ဘဏ် ၃တိုက်တွင် နာမည်လွှဲရန် ကိစ္စ
အယ်ဒီတာ ဦးသန်းညွန့် နောက်တပတ်ကြော့ ၀င်လာသောအခါမှာတော့ ဘယ်လိုလဲကွဲ့၊ ပဲခူးပြန် ပရိသတ် ဟာ ဒါအကုန်ဘဲလားဟု ကျမကဘဲ အစပြိုးလိုက်ရပါသေးသည်။ သူကရယ်ရယ် မောမော နှင့် ပန်းဆိုးတန်း နဲ့ အလီဘာသာ ကကုန်းပေါ်က ပရိသတ်တွေလဲပါ ပါသေးတယ်။ ဒါပေတဲ့ သူတို့က မမဆီကို မရလာရဲ လို့ပါဟု အဖြေပေါ်လာပါသည်။
ကျွန်တော်တို့မှာ ဆရာသမား ဖြစ်လေတော့ စိုးရိမ်မှုမကင်း ဖြစ်နေပါတယ်။ အယ်ဒီတာအခန်းမှာ ဘာလုပ် ရမယ်ဆိုတာ ၀ိုင်းပြီး တိုင်ပင်ကြပါတယ်။ စိတ်မချရတဲ့ ပဲခူးမြို့အစွန်အဖျားမှာ မထားတော့ ဘဲ သွားခေါ်ပြီး ရန်ကုန်မှာ ရွှေ့ထားဘို့ ဆုံးဖြတ်ကြပါတယ်။ ဒီတော့ ရက်ကြာကြာ မဆိုင်းတော့ဘဲ နက်ဖန် သွားခေါ်ပြီး ရွှေ့ထား ပါရစေဟု ဆိုသည်။
ဒါတော့ မင်းတို့သဘောပါလို့ ခွင့်ပြုပြီးသားဘဲ၊ ကြိုက်တဲ့နေရာမှာ ရွှေ့ထားပါ။ ဒီကိစ္စမှာ ၀င်မပါဘူး ဟု ပြောသော အခါမှာ အယ်ဒီတာမောင်သန်းညွန့်က ကောင်းပါပြီ။ ကျွန်တော်တို့ အားလုံး တိုင်ပင် ပြီး နေရာ ရွှေ့ထား ဘို့ ဆုံးဖြတ်ပြီးပါပြီ။ မနက်ဖြန် ပဲခူး လိုက်သွားကြပါမည်။ မင်းကွန်းတောရနှင့် အခြားတနေရာမှာ နေဘို့ရာ လဲ အစီအစဉ် ပြုရဦးပါမည်ဟုဆိုပြီး ပြန်ထွက်သွားပါသည်။ ညနေ ၆နာရီခွဲ ရှိပြီဖြစ်၍ အိမ်ပေါ် တက်ခဲ့ပြီး ထုံးစံအတိုင်း အခန်းထဲမှာ အောင်း၍ ပုတီးစိပ်နေသည်။ ထိုနေ့အဘို့ နောက်ထပ် ဘယ်သူ နှင့်မှ မတွေ့တော့ပါ။
နောက်တနေ့ မနက် ၁၀နာရီကျော်လောက်မှာ ကျမအောက်ဆင်းလာသည်။ စာရင်းစစ်မှ မန်နေဂျာ အလုပ်ကို ဆက်လက်လုပ်နေရသူ ဦးဗအေး ရောက်လာသည်။ လက်ထဲမှာ စာရွက်များ တံဆိပ်တုံး ကလေး များလဲ ပါလာသည်။ ဗမာ့ခေတ်သတင်းစာ အလုပ်တိုက်နှင့် ဆက်သွယ်ထားသော ဘဏ် တိုက်ကြီးများသို့ ကျမ အမည်နှင့် ငွေစာရင်းလွှဲပြောင်းဘို့ လက်မှတ်ထိုးရန်ကိစ္စများအတွက် ဖြစ်ပါ သည်။ ၎င်းဘဏ်တိုက် ကြီး များမှာ နယ်သာလင်ဘဏ်တိုက်၊ တရုပ်ပြည်သူ့ဘဏ်တိုက်နှင့် ဗမာ ပြည်သူ့ ဘဏ်တိုက် များ ဖြစ်ပါ သည်။
ဦးဗအေးက ဘဏ်တိုက် ၃-တိုက်အတွက် စာ ၃-စောင်ကို ပြသည်။ ယခု လောလောဆယ် ငွေကြေးကိစ္စ ဆက်သွယ် ရသည်မှာ တရုပ်ပြည်သူ့ဘဏ်နှင့် ဗမာအစိုးရ ပြည်သူ့ဘဏ်တိုက် နှစ်တိုက်ကို ယနေ့ လွှဲပြောင်း ရပါမည်။ မမ၏ လက်မှတ်များ ထိုးပေးပါဆို၍ ထုံးစံအတိုင်း ထိုးပေး လိုက်ရပါသည်။ ဟောဒီက နယ်သာလင် ဘဏ်တိုက်အတွက် နာမည်လွှဲရန် စာကိုတော့ သတင်းစာ ပုံနှိပ်စက္ကူများအတွက် သီးသန့် ဖြစ်သော ကြောင့် နောက် အေးအေးဆေးဆေးမှ လက်မှတ်ထိုး၍ လွှဲပြောင်းနိုင်ပါသည်ဟု ဆိုပါသည်။
ကျမလဲ ရိုးရိုးသားသားဘဲ ပြောသည်ထင်၍ အေးအေးနေလိုက်ပါသည်။ သို့ရာတွင် အဲသည်နယ်သာလင် ဘဏ်မှာက တကယ်အရေးပါ အရာ ရောက်သော ကိစ္စကြီးတွေ အတုံးလိုက်အခဲလိုက် ရှိနေပါသည်။ ဒါတွေ ကို နောက်ပိုင်း ၌ နယ်သာလင် ဘဏ်တိုက်မှ အကြီးအကဲပြုသူတဦး ကျမထံလိုက်လာမှ ဇာတ်ရေလည်စွာ သိရှိ ရပါ သည်။
ဗမာ့ခေတ် သတင်းစာကို ပါတ်လည်စက်ကြီးနှင့် ရိုက်နှိပ်ထုတ်ဝေခဲ့သည်ဖြစ်ရာ ပါတ်လည်စက် အတွက် သတင်းစာ ရိုက်ရသော စက္ကူမှာ အလိပ်ကြီးတွေနှင့်လာသော အမျိုးအစားကို သီးသန့်မှာ ၍ သုံးရပါသည်။ သည်တော့ အလျှင်မှီအောင် ၀ယ်ယူသိုလှောင်၍ ကိုယ်ပိုင် ဂိုဒေါင်နှင့် ထားရ သည်။ တနှစ်စာ၊ ၆လစာ ၀ယ်ထား ရသဖြင့် တနှစ်လျှင် သုံးလေသိန်းဘိုးခန့်မှာ ရသည်။ စက္ကူ ပြတ်သွားလျှင် တခြားတွေ အလွယ် တကူ အစားထိုး ၍ ၀ယ်ယူမရနိုင်သောကြောင့်လည်း စက္ကူများ အပြတ်မခံဝံ့ခြင်း ဖြစ်ပါသည်။
နယ်သာလင်ဘဏ်မှာ စက္ကူကိစ္စနှင့် ဆက်သွယ်ရပြီး၊ ဘဏ်က ငွေပိုတွေသာ အမြဲစီးလျက် ရှိသည်။ ဘဏ်အုပ်ချုပ် သူများအား ဗမာ့ခေတ်သတင်းစာ ပိုင်ဆိုင်သူတို့၏ ပါတနာ စာချုပ်ကိုလဲ ပေးထားရ သည်။ ထို ပါတနာ စာချုပ်မှာ ကျမနာမည်မပါဘဲ ပဋ္ဌမဦးစွာ ၄-ဦးနာမည်နှင့် ကျမ မသိအောင် ကလိန်ကျပြီး လုပ်ထား သော ပါတနာစာချုပ်လိမ်ကြီးသာ ဖြစ်သည်။ ထိုလျှို့ဝှက်ကောက်ကျစ်စွာ တိတ်တိတ်ခိုး ပြုလုပ် ထားသော ကျမနာမည်မပါသည့် ပါတနာ စာချုပ်လိမ်၌ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးသူ လင်မယား မှာ ယခင်ရေးသားခဲ့ဘူးသော မန်နေဂျာခင်မောင်အေး၏ အမနှင့် ယောက်ဖ ယခု ပါမောက္ခ ဖြစ်နေ သူက မောင်ဘတုပ်ခင်မကြီးဟု အသိသက်သေအဖြစ် လက်မှတ် ကြိတ်၍ ထိုးပေးထားသည်။
၎င်းကလိန်ကျ ပါတနာစာချုပ်လိမ်ကို လက်ဆုပ် လက်ကိုင်ပြုထားရသော နယ်သာလင် ဘဏ်မှာ ပါတနာ စာချုပ်၏ နာမည်မပါသူ ကျမက နာမည်ပြောင်းလွှဲလိုက်ထာနှင့် တပြိုင်နက် အရှုပ်အရှက် ကိစ္စတွေက ပေါ်လာ ရတော့မည်။ ဒါကြောင့် ခပ်ဖြေးဖြေး အချိန်ဆွဲထားခြင်း ဖြစ်ကြောင်းကို ကျမ အဘို့ နောက်မှ နားလည် သိရှိလာရခြင်း ဖြစ်ပါသည်။
ရှေ့နေစကားယုံစားထားခြင်း
