အစက အကျီဘောင်းဘီချုပ်လျှင်၊ အိုလင်ကိုယ်တိုင်ချုပ်လုပ်၍ပေးရ၏ ယခုမူ အိုလင်ချုပ်ပေးသည် ကို မ၀တ်လို၊ မြို့မဆန်-ဂိုက်မကျဟုဆိုကာ မြို့ကအပ်ချုပ်သမားများအား အချုပ်ခိုင်းလေ၏ ချုပ်သမျှမှာ ပိုးထည် ဖဲထည်များသာ ဖြစ်လေ၏ ထို့နောက်ဘိနပ်ကိုလည်း အိုလင်ချုပ်သည့် ဘိနပ်ကိုမစီး၊ သူဌေးကြီး ဟွမ်စီးလေ့ရှိသော ဖဲဘိနပ်များကို ၀ယ်၍စီးလေ၏။
သို့သော်...ထိုအ၀တ်သစ်ဘိနပ်သစ်များကို ၀မ်လန်းမှာ အိုလင်နှင့်သားသမီးများရှေ့၌ ၀တ်ဆင်ရန် ရှန့်တန့် တန့်ဖြစ်နေလေ၏ သို့ဖြစ်ရကား ဟော်တယ်စာရေးတယောက်အား ပိုက်ဆံပေး၍ ဟော်တယ်မှာ ပင်အပ်၍ ထားလေ၏ ၀မ်လန်းသည် ကြာပဒုံထံ ၀တ်ရည်စုတ်မသွားမီ စာရေးထံဝင် ၍အပ်ထားသော အ၀တ်အစားများကို ယူရလေ၏ ထိုအခါ စာရေးက အခန်းကလေးတခုကို အ၀တ် လဲဖို့ပေးလေ၏ ၀မ်လန်းသည် ထိုအခန်းထဲသို့ဝင်၍ အ၀တ်သစ်အစားသစ်များကို ၀တ်ဆင်ပြီးမှ အပေါ်ထပ် သို့ တက်လေသည်။
ဝမ်လန်းကား-ဤမျှနှင့် မတန်-ရေရည်ပွတ်လက်စွပ်တကွင်းလည်း ၀ယ်ဝတ်သေး၏ မတိုမရှည် ဘိုကေ ကိုလည်း ငွေစတစပေး၍ ၀ယ်ယူခဲ့သည့် နိုင်ငံခြားဖြစ်ခေါင်းလိမ်းဆီဖြင့် ဖီးလိမ်းပြန်၏ တဖြစ်လဲနေသော ၀မ်လန်း ကို မြင်ရသောအိုလင်မှာ အံ့အားအသင့်ကြီးသင့်လျက်၊ ဝေခွဲမရအောင် ရှိနေလေ၏ သို့ဖြင့် တနေ့တွင် ထမင်းဝိုင်း၌ အတူထိုင်ကြရင်း အိုလင်ကအတော်ပင် သားနားနေ သောဝမ်လန်းအားကြည့်ပြီး "အခုလို ဆိုတော့-ဟိုကျုပ်နေခဲ့တဲ့အိမ်က သူဌေးကြီးများလား အောက်မေ့ရတယ်"ဟု ပြောလိုက်မိ လေ၏ ဤတွင်ဝမ်လန်းမှာ ကျယ်လောင်စွာ ရယ်လျက်။
"ဘဲ့နှယ့်ကွာ ပိုက်ဆံရှိရက်သားနဲ့ ကိုယ့်အိမ်မှာခိုင်းထားတဲ့ ကျွန်လိုနေရမှာလားကွ"ဟု ပြောလေ၏ သို့သော် စိတ်ထဲတွင်ကား အကျေနပ်ကြီးကျေနပ်သွားလေ၏ ထိုနေ့၌ ခါတိုင်းထက်ပို၍ အိုလင် အား အရေးပေး ဂရုစိုက် လေ၏။
တသက်လုံး လုပ်ကိုင်စုဆောင်းထားရသော ပိုက်ဆံများမှာ ယခုအခါ ၀မ်လန်းလက်ထဲမှအတား အဆီးမရှိ သွန်ထွက်၍ နေလေ၏ ကြာပဒုံ၏ရင်ခွင်သို့ ရောက်ဘို့နှင့်၊ ကြာပဒုံပူဆာသမျှ မညီးမညူဝယ်ပေးရသော စရိပ်မှာ မနည်းလှပေ။
