ခိုးသား ၄၀ အုပ်စု၏ မနာလိုမှု
တညနေထဲနှင့် ရုတ်တရက် တွန်းလှဲ့လိုက်သလို အိပ်ယာထက်၌ ပက်လက်လဲကျလျက် မလှုပ် မယှက်နိုင် ဘဲ သတိအမြဲလစ်နေသူကို ဖက်ပွေ့ပြုစုသလို ပူးကပ်၍ ဖိညှစ်သတ်လိုက်မည်ဆိုပါက ထိုတညထည်းနှင့် အလွယ် တကူ ကိစ္စပြီးသွားစေနိုင်သော်လည်ူး အကြံသမားချင်းမို့ အသီးသီး တဦးနှင့်တဦး အလစ်မပေး ခြင်း၊ ကျမ အိပ်ယာဘေးတွင် အိမ်ဖေါ် ကရင်မ တစိမ်းတရံစာ ကလေး တွေက တညလုံး အလှည့်ကျ ထိုင်စောင့် နေခြင်းများကြောင့် ပြုစုခြင်ဟန်ဆောင်လျှက် အသက်ရူ ပိတ်သွားအောင် အိုဒီကလုံးရေမွှေး ဆွတ်ထား သော လက်ကိုင်ပုဝါနှင့် နှာခေါင်းဝကို နာနာဆို့ထား ရုံကလေးမျှပင် အချိန်ကောင်းစွာ မရလိုက် ရှာကြဘဲ၊ ကြံစည်သမျှလွဲလျက် မနက်မိုးစင်စင်လင်း လာခဲ့ရလေသည်။
မနက် ၇နာရီလောက်မှာ သတိရလာပြီး မျက်လုံကို အားယူ ဖွင့်ကြည့်နိုင်သောအခါ ဆရာဝန် ဒေါက်တာလွင် အနီး၌ ထိုင်နေသည်ကို တွေ့ရပါသည်။ သို့ရာတွင် မျက်တောင်မှာ ကြာကြာ သယ်မ၍ မထား နိုင်ဘဲ လေးလံလာသဖြင့် ပြန်ပိတ်သွားသည်။ နားကတော့ ပြောသမျှ လှုပ်ရှား ကြသမျှ အသံများ တချီ တလှဲ့ ကြားနေရသည်။ ဆရာဝန်၏ ကြည့်ရှုစမ်းသပ်မှု၊ ညွှန်ကြားမှု လိုအပ် သော ဆေးဝါးပစ္စည်းများ ၀ယ်ယူ စေခြင်းများ ပြုလုပ်ပြီးသည့်နောက် ကျကျနန ပြုစုရန် သူနာပြု ဆရာမနှစ်ယောက် နေ့နှင့်ည အလှည့် ကျ ထားလိုသည်ဟု ဒေါက်တာလွင်က တောင်းဆိုသည့် စကားကို ကျမကြားရသည်။ ဆရာ သဘော ကျသူကို ထားပေးဘို့ ညီမ၀မ်းကွဲ ဦးပုနှမက ပြောသည် ကိုလဲ ကြားလိုက်ရသည်။
အခန်းထဲမှာ ပွဲကြီးပွဲကောင်း ကြည့်နေသကဲ့သို့ ကုတင်ဘေးတွင် လူတွေအများကြီး ၀ိုင်းထိုင်နေကြ သော်လည်း တတ်သိကျွမ်းကျင်စွာ ပြုစုမည့်သူ မရှိသည်တိုင်အောင်လည်း သင်္ကာယနံ့ မကင်း ဘွယ်ရာတွေ တွေ့မြင် နေရသည်လား၊ သို့တည်းမဟုတ် ရောဂါဝေဒနာ၏ အခြေအနေကိုက စိတ်မချရသေး၍လား မတွေး တောနိုင်ပါ။ သို့ကြောင့် ထိုနေ့ကစပြီး ညဥ့်ပိုင်းစောင့်၍ ပြုစုရန် အတွက် သူနာပြုဆရာမကြီး မက်ဆွမ်းနီး နှင့် နေ့စောင့်သူနာပြု ဆရာမ ကရင်အမျိုးသမီးတဦးကို ဒေါက်တာလွင် အလိုရှိသည့်အတိုင်း ခေါ်ယူ ပြုစုစေပါသည်။
ဤအခြေအနေအတိုင်းဘဲ အိပ်ယာထဲမှာ ၄-၅ရက် မလှုပ်မယှက် လဲနေခဲ့သည်။ တချီတချီ သတိရ လျှင် နေ့သူနာပြုဆရာမနှင့် ညသူနာပြု ဆရာမကြီးတို့ပြုစုကြ၊ ဆေးတိုက်ကြ၊ ကလူးကို့ ရည်ကို လျှာပေါ် ဆွတ်ပေး ကြသည်မျာကိုသာ သိနေရပါသည်။ အပြင်မှာ ဘာတွေဖြစ်ပျက်နေကြသည်ကို လုံးဝမသိ နိုင်သော အခါသမယ ဖြစ်ပါသည်။ လူနာမေးဘို့ လာသူတွေလဲ မစဲ၊ အိမ်ဦးခန်းဘက်မှာ စုရုံးစုရုံးနှင့် ကလစ် အသီး သီးက နီးစပ်ရာ လက်ပြခြေပြ တီးတိုးတီးတိုး အလုပ်ရှုပ်နေကြသည်ဟု ဆိုသည်။
အချို့ 'ကလစ်'မှ ဦးစီးမများကလည်း ဦးကိုကြီး ဆိုတာက ဘယ်လိုအမျိုးတော်လို့ သော့တွေဘာတွေ ခေါ်အပ် ရတာလဲဟု အခဲမကြေနိုင်သော လေသံပြလျက် ဆွေမျိုး အဆက်အစပ် ကို စုံစမ်းမေးမြန်းကြသည် ဟု ဆိုသည်။ သူက ကျောက်ပန်းတောင်အဖေ့ဘက်မှ တော်သော မောင်ဝမ်းကွဲဟု အဖြေပေါ် လာသော အခါမှ စလေသူမနှင့် ကျောက်ပန်းတောင်က အသိုက်ကို မန္တလေးက အသိုက်က ၀န်တိုမိစ္ဆာ ဖြစ်လာ ကြသည်။ မနာလိုဘဲ မျက်စောင်းခဲချင်လာသည်။ ခိုးသားလေးဆယ်၏ အစိတ်အပိုင်း တစုကလည်း ပုဆိုးခြုံ ထည်း က လက်သီးပြင်လျက် ရှိကြပြီဟု ဆိုသည်။ သူတို့မနာလိုဝန်တိုဖြစ်ကြသော်လည်း ဦးကိုကြီးကို အမွေ ခေါ်ပေးခြင်း မဟုတ်ပါ။
လှူစရာ ကိစ္စတန်းလန်းတွေ မလှူဖြစ်မှာစိုး၍ လှူပေးဘို့ အပ်ခြင်းသာ ဖြစ်ပါလျက် ပုံပျက်ပန်းပျက် ဟန်မဆောင် နိုင်အောင် သူတို့အမူအရာပျက်လာကြရသည်မှာ မည်မျှလောဘေဇော ၀င်လာကြ သည်ဟု ခန့်မှန်း နိုင်ကာ တရားသံဝေဂ ရစရာလည်း အလွန်ကောင်းနေပါသည်။ ဦးကိုကြီး ဦးပုစ သူမောင်ဝမ်းကွဲ များ မှာလည်း ဒီအချိန်က ကျမက တကယ်သာ သေဆုံးသွားဖြစ်မည်ဆိုလျှင် ကြား ၀င်ပြီး အမုန်းခံ မည့်သူ များ မဟုတ်၊ သေသူအပေါ်၌ ကတိမတည်တော့ဘဲ၊ သော့တွဲရောစာချုပ်ပါ ပြန်ပေးလိုက် ကြမည့်သူ များသာဖြစ်ကြောင်း၊ နောက်ပိုင်း ကျမပြန်၍ ကျန်းမာလာသောအခါ ၀မ်းနည်း ဘွယ်ရာ ကောင်း လောက် အောင် ဇာတိ ပေါ်လာကြပါသည်။
အယ်ဒီတာ မောင်သန်းညွန့်တို့ တည တည်းခိုစေပါမည်ဟု ပြန်ပင့်လာသော အရေခြုံကြီးမှာလည်း ကျမ အသဲအသန် ဖြစ်နေသည်ကို အကြောင်းပြကာ အောက်အိမ်သစ်မှာဘဲ ဆက်လက်နေသေး သည် ဟု နောက် မှ သိရပါသည်။ နေရုံသာမက အိမ်အောက်ထပ်စားပွဲခန်းမကြီးမှာ မနက်တိုင်း ဆွးဘုဉ်းပေးပြီး အနီး က ဗေဒါကေသာအစ ချောင်းဦးဆယ်ရွာက ပြောင်းဖူးသည် မယ်ညှာစသော ကညာတပည့်မတို့နဲ့ ဆရာ အလှည့်ကျ တရားချ၍ ပြားပြားနှင့် ခုံးတဲ့ ဖါးဂမုန်းအကြောင်း ဟောမည် ဆိုသော မစ္စတာ မောင်မှိုင်းကြီး၏ ဆောင်းပါး အတိုင်း အသိုင်းအ၀ိုင်းနှင့် ဆွမ်းကပ်နေသော တပည့် တကာမများ ခြံရံပြီး တရုန်းရုန်းတပြုံးပြုံး ပျော်ပျော် ကြီး ဆွမ်းဘုဉ်းပေးလျက်ရှိ၍ လူမမာဖြစ်နေသာ ကျမက နေ့ဆရာမ ညဆရာမနှင့် စောင့်ကု နေရ သော အခိုက်တန့်အချိန် ဖြစ်နေပါသည်။
ထိုသူတော်ကောင်းတို့၏ ယူဆချက်မှာ ကျမဤရောဂါနှင့် တခါတည်း သေလျှင်သေ၊ မသေလျှင် ကိုယ် လက် တပိုင်း သေပြီး အိပ်ရာထဲမှ ထနိုင်တော့မည် မဟုတ်တော့ ဒုက္ခိတဘ၀သို့ ရောက်ရမည် ဟု တွက်ကိန်း ချထားခြင်း ဖြစ်ပါသည်။
ရောဂါအခြေအနေ သက်သာလာပြီး
ဒေါက်တာလွင်နှင့် နေ့သူနာပြု၊ ညသူနာပြု ဆရာမနှစ်ဦးတို့ စောင့်ကြပ်ကြည့်ရှု ကုသခြင်းဖြင့် ၄-၅ ရက် ခန့်ရှိ သောအခါ သတိရနေသော အချိန်က ပိုများလာသည်။ မျက်လုံးကို ယခင်ကထက် ကြာကြာဖွင့်ကြည့် နေနိုင် လာသည်။ ရောဂါအခြေအနေ အတော် သက်သာလာပါသည်။ သို့ရာတွင် အားအင်မရှိသဖြင့် တုန်တုန် ရီရီ ဖြစ်နေသည်။ ကမ္ဗလာရည်၊ ကလူးကို့ရည်နှင့် နို့အနည်းငယ်ဇွန်း နှင့် ထည့်တိုက်ခံရသည်မှ တပါး အစားအစာ မရှိသဖြင့် ကြက်ဆွပ်ပြုတ် တိုက်ရန် ဆရာဝန်မှာကြား သည့်အတိုင်း နေ့ဆရာမ ကလေး က ကြက်ဆွပ်ပြုတ် ယူလာပြီး တိုက်လေသည်။
ကြက်ဆွပ်ပြုတ် ရည်မှာ ထုံးစံအတိုင်း ကြက်သွန်ဖြူနံ့တွေ ထောင်းထောင်းထပြီး ပြစ်ချွဲချွဲကြီး နေသည်ကို တွေ့ရ သည်။ လဘက်ရည်ဇွန်းငယ်နှင့် သုံးဇွန်းခန့် သောက်မိပြီးသောအခါ ပျို့အံချင်သလို ဖြစ်လာသဖြင့် မသောက်လို တော့ကြောင်း ပြောလိုက်ပါသည်။ ညနေဘက်မှာလည်း မနက်ပိုင်းက စံနမူနာထက် မညံ့ဖျင်း သော ဆွပ်ပြုတ်ကိုဘဲ သူနာပြုဆရာမကလေးက တိုက်ကျွေးပြန်ရာ လျှာကလဲ လက်မခံ နိုင်၊ ကြက်သွန်နံ့ မခံနိုင် ၍ မသောက်လိုကြောင်း ငြင်းဆန်လိုက်ရသည်။
ဤတွင်မှ သူနာပြုဆရာမ ကလေးက လူမမာအတွက် ပြုတ်သော ဆွပ်ပြုတ်မှာ ကြက်သန်ဖြူ မထည့်ရန် အောက်ထပ် သို့ သွား၍ မှာကြားထားပါသည်။ ဆွပ်ပြုတ်တာဝန်ခံမှာ သူ့လက်ရာကို ဘယ်လိုနည်းနှင့်မှ အပျက် မခံ နိုင်ပုံမရပါ။ အထက်ဆရာကြီး အမိန့်အရ ခုအချိန်အခါမှ ပိုပြီး အရေးတကြီးနှင့် အားစိုက်ခွန်စိုက် အပြုတ်တိုက်ရမည့် အခွင့်အခါ ကြုံကြိုက်နေပါသည်။ နေ့သူနာပြုဆရာမကလေးမှာ နေ့အလှည့် သမား ဖြစ်၍ မနက်၆နာရီမှ ညနေ၆နာရီအထိ ပြုစုရသူ ဖြစ်သောကြောင့် မနက်စာ၊ ညနေစာ ထမင်းကို အောက်ထပ် ရှိ ထမင်းစားခန်းမကြီးသို့ ဆင်း၍ စားရပါသည်။
မနက်စာဆိုလျှင် ဆွမ်းပွဲ အသိမ်းအပြီးမှာ ကေသာတို့၊ ဗေဒါတို့၏ တပျော်တပါး စားကြသော ထမင်း စားပွဲကြီးက လာခေါ် သွားပြီး ဧည့်ခံ ကျွေးမွေးကြသည်။
ဆွပ်ပြုတ်တာဝန်ခံက သူ့စိတ်တိုင်းကျ ပြုတ်ယူလာသော ဆွပ်ပြုတ်ပန်းကန်ကို ဆရာမကလေး လက်သို့ ပေးအပ် မှ ဆရာမက ယူလာပြီး လူနာကို တိုက်ကျွေးရသူ ဖြစ်ပါသည်။ သူနာပြုဆရာ ကလေးမှာ ဘာ အတွင်းရေး ကိုမှ သိသူမဟုတ်၍ သူ၏ အလုပ်ဝတ္တရားအတိုင်းသာ ဆောင်ရွက်သူ ဖြစ်သည်။ သို့ရာတွင် ကြက်သွန်ဖြူနံ့ တွေ မပါဘို့ ကို တရက်မှာတော့ မှာကြားမိသည်ဟု ဆိုသည်။ နောက်တရက်မှာတော့ နေ့သူနာပြု ဆရာမကလေးသည် နှာစေးလာသည်ဆိုပြီး အလုပ်မလာနိုင် တော့ကြောင်း ပြောသွားသည် ဆိုပါ သည်။
ဆွပ်ပြုတ်ကိစ္စကို စိတ်တိုင်းကျမလုပ်ရမည်စိုး၍ နေ့သူနာပြု ဆရာမကလေးအား ဘေးဖယ်ထုတ် လိုက် လေပြီ လား၊ နားပရိယာယ်တွေက များလှသဖြင့် ဘုရားမှသိတော့မည် ဖြစ်ပါသည်။ ညသူနာပြုဆရာမကြီး မက်ဆွမ်းနီ ကတော့ ရှိနေပါသည်။ သူက ဆွပ်ပြုတ်တိုက်ရသောအချိန်နှင့် လွတ်နေသည်။ နာရီအလှည့်ကျ ဆေးတိုက် ရသည်။ ဆရာဝန်ကြည့်ရန် မှတ်တမ်း ရေးရသည်။ တညလုံး ထိုင်စောင့်နေရသူ ဖြစ်ပါသည်။ ဒေါက်တာလွင် လာသောအခါ နေ့သူနာပြုဆရာမကလေး နေမကောင်း၍ အလုပ်မဆင်းလာနိုင်ကြောင်း ပြောပြ လျက်၊ နေ့သူနာပြုဆရာတဦး ဆက်ထားရန် စီစဉ်သောအခါ နေ့ပိုင်းမှပြုစုဘို့ အိမ်တွင် မိန်းမတွေ အများ ကြီး ရှိနေပါသည်။ ရောဂါအခြေအနေ လဲ နည်းနည်းကောင်းလာပြီဖြစ်၍ သူတို့ ပြုစုတတ်ပါသည်။ နေ့ဆရာမ အတွက် မလိုပါဘူး ရယ်လို့ ၀င်ပြောပြီး စေတနာကြီးတွေ အတုံးလိုက်၊ အခဲလိုက် ထားပြ လိုက်ကြ ပါသည်။
ဒေါက်တာကလဲ အကယ်၍ နေ့သူနာပြုဆရာမလိုလျှင် အချိန်မရွေးသွားခေါ်နိုင်စေရန် အခြား ဆရာမ နှစ်ဦး ၏ လိပ်စာနှင့် စာနှစ်စောင် ရေးပေးထားခဲ့ပါသည်။ ဆရာဝန်လာရောက် စမ်းသပ် ကြည့်ရှုပြီး ပြန်သွားသော အခါ အိမ်သူမတွေက ကျမအား လွတ်လပ်စွာ ပြုစုကြပါတော့သည်။ လက်ရှိ အတူနေ ကျမ၏ ဝေယျာဝစ္စ ပြုစု လုပ်ကိုင်ပေးလျက် ရှိသော ကရင်မလေးနှင့်အတူ အတွင်းဝန်ဦးပု၏ နှမက ညအိပ်လာနေပြုစု၍ နေ့မှာ အချိန်ကျ ဆေးတိုက်ခြင်း၊ သစ်သီးရေနှင့် နို့မှုန့်ရေ အနည်းငယ်တိုက်ခြင်း ပြုပါသည်။
၁၁နာရီလောက်မှာတော့ ဆရာဝန်မှာ သည့်အတိုင်း ကြက်ဆွပ်ပြုတ်ကို အားရှိအောင် တိုက်ရတော့မည်။ ကြက်သွန်ဖြူ စိမ်းနံ့တွေ မပါပါစေနဲ့ဟု ဆရာမ ရော ဆရာဝန်ပါ မှာကြားချက်အရ ပညာရေးဋ္ဌာန အတွင်းဝန် ဦးပုနှမက အခန်းထဲသို့ ယူလာသည်။ အခန်းအပြင်ဘက်အထိ အောက်ထပ်မှ ဘန်းငယ်နှင့် ကျကျ နန ပြင်ဆင်ပြီး လာပို့သူကတော့ ဦးပုတို့ မောင်နှမ၏ တူမ စလေသူ မိုနိုစာစီမဘဲ ဖြစ်ပါသည်။
ဤအချိန် မှာ ကျမအိပ်ယာပေါ် လှဲနေရဒါ ကြာ၍ ကျောပူလှသောကြောင့် လူတွဲနှင့်ထပြီး ကုတင် အနီးရှိ နောက်မှီ ကုလားထိုင်မှာ ထိုင်နေသည်။
ပူပူနွေးနွေး ဆွပ်ပြုတ်ကလေး ကြိုးစားသောက် လိုက်ပါဦးဟု ဆိုသောကြောင့် ဆွပ်ပြုတ်ပန်းကန်ကို ဇွန်းငယ် နှင့် ခပ်လိုက်သောအခါ ပန်းကန်မှာ ၀က်ဆီတွေက မလိုင်တင်းသလိုတင်းနေသည်ကို မြင်ရသည်။ ခပ်ယူ ပြီး နမ်းကြည့်လိုက်သောအခါ ဘာနံ့မှ ဘာနံ့မှ အုပ်မထားသောကြောင့် တရုပ်ခေါက်ဆွဲဆိုင်က ၀က်ပြုတ်ရည် အနံ့ နှင့် ထပ်တူ ထပ်မျှ ထောင်းထောင်းထမျှ နံစော်လှသည်။ ယူလာသူကိုလဲ နမ်းကြည့်ခိုင်း သောအခါ ဟုတ်ပါရဲ့ ၀က်ပြုတ်ရည်တွေဘဲ ဟင်းအိုးချင်းမှားခပ်လာတယ် ထင်ပါရဲ့ဟု ဆိုကာ ကပြာကရာ ပြန်သိမ်း ယူ သွားပါသည်။
မြွေပွေးကို ခါးပိုက် ပိုက်ထားမိဆဲ ဆက်ရန်
.

No comments:
Post a Comment