မွန်မြတ်သည့် အဓိဋ္ဌာန်
သို့ရာတွင် ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ်ခဲ့သူ၊ မပြီးပြတ်သေးသော အလှူဒါနတွေ ရေစက် မချရဘဲဖြင့် မသေပါရစေနှင့်ဦးဟု အဓိဋ္ဌာန်ပြုခဲ့သူလည်း ဖြစ်သောကြောင့် သူယုတ်မာ တသိုက်တမြုံတို့၏ ကောက်ကျစ် စွာ ကြံစည်ခဲ့သမျှ အထမမြောက်ရဘဲ လွဲ၍ လွဲ၍သာ လာခဲ့ပါ သည်။ အချို့ကလည်း တံခါး အထပ်ထပ်ပိတ်ပြီး အိမ်ထဲ မ၀င်ရ မထွက်ရသဖြင့် တကယ်များ စိတ်နောက် ရူးသွပ်နေသလားဟု ဆိုပေသည်။ တချို့က အကြောင်းကိစ္စတခုခုကို ရိုးမယ်ဖွဲ့ကာ လာ သည်။ ထိုသို့လာခြင်းသည် ကျမ ရူးနေသည် ဆို၍ သနားပြီး တမင်လာကြည့်ခြင်း ဖြစ်ပါသည်ဟု နောင်သောအခါ၌ အတိတ်ကို ဆောင်ကြ ပါသည်။
ဗိုလ်ချုပ်ဈေးမှ ရင်းနှီးဝင်ထွက်နေသော အမျိုး သမီးအချို့နှင့် ကလောင်အဖွဲ့မှ လူကြီးပိုင်းက အမျိုးသမီး အချို့အားလည်း ကျမရူးကြောင်ကြောင် ဖြစ်နေသလိုလို သတင်းလွှင့်ခိုင်းထားသည်။ ရူးကြောင်ကြောင် ဖြစ်သွား လို့သာ ဤလိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးသန့်သန့်ရှင်းရှင်း အပြစ်ကင်းမဲ့သော ရေဆေးငါးကြီးအား ကျမက မိန်းမတွေနှင့် ယုတ်ပတ် စွပ်စွဲနေသည်ဟု သင်္ကာရှင်းခိုင်းထားသည်။ အချို့ကိုလည်း လာရောက်နားချ ခိုင်းသည်။
သည်မျှမက ယနေ့ထိုအမျိုးသမီးအချို့မှာ အစုရှယ်ယာရှင်များအဖြစ် သူ့အားဝိုင်းဝန်းအားပေးမှု ခံယူ ရရှိ သည် အထိ ကြိုးစားအသနားခံထားလေသည်။
ညဘက်များမှာလည်း အိပ်ရာအနားတွင် သူနာပြုဆရာမ မက်ဆွီးနီးနှင့် နှစ်ဦးတည်းရှိသော ကျမအခန်းသို့ အပြင်ဘက် ၀ရံတာ အရေ၀ံ နေ၀ံဖေးလှေခါးမှ ခြေဖျားထောက်၍ တက်ရန်သော်၎င်း၊ အမိုးစွမ်းကို လှေခါး ထောင် တက်ရန်သော်၎င်း အကွက်ဆင်နေသည။ အကွက်ဆင် နည်းမှာ ဒမြတိုက်မည်၊ အနုကြမ်းစီးမည်၊ ပစ္စည်း အချို့ လုယက်ပြီး ကိစ္စငြိမ်း အသက်ထွက်စေရမည်။ ဒမြဆိုသူများမှာ အပြင်က လာတိုက်ရပါမည်။ ထိုသတင်းများ သည် ကြေးစားလူမိုက်လောက၌ တိတ်တဆိပ် ပြန့်ပွားနေသည်တိုင်အောင် ကျမ တော့ ဘာမ မသိရသေးသော အချိန်အခါဖြစ်သည်။
ရူးလျှင်ရူး၊ မရူးလျှင် ဒမြတိုက်ရာ၌ လူပါသေရမည်။ သွေးတိုးရောဂါ ဝေဒနာနှင့်လည်း စိတ်ထိခိုက် ခံရပါ များလျှင် သေနိုင်သည်။ မတဲ့သော အစာကို ၀င်စေခြင်းကြောင့်လည်း လုံးလုံးကြီး သေမသွားသေးစေကာမူ အိပ်ရာ မှ မထနိုင်တာ့ဘဲ အကြောဆွဲ၍သော်၎င်း၊ ကိုယ်တခြမ်းသနေသော ဒုက္ခိတဝေဒနာသည်အဖြစ်သို့ ရောက်နေ ဘို့ သော်၎င်း။ တခုခုတော့မုချဖြစ်ရမည်။ သို့သော် ကျမသည်။ ဤဆိုးဝါးလှသော အတွင်း အန္တရာယ် အပြင်အန္တရယ် အသွယ်သွယ်သော ဘေးဒုက္ခ ကန္တာရခရီးကြမ်းကြီးများကို မကျန်း မမာနေသူ တကောင်ကြွက် ဘ၀နှင့်ဘဲ သီကာပွတ်ခါ လွတ်မြောက်ကျော်လွှားလာခဲ့ရသညမှာ ဒီယနေ့အထိ ရှိလာ ခဲ့ပါသည်။ နောက်သို့ ပြန်လှည့် ကြည့်လိုက်မည်ဆိုလျှင် မိမိကျော်ဖြတ်ခဲ့ရသော ခရီးလမ်းကြမ်းကြီးကို ကြက်သီး တဖြန်းဖြန်း ထလောက်ဘွယ်ရာပြန်ပြီး မြင်နေရပါတော့သည်။
နောက်တနေ့ ကက်ရှီယာ ငွေကိုင်စာရေးမ အခန်းထည်းသို့ ရောက်သောအခါ မန်နဂျာအား စာရင်း စာအုပ် နှင့် သော့များ မအပ်လျှင်အလုပ်မှထုတ်ပစ်ကြောင်း ကြေငြာရလိမ့်မည်ဟု မှာလိုက်သည်။ အလုပ်မဆင်း ၀န့်သည်မှာ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးကတည်းကဖြစ်ပါသည်။ စာအုပ်စာတမ်းများ မအပ် လျှင် အလုပမှ ထုတ်ပစ်ရမည်ဆိုသော်လည်း မအပ်လာဘဲ၊ ပမာမခန့်ပြုနေမှုကြောင့်၊ ကျမက သတင်းစာ များမှနေ၍ မန်နေဂျာ ခင်မောင်အေးအား ဗမာ့ခေတ်သတင်းစာတိုက်က အလုပ်ရပ်စဲ လိုက်ပြီး ဖြစ်ကြောင်း ကြော်ငြာ ထည့်ခိုင်းလိုက်ပါသည်။
ထိုကြော်ငြာများကို ဗမာ့ခေတ် သတင်းစာနှင့် အခြားမြန်မာသတင်းစာ အင်္ဂလိပ် သတင်းစာများသို့ တပြိုင်တည်း ပို့ပေးရန် စေခိုင်းလိုက်ပါသည်။ သို့ရာတွင် နောက်တနေ့၌ ထိုသတင်းစာများ တွင် ကြော်ငြာ များ ပါမလာသဖြင့် ခေါ်မေးသောအခါ။ ငွေထိန်းမက သွားမေးပြီး ဦးလေးက မထည့်နဲ့ဟု တားထား ၍ မနေ့က မထည့်လိုက်ရကြောင်း ဦးဗအေးက ပြောလိုက်သည်ဟု လာပြောပါသည်။ ကျမသည ထိုအခါ မှ ဦးဗအေးကို ခေါ်လျက် ယနေ့ဆက်ဆက်ထည့်ရမည တားမြစ် ပိတ်ပင်ပိုင်ခွင့် မရှိသူက ဘာမှ ၀င်ရေ၀ံစွက်ဖက် ရန် မလို၊ ထိုမျှမက ဗမာ့ခေတ် သတင်းစာခေါင်း ကြီးပိုင်းအပေါ်မှ ထည့်နေကျဖြစ်သော ဦးစီး အုပ်ချုပ်သူ နှင့် အယ်ဒီတာ စာရင်းများကို ဖြုတ်ချထား ရမည်ဟု အယ်ဒီတာ မောင်သန်းညွန့်အား ခေါ်ပြော လိုက်ပါသည်။
