Saturday, April 10, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၂၅)

အခန်း ၁၇

ယခုအခါဝမ်လန်းတွင်၊ လူတယောက်၊ နွားတကောင်ထွန်ယက်၍ မနိုင်တော့အောင် လယ်ဧကတွေ တိုးပွား များပြား လာပြီဖြစ်ရကား၊ နောက်ထပ်မြည်းတကောင်ဝယ်ယူရလေ၏ လယ်ထွက်စပါးနှင့်၊ ယာထွက် သီးနှံ များ မှာလည်း၊ ကျီသွင်းသို့လှောင်၍ မဆန့်တော့အောင်ပင် အထွက်များသော ကြောင့်၊ အခန်းတခု ထပ်ချဲ့ ရလေ၏ ထိုနှစ်စပါးရိတ်ချိန်တွင်၊ ၀မ်လန်းသည် လူ ၂ ယောက်ဌါးရလေ ၏ ထိုနောက် မိမိနှင့် အမြဲ နေရန်၊ အဖော်တယောက်လို၍ နေပြန်ရာ၊ အိမ်နားက "ချင်း"အား "ခင်ဗျားလယ်ကလေးကို ကျုပ်ကို ရောင်းပီး တော့ ကျုပ်အိမ်မှာလာနေလှဲ့၊ ကျုပ်တို့ ၂ ယောက် လယ်အတူတူလုပ်ကြတာပေါ့ဗျာ"ဟု ပြောသည့် အခါ၊ ချင်းကလည်းဝမ်းမြောက်ဝမ်းသာနှင့်ပင် သူ့လယ်ကလေးကိုရောင်း၍ ၀မ်လန်း နှင့် အတူတူ လာနေလေ၏။

ဝမ်လန်းမှာ ပညာပင်မတတ်သော်လည်း သတိကိုအမြဲလက်ကိုင်ပြု၏ မိမိမျက်စိအောင်၌ သားတွေ အသုံး မကျ သဖြင့် စီးပွားပျက်သွားသော ဟွမ်ကိုဒိဋ္ဌဓမ္မမြင်ထားပြီး ဖြစ်ရကား၊ သားကလေး ၂ ယောက်ကို နေ့တိုင်း လယ်သို့ ခေါ်၍ သွားလေ၏။

လယ်ထဲသို့ရောက်သောအခါ၊ ၎င်းတို့နှင့်တန်ရာ-တန်ရာအလုပ်ကလေးများကို သင်ပြခိုင်းစေလေ၏ အလုပ်ကြမ်း များကို မလုပ်ရစေကာမူ၊ ထယ်ကြောင်းဟိုဘက်ထိပ်၊ သည်ဘက်ထိပ် အသွား အပြန် လျှောက်ရုံ ဖြင့်၊ မည်မျှပင်ပန်းပုံကို၎င်း၊ ခြစ်ခြစ်တောက်ပူပြင်းသောနေရာတွင်၊ ဘယ်ပုံကျော ပူ-ခေါင်းပူ ခံရပုံ ကို၎င်း၊ လက်တွေ့ခေါ်၍ သင်ပြလေ၏။

သို့သော်- အိုလင်ကိုကား- လယ်ကိုဆင်းရန်ခွင်မပြုတော့ပေ၊ အကြောင်းမူ၊ မိမိတို့မှာ လူဆင်းရဲ များ မဟုတ် တော့၍၊ လူဌါားထားနိုင်သော အခြေသို့ရောက်ပြီဖြစ်ရကား၊ အိမ်မှာသာဧဧနေစေ လေ၏ ထိုနှစ် တွင် စီးပွား မှာ မကြုံဘူး အောင် တက်၍နေလေသတည်း။

ဝမ်လန်း သည်၊ လယ်ထွက်သီးနှံများ သိုလှောင်ရန်၊ နောက်ထပ်အခန်းတခု ထပ်ချဲ့ရပြန်လေ၏ ၀က်သုံးကောင် နှင့် ကြက်များ ကိုလည်း မွေးမြူရန် ၀ယ်လေ၏ အိုလင် က အားလုံး အတွက်၊ တကိုယ် လျှင် အင်ကျီ ဘောင်းဘီသစ် တစုံစီ၊ ဘိနပ်သစ် တစုံစီ ထပ်၍ချုပ်လေ၏ အိပ်ရာများကို မိမိကိုယ်တိုင် ပန်းပွင့်ကြီး များ ထိုးထားသော အိပ်ယာခင်းအသစ်များဖြင့် ထပ်ခင်းလေ၏။ ထို့နောက်မျက်နှာ မြင်ပြန်လေသတည်း။

