အချိန်မတော် အိမ်ပေါ်တက်သူ
ညက လူရိပ်နှ့် စာအုပ်ရောင်း စာရေးမနှင့် ဘယ်လိုဆက်စပ်သလဲဟု ကျမက တိတိကျကျ သိလို၍ ပြန်မေးရပါသည်။ သည်စာရေးမက ညညကျလျှင် သူနှင့် ကြိုက်နေသူ အလုပ်ခန်းထဲက ယောက်ျား တယောက် က အိမ်ပေါ်တက်၍ လာတတ်သည်။ လာလျှင် အိမ်နောက်ဖေး လှေခါးမှ တက်လာပြီး နောက်ဖေး ဘက်ရှိ ၀ါးရံတာကာထားသော လသာဆောင်မှာ တလှည့်၊ ရေချိုးခန်းအတွက်က ၀ါးရံတာ ဘက်မှာ တလှည့်ဧည့်ခံသည်၊ ဧည့်ခံသော ပစ္စည်းထဲတွင် အရက်နှင့် စီးကရက်လဲပါသည်။
သူသည် ဘိလိယက်ခန်းသို့ ပို့ပေးရသော အရက်ပုလင်းများ၊ စီးကရက်ဘူးများကို စတိုးကီပါကဲ့သို့ ကိုင်ထိန်း ရသူဖြစ်သောကြောင့် တနေ့ တနေ့ကုန်သမျှ အရက်ပုလင်းများ၊ စီးကရက်ဘူးများက ကျန်သမျှ စုဆောင်း လိုက်သောအခါ စီးကရက်ဘူး တ၀က်လောက်နှင့် အရက်ပုလင်းတ၀က် လောက် အမြဲရသည်။ ဒါတွေနှင့် ညအခါ လသာဆောင်မှာ အချိပ်အဆက်လုပ်ပြီး အမြဲခေါ်တွေ့ သည်။ မနေ့ညက ဆရာမကြီးမြင်ရသော ယောက်ျား တဦး အရိပ်ဆိုသည်မှာ ထိုစာရေးမဆီသို့ လာနေကျ လူဘဲ ဖြစ်ပါမည်ဟု ဆိုပါသည်။ ထိုမျှမကသေး သူအိပ်သော အခန်းထဲရှိ စာအုပ်စင် ကြာထဲမှ အရက်ပုလင်း တ၀က် နှင့် စီးကရက် သံဘူး တခုလဲ တွေ့ခဲ့ပါသည်။
သွားယူပြမည်ဆိုပြီး သွားယူပြပါသည်။ ထိုစာရေးမမှာ လင်သေသွားသူ မုဆိုးမ ဖြစ်၍ လွတ်လပ်သူ ဖြစ်သည်။ သူကြိုက် လိုသူကို ကြိုက်နိုင်ပါသည်။ ယူလိုသူကလည်း ယူနိုင်ပါသည်။ သို့ရာတွင် ညအချိန် မတော်မှာ အိမ်ပေါ်ကို ကျူးကျော်ဝင်ရောက်စေရန် နောက်ဖေးလှေခါးမှ လမ်းဖွင့်ထားပေးခြင်းက မသင့်တော် ရုံမက တဆင့်တက်၍ အိမ်ရှေ့တံခါးဝသို့ ကျူးကျော်လာပုံက ဆန်းလှသည်။ ထိုသူမှာ အလုပ်တိုက် ထဲက ဆိုသော်လည်း မည်သူ မည်ဝါ ဖြစ်သည်ကို မသိရသေးပါ။ သို့ကြော်င ၎င်းလူးကို သိသလား ဟု မေးတော့မှ တဏှာ့ကျွန်သက်ကြားအို၏ ဆွေထဲ မျိုးထဲက လူတယောက်ဟု ပြောပြသည်။ ၎င်းသည် ထွန်းကြွယ်၊ တင်မောင်စ သူတို့နှင့် ညီအကို ၀မ်းကွဲတော်လျက် မိုနိုစာစီဋ္ဌာနဘက်မှာ အလုပ်သင် ပေးပြီး ခိုင်းထားသူ ဖြစ်သည်။
ကောက်ကျစ်စဉ်းလဲမှု အမျိုးမျိုးတွေကို လျှိုဝှက်သိပ်သည်းစွာ အသုံးပြုနေပြီဖြစ်ကြောင်း အစပေါ် လာပြီ ဖြစ်၍ တဏှာ့ကျွန်ကြီး၏ ဆွေနီးမျိုးစပ်တော်သူကို အချိန်မတော်အိမ်ပေါ်ခေါ်၍ လက်ခံနေ သူ စာရေးမကို ခေါ်ပြီး ညည်းဘာသာ အပြင်မှာ လွတ်လပ်စွာ သွားနေလျက် နေ့ဘက်မှ အလုပ် ဆင်းပါတော့ဟု ပြောလိုက် ရပါသည်။ ထိုစာရေးမမှာ ဖဆပလ ကွက်သစ်မှာ သူ့အိမ်ခန်းလည်း ရှိ ပါသည်။ လွတ်လပ်နေသူလဲဖြစ် အဖော်လဲ ကောင်းသောကြောင့် စားရေး၊ နေရေးပါ ပို၍ ချောင်လည်စေရန် ကျမအိမ်မှာ လာနေခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ သူ့အိမ်၊ သူ့ယာသို့ ပြန်နေဘို့ ပြောသော်လည်း ယခင်က အတိုင်းဘဲ မနက် အစောကြီး အလုပ်လာ၍ ညစာပါစားပြီးမှ ပြန်သွားနေ ကြ ဖြစ်ပါသည်။
ဤတွင် ညအိပ် အဖေါ် မိမ္မတဦးလျှော့သွားသည်။ ကရင်မကလေးများမှာ ရိုးရိုးအအကလေးတွေ သာဖြစ်၍ ကွေ့လိမ်ရှုပ်ထွေးသေ လူမှုရေးတွေကို နားမလည်ရှာကြသူများဖြစ်ရာ၊ မုဆိုးမအဒေါ်နှင့် တူမစလေသူတို့ နှစ်ဦးထည်း လွတ်လွတ်လပ်လပ်ကြီး ကျန်ရစ်ပါသည်။ သို့ရာတွင် ကျမမှာ စလေသူမ အပေါ် မကျေမလည်ကြီး ဖြစ်လာသည် ယခင်ဖေါ်ပြခဲ့ဘူးသည့်အတိုင်း ဆက်စပ်မရ သေးသောကြောင့် အကြောင်းရင်း ထုတ်ပြောမည့်သူ မရှိသေးသောကြောင့် ကျမ၏ရောဂါနှင့် မတည့်သော အစာတွေကို သူကလက်ဝါးကြီးအုပ်၍ လုပ်ကိုင်ကျွေးနေသည်မှာ ကျမ အသက်ကို သေကြောင်းကြံတာနှင့် တူနေသည်ဟု အယူရှိလာခဲ့သည်။ ထိုကြောင့် သူတို့ အတွင်းရေး ရှုပ်ထွေး ငြိတွယ်နေကြောင်း တပ်အပ် မသိမှီကပင် ကျမ အိမ်ပေါ်တွင် မနေစေချင် နှင်ချချင်သောစိတ်က ဖြစ်ပေါ်လာပါသည်။
ထို့ကြောင့် ညနေပိုင်းမှာပင် သူ့ဦးလေးပညာရေးဋ္ဌာန ဒုတိယအတွင်းဝန် ဦးပုရုံးအဆင်း၌ အိမ်ဝင် လာသော အခါ ပြန်ခေါ်သွားပါတော့ အလုပ်ကိုလဲ နေ့ဘက်မှာသာ ဆင်းပါစေတော့ဟု ပြော၍ ပြန်ထည့်လိုက်ရသည်။ ယခင်တနှစ် ဆီက ကျမ၏ ဝေယျာဝစ္စ လုပ်ကိုင်ပေးရသော အိမ်ဖေါ် လူဟောင်းသားအမိနှင့် မတည့်သော ကြောင့် ဦးပုအိမ်ကိုဘဲ တခါပြန်နေစေဘူးသည်။ ယခုအကြိမ် မှာ ဒုတိယအကြိမ်ပြန်နေစေရခြင်း ဖြစ်ပါသည်။
ဦးပု၏ နှမမုဆိုးမနှင့် ဦးပုသမီးများသည် သက်ကြားအိုနှင့် စလေသူမ၏ အတွင်းရှုပ်ကို သိလျက်နှင့် မသိယောင် လုပ်၍ နေကြသည်။ ထိုအချိန်ထိအောင် အရိပ်အမြွက်ကလေးမျှ မပြောကြပါ။ ဒီအထဲမှာ စာအုပ်ရောင်းသူ စာရေးမကို အဆင်းတွန်းလွှတ်ကြပြန်သော်လည်း ထိုနေ့ညနေမှာဘဲ သူတို့ တူမ စလေသူမအား ကျမက ပြန်ထည့်လိုက်သောအခါ အကြံပျက်၍ မျက်နှာမသာမယာ ဖြစ်ကုန်ကြပါသည်။ စလေသူမ ကလည်း ရှိုက်ကြီး ငင်ကြီးငိုကာ ဒီအိမ်က မခွါပါရစေနှင့်ဟု သူတို့ကို ပြောသည်၊ ကျမ ကကိုလည်း လာကန်တော့လျက် ငိုကြီးချက် မလုပ်ခါ ၀က်သားပြုတ်ကိစ္စကို သင်္ကာရှင်းသေးသည်။ ဦးလေး က ရယ်စရာ ပြောင်ပြောဒါပါဟုလည်း ၀န်ခံသေးသည်။ ကျမ အ လုပ်ပုံက ဒီအချိန် ဒီနာရီအထိ ဦးလေး ဆိုဒါကြီး နှင့် မတော် တရောက် မထင်မိသေးဘဲ ရှိနေပါသည်။~
အသက်ဥာဏ်စောင့်အမှောင့်ဘေးနှင်
ယခင်တကြိမ်က အိမ်မှာ မနေရသော်လည်း နေ့စာစီ အချိန်မှီ ရောက်လာပြီး အလုပ် လုပ်သည်။ ညနေပြန်သည်။ ၁ရက်၊ ၂ရက် ရှိတော့ နေ့ဘက်မှာ အလုပ်မရှိ၍ ဘက် ဆင်းရသည်ဆိုသည်။ ည၁၂နာရီ ကျော်သောအခါ အခြားအမျိုးသမီးနှစ်ဦးနှင့်အတူ လင်းရိုဘာကားနှင့် ပြန်ပို့ရသည်။ စာရေးမကဲ့သို့ပင် အိမ်ကြီး အောက်ထပ်ရော အပေါ်ထပ်ပါ ၀င်ကာထွက်ကာ စားသောက်ကာဖြင့် ရှိသည်။ ယခုလည်း ဤနည်းအတိုင်း ဖြစ်ပါသည်။ ကျမသည် မယုံသင်္ကာစိတ်တွေ ဖြစ်လာပြီး ဘယ်သူပေးကျွေးသော အစာမှာ မစားဝန့်အောင် မသဒီသော စိတ်တွေပေါ်လာသဖြင့် သောက်ရေ ကိုလည်း သီးသန့်အိမ်ခန်းထဲမှာ သွင်းထားစေသည်။ ရေနွေးကိုသော်မှ အိမ်အောက်ထပ် ယူလာ သည်ကိုလက်မခံတော့ဘဲ အခန်းထဲမှာ ဓါတ်အားဖြင့် တည်သော ရေနွေးကရားကို အသုံးပြုရ သည်။
ဆရာဝန်ပေးသော ဓါတ်စာကြက်ဆွပ်ပြုတ်ကိုလည်း၊ အန္တရာယ်အကင်းဆုံးနည်းနှင့် နိုင်ငံခြားမှလာသော Essench Of Chicken ကြက်ဆီနှစ်ဖလ်ပုလင်းများကို ၀ယ်ယူပြီးသောချိန် ရောက်မှ အိမ်ခန်းထဲမှာ တည်သော ရေနွေးနှင့်ရော၍ သောက်ရပါသည်။ ကျမကို ၀ိုင်း၍ ဒုက္ခပေး နေကြပြီဆိုဒါ ရိပ်မိစ ပြုလာပါသည်။ ဒရိုင်ဘာကိုလဲ ခါတိုင်းလို အိမ်ထဲမှာ လာရောက်ရောနှောဝင် ထွက်ခွင့်မပြု၊ အထူးသဖြင့် ထမင်းစားခန်းကို ၀င်ပြီး ရှုပ်ရှုပ်ပွေပွေ လ်ုပနေမည်ကို စိုးရိမ်သဖြင့် အိမ် အပြင်ဘက်မျာသာ နေစေ တော့သည်။ ဆရာဝန်နှင့် သူနာပြုဆရာမကြီးကို သွားကြိုရ ပြန်ပို့ရသော အလုပ်နှင့် ဆေးဝါး ပစ္စည်း များလိုလျှင် သွားဝယ်သူကို လိုက်ပို့ရသော အလုပ်သာရှိသဖြင့် အခြား အချိန်များမှာ ကားမောင်း ခြင်းမပြုဘဲ အားလပ်စွာ စာဖတ်နေရသည်။ အိမ်အောက်ထပ်တံခါးများ ကိုလည်း အားလုံး ပိတ်ထား စေသည်။ လူဝင် လူထွက်ကိုလည်း ရုတ်တရက် လက်မခံတော့ဘဲ၊ ကြပ်ကြပ်တည်းတည်းပင် စည်းကား နေရ ပါသည်။
ကျန်းမာရေးအခြေအနေကို လာရောက်မေးမြန်းသယောင်ပြုကာ နောက်ဆုံးတော့ သူယုတ်မာ ဘက်သို့ပင်း၍ ရွှေပြည်အေးတရားကို နားသွင်းခြင်း၊ မလိုသူများ တိုက်ခိုက်တိုင်း မယုံကြည်ပါနှင့် ဟူ၍သာ အပြစ်ကင်းသော ရေဆေးငါးကြီးသဘွယ် ဆွယ်တရား ဟောလာကြခြင်းများသာ ဖြစ်ကြ ပါသည်။ ကောက်ကျစ်မှုတွေ၏ အစကို လက်ပူးလက်ကြပ် တွေ့ရ ခံစားထားရသူ ကျမအဘို့မှာ သည်လို လာပြောလေ အခံရခက်လေနှင့် စိတ်ထိခိုက် မခံလိုသောကြောင့် နောက်ပိုင်း၌ စကားနဲ ရန်စဲ တံခါးဖွင့် မပေးစေဘဲထားခြင်း ဖြစ်ပါသည်။ အောက်ထပ်မှ ကရင်အိမ်ဖေါ်ယောက်ျားရှာ ကလေး နှစ်ယောက် မှာ တံခါးစောင့်သက်သက်ကဲ့သို့ ရှိနေပါသည်။
တခါတရံ တံခါးမဖွင့်သဖြင့် လှည့်ပြန် သွားရသူများကလည်း သူတို့အား ဆူပူကြိမ်းမောင်း သွားကြပါ သေးသည်။
ကောက်ကျစ်ယုတ်မာနည်းနှင့် အစာမကျွေးရသောအခါ ဆရာဝန်ကို ကပ်ပြီး "ဘေးတီး" ပေးပါ သည်။ ဆရာဝန်အဆင်းတွင် အိမ်သစ်ပေါ်သို့ခေါ်ကာ ရောဂါအခြေအနေ သိချင်ဟန်ဆောင်၍ မေး သည်။ စိုးရိမ်ပူပင်သော အပြောမျိုးနှင့် စည်သွပ်ပစ္စည်းတွေ စားသုံးနေမည်ဆိုလျှင် ရောဂါသည် တဦးအနေနှင့် ကြာရှည်သင့်တင့်မည် မဟုတ်၍ ဆွပ်ပြုတ်လောက်တော့ အိမ်မှာ ပြုတ်ပေးပါစေဟု ပြောပြန်သေးသည်။ အကြံက တယ်ပြီး လက်လျှော့ချင်ပုံ မရသေးပါ။
ဆရာဝန်အမြင်နှင့် ကြည့် လျှင် စည်သွပ်ပစ္စည်းကို တာရှည်စားသုံးရန် မသင့်တော်သည်ကား မှန်ပါ၏။ သို့ရာတွင် ကျမအဘို့ က ကိုယ့်ဝမ်းနာကိုယ်သာ သိသူဖြစ်၍ မလွှဲမရှောင်နိုင်သည့်အတွက် အန္တရာယ်အကင်းဆုံးနည်း နှင့် သူ့လက်ရာများကို ရှောင်ကွင်းနေလိုက်ရခြင်း ဖြစ်ပါသည်။
ယင်းသို့ မကျန်းမာရင်းမှာဘဲ ကျမက တွေ့ရန် မလိုလားသူများအား တံခါးဖွင့်မပေးရန် အိမ်ထဲ မ၀င်စေရန် ပြင်းပြင်းထန်ထန် ကာဆီးနေရခြင်း၊ အိမ်တွင်နေသူစာရေးမနှင့် စလေသူမတို့ကို အပြင် ထုတ်ပစ်လိုက်ခြင်း၊ အလုပ်တိုက်မှ ခိုးသား(၄၀)၏ လက်ရင်း လူ ၄-၅ယောက်တို့ကိုပါ ခြံဝင်းထဲ မလာရစေတော့ဘဲ အလုပ်မှလည်း အပြစ်အသီးသီးကြောင့် ထုတ်ပစ်စေရသည်။ မန်နေဂျာမှာ အလုပ်တိုက်ကို မလာဝံ့တော့ဘဲ အလုပ်တိုက်မှ အရေးကြီးသော စာအုပ်စာတမ်းများ၊ စာရင်းအင်း စာအုပ်များကို အပြင်အပသို့ ထုတ်ယူသွားပြီး၊ ၎င်းအပြင်အပ အနီးအနား အိမ်မှနေ၍ ချယ်လှယ် ဆက်သွယ်နေသေးသည်။
ခြံဝင်းအပြင်ရှိ ဘာဂျော်ဂျီကုန်းမှ အိမ်တအိမ်မှာ ထိုအခါသမယက ဗမာ့ ခေတ်သတင်းစာ၏ တိုက်ခွဲ ဋ္ဌာနတခုသဖွယ် သူတို့ချင်း မပြေလည်သော ကိစ္စအ၀၀များကို မျက်နှာ စုံညီ ရှင်းလင်းကြသည်။ အတွင်ရေး အရှုပ်အထွေးများကိုလည်း ညှိနှိုင်းတိုင်ပင်ကာ ဖုံးစရာ ဖိစရာ တွေ ဖုံးကြဖိကြနှင့် လူမသိအောင် ကြိတ်ဝိုင်း ထောင်နေကြသည်။ နောက်ဆက်တွဲ ညစ်ပတ်မှုများ ကို ဘယ်ပုံဘယ်သို့ ရှေ့အဘို့ ခြေလှမ်း၍ ဘယ်စခန်း အရောက်သွားကြဘို့ ဆွေးနွေးမှုများကို ထိုအိမ်ငယ်တွင် စည်းဝေးတိုင်ပင်ကြသည်။ တိုင်ပင်ရင်း က အချင်းချင်း ကတုံးပေါ်ထိပ်ကွက်ကြ သည်။ အချင်းချင်းသူ့မယုံ၊ ငါမယုံ ဖြစ်ကုန်ကြသည်။ ဝေစု ဝေပုံ မတဲ့ခဲ့ကြသော ဓါတ်ခံကလည်း ရှိ ကြသည်။ ဒီလိုကိစ္စကြီးပေါ်လာရတာ သူကတိုက်လို့၊ ငါက တိုက်လို့ စသော မသင်္ကာမှုတွေမှာ ခိုးသား ၄၀၏ ခေါင်းပိုင်းတွင် အချင်းချင်း အငြင်းအခုံပြဿနာအစုံ ဖြစ်ပေါ် နေကြ သည်ဟု နောင် သောအခါ၌ သိရပါသည်။
မိုးကွက်ကြားရွာတဲ့ ဗမာ့ခေတ် ဆက်ရန်
.

No comments:
Post a Comment