Wednesday, April 7, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၂၂)

အခန်း - ၁၅

ဝမ်လန်းသည် လယ်အတွက် မျိုးစပါးများ- ဂျုံနှင့်ပြောင်းဆန်းများအပြင်၊ ထွားကြိုင်းသော ဥစားမုံလာ မျိုးစေ့များနှင့်၊ ပဲမျိုးစေ့များကို ၀ယ်ယူလေ၏။ ထိုနောက်လမ်းတွင် အဆင်သင့် တွေ့သည့် ဘို့ကောင်း ကောင်း နွားသိုးကြီး တကောင်ကိုလည်း လယ်သမားတယောက်ထံမှ ရှိခိုးဦး တင်နှင့် ၀ယ်ယူပြန် လေ၏၊ လိုအပ်သောပစ္စည်းများကို ၀ယ်ယူပြီးစီးသည့်အခါ၊ မိသားတစုတို့သည်၊ တပျော်တပါး ကြီးရွာသို့ ပြန်ခဲ့ကြလေ၏။

အိမ်သို့ပြန်ရောက်သွားကြသောအခါ၊ အိမ်မှာအကြီးအကျယ် ပျက်စီးယိုယွင်းလျက် ရှိသည်ကိုတွေ့ ရလေ၏၊ တံခါးကျိုးပဲ့နေလျက်၊ သက်ကယ်မိုးများကို လူဖြုတ်၍ယူကြသဖြင့်၊ အိမ်ခေါင်မှဟာလာ ဟင်း လင်း ဖြစ်နေ၏၊ ပေါက်ပြားများသည်၎င်း၊ ထွန်ခြစ်များသည်၎င်း၊ ထားခဲ့သည့်နေရာတွင် မရှိကြ တော့ .......... ၎င်းတို့သည် သက်ကယ်မိုးများ ပျောက်ကုန်ကြသလို အစရှာမတွေ့ပဲ၊ လမ်းဆုံး၍ နေလေ၏ အိမ်ထရံ များပင်လည်း၊ မိုဃ်းလေနှိုပ်စက်သဖြင့် ယွင်းယိုအက်ကွဲနေကြပြီ ကိုတွေ့ရ လေ၏၊ ၀မ်လန်း သည်မြို့ကိုတက်ခဲ့ပြီး ထွန်တုံးအသစ် တတုံးနှင့်၊ ထွန်ခြစ်များ၊ ပေါက်ပြားများကို ၎င်း၊ အိမ်မိုးကာ ရန်အတွက် ဖျာများကို၎င်း ၀ယ်ယူခဲ့လေ၏။

ထိုညနေ၌၀မ်လန်းသည်၊ အိမ်ပေါက်ဝမှရပ်လျက်၊ မြရောင်ပြေးနေသော စိမ်းစိုသည့်လယ်ကွင်းများ ကို မ၀သောကြည့်ခြင်းဖြင့် ကြည့်ကာပီတိဖြစ်၍ နေလေ၏၊ ထိုအချိန်မှာ မိုဃ်းရာသီဖြစ်ရကား၊ ကန်ထဲမှ ဘားအော်သံများကို ကြားရလေ၏၊ အိမ်ထောင့်နားက ၀ါးပင်တွေမှာ၊ လေအလာတွင် တရှဲရှဲယိမ်းလျက်၊ ၀င်လှုဆဲဆဲနေရီရီတွင်၊ ကွေးယိုင်ကာ၊ ကနေကြလေ၏။ ရှ့တူရှုဆီသို့မြှော် ကြည့်လိုက်သည့်အခါ၊ ရွက်နု တွေဖြာနေသည့် မက်မုံးပင်မိုဃ်းမခပင်များကို မြင်ရလေ၏၊ တိတ်ဆိတ်ငြိမ်သက်နေသော ထိုနေရာဆီ၌ မြူခိုးတွေဝေနေပြီးလျှင်၊ ငွေရောင်ခြည်သန်းသလို တလွန့်လွန့် တလိမ့်လိမ့်ကောက်လိမ်ကာ တက်လာ လျက်၊ မက်မုံပင်၊ မိုဃ်းမခပင်များကို ရစ်သိုင်း ပတ်ခွေ၍နေလေ၏။

