Monday, April 12, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၂၇)

"ဘလက်ရည်"ဥသြမယ်က အံ့အားသင့်ဟန်ဖြင့် လှောင်ရယ်ကလေးရယ်လိုက်ပြီး၊ "ကျမတို့ဆီမှာ ကျားရိုး အရက်တို့ ဆံအရက်တို့ ဦးရေတို့ရှိနေမင့်ဟာ လဘက်ရည် သောက်နေရသေးသလား"ဟု ပြောလေ၏၊ ခေါင်းကြီး အောက်ချနေသော ၀မ်လန်းကိုတွေ့သောအခါ ဆက်လက်၍ ရှင်ဒီပြင်ဟာတွေ ဘာတခုမှ စမ်းမကြည့် ရသေးဘူးထင်တယ် ဟုတ်လား၊ ဟင်-ဇယ် အနိပ်ကလေးတွေလေ..

ဝမ်လန်းမှာ ခေါင်းမဖေါ်ရဲတော့ပေ ငိုက်စိုက်ကြီးကျနေသော ခေါင်းမှာပို၍ငိုက်ကျသွားလေ၏ မျက်နှာမှာ မီးကင် သလို ရဲရဲတောက်လာလျက် လူတိုင်းက မိမိအားသရော်လှောင်ပြောင်သလို မျက်နှာထားတွေနှင့် ၀ိုင်းကြည့်နေကြသည်ဟုထင်မိလေ၏ သို့သော် အားတင်း၍ ခေါင်းမော်ကြည့် လိုက်မိသည်တွင် မည်သူ က မျှ မိမိအားအရေးစိုက်၍ ကြည့်မနေဘဲ တဂျောက်ဂျောက်မြည်နေ သော အံစာခေါက်သံ များကိုသာ ကြားရ လေ၏ ထိုအခါခေါင်းထဲတွင် ရှုပ်ထွေးပွေနောက်သွားပြီး။

"မလုပ်ဘူးပါဘူး-မလုပ်ဘူးပါဘူး လဘက်ရည်ဘဲသောက်တာပါ"ဟု ပြန်ပြောလိုက်မိလေ၏
ထိုအခါ ဥသြမယ်က ရယ်ပြန်လေ၏ ထိုနောက်နံရံတွင် ဆွဲချိပ်ထားသော အပျိုချောကလေးများ၏ ရုပ်ပုံကို ညွှန်ပြ ပြီးလျှင်။
"အဲဒါသူတို့ပေါ့ သူတို့ပုံတွေဘဲ ဘယ်ဒင်းကြိုက်သလဲ ရွေးလေ ရွေးပြီးကျမလက်ထဲသာ ပိုက်ဆံထဲလိုက် ရှင့်ရှေ့ ရောက်အောင် ကျမပို့လိုက်မယ်"ဟု ပြောလေ၏ ။

"ဒါတွေလေ"၀မ်လန်းမှာ မယုံကြည်နိုင်အောင် ဖြစ်သွားပြီးနောက် "ကျုပ်ကစိတ်ကူးနဲ့ဆွဲထားတဲ့ ကွင်လွင် တောင်က နတ်သ္မီးတွေများလားလို့"
"ရှင်ပြောသလို စိတ်ကူးထဲက နတ်သ္မီးတွေပါဘဲ ဒါပေမဲ့ငွေသာတတ်နိုင်ရင် စိတ်ကူးက တကယ် ဖြစ်လာ နိုင်တာပေါ့" ဟုပြန်ပြောလျက် ဥသြမယ်သည် ၀မ်လန်းအနီးမှ လှည့်ထွက်သွားလေ၏၊ လမ်းတွင် တွေ့ရ သမျှသော ခေါင်းငြိမ့်ကာဖြင့် "ဟောဟိုမှာ ဂနိုင်တယောက်ဟေ့"ဟု ၀မ်လန်းကို မေးငေါ့လျက် လျှောက် သွား လေ၏။

သို့သော် ၀မ်လန်းကား ဒေ၀စ္ဆရာကလေးများ၏ ပုံကိုစိတ်ဝင်စားလျက် ကျန်ရစ်ခဲ့လေ၏၊ ပဋ္ဌမ၌ အားလုံးပင် ချောကြ လှကြသည်ဟု ထင်မိခဲ့၏။ ယခုအကြိုက်ဆုံးကို ရွေးရတော့မည်ရှိသောအခါ အချောတွေ များနေ သဖြင့် ခက်သွားလေ၏၊ သို့ဖြစ်လေရာ အားလုံးထဲမှ အချောဆုံးသုံးယောက်ကို ရွေးလေ၏ ထိုသူငယ်မမှာ လေလာ လျှင် ခွေကာလဲတော့မလို ယိမ်းနွဲ့ဟန်ချီသိကရီ ဘိုကရိုနင့် ကြာဖူး ကလေးတဖူးကို လက်တဘက် ဖြင့် ကိုင်၍ထားလေ၏။

ထိုသူငယ်မ၏ ပုံကိုကြည့်ရင်း ၀ိုင်အရက်ကိုမျိုရသလို အသွေးအသားတွေ ဆူကြွ၍လာလေ၏ "ဥသျှစ်ပင်က အပွင့်ကလေးနဲ့ တူတယ်"ဟု ရုတ်တရက်ယောင်ရမ်း၍ အသံထွက်သွားမိပြီးမှ လန့်ဖြန့် ရှက်ကြောက်ပြီးလျှင်၊ ထိုင်ရာမှလျှင်မြန်စွာထခဲ့ပြီး ပိုက်ဆံကိုပေးလျက် ဟော်တယ်မှ ခတ်သုတ်သုတ် ထွက်လာခဲ့လေ သတည်း။

ဆယ်ကိုး

အကယ်၍ လွှမ်းမိုးနေသောရေများသည် လယ်များမှာ လျှော့ကျခန်းခြောက်သွားမည်ဆိုလျှင် ၀မ်လန်းသည် လယ် အလုပ်ကို တဖန်ပြန်လည်စိတ်ဝင်စားလျက် ဟော်တယ်သို့ နောက်ထပ် ရောက်တော့မည်မဟုတ်ပေ၊ သို့တည်း မဟုတ် မူ၍ ခလေးတယောက်ယောက် နာဖျားမကျန်း ဖြစ်ခဲ့လျှင့်ဖြစ်စေ ဘခင်အိုကြီးပင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်သွားသည်ဖြစ်စေ ထိုအခါမျိုး တွင် အိမ်ကိစ္စဖြင့်မအားမလပ်အောင် ရှိနေမည် ဖြစ်၍ ၀မ်လန်းမှာ ဟော်တယ်မှ ကြာပန်းကိုင် နတ်ကညာကလေးကို မေ့လျော့ သွားဘွယ် ရှိလေသည်။

သို့သော်ရေကား လွှမ်းမိုးရာမှမကျ နဂိုအတိုင်းသာ မတုန်မလှုပ်ရှိလေ၏ ဘခင်ကြီးမှာလည်း အမြဲတန်း မှိန်း၍ သာနေ လေး၏၊ သားနှစ်ယောက် မှာလည်း နေ့အခါကျောင်းတက်သွား၍ နေကြလေ၏၊ သို့ဖြစ် လေရာ အိမ်ကြီးမှာ တိတ်ဆိတ်၍ ကမ္မဌာန်းကျောင်းသို့လိုဖြစ်နေလေ၏၊ ၀မ်လန်းမှာ ထိုတိတ်ဆိတ်ခြင်းကို သီးမခံ နိုင်ပေ၊ တိတ်ဆိတ်ခြင်းထက် ဘာမှလုပ်စရာမရှိခြင်းကို ပို၍စက်ဆုပ်မိလေ၏၊ စိတ်မှာပေါ့ပါးသော လဲပွင့် လို ကိုယ်တွင်မကပ်ဘဲ လွင့်ချင်တိုင်းလွင့်၍ နေလေ၏၊ ထိုင်လို်က်ထလိုက် လမ်းလျှောက်လိုက်နှင့် စိတ်လှုပ်ရှား တိုင်း ကိုယ်အငြမ်မနေဖြစ် နေသော မိမိအားစိတ်မချမ်းမသာစွာနှင့် နေရာမှ အကဲခတ် နေသည့် ဇနီးသယ်၏ မျက်လုံးများ ကိုလည်း မျက်နှာချင်းမဆိုင်ဝန့်ပေ။

တခုသော နေ၀င်ဖြိုးဖျ ဆည်းဆာအချိန်တွင် ၀မ်လန်းမှာ အိမ်ပေါက်ဝ၌ မတုန်မလှုပ်ရပ်နေရာမှ ဘာမပြော ညာမပြော အခန်းထဲ ၀င်သွားပြီး ပွဲလမ်းသဘင် အခါ ကျမှဝတ်ရန် အိုလင် ချုပ်ပေးထား သောအကျီ သစ်ကြီး ကို ယူဝတ်လေ၏၊ ထိုအကျီင်္မှာ တလက်လက်နှင့် ပိုးအကျီလို အရောင် ထွက်သော အကျီင်္မျိုး ဖြစ်လေ၏၊ ထိုနောက်မည်သူကိုမျှ နှုတ်မဆက်ဘဲ ရေစပ်-ကျဉ်းမြေင်း သော လမ်းကလေးပေါ်မှ လျှောက်ကာ လယ်ကွင်းများကိုဖြတ်ပြီး မကြာမီ မဲမှောင်သော မြို့တံခါးသို့ ရောက်သွားလေ၏၊ ထိုတံခါးမှ ၀င်ခဲ့ပြီး လျှင် လမ်းသွယ်လေးကို ကျော်လွှားဖြတ်သန်း လာခဲ့သောအခါ ဟော်တယ်ရှေ့ သို့ရောက်သွား လေ၏။

ဟော်တယ်ကြီး မှာ မီးတွေတတိထိန်နှင့်ရှိလေ၏၊ ကြည့်လိုက်သောအခါ မီးရောင်အောက်တွင် အ၀တ် အစား ပြောင်ပြောင် လက်လက်တွေနှင့် လှုပ်ရှားပျော်မြူးနေကြသည့် လူများကိုမြင်ရလေ၏၊ ၄င်းတို့၏ ရယ်သံမှာ တခါတခါ လမ်းထဲသို့ ပတ်သာစောင်းညှင်းသံများလို လွင့်၍ထွက်လာလေ၏၊ လှုပ်ရှား နေသော လေရဟပ်ကြီး များမှာ အထဲဝင်ခဲ့ရန်လက်ရပ်ခေါ်သလို အောက်မေ့ရလေ၏။
ဝမ်လန်းမှာ အပေါက်ဝ၌တစ်လေ၏။

တစ်ခြမ်းမှာ အပေါက်ကျဉ်းသောကြောင့် မဟုတ်၊ အကြောက် ကောင်းသောကြောင့်သာဖြစ်လေ၏ အကြောက် မကင်းသော ကြောင့်သာ ဖြစ်လေ၏ ရင်ထဲ၌ဖိုကာ ၀င်ရမည်ကို ရွံ့နေလေ၏ ပြန်လှည့်ကာ ထွက်တော့မည် အပြု၊ တံခါးဝမီးရောင်မကျတကျ မှောင်ရိပ် တွင်တံခါးကိုမှီ၍ရပ်နေသော သဏ္ဍာန် တခုကို သွား၍ မြင်မိလေ၏ ထိုသဏ္ဍာန်မှာ ဥသြမယ်ပင်လေ၏ ဥသြမယ်သည် လူတယောက်ရပ်နေသည်ကို မြင်လျှင် ထွက်၍လာလေ၏ ၎င်း၏အလုပ်မှာ ဟော်တယ်မယ် နတ်ကညာကလေးများ အတွက် ဖေါက်သယ် ရှာရသော အလုပ်ပင်ဖြစ်လေ၏ ရပ်နေသောလူမည်သူဖြစ်ကြောင်း တွေ့မြင်သွားသောအခါ၊ ပခုန်းထဲမှ ကြက်သီးထ သလို တွန့်လျက်
"ဟာ... လက်စသတ်တော့ လယ်သမားတယောက်ဘဲ"ဟု ပြောလေ၏ ထိုအခါ ၀မ်လန်းမှာဒေါသ ချောင်း... ကနဲထွက်သွားပြီး
"ဘာလဲ...ဒိပြင်လူတွေလာသလို ကျုပ်ရောမလာရဘူးလား"ဟု မေးလိုက်လေ၏ ထိုအခါ ဥသြမယ် က ပခုန်း ကလေး များကို တွန့်လိုက်ပြန်ပြီးရယ်လျက်။

"သူများလို ပိုက်ဆံရှိရင် သူများလိုလဲ လုပ်နိုင်ပါတယ်ရှင်"ဟု ပြောလိုက်သည်တွင် ၀မ်လန်း မှာ မိမိ လည်း ဘာမဆို လုပ်ချင်ရာ လုပ်နိုင်သည့် အခြေအနေ ရှိကြောင်း ပြလိုသဖြင့်၊ ငွေစတွေ အပြည့်နှင့် ပိုက်ဆံအိတ် ကို သွန်ထုတ်ကာ ပြလိုက်ပြီး။
"ဒါလောက်နဲ့  မယုံလောက်ဘူးလားဗျ"
"ထိုအခါ ဥသြမယ်က ၀မ်လန်းလက်ထဲမှ ငွေစတွေကိုကြည့်ပြီး"

"လာပါလေ-အထဲကို-ရှင်ဘယ်သူ့ကြိုက်သလဲ-ကြိုက်တာသာပြော"
"ဗျာ- ဟုတ်ကဲ့- ဟာဗျာ- ကျုပ်ဘာလိုချင်မှန်းလဲမသိဘူး၊ ဟို-ဟိုဟာလေဗျာ- ငယ်ငယ်ကလေးဟာ လေ၊ မေးကလေး ချွန်းချွန်းနဲ့ဟာ၊ ဥသျှစ်ပွင့် ကလေးလို မျက်နှာကလေးနဲ့- ကြာဖူးကလေး တခု လက်က ကိုင်လို့"
ဤသို့ ပြောလိုက်လျှင် ဥသြမယ်လည်း နားလည်သွားသကဲ့သို့ ခေါင်းငြိမ့်လျက် ၀မ်လန်းကို ခေါ်ကာ စားပွဲတွေ ကုလားထိုင် တွေကြားထဲမှ ရှေ့ဆောင်၍သွားလေ၏ ပဋ္ဌမ၌ ၀မ်လန်းမှာ မိမိကိုလူတွေ ၀ိုင်းကြည့် နေသည်ဟု အထင်ရောက်နေလေ၏ စိတ်တင်း၍လှည့်ကြည့်လိုက်မှ မိမိအား မည်သူကမျှ အရေး စိုက်၍ မကြည့် တယောက်နှစ်ယောက်ကသာ "ဘယ့်နှယ်လဲဗျို့-စောလှချည် လား"ဟု လှမ်းအော် လျက်၊ တယောက်ကလည်း၊ "နဲနဲကလေးမှ မစောင့်နိုင်တော့ဘူး ထင်တယ်"ဟု လှမ်း၍ ပြောင်ရွတ်သံကို ကြားလိုက် ရလေ၏။

ဝမ်လန်းနှင့်ဥသြမယ်သည် ကျဉ်းမြောင်းသော လှေခါးကလေးတခုဖြင့် အပေါ်ထပ်သို့ တက်ခဲ့ကြ လေ၏ ၀မ်လန်း မှာ ခဲခဲယဉ်းယဉ်းတက်ရလေ၏ ၎င်းမှာလှေခါးဆို၍ တသက်တွင် ဤတကြိမ်သာ တက်ဘူး လေသည်။ အပေါ်ထပ်သို့ ရောက်ခဲ့ကြသောအခါ၊ ဥသြမယ်သည် ၀မ်လန်းအား အခန်းမ ကြီးတခုထဲသို့ ခေါ်သွားပြီးနောက်၊  "ဟောဒီမှာဟေ့ ဒီညဈေးဦးပေါက်"ဟု အော်ပြောလိုက်လေ၏
ထိုအခါ အခန်းမကြီး၏ တဘက်တချက်ရှိ၊ အခန်းတံခါးကို တခုပြီးတခုဟလာပြီးနောက်၊ နေရောင် တွင် ဖူးတံမှ ငွါးငွါးစွင့်စွင့် ပန်းပွင့်ကလေးတွေ ပွင့်ပြူကာ ထွက်သည့်ပမာ မိန်းမပျိုကလေးများ၏ မျက်နှာ ကလေး တွေမှာ တမျက်နှာပြီးတမျက်နှာနှင့် ၀င့်ကနဲဝင်းကနဲ မီးရောင်အောက်၌ ပေါ်ထွက်လာ ကြလေ၏။

"မဟုတ်ဘူး- နင့်မဟုတ်ဘူး၊ နင်လဲမဟုတ်ဘူး၊ ဘယ်သူကမှလဲ နင်တို့ကိုမခေါ်ပါကလား၊ ဒီလူက ဆူချောင်း က "ကြာပဒုံ" ကို လိုချင်လို့လာတာ"ဟု ဥသြမယ်က မာန်ခဲလိုက်လေ၏
ထိုအခါ လှောင်သလိုလိုပြောင်သလိုလိုနှင့် ခတ်အုပ်အုပ်ကြိတ်၍ ရယ်လိုက်သော အသံများကို ကြားလိုက် ရလေ၏ ထိုအသံများမှာ အခန်းထဲ၌ လေလှိုင်းရေလှိုင်းများ ထသည့်ပမာ ဂယက်ရိုက်၍ သွားလေ၏ သလဲသီးရောင် လို အသားနီစပ်စပ်ရှိသော ခလေးမ တယောက် ကမူ "ဟင်-ဒီလူ့ကိုယ်က ကြက်သွန်ဖြူစော်- လယ်စော်ကြီး နံလိုက်တာ၊ "ကြာပဒုံ" နဲ့တော့ တွေ့ချေသေး" ဟု အသံသြသြကြီး နှင့် ပြောမိ အောင် ပြောလိုက်သေး၏။

ဝမ်လန်းကား- မိမိအားသရော် နောက်ပြောင်လိုက်ခြင်းကို ဂရုမစိုက်ဘဲ ဥသြမယ်နောက်သို့သာ တကောက် ကောက် လိုက်သွား လေ၏ အခန်းတခုရှေ့သို့ရောက်သောအခါ ဥသြမယ်သည် တံခါးကို ခေါက်လိုက် ပြီးနောက်၊ တွန်းဖွင့်၍၀င်သွားလေ၏ ၀မ်လန်းလည်း ထက်ချပ် ၀င်သွားသည်တွင် နီမြန်းသော စောင်တထည် လွှမ်းထားသည့် အိပ်ယာပေါ်၌ မိမိ တောင်းတ နေသော နတ်ကညာ ကလေးကို တွေ့ရ လေ၏။

ဝမ်လန်း၏ တသက်တွင် ဤမျှ သေးငယ်သော ကလေးမမျိုးကို မမြင် မတွေ့ရဘူးပေ၊ ကိုယ်တွေ့သာ မဟုတ်ခဲ့ ပါမူ၊ အကြားဖြင့် ယုံနိုင်ဘွယ်ရာပင် မရှိအောင် သေးငယ်လှဘိ၏ ၀မ်လန်းသည် ကြာပဒုံကို ထူးကဲသော ကြည့်ခြင်းဖြင့် ကြည့်လေ၏ သို့ကြည့်သည့်ခါ ပြေပြစ်သော အရိုးအဆစ်ကျပုံ ကို၎င်း ဖျားသွယ်သော လက်ချောင်းကလေး များကို ၎င်းမြင်ရလေ၏ ထိုလက်ချောင်း ကလေးများ၏ ထိပ်တွင် မဖြတ် မတောက် ဘဲ ထားသော လက်သည်း ကလေးများမှာ ကြာနီရောင် နှင်းဆီသွေးရောင် ပေါက်လျက် ရဲရဲတောက်၍ နေကြလေ၏ ၀မ်လန်း၏ မျက်လုံးများသည်၊ လက်မှ ခြေထောက်သို့ ရောက်သွားလေ၏ ကြာပဒုံမှာ ခြေသေးမ ကလေးတယောက်ဖြစ်လေ၏ ခြေဘနောင့်မှ ခြေဖျားအထိ လူတစ်ယောက်၏ လယ်ခလောက် လောက်သာ ကြီးလျက်၊ ဖဲဘိနပ် ကလေးကို စီးထား ပြီးလျှင်၊ ကုတင်စွန်း ၌ ခလေးလို ရမ်း၍ နေလေ၏ ။

ဝမ်လန်းသည် ကြာပဒုံအနီး ၌ တောင့်တောင့်ကြီးထိုင်လျက်၊ ပြူးပြူးကြီး ကြည့်၍ နေလေ၏။ မြင်ရသော ယခု ကြာပဒုံမှာ အရုပ်ထဲက နှင့် ဘာမျှမခြားပေ။ အထူးသဖြင့် လက်ကလေး များမှာ ဆေးရေးထားသော လက်ကလေးများ အတိုင်း ပြော့အိနူးညံ့ခြင်း ရှိလျှက်၊ ပေါင်ခွင်တွင် ယှက်တင်၍ထားရာ မထိရက် မကိုင်ရက် အောင်ပင် ဖြစ်နေလေ၏။ ၀မ်လန်းသည် အရုပ်ကို ကြည့်သလို ကြည့်၍နေလေ၏။ ခါးအထက်ကို ကြည့်မိ သောအခါ တိုကြပ်သော အကျီကလေးကို ၀တ်ထားသဖြင့်၊ သွယ်လျ နွဲ့နောင်း ခြင်းကို တွေ့ရ လေ၏။

ဆီးသီး ကလေးများလို ၀ိုင်းစက်သော မျက်လုံးကလေးများကို မြင်ရပြန်သောအခါ၊ "သြော်- ဒါကြောင့် အမွှမ်း တင်တဲ့အခါ မှာ ဇီးသီးနဲ့နှိုင်း တာကိုး..." ဟု နားလည်သွားလေ၏ သို့သော်ကြာပဒုံကို အသက် ရှိသည် ဟု မအောက်မေ့ အရုပ်ဟု သာအောက်မေ့၍နေမိလေ၏။

ကြာပဒုံက ၀မ်လန်း၏ ပခုန်းပေါ်သို့ လက်တင်လိုက်ပြီးလျှင်၊ ချောတိုင်မှ ချောဆင်း သလို လက်မောင်း သို့ လျှော၍ ဆင်းလေ၏ သို့သော်တကဲ့ချောတိုင်မှ အဟုန်ဖြင့် လျှောကျသလို ကမန်းကတန်း မဆင်း ခရုများ သွားသလို ညင်ညင်သာသာ ရွရွကလေး ပွတ်သတ်၍ဆင်းလေ၏ ဤအပွတ်မျိုး၊ ဤအသတ် မျိုးကိုး ၀မ်လန်းသည် တသက်နှင့်တကိုယ် မခံခဲ့ရဘူးချေ၊ တသက်နှင့် တကိုယ် ဤမျှ နူးညံ့သော အတွေ့အထိ မျိုး ကိုလည်း မကြုံရဘူးပေ၊ လက်သွားရာ တလျောက်၊ မီးလိုက်၍တောက်သည့်ပမာ၊ တဖျင်းဖျင်း-တရှိန်းရှိန်း-တဖိန်း-တဖိန်း -တပူပူ ဖြစ်၍လာလေ၏။

တဖြည်းဖြည်း လျောဆင်းနေသော လက်ကလေး ကို လိုက်၍ ကြည့်နေ မိလေ၏ လက်ကလေးမှာ အကျီလက်ဖျားသို့ ရောက်သွားလေ၏ ထို့နောက် အကွယ်အကာ မရှိသော လက်ကောက်ဝတ်ကို ထိလေ၏။ ထို့နောက် လက်ဖ၀ါးထဲသို့ ကျဆင်း သွားလေ၏ ထိုအခါ ၀မ်လန်းမှာ နတ်ပူး သလို တုန်၍ လာလေ၏။

ထိုအခိုက် လေပြေတွင် ပါလာသော ဘုရားထီးမှငွေဆွဲလွဲသံကလေးလို အသံကလေးတခုကို ကြားလိုက် ရလေ၏ ထိုအသံမှာ ကြာပဒုံ၏ ရယ်သံကလေးပင်ဖြစ်လျက်။
"အို...ဒီလူကြီး ကလဲ မတုန်မလှုပ်ကြီးနဲ့ သိပ်အတီးအတ နိုင်တာဘဲနော်.. တညလုံး ဒီလိုဘဲ ပြူးတူး ပြဲတဲကြီး ကြည့်ပြီး ထိုင်နေတော့မှာလား" ဟု အားမရသံကလေးနှင့် ပြောလိုက်သည်တွင်မှ ၀မ်လန်း မှာ အသက် ၀င်လာကာ လှုပ်ရှား၍ လာလေ၏ ကြာပဒုံ၏ လက်ကလေးနှစ်ဘက်ကို သူ့လက်နှစ် ဘက်ဖြင့် ကောက်၍ ဆွဲကိုင်လိုက်လေ၏ ထိုနောက်
"ကျုပ်ဘာမှနားမလယ်ဘူး-သင်ပေးမှဘဲ-" ဟု ပြောလိုက်ရာ၊ ကြာပဒုံကသင်ပြ၍ ပေးလေ၏။

ယခုအခါ ၀မ်လန်းမှာ ဝေဒနာတခုစွဲကပ်၍နေလေ၏ ထိုဝေဒနာမှာ သေရွာသို့ ခေါ်မည့် ဝေဒနာမျိုး မဟုတ်၊ ဘယ်နေရာက ကိုက်ခဲ သောင်းကြန်းနေမှန်း မသိရသော အချစ်ဝေဒနာပင်ဖြစ်လေ၏ ထို ဝေဒနာမှာ နေ့တိုင်းထ၍သာနေလေရာ၊ ဝေဒနာအုံရာ မှ ခွဲလိုက်သည်နှင့် တပြိုင်နက် ပြန်၍ ထမြဲထလေ၏ ၄င်း၏ အိမ်သို့ အိုလင်ရောက်ကာစက ၀မ်လန်းမှာ ဤသို့နြေ္ဒရမဖြစ်ခဲ့ပေ၊  အိုလင်၏အချစ်ကို ခံယူရခြင်း၌ ၀မ်လန်းသည် မြစ်ရေကို သောက်ရသလိုဖြစ်၏။

ကြာပဒုံနှင့် ယခုတွေ့ရသည့်အခါ၌မူ ပင်လယ်ဆားငံရေကို သောက်ရသည့် အလား သောက်လေ  သောက်လေ ငတ်မပြေ နိုင်အောင် ရင်မီးလောင်၍နေလေ၏ အချိန်စေ့၍ ကြာပဒုံထဲမှ ပြန်ခဲ့ရ သည့် အခါ တိုင်း၊ ဆားငံရေကိုသောက်မျို၍ ပြန်ရသကဲ့သို့ဖြစ်လေ၏ သို့ဖြစ်လေရာ ထပ်၍ သောက်မျိုလိုတိုင်း ကြာပဒုံ ဆီရောက်ရလေ၏ ကြာပဒုံထံမှ ပြန်ခဲ့တိုင်းလည်း နေခံထပ် သောက်မျိုလို့ နေပြန်ရကား၊ ၀မ်လန်း ၏ ဝေဒနာမှာ ပျောက်သည်မရှိ၊ တောက်ကြည်ထန် ပြင်းမြဲ ထန်ပြင်း၍သာ နေလေသတည်း။

တနွေလုံး ၀မ်လန်းမှာ ဟော်တယ်၌သာ အချိန်ကုန်လေ၏ အိမ်တွင်နေရစဉ်အခါလည်း၊ ကိုယ့်အိပ်ရာတွင် ကိုယ်မအိပ်၊ အိုလင်အား "အိုက်လွန်းလို့ ပါကွ"ဟူ၍ အကြောင်းပြပြီး၊ ၀ါးရုံပင်အောက်သို့ သွား၍ ဖျာခင်းကာ အိပ်လေ၏ သို့သော်-အိပ်၍ကား ပျော်သည်မရှိ၊ အမြဲသဖြင့် မျက်လုံးတွေ ကြောင်နေလျက် ကြောင်နေသော မျက်လုံးများမှာ မဲမှောင်လှုပ်ရှားနေသော ၀ါးပင် များကိုကြည့်ပြီး၊ ဘာ ဝေဒနာဟု မိမိကိုယ်တိုင် မဝေခွဲနိုင်သောချိုမြိန်သည့် ဝေဒနာမျိုးကို ခံစား၍နေလေ၏။

ဇနီးသည်ကပင်၊ ခလေးများကပင်ဖြစ်စေ၊ သို့မဟုတ် ချင်းကပင်ဖြစ်စေလာ၍ "ရေတွေကျတော မယ်၊ မျိုးကြဲဘို့ စီစဉ်ပီးပလား"ဟု မေးမြန်းသည့်အခါများ၌ "ဘာပြုလို့ ခဏခဏ လာလာ ဒုက္ခပေး နေရ တာလဲ" ဟု အော်ငေါက်၍ပစ်လေ၏။

ဤသို့ဖြင့်သာ အချိန်တွေကုန်ခဲ့လေ၏ နေ့ရှိသမျှ ၀မ်လန်းမှာ ဟော်တယ် သွားရမည့်အချိန်ကိုသာ စောင့်လင့်၍ နေလေ၏ အိုလင်၏ မျက်နှာကိုလည်းမကြည့်၊ သားသ္မီးများ ၏ မျက်နှာကိုလည်း မကြည့်၊ "မင်းဘာပြုလို့ ဒါလောက်တောင် စိတ်တိုနေရတာလဲ မင်းဘာဖြစ်နေတာလဲ"ဟု ဘခင်အို ကြီးက မေးမြန်းခြင်း ပြုသည်ကိုပင် ပြန်စောင်း၍မျှမကြည့်၊ အရေးယူ၍မှ မဖြေမဆို၊ ငေးမြဲငေးမှိုင်၍ သာနေလေ၏။

တည၌၀မ်လန်းသည် ခါတိုင်းကဲ့သို့ပင် ကြာပဒုံ၏အခန်းထဲ၌ရောက်၍နေလေ၏ ထိုည၌ ကြာပဒုံက ၀မ်လန်း၏ ခေါင်းမှ ကြစ်စံမြီးကိုကြည့်ပြီး ရယ်လေ၏ "အောက်သားတွေဟာ ဘယ်တော့မှဒီလို မျောက်မြီး တန်းလန်း နဲ့မနေကြဘူး"ဟု ပြောလေ၏ ထိုအခါဝမ်လန်းသည် ဘာတစ်ခွန်းမျှပြန်မပြော ဘဲ ကျိုးနွံ ရိုသေ နေရ သော ခလေးငယ်တယောက်ပမာ ဆံပင်ညှစ်ဆိုင်သို့သွားပြီး ကြစ်ဆံမြီးလို ဖြတ်ပစ်ကာ ဘိုကေ ညှပ် လိုက်လေ၏။

လင်သယ်ဖြစ်ပုံကို အိုလင်မြင်လျှင် အံ့သြထိတ်လန့်လျက်။
"ငါတသက်လုံး ခေတ်မမှီ တဲ့ အရူးရုပ်နဲ့ နေရမလား၊ မြို့ကလူတွေဆိုရင် ငါအခုညှပ်လာသလို ဘိုကေနဲ့ ချည့်ဘဲ"ဟု ပြန်၍အော်ငေါက်လေ၏ သို့သော်...ကိုယ့်ဟာကိုယ် တစိမ့်စိမ့်တွေး၍ ထိတ်လန့်မိလေ၏ သို့နှင့်လည်း ကြာပဒုံကသာ အကယ်၍ အသက်ကို အလိုရှိသည်ဆိုလျှင် အသေခံရန်ကား အသင့် ရှိနေလေ၏ ဘယ်သောအခါမျှ ဂရုတစိုက်ရေချိုးသန့်စင်ခြင်း မပြုခဲ့သော် လည်း၊ ယခုအခါ နေ့တိုင်း အချောပြင်၍ နေလေ၏ ရေချိုးရလွန်းသဖြင့် အိုလင်ပင်လည်း စိတ်မရှည်နိုင်တော့ဘဲ "ကြပ်ကြပ်သာချိုး သေလိမ့်မယ်" ဟု ပြောမိလေ၏။

ဝမ်လန်းသည် မြို့ကဆပ်ပြာမွေးမွေး ရေမွေးများဝယ်ယူလာပြီး နေ့တိုင်းလိုဆပ်ပြာနှင့် ချေးတွန်း လေ၏ နေ့တိုင်းထိုရေမွေးဖြင့် ကိုယ်တွင်ဆွတ်လေ၏ ကြာပဒုံအနံ့မခံနိုင်သော ကြက်သွန်ဖြူကို လည်း၊ ထိုအခါမှစ၍  မိမိကြိုက်လျက်နှင့် ဖြတ်လိုက်လေ၏ တအိမ်လုံးမှာ မူခြားနေသော ၀မ်လန်း အား ဘာဖြစ် နေသည် မသိသဖြင့်၊ ဘာလုပ်ရမည်မသိ ဖြစ်နေလေသတည်း။

ဆက်ရန်
.

No comments: