Thursday, April 15, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃ဝ)

ထိုအခါ ၀မ်လန်းဦးလေး၏မိန်းမ ထွက်လာလျက် ကြာပဒုံအား တဘက်မှတွဲပြီး ၎င်းအတွက် အသစ် ဆောက်ထားသော အခန်းထဲသို့ တွဲခေါ်သွားကြလေ၏၊ ထိုအချိန်တွင် အိမ်၌ မည်သူမျှရှိပေ၊ ၀မ်လန်းသည် "ချင်း" နှင့် လုပ်သားများကို ခတ်ဝေးဝေးက လယ်တခုသို့လွတ်၍ထား၏၊ အိုလင်မှာလည်း ခလေး နှစ်ယောက် ကိုခေါ်၍ ဘယ်နေရာသွားမှန်းမသိ ရှောင်ထွက်၍နေလေသည်။

သားအကြီး နှစ်ယောက် ကလည်း ကျောင်းသွားနေသဖြင့် အိမ်၌ မရှိကြပေ အဘိုးကြီးနှင့် ဆွံ့၊ အ နေသော ၀မ်လန်း သမီးကလေး နှစ်ယောက် အနက် အဘိုးကြီးမှာ အိပ်ပျော်နေလိုက် မသိလိုက် သမီးကလေးမှာမူ အဖေအမေ့ မျက်နှာ ကလွဲ၍ ပိုမသိသဖြင့် သာသာပင် နေလေ၏။ ကြာပဒုံသည် ၎င်းအတွက် ခင်းထားသော အိပ်ရာထဲသို့ ရောက်သွား သောအခါ ဥသြမယ်က ကန့်လန့်ကာကြီးကို ဆွဲပိတ်လိုက်လေ၏။

အတန်ကြာသောအခါ ၀မ်လန်း၏ ဒေါ်လေးသည် ကန့်လန့်ကာအတွင်းမှ ရယ်မော၍ ထွက်လာ လေ၏ အတွင်း ၌ အလုပ်တခု လုပ်လာရဟန်ဖြင့် လက်နှစ်ဘက်ကို ပွတ်သပ်၍ ခါလိုက်ပြီး။
"သူ့ကိုယ်က ရေမွှေးနံ့ တထောင်းထောင်း ဖြစ်နေတာဘဲကွယ် ဒါပေမဲ့ ငါတူ မင့်သူငယ်မဟာ တယ်ပြီး အသက်မငယ်လှပါဘူး အရွယ်သာ မအိုရင် ဘယ်လိုလဲ ကျောက်စိမ်းနားဆွဲနဲ့ ဆွယ်ဆွယ် ရွှေလက်စွပ်တို့ ပိုးအင်္ကျီ တို့ ဖဲအင်္ကျီတို့နဲ့ဘဲ ဆွယ်ဆွယ်မင့်လို လယ်သမားတယောက် အိမ်ကို လိုက်လာမယ်မထင်ဘူး။ အဲ့ဒါ ငါပြောရဲတယ်"။

ဝမ်လန်း၏မျက်နှာတွင် ဒေါသရောင်သန်းသွားသည်ကို မြင်သောအခါ ဆက်လက်၍
"ဒါပေမဲ့ ချောတော့ ချောပါတယ်၊ ဒါလောက်ချောတာ ငါဘယ်မှာမှ မတွေ့ဘူးပါဘူး မင့်မယား ကျွန်မ ထက်တော့ အပုံကြီးသာပါတယ်"ဟု ပြောလေ၏။
ဝမ်လန်း ကား ဘာတခွန်းမျှ ပြန်မပြော ဆိတ်ဆိတ်ပင် နေ၏။ တနေ့လုံး မိုးချုပ်သည်၌ ကြာပဒုံ၏ ကြာချီ ထဲ၌ သာနေလေ၏။

အိုလင်မူ ထိုနေ့တနေ့လုံး အိမ်အနီး သို့ပင် မကပ်လာပေ၊ နံနက်လင်းကတည်းက ပေါက်ပြား တလက်ကို ကိင်၍ ထမင်းချမ်း အနည်းငယ်ကို ဖက်ကလေးနှင့်ထုပ်ကာ ခလေးများကို ခေါ်ပြီး ထွက်သွားသည်မှာ ထိုညမှောင် ကာမှ ပြန်ရောက်လာလေ၏။ ပြန်ရောက်လာသောအခါ တကိုယ်လုံးမှာ ဖုတ်တလူးလူး မြေအလိမ်းလိမ်း နှင့် နွမ်းရိခွေယိုင်၍ ပြန်လာလေ၏။ ခလေးနှစ်ယောက်မှာလည်း ငြိမ်သက်စွာဖြင့် သူတို့ မိခင် နောက်မှ ကပ်၍ ပါလာကြလေ၏။

အိမ်သို့ ပြန်ရောက်သောအခါ အိုလင်သည် မီးဖိုချောင်သို့ တန်းပြီးဝင်လေ၏။ ထိုနောက် ထမင်းဟင်းချက် ပြုတ်လျက် စားပွဲပေါ်၌ ခါတိုင်းကဲ့သို့ပင် ခူးခပ်ပြင်ဆင်ချထားပြီးလျှင် ယောက္ခမကြီးအားခေါ်၍ တူများကို လက်ထဲ ထည့်ပေးပြီး ကျွေး၏။ ထိုနောက် ခလေးများအား ကျွေးပြီး မိမိလည်း ခလေး များနှင့် အတူရော၍ အနည်းငယ် စား၏ စားသောက်ပြီး၍ ခလေးများလည်း အိပ်ကြသောအခါ ကိုယ်လက်သန့်စင်ဆေးကြောပြီး မိမိ အခန်းထဲသို့ မိမိဝင်၍ အိပ်လေ၏။

"ကြာပဒုံ" အိမ်ရောက်သည့်နေ့မှစ၍ ၀မ်လန်းမှာ နေ့ရှိသရွေ့ကြာပဒုံ၏ အခန်းတိုက်၌သာ အချိန်ကုန်လေ၏ ကြာပဒုံ ကား အခန်းထဲမှ အပြင်မထွက် အခန်းထဲ၌သာ အောင်း၍ နေလေ၏။ ဥသြမယ်က ရေကြက်သီး နွေးကလေး နှင့် ကြာပဒုံကို ရေချိုး၍ပေး၏။ အသားကို ဆီဖြင့် ပွတ်သပ် နှိပ်နယ်၍ပေး၏။ ရေမွှေးဖြင့် ဖြန်းပက် ကာ မွှေးကြိုင်သင်းပျံ့စေ၏၊ ဆံပင်ကို ဆီးဖြင့်လိမ်းကျံ၏ ဥသြမယ်မှာ ကြာပဒုံ၏ ထောက်ခံချက် အရ ထိုအိမ်တွင် ကြာပဒုံ၏ အခိုင်းတော် အစေတော်ကြီး နေရာ၌ နေရလေသတည်း။

အခန်း- ၂၁
တအိမ် တမယား ရှိစဉ်အခါတုံးကပင် အစဉ်သဖြင့် ငြိမ်းချမ်းခြင်းကို မရရှိခဲ့သော ၀မ်လန်းမှာ၊ တအိမ် နှစ်မယား ရှိလာသည့် အခါ၊ ဖြစ်ပေါ်လာမည့် အရေးကို တွေးတော၍ မကြည့်မိခဲ့ချေ၊ ယခုမှု- အိုလင်နှင့် ဥသြမယ် တို့၏ မျက်နှာထားများကို ကြည့်ရခြင်းအားဖြင့် ထိုနှစ်ယေက် တခုခုဖြစ်နေကြပြီ ကို အကဲခတ် မိလေ၏။ သို့သော်- ကြာပဒုံ၏ ၀တ်ရည်ကို စုတ်ယူရသည့် အလုပ်ဖြင့်သာ မေ့မော နေလေရကား ထို အကြောင်း ကို လျစ်လျူရှု ၍သာ နေခဲ့လေ၏။

"ဒိန်းဒလိန်း" အကြောင်းကို ၀မ်လန်းကြားဘူး၏။ အချိုမိန်းမများမှာ ထို ဒိန်းဒလိန်းကြောင့်၊ လည်ပင်း ကို ကြိုးတပ် ၍ သေ၏၊ အချို့မှာ လင်ကိုရန်ရှာကြ၏။ သို့သော်အိုလင်မှာ ဤသို့မဟုတ်၊ ကျောက်ရုပ် လိုနေသော မိန်းမမျိုးသာဖြစ်သောကြောင့်၊ ၀မ်လန်းမှာ ၀မ်းသာမိလေသည်။ သို့နှင့်လည်း လင်လုဘက် အပေါ် ရန်မလို သလိုနေခဲ့သော အိုလင်သည် လင်လုဘက် ၏ အထိမ်းတော်ဥသြမယ်နှင့် ကျလျင် ရန်ဘေး အမှန် တွေ့လိမ့်မည့် အကြောင်းကိုမှု မျှော်မကြည့်မိခဲ့ချေ။

အိုလင်မှာ ဥသြမယ်ကိုတွေ့ရသည်နှင့် တပြိုင်နက် ၀မ်လန်းမကြုံဘူသော ဒေါသမျိုး ၀င်ကာ မျက်မုန်းကျိုး နေသည်ကို တွေ့ရလေ၏။ ဥသြမယ်ကမှု ၎င်းမှာ ၀မ်လန်း၏ လခစား တယောက်ဖြစ် နေ၍ လူတိုင်း နှင့် တည့်လို၏။ ဟွမ်အိမ်တွင် နေရစဉ် မိမိမှာ ရုပ်ချောသူဖြစ်၍၊ သူဋ္ဌေးကြီးအခန်း၌ နေရပြီး အိုလင်မှာ မိးဖိုချောင် ထဲ၌သာ နေရသည့်အဖြစ်ကို မေ့ပစ်ကာ၊ အိုလင်ကို ပဋ္ဌမစတွေ့သည် နှင့်တပြိုင်နက်..........

"အလို......... မိတ်ဆွေဟောင်းကြီးနဲ့ လာတွေ့နေရသကိုး အခုတော့ရှင်က သခင်လဲ သခင်မ မယားလဲ မယားကြီး ဖြစ်နေတယ်နော်။ အခြေအနေဟာ ဘယ့်လောက်ပြောင်းလဲသွားသလဲ"ဟု နှုတ်ဆက်လေ၏။ သို့သော်- အိုလင်သည် ဘာတခွန်းမျှ ပြန်မပြောပဲ ဥသြမယ်အား စိုက်၍ကြည့် နေပြီးနောက်၊ ရွက်၍ လာသော ရေအိုးကို ချခဲ့ပြီးဝမ်လန်းထံသို့သွားကာ။

"ဒီကျွန်မ- အိမ်မှာ ဘာလာလုပ်နေတာလဲ"ဟု မေးလိုက်လေ၏။ ၀မ်လန်းမှာ ဤသို့အမေးခံရ သည့်အခါ အိုတိုး, အတ, ကြီးဖြစ်နေလေ၏။ "ဒါ င့ါအိမ် ငါခေါ်ချင်တဲ့ လူငါခေါ်ထားမယ်၊ မင်းကဘာမို့လို့ မေးရ တာလဲ" ဟု ပြန်၍ပြောချင်၏။ သို့သော်- ရှေ့တည့်တည့်၌ ရပ်နေသော အိုလင်ကို မြင်ရသောအခါ ရှက်ခြင်း ဖြင့် ပြောမထွက်ရဲအောင် ဖြစ်နေလေ၏။ သို့ဖြစ်လေရာ- မေးသည်ကို ဘာမှပြန်မဖြေနိုင်ပဲ တောင်ကြည့် မြောက်ကြည့် နှင့်သာ ဖြစ်နေလေ၏။ အိုလင်ကား အနီး၌ အဖြေမရမချင်း ရပ်မြဲရပ်နေလျက်၊ ၀မ်လန်းက ဘာမျှ ပြန်မပြောသောအခါ၊ ဒုတိယအကြိမ် ထပ်၍။
"ဒီကျွန်မ- ကျုပ်တို့ အိမ်မှာဘာလာလုပ်နေတာလဲ"ဟု မေးပြန်လေသည်။ ဤတွင် ၀မ်လန်းမှာ မပြောလျှင် မပြီးကြောင်း သိရ၍။

"သူကမင်းကို ဘာလုပ်လို့လဲ"
"ဟိုအိမ် မှာ နေရတုံးကထဲက၊ သူလူပါးဝလွန်းသို့ ကျူပ်သူ့မျက်နှာကို မကြည့်ချင်ဘူး၊ ငယ်ငယ် ကလေး ထဲက သူ့ကိုမုန်းတယ် မီးဖိုထဲပြေးဝင်လာပီး တနေ့အခါ- ၂၀မကအော်ပီးတော့" "သူဋ္ဌေးကြီးဖို့ ထမင်းဟင်းကို ငန်လိုက်တာ" နဲ့ပီး၊ ဒါကပူလွန်းတယ် ဒါက ဧလွန်းတယ်၊ ဒါချက်တာ မကောင်းဘူး နောက်ပီးတော့ ကျုပ်က သိပ်အရုပ်ဆိုးတယ်၊ နှေးတယ်ဘာဖြစ်တယ် ညာဖြစ်တယ်"နဲ့ သူ့ကိုသူ- သူဋ္ဌေးကြီး ရှေ့မှာ နေရတာနဲ့သွေးကြီးပီး...........

ဤတွင်လည်း ၀မ်လန်းမှာ အိုလင်မေးသည့် မေးခွန်းကို မဖြေဆိုပေ၊ ဖြေလည်း မဖြေတတ်အောင် ဖြစ်နေ လေ၏။ ထိုအခါ အိုလင်၏ မျက်လုံးများတွင် ပူနွေးသော မျက်ရည်ပေါက်ကြီးတွေ တွဲရွဲခို၍ လာလေ၏။ အိုလင် သည် မျက်ရည်မထွက်အောင် မျက်တောင်ခတ်လျက်၊ နောက်ဆုံးတွင် အင်္ကျီစ ဖြင့်မျက်လုံးကို သုတ်ပြီး၊
"ကျုပ်အိမ် မှာ သူရောက်လာတာ ငါးပါးမှောက်တာပဲ၊ ကျုပ်မှာလဲပြန်သွားဖို့ ကျုပ်အမေ့အိမ် ရယ်လို့မရှိ၊"

ထိုသည် အထိ၊ ၀မ်လန်းထံမှ ဘာစကားမှ အပြန်အလှန်မရရှိသောအခါ၊ မျက်ရည်ဖြိုင်ဖြိုင် မနိုင်အောင် စီးကျ လာပြီး လှည့်ထွက်လာခဲ့လေ၏ တယောက်တည်း ကျန်ရစ်ခဲ့သောအခါ၊ ၀မ်လန်းမှာ စိတ်ကျဉ်းကြပ် နေခြင်းမှာ သက်သာသွားလေ၏။ ၀မ်လန်းမှာစိတ်ကျဉ်းကြပ်နေခြင်းမှ သက်သာသွားလေ၏ သို့သော်- ရှက်ကြောက်ခြင်း ကားမလျော့ပေ။ "ဒီိပြင် ယောကျာင်္း တွေလဲ ဒီလိုပဲ၊ ငါဟာသူ့အပေါ် ကောင်းခဲ့သားဘဲ၊ ငါ့ထက် ဆိုးတဲ့ လူတွေတောင် ရှိသေးတယ်၊ ဒါလောက် တော့ကြည့်ပေးရ မှာပေါ့" ဟု တကိုယ်တည်း ပြောသ လိုလို တယောက်ယောက်ကို ပြောသလိုလို ခတ်ကျယ်ကျယ် ပြော၍ကျန်ရစ်ခဲ့လေ၏။

အိုလင်ကား- ဤမျှနှင့်မပြီးပေ၊ နံနက်လင်းသည့် အခါ ရေနွေးကြိုမြဲကြိုလျက်၊ ယောက္ခမကြီးအား ၀တ်မပျက် ပဲ ပေးကမ်း၏။ အကယ်၍ ၀မ်လန်း အပြင်ခန်းတွင် ရှိလျင် သူ့အားလည်း လဘက်ရည် သွားပေး၏။ သို့သော် ဥသြမယ်က ကြာပဒုံ အတွက် ရေနွေးယူသည့် အခါ မိးဖိုးထဲ၌၊ ဒယ်အိုးချဥ့် သက်သက် သာတွေ့ရ၏။ ဘယ်လိုပင်အော်ဟစ် မေးမြန်းနေစေကာမှု အိုလင်မှာ မတုန်မလှုပ် နေမြဲ တိုင်းသာ နေလေ၏။ သို့ဖြစ်လေရာ ဥသြမယ်မှာ ကြာပဒုံ အတွက် ကိုယ်တိုင်ပင် ရေနွေးကြိုရတော့ မလိုလို ဖြစ်၍ နေလေ၏။

သို့သော်- နံနက်စာအတွက် အိုလင်မှာ ဆက်လက် ချက်ပြုတ်နေ ပြန်ပြီဖြစ် ဖြစ်ရကား ရေနွေးထပ်ကြိုရန် နေရာ မရှိ ဖြစ်နေပြန်၏။ ဥသြမယ်က "ကျုပ်သခင်မ ရေမသောက်ရပဲ၊ အိပ်ရာထဲ မှာ ဒီလိုပဲ ငတ်သေ ရတော့ မှာလား"ဟု သံသေးသံကြောင် ဟစ်နေသည့်တိုင် အိုလင် ကားထမင်းချက်မျှမပျက်ပေ၊ ဤတွင် ဥသြမယ် သည် ၀မ်လန်းထံ တော်ပါး အသံစာစာနှင့်သွား၍ သံတော်ဦးတင်လိုက်၏ ထိုအခါ ၀မ်လန်းမှာ ယမ်းပုံ မီးကျ ပေါက်တော့မည် မြွေဟောက်လို ပါးပြင် ထောင်၍ အိုလင်ဆီ လိုက်လေ၏။

"မနက် ရေနွေးကြိုရင် ရေတခွက်ကလေးပိုထည့်ပီး ပေးရတာ ၀န်လေးသလား"ဟု ကြိမ်းမောင်း ငေါက်ငန်း လိုက်လျှင်၊ အိုလင်ကမျက်နှာ ထားတင်းတင်းဖြင့်။
"ကျုပ် ဒီအိမ်မှာ ကျွန်အောက် က သဘောက်မဟုတ်ဘူး"ဟု ပြန်၍ "ဘုနှတ်"လေ၏။ ဤတွင်ဝမ် လန်းမှာ ကြာပဒုံ ဆိပ်တက်၍သွားလေ၏။ အိုလင်၏ ပခုံးနှစ်ဘက်ကို လက်နှစ်ဘက် ဖြင့် ကိုင်၍ ဆုပ်လိုက်လေ၏။ ထိုနောက် သွက်သွက်ခါအောင် ဆွဲလုပ်ပြီး။

"မင်းမိုက်ကန်းကန်းမလုပ်ပါနဲ့၊ ဒါကျွန်အတွက် ခိုင်းတာမဟုတ်ဘူး၊ သခင်မသောက်ဖို့ခိုင်းတာ၊"
"သြော်- ကျုပ်ပုလဲကလေး နှစ်လုံး ကို ယူပေး လိုက်တာလဲ သူ့ကိုပဲမဟုတ်လား"
ဝမ်လန်း ၏ ဒေါသမှာ ဤမေးခွန်းဖြင့် အရေပျော်၍သွားလေ၏။ လက်တို့မှာ အိုလင်၏ ပခုံးပေါ်ပြုတ် ကျသွား လေ၏ ဘာစကားမျှ မပြောနိုင်တော့ပဲ၊ ရှက်ရှက် နှင့် ချာ-ကနဲ လှည့်ထွက်သွားပြီ ဥသြမယ် အား။
"ဒို့မီးဖိုဆောင် တခုနဲ့ မီးဖို တခု တင်လုပ်မှာပဲ၊ ဒီကောင်မကြီး ဟာ ဟိုက ပန်းကလေး လိုနှုးညံ့တဲ့ သူ့ကိုယ်ကလေး ကို အလှပြင်ဘို့လို အပ်တာတွေကို အလိုက်ကန်းဆိုး သိတဲ့ ဟာကြီး မဟုတ်ဘူး"ဟု ပြောလေ၏။ ထိုနောက်လုပ်သား များအားခေါ်၍ မီးဖိုတခု ထပ်၍ ဆောက်စေလေ၏ ဥသြမယ်အားလည်း "သဘောရှိ သလိုသာချက်ပေတော့"ဟု ပြောလေ၏။

သို့ဖြင့်- ၀မ်လန်းမှာ နားအေးချမ်းသာပေပြီဟု ထင်မှတ်မိလေ၏ သို့သော်- မီးဖိုအသစ် ဆောက်ပေးမိခြင်း မှာ ကြာသောအခါ၊ မီးတမီး ထပ်မွှေးမိပြန်သလို တပူဆင့်၍ နေပြန်လေ၏ ဥသြမယ်မှာ နေ့စဉ် မြို့ကိုတက် ၍ ၀ယ်ချင်တိုင်းဝယ် ချက်ချင်တိုင်းချက်၍နေလေ၏။ မီးဖို ကို စိုးပိုင် သည့်ဘုရင်မ တဆူ လုပ်ကာ ကောင်းပေ့၊ ဆိုသော အစားအသောက်များကိုဝယ်၍ ချက်ပြုတ်နေ လေ၏။ ထိုအခါငွေမှာ အဆမတန် ကုန်၍ နေလေရာ။ ဥသြမယ်အသုံးဆွဲခြင်းကို ဟန့်လည်းမဟန့် တားဝံ့ပေ ငွေသုံးတာ လွန်လှချည့်လား" ဟူသော စကားကို နှုတ်မှာပင်မထွက်ရက်၊ ထွက်လိုက်လျှင် ကြာပဒုံနားသို့ရောက်ကာ၊ ကြာပဒုံ စိတ်ဆိုး သွားမည် စိုးသဖြင့်၊ အောင့်သက်သက်နှင့်သာ ကြည့်၍ နေရလေ၏ ဤသို့ကြိတ်မှိတ်၍ နေရလေလေ၊ အခံရ ခက်လေလေ ဖြစ်၍လာလေ၏ ထိုအခါ ကြာပဒုံအပေါ်ချစ်မိသောအချစ်မှာ အနည်းငယ်ဧ၍ သွားလေ ၏။

ဤသို့ဖြစ်နေသည့်ကြားထဲမှ၊ နောက်ထပ်မီးတမီးက ထပ်တိုးလာပြန်လေ၏။ ထိုမီးမှာ ၎င်းဦးလေး မိန်းမ ဖြစ်လေ၏။ ထိုမိန်းမမှာ စားချိန်သောက်ချိန်တွင် ကြာပဒုံအခန်းထဲ၌ ရေခံ၍ နေလေ၏။  ၎င်းမှာကြာပဒုံ အခန်းထဲ ၌ တံခါးမရှိ ဒါးမရှိလွတ်လပ်စွာ ထွက်ဝင်ခွင့်ရလေ၏ သူ့ကိုမှ ရွေး၍ ကြာပဒုံက အပေါင်းအသင်း လုပ်နေခြင်း ကို ၀မ်လန်းမှာကြည့် နိုင်ပေ၊ နေ့ရှိသရွေ့ အခန်းထဲ၌ ကြာပဒုံ- ဥသြမယ်နှင့် ထိုမိန်းမမှာ ၃-ယောက် ပေါင်း လောင်းကျော် ၍နေလေ၏။ စားလိုက်ကြ- ရယ်လိုက်ကြ- တွတ်တွတ် ဘွတ်ဘွတ် နှင့် စကားပြောကြနှင့် အပျော် ကြီးပျော်နေရာတွင် ကြာပဒုံမှာ ၀မ်လန်း၏ အဒေါ်ကို တခုခု သဘောကျ နေပုံ ရလေ၏။

ဝမ်လန်းမှာ ဤအချက်ကို သဘာမကျနိုင်ပေ၊ သို့ဖြစ်လေရာ၊ တနေ့- ကြာပဒုံနှင့် ၂-ယောက်တည်း တွေ့ သည့်အခါ။
"ကြာကြာ- မောင့်ပန်းမာလာကလေးရယ်-၊ ဟောဒီမမုန်းနိုင်တဲ့ ကြာကြာရဲ့ချိုပြုံးတဲ့မျက်နှာက လေးနဲ့၊ ဒီအကြည်းတန် စုံးမ- ၀တုပ်ပြဲကြီးကိုစကား လက်ခံပြောပြောမနေစမ်းပါနဲ့ကွယ်- ကြာကြာ့ မျက်နှာကလေး ကိုလေ- ဟောဒီကကျုပ်တယောက် ထဲကသာကြည့်နေချင်တယ်၊ သိလား ဒီဟာမကြီးဟာ အင်မတန် ဘလောင်းဘလဲ နိုင်တဲ့ ဟာမကြီးယုံရတာမဟုတ်ဘူး။ မိုးလင်းတ နေ၀င်အထိ။ ကြာကြာအနားသူ လာလာ နေတာကို ကျုပ်မကြည့်နိုင်ဘူး" ဟု စိတ်ထဲရှိသမျှ ထုတ်ပြောလိုက်လျှင်၊ ကြာပဒုံမှာ စိတ်ကောက် သွားဟန် ဖြင့်၊ နှုတ်ခမ်းကိုစူကာ၊ တဘက်သို့ လှည့်သွားပြီ။

“ကြာကြာ မှာ ကိုယ်ကလွဲလို့ ဘယ်သူရှိလို့လဲ အသိအရွယ်လဲ ရှိတာမဟုတ်ဘူး၊ ကြာကြာဟာ ပျော်ပျော် ရွှင်ရွှင် အိမ်မျိုးမှ နေတတ်တာ၊ မောင့်အိမ်မှာဆိုရင် မောင့်မယားကြီးကလဲ ကြာကြာ့ကို မုန်း မောင့်ခလေး တွေဆိုရင် လဲ ကြာကြာကို ပလိပ် ရောက်ဂါထက်တောင် ကြောက်တယ်၊ ကြာကြာ့  မှာ ခင်မင်စရာ ဆိုလို့ တယောက်မှ မရှိဘူး- ”ဟု ငိုမလို အိုတိုတို မျက်နှာထားနှင့် ပြန်ပြောရာက ထိုညတွင် ထိရောက်သော လက်နက်ကို သုံးလိုက်လေ၏။

ထိုလက်နက်မှာ၊ “သွား- မလာနဲ့- မောင်ဟာ ကြာကြာ့ကို ချစ်တာမဟုတ်ဘူး၊ ချစ်ရင် အခုလို စိတ်ညစ်အောင် လုပ်မှာ မဟုတ်ဘူး”ဟူ သော ငြင်းဆန်သည့် လက်နက်ဖြစ်လေ၏။ ထိုလက်နက်မှာ- ၀မ်လန်း ၏ ငယ်ထိပ်ကိုစူးဝင် သွားလျက်မူးချင်သလိုလို နောက်ချင်သလိုလိုဖြစ်သွားလေ၏။ လက်နက် တကာ့ လက်နက်တွင် တန်ခိုးအကြီးဆုံး လက်နက်တခုဖြစ်ရကား၊ ထိပ်ပြာလျက်၊ ၀မ်းလည်းနည်းလျက်၊ ပြောမိ သမျှ ၀န်ချတောင်းပန်ရလေ၏။

နောက်တော့ ကြာကြာ့ သဘောပဲ၊ ကြာကြာသဘောရှိသလို ပျော်သလိုသာနေဟု သဘောကြိုက် လိုက်လျော ရလေ၏။ ထိုအခါကြာပဒုံက ခွင့်လွှတ်လေ၏။ ထိုအခါမှစ၍ ၀မ်လန်းမှာကြာပဒုံကို ဘာမှ မပြောရဲ တော့အောင် ကြောက်၍သွားလေ၏။ မကြိုက်တာတွေ့လျက်နှင့်လည်း ရေငုံ၍ သာနေမိလေ၏။ တစ်ခါ တစ်ခါ ကြာပဒုံ အခန်းနားသို့ ရောက်သွားသည့်အခါ အထဲတွင်ကြာပဒုံမှာ ဦးလေး၏မိန်းမနှင့် စကားထိုင် ပြောနေသည် ဖြစ်စေ၂ယောက်အတူ စားသောက်နေသည်ဖြစ်စေ တခုခုလုပ်နေ၍ မိမိအား ၀င်မလာခဲ့ရန် အစောင့်ခိုင်း ထားလျင်၊ လှည့်၍ထွက်လာခဲ့ရလေ၏။ ထိုအခါ ခေါင်းထဲတွင် လှိုက်လောင် နေသော လဲမီးလို ဒေါသမှာ ကြာလေ ပွားလေဖြစ်လာလေ၏။ ဒေါသ ပွားလေလေ အချစ်လည်း ဧလေလေ ဖြစ်လာကာ ကြာပဒုံ့အပေါ် မသိမသာ စိတ်ပြတ်၍လာခဲ့ လေတော့သတည်း။

ဆက်ရန်
.

1 comment:

Anonymous said...

want to read more.....

MN