Sunday, April 11, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၇၃)

မြွေပွေးကို ခါးပိုက် ပိုက်ထားမိဆဲ

ကျမလဲ ဘာမှနားမလည်၍ ငေးကျန်ရစ်ခဲ့ပါသည်။ တကယ်ဘဲ မှားယူလာသည်။ ကြက်ဆွပ်ပြုတ် အစစ် ကိုယူပြီး မကြာခင် ပြန်လာလိမ့်မည်ဟု ထင်မသည် သို့ရာတွင် မပေါ်လာတော့ပါ။ အတော် ကလေးကြာ သည်တိုင်အောင် မပေါ်လာဘဲနေသည်။ ပညာရေးဋ္ဌာနအတွင်းဝန် ဦးပုနှမအရင်းသည် ဆွပ်ပြုတ် ပန်းကန်ကို အလျင်အမြန် ယူထုတ်သွားပြီး လက်စတုန်းသွန်ပြစ်လိုက်သည်ကို ကျမှာ ထိုစဉ်အခါက သင်္ကာယန မကင်း မဖြစ်မိပါ။

စလေသူမနှင့် ပါတနာဖြစ်နေကြပြီဟူ၍လည်း မသိရှိ ရသေးအရေးထဲမှာ လာရောက်ပြုစုနေသော မုဆိုးမ ညီမ ၀မ်းကွဲ ဟု စိတ်ထဲမှာ ကျေးဇူးတင်လျက် ရှိ ပါသည်။
ဆွပ်ပြုတ်တာဝန်ခံ စလေသူမိုနိုစာစီသမသည် ကျမနှင့် ဘာမှ သွေးသားတော်စပ်သူ မဟုတ်ဘဲ ဦးပုတို့ မောင်နှမ နှင့်သာ သူတို့အဖေဘက်မှစပ်၍ တူမ တော်ကြပါသည်။ မုဆိုးမသည် စလေသူ သူ့တူမ၏ အတွင်း ရေးကို သူတို့စောစောစီးစီးက သိထားကြသူများဖြစ်ရာ အလိုတူ အလိုပါ အားပေးသည့်သဘောနှင့် ကျမ မသိရ အောင် သိုသိပ်ဖုံးဖိထားကြသူများလည်း ဖြစ်ပါသည်။

သို့ရာတွင် ထိုအချိန်အထိ မည်သူ့ အပေါ်ကိုမျှ ကျမက သင်္ကာမကင်းစိတ်မရှိဘဲ။ သူတို့တတွေကို အိမ်တွင်း မှာ နေစေကာ မြွေပွေး ခါးပိုက်ပိုက်ထားမိဆဲ ဖြစ်ပါသည်။
တော်တော်ကြာမှ မုဆိုးမသည် မျက်စိမလှ မျက်နှာမလှနှင့် အခန်းထဲ ပြန်ဝင်လာလေသည်။ ဟင်းအိုး မှားတာ မဟုတ်ပါဘူး။ မီးဖိုထဲက ထမင်းချက်တဲ့ မိန်းမက မှားယွင်းပြီး ၀က်ရိုးတွေထည့် ပြုတ်လိုက်တာနဲ့ တူပါတယ် ဟု ဆိုသည်။

နောက်ပြီး ရေခဲသေတျာ ဖရယ်ချီတယ်ထဲမှာ အသားအမျိုးစုံအပိုအမို ၀ယ်ခြမ်းထည့်ထားလေ့ရှိရာ ကြက်၊ ၀က်၊ ငါး၊ ပုဇွန် စသည်တို့ကို တကန့်စီထားသော်လည်း ယူငင်ရာမှာ မတော်တဆမှားပါ သွားတာလဲ ဖြစ်နိုင်ပါသည်ဟု အကြောင်းပြလေသည်။ သည်တော့ မနက်ဖြန် မီးဖိုဆောင်မှာ မပြုတ်စေဘဲ၊ ထမင်းစားခန်းထဲမှာ ရှိတဲ့ ဓါတ်မီးဖိုနဲ့ သူကိုယ်တိုင် ပြုတ်ပါမည်ဟု ဆိုသည်။
သို့နှင့် ထိုနေ့မှာ ဆွပ်ပြုတ်အစား နက်စပရေး နို့မှုန့်ကိုဘဲ အနည်းငယ်ဖျော်ပေးသဖြင့် သောက် လိုက်ပါသည်။ ထိုနေ့ ညနေပိုင်းမှာ အလှည့်ကျအချိန်ကျ တိုက်ကျွေးသော ဆေးများသောက်ပြီး နောက်မှီကုလားထိုင်တွင် မှေးနေစဉ်၌ စာအုပ်ရောင်း အထွေထွေစာရေးမသည် ကျမ အခန်းထဲ ၀င်လာ သည်။ ကျမက သူတခုခု ပြောစရာရှိ၍ ၀င်လာကြောင်း သိသဖြင့် ဘာပြောစရာ ရှိသလဲဟု မေးမိသည်။

အောက်အိမ်သစ်မှာ ဦးလေးက သင်္ကန်းလဲမည်ဖြစ်၍ အ၀တ်အစား အယူခိုင်းလို့ လာယူပါသည်ဟု ပြောပါသည်။ သည်တော့မှ ယခုတိုင် ဒီဝင်းခြံထည်းမှာ ရှိနေသေးကြောင်း သိရတော့သည်။ အယ်ဒီတာ မောင်သန်းညွန့်တို့ ပြောစဉ်က သင်္ကန်းဝတ်နှင့်ဖြစ်၍ တညသာ နေမည်ဆိုသည်ကို ခွင့်ပြုခဲ့သည် ယခုတိုင် ရှိနေသည်မှာ ကျမယုတ်ကနဲ နေထိုင်မကောင်း အိပ်ရာထဲ လဲနေစဉ်ဖြစ်၍ နေသည်ဟုဆိုလျှင် ဖြစ်နိုင် သော်လည်း လူအဖြစ်နှင့် ဆက်လက် နေထိုင်ရန် မသင့်တော်ပေ။ သို့ဖြစ်သောကြောင့် ဒီအိမ်ပေါ်မှ လူဝတ် လဲပြီး နေခွင့်မရှိသဖြင့် တာဝန်သိစွာ အပြင်ထွက်ပြီးမှ လူဝတ်နှင့် နေလိုရာအရပ်မှာ နေဘို့ ပြောလိုက် သည်။

အိပ်ရာထဲလဲနေရာမှ မတ်တပ် မထနိုင်သေးဘဲ ထိုင်နိုင်ယုံမျှသာ ရှိသေးသည်။ တုန်တုန်ရီရီ လှိုက်လှိုက် လှဲလှဲကြီး ဖြစ်နေသေးသည်။ သွေးတိုးမငြိမ်ဝပ်သေးသဖြင့် ဟိုအရေးဒီအရေး စိတ်ရှုပ် ထွေးဘွယ်ရာတွေ မကျေနပ်ဘွယ်ရာတွေနှင့် စိတ်ထိခိုက် လှုပ်ရှားမှုတွေ၏ ဒဏ်ကို မခံနိုင်သေးချိန် မှာ အနှောင့်အယှက်တွေ လာလုပ် နေသကဲ့သို့ ရှိသဖြင့် ရင်ခုန်လာသည်။ မည်သူနှင့်မျှ စကား မပြောနိုင်သေး။ ပြောလိုက်လျှင် လျှာလေး ပြီး မောလာတတ်သဖြင့် ငြိမ်ငြိမ်သာ မှေးနေရပါသေး သည်။

ခြံဝင်းထဲမှာ လူဝတ်မလဲဘဲ အပြင်ရောက်မှ လဲ၍ နေလိုရာမှာ သွားနေရန် ပြောလိုက်ရသည်ပင် မနဲ ပင်ပန်း သွားသည်။ ဘုန်းကြီးဝတ်နှင့် စိတ်ရိုင်းစိတ်ယုတ်မာများ ချိုးနှိမ်နေမည်ဆိုသော ကတိ ၀န်ခံစာနှင့်တကွ ဗိုလ်ရန်နိုင် အကြံပေး ဘုန်းကြီးလူထွက်နှင့် အယ်ဒီတာမောင်းသန်းညွန့်တို့လာ ရောက်ပြောကြားကြသော စကား များမှာ ဘာမှ အဓိပ္ပါယ်မရှိ တန်ဘိုးမဲ့သော စကားများသာ ဖြစ် လေသည်။ သို့ရာတွင် ဘာဘဲဖြစ်ဖြစ် ကျမနှင့် မဆိုင်၊ သူသွားလိုရာ သွားနိုင်သည်။ လုပ်လိုရာကို လုပ်နိုင်သည် ကျမနောက်ဆုံးသိရသည်မှာ ထိုနေ့ညဦး မီးထွန်းချိန်၌ ခြံဝင်းထဲမှ ထွက်သွားပြီး  အပြင်ဘက် ဘာဂျော်ဂျီကုန်းရှိ ထွန်းကြွယ်တို့ လင်မယား အိမ်မှာ လူဝတ်လဲပြီး ညအိပ်သည်ဟု နောက်တနေ့ သိရပါသည်။

မောင်နှမ၀မ်းကွဲတွေချင်း အတူတူ သူ့ကို မခေါ်ရဲသည်မှာ ဘကြီးတော်သူ ၀က်မစွတ် မောင်မောင်ကြီး၏ သားလည်း ဖြစ်ပြန် ရပ်စပြူတင်ကာမသူရဲကောင်ကြီး၏ မားမျှောင် သက်စေ့မှာ တဦး အပါအ၀င်ဖြစ်သော အဖေတူအမေကွဲတော်သူ သူ့နှမနှင့်စပ်၍ ယောက်ဖနှစ်ထပ်ကွမ်းတော် နေပြန်သောကြောင့်လည်း ဘယ်နည်းနှင့်မျှ ယုံကြည်စိတ်ချရလိမ့်မည် မထင်သောကြောင့် ဖြစ်ပါ သည်။ ဦးကိုကြီးနှင့် ဦးပုတို့မှာလည်း ထိုအခါက သူတို့ တူမ စလေသူ အမျှောင်မ နှင့် ပတ်သက် သော ကိစ္စတွေကို လုံးဝ မသိရသေး မပေါ်လာသေးသောကြောင့်သာ ခေါ်မိခြင်း ဖြစ်ပါသည်။ တကယ်ဆိုတော့ ကျမမှာ ထိုစဉ်အခါဘဲ ယုံကြည်လွဲအပ်စရာ လူတဦးတယောက်မှ မရှိတော့ပါ။

နိုင်ငံတော် ရှေ့နေကြီး ဦးရန်အောင်ဆိုသည်မှာလဲ အသိသက်သေအဖြစ်နှင့် လက်မှတ်ထိုးပြီး ကတည်းက ကျမနှင့် လာ၍ မျက်နှာချင်းမဆိုင်တော့ပါ။ စာချုပ်ရေးသားပေးသော ရှေ့နေ မွန်စံလှိုင် မှာလည်း ဘယ်ရောက် နေသည် မသိရ၊ ညအချိန်မတော် အရေးတကြီးသွားခေါ်ရန် ဦးကိုကြီးဘဲ သတိရ၍ ခေါ်အပ် ရခြင်း ဖြစ်ပါသည်။ သို့သော် ယခင်ဖေါ်ပြခဲ့ပြီးအတိုင်း သူကလည်း ထင်ကြေးနှင့် မကိုက်သူ ဖြစ်နေကြောင်း နောက်မှ သိရပါသည်။

ကျမ၏ ဆောက်လုပ် လှူဒါန်းနေဆဲဖြစ်သော ရွှေတိဂုံကုန်းတော်ရှိ မဟာဗေဓိတန်ဆောင်းကြီးကလည်း ပြီးစီး လှူ့နီး ရေစက်မချရသေး။ တော်ငဘက်မုခ်ရှိ ဓါတ်လှေခါးအလှူကလည်း မပြီးသေး၊ စိန်ဖူးတော် အတွက် ရတနာများလည်း မတပ်ဆင်ရသေး၍ ဤကုသိုလ်ကောင်းမှုတွေကို ရေစက်ချဘို့ရန် ထိုက်တန် သော ဒါနပါရမီ ပြုရေး အတွက် အဆက်ကမကုန်သေးသောကြောင့် ယုံကြည်လွှဲအပ်စရာ လူမရှိဟူ၍ လူက မသိသော် လည်း ဘ၀ပေးအကြောင်းကံက ဖန်တီးပေးလိုက်ခြင်း ပေလားမသိ၊ အပြင်းအပြ ဝေဒနာ ခံစားလိုက် ရပြီးတခါတည်း မသေရသေးဘဲ အိပ်ရာထည်း လဲကျသွားရာမှ ထထိုင်နိုင်လာသော အခြေသို့ ပြန်လည် ရရှိခဲ့ရခြင်း ဖြစ်သည်ဟု ယုံကြည်မိပါသည်။

သို့ရာတွင် ရောဂါအခြေအနေက အတိမ်းအစောင်းမခံနိုင်သေးဘဲ ဆေးအမျိုးမျိုးတွေ အလှည့်ကျ စားနေ ရဆဲ ဆရာဝန် တနေ့ ၂-ခေါက်လာ၍ ကြည့်ရှုနေရဆဲ ညလုံးပေါက် ထိုင်စောင့်ပြုစုရသူ ညသူနာပြု ဆရာမ ကြီးက စောင့်ရှောက်နေရဆဲ ဖြစ်ပါသည်။ တခါထည်း အပြီးအငြိမ်းကိစ္စ မချော သဖြင့် အားမလို၊ အားမရ ဆွပ်ပြုတ် ကို နာနာ ဖိတိုက်ကြပြီး အိပ်ရာထည်း ပြန်လဲသွားစေရန် ဖန်တီးကြိုးစားကြသည်ကိုပင် သင်္ကာမကင်း စိတ်မ၀င်လာသေးသောအချိန်တွင် တည်ရှိနေပါသည်။

ကျမသည် နောက်မှီကုလားထိုင်မှာ မှိန်းထိုင်နေစဉ် ဆိုအပ်ခဲ့သည့်အတိုင်း ဦးခင်မောင်လတ်နှင့် တူမ ၀မ်းကွဲ ထွန်းကြွယ် မယား ၀င်လာသည်။ ဦးလေး ညက သူတို့အိမ်မှာ လူဝတ်လဲ၍ ညအိပ်ပြီး ယခု မနက် လင်းသော အခါ ဘယ်ထွက်သွားမှန်းမသိ ထွက်သွားပါပြီဟု ပြောခါငိုလေသည်။ နှစ်ထပ် ကွမ်းယောက်ဖ ကလည်း သည်လိုထွက်သွားရဒါ ဘယ်ကောင်းမလဲ၊ လူကြားလို့ မှ မတော်တာကြီးဟု ၀င်ရောက် ညည်းညူ ပါသည်။

သူတို့သည် အသိခေါက်ခက် အ၀င်နက်ဆိုသလို ကျမ ချထားသော လမ်းစဉ်ကို ပျက်ပြယ်အောင် ၀င်ရောက် စွက်ဘက်လိုကြသည်။ လက်နှင့် ရေးထားသည်ကို ခြေဖြင့် ဖျက်ရန် ကြိုးစားလိုကြသည်။ ကျမက ယခုမှ ထထိုင် နိုင်ရုံ ကလေးသာ ရှိပါသေးသည် စိတ်လှုပ်ရှားမှု၏ ဒဏ်ချက်ကို လက်သင့်မခံနိုင် သေးသောအခါ ဖြစ်ပါ သည်။

ဘာမှ လာမပြောကြပါနှင့် သူ့သဘောရှိရာ လွတ်လပ်စွာ သွားနေနိုင်သည်။ ကွာရှင်းပြီး ဖြစ်မှာ ခြံထဲမှာ နေစေ လို့မဖြစ်၊ သူ့အပြစ်နှင့် သူဝန်ခံပြီး သူကိုယ်တိုင် ရေးဆွဲထားသော အစီအစဉ်အတိုင်း ပြုလုပ်ကြခြင်း ဖြစ်၍ ဘာမှဝင်၍ ပြုပြင်စရာ မလိုကြောင်း ပြောရသည်။ အကြောင်းကိစ္စအ၀၀နှင့် ဖြစ်လာသမျှတွေကို သိလျက်နှင့် ဇွတ်အတင်း စိတ်ပြေရာ ပြေကြောင်း နားသွင်းနေပြန်သည်။ ကျားကျား မီးယပ်ဆိုပြီး ဇွတ်ကု နေသော ဆရာကဲ့သို့ နားသွင်းမှုတွေသာ တင်းမာ လာလေသည်။

သူတို့၏ ပင်ကိုယ်စိတ်ဓာတ်ကိုက ကျမအပေါ်မှာ နစ်နာစေလိုသော စေတနက အမြဲရှိကြသူများ ဖြစ်သော ကြောင့် ယခုကဲ့သို့ ဇွတ်ပြော ဇွတ်နားပူလာသည်ကို ကြိုတင် နားလည်နေပြီ ဖြစ်သော် လည်း နာနာ ကျည်းကျည်း မပြောလိုက်တော့ဘဲ အားနည်းနေသည်။ စကားပြောလျှင် ရင်တုန် သည်၊ ဒါတွေ နားမ ထောင်ချင် ၍ ဘာမှ လာပြောကြပါနှင့် ဆိုပြီး အိပ်ရာထဲ လှဲ့နေလိုက်တော့မှ ပြန်ထွက်သွားကြပါသည်။ သို့ရာတွင် နှစ်ထပ်ကွမ်း ယောက်ဖဘက်မှ အကျိုးဆောင်ရန် လက်မလျှော့ကြပါ ယုတ်မာမှုတွေ အတုန်း အတစ် လိုက် အသုံးပြုလာစေသည်။ ကောက်ကျစ် စဉ်းလဲသူကို တဘက်သတ် အားပေး အားမြှောက် ပြုလာ သည်။

ရေနစ်ရာ ၀ါးကူးနှစ်လိုသူများ

ကျမအဘို့ စိတ်ရောလူပါ ဝေဒနာခံနေရဆဲ၌ ကျမဘက်မှ ကူညီ ဖေးမပေးမည့်သူဟူ၍ မရှိဘဲ ရေနစ်ရာဝါးနှင့် ကူနှစ်ချင်သူတွေသာ ပေါ်လာတော့သည်။ နေကောင်းလာမည်မှ မရှိရသေးမီ ဆန့်ကျင်ဘက် စကားများ လာပြောသွား၍ နာကျည်းမှု ၀မ်းနည်းမှု မခံချင်မှုတွေ ဖြစ်ရတော့၏။ စိတ်ကြောင့်ဖြစ်ရသည့် သွေးတိုးခြင်း ရင်ခုန်ခြင်းတို့ကို ထပမံ၍ ဝေဒနာခံရပါသည်။ မန္တလေး ဆွေမျိုးလက်ကျန်ထည်းမှာ ဘကြီးဖြစ်သူ ၀က်မစွတ် မောင်မောင်ကြီးနှင့် သူ၏ တသားတမြေး တစုမှာ ကျမတို့အပေါ်တွင် ငယ်စဉ်အခါကစ၍ စိတ်ထားဆိုးညစ်ခဲ့သည်မှာ ယနေ့ ကျမ အသက် ၆၀ပတ်ဝန်းကျင် ရောက်လာသည်အထိ ကျန်ခဲ့သော သားမြေးတို့ကပါ ယုတ်မာမှု၏ လမ်းဆုံးသို့ ကြိုးစားချီတက်မြဲ ချီတက်လျက် ရှိကြပါသည်။

အခြားဆွေဖျား မျိုးဖျားတစုမှာလည်း ကျမအရိပ်အောက်မှာ လာရောက်ခိုဝင်စေလျှက် သက်မွေး ၀မ်းကျောင်း အလုပ်များကို လုပ်ကိုင်စားသောက်စေဘို့ ထောက်မကြည့်ရှု ပြုစုထားသော်လည်း သာ၍နားသော စိတ်ထားတခုကိုသာ မူရင်းပြုနေကြသူများ ဖြစ်သည့်အားလျော်စွာ ကျမအပေါ်မှာ မသမာသူတွေနှင့် အပေါင်းအဖွဲ့ပြုလျက် လျှို့ဝှက်ကောက်ကျစ်မှုအမျိုးမျိုးတို့တွင် ပါဝင်အားပေး ကာ ကိုယ်ကျိုးရှာနေကြသူများ ကျမ၏ ကျေးဇူးတရား ကလေးကိုမျှ မထောက်ထား မငဲ့ကွက်နိုင်သူ များချည်းသာ ဖြစ်နေပါသည်။

ထိုနေ့တနေ့လုံး ကုန်ဆုံးသွားသော်လည်း ဦးခင်မာင်လတ်နှင့် အလားတူ နားမ၀င်စေမည့် စကား တွေကိုသာ လာရောက် ပြောချင်သူတွေရှိနေ၍ မည်သူနှင့်မျှ အတွေ့မခံရဲဘဲ အိပ်ရာထဲမှာ လှဲ့နေ လိုက်ပါတော့သည်။ ဆရာဝန်ကလည်း ကျမ၏ သွေးတိုးရောဂါနှင့် လေငန်းရောဂါ၏ အဆုတ် အတက်မှာ စိတ်ပေါ်တွင် မူတည်လာကြောင်း နားလည်ထားသူ ဖြစ်သည့်အတိုင်း စိတ်မချမ်းသာ ဘွယ်ရာ စိတ်ထိခိုက်စရာ စကားမပြောကြားရန် မှာထားယုံမက ကျမကိုလည်း စိတ်ထည်းမှာ မကျေနပ်မှုတွေကို တွေးမိ သတိရမိတိုင်း လှိုင်းပုတ်သကဲ့သို့ စိတ်လှုပ်ရှား ထိခိုက်နိုင်သောကြောင့် စိတ်ကို အနားယူ ငြိမ်သက်စေလိုသည့်အတွက် စိတ်ကို အနားယူ ငြိမ်သက်စေလိုသည့်အတွက် အိပ်ပျော်စေသော ဆေးမယ်ကလေးများကို ရောဘက် တိုက်ကျွေးထား၍ မကြာခဏ အိပ်ပျော် သွားပြီး စိတ်လှုပ်ရှား ထိခိုက်မှုများ သက်သာရာ ရနေပါသည်။

နောက်တနေ့ မနက်လင်းသောအခါ ညဥ့်သူနာပြု ဆရာမကြီး ပြန်သွားပြီးနောက် အခန်းထဲမှာ လှဲကျင်သုတ်သင်နေသော ကရင်မလေးတဦးသာ ကျမနှင့်အတူ ရှိနေပါသည်။ အိမ်တွင် အတူနေ သော မြွေပွေးမတွေ တဦးမှ ပေါ်မလာကြပါ။ အောက်ထပ်မှ လူသံသူသံတွေ ရယ်မောသံတွေ လှုပ်ရှားသံတွေကို တခါတခါကြားလိုက် ရပါသည်။ ခဏကြာတော့မှ မုဆိုးမအိမ်ပေါ်တက်လာပြီး ကျမအနီးထိုင်လျက် ကြက်ဆွပ်ပြုတ်ကို အောက်ထပ် ထမင်းစားခန်းရှိ ဓါတ်မီးဖိုမှာ သူကိုယ်တိုင် ကြည့်ပြုတ်နေပါသည်။

ယခု သူတက်လာသောအခါလည်း ကရင်အိမ်ဖေါ်မလေး နှစ်ယောက်ကို တလှည့်စီစောင့်ကြည့်နေဘို့ ပြောထားခဲ့ပါသည်ဟု ဆိုသည်။ ကျမက အောက်ထပ်မှာ လူသံတွေ များများ ကြားရ၍ ဘယ်က ဧည့်သည်တွေ ရောက်နေသလဲဟု မေးတော့မှ ညက ဦးခင်မောင်လတ် တို့က အကိုကြီးကို ပြန်ခေါ်လာပြီး အိမ်သစ်ကလေးပေါ် ပြန်ပို့ထားခဲ့ကြောင်း။ ယခုမနက် အောက်ထပ်မှာ ထမင်းစားဘို့ ပြင်ဆင်ချက်ပြုတ် အလုပ်ရှုပ်နေကြကြောင်း ပြောပြပါသည်။

သည်တော့မှ ကျမစိတ်နှင့် ဖီလာဆန့်ကျင်ပြုကြ၊ လက်နှင့်ရေး ခြေနှင့် ဖျက်လာကြသော ရဲအရာရှိ ဟောင်း၏ ပြုမူချက်ကို သည်းမခံနိုင်လောက်အောင် လွှတ်ခနဲဒေါမနဿ ဖြစ်သွားမိသည်။ ချက်ခြင်းပင် ရင်တွေခုန်လာသည်။ မိန်းမသားဖြစ်၍ မလေးမခန့်ပြုခြင်း ဖြစသ်ည။ ကိုယ့်ကိုယ်ကိုမှ ထူထူထောင်ထောင် မရှိနိုင်သေးသော အားနည်းနေသူ လူမမာတယောက်ဖြစ်၍ မလောက်လေး မလောက်စား သဘောထားပြီး စော်ကားကြလေပြီဟု နားလည်လာပါသည်။ ခေးသူက မျက်နှာပြောင်တိုက်၍ ခေါ်လာသည်တိုင်အောင်၊ လိုက်သူက မျက်နှာပြောင်ပြောင်ထား၍ အမြိန့် သား လိုက်လာရဲခြင်းမှာလည်း ကိုယ့်သိက္ခာမှာ ကိုယ်မရိုသေနိုင်တော့ဘဲ လက်ရဲ ဇက်ရဲ ရှိလှသည်။

အိပ်ရာထဲ ကောင်းစွာ မထနိုင်သေးသူ ဖြစ်၍သာ ဤသို့ဝိုင်း၍ ပမာမခန့် ပြုခြင်းခံရသည်ဟု အားမလို အားမ၇နှင့် ယုကျုံးမရ ဖြစ်နေသည်။ တစွန်းတစ လုပ်ပစ်မည်ဟု အားယူ၍ ထသော်လည်း တကိုယ်လုံး တုန်တုန်ရီရီကြီး ဖြစ်လာသဖြင့် အသာပြန်ငြိမ်နေလိုက်ရပါသည်။ ကျမက မတရား မလုပ်ရဘဲ၊ ကျမအား လူများစုက မလိမ့်တပါတ်နှင့် မတရား ၀ိုင်းပြုလာပြီ ဖြစ် ကြောင်း သိရလေ မခံချင်လေ ဝေဒနာက ကြွလာလေ ဖြစ်နေပါသည်။

ဦးခင်မောင်လတ်သည် သူ၏ သမီးတယောက်၏ အိမ်ထောင်ရေးကိစ္စတုန်းက ရုံးပြင်ကန္နားတက်၍ တနိုင်ငံလုံး သိသွား သည်အထိ သူတို့ မည်သို့ စီမံ ဖန်တီးခဲ့ကြသည်ကို ပြန်၍ သတိရလျှင် ယခုကျမကိစ္စ၌ သူက ဘာမှ ၀င်ရောက် စွက်ဖက်နှောင့်ယှက် ဖျက်ဆီးရန် မသင့်သူ ဖြစ်ပါလျက် တဘက်သတ်ပင်း၍ ဤသို့ မျက်နှာပြောင် တိုက်လိုက်ခြင်းမှာ ဘာကို ရည်ရွယ်သည်ဟု နားလည်နိုင်ပါသည်။ ကောင်းစေချင် သည် ဆိုသော စကားကို ပြယုဂ်လုပ်လျက် နှစ်ထပ်ကွမ်း ယောက်ဖဘက်သို့ ယက်ပို့ပေးခြင်း မျိုးသာ ဖြစ်နေကြောင်း ထင်ရှားလာပါသည်။

အသိုင်းအ၀ိုင်းနဲ့ ဆင်ကြံ ကြံနေခြင်း ဆက်ရန်
.

No comments: