"ကိုင်း- ကိစ္စပြောကြပါစို့….."ဟု မိန်းမပျိုက သွက်သွက်လက်လက်နှင့် စကားစလိုက်လေ၏ သို့သော် ၀မ်လန်းမှာ ဆိုင်းတွ၍ နေမိလေ၏။ သူဋ္ဌေးရှေ့၌ ပြောဖို့ရန် ခက်နေရကား၊ အကင်းပါး သောမိန်းမပျိုက၊ သူဋ္ဌေးကြီး ဘက်သို့လှည့်၍၊ "ကဲ……..ရှင်ပြန်တော့" ဟု နှင်လိုက်လေ၏။
ထိုအခါ သူဋ္ဌေးကြီးမှာ ချောင်းတဟုဟု ဆိုးရင်း ဘာစကားမှ မပြောပဲငြိမ်သက်စွာ လှည့်ထွက်သွားရာ တွင်၊ ချောင် နေသော ကတီပါဘိနပ်မှာ၊ ခြေတလှမ်း လှမ်းလိုက်တိုင်၊ ဇွပ်- ကနဲ၊ ဇွပ်- ကနဲမြည်လျက် ပါသွား လေ၏။
မိန်းမပျို နှင့် ၂-ယောက်ထည်း ကျန်ရစ်ခဲ့သည့် အခါတွင်လည်း၊ ၀မ်လန်းမှာ ရုတ်တရက် စကားစရှာ မတွေ့နိုင်ပဲ၊ တွေဝေ၍သာ ရပ်နေမိလေ၏ "ကဲလေ...ကိုဟ၀ါ" ဟု အနားကပ်အော်လိုက်မှ လန့်၍ခုန်မိကာ ပါးစပ် အဟောင်းသား နှင့် ဖြစ်နေ လေ၏။
"ရှင်ဘာကိစ္စလာတာလဲ ပိုက်ဆံပါရင်လဲ မြင်စမ်းပါရစေ"
"မဟုတ်ဘူးလေ" ၀မ်လန်းမှ စဉ်းစားလျက် "ကျုပ်ပိုက်ဆံပါလာတယ်လို့မှ မပြောဘဲ၊ အလုပ် ကိစ္စနဲ့ လာတယ် လို့သာ ပြောတာ"
"အလုပ်ကိစ္စ ဟာ ငွေရေးကြေးရေး ကိစ္စနဲ့အတူတူပေါ့ ငွေဝင်တဲ့ ကိစ္စဒါမှမဟုတ်၊ ငွေထွက်ဘို့ကိစ္စ ဒါဘဲ မဟုတ်လား၊ ဒီအိမ်မှာတော့ ငွေထွက်ဘို့မရှိဘူး"
"ဟုတ်ပါတယ်လေ... ဒါပေမဲ့ ကျုပ်မိန်းမတယောက်နဲ့ စကားမပြောနိုင်ဘူး"ဟု ၀မ်လန်းကဆင်ခြေ လဲလျက် မိမိ မည်သည့် အခြေတွင် ရောက်နေသည်ကိုမူ မတွေးတတ်အောင်ဖြစ်ပြီး မျက်လုံး ချာလပတ် လည်နေ လေ၏။
"သြော်...ဘာပြုလို့ မပြောနိုင်ရတာလဲ"ဟု မိန်းမပျိုက ဒေါသ ထွက်ထွက် နှင့် ပြန်မေးကာ ကျယ်လောင်စူးရှ လှသော အသံဖြင့်။
"ဟဲ့ အရူး ရဲ့ ဒီမှာ ဒိပြင်ဘယ်သူမှ မရှိဘူးဆိုတာ နင်မသိဘူးလားဟဲ့" ဟု ဟစ်အော်လေ၏၊ သို့သော် ၀မ်လန်း မှာ မယုံကြည်နိုင်ဘဲ ခတ်ကြောင်ကြောင် ပင် ပြန်ကြည့်နေမိရာ မိန်းမပျိုက "ငါဒီမှာ သခင် ဒီပြင်ဘယ်သူမှ မရှိဘူး"ဟု အော်ပြော ပြန်လေ၏။
"ဘယ်ရောက် သွားလို့လဲ"
"သခင်မကြီး သေပြီ.. ဓါးပြ၀င်တိုက်ပြီး ပစ္စည်းတွေရော.. ကျွန်မတွေရော သိမ်းကြုံး ယူသွားတာ မကြားလိုက် ဘူးလား၊ ဓါးပြတွေ က သူဌေးကြီး ကို လက်မှ ၂ ချောင်း ကြိုးချီ ဆွဲပြီး ရိုက်ကြတယ်၊ သခင်မကြီး ကိုတော့ ကုလားပေါ်ထိုင် မှာ ကြိုးနဲ့ တုပ်ပြီး ပါးစပ်ထဲ အ၀တ်တွေ ဆို့ထားခဲ့ကြတယ်၊ ဒီပြင် လူ တွေတော့ ထွက်ပြေးကြတာဘဲ၊ ကျုပ်ကတော့ ဘယ်မှ မပြေးဘဲ ရေကို ဆင်းငုပ်နေလို့ လွတ်သွားတာ ထွက်လာတော့ သခင်မကြီး ဘာဒဏ်ရာမှ မရှိဘဲ သေနေတာတွေ့ရတာဘဲ၊ ကြောက်ပြီး သေတာ ရှင့် ဘိန်းစားမကြီး ဆိုတော့ ဘယ်စိတ်ခိုင်တော့မလဲ"
"ကျွန် တွေနဲ့ ကျွန်မ တွေ ရော ပြီး တံခါးစောင့်တဲ့လူကော"
"သူတို့လား သွားကြတာ ကြာပါပကော ကိုယ့်ခြေကို သယ်နိုင်တဲ့လူဆိုရင် ပြေးကြတာဘဲ ဆောင်းလယ် လောက် ရောက်တော့ ပိုက်ဆံကလဲ မရှိ စားစရာကလဲ မရှိနဲ့ ငတ်ကြ တော့တာကိုး အမှန် မတော့ (အသံကိုနှိမ့်လျက်) ဒီဓားပြ တောပုံးတွေ ထဲ မှာ အိမ်က အစေခံတွေလဲ ပါတာကိုးရှင်... ဒီတံခါးစောင့် ခွေးကောင် ဟာကော ကျမကိုယ်တိုင် မြင်ရတာဖြင့် သူပေါ့ ရှေးဆုံးက လမ်းပြပီး ၀င်လာတာ သူဌေးရှေ့ ကျတော့သာ ဟိုဘက် မျက်နှာလှည့်နေတာ ဒါပေမဲ့ သူ့ပါးက မင်းမွေးကြီး ၃ချောင်း တော့ ကောင်းကောင်း မှတ်မိတာပေါ့ ဒိပြင် လူတွေလဲ ပါတာပါဘဲရှင်၊ ဘာပြုလို့လဲ ဆိုတော့ စိန်တွေရွှေတွေ အဖိုးတန် ပစ္စည်းတွေ ၀ှက်ထားတဲ့နေရာ၊ သူတို့ကလွဲရင် ဘယ်သူကလာ သိမလဲ သူဌေး ကိုယ်စားလှယ် ဆိုတာ ကလဲ သူဌေးနဲ့ ဆွေမျိုးတော်တယ်သာ ဆိုရတယ် သိပ်သွေးနီးတာ မဟုတ်တော့ အေးလေ၊ သူ့လဲ မစွပ်စွဲ ချင်ပါဘူး"
ထိုနောက် ငြိမ်သက်သွားလေ၏ ပတ်ဝန်းကျင် တ၀ိုက်မှာလည်း အထိတ်ကြီးထိတ်လျက် ရှိရကား အားလုံး ပင် အသက်ချုပ်သွားသကဲ့သို့ အောက်မေ့ရလေ၏ အတန်ကြာမှ မိန်းမပျိုက ဆက်လက်
"အခုလို ဖြစ်လို့ ချက်ချင်းစီးပွား လျှောသွားရတာလဲ မဟုတ်ပါဘူး။ အခု သူဌေးကြီး အဘေ လက်ထက် ကတည်းက စီးပွားဟာ စလျောချင်လာတာဘဲ ဘာပြုလို့လဲဆိုတော့ လယ်ကိုပြန်မှ ကြည့်တော့တာ မှ မဟုတ်ဘဲ၊ ကိုယ်စားလှယ်နဲ့ လွှဲထားပီး ကိုယ်စားလှယ်ပေးတဲ့ပိုက်ဆံ ကို ရေလို သုံးပစ်နေကြတော့ တဖြည်းဖြည်း လယ်တွေလဲ ခေါင်းပါးလိုက်ပီး တတိတိ နဲ့ သူများလက် ရောက်ကုန်ကြတာပါဘဲ"
"နို့သူဌေးသားတွေ က ဘယ်ရောက်ကုန်သလဲ"
"ဟိုတချို့၊ ဒီတချို့ပေါ့လေ၊ ဒီကိစ္စတွေ မဖြစ်ခင် သ္မီး ၂ယောက် အိမ်ထောင်ကျ သွားတာဟာ ကံကောင်း တာဘဲ သားကြီးကတော့ ဒီသတင်းတွေကြားတော့ လူတယောက်လွှတ်ပီး သူ့အဘေကို ခေါ်ပါရဲ့ဒါပေမဲ့ ကျုပ်က တားထားလို့ မလိုက်ဖြစ်ဘူး၊ ကျုပ်က "ရှင်လိုက်သွားရင် ဒီအိမ်ကြီးမှာ ဘယ်သူနေရစ်မလဲ ကျုပ်တော့ ထည့်မပြောနဲ့ ကျုပ်ကမိန်းမသား" လို့ ပြောရတယ်"။
ဤသို့ ပြောရင်း မိန်းမပျိုသည် နီရဲသော နှုတ်ခမ်းကလေးများကို ချစ်စဖွယ်ဖြစ်အောင် စူလျက် မျက်လွှာ ကိုချကာ၊ ခေါင်းကလေး ငုံ့သွား လေ၏ နောက်အတန်ကြာမှ ဆက်လက်၍ "ပီးတော့ ကျမ ဆိုတာဟာ သူဌေးကြီး ရဲ့ ကျွန်ယုံတော် တယောက်အဖြစ်နဲ့ နေလာခဲ့တာ ဘယ်လောက် ကြာပလဲ ပီး ကျမနေစရာ ဒိပြင်အိမ်လဲ မရှိဘူး" ဟု ပြောလေ၏။

ဝမ်လန်း သည် မိန်းမပျိုကို အကဲခတ်ကြည့်ပြီး မျက်နှာကို တဘက်လှည့်လိုက်လေ၏။ အဘိုးကြီးကို နွားပိန်း တွယ် တွယ်လျက် ၊ နောက်ဆုံးရရာကို အမိအုပ်ရန်၊ ချက်ကောင်းအခါကောင်း စောင့်နေသည့် မိန်းမတယောက်ဖြစ်ကြောင်း ရိပ်မိလာလေ၏ ။
"ခင်ဗျားဟာ-ဒီအိမ်က ကျွန်မတယောက်ဖြစ်နေတာသိရတော့၊ ကျုပ်ဘယ်နှယ်လုပ် ခင်ဗျားနဲ့ အလုပ် စကားပြောနိုင်ပါမလဲ"
ထိုအခါမိန်းမပျိုက "ကျုပ်ပြောသမျှသူအားလုံး လုပ်မှာဘဲ"ဟု အော်ဟစ်ပြန်လေ၏ ၀မ်လန်းသည် ခဏမျှ စဉ်းစားနေလေ၏ မိမိမ၀ယ်လျှင် ထိုလယ်ကို တခြားသူတွေ ထိုမိန်းမထံမှ တဆင့်ဝယ်ကြပေ တော့မည်။
"လယ်ဘယ့်လောက်ကျန်သေးသလဲ"
"ရှင်လယ်ဝယ် ရအောင်လာတာ မဟုတ်လား၊ လယ်ဝယ်ရအောင်လာရင် ၀ယ်ဘို့လယ်လဲရှိမှာပေါ့၊ အနောက် ဘက် မှာ လယ်ဧကတရာ တောင်ဘက်ကွင်းတွေမှာ ဧကနှစ်ရာရှိတယ်၊ အဲဒါတွေရောင်း လိမ့်မယ်၊ တနေထဲမှာတော့ စုမရှိဘူး၊ ဒါပေမဲ့ လယ်တွေကလယ်ကြီးတွေပါဘဲ၊"
သွက်သွက် လက်လက် ဖြေဆိုသည်ကို ထောက်၍ထိုမိန်းမမှာ သူဋ္ဌေးကြီ၏ ပစ္စည်းမှန်သမျှ တလက်မ မကျန် သိထားသူ တယောက်ဖြစ်ကြောင်း တွေ့ရလေ၏ သို့နှင့်လည်း ၀မ်လန်းမှာ ထိုမိန်းမကို အယုံ အကြည် ကင်းနေသေးလျက်၊ ရုတ်တရက်အလုပ်စတင်ရန် ခက်နေလေ၏။
"သား တွေက သဘောမတူဘဲ၊ သူဋ္ဌေးကြီးက သူ့သဘောနဲ့ရောင်းနိုင်ပါ့မလား"
ထိုအခါ မိန်းမပျိုက စိတ်အားထက်သန်စွာဖြင့်၊ ရောင်းဘို့ပြောပြီးသား၊ သူတို့လဲ ဒီအရပ်မှာ မနေချင်ကြပါဘူး လယ်ရောင်းပီး အမွေခွဲချင်နေကြပီ
"ဒါပေမဲ့ နေပါအုံး ငွေချေတော့ ဘယ်သူ့လက်ထဲချေရမှာလဲ"
"သူဋ္ဌေးကြီး လက်ထဲကိုပေါ့ ဘယ်သူ့လက်ထဲချေရမှာလဲ"
သို့သော် ၀မ်လန်းမှာ အဘိုးကြီးလက်ထဲငွေရောက်လျှင် ထိုမိန်းမလက်ထဲရောက်သည်နှင့် မခြားကြောင်း သိရလေ၏၊ သို့ဖြစ်လေရာ ထိုမိန်းမနှင့်ဆက်လက်စကားပြောမနေတော့ဘဲ "နောက်နေ့မှဗျာ နောက် တစ်နေ့ မှ"ဟု ပြောပြောဆိုဆိုလှည့်ထွက်လာခဲ့သည်တွင် မိန်းမပျိုမှာ လမ်းပေါ်ရောက်အောင် လိုက်ပါ လျက်၊ "နောက်တနေ့ကျ ဒီအချိန်နော်၊ ဒီအချိန်ဖြစ်ဖြစ် နေ့လယ် လောက်ဖြစ်ဖြစ် အတူတူပါဘဲ" ဟု မှာကြား လေ၏။
ဝမ်လန်းသည် လဘက်ရည်ဆိုင်တဆိုင်သို့ ၀င်ခဲ့ပြီး လဘက်ရည်တခွက်မှာ သောက်လျက်၊ အမျိုးမျိုး စဉ်းစား နေလေ၏ လယ်ကိုလည်းလိုချင်၏ ထိုမိန်းမကိုလည်း မယုံကြည်နိုင်၊ ရင်ဘတ်ကြား က ပစ္စည်းများ ကလည်း မီးခဲလိုပူလှဘိ၏ သို့ဖြစ်လေရာ ချီတုံချတုံမဆုံးနိုင်အောင်ဖြစ်လျက် ခေါင်းရှုပ်နေလေ၏။
ထိုခဏ၌ အကြံတခုရကာ လဘက်ရည်ဆိုင်ရှင်ကြီးအား၊ လဘက်ရည်တခွက်တိုက်၍ သူဋ္ဌေးကြီး အကြောင်း ကို မေးမြန်းစုံစမ်းလေ၏ မိမိလဘက်ရည်ကို အခြားတဦးက ပိုက်ဆံထုတ် ၀ယ်၍ တိုက်သည့် အခါ လဘက်ရည်ဆိုင်ရှင်လည်း မနှေးမတွ ၀င်သောက်လျက်၊ မေးသမျှကို သွက်လက် ကြီးဖြေဆိုလေ၏။
၎င်းက- သူဋ္ဌေးကြီးမှာ ယခု "ဥကြမယ်"ခေါ်လျက်၊ တံခါးကို ခေါက်လိုက်သည်တွင် မိန်းမပျို ကိုယ်တိုင် တံခါးဖွင့် ပေးသည်ကို တွေ့ရလေ၏ ၀မ်လန်းသည် အိမ်ထဲသို့မ၀င်ဘဲ အပြင်မှသာရပ် လျက်။
"ပြောစမ်း ပါအုံးဗျ၊ လယ်အရောင်းအ၀ယ်လုပ်ရင်၊ သူဋ္ဌေးကြီးကိုယ်တိုင်လက်မှတ်ထိုးမှာလား"
"အိုး-ထိုးမှာ ပေါ့ရှင်၊ သေပါရစေ-ထိုးပါလိမ့်မယ်..."။
"ကဲ...ဒါဖြင့် ၀ယ်မယ်ဗျာ၊ လယ်တွေကို ဘာနဲ့ရောင်းချင်သလဲ-ရွှေယူချင်သလား- ငွေယူချင် သလား၊ စိတ်တွေကျောက်တွေနဲ့ဘဲ ရောင်းမလား"
မိန်းမပျို၏ မျက်လုံးများမှာ တောက်ပြောင် ၀င်းလက်၍ လာလေ၏။
"စိန်တွေ ကျောက်တွေ နဲ့လဲ ရောင်းမှာပေါ့ရှင်"
ဆက်ရန်
.

2 comments:
read..
reading more and more till to end.
Thanks for sharing.
MN
အမ
ပုံမှန်လေး တင်ပေးပါနော်။
အမြဲ ဖတ်ပါတယ်
ကော်မန့် ပေးရတာ အဆင်မပြေလို့ပါ
Post a Comment