အသိုင်းအ၀ိုင်းနဲ့ ဆင်ကြံ ကြံနေခြင်း
ယင်းသို့ ရုတ်တရက် စိတ်ထိခိုက် လိုက်ခြင်းကြောင့် သွေးအားတက်သွားပြီး အိပ်ရာထည်း ပြန်လှဲ ချလိုက် ရသည်။ သည်တော့မှ ကပြာကရာ သတိပြန်ထားလိုက်ရလျက် ထွက်သက်ဝင်သက်ကို အမိဖမ်း၍ အာဏာ ပါဏ ကမ္မဋ္ဌာန်းကို စိတ်ဝင်စားပစ်လိုက်ရပါသည်။ ဤနည်းသာလျှင် ကျမအဘို့ အသက်သာဆုံး အားကိုးရာ ဖြစ်ပါသည်။
တခါတရံ ရောဂါဝေဒနာ ခံစားနေရသောအခါ များမှာလည်း ထွက်သက်ဝင်သက်နည်းဖြင့်၎င်း၊ တွေ့ထိ သိမှု နည်းနှင့်၎င်း၊ တရားဘက်သို့ စိတ်ကိုအမြန်ဆုံး ပြောင်းလဲပစ်ခြင်းဖြင့် သက်သာမှုကို လက်တွေ့ ရရှိခဲ့ ဘူးသောကြောင့် သတိလစ်၍ ခေတ္တခဏ စိတ်ထိခိုက်ရသော်လည်း ကိုယ့်နည်းနှင့် ကိုယ်ဖြေပစ်ရပါသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်ကသာလျှင် စိတ်နောက်ကိုယ်ပါ ဖြစ်ချင်ရာဖြစ်ကုန်ပါမည်။ ဘယ်သူ့ကို မဆို ကူညီ စောင်မ နိုင်သမျှ အတန်းအစားမရွေး အရိပ်အောက် ခေါ်ယူ ကျွေးမွေးပေးကမ်း ထောက်ပံ့မှု၌ လက်မနှေး ခဲ့သလို နည်းလမ်းမကျတာကိုတွေ့လျှင်လည်း သည်းမခံတတ် ဇပ်ဇပ်ကျဲ ပြောပစ်ရမှကျေနပ်သည်။ ယခု ကိစ္စ က နည်းလမ်းမကျယုံမက ကျွေးမွေးပြုစု ထားသူတွေက ၀ိုင်း၍ ကျေးစွပ်ကြသည်။

မကောင်းကြံ ကြသည်။ ကောက်ကျစ်စဉ်းလဲပြုသူကို ၀ိုင်းအုံအားပေးလျက် တဘက်သပ် ပင်းပေးကြ လေသည်။ ဒါတွေ သိရလေ အိပ်ရာထည်းမှ မထနိုင် သေးသောကြောင့် စိတ်သွားရာ ကိုယ်မပါ နိုင်သော ဘ၀ ကို သတိရကာ ၀မ်းနည်း ပက်လက် ဖြစ်ရပြန်ပါသည်။
သတိ လက်လွတ် လွှတ်ခနဲသာ မဟုတ်မခံစိတ်နှင့် စိတ်နောက်ကိုယ်ပါ ဒေါသ ထွက်လာမိပါက ဆရာဝန်၏ ဆေး မည်မျှ အစွမ်းထက်ထက် ရုတ်တရက် သွေးအားတက်၍ သေသွားနိုင်သည်။ သူယုတ်မာ ဥာဏ်သမား ဦးစီး ခေါင်းဆောင် ပြုထားသော ဝေစားမျှစား အဖွဲ့အစည်းများသည် ဣနြေ္ဒမပျက် ကျမအား ဒေါသ ထွက် လာအောင် ပရိယာယ် သုံးလျက်ရှိကြောင်း နားလည်မိသည်။ သို့နားလည်မှုကြောင့်လည်း နားလည်မိသည်။ သို့ နားလည်မှုကြောင့် လည်း အင်မတန် စိတ်ကြီး သည်။ ဒေါသကြီးသည်ဟု ၀ါဒဖြန့်ထားပါလျက် ယုံကြည် စိတ်ချစွာ ယူဆထားပါလျက် သူတို့၏ မှန်းချက်နှင့် မကိုက် ဖြစ်ကုန်ကြပြန်ပါသည်။
ထိုနေ့ နှစ်ထပ်တော်ယောက်ဖ ဇွတ်နားချစေ့စပ်ရေး တရားဟောပြီး ပြန်ဆင်းသွားသည့်နောက် ကျမ အိပ်ရာ ထဲ မှ လှဲ့နေစဉ် အိမ်အောက်ထပ် ထမင်းစားခန်းမှ ယုတ်မာမှု သတင်းတရပ်ကို ကြား သိရပါသည်။ ကျမ အတွက် ထမင်းစားပွဲခန်းရှိ ဓါတ်မီးဖိုတွင် ကရင်မလေးနှစ်ယောက်က မုဆိုးမ တည်ပေးသွားသော ကြက်ဆွပ်ပြုတ်အိုး ကို စောင့်နေကြသည်။

ထိုစဉ်ကိုယ့်သိက္ခာကို မစောင့်စည်း နိုင်အောင် မျက်နှာပြောင် တိုက် ၀င်လာသူ လူယုတ်မာသည် ရေချိုး ထမင်စား ရန် ထမင်းစားပွဲခန်းသို့ နောက်ဖေးပေါက်မှ ကူးဝင်လာပြီး၊ စလေသူမနှင့် စာရေးမတို့ ကြည်ကြည် ဖြူဖြူ ပြင်ဆင်ကျွေး သော ထမင်းစားပွဲတွင် ရေချိုးပြီး ၀င်ထိုင်သည်။ ကျမ ၏ ကားနီကြီး မောင်းသော ဘက်တော်သား ဒရိုင်ဘာကလည်း အနီး၌ ရေပူရေချမ်း ကပ်လျက် ရှိသည်။ ထမင်းစားရင်းမှ ကရင်မကလေးများ ဘက်လှည့်၍ နင်တို့ဘာစောင့်လုပ်နေကြသလဲဟူ၍ မေးသောအခါ မမဘို့ ဆွပ်ပြုတ်အိုး စောင့်နေ ကြသည်ဟု ဖြေကြသည်။
မိုနိုစာစီမက သူမပြုတ်ရတော့ကြောင်း သက်ကြားအိုအား နှစ်ကိုယ်သိ ပြောထားပြီးသား ဖြစ်သည်။
ဆွပ်ပြုတ် က မချိုရင် နင်တို့ကို ဆူနေလိမ့်မယ်။ ဒီတော့ ချိုအောင် ၀က်သား နှစ်တုံးလောက် ထည့် ပြုတ်လိုက် ဟု သူယုတ်မာကြီးက ပြောသည်တွင် ဒရိုင်ဘာက ၀င်၍ ဟုတ်တယ် ရေခဲသေတ္တာထဲမှာ ရှိတဲ့ ၀က်သား တွေ ယူထည့်ပြီးတော့ ပြန်ဆယ်ထားလိုက်ရင် ဘာသိတာ မှတ်လို့ ဟု ၀င်ထောက်ခံ လေသည်။ ဗမာ စကားကိုမှ ရေရေလည်လည် မပြောတတ်သော ကရင်မကလေးများမှာ ဘာပြော လို့ ပြောမှန်းမသိဘဲ ပြူးကြောင် ကြောင် နှင့်သာ ကြည့်နေကြပါသည်။
သို့ရာတွင် ထိုအချိန်က ထမင်းစားခန်းထဲမှ အမှတ်မထင် ဖြတ်သွားမိသော အပြင် လူတဦးက ရုတ်ခနဲ ကြားလိုက် သည်။ အိမ်နေစလေသူနှင့် စာရေးမတို့ မူပျက်ဟန်ပျက် ဖြစ်နေကြပုံ၊ ရာဂရူးကြီးနှင့် ကူးလူး ဆက်ဆံ နေကြပုံများကိုလည်း ထိုအပြင်လူက အစစ ရိပ်မိသိရှိနေပုံရသည်။ အိမ်သို့ ၀င်ပါထွက်ပါများ၍ ကျမ ရောဂါနှင့် မတည့်တဲ့ အစားအစာများကိုလည်း သူက နားလည်ထားသည်။ ယမန်နေ့ဆီက ကြက် ဆွပ်ပြုတ် နှင့် ၀က်ပြုတ်ရည် မှားပေး၍ သွန်ပစ်လိုက်ရသော အကြောင်းကိုလည်း နားလည် ထားသည်။ သို့ကြောင့် အမှတ်မထင် သူတို့ပြောလိုက်သော စကားကို ကြားရသော အခါ ကြက်သီး ထမိသည်။
ဤ လူပုဂ္ဂိုလ်ကြီးက ပြောထွက်လိုက်သော စကားကို သူ့နား နှင့် ဆပ်ဆပ် ကြားလိုက်ရ တော့မှ နောက်နောက် က ဂွင်းဆက်တွေ ဆက်ခါဆက်ခါ အရိပ်ပြ အကောင်ထင် ဖြစ်လာသည်။
ပျော်တတ် ပျက်တတ်၍ အပြောင်အပျက် ကလိန်ကလက် ပြောလိုက်သည် ဆိုရအောင် ကလည်း သာယာ ကြည်လင် နေသော အချိန်အခါ မဟုတ်ဘဲ အိပ်ရာထဲက သေတွင်းနခမ်းမှ ထလာဆဲ လူမမာအတွက် ဖြစ်လေရာ၊ လူမမာ ၏ ခင်ပွန်းသည်တဦးအနေနှင့် မပြောထိုက် မပြောအပ်သော စကားမျိုးသာ ဖြစ်ပါသည်။ ဤမျှ ကောက်ကျစ်စဉ်းလဲလျက် သူ့လက်ချက်၊ သူ့ညွှန်ကြားချက် အရ စလေသူမက ဆောင်ရွက် လာခဲ့သည်မှာ မည်မျှကြာပြီး ထမင်းချက်စားပွဲထိုး က အစ အိမ်ပေါ်၌ ဝေယျာဝိစ္စ လုပ်ကိုင် ပေးနေကြသော လူဟောင်း တွေကို မောင်းထုတ်ခါ ဒေါ်ဒေါ်လေး စားဘို့ သူကိုယ်တိုင် လုပ်ကိုင် ပြုစုပါသည် ဆိုသော စေတနာတွေ အစုအလိုက် အပြုံလိုက် ပေါ်လာလေ သည်။
ယင်းသို့လျှင် ကြားရချက် နားမသက်သာသူ အပြင်ဧည့်သည်က ဘာမှန်းမှမသိသော ကျမအတွက် အသက် အန္တရာယ်မလုံခြုံ ဖြစ်နေသည်ကို သနားလာပုံရသည်။ အချိန်မှီ အတွင်းရန်သူရှိနေသူ ရှိနေ ကြောင်း အပြင်မှ နေပြီး သတိပေး လိုက်တော့မှ ကျမတွင် အံ့သြခြင်းကြီးမက အံ့သြထိတ်လန့် သွား ရလေသည်။ သို့ရာတွင် ဟုတ် မဟုတ် တပ်အပ်သိရအောင် ကရင်မကလေး နှစ်ယောက်အား ခေါ်၍ မေးရသေးသည်။
သူတပါးအမျှောင်ကို အချောင်ခြေတော်တင်
ထိုကရင် အိမ်ဖေါ် ကလေးနှစ်ယောက် မှာ ယောက်ျားရှာ ကလေးများ ဖြစ်သောကြောင့် စိတ်ခိုင်ကြ သည်။ ဗမာ စကားပင် ပီပီမပြောတတ်၊ သူတို့ကိုလည်း ဗမာစကား နားလည်အောင် ထပ်ခါ ထပ်ခါ ပြောခိုင်းမှ သိကြသည်။ ရှုပ်ရှုပ်ပွေပွေ ထွေထွေ ထူးထူး ပြောတတ်သူများ မဟုတ်၊ လုပ်စရာရှိသမျှ ကိုသာ တာဝန် ကျေပြွန် အောင် ဆောင်ရွက်နေကြသူများ ဖြစ်ပါသည်။
ကျမ တီးတိုး စစ်ဆေး မေးမြန်းသောအခါ သူတို့ကြားရသမျှ အမှန်အတိုင်း အစစ်ခံကြတော့သည်။ ထိုသို့ ဟုတ်တိုင်း မှန်ရာ ပြောသည် တိုင်အောင်ပင် သူတို့အဘို့မှာ အရေးပါ အရာရောက်သော ကိစ္စ၊ ကောက်ကျစ် ယုတ်မာမှု ၏ သဲလွန်စ ဟူ၍ နားလည်ကြသည် မဟုတ်ဘဲ ခပ်ပေါ့ပေါ့ သာမည မေးမြန်းမှု ဟုဘဲ သိသွားကြပါသည်။ ရာဇ၀င် နောက်ကြောင်း ပြန်ပေါ်လာသူ အရိပ်ပြ အကောင် ထင်လာသူတို့ အတွက်တော့ အလွန် လေးနက်သော ကိစ္စကြီး ဖြစ်ပါသည်။ စလေသူ၏ အဒေါ် မုဆိုးမ ပြုတ်ပေး သည်ဆိုသော ဆွပ်ပြုတ်ကိုလည်း ထိုနေ့အဘို့ မသောက်ဝန့်တော့ပါ။ ကပြာကရာ သွန်ပစ်ဘူးသော ဟန်ပျက် ပုံကို ပြန်၍ မယုံချင်သလို ရှိလာသည်။
စလေသူမ သည် အတိဒုက္ခရောက်လာစဉ် လင်ဖြစ်သူ ပုလိပ်သား စိတ်နောက် နေသောကြောင့် ငတ်ငတ် ပြတ်ပြတ် ဖြစ်နေပါသည်ဆို၍ ကယ်ဆယ် စောင့်ရှောက်ထားခြင်း ခံရသူ ဖြစ်ပါလျက် ကျေးစွပ်ဝန့်သော အဓိပ္ပါယ် ကို နားမလည်သေးပါ။ သူယုတ်မာကြီး ခိုင်းစေညွှန်ကြား ဒါကို ဘာကြောင့်များ လိုက်နာ ဆောင်ရွက် ပေးရပါသလဲဟု ဝေခွဲမရနိုင်ပါ။ ကျမသည် ရိုးသားစွာဘဲ တွေးနေပါသေးသည်။
လင်ရှိမယား ဆင်းရဲဒုက္ခနှင့် အရိပ်လာခိုနေသူ၊ ခြေတဖက်ဆပ်၍ နှုတ်ခမ်း တွဲတွဲ တောသွေး တောရုပ် မျိုး ကို အဖိုးအို သက်ကြားနှင့် ဆက်စပ်မရအောင် ရှိပါသည်။ မိန်းမမှန် လျှင် ဘာလာလာ မရွေးတော့သော ကာမ သူရဲ စီးနေပြီ ဖြစ်သောအချိန်အခါကာလ အပိုင်းအခြားသို့ ရောက်လာသည့်တိုင်အောင်လည်း မရိပ်မိ၊ ဤမျှလောက် အပြစ်မကင်းသည့် ပျက်စီးမှု သာယာ နစ်မြောနေကြောင်း ကောင်းစွာအရေမလည် မသိရှိရသေးသူ ကျမအဘို့ အရာ နရာ ကျနေသည် ထက် အရွယ်နှင့် ဂုဏ်သိက္ခာကို အထင်ကြီးနေခြင်းက သံသယဖြစ်စေမှုကို ကာဆီးထားကြပါ သည်။
ပက်ပက်စက်စက်ကြီး လုပ်သူက လုပ်နေပြီ ဖြစ်သည်တိုင်အောင်ပင် လုပ်ကြံခံနေရသူ ကျမက ပက်ပက် စက်စက် မယုံသင်္ကာ မဖြစ်မိသေးပေ၊ ရှင်းရှင်းဆိုရလျှင် ဤမျှ အောက်တန်းကျသော လူမဆန်သည့် ယုတ်မာမှု ကို ပြုလိမ့်မည်ဟု လုံးဝမမှတ်ထင်ခဲ့ခြင်းကြောင့် ဗြုန်းကနဲ တွေးမရခြင်း ဖြစ်ပါသည်။ မသမာသူ ၏ ယုတ်ညံ့ လှသော ညွှန်ကြားချက်အတိုင်း လုပ်ဝံ့ခြင်း လုပ်ရဲခြင်း၏ အကြောင်းခံမှာ ကာမတဏှာနှင့် ဆက်သွယ် ရင်းနှီးမှုကြောင့်ဟု တစ်တစ်ခွခွ ရှင်းရှင်းလင်းလင်း မသိရမှီပင် စလေသူမအား အိမ်ပေါ်တွင် မထားချင် တော့သော စိတ်ဖြစ်ပေါ်လာပါသည်။
ယင်းသို့ လူမဆန်သော သူယုတ်မာနှင့် ဖောက်ပြန်မှုမဖြစ်မှီ မန္တလေးမှ ဧည့်သည် ယောက်ျား နှင့် စတင် ဖောက်ပြား လျက် အပြင်ထွက်၍ ၀န်ထုပ်ဝန်ပိုးဖျက်ရဘူးသည်ကိုလည်း တိုက်ထဲက အလုပ်သမား တွေ အားလုံး သိကြလျက် ကျမနားသို့ မပေါက်ကြား၍ မသိလိုက်ရ၊ နောက်ပိုင်း ထိုမန္တလေး ဧည့်သည်၏ အမျှောင်ငယ် ဘ၀နှင့် ဆက်သွယ်ကာ ကျမအိမ်တွင် ဆက်လက် နေထိုင်လာသည် ကိုလဲ အလျဉ်း မသိ မရိပ်မိ၊ ထိုမှတခါ သူယုတ်မာကြိးက သူတပါး၏ အမျှောင်ကို အချောင်တဆင့် ခိုးယူ ခြေတော်တင် နေပြန် သည်။
ဤမျှယုတ်မာစွာ ကျမ အိမ်ပေါ်တွင် တိတ်တဆိပ် လူ့တော်သလင်း ဇာတ်ထုပ်ခင်းနေကြသည်ကို မသိရ ၍သာ လက်ခံထားမိခဲ့ခြင်း ဖြစ်ပါသည်။ ၀ါသနာအရ သူနက္ခဇာတ်ခင်းလို၍ ခင်းနေလျှင် လည်း အေးအေး ခင်း မနေသေးဘဲ ကျေးဇူးရှင်အား ယုတ်မာစွာ မကောင်းကြံလျက် အသက်ကို အန္တရာယ် ပြုကြလေသည်။
ထိုနေ့တညကုန်သွားပြီး မနက်ပိုင်းမှာ ညသူနာပြု ဆရာမကြီး ပြန်ခါနီးတွင် ကျမအား စကားတခု ပြောလေ သည်။ ညသန်းခေါင်းကျော် ၂နာရီလောက်မှာ အခန်းတံခါး အပြင်မှ လူရိပ်တခု မြင်ရ သည်ဟု ဆိုသည်။ ဆရာမကြီး မှာ ကျမ အိပ်ရာဘေး၌ တညလုံး ထိုင်စောင့်သူဖြစ်၍ ပိတ်ထားသော မှန်တံခါးနှင့် မျက်နှာချင်း ဆိုင် ဖြစ်နေပါသည်။ အပြင်မှ ဓာတ်မီးရောင်ကြောင့် ခန်းဆီးကို မပြီး ကျမ အခန်းထဲသို့ ချောင်းကြည့် နေသော ယောက်ျားတယောက်၏ လူရိပ်ကြီးကို တွေ့မြင်ရသည် ဆိုပါသည်။
အိမ်ပေါ်မှာ မိန်းမတွေသာ ရှိကြပါလျက် ဘယ်က ယောက်ျားရိပ်ကြီး ပေါ်လာသည်ကို မတွေးနိုင် အောင် ရှိပါသည်။ သူခိုးလော၊ ဒမြလော၊ လူသတ်ကောင်လော၊ မသင်္ကာဘွယ်ရာ ဖြစ်သည်။ တဘက်သော အခန်း များ၌ အိပ်သူတွေကို ခေါ်မေးသည်။ ဒီအချိန်က မည်သူမျှ အိပ်ရာကထ၍ မကြည့်မိကြောင်းသာ ပြောကြ ပါသည်။
ကျမအခန်းမှာ ဆရာမကြီးနှင့် ကရင်နာ့စ်မကလေး အိပ်သည်။ တဘက်ခန်းများမှာ ကရင် ယောက်ျားရှာ အိမ်ဖေါ်မ ကလေး နှစ်ယောက်နှင့် မုဆိုးမ စလေသူမနှင့် စာအုပ်ရောင်း စာရေးမ သုံးဦး အိပ်ကြသည်။ သို့ အတွက် အချိန်မတော်မီးရောင်အောက်တွင် ပေါ်လာသော လူရိပ်ကြီးအား စဉ်းစားမရနိုင်အောင် ဖြစ်လာ သည်။ ညသူနာပြု ဆရာမကြီး ပြန်သွားသောအခါ စလေသူ၏ အဒေါ် မုဆိုးမသည် ကျမအခန်းထဲ ၀င်လာပြီး တီးတိုးပြော ပြန်သည်။ စာအုပ်ရောင်း သော စာရေးမဟာ မကောင်းကြောင်း သူ့အား အိမ်ပေါ် မှာ ထားလျှင် မတော်ကြောင်းစ၍ ပြောသည်။ ကျမက ဘယ်လို အကြောင်းရှိသလဲဟု ပြန်မေး နေရပြန် သည်။ ညက လူရိပ်အကြောင်းပါဘဲ ဟုဆိုသည်။
အချိန်မတော် အိမ်ပေါ်တက်သူ ဆက်ရန်

.
No comments:
Post a Comment