ပဋ္ဌမ၌၊ ၀မ်လန်း၏စိတ်တွင်၊ လူသူမတွေ့မြင်လိုပဲ၊ ရသေံရဟန်းလို တကိုယ်တည်း စံပျော်လိုစိတ် များဝင်စား ၍နေလေ၏။ ထိုစိတ်မှာအတန်ကြာကြာပင် ကိန်းအောင်း၍ နေလေရာ၊ ဘယ်အိမ်မှာ မသွားပဲ ကိုယ့်အိမ် မှာသာ ကုပ်၍နေလေ၏၊ ၎င်းပြန်ရောက်လာသည့် ကြား၍ရွာသူရွာသားများ ရောက်လာ ကြသည့် အခါ၊ မျက်မုန်းကျိုးလျက်၊ စိတ်ဆိုးဒေါသဖြစ်မိလေ၏။

"မင်းတို့အထဲက ဘယ်သူလဲကွ- ငါ့ထွန်ခြစ်တို့ ပေါက်ပြားတို့ခိုးသွားတာ၊ ငါ့အိမ်မိုးတွေလဲ ဘယ်အကောင် ဖြုတ်ပီး ထင်းဆိုက်ပစ်တာလဲ........"ဟု ဆီး၍ဧည့်ခံလေ၏၊ ထိုအခါအားလုံးက ခေါင်းခါကြလျက်၊ တယောက် က "ခင်ဗျားဦးလေးပေါ့"ဟု ပြောလေ၏ အခြားတယောက်ကမူ "မဟုတ်ပါဘူးဗျာ၊ တနယ်လုံး- တရွာလုံး ငတ်ပီး- တောပုံးကတမျိုး၊ ဓါးမြကတနည်း၊ အမျိုးမျိုးမင်းမှု သောင်းကျန်းနေတဲ့ အချိန်ကြီးမှာ၊ ဘယ်သူ ခိုးတယ်၊ ဘယ်ဝါ ၀င်ယူတယ်ရယ်လို့ ဘယ်သူပြော နိုင်မလဲ၊ ငတ်တော့လူတွေဟာ သူခိုး- ဓါးမြ ဖြစ်ကုန် ကြတာပဲ"ဟု ပြောဆိုလေ၏။

ထိုအခိုက် ၀မ်လန်း၏အိမ်နီးခင်း "ချင်း"သည် ကုန်ကုတ်ကုတ်- ကုတ်ကုတ်နှင့် ရောက်လာလျက်၊ "ဆောင်းတွင်း တတွင်းလုံး ဓါးမြတွေမောင့်အိမ်ထဲမှာ စခန်းချတဲ့ပီး၊ ဒီနယ်မှာသောင်းကျန်း ချင်တိုင်း သောင်းကျန်း နေကြတာပါပဲကွယ်၊ ပြောကြတာတော့ မောင့်ဦးလေးက ဒီဓါးမြတွေနဲ့ အတော်ပဲ ရင်းရင်း နှီးနှီး ဆက်ဆံခဲ့သတဲ့၊ ဒါပေမဲ့ဒီလိုအခါကြီးမျိုးမယ်၊ ဘယ်သူကမှန်တာမသိလဲ ကွယ်- ကျုပ်တော့်ဘယ်သူမှ မစွပ်စွဲ ဝံ့ဘူး.........."ဟု ပြောလေ၏။

"ချင်း"ကား- အသက်၄၂နှစ်ပင် မပြည့်သေးသော်လည်း၊ အရိုးပေါ်အရေတင်လျက်၊ ဆံပင်များသည် ဆွတ်ဆွတ် ဖြူ၍ နေလေ၏၊ ၀မ်လန်းမှာ "ချင်း"ကို သေချာစွာကြည့်လျက်၊
"ခင်ဗျား ကြည့်ရတာ ကျုပ်တို့ထက်- ပို ဒုက္ခရောက်ပုံပဲ၊ ဘယ်လိုများစားသောက် နေသလဲ"ဟု မေးလိုက် သည်တွင်၊ "ချင်း"က၊ ခေါင်းကိုဖြေးခေးစွာခါလျက်၊ ဟင်း.......ကနဲ သက်ပြင်းကြီး တချက်ချလိုက်ပြီး........

"ဘာစားနေရသလဲဆိုရင် လမ်းလျှောက် စလုံးစပေါက် လိုက်ကောက်ရတဲ့ ခွေးလိုဆိုပါတော့၊ မြို့တက်ပီး တောင်းစား ရတော့တာပဲ၊ ခွေးသေတွေ လဲ စားခဲ့ရတာပဲ၊ တခါတော့ ကျုပ်မိန်းမက ဘာသားလဲ မဆိုနိုင် ဘူး၊ ကျုပ်လဲ မမေးရဲလို့မမေးခဲ့ဘူး၊ အဲဒါကလေး သူမသေခင် စွပ်ပြုတ်လုပ် ပေးလို့စားရတယ်၊ သူအသက် တချောင်း သတ်ဝံ့တဲ့မိန်းမလဲ မဟုတ်ပါဘူး၊ ကျုပ်သိပါတယ်၊ သူရှာပေးတော့ ကျုပ်လဲစားလိုက်တာပဲ၊ ပီးတော့- သူသေသွားပါရော- ကျုပ်လောက်မှ ခံနိုင်ရည်မရှိပဲကလား၊ သူသေတော့ ကျုပ်လဲ သမီး ကလေးကို သေအုံးမှာ စိုးတာနဲ့၊ စစ်သား တယောက် ပေးပစ်လိုက်ရော" ဟု ပြောဆိုကာ ငြိမ်သက် သွားလေ၏။

အတန်ကြာမှ ဆက်လက်၍ "ကျုပ်မှာ မျိုးစပါးကလေး နဲနဲပါးပါးရှိရင် အစိုက်ချင်သား၊ ဒါပေမဲ့ ကျုပ်မှာ ဘာမှ မရှိတော့ဘူး" ဟု ပြောလေ၏။
"လာဗျာ.........အထဲကို"
ဝမ်လန်းသည် ချင်း၏ လက်ကိုဆွဲလျက်၊ အိမ်ထဲသို့ ခေါ်သွင်းခဲ့ပြီးနောက်၊ သူ့အင်္ကျီကို မ- ၍ ခံစေပြီး အောက်အရပ် မှ ၀ယ်ယူသည့် မျိုးများကို လောင်းသွန် ၍ ထည့်ပေးလေ၏ ၊ထိုနောက် "ကိုင်း- မနက်ဖြန်ကျ ကျုပ် ခင်ဗျားလယ် ကို ကျုပ်နွားနဲ့ လာထွန်ပေးမယ်"ဟု ပြောလိုက်လေ၏။

ထိုအခါ ချင်းမှာ ၀မ်းနည်းပမ်းနည်း ဖြစ်လျက်၊ မျက်ရည်တွေ အသွယ်သွယ် ကျလာလေရာ၊ ၀မ်လန်း ပင်လည်း ဣနြေ္ဒမဆောင်နိုင်ပဲ မျက်လုံး များကို လက်ဖြင့်ပွတ်သပ်ပြီး၊ ဒေါသ ထွက်ဟန်ဖြင့် "ဘာလဲဗျ ခင်ဗျား ကျုပ်ငတ် နေတုံးက ပဲစေံလက်တဆုပ်လာပေးတာ မေ့သွားပြီများ မှတ်လို့လား" ဟု ငေါက် လိုက်လေ၏၊ သို့သော်ချင်းမှာ ဘာတခွန်းမျှ ပြန်မပြောနိုင်ရှာ၊ မျက်ရည်မဆယ်နိုင်အောင် ကျမြဲကျလျက်၊ ငိုရင်း ပင် အိမ်သို့ပြန်သွားရှာလေ၏။

ဦးလေး ဖြစ်သူကို ရွာ၌မတွေ့ရတော့ပဲ၊ ဘယ်ဆီဘယ်ဒေသ၌ ရောက်နေသည်ကိုလည်း မသိရ သောအခါ ၀မ်လန်း မှာ တနည်း ၀မ်းသာမိလေ၏။ အချို့က မြို့တမြို့သို့ ထွက်သွားကြောင်းပြော လျက်အချို့က သားအမိ သားအဘတကွ အတော် ဝေးလံသော မြို့တမြို့ ၌ ရှိကြောင်းကို ပြောကြလေ၏။ ၎င်းဦးလေး သည် သ္မီးများကို ရောင်းစားပစ်ခဲ့ကြောင်း ကြားရသောအခါ၊ ၀မ်လန်းမှာ ဒေါသ ဖြစ်မိပြန်၏၊ အကြီးဆုံး- အချောဆုံး သ္မီးလေးကို အဖိုးကောင်းကောင်းရ၍ ရောင်းလိုက်ပြီး၊ ကျောက်ပေါက်မာ နှင့် အငယ်ကိုမူ- ရွာသို့ ရောက်လာသော စစ်သား တယောက်အား ပိုက်ဆံ အနည်းငယ်ဖြင့် ရောင်းစားသွားကြောင်း ကြားရ လေ၏။

ဝမ်လန်းသည် လယ်ကိုကြိုးစားပန်းစား လုပ်ကိုင်လေ၏၊ စားချိန်အိပ်ချိန်ပင် မထားမှု၍၊ စားစရာကို လယ်ထဲ သို့ပင် ယူသွားကာ မနားမနေ လုပ်ကိုင်နေလေ၏၊ လဲထဲတွင် စားရင်းသောက်ရင်း လည်း အနားမနေ၊ မတ်တတ်စား မတ်တတ်သွား လျက်" ဒီနေရာဖြင့် ငါ ပဲနက် စိုက်မယ်၊ ဒီနေရာ ကတော့ မျိုးစပါး ကြဲရင် ကောင်းမယ်" ဟု နေရာ သတ်မှတ်ခြင်း ပြုလေ၏ အနည်းငယ် မောပမ်းနွမ်း ခွေလာသောအခါ၊ အိမ်သို့ မပြန် လယ်ထဲမှာပင် အရိပ် ကောင်းကောင်း အောက် ထယ်ကြောင်း တခုထဲတွင် ကျေနပ်နှစ်သိမ့်စွာဖြင့် လဲလျောင်း အိပ်စက် အနားယူလေ၏။

ထိုအချိန်တွင် အိုလင်မှာလည်း အနားမနေရှာပေ၊ အိမ်ခေါင်အတွက် အမိုးမိုးရန် ဖျာများကို ကိုယ်တိုင်ပြုပြန် လှီးဖြတ် မိုးကာလျက်၊ ကွဲအက်နေသော မြေထရံ များကိုလည်း ရွှံ့စေးနှင့် ဖါထေး ပြင်ဆင်နေလေ၏။ မိုဃ်းရေ ကြောင့် ချိုင့်ဖြစ်နေသော မြေကြီးများ ကို၎င်း၊ မီးဖိုးကို၎င်း အသစ်ထပ်မံ ပြင်ဆင် ပြုလုပ်လေ၏။ တနေ့တွင် ၀မ်လန်းနှင့် အတူမြို့ကို လိုက်သွားလျက်၊ အိမ်တွင်လိုနေသာ အိပ်ရာအိပ်ခင်းများ၊ စားပွဲနှင့်ထိုင်ခုံများ၊ သံဒယ်အိုးကြီးတလုံးနှင့်၊ မြေလဘက် ရည်ခရာတလုံး၊ ပုဂံ၆-လုံးဝယ်ယူခဲ့လေ၏။ ထို့ပြင်လည်း ဘုရားကားတချပ်- ဖယောင်းတိုင်နှင့် အမွှေးတိုင်တင်ထွန်းရန် အောက်ခံ၂ခုစီအပြင်၊ အမဲဆီ ဖြင့်ပြုလုပ်သော ဖယောင်းတိုင်ကြီး ၂တိုင်လည်းဝယ် ယူခဲ့သေး၏။

ဈေးမှ ပြန်လာကြသောအခါ ၀မ်လန်းသည်၊ မြေ၀ဿုန်နတ်များကို သတိရလျက်၊ နတ်ကွန်းကိုဝင် ပြီး ခေါင်းပြု၍ ကြည့်မိလေ၏။ နတ်ရုပ်များမှာ သနားစရာကောင်း၍ နေလေ၏။ မိုဃ်းစို သဖြင့် မျက်နှာများမှာ ရုပ်ဆင်း ပျက် နေကြလျက်၊ နတ်ဝတ်တန်ဆာ များလည်း စုတ်ပြတ် တွဲလောင်း ကျနေကြပြီးလျှင်၊ ဖင်ပေါ် ခေါင်းပေါ် မလျော်မကန် ဟောင်းလောင်း ဟာလာ ဖြစ်နေကြလေ၏။ ကမ္ဘာမီးလောင် သလို ကာလ မကောင်း ခဲ့သဖြင့် မည်သူကမှ နတ်ရုပ်များကို အရေးမစိုက်နိုင်ကြ၊ လျစ်လျူရှု၍သာ နေခဲ့ကြလေရာ၊ ၀မ်လန်းမှာ ဒါဏ်ပေးခံရသော ခလေးကိုကြည့်ပုံဖြင့် နတ်ရုပ်များကို အံကြိတ်၍ ကြည့်တဲ့ကာ။

"ကောင်းတယ်- လူတွေကို ဒုက္ခပေးချင်အုံး"ဟု ပြောလိုက်လေ၏။
သို့ဖြင့် ပျက်စီးယွင်းယိုနေသော အိမ်မှာအသစ်ပြန်ဆောက်ပြီးသား ဖြစ်သွားလျက်၊ အိပ်ရာသစ်တွေ လည်းရောက် စားပွဲ ကုလားထိုင် တွေလည်းနေရာတကြ၊ လဘက်ရည်ခရားနှင့် ပုဂံလုံးများ ကလည်း သပ်သပ်ရပ်ရပ် အဆင်သင့်ချပြီးသား၊ အမွှေးတိုင် ဖယောင်းတိုင်များကလည်း ယနံ့ထကြိုင်ကြိုင် မီးရောင်တထိန်ထိန် တံခါးသစ်ကလည်း တပ်ပြီးချိတ်ပြီးဖြစ်ပြီးလျှင်၊ မိမိအိပ်သောအခန်းတွင်ထည်း စက္ကူသစ်တွေ ကပ်ပြီး ဆင်ပြီး ဖြစ်သွားသောအခါ၊ ၀မ်လန်းမှာ တဖြစ်လဲလာသော သုခချမ်းသာ ရိပ်ငြိမ် သာယာ လာခြင်းကို ထိတ်လန့်ရွံ့ကြောက် လာမိလေ၏။

အိုလင်မှာ မျက်နှာမြင်လှုမြင်ခင် သားသန္ဓေ ကိုယ်ဝန်အရင့်အမာကြီးကို လွယ်ပိုက်၍ ထားရလေ၏။ ခလေး များမှာ အိမ်ဝတွင် မျောက်ငကျော် ကလေးများလို ကစားခုန်ပေါက်၍ နေကြ၏။ အဘိုးကြီးကား- အိမ်ခြေရင်း တွင် ထိုင်ကာ- ငိုက်ကာ- ပြုံးကား- အိပ်ကာဖြင့် ဇိမ်တွေ့၍ နေ၏။ လယ်ထဲတွင်လည်း မျိုးပင် ကလေး များမှာ မြရောင်လိုစိမ်းလျက် လှပချစ်ချင်စဖွယ် ရှိနေပြီးလျှင်၊ ပဲခင်းများတွင်လည်း ပဲပင်ကလေး များမှာ ခေါင်းကလေးတွေ ကိုယ်စီမြေမှ ပြူထွက်စပြုပြီး ဖြစ်၏။ ရထားသော ရွှေဒင်္ဂါး များကား မကုန်သေး၊ စပါးရိပ်ချိန် အထိ ရမ်းရမ်းကားကား သုံးစွဲ စားသောက် သွားကြစေဦး၊ ကုန်ဦးမည်မဟုတ်။

ဝမ်လန်းသည် မိုဃ်းသားတွေ ပြေးနေသောပြာလဲ့သည့် ကောင်းကင်ကြီးကို မော်ကြည့်လျက် ထွန်ယှက် ပြီးသား လယ်များကို မိမိ၏ အသွေး မိမိ၏ အသားနှင့် ထပ်တူထပ်မျှ ယူပိုက်သဘော ထားပြီးလျှင်း။
"၀သုန်နတ် ကို အမွှေးတိုင် ကလေးနဲ့ တော့ သွားပူဇော်လိုက်အုံးမှပဲ ဘာပဲဖြစ်ဖြစ် သူတို့တတွေ ဟာ လောက မတော့ တော်တော်တန်ခိုး ရှိတဲ့ဟာတွေ" ဟု တကိုယ်တည်း စဉ်းစား စိတ်ကူး၍ နေလေ၏။

ဆက်ရန်
.

No comments: