့ တော်ပါ့ မလားကွ" ဟု အံ့အားကြီးသင့်လျက် ပြန်ပြောလိုက်လျှင်။
"သြော် ကျုပ်က ၂ခုလောက်ကျုပ်အတွက် ယူထားလိုက်ချင်လို့-"ဟု ပြောကာ အိုလင်မှာ ခဲလေသမျှ၊ သဲရေကျ ဖြစ်သွား သကဲ့သို့ ငေးမှိုင်၍သွားလေ၏။ ၀မ်လန်းမှာ ကစားစရာတခုခုကိုလို ချင်တောင့်တ နေသော သားငယ်အား မြင်ရသည့် အခါဂရုဏာ သက်မိသကဲ့သို့ အိုလင်အား သနား ၍သွားလေ၏။
"ဘာပြောတယ်"
"ကျုပ်ဖို့ ၂ခုလောက်ပေးနိုင်ရင်" ဟု ကြောက်ကြောက် ရွံ့ရွံ့နှင့် ပြောကာ၊ "သေးသေးကလေး ၂ခုထဲပါ၊ ပုလဲ ကလေး ၂လုံး ဆိုတော်ပါပီ"
"ပုလဲ………" "ဟုတ်တယ် ---ကျုပ်ထုတ်မ၀တ်ပါဘူး သိမ်းရုံသိမ်းထားမှာပါ"
အိုလင် သည် မျက်လွာကလေးကိုချလျက်၊ အိပ်ရာခင်းမှာ အပ်ချည်မျှင်ကလေးတမျှင်ကို ဆွဲလိမ်ရင်း အဖြေ ကို စောင့်၍ နေလေ၏။
ဝမ်လန်းမှာ ရုတ်တရက်နားမလယ်နိုင်ပဲ ဇနီးသယ်ကိုကြည့်၍ နေလေ၏။ အိုလင်ကား၊ သူနှင့်အတူ ဒိုးတူ ဘောင်ဘက် ဘာပစ္စည်း၊ ဘာဆုလာဘ်မှ မမျှော်ကိုး၊ မရိရှိပဲသစ္စာ ရှိရှိနှင့်လုပ်ကိုင် ဆင်းရဲခဲ့ရ ၏။ သူဋ္ဌေး အိမ် တွင် နေရစဉ်တုံး ကလည်း၊ စိန်တွေ ရွှေတွေကို မြင်ရလျက်နှင့် သူ့ခမြာလက်ဖျား နှင့် မှ ထိခဲ့ရမည် မဟုတ် ဟု စဉ်းစားနေမိလေ၏။ သို့စဉ်စားနေစဉ်။
"တခါတခါ တော့လဲ၊ ကျုပ်ဒါလေး တွေ လက်ထဲမှာ ထည့်ပီး ကိုင်ထား နိုင်တာပေါ့………" ဟု အိုလင်က ထပ်၍ ပြောလိုက်သည့် အခါ များစွာ သနားသွားလျက်၊ အထုပ်ကိုလှမ်း၍ ပေးလိုက်မိလေ၏။ ထိုအခါ အိုလင်သည် ဖြူဖွေးသော ပုလဲကလေး ၂လုံးကိုရွေး၍ယူပြီး၊ အ၀တ်ကလေးနှင့် ထုပ်၍၊ သူ့လယ်ပင်း အင်္ကျီ အောက် တွင် ဆွဲထားလိုက်လေ၏။
ဝမ်လန်းသည်ထိုနေ့မှစ၍ ဇနီးသယ်ကို အကဲခတ်၍ ကြည့်မိရာ အိုလင်မှာသူ့ပုလဲကလေးများကို၊ တခါမှ ထုတ်ကြည့် သည် မတွေ့ရ၊ သူလယ်ပင်း တွင် ဆွဲမြဲဆွဲထားသည်ကို သာတွေ့ရလေ၏။
ထိုနောက် ၀မ်လန်းသည် သူ့စိတ်ကူးအတိုင်းကျန် ကျောက်မျက်ရတနာများဖြင့် လယ်ထပ်ဝယ်ရန် ရည်ရွယ် လျက်၊ ယွမ့်အိမ်ကြီးသို့ နောက်ထပ် ရောင်းရန် လယ်များရှိလို ရှိ ငြား စုံးစမ်းရင်း ထွက်ခဲ့လေ၏။

အခြေ အနေ မည်မျှ ပြောင်းလဲခဲ့ပြီမသိ၊ ရောက်သွားသည့်အခါ ၀င်းဝ တွင် တံခါး စောင့်ပင် မရှိတော့ ၀င်းတံခါးကြီး များမှာ သော့ခတ်လျက် ပိတ်ထားသည်ကို တွေ့ရလေ၏။ ၀မ်လန်းသည် ထိုတံခါးကြီး များကို လက်သီး ဖြင့် အခါခါ ထုသည့်တိုင် မည်သူမျှ ထွက်လာသည်ကို မတွေ့ရ တိတ်ဆိတ်၍သာ နေလေ၏။
သို့သော် ၀မ်လန်းသည်၊ စိတ်မပျက်ဘဲ ဆက်လက်၍ သာထုလေရာ၊ မကြာမီ ဖြေးညှင်းစွာ လျှောက်လာ နေသော ခြေသံများကို ကြားရလေ၏။ ခြေသံမှာ သွက်လက်ပုံမရ ရပ်ဆိုင်း ရပ်ဆိုင်း ဖြစ်နေလျက် ခဏကြာ သောအခါ တံခါးမင်းတုံးကို ဖြည်းညှင်းစွာ ဖြုတ်နေသံကြားရပြီ၊ တံခါးကြီးမှာ ကျွိ-ခနဲဟလာကာ "ဘယ်သူလဲ" ဟု ခတ်တိုးတိုး မေးသံတခုထွက်ပေါ်လာလေ၏။
"ကျွန်တော်လေ- ၀မ်လန်းပါ"ဟု ၀မ်လန်းက ခတ်ကျယ်ကျယ် ပြန်၍ဖြေလိုက်သည်တွင်၊ ညည်း ညည်း ညူညူ နှင့် " တယ်- ငါကော် တုပ်လိုက်ရမကောင်းဘူး……... ဘယ်က၀မ်လန်းလဲ"
ပြောပုံဆိုပုံ ကို ထောက်လျက်၊ သူဋ္ဌေးကိုယ်တိုက် ဖြစ်ကြောင်းသိရလျှင်၊ ၀မ်လန်း က စောစောက ထက်ပို၍ ရိုရို သေသေ……
"သူဋ္ဌေးမင်းခင်ဗျာ- ကိစ္စကလေးတခုရှိလို့လာခဲ့ပါတယ်၊ သူဋ္ဌေးမင်း ကို နှောင့်ယှက် ရအောင်လာ တာ မဟုတ်ပါဘူး၊ သူဋ္ဌေးမင်းရဲ့ ကိုယ်စားလှယ်တော်နဲ့ အလုပ်ကိစ္စကလေးတစ်ခု စကားပြောရအောင် လာခဲ့ တာပါ" ဟု ပြောလိုက်၏။
"ဒီမအေသေရာလား…….. ခွေးမသား ငါ့ဆီကထွက်သွားတာ ကြာလှပီ- အခုဒီမှာမရှိဘူး"ဟု တံခါးကို မဖွင့်ပဲ ပြန်ပြောလေ၏။
ဝမ်လန်းမှာ မည်သို့ပြန်ပြောရမည် မသိအောင် ခေါင်းရှုပ်သွားလေ၏၊ လယ်ဝယ်ရန်ကိစ္စမှာ သူဋ္ဌေးနှင့် တိုက်ရိုက် စကားပြောခြင်းမှာ မသင့်၊ သို့သော် အဖိုးတန်ရတနာတွေ ကို ရင်ဘတ်ကြား ထဲ၌ ထည့်ထား ရသည်မှာ မီးကဲ့သို့ ပူလှဘိ၏။ မြန်မြန် ထုခွဲပစ် လိုက် ချင်လှ၏။ ထို့ထက် လယ်များ ကို ထပ်ဝယ်ချင် စိတ်က ပို၍ ပြင်းထန်နေပြန်လေသည်။ သို့ဖြစ်လေရာ- စိတ်တင်းလျက်။

"ကျွန်တော် ငွေရေးကြေးရေး ကိစ္စကလေး အတွက် လာပါတယ်ခင်ဗျာ"ဟု ရွံ့ကြောက်ရွံ့ကြောက် နှင့်ပြောလိုက်မိလျှင်ပင်၊ သူဋ္ဌေးကြီးသည် ဟ-နေသော တံခါးကို-၀ုန်းကနဲ ဆွဲပိတ်လိုက်ပြီးနောက်။
"အိမ်မှာ ပိုက်ဆံတပြားမှ မရှိဘူး၊ သူ့အမေသေရာ သူခိုးဓါးမြတွေ တိုက်သွားလို့ ဘာမှမကျန် တော့ဘူး၊ ဘာကြွေး မှ မမေးနိုင်ဘူးဟေ့"ဟု အော်ဟစ် ပြောဆိုလေ၏။
"မဟုတ်ပါဘူး- မဟုတ်ပါဘူး- ကျွန်တော်လာတာ ကျွေးတောင်ရအောင် မဟုတ်ပါဘူး၊ ပေးရအောင် လာတာပါ" ဟု ၀မ်လန်းက ပြာပြာသလဲ ပြောလိုက်သည့်အခါ၊ အဘိုးကြီးနောက်မှ စူးသျှသော အော်သံတခု ထွက်ပေါ် လာလျက်၊ တံခါးကြားမှ မိန်းမပျို တယောက်၏ မျက်နှာပြူထွက်၍ လာလေ၏။
"ဒါမျိုး မကြားရတာများ- ကြာလှပါပကော။"
မိမိအား ကြည့်နေသော အလွန်လှပသည့် မျက်နှာကလေးတခုကို ၀မ်လန်းတွေ့မြင်ရလေ၏ မိန်းမပျိုက "အထဲဝင်ခဲ့ပါ" ဟု ခေါ်ငင်ပြီးလျှင်၊ တံခါးကိုဖွင့်ပေးလေရာ၊ ၀မ်လန်းသည် အထဲသို့လှမ်း ၀င်၍ အံအားကြီး သင့်နေစဉ် မိန်းမပျိုသည် ၀င်းတံခါးကို ပိတ်လိုက်လေ၏။
ဝမ်လန်း၏အနီး၌၊ သူဋ္ဌေးကြီးမှာ ဟောင်းနွမ်းညစ်ထေးနေပြီ ဖြစ်သောဖဲအင်္ကျီကြီးကို ၀တ်လျက်၊ ချောင်း တဟုဟု ဆိုးရင်း ရပ်နေလေ၏။ ရှေးက ၀၀ဖိုင့်ဖိုင့်နှင့် ခန်းငြားကြက်သရေရှိသော သူဋ္ဌေးကြီး မှာ- ယခု ကဲ့သို့ပိန်ချုံး စုတ်ပြတ်၊ ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီကို တွေ့ရသောအခါ၊ ၀မ်လန်းမှာမယုံ ကြည် နိုင်အောင် ဖြစ်နေလေ၏။
မိန်းမပျိုမှုကား- သပ်သပ်ရပ်ရပ် ရှိပါပေ၏ ရုပ်ဆင်းလည်း ပြေပြစ်ချောမောလှပါဘိ၏ သို့သော်- စကား ပြောပုံ ဆိုပုံ ကို ထောက်လိုက်လျှင်၊ သူဋ္ဌေး၏ ဆွေမျိုးသားချင်းထဲမှ မဟုတ်တန်ရာပေ၊ ကျွန်မ တယောက် သာ ဖြစ်လေတန်၏။ အနီး ပတ်ဝန်းကျင်သို့ ကြည့်လိုက်မိသည်တွင်၊ ၀မ်လန်းမှာ မည်သူ တဦးတယောက် မျှ မတွေ့ရ။ ရှေးက စည်စည်ကားကား နှင့် ခလေး တွေ ကစားခုန်ပေါက် မြူးတူးပျော်ပါးနေခဲ့သော အိမ်ကြီးများ မှာ သုဿန်တစပြင်ကြီး ပမာချောက်ကပ် တိတ်ဆိတ်နေလေ ပြီကိုတွေ့ရလေ၏။
ဆက်ရန်

.
No comments:
Post a Comment