အိုလင် သည်၊ ၀မ်းဆွဲသယ်လည်းမခေါ်၊ အဖေါ်အလှော်လည်း အနီးတွင်မထား၊ တယောက်တည်း သာ မီးဖွားခြင်း အမှု ကိုပြု၏ ဤအကြိမ်တွင် ခါတိုင်းထက် ပို၍ အချိန်ကြာ လေ၏ ထိုနေ့ညနေ ၀မ်လန်းသည်၊ လယ်ထဲမှ ပြန်လာသောအခါ အဘိုးကြီးသည် အိမ်ဝမှ စောင့်နေလျက် "ဒီတခါတော့ ဥတလုံးထဲ အနှစ် ၂ ခုနဲ့ မောင်ရေ့" ဟု ဆီး၍ပြောလေ၏
မီးနေခန်းထဲသို့ ၀င်ခဲ့သည့်အခါ အမွှာပူးခလေး ၂ယောက် နှင့် အိုလင်အား တွေ့ရလေ၏ တယောက်က ယောက်ျား ကလေး တယောက်က မိန်းခလေးဖြစ်လျက်၊ ရုပ်ချင်းမှာ ခွဲမရအောင် တူလှလေသည်။
"လက်စသတ်တော့၊ ပုလဲ ၂လုံး ရင်ဘတ်ကြား ထည့်ထားတာ ဒါကြောင့်ကိုးကွ" ဟု ပြောပြီး ၀မ်လန်း က ရယ်လေ၏ ထိုနောက် ကိုယ့်စကား ကိုယ် သဘောကျလျက်၊ ထင်၍ ရယ်ပြန်လေသည်။ ထိုအခါ အိုလင် ကလည်း အပျော်ကြီး ပျော်နေသော လင်သယ်ကို ကြည့်ကာ နွမ်းနယ်အားပြတ်နေ သည့်ကြားထဲမှ မချည့် ပြုံး ကလေးပြုံးရှာလေသည်။

ဤအတိုင်းသာ ဆိုလျှင်၊ ၀မ်လန်းအဘို့၊ ပူပင်ကြောင့်ကျဘွယ်ရာ အကြောင်းအချက် ရှိတော့သည် မဟုတ်ဟု ထင်ရမည် ဖြစ်၏ သို့သော် ၀မ်လန်း စိတ်မချမ်းသာနိုင်သော ကိစ္စတခု ရှိ၏ ထိုကိစ္စမှာသ္မီး အကြီး ကလေး စကား မပြောမဆို နေခြင်းပင် ဖြစ်လေသည်။ အရွယ်မှာ စကားပြောချိန်တန်သော အရွယ်ဖြစ်၏ ခလေးမ ကလေးမှာ စကားတလုံးမျှ မပြောပေ ၀မ်လန်း က ကြည့်လိုက်လျှင် ပြုံးပြုံး ကလေးသာ ပြန်ကြည့် နေတတ်လေသည်၊ ဆွံ့အခြင်း၏ အကြောင်းကို ရှာသည့်အခါ၊ ၀မ်လန်းမှာ မတွေးတတ် အောင် ရှိလေ၏ တနေ့ပြောနိုး၊ တနေ့ပြောနိုးနှင့်၊ တနိုးနိုးသာ စောင့်လင့်နေခဲ့သော် လည်း သူ့အကို တွေ ခေါ်လေ့ ရှိသည့်၊ "ဘေဘေ" ဟူသော စကားကလေး တလုံးပင် မထွက်နိုင်ရှာ၊ အမြဲသဖြင့် ပြုံး၍သာ နေသည်ကို တွေ့ရလေ၏။

သို့ဖြစ်လေရာ ၀မ်လန်းမှာ ရင်ထဲတွင် မချည့်တော့ ဘဲ၊ "အင်း၊ ဒင်းကလေးကို ဟိုတုံးက၊ ငါသာ ရောင်းစားလိုက် မိရင် မှားခြင်းကြီးမက မှားမှာဘဲ၊ ဒင်းကို ၀ယ်တဲ့လူတွေက အ အကလေးမှန်းသိတာနဲ့ တပြိုင်နက် သတ်ပစ်မှာ မုချ" ဟု တွေးကြည့် မိလေ၏
ထို ခလေးကို ၀မ်လန်းသည်များစွာ ဂရုစိုက်လေ၏ ပြုပြင်၍ ရနိုးနှင့် လယ်ထဲသို့ တခါတခါခေါ်သွား ပြီးသာယာသော သဘာဝ မြင်ခင်းကိုပြလေ၏ ခလေးကား၊ စကားတလုံးမပြော ပြုံးပြုံးပြုံးပြုံးနှင့်သာ နေခဲ့မှ တကောက် ကောက်လိုက်ရှာလေသတည်း။

ဝမ်လန်း တို့ဒေသ၌ ငါးနှစ်လျှင်တကြိမ် ဒုဗ္တိကန္တရကပ်ဆိုက်တတ်၏ တခါတရံ ၇ နှစ်၊ ဂ နှစ်၊ ကြာမှ တကြိမ် ဆိုက်တတ် လေသည်။ ထိုအခါလူများသည် တရပ်တရွာသို့ပြောင်း၍ နေထိုင်ကြရကာ၊ ကာလကောင်းမွန်မှ ဒေသသို့ ပြန်ကြလေသည်၊ ယခုနှစ်၊ ၀မ်လန်းတို့ ပြန်ရောက်လာကြသောအခါ၊ ဓါတ် ကလည်း ဓါတ်ခိုက်၊ နတ် ကလည်း နတ်ကြိုက်အခါမျိုး ကြုံလေရကား၊ ၇ နှစ်တိတိဆက်၍ မိုဃ်းလေ၀သကောင်းမွန်နေပြီး အလုပ်အကိုင် အကြံအစည် လမ်းပွင့်၍ နေလေ၏ လယ်ထွက်သီးနှံ များ မှာ တနှစ်ထက် တနှစ်၊ ပို၍သာ များလာလျက်၊ လျော့ပါးသည် မရှိပေ၊ သို့ဖြစ်လေရာ၊ စပါးရိတ်ကြ လျှင်လုပ်သား ထင်ရှားရလျက်၊ လူ ၆ ယောက် အထိ ဌားရသော အခြေသို့ရောက်လာလေ၏။

ဝမ်လန်း သည် ယခုနေသော အိမ်၏နောက်ဖေးတွင် အိမ်သစ်တလုံးထပ်၍ ဆောက်လေ၏ ခန်း လယ်ဆောင်ကြီး တခု၊ ၎င်း၏တဘက်တချက်တွင် အခန်းငယ် ၂ခုနောက်ဘက်တွင် အခန်းကြီး တခုပါလျက်၊ အမိုဃ်းကိုအုပ်ဋ္ဌ်ကျွတ်တို့ဖြင့် မိုးလေ၏ အိမ်ထရံများကိုမူ ရွံ့ဖြင့်သာဆောက်လျက် ထုံးဖြူ သုတ် ထားလေရာ ဖြူဖွေးလျက်ရှိ၏ ထိုအိမ်သစ်သို့ အားလုံးပြောင်းခဲ့ကြပြီး "ချင်း"အား လုပ်သား ၆ယောက် အပေါ် တွင် အကြီးအကဲ ခန့်လျက်၊ အိမ်ဟောင်း တွင် နေစေလေ၏။

ထိုအချိန် တွင် ၀မ်လန်းသည် "ချင်း"အပေါ်တွင် အမျိုးမျိုးစမ်းသပ်ကြည့်ခဲ့ပြီးဖြစ်ရာ၊ ယုံကြည်စိတ်ချ ရသော လူရိုးလူကောင်း တယောက် ဖြစ်ကြောင်း တွေ့ရသည်နှင့်၊ လယ်ခေါင်းအရာ ၌ ထား၍ လုပ်သား များကို ကြည့်ကြပ်စေ လေ၏ လုပ်ခ အဖြစ် တလ လျှင် ငွေစ ၂ စ ပေးပြီးအိမ်တွင် ထမင်းကျွေးထား၏ သို့သော် ၀မ်လန်းကမည်သို့ပင် "စားစမ်းပါဗျ အားရပါးရစားစမ်းပါ"ဟု စေတနာဖြင့် ကျွေးစေကာမူ ချင်းမှာ အသား မတက် မ၀မဖြိုး ပိန်မြဲပိန်၍ သာနေလေ၏။

ချင်းမှာ အလုပ်ကို ၀မ်းမြောက် ၀မ်းသာ လုပ်လေ့ရှိ၏။ စကားလည်း များများမပြောပြောပြန်လျှင်လည်း တိုးတိုး သက်သာပြော၏ အလုပ်ကိုမူ မိုဃ်းလင်းမှ မိုဃ်းချုပ်တကုပ်ကုပ် လုပ်လျှက်။ တူးတန်တူး ဆွတန်ဆွ ရေလောင်း တန်လောင်း နောက်ချေး ခင်းတန်ခင်းခြင်းဖြင့်၊ ထမင်းရှင် အကျိုးမလစ် ရအောင် သယ်ပိုး သူ ဖြစ်လေသည်။ အခြား အလုပ်သမားများကိုလည်း၊ မိမိနည်းတူ အလုပ်လုပ်မှ ကြိုက်၏အလုပ်မလုပ်ဘဲ စွန်ပလွန်ပင် အောက် သွားအိပ် နေသူကိုဖြစ်စေ၊ စားရာတွင်လည်း ကိုယ့်ဝေစု ထက် ပိုစားသူကို ဖြစ်စေ သို့တည်း မဟုတ် စပါးရိတ်ချိန်ကျလျှင် အိမ်ကသားမယားများ အားတိတ်ဆိတ်လက်ကုပ်၍၊ စပါး လက်ဆုပ် စီ တတ်နိုင် တတ်နိုင် လက်နှစ်ဆုပ်စီပင် တတ်နိုင် တတ်နိုင် နိုင်သမျှသယ်၊ ပါသမျှ အခိုးခိုင်းတတ်သော သူကိုဖြစ်စေ၊ တွေ့လျှင် သေချာစွာ မှတ်ထား လျက်၊ ထိုနှစ် လယ်အလုပ်ပြီးသည်နှင့် တပြိုင်နက် ၀မ်လန်း အား "ဟောဒီလူနဲ့ ဒီလူဒီလူတွေဟာ ဖြင့်မကောင်းဘူး၊ နောင်နှစ်ကျ ထပ်မဌါးနဲ့တော့"ဟု ပြောလေ့ရှိ၏။

သို့ဖြင့် တခါက ပဲစေ့ လက်တဆုပ်စာခန့်နှင့် မျိုးစပါး အနည်းငယ်ကို တယောက်တပြန်စီ ထောက်ပံ့ ပေးကမ်း ခဲ့ဘူးသော ကျေးဇူးသည် ယခုအခါ ထိုနှစ်ယောက်ကို ညီရင်းအစ်ကိုတမျှ ချစ်ခင်ရင်းနှီး၍ နေစေ တော့၏။ ထို နှစ်ယောက်တွင် ၀မ်လန်း မှာ အငယ်ပင်ဖြစ်သော်လည်း အကြီး နေရာကို ယူလျက်၊ ချင်းမှာလည်း မိမိမှာ သူတပါး အိမ်၌ နေရသည့် အခစား တယောက်ဖြစ်ကြောင်းကို မမေ့ပေ။
ငါးနှစ်ကျော် ခဲ့ သောအခါ ၀မ်လန်းမှာ လယ်ထဲသို့ကိုယ်တိုင် မဆင်းအားတော့ဘဲ၊ လယ်ထွက် သီးနှံများကို အရောင်း အ၀ယ်ပြုရခြင်းနှင့်ပင် မအားအောင်ရှိလေ၏ သို့အရောင်းအ၀ယ်ပြုလုပ်ရ သည့်အခါ ၀မ်လန်း မှာ စာမတတ် သဖြင့် အခက်အခဲများစွာ တွေ့ရလေ၏ စပါးဒိုင်များ၌ မိမိ၏  စပါးကို ရောင်းသည့် အခါ ဖြစ်စေ၊ မိမိကပင် ၀ယ်ယူသည့်အခါ ဖြစ်စေ၊ အရောင်းအ၀ယ် စာချုပ်ကို ကိုယ်တိုင် လက်မှတ် မထိုးနိုင်ဘဲ၊ စာရေး ဖြစ်သူ အား ခယ တောင်းပန် အသနားခံ ရလေ၏။

ထိုအခါ များတွင် မိမိ၏အဖြစ်ကို မိမိများစွာရှက်မိလေ၏။ ထိုအခါများတွင် မိမိ၏အဖြစ်ကို မိမိများစွာရှက်မိ လေ၏။ တခါတွင် ဒိုင်စာရေးများ၏ ၀ိုင်းအုံလှောင်ပြောင်ခြင်းကို ခံရလေရာ၊ အရှက်ကွဲ၍ ပြန်ခဲ့ရလေ၏။ အိမ်အပြန် လမ်းတလျှောက်လုံး စဉ်းစား၍ လာခဲ့လေ၏။ "င့ါ-သားအကြီး ကို ကျောင်းသွားထားမှဘဲ၊ ဒါမှ ဒင်းကလေး စာသင်တတ်ရင် ငါ့အလုပ်မှာ နေရာကျမယ်၊ ငါစပါးသွား ရောင်းတဲ့အခါ သူ့ကို ခေါ်သွားနိုင်မှာဘဲ"ဟုတွေးပြီး၊ "တောက်-ငါ့နှယ်-သောက်ရှက်ကို လုံးလုံးကွဲ တာဘဲ၊ ဒင်းတို့မြို့သား လူ-ငနွား ကလေးတွေဟာ ဒင်းတို့ကိုယ်-ဒင်းတို့ ဟုတ်လှပီထင်နေတယ် စာမတတ်တာ ကလေးနဲ့ ငါလို လယ်ပိုင်ရှင် တယောက်ကို ၀ိုင်းလှောင်ကြတယ်၊ ဒင်းတို့ဟာ ငါ့လယ်လောက်မပြောနဲ့ မြေတထွာ တောင်ပိုင်ကြရဲ့လား''ဟု ခံပြင်းခြင်း ဖြစ်နေလေသတည်း။

ထိုနေ့တွင်ပင် ၀မ်းလန်းသည်၊ အိမ်ရောက်သွားသောအခါ  သားအကြီးကိုခေါ်၍  ကျောင်းနေဘို့ ကို  ပြောလေ၏။   ယခုအခါ ၀မ်လန်း၏ သားအကြီးမှာ၊ အသက် ၁၂ ရှိနေလေပြီ၊ အရပ်ရှည်ရှည် မျက်နှာ ပြားပြား နှင့် သူ့မိခင်မျက်နှာမျိုးဖြစ်လေ၏။

သို့သော် မျက်လုံးများမှာ သူ့အဘေ မျက်လုံးမျိုးဖြစ်လျက်၊ အကင်းပါးပုံရ၏။
ဒို့ သွေး-ဒို့သား ထဲမှာ စာရေးတတ်တဲ့လူလိုနေတယ်သားရဲ့၊ အခုတော့ ငါ့မှာစာမတတ်လို့ အလုပ်လုပ် တဲ့ နေရာမှာ ရှက်စရာကောင်းနေတယ်၊ ငါ့အလုပ်မှာ အကူအညီရအောင် မင်းဒီကနေ့ ကစပီး လယ်ထဲ မဆင်းနဲ့တော့ မင်းကိုငါကျောင်းထားမယ်......"
ဤသို့ ပြောလိုက်လျှင် သူငယ်ကလေးမှာ မျက်လုံးများတောက်ပြောင်လာလျက်
"ကျွန်တော်လဲ ကျောင်းနေချင် ၂ နှစ်လောက်ရှိပီဘေဘေ၊ ကျွန်တော် ဘေဘေ့ကို မပြောရဲတာ နဲ့ဘဲ" ဟု ဖြေဆို လေ၏။

ထိုအခါ သားငယ်ကငိုလေ၏။ ၎င်းမှာ စိတ်ကြိုက်နှင့်မတွေ့လျှင် အမြဲဆူဆူပူပူ လုပ်လေ့ရှိ၏။ "သူ့ဟာ များတယ်-ငါ့ဟာ နဲတယ်" စသည်ဖြင့် မသောင်းကျန်း မဆူပွက်ရလျှင် မပြီးသော မီးခဲလေး ဖြစ်သည်။ 
"ဒါဖြင့်-ကျွန်တော်လဲ လယ်ထဲ မဆင်းချင်တော့ဘူး။ အစ်ကိုကတော့ အေးအေး ဆေးဆေး ကျောင်းသွား စာသင်နေ၊ ကျွန်တော့ ကိုတော့ အိမ်မှာ ခိုင်းထားတဲ့ ကျွန်လို လယ်ထဲမှာ ခိုင်းထားမယ် ဆိုတော့ ဘယ်တရား မလဲ-အစ်ကို ကလဲ ဘေဘေ့သား၊ ကျွန်တော် ကလည်း ဘေဘေ့သား- အတူတူပဲဟာ........" ဟု ဘခင် ကို ပတ်ချာလှဲ့လျက် နွဲ့လေ၏။
ထိုအခါ ၀မ်လန်းမှာ နားညီလာလျက်။

"ကဲ-ကဲ-ကဲ မင်းတို့ ၂ယောက်စလုံးကျောင်းသွားကြ၊ ဟုတ်တယ်-ဟုတ်တယ်၊ ဒီတော့မှ မတော်တဆ ဖွဟဲ့-တယောက် ယောက်သေပျောံယွင်းပါးသွားရင် ငါ့အလုပ်ကို ကူနိုင်မဲ့ လူတယောက်ကျန်ရစ်မှာ" ဟု ပြောလေ၏။

ထို့နောက် ၀မ်လန်းသည်၊ ခလေးများ၏ မိခင်အား၊ မြို့ကိုလွှတ်၍ ခလေးများ ကျောင်းတက်စဉ် ၀တ်ဘို့ အ၀တ် အစားများ ၀ယ်ယူစေလေ၏။ မိမိကိုယ်တိုင်လည်း မြို့သို့တက်ပြီး စက္ကူ မင်အိုး၊ စုတ်တံ စသည် တို့ကို ၀ယ်လေ၏။ သို့ဝယ်ရာတွင် မည်သည့် ကိစ္စတွင် အသုံးကျသည်ကို မသိ၊ မိမိနားမလည်ကြောင်းကို လူမသိ စေလိုရကား၊ ဆိုင်ရှင် က ထုတ်ပြသမျှအား လုံးဝမငြင်းပဲ ၀ယ်ယူခဲ့လေ၏။
သို့ဖြင့် နောက်ဆုံးတွင် သားများကိုကျောင်းပို့ဘို့ အလုံးစုံ စီမံပြီးစီးသွားလေ၏။

ကျောင်းမှာ မြို့တံခါးအနီးတွင် ရှိလျက် ကျောင်းဆရာကြီးမှာ သက်ရွယ် ကြီးရင့်လှပြီ ဖြစ်သော အဘိုးကြီး တယောက် ဖြစ်လေ၏ သူ့အိမ် အလယ်ခန်း တွင်စါပွဲခုံတွေချလျှက်၊ ကျောင်းသား များကို သူ့လက်တွင် အမြဲ ကိုင်ထား သည့် ယပ်တောင်ကြီးဖြင့်၊ တဖျတ်ဖျတ် ရိုက်ကာ သင်ပြလေ၏၊ ကျောင်း လခကို တနှစ်မှ တခါတောင်း၏၊ များများလည်း မပေးရပေ၊ ကျောင်းသား များမှာ နွေရာသီ ပူအိုက် သောအခါ ကျမှ စာအအံရ သက်သာကြ၏၊

အကြောင်းမူ ထိုအခါမျိုး၌ ဆရာကြီး မှာ ထမင်း စားပြီးသည်နှင့် တပြိုင်နက် ငိုက်မြည်းကာ အိပ်လေ့ ရှိလေ၏၊ ဆရာအိပ်လျှင် ခလေးများလည်း စကားပြောသူကပြော အရုပ်ဆွဲသူကဆွဲ၊ ဆွဲသည့် အရုပ်ကို လူစေ့အောင် လိုက်ပြ သူကပြနှင့် ထကြကြွလေ၏၊ အချို့က အောက်မေးရိုးကြီး တွဲလောင်းကျ၍ အိပ်နေသော ဆရာကြီး၏ ပါးစပ်ပေါက် အနီး၌ ၀ဲနေသည့် ယင်ကောင် ပါးစပ်ထဲဝင်မ၀င် အလောင်း အစား လုပ်နေကြ လေ၏၊ ဆရာကြီးလန့်၍အနိုး အမျိုးမျိုးထကြွနေသော ကလေးများကို မြင်လျှင် အမြဲဆောင် ထားသော ယက်တောင်ကြီးဖြင့်၊ မောင်းထု သလို ခေါင်းပုဝင်အောင် တဒေါင်ဒေါင်တီးလေ၏၊ ရိုက်သံနှင့် ငိုသံ ကိုကြားရလျှင် လူများက ''တယ်တော်တဲ့ဆရာကြီး အသအပြ မတော့ ထိပ်တန်းဘဲ''  ဟုပြောကြ လေ၏၊ ထို့နောက်ပင်လည်း ၀မ်လန်းသည် ထိုကျောင်းကို တမင်ရွေး၍ သားများကို လိုက်အပ်လေသည်။

ကျောင်းသို့ ရောက်သောအခါ ၀မ်လန်းသည် အိမ်မှလက်ကိုယ်ပုဝါနှင့် ထုပ်ယူလာသော ကြက်ဥ များကို ဆရာကြီး အား လက်ဆောင်ပေးလေ၏ အကျီရှည်အနက်ကြီးကိုဝတ်လျက် မျက်မှန်ကြီးတပ် ကာ ဆောင်းရာသီ များ၌ ပင် လက်က ချလေ့မရှိသော ယပ်တောင်ကြီး နှင့် ဆရာကြီးအားကြည့်ရင်း ကြည့်ရင်း ၀မ်လန်းမှာ ကြည်ညို လေးစားလာလေ၏ ။

"ဆရာကြီးခင်ဗျာ ဟောဒီခလေးနှစ်ယောက်ဟာ ကျွန်တော့ သားနှစ်ယောက် ဖြစ်ပါတယ် နာနာသာ ရိုက်ပီး သင်စမ်းပါ ကျွန်တော် စိတ်မဆိုးပါဘူး"ဟု ခလေးနှစ်ယောက်အား အပ်လိုက်လေ၏
ထို့နောက် သားနှစ်ယောက်အား ထားခဲ့လျက် ပြန်ခဲ့သည်တွင် တလမ်းလုံး သွေးကြွ၍ လာလေ၏ လမ်း၌ ရွာသား တယောက် နှင့် တွေ့၍ ထိုသူက မေးသည့်အခါ....
"ဟုတ်တယ်ဗျ- ကျုပ်သားတွေ အခုလယ်ထဲမှာ မထားတော့ဘူး စာတတ်အောင် ကျောင်းပို့လိုက် ပီ"ဟု ထပ်၍ ကြွားလိုက် ပြန်လေ၏။

ထိုအချိန်မှ စ၍ ၎င်း၏သားနှစ်ယောက်အား အကြီးနှင့်အငယ်ဟူ၍ မခေါ်တော့ပေ ဆရာကြီးက နှစ်ယောက် စလုံးကို ကျောင်းနာမည်များ ပေးလိုက်လေ၏ ဘခင်၏ အလုပ်အကိုင်ကို မေးစမ်း ပြီးနောက် ဆရာကြီးက အကြီးအား "နန်းအင်း" ဟု မှဲ့၏ အငယ်အား"နန်းဝင်း" ဟု အမည်ပေးလေ၏။
"နန်း" ဟူသော စကားအဓိပ္ပာယ် မှာ "မြေပဒေသာ" ဟူ၍ ရလေ၏။

ဆက်ရန်
.

No comments: