လှူဒါန်ရေးကိစ္စကို လွှဲအပ်စီစဉ်ခဲ့ခြင်း
ကျမ၏ မသယ်နိုင်သော လျှာကို အတင်းသယ်၍ ဆရာဝန်ကို မပြန်ပါနှင့်ဟု တားထားပြီး ဦးကိုကြီး ကို သွားခေါ် စေခြင်း ဖြစ်ပါသည်။ မောင်တ၀မ်းကွဲဖြစ်သူ ပညာရေးဋ္ဌာနဒုအတွင်းဝန် ဦးပုမှာ ထိုအချိန်က မန္တလေး ကောလိပ်ကိစ္စနှင့် သွားနေရ၍ ခရီးလွန်းနေပသါည်။ ဤသို့ ကြိုးကြိုးစားစား စကားတချီ ပြောလိုက်ပြီး တခါသတိလစ် သွားပါသည်။
နောက်တခါ သတိရလာသောအခါ ကျမဘေးတွင် ထိုင်နေသော သွားခေါ် ခိုင်းထားသူ ဦးကိုကြီး ကို ရေးရေးမြင်ရပါသည်။ သူဘယ်အချိန်က ရောက်နေသည်ပင် မခန့်မှန်းနိုင်ပါ။ ဒေါက်တာလွင်လဲ ကျမ လက်ျာဘက် မှ ကုလားထိုင်နှင့် စောင့်ဆိုင်းနေသည်ကို တွေ့မြင်နေရပါသည်။ အခန်းထဲ ကုတင်ဘေးမှာ ၀ိုင်းထိုင် နေကြသော အိမ်သူ၊ အိမ်သား မိန်းမတွေလဲ ဆယ့်လေးငါးယောက်ခန့် တွေ့မြင်ရပါသည်။ မည်သူ တွေဟူ၍ ခွဲခွဲခြားခြား မမြင်ရပါ။ ဦးကိုကြီးက မမခင် သတိရပလားဟု မေးသည်။ ကျမမျက်လုံးတွေ ဝေနေ သောကြောင့် ကောင်းစွာကြည့်၍မမြင်၊ ကုတင်ဘေးတွင် လက်ထောက်ထိုင်နေသော သူ့လက်ကိုသာ စမ်း၍ ကိုင်ထား ရပြီး၊ လေးနေသောလျှာကို အားယူ ကြိုးစားလျက်ပြောလိုသော စကားကို ပြောဆိုမှာ ထားရ ပါသည်။
မမခင် မှာ အရင်းအခြာ စိတ်ချရမဲ့လူ မရှိပါဘူး။ ငါ့မောင် သမာဓိကို ယုံလို့မှာခဲ့ အပ်ခဲ့ပါရစေ၊ သစ္စာရှိ ပါ။ တာဝန် ယူပါ။ ဒေါက်တာကိုလဲ အသိသက်သေ အဖြစ်နေရန် တားထားပါသည်။ ငါ့မောင် ဆောင်ရွက်ဘို့ ကိစ္စ ကတော့ ရှေ့နေနှင့် တိုင်ပင်ပြီး၊ လှူဒါန်းဘို့ ရည်မှန်းထားသော ပစ္စည်းများ ဆက်လက် လှူဒါန်း ဖြစ်အောင် လှူဒါန်းပေးဘို့ ဖြစ်ပါသည်။ လုံခြုံရေးဘဏ်မှာ ထားသော လက်ဝတ် လက်စား စိန်ထည် များကို လည်း ရွှေတိဂုံဘုရားစိန်ဖူးတော်မှာ လှူရန် ရေစက်ချ ပြီးသားဖြစ်၍ ၎င်း ပစ္စည်းထားသော သော့နှင့် စာချုပ်စာတမ်း များထားသော မီးအာမခံသော့ကို သူ့လက်သို့ အပ်ပါ သည်။
မမခင် ပြန်နေကောင်းမှာပါ။ ဒါတွေကို အပ်နေစရာ မလိုပါဟု အားပေးစကားပြောနေပြန်သည်။ ကံကောင်း သေးလို့ ပြန်နေကောင်းတော့လဲ ပြန်ပေးဒါပေါ့။ ခုတော့ သိမ်းထားပေးပါ။ မမခင် ရောဂါ အခြေအနေက စိတ်မချ ရသေးတော့ သိမ်းထားပေးဒါ မမှားပါဘူး ဆိုတော့မှ သူကသော့ကို လက်ခံ ယူထားပါသည်။
ဦးကိုကြီးနှင့် ဒေါက်တာလွင်တို့သည် အတွင်းရေး ဘာမှမသိသေးသောကြောင့် သော့များအပ်၍ မှာထား ခံရ သည်ကို နားမလည်သလို ဖြစ်နေကြသည်။
ဒေါက်တာလွင် မှာ ကျမကို ကုသနေသော ဆရာဝန် ဖြစ်သည်။ ယခင်ကတော့ ဗမာ့ခေတ် တတိုက်လုံး၏ (ဖယ်မလီ) အိမ်သုံး ဒေါက်တာမှာ ၀ဏ္ဏကျော်ထင်ကြီး ဒေါက်တာဦးအေးဖေမှာ ဗမာ့ခေတ် ယောက်ျားပိုင်း ထိပ်တန်း ပုဂ္ဂိုလ်ကြီး ၏ အသုံးတော်ခံ ဒေါက်တာသာ ဖြစ်ပါသည်။ ကျမကတော့ ဒေါက်တာလွင်ကို လက်စွဲ ပြုလာ သည်မှာ တနှစ်ကျော် နှစ်နှစ်ခန့် ရှိပါပြီ။
ဦးကိုကြီးမှာ ဘာလုပ်လို့ ဘာပြောရမှန်းမသိ ဖြစ်ပါသည်။ ကျမကလည်း အစအဆုံး ပြောရပါမည်။ ကျမ ကုတင် ခြေရင်း က မှန်ဘီရိုကို လက်ညှိုးညွှန်ပြပြီး ဦးကိုကြီးအား ဟိုထဲမှာ စာချုပ်တွေ ရှိပါ တယ်။ ဒါတွေ ကိုလဲ လုံခြုံရာမှာ ယူသိမ်းထားပါ။ ငါရုတ်ကနဲ့သေသွားလျှင် မှန်ဘီရို ရိုက်ခွဲပြီး စာချုပ် တွေ ယူဆုတ်ပစ် ကြလိမ့်မည်ဟု ပြောကာ မှန်ဘီရိုဖွင့်သော သော့ကို ပေးစေ၍ ဖွင့်ယူထားစေပါ သည်။
ဒါတွေဟာ ကွာရှင်းထားတဲ့ စာချုပ်နှင့် အစုစပ်ဖျက်ထားတဲ့ စာချုပ်များ၊ အခြားရေးကြီးသော စာရွက် စာတမ်း များပါရှိသော စာတွေဖြစ်၍ လုံခြုံစွာ သိမ်းပါ။ ပစ္စည်းခန်း၊ လင်ခန်းမယားခန်း ပြတ်စဲ ပြီးသား ဖြစ်သည်။ ဟိုလူနဲ့ ဘာမှ မဆိုင်တော့ဘူး ဟု အတိအလင်း ဖွင့်ပြောလိုက်တော့မှ ဆရာဝန် နှင့်တကွ ဦးကိုကြီး ရော အနီးအနားက စောင့်ကြည့်နေကြသူတွေပါ အံ့အားသင့်ကုန်ကြသည်။
အယောင်ဆောင် ရပ်စပြူတင်ကြီးကလည်း သင်္ကန်းအရေခြုံကြီးနှင့် အခန်းဒေါင့် တနေရာရှိ ကုလားထိုင် မှာ ရှိသည်ဟု နောက်မှသိရသည်။ ခြေရင်းက မိုနိုစာစီမနှင့် ပါမောက္ခ မယားတို့ ကလည်း မျက်နှာမဲ့ သွားကြ သည်ဟု အခန်းထဲရှိ အပြင်ဧည့်သည်တဦးက နောက်ပိုင်း ဇာတ်လှန်ပြ သည်။
ကျမသည် သော့နှင့်စာချုပ်များ ပေးအပ်ပြီးသောအခါ မောသဖြင့် နောက်ထပ်စကားမပြောနိုင်တော့ ဘဲ စိတ်ကလဲလျှော့ချလိုက်ခါ လက်ထဲ စိပ်ပုတီးနှင့် ဘုရာိးကု လက်အုပ်ချီ၍ အာရုံပြုနေရင်းဘဲ မေ့ကနဲ သတိလစ် သွား ပြန်ပါသည်။ ပက်လက်ငြိမ်ကျသွားသောအခါ အခန်းထဲရှိ လူပေါင်း နှစ်ဆယ်ကျော် ခန့်အနက် က အသက်တခါတည်း ထွက်သွားပါစေတော့ဟု ကြိတ်၍ ရင်တဒိတ်ဒိတ် ခုံအောင် ဆုတောင်း နေသူ တွေလည်း ရှိမည်။ သို့ရာတွင် အချို့က ပြင်ဘက် အိမ်ဦးခန်းထွက်၍ ဦးကိုကြီးနှင့်အတူ ကွာရှင်း စာချုပ် များကို သိလိုဇောကြောင့် အလောသုံးဆယ် လိုက်ဖတ်ကြည့်နေကြ သည်ဟု ဆိုသည်။ သက်ဆိုင် ၇ာ အုပ်စု အသီးသီးတို့နှင့်တကွ ခေါင်းဆောင်ကြီး က မကျေမနပ်ဖြစ် ကုန်ကြပုံရလေသည်။ ကျမကိုလဲ မနက် ထိအောင် မခံ၊ အမှန်သေရမည်ဟု ယူဆထားကြသည်။ သို့ရာတွင် စာချုပ်များနှင့် သော့များကို ဦးကိုကြီး ခေါ်အပ်လိုက်သောကြောင့် ကြံသမျှ တေ့လွဲ ကလေးလွဲသွားရသည်ကို အခဲမကြေ နိုင်ကြ တော့ပေ။
မျှော်လင့်နေကြသော နာရေးကြော်ငြာ
နောက်ပိုင်းမှာ ဘာမှ သတိမရတော့ဘဲ မြောနစ်နေခဲ့သည်။ အနားတွင် မည်သူတွေရှိ၍ မည်သူတွေ ပြန်သွား သည် မသိ၊ ကရင်မ ကလေး၃ယောက်နှင့် အိမ်ပေါ်အတူနေ အတွင်းရန်သူ မတွေဘဲ ရှိပုံ ရသည်။ လင်းအားကြီး လောက်မှာ တခါ သတိရလာသည်။ သို့ရာတွင် ဘာမှ မပြောနိုင် မလှုပ်နိုင် မျက်တောင် ဖွင့်ရန် ပင် သယ်၍မရ နားကသာ ကျီးငှက်တွေ အော်သံတချက် တချက် ကြား၍ မနက် လင်းအားကြီး အချိန် ဟု ချင့်ချိန်နိုင်ခြင်း ဖြစ်ပါသည်။ လျှာနှင့် အာခေါင်ခြောက်လှ၍ ပါးစပ်လှုပ်မှ ကလူးကို့ ရေကို ဇွန်းငယ် နှင့် တယောက်က တိုက်ပေးသည်။ သို့သော် ၃-ဇွန်းခန့်မျှသာ လက်ခံနိုင် ပြီး တချီ မေ့သွား ပြန်ပါသည်။
ညဥ့်ဦး က မျှော်လင့်ချက် မရှိသလို တွေ့မြင်သွားရပြီး သည်ညမကုန်မှီ ကိစ္စချောမည်မှာ သေချာနေ ပြီဟု တွက်လျှက် စိတ်ချက် လက်ချ ကိုယ့်အိမ်ကိုယ်ပြန်သွားကြသော ကလစ်အဖွဲ့အစည်းဝင်များ သည် မနက် ထွက်လာ သော သတင်းစားများမှ နာရေးကြော်ငြာကို မျှော်လင့်ခြင်းကြီးစွာနှင့် ရှာဖွေ ဘတ်ရှု နေကြသော် လည်း အချီးနှီး သော ဖြစ်ကြရပါသည်။ သို့ရာတွင် မျှော်လင့်ချက်ကုန်ဆုံးခြင်း မရှိကြဘဲ တနေ့မဟုတ် တနေ့တော့ ပါလာရမည်။ အဘက်ဘက်က အချိန်တိုအချိန်ရှည် စီမံကိန်း တွေ အလီလီ ချ၍ ထားခဲ့သည့် အားလျှော်စွာ ဒီသားကောင်ဟာ ထောင်ထားသော ထောင်ခြောက် အသီးသီးတွင် တနည်းမ၀င်က နောက်တ နည်း နည်းနှင့် ၀င်ရမည်။
အမြန်နှင့် အနှေး ပြေး၍ မလွတ် ဟု ကံသေကမ္မ တွက်ဆထားခဲ့ကြသူများ ဖြစ်ကြပါသည်။ သူတို့ အနှစ်နှစ် အလလ က ပြုလုပ်လာခဲ့ ကြသော ကောက်ကျစ်ယုတ်မာမှုတွေနှင့် တသိုက်တအုံ အမြှုံတမကြီးက လောဘ ရမက် ထွက်၍ ကိုယ့်ဘက်ကိုယ်ယက် ထားသမျှတွေ။ ဖောက်ပြန်မှု မကောင်းမှုတွေ ပေါ်ပေါက် မလာ မှီ ဆူးညှောင့် ခလုတ်သဘွယ် ဖြစ်နေသူ ကျမအား ရှင်းလင်းသုတ်သင်ပြစ်ဘို့မှာ အရေးအကြီးဆုံး တာဝန် တခုနှင့် ဆောင်ရွက်ရမည်။ ကျမက သူတို့၏ သွားရာခရီးမှာ မဖြောင့်ဖြူးစေသော အကာအရံ တံတိုင်းကြီး ဖြစ်နေသောကြောင့် ဤတံတိုင်းနံရံကြီးကို နည်းပရိယာယ်အမျိုးမျိုးနှင့် ဖြိုဖျက် ပစ်ရတော့ မည်မှာ သူတို့ အဘို့ သူတို့ဘက်မှ နေ၍ ကြည့်ပါက စွန့်စွန့်စားစား ပက်ပက် စက်စက် မလုပ်လျှင် မဖြစ် သော အခြေအနေ သို့ ရောက်နေလေပြီ။
သို့ကြောင့် အလွန် နူးညံ့သိမ်မွေ့၍ မည်သို့မျှ လက်သယ်ရှာမတွေ့နိုင်သော နည်းပရိယာယ် အမျိုး အစားများ ကို ဥာဏ်သွား သလောက် ကောက်ကျစ်စွာ ညွှန်ကြားပြသူကလည်း ပြသညွန်ကြားပေး လျှက် ရှိသည်။ အိမ်အတွင်းမှာ ပူးပူးကပ်ကပ်နှင့် လူယုံသတ်နည်း။ ကျွန်ယုံလျှင် တဖက်သာကန်း မည်။ သွေးသား ယုံတော့ စုံလုံး ကန်းတတ်သည့် ပုံပမာအတိုင်း လည်း လက်တွေ့ကြုံစေသည်။
ကာမဂုဏ် နှင့် ကိလေသာ အမှောင်တိုက်၍ သွေးဆောင်စေခိုင်ခြင်း သာမက ဥစ္စာပစ္စည်းနှင့် စည်းစိမ်ကိုပါ တဘက်မှ မက်လုံး ပြလိုက်သည် ရှိသော်။ ညီအမအရင်း ခေါင်းနင်းဆင်းသူ ဖြစ်ပါ စေ။ မစွန်းစေဘဲ နေမည် မဟုတ်ပေ။ ရာဇ၀တ်မှုတွေ လူသတ်မှုတွေ ရုံးပြင်ကန္နားတွေမှာ ဤဖြစ် ရပ်မျိုးတွေ မကြာခဏတွေ့မြင် သိရှိ ကြရမြဲ ဖြစ်လေသည်။ မိမိ၏ကိုယ်ပိုင်အသွေးအသားကိုပင် ရက်ရက်စက်စက် ပြုရက်သော သူများ ဆိုလျှင် သူတပါး၏ အသက်အန္တရာယ်ကို ကိုယ်ကျိုးအတွက် ပို၍ ရက်စက်ဝံ့ကြဦးမည်မှာ ဓမ္မတာ ဖြစ်ပါ သည်။
သို့ရာတွင် တေ့ပြီးမှ ချိန်သားရပြီးမှ လွဲခဲ့ရတဲ့ အရေးပါအရာရောက်လှသော မျှော်လင့်ချက်ကြီး တခုမှာ အမှတ် မထင် ပါစင်အောင် ဖြစ်သွားရသည်။ ကြိုးပမ်းထားခဲ့သမျှ ဘောင်မ၀င် အံမကျ ဇယား မကိုက်လှဘဲ မှန်းချက် နှင့် နှမ်းထွက်ကွာနေသည်ကိုတော့ မခံချည့်မခံသာ ဖြစ်ကုန်ကြပါ သည်။
မျက်စိမျက်နှာ ပျက်လျှင် ဆတ်ဆတ်ခါ ဖြစ်သွားကြရသော ထိုကိစ္စများ လှူရန် ရေစက်ချ ထားသော စိန်ထည် ပစ္စည်း ထားသော သော့နှင့်တကွ ကွာရှင်းထားသော စာရွက်စာတမ်း အရပ်ရပ် များကို လူသိ ရှင်သိ ဆရာဝန် ကို သက်သေအသိပြုပြီး ဦးကိုကြီးလက်သို့ သိမ်းထားရန် ပေးအပ် လိုက်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ အစက ဒီကိစ္စတွေကို ရုတ်တရက် လူမသိအောင် ဖုံးဖိထားခဲ့ပေ မဲ့။ ယခုကဲ့သို့ ကိုယ့်အသက် ကိုယ် စိတ်မချ ရတော့ပြီ ဖြစ်သော ရောဂါဝေဒနာ အပြင်းအထန် ခံစား နေရာမှ အလှူကိစ္စကို စိတ်ချပြီးမှ အသေ ဖြောင့်ခြင်လွန်း၍ ပြုလုပ်လိုက်ရခြင်းသာ ဖြစ်ပါသည်။
အကယ်၍ မပြတ်မသားနှင့်သာ သေသွားခဲ့သည်ရှိသော ရည်မှန်းထားသော ထာဝရ ကုသိုလ်ရေး အလှူ များကို မဆိုထားနှင့် ရေစက်ချပြီးသား ပစ္စည်းများပင် ရွှေတိဂုံစေတီတော်ကြီး၏ စိန်ဖူးတော်၌ တင်လှူ ရတော့မည် မဟုတ်ဘဲ။ ငရဲသူငရဲသားများ လက်တွင်းသို့ သက်ဆင်း ပျောက်ပျက် ကုန်မည်မှာ သေချာ ပါသည်။ အထူးသဖြင့် မန္တလေးဧည့်သည် ကိုယ်ပျောက်မယ် လင်ရှိ မယား သည် စိန်ရွှေ လက်ဝတ် လက်စား နှင့် အ၀တ်အထည် မှန်ဘီရိုများကို ကြည့်ကာကြည့်ကာ အမြဲတန်း သဘောကျ အားကျ နေသူ တဦး ဖြစ်သလို။ အတူနေ မိုနိုမ ဂါဝန်ပြာမ စသော အပေါင်း အစည်းများကလည်း အရေးတော်ပုံတွင် အကော် ၀င်ကြဘို့ ဟန်တပြင်ပြင် ရှိနေသည်။ သူတို့၏ ဆွေမျိုးသားချင်း များကလည်း နောက်ပိုင်းမှ အားပေး လျှက် ရှိနေပါသည်။
သို့နှင့် အရေးထဲမှာ စာချုပ်နှင့် သော့ကအပြင်ဘက်ပါသွားပြီး ဖြစ်သည်ကတကြောင်း၊ ကလစ်တဖွဲ့ နှင့် တဖွဲ့ အလစ်မပေးခဲ့သည်ကတကြောင်း၊ ညလုံးပေါက် ထိုင်စောင့်နေကြသော ကရင်မလေး သုံးယောက်က ရှိနေ၍ ကတကြောင်း၊ တညလုံး လူသေကဲ့သို့ မလှုပ်မယှက် မြောနေသော ကျမ အဘို့ တညနှင့် ကိစ္စ မချော ခဲ့ဘဲ မနက် ၇နာရီလောက်မှ သတိ ပြန်ရလာပါသည်။
ခိုးသား ၄၀ အုပ်စု၏ မနာလိုမှု ဆက်ရန်

.
No comments:
Post a Comment