"သြော်...ညက ဒီလာတဲ့လူတွေထဲ ရှင့်သားဘယ်ဒင်းမှန်း ကျုပ်ဘယ်သိမလဲ"
"ပြန်စဉ်းစားကြည့်စမ်းပါ ပိန်ပိန်ပါးပါးအရပ်မြင့်မြင့် အသက်တော့ သိပ်မကြီးသေးဘူး အသက် သိပ်မကြီး သေးဆို ဒီအလုပ်မျိုး လာလုပ်လိမ့်မယ်လို့တောင် ကျုပ်မထင်ခဲ့ဘူး"
ထိုအခါ မိန်းမက သတိရလျက်။
"၂-ယောက်မဟုတ်လား တယောက်က နှာခေါင်းထိပ်ဖျားက အထက်လန်နေတယ်လေ အတော်လဲ လယ်ပုံရတယ် ဦးထုပ်ကိုတစောင်းဆောင်းလိုက်လို့ တယောက်ကတော့ ရှင်ပြောသလို အရပ်ရှည်ရှည် သူငယ် ကလေး"
"ဟုတ်တယ် ဟုတ်တယ် အဲဒါဘဲ ကျုပ်သား " "အဲ့ဒီရှင့်သားက ဘာဖြစ်လို့လည်း" ဤတွင်ဝမ်လန်း မှာ စိတ်အား ထက်သန်စွာဖြင့်။
"အဲဒီကျုပ်သား နောက်တခေါက်လာရင်တော့ နင့်လိုငယ်ငယ်ရွယ်ရွယ် မလိုချင်ဘူး ငါလူကြီးမှ သဘော ကျတယ်"လို့ ပြောလိုက်စမ်းပါ ခင်ဗျားကြိုက်သလိုသာ ပြောလွှတ်လိုက်စမ်းပါဗျာ လက်တော့မခံပါနဲ့ အဲဒီလို ပြန်လွှတ်လိုက်တိုင်း ကျုပ်ခင်ဗျားရသင့်တဲ့ ပိုက်ဆံထက် ၂-ဆပိုပီးပေးမယ်"
ထိုအခါ မိန်းမက ရယ်မောလျက် များစွာသဘောကျကာ "ဒါမျိုးဆို ဘယ်သူကညင်းမလဲ စိန်လိုက်ပေါ့ ကျုပ်ကလဲ လူကြီးမှဘဲကြိုက်ပါတယ် ကောင်ငယ်ငယ် ကလေးတွေဆို သဘောမကျပါဘူး"ဟု ပြောပြီး ၀မ်လန်း ကို ကြာကြည့်ကလေး မျက်စောင်းချီ၍ ကြည့်လိုက်လေရာ ၀မ်လန်းမှာ အော်ဂလီဆန်၍ သွားလေ၏။
"ကဲ...ဒါဖြင့် အဲဒီလိုသာ လုပ်စမ်းပါဗျာ"
ဝမ်လန်းသည် အိမ်သို့ပြန်ခဲ့သည့်အခါ လမ်းတလျှောက်လုံး အံချင်လျက် တံထွေးတပစ်ပစ်ဖြစ်၍ နေလေ၏ ထိုနေ့၌ စဉ်းစားနေခဲ့သော ကိစ္စကို အပြီးတိုင် ဆုံးဖြတ်လိုက်လေ၏။ ဥသြမယ်အား။
"ကဲ... မင်းပြောသလိုသာလုပ်ပေတော့ မင်းဘဲသွားပြီး ငါ့သားအတွက် စေ့စပ်ကြောင်း လမ်းပေးတော့ မိန်းခလေး ဘက်က ခန်းဝင်ပစ္စည်းလဲသင့်ပါစေ မိန်းကလေးလဲတော် နေရာလဲ ကျမယ်ဆိုရင် ခန်းဝင် ပစ္စည်း လဲ သိပ်မများပါစေနဲ့"ဟု ခိုင်းလိုက်လေ၏။
ဝမ်လန်းသည် ထိုအကြောင်းကို ကြာပဒုံအား ပြောပြခဲ့ပြီးနောက် နန်းအင်၏ အခန်းထဲသို့ဝင်ခဲ့ပြီး အိပ်ပျော် နေသော သား၏ နံဘေးမှာထိုင်လျက် မျက်နှာကို သေချာစွာကြည့်လေ၏ အိပ်မောကျ နေသော ငယ်ရွယ် နုပျို သည့် ချစ်စဖွယ် မျက်နှာကလေးကို တွေ့ရလေ၏ နှုတ်ခမ်းထူထူ မျက်နှာခြေကွက်နှင့် ကွိတ်မကို ပြန်သတိရ သောအခါ အံချင်လာပြီး အမျက်တဟုန်းဟုန်း ဒေါတပွပွဖြစ်လာလေ၏။
ထိုအခိုက် အိုလင်သည် အခန်းထဲသို့ သား၏အနီးရပ်လေ၏၊ ချွေးပေါက်ကလေးတွေ စို့နေသော မျက်နှာ ကို ကြည့်၍ ရှာလကာရေကို ရေနွေးနှင့်ရောလျက် မျက်နှာချွေးများကို ဖြည်းညှင်းညင်သာစွာ ဆေးကြော၍ ပေးလေ၏။
အိုလင်သည် ဟွမ်အိမ်တွင် နေခဲ့ရစဉ်က အမူးလွန်၍နေသော သူဌေးကြီး၏ သားမြေးကလေးများကို ဤသို့ပင် ပြုလုပ်၍ ပေးရလေ၏။
ဤသို့ မျက်နှာကိုဆေးကျောပေးနေသည့်တိုင် အိပ်ရာမှနိုးမလာဘဲ နှစ်ချိုက်စွာ အိပ်မောကျ နေသော သား၏။ ခလေးစိတ်မပျောက်သေးသော မျက်နှာကိုမြင်ရလျှင် ၀မ်လန်း၏ဒေါသမှာ ဦးလေး၏ အခန်းဆီသို့ အမျှင်တန်း၍သွားလေ၏ အဖေ့ညီတယောက်လုံးဖြစ်သည်ကို မေ့၍ ထားလေ၏။ သူ့မျက်စိ ထဲတွင် သူ့သားကို ဖျက်ဆီးပစ်သည့် လူလွန်မသားတယောက်၏ အဖေအဖြစ်နှင့်သာ ကြီးစွာသော မုန်းတီးခြင်း ဖြင့် မြင်၍နေလေ၏။
သို့ဖြစ်လေရာ ဦးလေး၏ အခန်းထဲသို့ ဒေါသ၏ပို့ဆောင်ချက်ဖြင့် ရောက်ရှိသွားလေ၏။
"ကျုပ်မှာ ကျေးဇူးမသိတတ်တဲ့ မြွေပွေးသိုက်ကို ခါးပိုက်ပိုက်မိနေတာဘဲ"ဟု အသံကို အစ်ထုတ်လျက် အော်လိုက် လေ၏။ ၄င်း၏ဦးလေးကား စားပွဲတလုံးနှင့် နံနက်စာစားလျက်ရှိလေ၏ ၄င်းမှာ အခြားအလုပ် ဘာတခုမှ မရှိ၍ နံနက်စာ စား၍မပြီးမချင်း အခန်းထဲမှမထွက်ပေ အော်ဟစ်၍ ၀င်လာသော ၀မ်လန်းကို မြင်သော အခါ ထမင်းစားပွဲမှ ခေါင်းမော့လျက်။
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမလဲ"
ဝမ်လန်းသည် ၄င်း၏သားလုပ်ပုံကို အစအဆုံးတိုင် ပြောပြလိုက်လျှင် ဦးလေးဖြစ်သူက ရယ်မောလျက် "မင်းသား လူပျိုဖြစ်မလာအောင် မင်းတားထားနိုင်သလား ခွေးထီးကလေးကို ခွေးဝဲစားမနဲ့ မတွေ့အောင် ကော မင်းလုပ်ထားနိုင်ရဲ့လား"ဟု ပြန်၍ပြောလေ၏။
ထိုအခါ အနှစ်နှစ်အလလက အောင့်အီးမျိုသိပ်ထားရသမျှသော ဒေါသတို့သည်၊ အနှောင်အဖွဲ့မှ တွန်းကန်၍ ထွက်ကြလေ၏။ မိမိတို့ငတ်မွတ်လျက်ရှိစဉ် ရှိသည့်လယ်ကလေးကို မတန်တဆနှင့် အတင်း လာ၍ ရောင်းခိုင်းခဲ့ပုံကိုပြန်၍ သတိရလေ၏ ယခုအိမ်သို့ တပြုံကြီးပြောင်း၍လာကြပြီး စားသောက် ပျော်ပါး နေကြသည်ကိုပြန်၍ တွေးမိလေ၏။ ကြာပဒုံစားရန် မိမိဝယ်ချမ်းထားသော အဘိုးတန် စားသောက် ဖွယ်ရာ များကို သူ့မယားဝတုပ် ပြဲကြီးဝင်၍ စားသောက်နေသည့်အဖြစ်ကို ပြန်၍ မြင်ယောင်လာလေ၏။ ယခုသူ့ သားက မိမိ၏သားကို အညွန့်တုံးအောင် ဖျက်ဆီးပြန် သည့်ကိစ္စမှာ နောက်ဆုံးဖြစ်လျက် အားလုံး စု၍ တွေးလိုက်သည့်အခါ မြုံထားရသမျှသည် တပြိုင်နက်ပေါက်ကန်၍ ထွက်လေ၏ နုတ်ခမ်းကို ကိုက် လျက်။
"ကိုင်း...ကျုပ်အိမ်ကသွားကြပေတော့ ခင်ဗျားကော ခင်ဗျာ့ဟာတွေကော အကုန်သွားကြ မနေကြနဲ့ ဒီနေ့ ဒီအချိန်က စပီး ခင်ဗျားတို့ကို ကျွေးမထားနိုင်တော့ဘူး ဒီအိမ်ကို ခင်ဗျားတို့ ထားမဲ့အစား မီးရှို့ပစ်မယ် ဘာမှ သောက်ကျေးဇူးသိတဲ့ဟာတွေမဟုတ်ဘူး"ဟု နှင်လေ၏။
သို့သော် ဦးလေးဖြစ်သူကား ထမင်းစားပင်မပျက်ပေ ဟင်းတခွက် မှ တခွက် ဧဧဆေးဆေး နှိုက်၍ စားနေ လေ၏။ ၀မ်လန်းကား ထိုအချင်းအရာကို သွေးဆူလျက် ကြည့်နေလေ၏ မိမိပြောနေသော စကားများကို ဂရုမစိုက် မခိုးမခန့်လုပ်နေသည်ကိုမြင်လျှင် လက်ကိုမြှောက်လျက် အနားသို့ ကပ်သွားလေ၏။ ထိုအခါ ဦးလေး လုပ်သူက လှည့်၍။
"မင်းငါ့ကို နှင်ထုတ်ရဲရင် ထုတ်လေကွာ"ဟုပြောကာ အင်္ကျီကိုလှစ်၍ပြလိုက်ရာ ၀မ်လန်းမှာ ကျောက်ရုပ် လိုဖြစ်၍ သွားလေ၏ ထိုအင်္ကျီအနားပတ်၌ အနီရောင် နှုတ်ခမ်းမွေး အတုတခု နှင့် ရှာ်နီစတစ ကိုမြင်ရလေ၏ ထိုအခါ ပေါက်ကန်၍ထွက်နေသော ဒေါသအခိုးအလျှံတို့မှာ အရှိန်အ၀ါကင်းသော ရေပမာ ဖြစ်၍ သွားလေ၏။ နှုတ်ခမ်းမွေးအနီနှင့် ရှာနီစ၏ အဓိပ္ပါယ်မှာ ဓါးပြဂိုဏ်းတခု၏ အထိမ်း အမှတ် ဖြစ်သတည်း။
ထိုဓားပြဂိုဏ်း ကြီးမှာ အနောက်မြောက်ဘက်တခွင် ကျက်စား၍ အိမ်များကိုမီးရှို့ခြင်း လူများကို သတ်ဖြတ် လုယက်ခြင်း မင်းမူနေသူများဖြစ်လေ၏။ မိန်းမများကို တွေ့လျှင်ခေါ်ယူ၍ သွားကြ လေ၏။ လယ်သမား များကို အိမ်ခေါင်တွင် ကြိုးနှင့်ဆွဲ၍ အိမ်ကိုမီးရှို့ပစ်ခဲ့ကြလေ၏။ အချို့မှာ လူဦး၍ အသက်ရှင်ကြ၏ အချို့မှာ မီးတောက် တွင် ဖုတ်ပြီးကင်ပြီးမီးသွေးတုံးဖြစ်၍ ကျန်ရစ်ခဲ့ကြ၏။
ဝမ်လန်းသည် ပြူးထွက်မတတ် ဖြစ်နေသော မျက်လုံးများဖြင့် အဆိုပါမျက်နှာဖုံး နှုတ်ခမ်းမွေး များကို ကြည့်၍ နေလေ၏။ ထို့နောက် ဘာစကားမှမပြောဘဲ လှည့်ထွက်၍ လာခဲ့လေ၏။ ထိုအခါ ထမင်းပုဂံကို ပြန်ကိုင်ရင်း ခပ်တိုးတိုးရယ်လိုက်သော ဦးလေး၏အသံကို ကြားလိုက်ရလေ၏။
မိမိစီးပွား တက်လာသည့်နေ့မှစ၍ သူခိုးသူဝှက် လူဆိုးထားပြရန်မှ ဧခဲ့၏။ သို့ဧခြင်းမှာ ကုသိုလ်ကံ ကြောင့် ဖြစ်သည် ဟု ၀မ်လန်းထင်ခဲ့မိ၏။ ယခုမူ မိမိအိမ်ဤမျှဧချမ်းနေခြင်းမှာ အခြားကြောင့်မဟုတ် ဦးလေး ဓားပြ တယောက်လုံး အိမ်တွင်အခံရှိနေသောကြောင့်ဖြစ်ကြောင်း နားလယ်လာလေ၏။ သို့သော် ဤအကြောင်း ကို မည်သူ့မျှ ပြောမပြရဲပေ။
ဝမ်လန်းသည် ထိုနေ့မှစ၍ ဦးလေးကို နှင်မထုတ်ရဲတော့ပေ။ ၄င်း၏မယားနှင့် သားကိုလည်း မုန်းလျက်နှင့် ချော့၍ ပေါင်းတော့၏ ဦးလေး၏မယားအား။
"ခင်ဗျား စားချင်တာသာစားဗျ ဟောဒီမှာသုံးဘို့လဲ ပိုက်ဆံယူအုံး"ဟု ပေးလေ၏ ဦးလေး သားကိုလည်း မုန်းမုန်း နှင့်ပင် "ရော့ဟေ့ပိုက်ဆံ လူငယ်ဆိုတာ ပျော်ပါးချင်မကြမှာဘဲ"ဟု ချော့မြူ ရလေ၏။ သို့သော် သားဖြစ်သူကိုကား နေ၀င်လျင် အိမ်ထဲက မထွက်အောင် စောင့်ကြပ်ထား လေ၏။
ဝမ်လန်း မှာ တခုပြီးတခု ပေါ်ပေါက်လာသော ဒုက္ခအ၀၀ကို စိတ်ဒုက္ခကြီးစွာဖြင့် ခံစား၍ နေရသည်အခါ တခါတရံ ဦးလေး၏ အကြောင်းကို အစိုးရနားရောက်အောင် သွားရောက်တိုင်တန်း လိုက်မည်ကြံမိ၏။ သို့သော် မိမိတိုင်တန်းချက်ကို အယုံအကြည်မရှိလျှင် မိမိမှာ ယခုထက်ပို၍ ဒုက္ခရောက်တော့မည်ကို စဉ်းစား မိသဖြင့် ထိုအကြံကို လက်လျှော့လိုက်လေ၏။
ပို၍စိတ်ညစ်စရာ ကြုံပြန်ရခြင်းကား ဥသြမယ်သည် စပါးကုန်သည်ကြီး လိုင်ယူ ထံသွား၍ လက်ထပ်ဘို့ ကိစ္စကို ကြောင်းလှမ်းရာမှာ ပြန်ရောက်လာသည့်အခါ စိတ်ပျက်ဘွယ်သတင်းတခု ပါ၍လာခြင်းပင် ဖြစ်ပေ၏။ စပါးကုန်သည်ကြီး လိုင်ယူက လက်ထပ်ရန် ကိစ္စကို သဘောတူသော်လည်း သ္မီးကလေးမှာ အသက် ၁၄-နှစ် သာ ရှိသေး၍ ငယ်လွန်းသဖြင့် နောက်ထပ် ၃-နှစ် ဆိုင်းပါရန် အကြောင်းနှင့် ထိုအတွင်း၌ စေ့စပ် ကြောင်းလမ်းခြင်း စာချုပ်စာတမ်း များကို လက်မှတ်ရေးထိုး ထားရန် သဘောတူကြောင်း စကားပြန် လိုက်လေ ၏။
ဝမ်လန်းမှာ ရက်ဆိုင်းရမည့်ကိစ္စအတွက် စိတ်အိုက်သွားလေ၏ မြန်မြန်ထက်ထက် ကိစ္စပြီး စေချင်သဖြင့် အလာခိုင်းမှ ဤမျှကြန့်ကြာရဦးမည့် ရက်ဆွဲခြင်းကို တွေ့ရသောအခါ ရင်လေး၍ သွားလေ၏။ ထိုည၌ အိုလင် အား။
"ကျန်တဲ့ ၃-ယောက်လဲ မြန်မြန်လက်ထပ်ဘို့ ကြောင်းလမ်း စေ့စပ်ပေးမှဘဲ ငါတခါဘဲ စိတ်ရှုပ်ခံနိုင်မယ် နောက်ထပ် ၃-ခါ စိတ်ရှုပ်မခံနိုင်ဘူး"ဟု ပြောလိုက်လေ၏။
ထိုည၌ ၀မ်လန်းမှာကောင်းစွာ အိပ်မပျော် နောက်တနေ့ နံနက်မိုးလင်းသည်နှင့် တပြိုင်နက် အိပ်ရာမှ ထခဲ့ပြီး ပေါက်ပြားကို ကိုင်၍ လယ်ထဲဆင်းသွားလေ၏။ အိမ်ဝ၌ပြုံးပြုံးပြုံးပြုံးနှင့် ထိုင်နေသော သ္မီးအကြီး ကလေး ကို တွေ့ရသောအခါ "အင်း...ဒင်းကလေးကမှ ဒိပြင်ဟာတွေထက် ငါ့ကိုစိတ်ချမ်းသာအောင် လုပ်နိုင် သေးတယ်"ဟု ပြောကာ လွတ်ဧလွတ်လပ်ရာ လယ်ထဲသို့ ဆင်းသွားလေ၏။ ထိုနေ့မှစ၍ လယ်ထဲ ကိုသာ ဆင်း၍နေလေ၏။
လယ်ထဲ ဆင်းနေ၍ နားအေးချမ်းသာရာ ရပြီဟုထင်မှတ်ရဲ့ခြင်းမှာ တနေ့တွင် အမှားကြီး မှားကြောင်း တွေ့ရပြန် လေ၏။ အကုသိုလ်ဝင်လျှင် တခုပြီးတခု ဆက်၍ ၀င်တတ်စမြဲဖြစ်ရကား လယ်များတွင် ကျိုင်းကောင် တွေ ၀င်ရောက် ဖျက်ဆီးသည့် မီးတမီးက ထပ်တိုးလာပြန်လေ၏။
ဝမ်လန်းမှာ အခြားဒုက္ခဟူသမျှကို မေ့၍သွားလေ၏ မယားကိုလည်းမေ့၏ သားကိုလည်းမေ့၏ ဦးလေး ကိုလည်း မေ့၏သူ့စိတ်မှာ ဒုက္ခသစ်၌သာ နစ်မြှုပ်၍နေလေ၏။
ပဌမ၌ကောင်းကင် တောင်ဘက်စူစူးတွင် တိမ်တိုက်ကလေး တခုစုနေသလိုလို မြင်ရလေ၏။ ရွာသား များသည် ထိုတိမ်တိုက်ကလေးကိုထွက်၍ ကြည့်ကြလေ၏။ သို့သော် ထိုတိမ်တိုက် ကလေးမှာ နေရာမရွေ့ ကောင်းကင် တွင် ပန်းဆိုင်းဆွဲသလို ငြိမ်သက်တွဲခို၍သာနေလေ၏။ အတန်ကြာသောအခါ ယပ်တောင်လို ဖြန့်ကားလျက်၊ လေထဲသို့ မြောက်၍ တက်သွားလေ၏။
"ကျိုင်းကောင်တွေ ကျိုင်းကောင်တွေ လယ်တွေဖျက်ရအောင်လာနေကြပီ" ဟူသော အော်သံ နှင့်အတူ ရွာသားများမှာ ကြီးစွာသော ထိတ်လန့်ခြင်းဖြင့် ကောင်းကင်ကို ရပ်ကြည့်နေကြလေ၏ ၀မ်လန်းသည် ရွာသား များနှင့်အတူ ရပ်၍ ကြည့်နေစဉ် လေကလေးတချက် ခြေထောက်များကို ဝှေ့ရမ်းသွားလေရာ ငုံ့ကြည့်လိုက်သည်တွင် သေနေသော ကျိုင်းကော်တကောင်ကို တွေ့ရလေ၏။ ထိုအခါ ၀မ်လန်းက စတင်၍။
"ကိုင်း ဒီရန်သူတွေ ကျုပ်တို့ တွန်းလှန်ကြရအောင်" ဟု ရွာသားများအား အဖေါ်ညှိလိုက်လျင် အချို့က ခေါင်းခါလျှက်။
"ဘဲ့နှယ်မှာ မတတ်နိုင်ဘူး ကံအကြောင်းက ဒီနှစ် ဘို့ ဒီလိုပါလာပြီဘဲ၊ ဘာလို့ အပင်းပန်းခံချင်ရသလဲ"ဟု ပြောကြ လေ၏။ အချို့မိန်းမများကား ငိုယိုလျက် ၀သုံနတ်ကွန်းသို့ အမွေးတိုင်ကလေးများဖြင့် သွား ကန်တော့ ကြလေ၏။ အချို့က မြို့ပေါ်မှ နတ်ကွန်းကြီးများကို သွား၍ကန်တော့ကြလေ၏။
သို့သော် ကျိုင်းကောင်များကား လေဟုန်ကိုစီးလျက် ခရီးပြင်းလျှောက်လာကြပြီးလျှင် လယ်ထဲသို့ ၀ဲပျံကာ ဆင်းကြလေ၏ ၀မ်လန်းသည် "ချင်း"နှင့်လုပ်သားကိုခေါ်လျက် ကျုင်းကောင်များကျရာ လယ်ကွင်းများကို မီးတင် ရှို့ကြလေ၏ မှည့်လုမှည့်ခင်ဖြစ်နေသော ဂျုံခင်းများမှာ မီးစာဖြစ်၍ သွားကြလေ၏။ လယ်ထဲတွင် ကျုံးကြီး များတူး၍ ရေများကို သယ်ယူထည့်ကြလေ၏ အားလုံးပင် တမှေးမအိပ် ရန်သူကို ဖြိုနှင်း၍ နေလေ၏။
အိုလင်က ထမင်းလာပို့လေ၏ အခြားမိန်းမများကလည်း သူတို့ခင်ပွန်းသယ်များအတွက် ထမင်း လာပို့ ကြ၏ လာပို့သော ထမင်းဟင်းကို မတ်တတ်ပင် ဒင်ကြီးမျိုလျက်နေ့မအား၊ ညမအား ခံစစ်ဆင်လျက် ကျိုင်းကောင် များကို တွန်းလှန်နေကြလေ၏။
ကောင်းကင်တပြင်လုံးကား မိုးမှောင်ကြီးကျသလို ကျိုင်းကောင်တို့ဖြင့် မဲမှောင်နေလေ၏ တောင်ပန်ချင်း ရိုက်ခက်သံမှာ လေယာဉ်ပျံအစင်းပေါင်းများစွာ ပျံဝဲ့၍လာသလို မြည်ဟီး သိမ့်သိမ့်တုံ၍ နေလေ၏ ကျိုင်းကောင်များသည် အစုလိုက်အစုလိုက် ဂျွန်းစိုက်လျက် လယ်ထဲသို့ လယ်ထဲသို့ဆင်းကြလေ၏။ ၄င်းတို့ခြေချမိသည်နှင့်တပြိုင်နက် ထိုလယ်မှာ တလင်းဖြစ်သွား လေ၏ ထိုနောက်ထ၍ ပျံကြပြန်ကာ တလယ် ကို ကူးကြလေ၏ ထိုအခါဝမ်လန်း၏တပည့်များ လက်ပန်းကျလျက် ဟီးချကာ ညည်းကြလေ၏ စစ်ကို အရှုံးပေးလိုသံများပေါ်၍ လာလေ၏ သို့သော် ၀မ်လန်းကား စိတ်မလျှော့ ဇွဲကြီးကြီးနှင့်ကျလာသမျှ ကျိုင်းကောင် ကို လိုက်၍ ရိုက်လေ၏ ခြေထောက်ဖြင့် နင်းခြေ၍ပစ်၏။
စစ်သူကြီး၏ ဇွဲကိုမြင်သောအခါ နောက်ကလူများလည်း သူလိုလိုက်၍လုပ်ကြလေ၏ ကောက်ရိုက် တုတ် ကိုယ်စီ ဖြင့် တဖုတ်ဖုတ်လိုက်၍ရိုက်ကြ၏။ ကျိုင်းကောင်များကား ကောက်ရိုက်တုတ်အောက်တွင် အသက် ပျောက်သူ ပျောက်ကြလေ၏ မီးထဲတွင် ပြာဖြစ်သူဖြစ်ကြ၏ ရေထဲတွင် ပေါလောအသက်ထွက်သူထွက် ထွက်ကြ လေ၏။ ထိုစစ်ပွဲတွင် ရန်သူတွေ သန်းချီ၍ကျကြလေ၏။
ချွေးနှင့်ဇွဲ ကို အသုံးပြုလိုက်ခြင်းဖြင့် ၀မ်လန်း၏လယ်ကောင်းများသည် မပျက်မစီး ကျန်ရစ်လေ၏။ ကျိုင်းကောင် များသည် နောက်ဆုံး တပ်လန်၍ သွားသည့်အခါ ၀မ်လန်းလယ်အနည်းငယ်မှတပါး ရိပ်ယူနိုင် သေးသော လယ်ကွက်များကျန်ရစ်ခဲ့လေ၏။
ရွာသားများကား ဖုတ်ပီး-ကင်ပီး ကျန်ရစ်ခဲ့သော ကျိုင်းကောင်များကို စားသောက်ကြလေ၏။ ၀မ်လန်းကား မိမိ လယ်ကို နှိပ်စက်ကလူပြုသူများဟု ဆိုကာ ရွံ့မုန်း၍မစားဘဲနေလေ၏။ သို့သော် အိုလင်က ဆီနှင့် ကျော်၍ လုပ်သားများကို ကျွေးမွေးသည်ကိုမူ ဘာမှမပြောဘဲ ဆိတ်စွာနေလေ၏။ လုပ်သားများကား ကျိုင်းကောင်ကျော် များကို တဂျွတ်ဂျွတ်ဝါး၍ စားကြလေ၏။ ကလေးများမှာကား ကျိုင်းကောင်မှ ပြူထွက်နေသော မျက်လုံးကြီးများကို မကြောက်မလန့်ဘဲ ပေါင်ကလေးကို ဖဲ့စားလိုက် လက်ကလေးကို ဖြုတ်ဝါး လိုက်နှင့် အရသာတွေ့နေကြလေ၏။
ကျိုင်းကောင်များ၏ ရန်ဘေးမှာ တနည်းအားဖြင့် ၀မ်လန်း၏ အခြားသော ဒုက္ခများကို မေ့ပျောက် သွားစေ ၏။
"အင်း.... လူတိုင်းဟာ ဒုက္ခနဲ့မကင်းကြဘူး ငါလဲဘဲ ဒီဒုက္ခတွေကို တတ်နိုင်သမျှ ရှောင်တိမ်းပီး ခံရမှာဘဲ ငါ့ဦးလေး ဟာ ငါ့ထက်အသက်ကြီးပီ ငါ့သား လက်ထပ်ဘို့ အချိန်ရောက်အောင် စောင့်ရမဲ့ ဒီသုံးနှစ် အတွင်း မှာ သူသေရင် သေသွားမှာ ငါတော့ ဒုက္ခကိုကြောက်ပီ ကိုယ့်ကိုကိုယ်တော့ သတ်မသေဘူး" ဟု စိတ်ကို ဖြေ၍ နေလေ၏။
ဆက်ရန်
.

1 comment:
ဝမ်လန်းလဲ အေးအေးကို မနေရဘူး။
မနေရတာလဲ ခပ်ကောင်းကောင်း အလုပ်မရှိရင် နောက်ထပ် ကြာပဒုံတွေ ထပ်ပေါ်လာအုံးမယ်။
ကျိုင်းကောင်တွေ စားကြတယ်ဆိုတော့ ပုရစ်နဲ့တူသလား မသိဘူးနော်။ ပုရစ်ကြော်တော့ အကြိုက်သား။
Post a Comment