ထိုနေ့ နေ့လည်မှာ အယ်ဒီတာ မောင်သန်းညွှန့် ရောက်လာသည်။ ကျွန်တော်တို့ ပဲခူးသွားပါတော့ မည်။ သို့ရာ တွင် တောရကျောင်းနေရာ စီစဉ်မှု မပြီးသေးပါသဖြင့် ညနေပြန်ရောက်လာလျှင် အိမ်သစ်ကလေးမှာ တည တော့ သိပ်ပါ၇စေဟု ပြောပြန်ပါသည်။ ဒီခြံဝင်းထဲ ပြန်လာဘို့တော့ မတော်ဘူး ထင်သည်။ တနေရာ မှာ အပြီးအစီအစဉ် လုပ်ပြီးမှ တခါတည်းခေါ်သင့်ကြောင်း ပြောသော်လည်း၊ သင်္ကန်းဝတ်ကြီးနဲ့လဲ ဖြစ်ပါ တယ်။ ညနေအချိန်ကုန်မှ ပြန်ရောက်လာမှာဖြစ်လို့ စီစဉ်ဘို့ အချိန်မရတဲ့အတွက် တညတည်းခိုယုံပါ။
ဟိုမှာ စိတ်မချရတဲ့အတွက် တနေ့ဆိုလျှင် မကောင်းကြံလို သူတို့အဘို့မှာ အလွန်တရာမှ ခရီး ရောက်နိုင် ပါတယ်။ သို့အတွက် တညထည်း အိမ်သစ်မှာ သိပ်မှာပါ။ ဒီအတွက် ကျွန်တော်တို့ တာဝန်ယူပါတယ်။ မနက် ဆိုလျှင် ရွှေ့ပေးပါမည် ဟု ပြောပါသည်။ ကျမက မင်းတို့ ကတိအတိုင်း တည်ပါစေ။ တညထက်ပိုပြီး အိမ်သစ် မှာ မထားရ၊ ထား၍လဲ မသင့်တော် မနက်လင်းလျှင် နေရာ ရွှေ့ပေးရမည်ဟု ပြောလိုက် သော ကြောင့် အာမခံ ပေးလျက် ထွက်သွားပါသည်။
ထိုနေ့ နေ့လည်ပိုင်းမှာ ဗမာ့ခေတ်၏ အသုံးခံ ရှေ့နေ့ကြီး မွန်စံလှိုင်ကို ကျမက တွေ့ရန်မှာထား သော ကြောင့် ရောက်လာပါသည်။ ၎င်းမွန်စံလှိုင်မှာ ပါတနာရှစ် ဖျက်သိမ်းစာချုပ်များနှင့် ကွာရှင်း စာချုပ်များ ရေးသား ချုပ်ဆိုပေးသည့် ရှေ့နေကြီး ဖြစ်သည့်အားလျော်စွာ ကွာရှင်းစာချုပ်ချုပ်ဆို၍ အသိသက်သေ ဗိုလ်ရန်နိုင်၊ နိုင်ငံတော်ရှေ့နေချုပ်ကြီး ဦးရန်အောင်တို့ ရှေ့တွင် လက်မှတ်ရေးထိုး ကွာရှင်းကြပြီးနောက် ရက် သတ္တတပတ် အတွင်းမှာ စာချုပ်များကို မှတ်ပုံတင်ပေးရန်ကိစ္စနှင့် ထာဝရ အလှူများအတွက် ဂေါပက ဖွဲ့၍ ဥပဒေစည်းမျဉ်း ဆွဲပေးဘို့ ကိစ္စများကို ထိုရှေ့နေကြီး မွန်စံလှိုင် အား တာဝန်ပေးထားပါသည်။
မွန်စံလှိုင်ကလဲ သူဘဲ အစအဆုံးတာဝန်ယူ၍ ပြုလုပ်ပေးပါမည်ဟု အာမခံကတိထားရှိခဲ့ပါသည်။ ကျမက ရက် တပါတ် အတွင်း သည်ကိစ္စများ စ၍ ကိုင်ပါဟု ပြောထား သောကြောင့် ယနေ့သူ့အား ခေါ်ယူ တွေ့ဆုံပြီး၊ တာဝန်ယူထားသော ကိစ္စများကို စတင် ဆောင်ရွက်ရန် နှိုးဆော်ပါသည်။
ဤအခါတွင် ရှေ့နေကြီး မွန်စံလှိုင်က အမကြီးခိုင်းသမျှ အစစပြီးစီးအောင် ကျွန်တော်တာဝန်ယူပြီး လုပ်ကိုင် ပေးပါမည် စိတ်ချပါ။ သို့ရာတွင် ယခုလောလောဆယ်အားဖြင့် ကျွန်တော့မှာ အရေးတကြီး ကိစ္စတွေက တပုံတခေါင်းကြီး ကျွန်တော်၏ ပခုံးပေါ်သို့ စုပြုံကျလာ၍ ထမ်းဆောင်ပေးရပါမည်။ သို့အတွက် ကျွန်တော့ ကို ၁၅-ရက်လောက်တော့ ခွင့်ပြုပါဟု အချိန်တောင်းဆိုပါသည်။
သည် ၁၅-ရက်ထည်းမှာ ကျမအတွက် အလုပ်အစီအစဉ်များကို အချိန်နဲနဲဖဲ့ယူပြီး ဆောင်ရွက်လျှင် ဖြစ်နိုင် ကြောင်း ပြောသေးသော်လည်း ကျွန်တော်က ၁၅-ရက်တွင် ရန်ကုန်မှာ မရှိပါ။
တောင်ငူ ဘက်သို့ ခရီးထွက်ရပါမည်။ ကျွန်တော်နှင့် ဒေါက်တာဦးအေးမောင်တို့ အတူပူးတွဲ လုပ်ကိုင်ထား သော ရှေ့နေအလုပ်များမှ ယခုအခါ၌ ဒေါက်ဦးအေးမောင်က တရားရေးဋ္ဌာန ၀န်ကြီး ဖြစ်သွားတဲ့ အတွက် သူလက်ခံ ထားခဲ့တဲ့အမှုတွေကိုပါ ကျွန်တော်၏ ခေါင်းပေါ်ပုံကျလာပြီး အလုပ်တာဝန်တွေ ပိုလုပ် နေရပါသည်။ ဒါကြောင့် အလုပ်အလွန်များတဲ့အတွက် ချက်ချင်းစီစဉ် မပေးနိုင်ဒါကို တောင်းပန်နေပါသည်။
ယခု ခရီး ထွက်ရမှာကလဲ ဒိုက်ဦး-တောင်ငူစတဲ့ မြို့များတွင် ရွေးကောက်ပွဲ ခုံရုံးတွေမှာ သန့်ရှင်း အမတ် များဘက်မှ နေပြီး အမှုလိုက်လျှောက်လဲရမည့် အလုပ်တာဝန်တွေ ကျနေပါသည်။ ဒါကြောင့် အမကြီးကိစ္စများကို ကျွန်တော် ဟိုက ပြန်လာသောအခါ အစအဆုံး လုပ်ပေးပါမည်။ ကျွန်တော် ဟိုက ပြန်လာသော အခါ အစအဆုံး လုပ်ပေးပါမည်။ ကျွန်တော်ပြန် မလာခင် တခြားရှေ့နေများနှင့်သွား၍ ဆက်စပ် ငှါးရမ်းခြင်း မပြုလုပ်ပါနှင့်ဦးဟု ဆိုလေသည်။
ကျမကလဲ သူအလုပ်များသည်ဆိုရာမှာ ဟုတ်တန်ရာသည်၊ ဒေါက်တာ ဦးအေးမောင် ၀န်ကြီး ဖြစ်သွားတဲ့အတွက် သူ့အလုပ်တိုက်မှ အမှုလိုက်ရန် လက်သင့်ခံထားခဲ့တဲ့ အမှုတွေကိုလဲ ပုခုံး ပြောင်းယူ ရသည်မှာ အမှန် ဖြစ်ပါလိမ့်မည်။ သည်ကြားထဲတွင် ရွေးကောက်ပွဲ ခုံရုံးတွေ၌ အမှုသွား လိုက် ပေးရသေး သော တာဝန်တွေကပါ အရေးတကြီး ပိုလာပြန်ပြီဆိုတော့၊ ကျမက နောက်ထပ် ပြီး အတင်းအကြပ် ပြောနေလို့ ရတော့မည် မဟုတ်ပါ။
၁၅-ရက်ဆိုသည်မှာလည်း ကြာလှမည် မဟုတ်သဖြင့် ကောင်းပါပြီ ပြန်ရောက်လာလျှင်တော့ ချက်ခြင်း စတင်လုပ်ကိုင်ပေးပါဟု ပြောလိုက် ရပါသည်။ မွန်စံလှိုင်သည် သူအားလုံးကိစ္စများ ပြီးစီးသွားသည်အထိ တာဝန် ယူဆောင်ရွက်ပေးပါ မည်။ ဒီအတွင်း ရှေ့လောတကြီး အရင်စလို ကိစ္စပြီးစေချင်ပြီး အခြား ရှေ့နေ ၀တ်လုံ တော်ရ တွေကို သာ သွားမငှါား လိုက်ပါနှင့်ဟု ထပ်မံ ပြောသွားလိုက်ပါသေးသည်။
စေတနာဆို၍ ယုံစားမိခဲ့ရာမှ ဆက်ရန်

No comments:
Post a Comment