Friday, April 16, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၁)
လှိုက်လောင်နေသော ဒေါသမီးလိုပို၍ အဟုန်ကြီးလာစေခြင်းကား- အဒေါ်ဖြစ်သူမှာ၊ မိမိက ကြာပဒုံ အတွက် ၀ယ်ချမ်းပေးထားသောအဘိုးတန် စားသောက်ဘွယ်ရာများကို ၀င်စားနေခြင်းဖြစ် ပေ၏ တနေ့ တခြား ပို၍၀ဖြိုးပြီး အဆီရစ်နေသောအဒေါ်ကိုမြင်ရလေလေ စိတ်မချမ်းသာလေလေ ဖြစ်သည့် အတိုင်း အညာ အလှိုင်းတွင် တဘက်ကမ်းခတ်တတ်မြောက်လျက်၊ ၀မ်လန်းအားစကား ချိုချိုသာသာပြောခြင်း၊ ၀မ်လန်း အခန်းထဲဝင်လာလျှင် မတ်ရပ်ထ၍အရိုအသေပေးခြင်းစသော ကိုယ်အမူအယာ နှုတ်အမူအရာ တို့ဖြင့် လေးစားသမှုပြုနေရကား ၀မ်လန်းမှာပက်ပက်စက်စက် ပြောမထွက်အောင် အခက်ကြုံနေလေ၏။
သို့ဖြင့် ကြာပဒုံအပေါ် အရူးအမူးချစ်ခဲ့မိသော ၀မ်လန်း၏အချစ်မှာ မူလပဋ္ဌမကကဲ့သို့ လေးနက်ခြင်း မရှိတော့ မူ၍ အလေးချိန်လျော့သထက် လျော့၍သာလာခဲ့လေ၏ ဒေါသကိုမြိုသိပ် ရခြင်းမှာ လည်း ပေါက်ကွဲ၍ ထွက်ရန် အားယူ၍နေသလိုသာဖြစ်လေ၏။
ပို၍ဆိုးလာသောအကြောင်းတခုကား၊ သူငယ်ပြန်နေသော ၀မ်လန်း၏ ဘခင်မှာ တနေ့တွင်ကြာပဒုံ ကိုသွား၍ မြင်တွေ့ခြင်းပင်ဖြစ်လေ၏ အဘိုးကြီးမှာ နားလေး မျက်စိမွဲနှင့် အရွယ်ကြီးရင့် လှပြီဖြစ် သည့်အတိုင်း သတိကင်းလွတ်၍နေပြီဖြစ်ရာ၊ အိမ်တွင် ကြာပဒုံ ရောက်နေခြင်းကို မသိမမြင် ဂရုမပြု မိပေ၊ ၀မ်လန်း ကား မိမိမယား တယောက်ထပ်ယူထားသည့် အကြောင်းကို ဘခင်အား ပြောမပြခဲ့၊ ထိုနေ့၌ အဘိုးကြီး သည် အိပ်ရာမှ နိုးလာသူတဦးကဲ့သို့ ပြောင်းလဲနေသောအိမ်ကို တွေ့မြင်ရလေ ၏ လှုပ်လှုပ်-လှုပ်လှုပ် နှင့် လျှောက်လာခဲ့ပြီး အလယ်ခန်းတွင် ကာရံထားသော အခန်းဆီး၏နောက် တွင် ၀မ်လန်းသည် ကြာပဒုံ နှင့် အတူ ရေကန်ကလေးအနီး၌ ယှဉ်တွဲကာရပ်လျက်ရှိလေရာ အဘိုးကြီး ၏ မျက်လုံးများသည် ဖီးလိမ်း ဆင်ပြင် ထားသော ကြာပဒုံကိုသွား၍မြင်မိလေ၏။
"အောင်မယ်-အိမ်ထဲ ဘယ်က ဖါသယ်လဲရောက်နေတာ"ဟု တအံ့တသြဟစ်အော်လိုက်လေ၏။
ထိုနေ့မှစ၍ အဘိုးကြီးမှာ ကြာပဒုံကို မုန်းတီးခြင်းကြီးစွာဖြင့် သူငယ်ပြန်ရာမှ သတိပြန်ဝင်လာလေ ၏ မကြာ မကြာ ကြာပဒုံ၏ အခန်းဝသို့သွား၍ "ဟဲ့ဖါသယ်မ"ဟု အော်ခေါ်လေ၏ ရံဖန်ရံခါ အခန်း ဆီးကို ဆွဲလှစ်လျက်၊ ထွီ-ခနဲ တံထွေးထွေးလေ၏ တခါတရံ စိတ်ကောက်နေသော ကလေးလို ခဲကလေးများဖြင့် ရေကန်ထဲမှ ရွှေငါးကလေးများကို ပစ်လေ၏ ၀မ်လန်းမှာ ကြာပဒုံစိတ်ဆိုးမည်ကို လည်းကြောက်၊ ဘခင်ကြီး ကိုလည်း မပြောရဲနှင့် နှစ်ယောက်အကြားတွင် ဗျာများရပြန်လေ၏။
တနေ့သ၌ ၀မ်လန်းသည် ကြာပဒုံ၏အော်သံလိုကြားရသဖြင့် အခန်းထဲသို့ပြေးဝင်သွားသောအခါ၊ မိမိ၏ အမွှာပူး ခလေးနှစ်ယောက် က၊ သူတို့အစ်မ-ဆွံ့အနေသော ခလေးမကလေးကို ခေါ်လျက်၊ ကြာပဒုံအနီး၌ ရောက်ရှိ နေကြသည်ကို တွေ့ရလေ၏ ၀မ်လန်း၏ သားသမီးများအနက်၊ အကြီး ယောကျာ်း ကလေး နှစ်ယောက် ကား၊ ကြာပဒုံဘာကြောင့် အိမ်ရောက်နေသည့် အကြောင်းကိုနား လည်လျက်၊ ရှက်တက်တက် ဖြစ်နေကြ၏ အငယ်အမွှာပူး ကလေးနှစ်ယောက်မှာမူ၊ ကြာပဒုံကို ချောင်းကြည့်ရ နှာခေါင်း ကို ပွစိပွစိလုပ်၍ ကြာပဒုံကိုယ်မှရေမွှေးနံ့ကိုရှုရှိုက်ကြ၊ အချင်းချင်း တအံ့တသြပြောကြ၊ ထမင်း စားပြီး၍ ဥသြမယ် ပြန်သိမ်းလာသော ကြာပဒုံ၏ ထမင်းပုဂံကို လက်ကလေးများနှင့် နှိုက်ကြနှင့် ကြာပဒုံကို အထူး အဆန်း တခုလို သဘောထား၍ နေကြလေ၏ ။
အခါ များစွာလည်း ကြာပဒုံကထိုခလေးများကို ပလိပ်ရောဂါ ထက်ကြောက်ကြောင်း၊ ၀မ်လန်းအား ပြောဆို တိုင်တန်း ခဲ့ဘူး၏ ခလေးများကို မမြင်ကွယ်ရာ တချောင်ချောင်တွင် သော့ခတ်၍သိမ်းထား ရန်အထိပင် ပြောခဲ့ဘူး၏ သို့သော်-၀မ်လန်းမှာ ရင်သွေးများဖြစ်နေသည့်အတိုင်း ကြာပဒုံပြောသကဲ့ သို့ မည်သည့် နည်းနှင့်မျှ မလိုက်နာနိုင်ပေ၊ သို့ဖြစ်၍ထိုကိစ္စကို ရယ်စရာလုပ်ပစ်လိုက်ကာ
"ကွာ-ခလေးတွေ ကလဲ သူတို့အဘေလိုချစ်စရာကောင်းတဲ့ မျက်နှာကလေးကို ကြည့်ချင်ကြတာ ပေါ့ကွ" ဟု ပြန်ပြောလိုက်လေ၏ သို့သော် ကလေးများကိုမူ၊ နောက်တစ်ကြိမ် ကြာပဒုံ၏အခန်းထဲ မ၀င်ကြရန် နှုတ်ဖြင့် တားမြစ်သတိပေး၍ ထားလေ၏ ခလေးများကားပြောသည့်အတိုင်း ဘခင်ရှေ့ ၌ မ၀င်ဘဲနေကြ၏ သို့သော် ဘခင်မျက်ကွယ်ရောက်သည်နှင့် တပြိုင်နက်၊ ၀င်ဖြစ်အောင်ဝင်ပြန် လေသည်။ ဆွံ့အ၍ နေသော သမီးအကြီး ကလေးသာ သူ့ဘာသာသူ အိမ်ပေါက်ဝ၌ထိုင်၍ ပြုံးလိုက် ရယ်လိုက် ကစားလိုက်နှင့်နေရှာ၏။
ထိုနေ့၌ကား သားအကြီးနှစ်ယောက်မှာ ကျောင်းသို့သွားမြဲသွားကြလေ၏။
ထိုအခါ အိမ်တွင်ကျန်ရစ်ခဲ့သော အမွှာပူးကလေးနှစ်ယောက်က သူတို့ အစ်မကိုလည်း ကြာပဒုံကို  မြင်စေ လိုသဖြင့် လက်ကိုဆွဲ ကာ ကြာပဒုံ၏ အခန်းထဲသို့ ခေါ်သွားလေ၏ ခလေးမကလေးမှာ ပြောင်လက် သော အ၀တ်အစား များနှင့် ကြာပဒုံအားမြင်လျှင် ၀မ်းသာအားရလက်ကလေးနှင့် သွားကိုင်၍ကြည့်လေ၏ ထိုနောက် ရယ်လေ၏ ထိုအခါကြာပဒုံမှာ ထိတ်လန့်လျက်၊ အော်လိုက်မိ ခြင်းဖြစ်ပေ၏
ဝမ်လန်း သည် ထိုအော်သံကြောင့် အခန်းထဲသို့ ပြေးဝင်သွားသောအခါ ကြာပဒုံမှာဒေါသဖြင့် တဆတ်ဆတ် တုံ၍ နေလျက်၊ ရယ်မောနေသောခလေးကို လက်ကလေး တခါခါနှင့် ကာရင်း။
"ဒီကောင်မကလေး အနားလာလာနေရင် ကျုပ်ဒီအိမ်မှာမနေချင်ဘူး၊ ကျုပ် ဒီအရူးအပေါ ကလေးတွေကို ဆဲမိ လိမ့်မယ်၊ အစကသာ ဒီလို အရူးအပေါကလေးတွေ ရှိမှန်းသိရင် ကျုပ်ဒီအိမ်ကို လိုက်တောင် မလာဘူး၊ သောက်ကြိုးနဲ ညစ်ပတ်တဲ့ခလေးတွေ" ဟု အော်၍နေလေ၏ ထို့နောက် နှမကလေးကိုလက်ဆွဲလျက်၊ အနီး၌ ရပ်နေသော ၀မ်လန်း၏သားကလေးအား တွန်းပစ်လိုက်လေ၏
ထိုအခါ မြိုသိပ်၍ထားရသော ၀မ်လန်း၏ ဒေါသသည် ပေါက်ကန်၍ထွက်လေ၏ ချစ်လှသော ရင်သွေး ကလေး များကို ထိပါးပြောဆိုခြင်းခံရသောအခါ၊ ငုံ့ခံမနေနိုင်တော့ဘဲ။
"ဟေ့-ဟေ့- ငါ့သားသမီးတွေကို ဆဲတာ ဆိုတာ ငါမကြားချင်ဘူး၊ ဘယ်သူက ဆဲဆဲငါမကြိုက်ဘူး၊ မင်းလို သားသမီး တယောက် မှ မွေးမပေးနိုင်တဲ့မိန်းမမျိုးက ဆဲတာလဲ ငါမခံနိုင်ဘူး"ဟု ပြောလိုက် ကာ ခလေးများ ကို ခေါ်လျက်။
"ကဲသွားကြ-သွားကြ-ငါ့သားငါ့သ္မီးတို့၊ ဒီအခန်းထဲကို နောက်ဘယ်တော့မှ မလာကြနဲ့တော့ ဒီမိန်းမ ဟာ မင်းတို့ကို ချစ်တာမဟုတ်ဘူး၊ မင်းတို့ကိုချစ်တာမဟုတ်ဘူး၊ မင်းတို့ကို မချစ်ရင် မင်းတို့အဘေဖြစ်တဲ့ ငါ့ကိုလဲ မချစ်ရာ ကျတာဘဲ"ဟု ပြောလေ၏ ထို့နောက်သမီးအကြီးကလေး အား၊ "ကဲ-မင်းကလဲ မင့်နေရာ မင်းပြန် သွားကွဲ့"ဟု ပြောလိုက်လျှင် ခလေးမကလေးသည် ပြုံး၍ နေလေ၏ထိုအခါဝမ်လန်းသည် ခလေး၏ လက်ကို ဆွဲလျက် အပြင်သို့ခေါ်သွားလေ၏ ။
ဝမ်လန်း မှာမိမိအလွန်ချစ်လှသော ဒုက္ခသယ်သမီးအကြီးကလေးကို ကြာပဒုံက စော်စော်ကားကားအရူး အပေါ ကလေးဟု ခေါ်လိုက်ခြင်းအတွက်ကြီးစွာ ဒေါသထွက်မိလေ၏ ထိုနေ့မှစ၍ ၀မ်လန်းသည် နှစ်ရက် တိတိ ကြာပဒုံထံ မသွားဘဲ ခလေးများနှင့်သာ ကစား၍နေလေ၏ သို့သော်နှစ်ရက်လွန် မြောက်၍ ကြာပဒုံထံ ရောက်သွားသောအခါ၊ မည်သူကမှစ၍ ထိုအကြောင်းကိုစမြုံ့မပြန်ဘဲ မေ့ပျောက်၍ ပစ်လိုက်လေ၏ ၀မ်လန်းဝင်သွားသောအချိန်၌၊ ကြာပဒုံမှာ ၀မ်လန်းအဒေါ်နှင့် ထိုင်၍ လဘက်ရည် သောက် နေ လေ၏။
ထိုနေ့၌မူ၊ ခါတိုင်းကဲ့သို့ဝမ်လန်းအား အစောင့်ခိုင်းမထားတော့ဘဲ
"ကိုင်း ကျမသခင် လာနေပီ" ဟု ၀မ်လန်း၏အဒေါ်ကိုနှင်၍လွှတ်ပြီး ထိုမိန်းမအခန်းထဲမှ ထွက်သွား သည်အထိ ရပ်၍နေလေ၏ ၂ ယောက်တည်းကျန်သောအခါ ကြာပဒုံသည် ၀မ်လန်းအနီးသို့ လျှောက်သွားပြီး လက်ကိုဆွဲလျက်၊ သူ့မျက်နှာတွင် အပ်ပြီးမြူးချိုသလို အမူပိုပိုနှင့်နမ်းရှုတ်လိုက် လေ၏ သို့သော် ၀မ်လန်းကား ခါတိုင်းလောက် စိတ်မပါတော့ပေ။
သို့ဖြင့် နွေရာသီကုန်ဆုံးခဲ့လျက်၊ တဖြူးဖြူးတိုက်ခတ်သော လေပြေတွင် မိုဃ်းနံ့ကလေးများ ပါ၍ လာလေ၏ ထိုအခါ ၀မ်လန်းမှာအိပ်ရာမှနိုးသလို သတိဝင်၍လာလေ၏ တနေ့သ၌ တံခါးဝ၌ သွား၍ ရပ်ကာ လယ်ကွင်း များကိုမျှော်၍ကြည့်နေလေ၏ ထိုအချိန်တွင် ရေလည်းကျသွားပြီဖြစ်သဖြင့် လယ်ကွက်တွေမှာ နေရောင် တွင် တောက်ပြောင်၍ နေလေ၏။
ဝမ်လန်းသည် ကိုယ်မှ အကျီကို ၎င်းခြေထောက်မှ ခြေအိတ်ဖြူနှင့် ကထီပါဘိနပ်များကို၎င်း ချွတ်လေ၏ ကိုယ်၌ဘောင်းဘီနှင့် ကိုယ်အထက်ပိုင်း ဘလာဟင်းလင်းကျန်သောအခါ ဘောင်းဘီ ကို ဒူးအထိ လိပ်၍ တင်လိုက်ပြီး ကြန့်ခိုင်စွာရပ်လျက်။
"ပေါက်ပြားနဲ့ ထွန်တုံးဘယ်မှာလဲဟေ့- ဂျုံစိုက်ဘို့မျိုးစေ့တွေကော-ချင်းရေ လာစမ်းပါအုံး ခင်ဗျား လူတွေ လဲ ခေါ်စမ်းပါအုံး ကျုပ်လယ်ထဲဆင်းတော့မယ်"ဟု တကျော်ကျော်ဟစ်အော်ခေါ်ငင်၍ နေလေ၏
နှစ်ဆယ့်နှစ်
ဝမ်လန်းမှာ တခဏချင်းစိတ်ပြောင်းကာ လယ်အလုပ်ကို ပြန်၍စိတ်ဝင်စားသွားလေ၏၊ အချစ်တွင် နစ်မြော နေသောစိတ်မှာ အလုပ်ကိုမက်မောသော စိတ်ဖြစ်လာလေ၏၊ ထိုနေ့တနေ့လုံး လယ်ထဲတွင် လုပ်သား များနှင့် အတူ မမောမပန်း ဝင်၍လုပ်နေလေ၏။ ထိုည လယ်ထဲမှ ပြန်လာသောအခါ ဖုတ်အလူးလူး ရွံ့အလိမ်း လိမ်းနှင့် အခန်းဆီးကိုဆွဲမပြီး ကြာပဒုံ့ အခန်းထဲသို့ ဝင်သွားလေ၏၊ ပေပေ ရေရေ နှင့် အနား ကပ်လာသော ဝမ်လန်းကိုမြင်န၏လျှင်ကြာပဒုံသည် လန်၍တချက်အော်လိုက်ကာ တုံ၍နေလေ၏။
သို့သော် ဝန်းလန်းက ရယ်မောပြီး ပေကျန်သော သူ့လက်ကြီးများဖြင့် နူးညံ့ပြော့ ပြောင်းလှသော ကြာပဒုံ၏ လက်ကလေးများကို ဆုပ်ကိုင်လိုက်ပြီးလျှင်
''ကဲအဆုံးကျတော့မင်းယောက်က်ျားဟာ လယ်သမားတယောက်ဖြစ်ပီးမင်းဟာ လယ်သမားမိန်းမ ဖြစ်တဲ့ အကြောင်း သိပလားဟေ့ '' ဟု မေးလိုက်လေ၏။
ထိုအခါ ကြာပဒုံက '' အို-ကြာကြာဟာ လယ်သမားမိန်းမဟုတ်ဘူး၊ မောင်သာ ဘာကြီးဖြစ်နေဖြစ်နေ ''ဟု ပြန်၍ ပြောစဉ်၊ ဝမ်လန်းလည်း ရယ်မောလျက်။ အခန်းထဲမှထွက်ခဲ့လေ၏ ထိုနောက်ရွံ့အလူးလူးနှင့်ပင် ညစာကိုစားလေ၏ ညအိမ်ရာဝင်ကာ နီးမှသာ ကိုယ်မှ ရွှံ့နွံ့များကို မဆေးချင် ဆေးချင် ဆေးကျော၍ ပစ်လေ၏။ ဆေးကျောရင်းလည်း တခါရယ်ပြန်လေ၏၊ ထိုရယ် ခြင်းမှာ အနှောင်အဖွဲ့မှ လွတ်မြောက် သော ရယ်ခြင်း သာ ဖြစ်လေ၏။
ဝမ်လန်းသည် လယ်ကိုနေ့တိုင်းဆင်းလေ၏။ လယ်အလုပ်ပြီး၍ အိမ်ပြန်ရောက် သောအခါ၊ အိုလင် ချက်ပြုတ် ပေးသမျှ ကို မြိန်ရှက်စွာစားသောက်လေ၏။ ယခုအခါ ကြာပဒုံ ရွံ့မုန်းသော ကြက်သွန်ဖြူ ကိုပင် စားလေ၏။ ကြာပဒုံက အနံ့ မခံနိုင်သဖြင့် နှာခေါင်းကလေး ကို လက်နှင့်ပိတ်ထားပြီး အော်ဟစ် ရယ်မောပြီး တမင် အရွဲ့တိုက်၍ နှာခေါင်းနားကပ်ကာ လေကို မှုတ်ထုတ်လေ၏။ သူ့စိတ်ထဲ၌ ငါစားချင်တာစားမယ်၊ ဘာဖြစ် သလဲ အနံ့နံ့ရင် သူအောင့်ခံပေစေဆိုသော စိတ်များ ဝင် ၍ လာ လေ၏။ ယခင်ကမူ ကြာပဒုံ ရင်ခွင်ထဲ မှာသာ အစဉ်နေလိုသော စိတ်ရူးဖြင့် ပတ်ဝန်းကျင်ကို မေ့ခဲ့၏၊ ယခုကား ချစ်တုံးသာချစ် လိုက်လျက်၊ ချစ်ပြီးလျှင် အလုပ်ကို ပြန်၍ သတိရလာ၏။ သို့ဖြစ်လေရာ ကြာပဒုံမှာ သူ့စိတ် ကို ဖျော်ဖြေဘို့ သက်သက် အိမ်တွင် အလှထားသော ကစားစရာ မိန်းမ တယောက်သာ ဖြစ်လာလျက်၊ အိုလင်မှာမူ အိမ်ထောင် ကို ထိမ်းရသော တကဲ့ အိမ်သူ စစ်စစ်အရာ၌သာ ရှိ လေသတည်း။
တနေ့တခြား စီးပွါးဥစ္စာ တိုးတက် လာသောဝမ်လန်း၏သတင်းမှာ တရွာလုံးတွင် ပြန်နှံ့ ထင်ရှားခြင်း ရှိလေ၏။ ကြာဗဒုံ အကြောင်းကို ရေးတယူ ဂရုတစိုက် ထည့်သွင်းစကား ပြောနေ ကြသည်ကို ကြားရ သော အခါ၊ ဝမ်လန်းမှာ တနည်း ဂုဏ်တက်မိပြန်လေသည်။ ဝမ်လန်း၏ စီးပွားရေးအခြေနေကို သတင်း လွှင့်သူ များတွင် ဝမ်လန်း၏ ဦးလေးလည်းတ ယောက်အပါ အဝင်ဖြစ်လေသည်။ သို့ဖြစ်လေရာ တရွာလုံးမှာ ဝမ်လန်း အပေါ်တွင် ရိုသေလေးစား၍ လာကြလေ၏။ အခက်အခဲများတွေ့လျှင် ဝမ်လန်းထံလာ၍ အကြံဥာဏ် တောင်းကြ၏။ အငြင်းအခုန်မြေတရား လယ်တရားများ ဖြစ်ပွါးလျှင်၊ ဝမ်လန်းအား ခုံလူကြီး တင်မြောက်၍ ဆုံးဖြတ်စေလေ၏၊ အတိုးအပွါးဖြင့်လည်း ငွေချေးကြ၏။
ထို့ထက်ပို၍ ဂုဏ်တက်မိပြန်ခြင်းကား၊ ၎င်း၏သားကြီးမှာ ယခုအခါ စာရေးထက် ဘတ်တတ်ပြီဖြစ်၍၊ စပါး အရောင်း အဝယ် လုပ်ငန်းတွင် စာချုပ်စာတမ်းများကို ကူညီရေးသား ပေးနိုင်ခြင်းပင်ဖြစ်၏ ၀မ်လန်းမှာ တခါက မိမိအားသရော်ပြောင်လှောင်၍ လွှတ်လိုက်သောစာရေး များရှေ့တွင်၊ စာများကို ကျယ်လောင်စွာ ဘတ်လျက် လက်မှတ်ထိုးတန်ထိုး၊ ရေးတန်ရေးလုပ်နေသော သားကလေးကိုဘန်းပြကာ၊ ခတ်ကြွားကြွား ရပ်၍၊ နေမိလေ၏။
တနေ့သ၌သားအဘ ၂ ယောက်စပါးအရောင်းအ၀ယ်ဌာနမှ ပြန်ခဲ့ကြရင်း ၀မ်လန်းမှာ၊ လမ်းတလျှောက်လုံး သားအတွက် စဉ်းစားစိတ်ကူး၍ လာလေ၏ယခုအခါ ထိုသားအကြီးမှ လူလားမြောက်ခဲ့ပြီဖြစ်ရာ ၀မ်လန်းမှာ စိတ်ထဲ၌ "အင်း သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တဲ့၊ အခုငါ့သားဟာ ခလေးမဟုတ်တော့ဘူး အရွယ် ရောက်လာပီ သင့်တော်မဲ့မိန်းမတယောက်တော့ ရှာပေးစားမှဘဲ၊ ငါ့တုံးကလိုဆင်းရဲသား သားသ္မီး မဟုတ်တော့၊ သူများတကာမလိုချင်လို့ ဘေးဘယ်ပစ်ထားတဲ့ အကျွင်းအကျန်ကို သူတောင်းစား လို မျက်နှာငယ် နဲ့ ကိုယ်တိုင်သွားတောင်း ယူဘို့မလိုဘူး မိဘချင်းစပ်ဟပ်ပြီး ပေးစားမှဖြစ်မယ်"ဟု စိတ်ကူး၍ လာခဲ့လေ၏။
သို့သော် ချွေးမရှာရသည်မှာ လွယ်ကူသော အလုပ်တခုမဟုတ်ပေ သာမာန် အမျိုးထဲကလည်း အလို မရှိပေ၊ သို့ဖြစ်လေရာ၊ တနေ့ချင်းနှင့် ၂ယောက်တည်းတွေ့စဉ် "ချင်းမှာ" ယုံကြည်စိတ်ချရသူ တစ်ဦး ဖြစ်သည့် အတိုင်း ၀မ်းထဲမှအကြံကို ဖွင့်ဟ၍တိုင်ပင်လေ၏။
"ချင်း" သည်ဝမ်လန်းပြောသမျှကို ခတ်ရို့ရို့နားထောင်လေ၏ "ချင်း" မှာ အမြဲသဖြင့် နေရာထား၏ ၀မ်လန်းမှာ မိမိ၏ကျေးဇူးရှင်လည်းဖြစ်လျက်၊ သူဌေး တယောက်လည်း ဖြစ်နေဖြင့် ၀မ်လန်းက မည်သို့ပင် တန်းတူလိုသဘောထားကာ အတူထိုင်ခိုင်းစေကာမူ မထိုင်ဘဲနေလေ၏ အတူထိုင်ခိုင်းစေကာမူ မထိုင်ဘဲ နေလေ၏ ၎င်းသည်ဝမ်လန်းစကားဆုံးသွားသည်နှင့် တပြိုင်နက် ဟင်းခနဲသက်ပြင်းတချက်ချလိုက်ပြီး " ကျုပ်သ္မီး ကလေးသာရှိရင် ကျုပ်မောင့်ကိုကျေးဇူးဆပ်တဲ့သဘောနဲ့ ကျုပ်သ္မီးကလေးကို ပေးပါရဲ့၊ အခုတော့ ကျုပ်သ္မီးကလေးလဲ ဘယ်ဆီရောက်နေတယ်မသိရ၊ သေတဲ့သေပလား မပြောတတ် တော့ပါဘူး" ဟု တိုးတိုးသက်သာပြန်ပြောလေ၏။
ထိုအခါ ၀မ်လန်းက ကျေးဇူးတင်စကားပြန်၍ပြောလေ၏ သို့သော် "ချင်းမှာ" လူကောင်း တယောက် ပင် ဖြစ်စေကာမူ "ချင်း"ကဲ့သို့သာမာန်လယ်သမားတယောက်၏ သ္မီးကိုအလိုမရှိပေ၊ "ချင်း" ထက်အဆင့် အတန်းမြင့်သော လူချမ်းသာ တယောက်ယောက်၏ သ္မီးမျိုးနှင့်သာ၊ သားကို ပေးစားလို့ရကား ထို အကြောင်း ကို ဆက်လက်မတိုင်ပင်တော့ဘဲ၊ ကိုယ်တိုင်သာစိတ်ကြိုက် ချွေးမလောင်းကို ရှာဖွေ၍ နေလေ၏။
ဆက်ရန်
.
1 comment:
မေဓာဝီ said...
ကောင်းတယ်။ ဘယ်သူဆိုးတယ် ဘယ်သူကောင်းတယ်ဆိုတာ တဖြည်းဖြည်းနဲ့ သိလာမှာပဲ။ ၀မ်လန်း အမြင်မှန် နည်းနည်းရလာလို့ ၀မ်းသာလိုက်တာ။ ဒီအပိုင်း ဖတ်ရတာ သဘောကျလို့ ၂ ခေါက်ပြန်ဖတ်ဖြစ်တယ်။