ကျမ ပြောလိုက်သည့်အတိုင်း မလွန်ဆန်နိုင်တော့၍ နောက်တနေ့ အင်္ဂလိပ်မြန်မာ သတင်းစာ များတွင် ထည့်ခိုင်း သော ကြောငြာပါလာပါသည်။ သို့ရာတွင် ထိုကြော်ငြာများအောက်မှ အောက်ပါ အတိုင်း မာရေ, ကြောရေ မခန့်လေးစားသဘောနှင့် အပြိုင်အဆိုင် ပူးတွဲတုန့်ပြန်သော ကြော်ငြာစာလုံး အကြီးများနှင့် ပါလာလေသည်။ အများသိစေရန် ကြေငြာအပ်ပါသည်။
ကျွန်တော် ဦးခင်မောင်အေး ဗမာ့ခေတ်သတင်းစာတိုက် မနေဂျာနှင့် အစုရှင်ဖြစ်သူသည်၊ ၁၉၆၀-ခု စက်တင်ဘာလ ၁-ရက်နေ့မှ အစပြု၍ ဗမာ့ခေတ် မန်နေဂျာအဖြစ်မှ၎င်း၊ အစုရှင်အဖြစ်မှ၎င်း လုံးဝ နှုတ်ထွက်လိုက်ပြီ ဖြစ်ပါ၍ အထက်ပါဖေါ်ပြပါ နေ့မှအစပြုပြီး ဗမာ့ခေတ် သတင်းစာတိုက်နှင့် ကျွန်တော် ဦးခင်မောင်လေး မည်သို့မှလုံးဝ မပတ်သက်တော့ပါကြောင်း အများသိစေရန် ကျေညာ အပ်ပါသည်။
ပုံ - ခင်မောင်အေး
ဟူ၍ ပါလာပါသည်။
သို့ပြုမူခြင်း သည် ကျမအား ယောက်ဖ အားကိုးနှင့် အာခံခြင်းသာဖြစ်ပါသည်။ မန္တလေး ကောလိပ်မှာ ပစ္စည်း ထိန်း စာရေးကလေးဘ၀မှ ရန်ကုနအလုပ် လုပ်ပါရစေ ပူစာသဖြင့် ကျမကခေါ်ယူ စောင့်ရှောက် ထားရသူ ဖြစ်သည်၊ ဒီဂရီ ရသူတွေပင် အောက်တန်းစာရေးလခ ၁၂၀ိ ရဘို့ သေလုအောင် ကြိုးစားရသော ခေတ်မှာ ပညာစကောစကနှင့် ဗမာ့ခေတ်မှာ ရောကလာပြီး လခ ရှစ်ရာတထောင်နီးနီး အထွေထွေစုပေါင်း ထုတ်ယူစေလျက်၊ ကားအသစ်စက်စက် တစီးကိုပင် စီးနိုင်စေရန် စောင့်ရှောက်ချီးမြှင့် ခံရစေကာမူ၊ ဘ၀ဟောင်း မေ့သွားကာ ကျေးဇူးရှင်အမကို မျက်နှာပြောင်တိုက်၍ တော်လှန် လိုက်ခြင်းဖြစ်ပါသည်။ သို့ကြောင့် ကျမက မူလကြော်ငြာတွင် ဘယ်နေ့ဘယ်ရက်က အလုပ်မှ ရပ်စဲကြောင်း တိတိ ကျကျ မပါသေးသဖြင့်၊ ၁၉၆၀ ခု သြဂုတ်လ ၂၅ ရက်နေ့မှအစပြု၍ဗမာ့ခေတ် မန်နေဂျာအလုပ်မှ ရပ်စဲ လိုက်ပြီ ဖြစ်ကြောင်း (၇)ရက် ဆက်၍ ကြော်ငြာ ထည့်ရပြန်ပါသည်။
ပုလင်းမိုးရွာပြီး တောထုတ်ခြင်း
ဤကြော်ငြာတွင် ဝေေ၀ဆာဆာ ပါသွားသောအခါ ဘာဂျော်ဂျီကုန်းအတက်စက သူတို့ စခခန်း ချနေကျ အိမ်တအိမ် မှာ မန်နေဂျာဟောင်းသည် အယ်ဒီတာ အား လာရောက် ကြိမ်းဝါးသည်၊ ရန်ထောင်သည်၊ ဒီကြော်ငြာ တွေထည့်ပေးခြင်း မှာ အယ်ဒီတာလက်ချက်ဖြစ်သည်၊ သူ့ကိုမနာလို၍ အလုပ်ပြုတ်အောင် ၀ိုင်းတိုက်ပြီး ဖြုတ်ပစ်ကြသည်၊ သူ့အလုပို လုလို၍ သည်လိုဝိုင်းလုပ်ကြသည်ဟု စွပ်စွဲကာ ရန်ဖြစ် ကုန်ကြ သည်ဟု သိရသည်။
သူတို့ခြင်း မပြေမလည်နှင့် အထင်မှား အမြင်မှားဖြစ်နေသော်လည်း ကျမအပေါ် ညစ်ပတ်လျက် တဘက်သတ် ပြုပေးဘို့ ကတော့ တစိတ်တည်း တ၀မ်းတည်း မူအားဖြင့် လမ်းစဉ် တခုတည်း ချမှတ်ထားသော သူများဖြစ်ကြပါသည်၊ အိမ်ပေါ်ကို တက်လာနိုင်သူက ကျမအလိုကျ ခိုင်းစေသမျှ လုပ်ကိုင် ပေးသင့်သလောက် ပေးပြီး တဘက်သို့လည်း အလိုကျကြိုးဆွဲသလို ကပေး နေကြရသည်။
နောက်တနေ့ မှာ အဝေးမှ ရောက်လာသော ဧည့သည်တဦးအား ကျမနေမကောင်းသည်ကို သွားမေး ပါရစေ ဆိုသော်လည်း အကြောင်းတခုခုရှိ၍လား မသိရ၊ ကျမနှင့် မတွေ့ရန် တားဖြစ်ထားသည်၊ ၄င်းဧည့်သည် ကို အိမ်သစ်ကလေးဝယ် ညအိပ်ရုံသာ အိပ်စေပြီး မနက်မိုးလင်း သည်နှင့် တပြိုင်တည်း သတင်းစာပို့သော ကားပေါ်တင်၍ အပြင်ထုတ်သွားစေသည်။ နှစ်ရက် သုံးရက်ဆက်၍ လျှို့ဝှက်ထားပြီးမှ ထိုဧည့်သည် ပြန်ရန် ခရီးစရိတ် ပေးရသော အသုံးစာရင်းက ကျမထံ နေ့စဉ်လာပြနေကျ အသေးသုံး ထွက်ငွေ အဖြစ် လေ့လာတွေ့ရသည်။
ကလိန်ခြုံ လက်ရာ တွေက ၄-၅ ရက်အတွင်း အတော်များများ တွေ့လာရသည် မျက်နှာပြောင် တိုက်၍ ပြန်ဝင်လာပြီး ငြိမ်သက်စွာ မနေဘဲ အလုပ်တိုက်တွင် အမျိုးမျိုး ၀င်ချယ်လယ်နေပြန်သည်ကို သိလာ ရသည်၊ တရက် ၂-ရက်က အိပ်ရာမ မထနိုင်ပြန်၍ သီးခံအောင့်အင်း နေရသော်လည်း ၃-ရက်မှ ၄-ရက်သို့ တိုင်ရောက် လာသောအခါ ထနိုင်အောင် ကြိုားးထကြည့်သည်၊ လမ်းလျှောက်ကြည့်သည်၊ အခြေအနေ အတော် ကောင်းလာသည် သို့ရာတွင် စိတ်လှုပ်ရှားလိုက်ပါက၊ စကားကို အားယူ၍ ပြောလိုက်ပါက ရင် တဒိတ်ဒိတ် ခုန်လာသည်၊ အကြောတွေက ဆိုင်းပြီး တင်းကြပ်ကြပ်ကြီး ဖြစ်လာသည်။ ကွာရှင်း ထားလျက် က ယခုလို မျက်နှာပြောင်တိုက်ပြီး ပမာမခန့်ကြီး ပြုနေသည်ကို မကျန်းမာ၍ မထနိုင်၍ ၃-၄ ရက် ငြိမ်နေ ရသည်ကိုဘဲ အခွင့်အရေး သာသည်ထင်လျက် ဇက်ရဲလာသောကြောင့် ကျမစိတ်ကို ချုပ်တည်း၍ မရတော့ သော အခြေအနေသို့ ဆိုဒ်ရောက်လာသည်။
အိမ်အပေါ်ထပ် နောက်ဖေးဆောင် လသာခန်း ၀ရံတာမှာ အိမ်အသစ်ကလေး၏ အမိုးနှင့် ၁၅ပေ လောက် သာ ဝေးကွာသည်။ ကျမသည် အိပ်ခန်းမှ နောက်ဖေးဝရံတာသို့ ထွက်လာသည်။ လက်တွေက တစုံတခုကို မြဲမြဲ မကိုင်နိုင်ဘဲ တုန်နေ၏၊ ဆိုဒါပုလင်းခွံတခုကို ကိုင်မကြည့်သေအခါ မလေးလံဘဲ ခပ်ပေါ့ပေါ့ ဖြစ်၍ လက်ထဲမြောက်ပါလာပါသည်။ ဤတွင် အရှက်မရှိ မျက်နှာပြောင် တိုက်လာသူအား အရှက်တရဖြစ်အောင် လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်ပြီး ကရင်အိမ်ဖေါ်မ ကလေးနှစ်ယောက်အား အောက်ထပ် ထမင်းစားခန်း ထဲမှာ ရှိသော သောက်တော်ကျ ဆိုဒါ ပုလင်း လွတ် အခွံများထည့်ထားသော ၂ဒါဇင်တွဲ သေတ္တာတွေကို ၀ရံတာ အရောက် သွားယူလာရန် ခိုင်း လိုက်သည်။ ဆိုဒါပုလင်းခွံ ၄-၅ဒါဇင် ကျမအနီးသို့ ရောက်လာသော အခါ ကျမ လုပ်ငန်း စပါတော့ သည်။
ထိုအချိန် မှာ ညနေ ၄နာရီခန့် ရှိပြီဖြစ်၍ အလုပ်တိုက်မှာ အလွန် လူစုံသော အချိန်လည်း ဖြစ်ပါ သည်။ ကြော်ငြာ ကိစ္စ သတင်းကိစ္စနှင့် အပြင်အပမှ မျက်နှာစိမ်းဧည့်သည်တို့၏ ကားကြီးကားငယ် အသွယ်သွယ် တို့လည်း ၀င်လာမစဲရှိနေချိန် ဖြစ်သည်။ ထိုအချိန်ကောင်းတွင် အိမ်သစ်ကလေး ခေါင်းမိုးပေါ်သို့ မိုးရွာသလို တဖုံးဖုံး ကျရောက် ပေါက်ကွဲသော ဆိုဒါပုလင်း သံများ ရုတ်တရက် ဆူညံသွားလေသည်။ အလုပ်တိုက်မှ လူအများ သည် အံ့အားသင့်လျက် ထွက်ကြည့်ကြသည်။ ကျမ လက်က မနိုင့်တနိုင် လွှဲမ၍ ပစ်ထည့် လိုက်သော ဆိုဒါပုလင်းခွံများသည် ၁၅ပေမျှသာ ကွာဝေး သော အိမ်နိမ့်ကလေး၏ ခေါင်မိုးကို ထိပြီး တဖုံးဖုံး ပေါက်ကွဲ သွားကြသည်။ ဖလ်ကွဲတွေ မြေပြင်သို့ ဖွေးကနဲ၊ ဖွေးကနဲ ကျကုန်သည်။ ထူထဲသော အမိုးမှ အုတ်ကြွပ်ပြားတွေမှာလည်း ဆိုဒါပုလင်း ထိသမျှ အကွဲအပေါက်တွေချည်း ဖြစ်ကုန်ကြသည်။
အိမ်သစ် ကလေးထဲမှ ကာမသူရဲသည် ဒေါင့်တခု၌ ပု၍၀ပ်နေသည်။ ဤအိမ်သစ်ကလေးမှာ သတင်းစာ တိုက် အတွက် စာကြည့်ခန်းအစြဖ် အသုံးပြုရန် ဆောက်ထားသည်။ ဘုန်းကြီးဝတ်နှင့် နေစဉ်ကသာနေရန် ထိုက်တန် သည်။ သူယုတ်မာအရွယ်လွန်မှ ပရဒါကံ ဆက်တိုက် ကျူးလွန် နေသော ကြာကူရီ တဏှာရူးကြီးနေရန် မဟုတ်ဟူ၍ အော်ပြောလိုက်သည်။ အမြန်ဆုံး ထွက်သွား ရမည်။ ပမာမခန့် မျက်နှာပြောင် တိုက် မနေရ၊ ကွာဝေးပါလျက် ဆက်နေလျှင် နေသမျှအချိန်တိုင်း ဒီလိုပုလင်းမိုးခဲမိုးရွာ ပေးမည်ဟု ရေရွတ်ရင်း ပုလင်းများကို အဆက်မပြတ် ပစ်လွှတ်နေမိသည်။ ထိုအချိန်မှာတော့ ကျမစိတ်ကို ထိန်းအုပ် လို့ မရတော့အောင် ပွင့်ထွက်ပေါက်ကွဲ လာသောအခါ ဖြစ် နေပါသည်။
မနက်ဖန်မှ ဆက်၍ ပစ်အုံးမည် ဆက်ရန်
.

4 comments:
ဖတ်ပီးဘာပြောရမှန်းမသိဘူး။
ဟိုလူယုတ်မာကလဲ မကောင်းသလို ..ဒီဆရာမကလည်း အစထဲက မဖြစ်သင့်တာကို သူ့အကောင်းရေးပီးလွှတ်ထားတာ..သူကိုယ်တိုင်စာရေးနေတာပဲဟာ..လူတွေအကြောင်းမသိတာလား... အထင်ကြီးခံချင်တာလားပဲ...
ဟူးးး
ခုရှုပ်မှနောင်ရှင်းတဲ့..
ကျနော်ကအဲလိုလုပ်လို့..အမျိုးတွေက ကျနော့်ကိုမုန်းတာ.. ကျနော်ကလဲမုန်းတာ..ပဲ။ဘာလို့ဆို ..အိမ်ကလူကြီးတွေက အဲ့အမျိုးတွေကို ဘာပြောပြောအကောင်း..ကျနော်ကအမှန်ကိုထောက်ပြတော့ မကောင်း..
မြတ်နိုး
လေးစားတယ်ဗျာ. . .
ရေးသူရော. . .
အရေးခံ ပုဂ္ဂိုလ်ကိုရော . . .
တစ်ခု တွေးမိတယ်ဗျ။
ဖတ်ကြည့်ရတာ ကိုယ့်အကြောင်း အကောင်းချည်း ရေးနေပေမယ့် ဆရာမကြီးဘက်ကလဲ လွန်တာတွေ ရှိလောက်တယ်။ သူ့ယောက်ျား မကောင်းတာ ဟုတ်တယ် ထားတော့၊ အလုပ်သမားတွေလဲ တစ်ယောက်မှ မကောင်းဘူး။ သူ့အပေါ် တစ်လောကလုံးက မကောင်းကြဘူး။ သူပဲ သူတော်ကောင်းဆိုတာတော့ လိပ်တွေးတွေးသလို ဖြစ်နေလားလို့။
သူ့ကို နေမကောင်းတုန်း ဝိုင်းသတ်ဖို့ ကြံတယ်ဆိုတာလဲ ပိုလွန်းသလားလို့။ ဦးအုန်းခင်က သတ်ချင်တယ်ထားဦး။ သူ့အိပ်ရာဘေးမှာ ဝိုင်းသတ်ဖို့ အလစ်ချောင်းနေတဲ့လူတွေ တစ်ညလုံး စောင့်နေတာ အလစ်မရလို့ သူ့ကို မသတ်နိုင်ဘူး ဆိုတာ ယုတ္တိသိပ်မရှိဘူး။သွေးတိုးသမားကို စွပ်ပြုတ်ထဲ ဝက်သားနှစ်တုံး ထည့်ပြုတ်ပေးရုံနဲ့ သေမယ် ဆိုတာလဲ ဆရာဝန်တွေ ကြားရင်တောင် ရယ်လိမ့်မယ်။
ဆရာမကြီးက သူဟာ မင်းမျိုးဆိုပြီး မာန်တက်ချင်ပုံရတယ်။ ကွယ်လွန်သွားတဲ့ ဆရာမကြီးကို အားနာပေမယ့် ဝန်ထောက်ဆိုတာ မင်းမျိုး မဟုတ်ဘူးဗျ။ မှူးမတ်ထဲမှာတောင် အငယ်ဆုံးအတန်းကပဲ။ တိုင်တားမင်းကြီးတို့လို မင်းကြီးသက်တော်ရှည် ဝန်ကြီးတွေက အမြင့်ဆုံး၊ ပြီးရင် ကျောက်မြောင်းအတွင်းဝန်တို့၊ ဖန်ချက်ဝန်တို့လို ဝန်အလတ်တွေ ရှိသေးတယ်။ ဝန်ထောက်ဆိုတာ မှူးမတ်ငယ်ပဲ။ ဝက်မစွက်ဝန်ထောက်ရဲ့ မြေးဖြစ်ရတာ တအားကြီး မာန်တက်စရာတော့ မလိုဘူးလားလို့။
စိတ်ကြီးလိုက်တာနော်။
ဒီစာအုပ်ဖတ်ခဲ့တုန်းက ပုလင်းနဲ့ ပေါက်ခန်းကို ဖတ်ခဲ့ဖူးတာ မေ့နေတယ်။
ဒဂုန်ခင်ခင်လေးလဲ တရားတွေ ဘယ်လောက်လုပ်နေပေမဲ့ မာန် မာန ဒေါသကတော့ မလျှော့နိုင်ဘူးနော်။
Post a Comment