ကြာပဒုံ မျက်နှာမသာမယာ ဖြစ်နေသည်ကိုမြင်သည်နှင့်တပြိုင်နက် ၀မ်လန်းမှာ ပြာလောင်ခတ်၍ နေတတ်လေ၏။ နားနားသို့ကပ်၍ လေသံကလေးဖြင့် "ဘာဖြစ်လို့လဲအသည်းရယ်"ဟု လည်းမေးတတ် ပြောတတ် နေပြီဖြစ်၏ ထိုအခါ၌ ကြာပဒုံက "ဒီကနေ့ မပျော်လှဘူး မောင်ရယ်- ဟောဟိုဘက်ခန်းက "စိမ်းမယ်" ဆိုတဲ့ကောင်မလေးကို သူ့အဆက်က ရွှေဆံထိုး တချောင်းလုပ်ပေးတာ တွေ့ရတယ် "ကြာကြာ" မတော့ ဟောဒီငွေဆံထိုး အဟောင်းကြီးဘဲ ရှိတယ်ဟု နွဲ့၏။
ဝမ်လန်းမှာ ဤအနွဲ့မျိုးတွင်၊ စပါးကြီးမြွေအညို့ခံရသော ယုန်ငယ်လို ဂျွန်းပြန်ကာကျရင်း။ "ကိုယ်လဲ ဟောဒီက ကျုပ်မျက်ရွဲကလေး ထိုးဘို့ဝယ်ပေးမှာပေါ့ကွ"ဟု ပြောကာ သဘောကြိုက် ဖြစ်စေလေ၏ "အသည်း" "မျက်ရွဲ" အစ ရှိသော အခေါ်အဝေါ်ကလေးများကို ကြာပဒုံက သင်၍ပေး လေ၏ ။
ဝမ်လန်းသည် ထိုစကားကလေးကို သင်ပုံးကြီးတက်စခလေးလို ကြိုးကြိုးစားစား သင်ယူခြင်းပြုလေ ၏ ။ ဤသို့ဖြင့် ၀မ်လန်းသည် ကြာပဒုံထံ၌ ညကျောင်းတက်၍သာ နေလေရာ၊ ကျောင်းလခမှာ တလ တခါ မဟုတ်၊ တညတခါပေးနေရသဖြင့် ဂုံအိတ်ထဲတွင်၎င်း၊ နံရံထဲတွင်၎င်း၊ စုဆောင်းသိုဝှက် ထားသော ပိုက်ဆံများ မှာ သွေးကြောပြတ်သည့်အလား၊ ပိတ်မရဆီးမရ တလဟောစီးထွက်၍သာ နေလေသတည်း။
ခါတိုင်းဆိုလျှင် အိုလင်သည် ထိုသွေးကြောကို ပိတ်ရန်ကြိုးစားအုံးမည်ဖြစ်၏ ယခုမူ ဘာတစ်ခွန်းမျှ မပြော၊ စိတ်မချမ်းသာမှု ကို အပြင်သို့မဟုတ် ကြိတ်မှိတ်၍သာ မြိုသိပ်ထားလျက်၊ ခင်ပွန်းသယ်လုပ် သမျှကြည့်၍ သာနေလေ၏ မိမိကိုဖယ်ကျင်လျက် အခြားဘ၀တွင် ပျော်စံနေပြီဖြစ်ကြောင်းကို ကားရိပ်မိ၏ သို့သော် ဘယ်လို ဘ၀မျိုးဖြစ်သည်ကိုမူ အတတ်မသိရှာပေ။
တနေ့သ၌ ၀မ်လန်းသည် မြို့ပေါ်မှအပြန် လယ်ကွင်းများကို ဖြတ်လျှောက်လာပြီး၊ ရေကန်၌အ၀တ် ဖွတ်လျှော် နေသော အိုလင်အနီး၌ လာ၍ရပ်လေ၏ ၀မ်လန်းသည် စကားမပြောဘဲ အတန်ကြာရပ် နေပြီးနောက်။
"မင်းယူထား တဲ့ ပုလဲကလေးနှလုံးကောဘယ်မလဲ" ဟု မေးလေ၏ ၎င်းမှာအိုလင်ကိုရှက်၏ မလုံ သောလိပ်ပြာမှာ သိက္ခာမဆယ်နိုင်အောင် ရှန့်တန့်တန့်ဖြစ်စေရကား၊ မရှန့်အောင်ကြိုးစား၍ စကား ပြောသည့် အခါ အသံမှာကြမ်းတမ်းခက်ထရော်၍ နေလေ၏ အိုလင်သည် ကျောက်ပြားတခု ပေါ်တွင် အ၀တ် များကို ရိုက်ဖွတ်၍နေရာမှ ၀မ်လန်းကိုမော်ကြည့်ပြီး။
"ပုလဲတွေလား-အရှိသားပဲ"ဟု ကောင်းမွန်ပြေပြစ်စွာပင် ဖြေဆိုလိုက်လေ၏ သို့နှင့်လည်း ၀မ်လန်း မှာ အိုလင် မျက်နှာ ကို မကြည့်ရဲပေ။ ၎င်း၏မျက်လုံးများမှာ ရေစို၍ပဲကြီးခွံလိုက်နေသော အိုလင်၏ လက်များ ကိုသာကြည့်လျက်။
"ဒီပုလဲတွေ မင်းယူထားလို့ ဘာမှအကျိုးမရှိဘူး"ဟု ပြောလေ၏
"သြော်-ကျုပ်က ဒီလိုပုလဲကလေးနှစ်လုံး တနေ့ကျနားဆွဲကလေးလုပ်မယ်ဆိုပီး စိတ်ကူးထားတာ၊ ကျုပ်သ္မီး ကလေး လက်ထပ်ရင် ဆွဲပေးရတာပေါ့"
"အောင်မယ်-အသားမဲမဲ နဲ့ ဒီပုလဲတွေနဲ့ လိုက်ပါလိမ့်မယ်၊
ပုလဲ ဆိုတာ ဒင်းတို့ဟာမျိုးနဲ့ မတန်ဘူး၊ လှတဲ့မိန်းခလေးမျိုးနဲ့မှလိုက်တာ၊ ပေး-ငါ့ကိုပေး၊ ငါသုံးစရာ ရှိတယ်" ဟုငေါက်ငမ်း ၍ တောင်းလေ၏
ထိုအခါ အိုလင်သည်ရင်ဘတ်ကြားတွင် ထည့်ထားသောပုလဲကလေးနှစ်လုံးကို နှိုက်ယူပြီး၊ ၀မ်လန်းအား အထုပ်လိုက် ပေးလိုက်လေ၏ ထို့နောက်အထုပ်ကိုဖြေလျက်၊ ပုလဲများလက်ထဲ ရောက်သွားသည် အထိ ကြည့်နေ ရှာ၏၊ ထို့နောက်ခေါင်းငုံ့ကာ အ၀တ်စိုများကို ရိုက်ဖွတ်နေလေ၏၊ မျက်ရည်တွေ အပေါက် အပေါက် စီးကျလာသော်လည်း သုတ်မပစ် ကျောက်ပြားပေါ် မှ အ၀တ်စို များကိုသာ လက်ထဲမှ တုတ်ဖြင့် မှန်မှန်ကြီး ရိုက်နှက် ဖွတ်လျှော် ၍ နေလေ၏ ။
အခန်း(၂၀)
တနေ့သ၌ ပျောက်ကွယ်၍ နေသော ၀မ်လန်း၏ ဦးလေးသည် မိုးပေါ်မှ ကျလာသလို အိမ်ပေါက်ဝ ၌ မားမားကြီး လာရပ်လေ၏။ ၎င်း၏အ၀တ်အစားများမှာ စုတ်ပြတ်ညစ်ထေးနေလျက် မျက်နှာမှာ နေစား သဖြင့် နီမြန်း ထက်ထန်၍ နေလေ၏။ ၀မ်လန်းမှာ သေရာမှ ပြန်လာသူတဦးကို တွေ့ရဘိ သကဲ့သို့ ငိုင်၍ နေလေ၏။
အဘိုးကြီး ကား သူ့ညီကို ကောင်းစွာ မမှတ်မိပေ၊"ဘယ့်နှယ်လဲ အစ်ကို့တို၊ ငါ တူမတို့၊ ငါမြေးတို့"ဟု ၀မ်လန်း ဦးလေးက နှုတ်ဆက်လိုက်လေ၏။ ထိုအခါ ၀မ်လန်းမှာ စိတ်လေးလေးနှင့် ထိုင်ရာမှထပြီး
"ဘယ့်နှယ် ဦးလေး ထမင်းစားပြီးခဲ့ပလား"
"ဘယ်ပြီး အုံးမလဲကွ မင်းတို့နဲ့ ၀င်စားရမှာပေါ့"ဟု ပြောပြောဆိုဆို ထမင်းပွဲတွင် ၀င်ထိုင်လျက် ပုဂံ တလုံးကို လှမ်းဆွဲပြီး ကိုယ်တိုင်ပင် အေးအေးဆေးဆေး ထည့်ဝင်စားသောက်နေလေ၏။ အလွန် ပင်ဆာလောင် မွတ်သိပ် လာသူ တဦးကဲ့သို့ ထမင်းသုံးပုဂံကုန်အောင် အားရပါးရစားသောက်ပြီး နောက် "ကိုင်း စားတော့ ပြီးပြီ အိပ်တော့မယ်ဟေ့ မအိပ်ရတာ ၃ညတောင် ရှိနေပြီ" ဟု ပြောသည်နှင့် ၀မ်လန်းသည် ဘခင်ဖြစ်သူ၏ အိပ်ရာထဲ သို့ လိုက်၍ ပို့ရလေ၏။
အိပ်ရာထဲသို့ ရောက်သောအခါ ၀မ်လန်း၏ ဦးလေးသည် အခန်း၏အခြေအနေကို အကဲခတ်လျက် "မင်းချမ်းသာ နေတယ်ဆိုတာ တော့ ကြားသားကွ ဒါပေမဲ့ ဒါလောက်တောင် ချမ်းသာနေမှန်း မသိဘူး"ဟု ပြောပြော အိပ်ရာပေါ် လှဲ့အိပ်လိုက်ပြီး စောင်ကြီးကို ပခုံးအထိ ဆွဲချုံလျက် အိပ်လေ၏။ ပြုမူသမျှ ပိုင်စိုး ပိုင်နင်း ရှိလှပေ၏။ အိပ်ရာပေါ်ရောက်သည်နှင့်တပြိုင်နက် ဘာစကားမျှမပြော အသေလိုအပ်၍ သွားလေ ၏။
ဝမ်လန်းသည် အိမ်ရှေ့ခန်းသို့ ပြန်ထွက်ခဲ့လေ၏။ သို့ထွက်ခဲ့ရာတွင် ကြီးစွာ ကြောက်လန့်ခြင်း ဖြစ်၍ လာလေ၏။ အကြောင်းမူ ဦးလေးဖြစ်မှာ မိမိချမ်းသာနေပြီး ဖြစ်ကြောင်း သိသဖြင့် အနေ အစား ချောင်သော မိမိအိမ်မှ မည်သည့်နည်းနှင့်မျှ မောင်းထုတ်၍ရတော့မည် မဟုတ်ကြောင်း သိသောကြောင့် ဖြစ်လေ၏။ ဦးလေးတယောက်သာမဟုတ် ၎င်း၏သားတွေ မယားတွေ၏လည်း နောက်ထပ် ရောက်လာ ကြတော့မည် ဟု ကွက်ကျော်ပြေး၍ သိမြင်ပြီးသား ဖြစ်နေလေ၏။
ထင်သည့်အတိုင်းလည်း ဖြစ်လာလေ၏။ ထိုနေ့ နေ့လယ်လောက်တွင် ဦးလေးဖြစ်သူသည် ကိုယ်လက် အညောင်းဆန့်ကာ ၃ကြိမ် ကျယ်လောင်စွာ သန်းငေးလိုက်ပြီး အိပ်ရာမှ ထလာလျက် "ကိုင်း အခုငါ ငါ့မယား ငါ့သား သွာရှာချေအုံးမယ်၊ ဒို့သားအမိ သားအဘ ၃ယောက်တော့ မင့်အိမ် မှာဘဲ နေရလိမ့်မယ် မင့်အိမ် မှာ ဆိုရင် ၀တ်ဘို့ကော စားဘို့ကော ပူရတော့မှာ မဟုတ်ဘူးဟု ပြော လေ၏။ ထိုညနေ၌ သားအမိ သားအဖ ၃ယောက် ပြောင်းရွှေ့၍ လာကြလေ၏။
ဝမ်လန်းမှာ စိတ်ထဲက မကျေနပ်သော်လည်း အပြင်ဘန်း အမူအယာ၌ အတွင်းစိတ်ထား မပေါ်အောင် ကြိုးစား ဟန်လုပ်၍ နေရလေ၏။ မယားဝဖိုင့်ဖိုင့်ကြီးကို မြင်ရသောအခါ ဒေါသမှာ ပေါက်ကွဲ၍ ထွက်ချင် လာလေ၏။ မခိုးမခန့်မျက်နှာထားနှင့် မိုက်ကန်းကန်း မျက်နှာရှိသည့် ဦးလေး၏သားကို တွေ့ရ သောအခါ နားရင်းမတီးမိရန် မနည်းစိတ်ချုပ်၍ ထားရလေ၏။ သို့ဖြစ်လေရာ ဒေါသထွက်နေသဖြင့် ကြာပဒုံ့ ထံ ၃ရက် တိတိ ညကျောင်းတက်ပျက်၍ နေလေ၏။ "ဒါလောက်တောင် ဒေါသဖြစ်မနေပါနဲ့ တော် ထူးဆန်းတဲ့ကိစ္စမှ မဟုတ်ဘဲဟာ"ဟု အိုလင်က ဖြောင့်ဖျသည့်တိုင် ၀မ်လန်းမှာ အရှိန်မပြေ ဒေါသ ထွက်မြဲ ထွက်၍ နေလေ၏။
ဆက်ရန်
.
No comments:
Post a Comment