Sunday, April 18, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (ဂ၀)

အသက်အရွယ်နဲ့မမျှ ခါးအလိုလိုက်လွန်းခဲ့၏

သို့နေစဉ် အပြင်ရောက်သွားသော ပုဂ္ဂိုလ်ထူးကြီးထံတွင် သူ၏ အဖွဲ့အစည်း အပေါင်းအသင်းများ၊ တပည့် တပန်း စားဖားများ ၀ိုင်းအုံရောက်ရှိနေကြသည်။ ညီလာ သဘင်ခံပြီး အကြံအမျိုးမျိုး ပေးကြ သည်။ အလုပ်တိုက် မှ အယ်ဒီတာ သတင်းထောက်များနှင့် ခေါင်းကြီးများ၊ မန်နေဂျာဌာန ရုံး အလုပ် သမား များလည်း သွားရောက်တွေကဆုံကာ တိတ်တဆိပ် ညွှန်ကြားချက်များကို နာယူလာကြရသည်။ အလုပ် သမား အားလုံးလိုလိုကပင် သူတို့ဆရာအား ကျမက အနိုင့်အထက်ပြု၍ အ၀တ်တထည် ကိုယ်တခုနှင့် နှင်ချ လိုက်သည် ဟု မြင်နေစေသည်။

အချို့ အယ်ဒီတာ စားဖား များကလည်း ကရုဏာဒေါသ စကားပြောကြားကြသည်။ ကြည့်စမ်းပါအုံးဗျာ၊ ဒီလူကြီး လုပ်ပုံဟာ ရှိသမျှပစ္စည်းတွေအားလုံး လက်မှတ်ထိုး လွှဲပေးလိုက်သတဲ့၊ ခလေးသာဆို နာနာ ရိုက်ပစ် စရာ ကောင်းတယ် ဟု ရင့်ကြူးကြသည်ဟု ကြားရသည်။ အလိုတော်ရိ စားဖားအားလုံးကလည်း ပစ္စည်း တွေလွှဲပေးရပါမို့လားဟု ဤနည်းအတိုင်း ၀ိုင်း၍ အပြစ်တင်ကြသည်။ မန္တလေးက မိတ်ဆွေ စားဖားကြီး တဦးကဆိုလျှင် အပြစ်တင်ရုံမက -
ခင်ဗျား နမူနာပြတဲ့ (မောင်-)က ငွေတသိန်းယူပြီး ဆင်းပေးဒါ အ လို့ နလို့ဗျ။

ကျုပ်သာ ဆိုရင် ရှိပစ္စည်း တ၀က်မရ ရင် ဘယ်တော့မှ ကွာမပေးဘူး။
ဟု နည်းလမ်း ပြလေသည်။ သူ့မှာလည်း ပိုက်ဆံရှိ မိန်းမတဦးကို သိုက်တူးရရှိထားပြီးဖြစ် လျက်မို့ လက်မ ထောင် ၍ ထောင်၍ ကြွားလေ့ရှိသည်။ ဘေးပန်းမှ ကိုယ့်ထမင်းကိုယ်စားပြီး သနားလှချီရဲ့ ဆိုသော သူတွေ က ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိကြပါသည်။

အ၀တ် တထည် ကိုယ်တခုနဲ့ ဆင်းလာရ၍ နေစရာလဲမရှိ၊ ၀တ်စရာလဲမရှိ၊ စားစရာလဲမရှိဆိုပြီး လှိုက်လှိုက် လှဲလှဲ ကြီး သနားပိုကြကာ စားစရာချိုင့်ကြီး ချိုင့်ငယ်နှင့် သွားပို့သူကမရှား၊ လုံချည်အင်္ကျီတွေ ၀ယ်ပို့ သူက ပို့၊ ရွှေမျက်ရည် စို့သူကစို့နှင့် ရင်ထုမနာ ဖြစ်နေကြပါသည်။ အချို့ပင်ရင်းမူလ ပထမဇာတ်ကြောင်း သိခဲ့ကြ သူ လူဟောင်းများ ကတော့ အခုအ၀တ်တထည် ကိုယ်တခုနှင့် ဆင်းသွားရတာသာ သိကြတာ၊ အစ ကတော့ အ၀တ် ဘယ်နှစ်ထည်ပါလာသလဲ၊ တထည်တဲနဲ့ လာခဲ့တာဘဲ မဟုတ် လား၊ သူမှားလို့ သူ့ခြေဖျား ထောက် အောက်ခြေ လွတ်အားကြီးလို့ ဖြစ်ရတာဘဲဟု တီးတိုးပြောကြား ကြပါသည်။

ယင်းသို့  သူတို့ လိုလားသူ သူတို့အသားလှီးစားနေကျ "အမဲကောင်" ကြီး အသားလျှော့ ပါးသွား မည်ဟု မလို လားကြ၊ ပစ္စည်းလက်မဲ့ဖြစ်သွားမှာ မလိုလားကြ၍ နွားရှင်ထက် သူခိုးက နှမြော နေကြ ပြီး ကရုဏာဒေါသကြီးနှင့် ၀ိုင်းပြီး အပြစ်တင်နေကြသော်လည်း သူတို့အမဲကောင်၊ သားကောင် ကြီးက သူတို့ တတွေ ထက် လည်လှပါသည်။ အမြင်ကျယ်လှပါသည်။ ကောက်ကျစ်စဉ်းလဲ ရာမှာလဲ သူတို့ထက် လျင်သူ ဖြစ်ပါ သည်။ ပစ္စည်းတွေ တခုမကျန် လွှဲပေးသော စာချုပ်ကို ချုပ်ဆို ကွာရှင်း သော်ငြားလည်း ကျမအား နည်း အမျိုးမျိုး နှင့် သုတ်သင်ပြီး အပိုင်စီးရန် အကွက်ဆင်ပြီးသာ ဖြစ် ပါသည်။ ကျမအသက် ရှည်လှလျှင် ၃-၄လ ထက် မကြာဟု တွက်ပြီးသာ ဖြစ်ပါသည်။

မကျန်းမာ အခံရှိရာမှ စိတ်ကိုယ်ယခုလို အကြီးအကျယ် ထိခိုက်တာနှင့်ဘဲ ယဉ်ယဉ်ကလေး သေသွားနိုင်ပါ သည်။ အလွန် ဒေါသထွက်စရာကောင်းသော ကိစ္စတွေ ဖြစ်၍ ဒေါသထွက်၍ အသက်ထိခိုက်နိုင် သည်။ ရောဂါ နှင့် မတည့်သော အစာအဟာရများကို ဥပါယ်တမည်နှင့် လှည့်ပတ်ကျွေး၍ တဖြေး ဖြေး ကြွေ စေသော အမှဲ့ကြွေ "ချွေ" သော နည်းကိုလည်း ဖန်တည်းခဲ့ပြီးသား ဖြစ်လေသည်။ ဤသို့ မဖြစ်ရလျှင် ရူးနေ သည် ဆိုသော သတင်းကို စတင်လွှင့်လိုက်သည်မှာ ဒီယုန်မြင်၍ ဒီချုံထွင်ခြင်း ဖြစ်ပါသည်။

ဤ တွက်ကိန်း အမျိုးမျိုးထဲမှ ကျမ ပင့်ကူအိမ်မှာ မိနေသော ယင်ကောင်ပမာ ရုန်းထွက်ခြင်းငှာ မစွမ်းနိုင်ဟု ယူဆပြီးသား ဖြစ်သည်။ သူ့တပည့်တွေထက် ကွက်ကျော်မြင်ပြီး လာဘ်မြင်ပြီးသူ ဖြစ် သည်ကို တပည့် စားဖါးများက ဆရာ့ခြေ အကုန်မမြင်၍ အပြစ်တင် ကြခြင်းသာ ဖြစ်ပါသည်။

သို့ရာတွင် ကျမက အနှစ်၂၀မျှ အတူ နေလာသူဖြစ်ရာ သူ့ကောက်ကျစ်မှုမျိုးကို ခြေထိုးမှုမျိုးကို ရိပ်မိ သူ၊ တီးခေါက် မိသူ ဖြစ်၍ ကျမမသေ သွားသည်တိုင်အောင် လှူစရာပစ္စည်းတွေ အချည်းနှီး မဖြစ်စေ သောငှါ အသဲ အသန် မမာသည်နှင့် တပြိုင်တည်း ဆရာဝန်ဟု သက်သေပြုကာ စာချုပ်များနှင့် ပစ္စည်းသော့ကို အပ်ပြီး အပြင်သို့ ထုတ်ယူသွားစေခြင် ပြုလိုက်သည်။ ထိုသောအခါ ရုတ်တရက်ကြံ ရာမရကြီး ဖြစ်သွား သည်။ အားမလို၊ အားမရနှင့် ချိန်ထားသမျှ လွဲရသည်ကို တိတ်တဆိတ် အကြိတ် နေသည်။ ၀င်္ကန္တဥာဉ်၊ေ၀၀ုစ် ဥာဏ်တွေက များလှ၍ နောက်ပိုင်း၌ အမျိုးမျိုး "ဥာဏ်ကစား" ပြသွားသမျှတွေ ပေါ်လာရလေသည်။

ခိုးသား၄၀ နှင့်တကွ ဦးစီး ဗိုလ်ချုပ်လုပ်သူပါ ဗမာ့ခေတ်သတင်းစာတည်းဟူသော ငွေပဒေသာပင် ကြီးနှင့် တဖြေးဖြေး ဝေးရတော့မည်ကို ရင်ထဲမီးတောက် နေကြလေသည်။ အတူတူ ရှာထားသော ပစ္စည်းတွေဖြစ်၍ တ၀က်စီ ဆိုင်သည်။ အားလုံး လွှဲမပေးသင့်ဟု ခိုးသားပါတီနှင့်တကွ သူ့ပတ်ဝန်းကျင် စားဖါး အလိုတော်ရိ များက တညီတညွတ် ကိုယ့်ဗိုလ်အောက် ကိုယ်ယက်နည်းနှင့် ယူဆကြ၊ သတင်းဖြန့်ကြသော်လည်း ဗာမာခေတ် သတင်းစာတိုက်ကြီးမှာ ထိုအခါက စက်ပစ္စည်းနှင့်  အခွံချည်း ကျန်ရစ်ရုံမက ၅နှစ်၊ ၆နှစ်ကြာ လာသည်တိုင်အောင် မပေးဆောင်ခဲ့သော အမြတ်တော် ကြွေးတွေ (၈)သိန်းကျော်မျှ စီးလျှက် ရှိပါသည်။

ပေးသင့် သော အမြတ်တော်ခွန်ကို နှစ်စဉ် နှစ်စသ် ပေးသွင်းခဲ့လျှင် ဤမျှအကြွေးတွေ စုပေါင်းနေမည် မဟုတ်ပါ။ ယခုမှာ မန်နေဂျာ စာရင်းစစ်တို့နှင့် ပူးပေါင်းပြီး သတင်းစာတိုက်မှ ၀င်ငွေတွေကို ထင်သလို ချယ်လယ် လျက် အပြင်ဘက်သို့ ယက်ပို့ သယ်ယူကာ ကိသေသာခွန်တွေချည်း ဆက်နေရသည်။

ခိုးသား ၄၀တစုလုံး၊ ၄-၅-၆နှစ် ရွှေမိုးငွေမိုး ရွာခဲ့သည်။ အသောက်အစား အပျော်အပါးစရိတ်တွေ မှာ အပျော်လိုက်တတ်သော သာမန်သူဋ္ဌေးသူကြွယ်တို့ထက် အဆမတန်ပြင်းထန်ပိုကဲလှသည်။ အမျှောင် အဆွယ်တွေ တရွာတည်ရမလောက် များပြားလွန်းလှ၍ တိတ်တဆိတ် ပေးရသော ထောက်ပံ့ ကြေး တွေကလည်း အလွန်အမင်းကြီးလေးလှသည်။

ဘေးကသာပေါင်းညာစား ကာမ ပွဲစားတွေကို ထောက်ပံ့ရသည်က တဘွယ်၊ လက်မလည်နိုင်အောင် ငွေကို ရေလို သွန်နေခဲ့ရသဖြင့် (၆)နှစ်အတွက် အမြတ်တော်ကြေး ၈သိန်းကျော် တင်လာသည်အထိ တဏှာ၏ အလုပ် အကျွေး ဖြစ်ခဲ့ရသည်မှာ ဗမာပြည်တွင် စံနမူနာ တင်လောက်စရာ ကောင်းလှပါတော့သည်။ အသက် အရွယ်နှင့်မျှ၊ ခါးအလိုလိုက်လွန်းရာကျသည်။ သတင်းစာတိုကက ၀င်သမျှ ငွေတွေကို ကုလား ခပ်တဲ့ ရေ ကုလားခြေဆေးပစ်ထာနှင့် ကုန်ရသလို ဖြစ်နေသည်။

ကိလေသာခွန်ကာ မခွန်တွေ ကြုံးဆပ်နေခဲ့ခြင်း

ယင်းသို့ ၆နှစ်ကျော် အမြတ်တော်ကြေး မဆောင်ဘဲ ကိလေသာခွန်ကာမခွန်တွေသာ အားကြိုး မာန်တက် ဆောင်လာ သည်ကို လူကြည်ညိုခံလိုသေးသဖြင့် ကျမက အရမ်း အရမ်းတပြည်လုံး ရှောက်ပြီး အလှူတွေ လှူပစ်နေလို့ ဒီအမြတ်တော်ကြွေးတွေ တင်နေရပါသည်ဟု သူတို့ယုံမည့် လူတွေအား ဆင်ခြေပေးလျက် ရှိသည်။ ကြီးကြီးကျယ်ကျယ် လှူသော အလှူကြီးတွေမှာ ကျမ၏ လက်ဝတ်လက်စားထည်းမှ ပိုလျှံနေသော စိန်ထည် ပစ္စည်းကြီးများကို ရေစက်ချပြီး ရောင်း၍ လှူခဲ့ ရသော အလှူတွေသာ ဖြစ်ပါသည်။ သတင်း စာတိုက် မှ ငွေကိုယူ၍ လှူပစ်ခြင်းမဟုတ်ပါ။ တဘက်မှ တိုးပွားနေသော ကျမပိုင်ပစ္စည်းတွေရောင်း၍ ရောင်း ၍ လှူနေသည်ကို သိပြီးသား လူများကိုတော့ အခြားတနည်းတလမ်းလွှဲ၍ ပြောပါသည်။ ၎င်းတနည်း မှာတော့။

အမြတ်တော်ကြွေးတွေ တင်နေရသည်မှာ သူကဲ့ယူ သုံးဖြုန်း အပျော်လိုက်ပစ်လို့ မဟုတ်ပါ။ ရိုထရီ ပတ်လည် စက်ကြီးနှင့် မိုနိုစာစီစက်များ ၀ယ်ရလို့ တင်နေသော အကြွေးများ ဖြစ်ပါသည်ဟူ၍ အသံကောင်း ဟစ် လေသည်။ သူ၏တပည့်မပင်စင်ရဲဝန်ကလေးကတော် တယောက်ကလည်း ရောက်လေရာမှ ထို သတင်း မျိုး ဖြန့်ချီပေးနေရသည်။ သတင်းဖြန့်ချီခ ဘယ်လောက်အကျိုးခံစား ရသည်တော့မသိပါ။ ကျမ ကိုပါ ထိုအမျိုးသမီးက သတင်းလာဖြန့်လိုက်ပါသေးသည်။ တခြားနေရာ တွေမှာတော့ ပြောဘွယ်ရာ မရှိ တော့ပါ။

သူ့ဆန်စားထားသော ရဲရရှာပေမှာဘဲဟုသာ အကဲခတ် လိုက်ရပါတော့သည်။ ၎င်း ပင်စင်ရဲဝန် ကလေး ကတော် မှာ ပြောမဲ့သာ ပြောနေသည်။ သူတို့သည် ကျမနှင့် ပတ်သက်မှ ရင်းနှီးလာရသူများ ဖြစ်ပါသည်။ သူတို့ ကား အင်္ဂလိပ်ပြန်ဝင်စ ကက်စဘီ အစိုးရလက်ထက်မှာ ရန်ကုန်ရောက်လာသည်။ နေရေး ထိုင်ရေး မှအစ အခက်အခဲ မရှိစေရန် တနှစ်ခွဲနှစ်နှစ်နီးပါး ကျမက သူတို့တမိသားစုလုံး အိမ်ပေါ် ခေါ်တင်ထား ခဲ့ပါသည်။ လူဦးရေမှာ လည်း သိပ်မနည်းလှပါ။

လင်မယား နှစ်ယောက်၊ သမီးနှင့်သား ကလေးငယ်နှစ်ယောက်၊ တူမအပျို နှင့် တူလူပျိုမောင်နျွှ နှစ်ယောက် သူတို့နှင့် ပါလာသော တပည့်က နှစ်ယောက်ပေါင်း လူ၈ယောက် အား တနှစ်ခဲကျော်မျှ ကျမအိမ်ပေါ်ခေါ်၍ ပြုစု ကျွေးမွေးထားခဲ့ဘူးပါသည်။ ထိုအချိန်ကဘဲ ကာမ သူရဲကြီး၏ လူယုံဖြစ်ခဲ့ပြီး အိမ်တွင်းမှ ကိလေသာ သောင်းကျန်းမှု လက်စလက်နများကို ကျမ မသိ အောင် ကူညီဖြေရှင်းဖုံးဖိပေးခဲ့သူများလည်း ဖြစ်ကြောင်း ယခု ဇာတ်လမ်း ဆုံးခန်းရောက်မှ သိရှိရ ပါသည်။

ထိုပင်စင် ရဲအရာရှိကတော် အမျိုးသမီးသည် ဤမျှမကသေးဘဲ သူတို့ကြည်ညိုရာဖြစ်သော ကာမ သူရဲကြီး သောင်းကျန်းမှု တွေကို ကျမက သိနေရက်သားနှင့် မသိချင်ပြုနေသလိုလို၊ ကျမကဘဲ တဘက်တလမ်းမှ လုပ်ချင်ရာ တွေ လုပ်နေရလို့ ငြိမ်နေသလိုလို၊ အပြင်အပမှ အသိမိတ်ဆွေ အချို့အား အထင်မှား အမြင်မှား စေရန် စေတနာသန်စွာ ၀ါဒဖြန့်ပေးနေရရှာကြောင်းလည်း ထပ်မံ သိရှိရပါသည်။ ကျမနှင့် ပတ်သက် ၍ ရောက်လာပြီး၊ ကျမ၏ အပြုအစုကို ဆွေမတော်မျိုးမတော် တနှစ်ကျော်၊ နှစ်နှစ်နီးပါးခံယူသွားပြီးမှ ကျမ၏ မကောင်း သတင်းများကို ဇွတ်မှိတ်လုပ်ကြံပြောကြား ရဲသည်မှာ အာဂသတ္တိများပင် ဖြစ်ပါသည်။

တနည်း တလမ်းမှတ်တမ်း တင်ရမည်ဆိုလျှင်လည်း ရပ်စပြူတင် ကာမသူရဲကြီး၏ ဂိုဏ်းဝင်တွေထည်းမှာ ပါဝင် လျက် ရပ်စပြူတင်၏ ၀ါဒကို သက်ဝင် ယုံကြည်သူများ မဟုတ်လျှင် ဤသို့ သပုတ်လေလွင့် ပြောရဲ မည် မထင်ပေ။ ထိုအမျိုးသမီးမှာ ကွာရှင်းခြင်း ကိစ္စပြီးစီးကြသည့်နောက် ကျမထံသို့ တခါတရံ ပေါက်ပေါက် လာတတ် သေးသည်။ ကျမသည် သူ၏ အရောင်ဆောင်မှုကို မသိလုပ်ခါ နာနာကျည်းကျည်း မပြောဘဲ ချိန်ဆ နေပြီးမှ နောက်ဆုံးတွင် မနေသာတော့သဖြင့် ကျမဆီကို မလာပါနှင့်တော့ဟု ကန်တော့ ဆွမ်းလောင်း လိုက်ရပါတော့သည်။

ထို အဖြစ်အပျက်တွေကို ရင်ဆိုင်ခဲ့ရင်းမှာဘဲ ရက်ပေါင်း ၂၀ခန့် ရှိလာပါသည်။ စာချုပ်များ မှတ်ပုံ တင်ရန် ကိစ္စနှင့် ထာဝရအလှူကိစ္စများ စည်းမျဉ်းဆွဲရန် ကိစ္စတွေကို အစမှအဆုံး ဆောင်ရွက်ပေး ပါမည်ဟုဆိုသော ရှေ့နေမွန်စံလှိုင်သည် ရွေးကောက်ပွဲခုံရုံး၌ အမှုလိုက်ရန်ရှိ၍ ၁၅ရက်ခန်ပ အချိန် ပေးပါဟု ပြောသွားသည်မှာ ယခုရက် ၂၀ခန့်ပင် ရှိလာပြီဖြစ်၍ ပြန်ရောက် မရောက်စုံစမ်းစေပြီး၊ ပြန်လာလျှင် ကျမနှင့် လာတွေ့ရန် မှာယူရပါသည်။ ထိုကြောင့် ရှေ့နေ မွန်စံလှိုင် ပြန်ရောက်လာ ပြီး တနေ့ကျမနှင့် လာတွေ့ ပါသည်။ ကျွန်တော်ပြန်ရောက်နေပါပြီ၊ အမကြီး မကျန်းမာသေးဘူး ကြား၍ မလာခြင်း ဖြစ်ပါ သည်ဟု ဆိုပါသည်။

ကျမက မကျန်းမာသော်လည်း ရှေ့နေနှင့် တိုင်ပင်၍ စပ်ဆိုင်ရာ အလုပ်ကိစ္စတွေကို ကျမကိုယ်စား လုပ်ပေးသွားရန် ပြောရပါသည်။ ဤတွင်မှ ရှေ့နေကြီးက သက်ပြင်းချ၍ သူ့၌ အလွန်အမင်း အလုပ် တာဝန်တွေ များလှကြောင်း၊ ယခုရန်ကုန်ပြန်ရောက်လို့မှ မထိုင်ရသေးမှီ တောင်ငူဘက်သို့ ဆက်သွား ရပါဦး မည်ဖြစ်ကြောင်း၊ ဒီတခါသွားလျှင် အရက် ၂၀လောက် ကြာဦးမည် ဖြစ်ကြောင်း၊ သူ့ကိုယ်စား အခြားရှေ့နေကို လွှဲပြောင်း အသွားခိုင်းလို့လဲ မဖြစ်နိုင်ပါ။ သူချည်းဘဲ ဒိုင်ခံပြီး ရွေးကောက်ပွဲခုံရုံး အမှု ဆိုင်ရာ တွေ မှာ လျှောက်လဲ ပေးရမည့် တာဝန်တွေ ယူနေရကြောင်း၊ အမကြီး ခိုင်းထားသမျှ ကိစ္စတွေကို ဒီအမှုတွေ ရှင်းသွားသောအခါ ခေါင်းအေးအေးနှင့် ပြီးစီးသွား အောင် ဆောင်ရွက်ပေးပါမည်၊ ကျွန်တော် ကတိ အပျက်ခံမည့် ရှေ့နေမဟုတ်ပါကြောင်းနှင့် ကျမကို အားနာလာအောင် တောင်းပန်ပြောဆိုခြင်း ပြုနေ ပြန်ပါသည်။

အလိုတော်ရိစားဖါးများ အပုပ်ချပြီ ဆက်ရန်
.

No comments: