အလိုတော်ရိစားဖါးများ အပုပ်ချပြီ
ရှေ့နေကြီးမွန်စံလှိုင်၏ အကြောင်းပြချက်က ခိုင်လုံနေပြန်သည်။ သူကိုယ်တိုင် အမှုလိုက်ကြောင်း ရွေးကောက်ပွဲ ခုံရုံးအမှုသတင်းတွေက သတင်းစာများတွင် ပါနေကြောင့်လည်း သူတကယ် အလုပ် များ နေကြောင်း သိရပါသည်။ ယခင်ချိန်းတာ ၁၅ရက်၊ ယခုချိန်းသွားပြန်တာက ရက်ပေါင်း ၂၀ဆိုတော့ တလ ကျော် သွားဦးမည် ဖြစ်ပါသည်။
ကျမသည် နာမည်ရ ရှေ့နေကြီးတဦးဖြစ်၍ သူ၏ကတိနှင့် ဂုဏ်သိက္ခာကို ယုံကြည်လျက် ရှိပါသည်။ စာချုပ် စာတမ်း ကိစ္စတွေကိုလည်း သူကိုယ်တိုင် တရားဥပဒေနှင့် ကိုက်ညီအောင် ကျကျနနန ရေးဆွဲ စီစဉ်ပေးခဲ့သူ ဖြစ်သည်။ နောက်ထပ် လိုအပ်သမျှ ပြုလုပ်ရမည့် ကိစ္စတွေကိုလဲ သူဘဲ အစအဆုံး ဆောင်ရွက်ပေးပါမည်။ အခြား ရှေ့နေများကို ဆောင်ရွက်ပေးပါမည်။ အခြားရှေ့နေများကို မငှါးပါနှင့်ဟုပင် တားမြစ်ပိတ်ပင် ကာ တာဝန်ခံ ၍ ဆောင်ရွက်ပေးပါမည်ဟု အကြိမ်ကြိမ် ကတိထားလာသူ ဖြစ်ပါသည်။
သို့ကြောင့် ဒုတိယအကြိမ် အခွင့်တောင်းသည်ကို လက်ခံလိုက်ရ ပြန်ပါသည်။ ဤအတ်ာအတွင်းမှာ ကျမသည် ကွာရှင်းစာချုပ်များ ပေးအပ်ထားသော မောင်ဝမ်းကွဲအရာရှိ ယုံကြည်နေဆဲဖြစ်၍ ရှေ့နေ မွန်စံလှိုင် နှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို တိုင်ပင်မှု ပြုပါသည်။ ဤကိစ္စ ပြီးစီး သွားရန် တဘက် တလမ်းမှ ကူညီကြိုးပမ်းပေးကြဘို့လဲ ပြောပါသေးသည်။ သို့ရာတွင် သူတို့က လည်း အေးစက်စက် လုပ်ကာ မမခင်နေကောင်းအောင် ကျန်းမာလာအောင်သာ ကြိုးစာားပါ။
ဒါတွေ ဘယ်နေ့လုပ် လုပ်ဖြစ်ပါတယ်ဟုသာ ပြောကြပါသည်။ ကျမသည် သူတို့ အေးစက်စက် ဖြစ်နေပုံ တွေကို သဘောမကျစပြုလာပါသည်။ သို့ကြောင့် စာချုပ်တွေ သူတို့ လက်အပ်ထားရ သည်ကိုပင် စိတ်မချ ချင်သလို ဖြစ်လာသည်။
သို့အတွက် ဦးကိုကြီးလတ် အပ်ထားသော စာချုပ်များ၊ စာရွက်စာတမ်း စသည်များကို အားလုံး ပြန်တောင်း ယူပြီး လုံခြံရာမှာ ကျမကိုယ်တိုင် သိမ်းဆည်းထားပါသည်။ ဤမျှမက စာချုပ်မူရင်း မိတ္တူတွေကို အမြောက် အများ လက်နှိပ်စက် နှင့် ရိုက်နှိပ်ခိုင်းထားပါသည်။
၎င်းစာချုပ် မိတ္တူများကိုလဲ ဦးကိုကြီး၊ ဦးပုစသော အရာရှိ မောင်ဝမ်းကွဲများ လက်သို့ တစောင်စီ ပေးထားပြီး သူတို့ အသိမိတ်ဆွေ ဥပဒေနားလည်သူများ၊ ရှေ့နေရှေ့ရပ်များနှင့် ပြသဆွေးနွေးပြီး ဆောင်ရွက်ရန် ကျန်ရှိသော ကိစ္စများ ဆောင်ရွက်ပေးပါမည်ဟု ဆိုကြသည်။ ကျမသည် မေင်ဝမ်းကွဲများဖြစ်၍ ထိုအချိန်က သူတို့ အပေါ်မှာ အတော်အားထား ယုံကြည်မှု ရှိနေပါသည်။
မကျန်းမာ ၍ ဘယ်မှ မသွားနိုင်၊ မလာနိုင် ဖြစ်နေသော မိန်းမသားတဦးအနေနှင့် ကြင်နာစွာ ကူညီ လိမ့်မည် ဟုသာ အထင်ကြီးနေဆဲ ဖြစ်ပါသည်။ စာချုပ်ကိစ္စတွေကို ဦးစီးဆောင်ရွက် ပေးနေသော ရှေ့နေကြီး မွန်စံလှိုင်ကိုလည်း ယုံကြည်လျက်ပင် ရှိပါသည်။
ရွေးကောက်ပွဲ ခုံရုံးကိစ္စတွေ အမှုလိုက်ပြီးသောအချိန်မှာ ကျမအတွက် ဆောင်ရွက်ပေးမှာပါဘဲဟု ယုံကြည် မျှော်လင့်ပြီး ဆက်လက် စောင့်ဆိုင်းနေခဲ့ပါသည်။ ထိုနေ့ရက်များအတွင်းမှာ ယခင်က ကင်းကွာနေခဲ့သော အလုပ်တိုက် မှ အလုပ်ကိစ္စများကို ကြိုးကြား၊ ကြိုးကြား စုံစမ်း စစ်ဆေးကြည့်ရှု ပါသည်။ သို့ရာတွင် ကိုယ်တိုင် အောက်မဆင်းနိုင်သေး၊ မေးစရာရှိလျှင် အိမ်ပေါ် ခေါ်မေးရသည်။ ဖြေသူက လိမ်မာပါးနပ်စွာ ဖြေသွားသည်။
သတင်း စာစောင်ရေထိန်းသူ ပါဆယ်ထုပ်သူ ပို့သူ ဖြန့်ချီ သူတွေမှာ အနွယ်တော်တွေ ဖြစ်သည်။ ၀င်းဝမှ အစောင့် ဒရ၀မ် ကလည်း အနွယ်တော်ထဲမှ ဖြစ် သည်။ အလုပ်ရုံးခန်းကလည်း အားလုံး အလိုတော်ရိ စားဖါးတွေချည်း ဖြစ်ပါသည်။ သတင်းစာများ ဖြန့်ချီ သယ်ယူပို့ဆောင်ရာ သုံးသောကားမောင်းသူ ဒရိုင်ဘာနှစ်ယောက်မှာ မယားမြှောင်ထိန်း ကာမပွဲစားများဖြစ်ကြောင်း သိတဲ့နေ့ကစ၍ မထားစေတော့ဘဲ၊ လူသစ်ဒရိုင်ဘာနှစ်ယောက်နှင့် အစားထိုး လုပ်ကိုင်စေသည်။ အနွယ်တော် ဒရ၀မ်ကိုလည်း မသင်္ကာဖြစ်ပြီး လူလဲ ၍ ဂေါ်ရခါးဒရ၀မ် ကို ထားစေသည်။
ဤတွင်နေ့စဉ် သတင်းစာတွေ ထောင်နှင့်ချီခိုးနေကြောင်း ရိပ်မိလာသည်။ မြို့ပေါ်စောင်ရေများမှ တစောင် ၂ပြားခွဲ အမြတ်ကိုလည်း ခိုးသား ၄၀ထဲမှ ယခုထိ ဆက်လက် ခိုးယူပေးနေရကြောင်း ရိပ်မိ သိရှိစ ပြုလာသည်။ နေ့စဉ် သတင်းစာ စောင်ရေ စာရင်းကို ယူကြည့်သောအခါ အမှန်အတိုင်း ရေးပြသည်။
မြို့ကိုယ်စားလည်နှင့် နယ်ကိုယ်စားလည် စာရင်းကိုလည်း အမှန်အတိုင်းပေးသည်။ ပတ်လည်စက်ကြီးမှာ သတင်းစာ စောင်ရေရိုက်သလောက် ရိုက်ချက်တွေ ဂဏန်းနှင့် အလို အလျောက် ပြသောစက်ဖြစ်စေကာမူ ရိုက်ချက် ကို အရွက်လွတ်များ ရိုက်လျက် ရှုပ်ရှက်ခတ် လုပ် ပစ်လို့ရသည်။
ဂဏန်းကို ပြန်လှည့်ပြီး မှောင်ချပစ်၍လည်း ရသည်။ နယ်ကိုယ်စားလျည်များထံ ပို့သော စာရင်းနှင့် ပါဆယ်ထုပ် တွင် ကပ်သောစာရွက် လေဘ်များ တောင်းယူစစ်ကြည့်တော့မှ အချို့မှာ မသင်္ကာ ဘွယ်ရာတွေ တွေ့မြင်လာရပါသည်။ သတင်းစာ ခိုးနည်းနိသျှည်းကား (ဥပမာ) ပဲခူးမြို့ကြီးအတွက် စောင်ရေ ၂၀၀၊ အိမ်ခြေ ၅၀၊ ၁၀၀မျှသာရှိမည်ဖြစ်သော ပဲခူးအနီးမှ အုံးနဲ၊ မင်းရွာ၊ သနပ္ပင်စသော ရွာငယ် ကလေးများ အတွက် ပါဆယ်ထုပ်ကြီးတွေက တထုပ်လျှင် စောင်ရေ ၁၀၀ထက် မနည်း ရှိပါသည်။ စင်စစ် ထို ရွာကလေး များမှာ သတင်းစာဘတ်သူရှိလျှင် ၅စောင်ထက် ပိုမရှိနိုင်ပါ။ ယာယီမန်နေဂျာ ဦးဗအေးက မမ မယုံသင်္ကာမဖြစ်ပါနှင့်၊ ကျွန်တော်ကိုယ်တိုင် ကြပ်ကြပ် မတ်မတ် ကြည့်ရှုနေပါသည်။ သတင်းစာ ၅၀၀၊ ၁၀၀၀ ခိုးယူ ဘို့ ကိစ္စမှာ မလွယ်ပါ။
ကျွန်တော်လဲပါမှ စောင်ရေထိန်း စာရေးလဲပါမှ၊ စာရင်းကိုင်သူ၊ ငွေထိန်းသူလဲပါမှ၊ ထုပ်ခေါက်ပို့ သမား တွေလဲ ပါမှ၊ အားလုံး စုပေါင်းပြီး ခိုးကြမှသာ ဖြစ်နိုင်ပါသည်။ တဦးတယောက်ချင်းက ခိုးထုတ်လို့ မရနိုင် ပါဘူးဟု ပြောပါသည်။ မှန်ပါသည်။ အလွန်မှန်ပါသည်၊ တဦးတယောက်ချင်း ခိုး၍ မဖြစ်၊ အားလုံးစုပေါင်းပြီး သမ၀ါယမ နည်းနှင့် ခိုးထုတ်မှဖြစ်ကြောင်း ကျမလက်တွေ့ဖြစ်၍ ကောင်းစွာ နားလည်လာပါသည်။
လူတစုအုပ်စားနေသော ဗမာ့ခေတ်
ရေလမ်းမှသွားသော ပါဆယ်ထုပ်များမှာလည်း စောင်ရေ ၁၅၀မှ ၂၀၀အထိ မြို့နှင့် မလိုက်အောင် ရှိနေသည်။ ဒါတွေကို မသင်္ကာ၍ နယ်ကိုယ်စားလည်များ၏ လယ်ဂျာစာရင်းကြီးနှင့် ဆပ်လယ်ဂျာ ခေါ် တဦးစီ၊ တမြို့စီ၊ သီးခြားထားသော စာရင်းများကို တောင်းယူကြည့်သောအခါ ခိုးပုံ၊ ခိုးနည်းကို ပြတ်ပြတ် သားသား ကြီး ဖမ်းဆီး၍ ရလာပါသည်။
ခိုးထုတ်သော မြို့များမှာ နေ့စဉ် သတင်းစာပါဆယ်ထုပ်တွေ အပို့သာ ရှိ၍ ၀င်ငွေ စာရင်းလုံးဝမရှိပါ။ ကော်မရှင် သာမက သတင်းစာဘိုးများကိုပါ အပြီးအစီး ကိစ္စငြိမ်းအုပ်စားလိုက်ခြင်း ဖြစ်သည်။ ၀င်ငွေ စာရင်း မပြဘဲ ဖျောက်ထားသည်မှာ နှစ်ပရိစ္ဆေအားဖြင့်လည်း အတော်ကြီးကြာခဲ့ပြီ၊ ဤနည်း အတိုင်း ၀ါးစေ ဝေစား အလုပ်နှင့် ၀ဖီးဆူဖြိုးနေကြ၏။ ကျမသိလျှင်သိခြင်း ၀င်ငွေစာရင်းမပြနိုင် သော နယ်ကိုယ် စားလည်များအတွက် သတင်းစာစောင်ရေကို ထည့်မရိုက်ရန် ဖြုတ်ချခိုင်းလိုက် သည်။ ဤတွင်မှ ထုံးစံအတိုင်း စာရင်းသစ်ဖွင့်၍ စပေါ်ငွေတင်ပြီး ဆက်ယူပါသည်ဆိုပြီး ရေလမ်းမှ အချို့မြို့များက ယူကြ ပါသည်။
မီးရထားလမ်း၊ ကားလမ်းတို့မှ ရွာငယ်ကလေးများနှင့် မလိုက်အောင် သတင်းစာ စောင်ရေတွေ အများကြီး ပို့သော နည်းကတော့ မီးရထားဘူတာရုံကြီးကျမှ ထိုအထုပ်များကို ဖောက်ခါ ရန်ကုန်မြို့ ပေါ်၌ မှောင်ခို ဖြန့်ချီရေး စံနစ် နှင့် ရောင်းစား ကြပါသည်။ ကျမက စောင်ရေ လျှော့ရိုက်ခိုင်းသော အခါ ထိုပါဆယ် ထုပ် ဖေါက်ရောင်းသူများမှာ ဖေါက်သည်ပျက် မခံနိုင်ကြသဖြင့် ငွေနှင့် လက်ငင်း ၀ယ်ကြရသောအခါ မြို့ပေါ်အတွက် သတင်းစာ စောင်ရေသည် ၁၀၀၀ကျော်မျှ တိုး၍ ရိုက်ပေးရ ပြန်ပါသည်။ တိုးရိုက်ပေးရသမျှ စောင်ရေ အတွက် ၀င်ငွေစာရင်းမှ တိတိကျကျ ရရှိလာပါသည်။
ကျမသည် ဖျပ်ဖျပ်လတ်လတ် မလှုပ်ရှားနိုင်သော်လည်း အိမ်ပေါ်မှာ ဥာဏ်မျက်စိနှင့်သာ ကြည့်၍ ဘမ်း နေရခြင်း ဖြစ်ပါသည်။ ဤတွင်မှ မြို့ပေါ်ကိုယ်စားလည်များ၏ အမည်တွေကို စတင် စစ်ဆေး ကြည့်ရှု မိပြန်သည်။ ကိုယ်စားလည် အမည်တွေကို ကြည့်၍ ထိုသူများနှင့် တွေ့လိုသည်ဟု ဆိုသောအခါမှ ဤအမည် ပိုင်ရှင် ကိုယ်စားလည်များသည် အလုပ်တိုက်ထဲမှ အနွယ်တော် ကောင်ငယ်ကလေးများ၏ အမည် တွေ ဖြစ်နေမှန်း သိရပါတော့သည်။
ထို့ကြောင့် လုပ်ပုံ လုပ်နည်းကို စစ်ကြောမေးမြန်းသောအခါ ထိုကောင်ငယ်ကလေးများ အမည်နှင့် စာရင်း ပြလျက် ရန်ကုန်တွက် နေ့စဉ်စောင်ရေ တသောင်းကျော်မှ နှစ်သောင်းအထိ ကာမစောရ ဗိုလ်ကြီး၏ တူများ က ဖြန့်ချီရသည်။ လက်ပွေ့ရောင်းသမားကလေးတွေအပေါ်တွင် သတင်းစာ တစောင်လျှင် ၂ပြားခွဲ အမြတ် ယူရသည်။ နေ့စဉ် သတင်းစာစောင်ရေ ပျမ်းမျှအားဖြင့် နှစ်သောင်း ဆိုလျှင် ပြားပေါင်းငါးသောင်း ဖြစ်သည်။ ပြားငါးသောင်းကို ကျပ်ဖွဲ့လျှင် နေ့စဉ်ဝင်ငွေ ငါးရာ ရှိ သည်။ ၎င်းနေ့စဉ် ၀င်ငွေငါးရာကို ဂိုဏ်းအုပ်ဗိုလ်လုပ်သူကြီးအတွက် တ၀က်ပေးရပြီး၊ ဂိုဏ်းထောက် ၄-၅ယောက်က တ၀က်လောက် ဝေပုံချ၊ ခွဲယူ အကျိုး ခံစားလာခဲ့ကြပါသည်။
ဤနည်း နှင့် အီဝဗိုက်ရွှဲလာခဲ့ကြသည်မှာ ၆နှစ်၊ ၇နှစ်ထက်မနည်း ကြာရှိခဲ့ကြောင်း သိရပါသည်။ ယခု ကွာရှင်း ပြီး ဦးစီး ဗိုလ်ချုပ်နှင့် စောရလက်ထောက်များအပြင် ထွက်သွားကြရပြီ ဖြစ်သော အချိန်မှာ ပင် အရှိန် မပြေသေးဘဲ ဆက်လက်၍ အကျိုးခံစားနေဆဲ ဖြစ်သည်။ ကျမက ကျကျနန မအုပ်စီး နိုင်သေးဘဲ အိပ်ယာ ထဲ လဲနေချိန်ဖြစ်၍ သူတို့အဘို့ အခွင့်အခါကောင်း ရနေခြင်း ဖြစ်သည်။ ၎င်းပြင် အလုပ်ရုံးခန်းမှ အလိုကျ ပြုလုပ်ပေးနေရသော ဘက်တော်သား အကိုင်းအခက် လက်ကျန် များကလည်း သည်နည်း အတိုင်း ဆက်လက် လုပ်ကိုင်နိုင်ရန် ဖန်တီးစီစဉ်ပေးမြဲပေးထားခြင်း ဖြစ် ရာ ၂လကျော်၊ ၃လနီးပါး ဆက်၍ စားနေ နိုင်ကြပါသေးသည်။
ထိုကိစ္စကို ကျမ သိလျှင် သိခြင်း ပိတ်ပင်ပစ်လိုက်သည်။ ထိုကော်မရှင်ကို ကျမ ကိုယ်ကျိုးအတွက် လည်းမယူ၊ အလုပ်တိုက် ၀င်ငွေအဖြစ်သွင်းရန်လည်းမလို၊ စားခြင်းစားလျှင် ယခုလက်ရှိ အလုပ် တိုက်သား အားလုံး ညီညီမျှမျှ ခံစားစေရမည်။ အယ်ဒီတာများ၊ သတင်းထောက်များ၊ အလုပ်ရုံးခန်း မှ စာရေး၊ စာချီ၊ မင်းစေ၊ ဒရ၀မ်၊ ဒရိုင်ဘာ မကျန်ရ၊ စာစီသမား၊ စက်သမား အလုပ်သားအားလုံး စုပေါင်း၍ စီးပွားရေး အဖွဲ့ဟူ၍ ဖွဲ့စည်းစေပြီး အစုံ ငွေ ၂၅ကျပ်စီ ပါဝင်စေလျက် ရန်ကုန်မြို့ပေါ် အတွက် သတင်းစာ ကိုယ်စားလည် လုပ်ခွင့်ပြုကာ သတင်းစာ တစောင်အတွက် ကော်မရှင် ၂ပြား ခွဲကို ရယူကြစေပါသည်။
ထိုနည်းနှင့် တိုက်သားအားလုံးသာ တူညီမျှ အကျိုးခံစားခွင့်ပေးလိုက်ခြင်း ဖြင့် အရင်းရှင်ယာငွေ ၂၅ိ ထည့် သူ တဦးတွင် ၂လအတွင်း တဦးလျှင် အမြတ်ငွေသက်သက် ၅၀ိ ကျပ်စီ ရရှိခံစားရပါသည်။
ယခင် ကလူလက် တဆုပ်စာမျှက အုပ်စားလာခဲ့သော ငွေများအား မဆိုင်ရာအပြင်အမ ရောက်နေ သူတို့ ဆက်လက် ၍ အညွန့်ခူးစား မနေရတော့ဘဲ လက်ရှိ အလုပ်သမားအားလုံး အကျိုးတူ ညီညီ မျှမျှ ခံစားကြ ရသောအခါ အလုပ်တိုက်သားတွေမှာ အပိုဝင်ငွေရရှိသောကြောင့် ၀မ်းသာ အားရ ဖြစ် သွားကြပါသည်။
မူလ ကလည်း လူမှုဖူလုံရေး အိုနာစာ ရံပုံငွေ စသည်တွေက ရှိကြသေးသည့် အပြင် ယခုဝင်ငွေ တမျိုးက အချိုးက ခပ်မြက်မြက်ကလေးတိုး၍ ရရှိကြသောကြောင့် အပိုသုံးရ၊ စွဲရ၊ လှူရ၊ တန်းရတော့သည်။ ဗမာ့ခေတ် အလုပ်သမာျးားသည် ကျမ အုပ်ချုပ်မှ ဤအပိုရသော အမြတ်ငွေထဲက စုပေါင်းကောက်ခံကာ လာမည့် တန်းခူလ၌ ဒုလ္လဘ ရဟန်းခံ အလှူပွဲပြုလုပ်ကြ ရန် အားခဲ၍ ထားကြသည်။ လှူရန် ပစ္စည်း သင်္ကန်း ပရိက္ခရာ တွေလည်း ၀ယ်ထားပြီး ကျွေးမွေးရန် အတွက် စရံစကတွေလဲ ပေးထားကြပြီး ဖြစ်ပါ သည်။ သို့ရာတွင် မကြာမီ အကြောင်း မညီညွတ် စရာ ကပျက်ယပျက်ကိစ္စတွေနှင့် ရင်ဆိုင်လာ ကြရ ပါသည်။
လက်ကျညီညီနှင့် ခိုးနည်းမျိုးစုံ ဆက်ရန်
.

No comments:
Post a Comment