Monday, April 19, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၄)

နှစ်ဆယ့်လေး

တနေ့သ၌ ၀မ်လန်းသည် လယ်ထဲမှ နေ့လယ်ဘက်တွင် အိမ်ပြန်လာသောအခါ ၄င်း၏သား နန်းအင်က-
"အဘေ ကျွန်တော်စာသင်ရမယ်ဆိုရင် ဒီကျောင်းက ဆရာခေါင်းဖြူကြီးဟာ ကျွန့်တော့ကို နောက်ထပ် ဘာမှ တိုးပီးသင်ပေးနိုင်တော့မှာ မဟုတ်ဘူးဟု ပြောလေ၏။ ၀မ်လန်းသည် ရေနွေးအိုးထဲမှ ရေနွေးများကို ဇလုံ တခုထဲသို့ ထည့်ယူပြီး မျက်နှာသုတ်ပ၀ါ တခုဖြင့် နှစ်ခါ မျက်နှာကို ပွတ်တိုက်နေရာမှ။

"အင်း-အဲဒီတော့"
ကျွန်တော် စာဆက်သင်ရမယ်ဆိုရင် အောက်အရပ်က ကျောင်းတခုကိုသွားပြီး သင်ချင်တယ်"
"ဘာအရူးထတာလဲ မင်းမသွားရပါဘူး ကိုယ်အခု နေရာနဲ့ဆိုရင် မင်းတတ်တဲ့ပညာနဲ့ တော် လောက် ပီ။"
ဝမ်လန်းမှာ အလုပ်ခွင်မှ မောမောပမ်းပမ်းနှင့် ပြန်ရောက်ကာစဖြစ်သဖြင့် စိတ်မောလူမောဖြစ်၍ နေလေ၏၊ သားဖြစ်သူ ကို ချိုချိုသာသာ ပြန်ပြောမနေနိုင်ဘဲ ခက်ထန်ထန်ပင် အဖြေပေးပြီး မျက်နှာသုတ်ပုဝါကို ရေနွေး ထဲ၌ နှစ်နေပြန်လေ၏။

ထိုအခါ နန်းအင်သည် ဘခင်ဖြစ်သူအား ရွံ့မုန်းသည့်မျက်နှာဖြင့် ပြန်ကြည့်ကာ တစုံတရာ တီးတိုး ပြောလိုက် လေ၏။ ၀မ်လန်းမှာ ဘာပြောလိုက်သည်မကြားလိုက်သဖြင့် ဒေသထွက် သွားပြီး၊
"ဘာလဲ မင်းပြောတာပြောစမ်း"
"အို-ကျွန်တော် အောက်အရပ်ကို သွားမယ်လို့ပြောတာ အသုံးမကျတဲ့ ဒီအိမ်မှာလဲ မနေချင် တော့ပါဘူး တခါထဲ လူ့ကို ကလေးကလေးကျနေတာဘဲ အမြဲစောင့်ကြည့်နေလိုက်ကြတာ ဒီရွာထက်ပိုပီး ဘာမှ မထူးတဲ့ မြို့မှာလဲ မနေချင်ပါဘူး ကျွန်တော့ဘာသာ ကျွန်တော်ထွက်ပီး ပညာရှာတော့မယ်"

ဝမ်လန်း သည် သားဖြစ်သူနှင့် မိမိကိုယ်ကို အပြန်အလှန် နှိုင်းယှဉ်၍ ကြည့်မိလေ၏။ သားဖြစ်သူမှာ ပိုးအင်္ကျီကြီး ကိုဝတ်လျက် ရပ်၍နေလေ၏။ သူ့နှုတ်ခမ်းတွင် အရွယ်ရောက်လာပြီး အရွယ်ရောက်လာပြီ ဆိုသော အထိန်းအမှတ်ဖြင့် နှုတ်ခမ်းမွေးနုကလေးများ ပေါက်စပြုပြီဖြစ်၏ အသားအရေမှာ ချောမော နူးညံ့လှ လျက် ရွှေရောင်လို ၀ါ၍နေလေ၏ လက်ကလေး များမှာ မိန်းမ လက်ကလေး များလို နူးညံ့ ပြော့ပြောင်း လှဘိ၏။

ထိုနောက် မိမိကိုယ်ကို မိမိပြန်၍ ကြည့်လေ၏။ အသားအရေတွေမှာ မာကျစ်ကြမ်းတမ်း လှဘိ၏။ တကိုယ်လုံး မှာ ရွံ့အလူးလူး ဖုတ်အလူးလူး ဖြစ်နေ၏။ ၀တ်ထားသော အ၀တ်အစားလည်း ဖျင်ဘောင်းဘီဖြစ်လျက် ဒူးအလိပ်လိပ် တင်ထား၏။ အထက်ပိုင်းမှာ ကိုယ်လုံးတီးဖြစ်၏၊ မသိသူများမှာ အစေခံ ရုပ်ပေါက်၍နေလေ၏၊ ထိုအခါရုပ်ရည်သားနားလှပသော သားဖြစ်သူကို ကြည်ရင်းကြည့်ရင်း မိမိရုပ်နှင့် နှိုင်း၍ ဒေါသဖြစ်မိ၏။

"မင်းအခု လယ်ထဲသွားစမ်း၊ ပီး-မင်းကိုယ်မင်း ရွံ့ကလေး နဲနဲပါးပါး လိမ်းလိုက်အုံး တခြားလူတွေက မိန်းမ မှတ်နေမယ် ပီးတော့ မင်းစားတဲ့ ထမင်းအတွက် အလုပ်လုပ်ခဲ့" ဟု ပြောလိုက်လေ၏။ ထိုနောက် လှည့်မကြည့် ဘဲ ထွက်လာခဲ့လေ၏။
ထိုည ကြာပဒုံ အဆောင်သို့ ကူးသွားသောအခါ ကြာပဒုံက။

"မောင့်သားအကြီး က တခြားကို ထွက်သွားချင်နေတယ်ဆိုဟု မေးလိုက်သည်တွင် ၀မ်လန်းမှာ ဒေါသကို ဆွပေး လိုက်သလို ဖြစ်သွားပြန်လျက်။
"ဒါမင်းနဲ့ဘာဆိုင်သလဲ ဒီအကောင် သူ့အသက်အရွယ်နဲ့ ဒီအခန်းထဲလာတာ ငါမကြိုက်ဘူး"ဟု ပြောလိုက် လေ၏။ နောက်ဆက်လက်၍ "မသွားရဘူး ဒင်းမသွားရဘူး"ဟု ထပ်မံပြောနေပြန်ရာ ကြာပဒုံသည် စိတ်ဆိုး လာမှန်းသိသဖြင့် မိမိအားယပ်ခပ်ပေးနေသော ဥသြမယ်ကို အပြင်သို့ နှင်ထုတ်လိုက်ပြီး ၀မ်လန်းနှင့် နှစ်ယောက်တည်း နေရစ်ခဲ့လေ၏။

နောက်နေ့ များ၌ ဤကိစ္စနှင့်ပတ်သက်၍ ဘာမှ နောက်ထပ်စကားမပြောရတော့ပေ နန်းအင် မှာလည်း ကျောင်း မတက်ဘဲ နေစေကာမူ စိတ်ပြေသွားပုံရလေ၏။ ၀မ်လန်းကလည်း ကျောင်းတက်ခြင်းအတွက် ဘာမှ မပြောတော့ဘဲ ခွင့်ပြုထားလေ၏။ နန်းအင် မှာ ယခုအခါ အသက် ၁၈နှစ်ပြည့်လုနီးပြီဖြစ်ရာ ၀မ်လန်းသည် ၄င်း၏အခန်းထဲသို့ ၀င်ရောက်သွားမိတိုင်း စာအုပ်နှင့်မျက်နှာမပြတ်ဖြစ်နေသော သားကို မြင်ရသော အခါ ကျေနပ်၍ နေလေ၏။

"လူပျိုပေါက် တို့ဓမ္မတာ စိတ်လေလွင့်နေတာဘဲ တောင်လုပ်ချင် မြောက်လုပ်ချင်နဲ့ ဒင့်ဟာ ဒင်းတော့ ဘာလုပ်ချင် မှန်းသိတာမဟုတ်ဘူး လက်ထပ်ဘို့ကလဲ သုံးနှစ်ဘဲ စောင့်ရမှာ ငွေထပ်ပီးတော့ ပစ်လိုက်ရင် တနှစ် လောက်တော့ ရော့သွားကောင်းပါရဲ့ငွေများများ ပစ်နိုင်ရင် ၂နှစ်တောင် ရော့ချင်ရော့မှာ ဒီနှစ် လယ် က နေရာကျရင်တော့ ဒီကိစ္စစဉ်းစားရမှာလဲ"ဟု တကိုယ်တည်း တွေး၍နေလေ၏။
သူဌေး စီးစိမ်ဖြင့် နေရသော ကြာပဒုံမှာ တနေ့တခြား လှသထက် လှလာသလောက် အိုလင်မှာ အရွယ် ကျလျက် အကျည်းတန် သထက်တန်လာလေ၏။

သူ့ဝမ်းမှာ ပဋိသန္ဓေမရှိဘဲ နှင့် ပဋိသန္ဓေ လွယ်ထားသည်နှင့်မခြား မို့မော့၍ နေလေ၏။ သူ့အား မေးလိုက် တိုင်း " ရင်ထဲမှာ ဘဲ့နှယ်ဖြစ်မှန်းမသိဘူး မီးတောက်နေသလိုဘဲ" ဟု ပြန်၍ဖြေလေ၏။ သို့သော် အလုပ် အကိုင် ကိုကား ခါတိုင်းကဲ့သို့ပင် လုပ်ကိုင်ရှာ၏။ အလုပ်လုပ်ရင်းလည်း မည်သူ့အားမျှ စကားမပြော စကား အပြောရ နည်းအောင်သာ ကြံဖန်၍နေလေ၏ ဥသြမယ်ကိုကား လုံးဝစကားမပြောဘဲ နေလေ၏။ ကြာပဒုံ ကိုလည်း အတွေ့ပင်မခံ အရိပ်မြင်သည်နှင့်တပြိုင်နက် အခန်းထဲဝင်၍ ရှောင်နေလေ၏။

သို့သော် အိမ်ထောင် တာဝန်ကိုမူ မလစ်ဟင်းရအောင် လုပ်ကိုင်ရှာ၏။ ဧလွန်းသဖြင့် ရေကန်တွင် ရေတွေခဲ နေသည့်အချိန်များ၌ပင် ရေကန်သို့သွား၍ အ၀တ်လျှော်၏။ "ကျွန်တယောက် ရှာပီးတော့ ဘာလို့ အလုပ်မခိုင်းသလဲ"ဟူသော စကားများကို ၀မ်လန်းမှာ ပြောဘို့ပင် နေနေသာသာ စိတ်ကူးထဲမှာ မထည့်မိပေ၊ ၄င်း၏ မျက်စိထဲ၌ အိုလင်အား အသက်မရှိသော အရာဝတ္ထုတခုလိုသာ မြင်လေ၏။ တပ်မက် တွယ်တာခြင်း ဆို၍ နွားတကောင် ၀က်တကောင် ကို မြင်ရခြင်း လောက်ပင်မရှိ ပပျောက်ခြောက်ခန်း ၍နေလေ၏။

ထိုနေ့၌ ၀မ်လန်းသည် သားကိစ္စကို ထိုင်၍ စဉ်းစားနေခိုက် အိုလင်သည် အနီးသို့ ဖြည်းညှင်းစွာ ကပ်၍ လာလေ၏  အိုလင်သည် အနီးပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီးနောက်-
"ကျုပ်ပြောစရာတခုရှိလို့"
ဝမ်လန်းမှာ အိုလင်ကို စိုက်ကြည့်ကာ အံ့အားသင့်၍ သွားလေ၏။
"ဘာလဲပြောလေ"
ဝမ်လန်းသည် အိုလင်၏မျက်နှာကို နီးကပ်စွာ မြင်ရသောအခါ အရုပ်ဆိုး အကြည်းတန်လှသည့် အဖြစ်ကို ထပ်၍ မြင်တွေ့ နေရပြန်လေ၏။
အိုလင်(လေသံဖြင့်) နန်းအင် ဟာ တော်မရှိတုံး ကြာပဒုံအခန်းထဲကို ခဏခဏ သွားနေတယ်။

"ဘာ"
ထိုအခါ အိုလင်သည် သားဖြစ်သူ၏ အခန်းသို့ လက်ညှိုးထိုးပြလျက် ထိုနောက် ကြာပဒုံ၏ အခန်းကို မေးထိုး၍ ပြလေ၏။ ၀မ်လန်း မှာ မယုံကြည်နိုင်အောင် ဖြစ်နေလေ၏။
"မင်း အိမ်မက် မက်နေတာ"
အိုလင် က ခေါင်းခါလေ၏။ ပြောလိုသည့်စကားများမှာ နှုတ်ဝတွင် တစ်၍နေလေ၏။

"ဒါဖြင့် တခါလောက် အမှတ်တမဲ့ အိမ်ပြန်လာလေ" ဟု ပြောပြီး ရပ်သွားကာ အတန်ကြာမှ ဆက်လက်၍ "သူ့ကို အခြားပို့ပစ်ရင် ကောင်းမယ်"ဟု ပြောကာ စာပွဲသို့လျှောက်သွားပြီး ၀မ်လန်း သောက်လက်စ လဘက်ရည် ကယားကိုကိုင်၍ ကြည့်လေ၏ ဧနေသည်ကို တွေ့ရသောအခါ သွန်ပစ်လျက် အသစ် ထပ်ထည့် ပေးပြီး လာတုံးကလိုပင် ငြိမ်သက်စွာ ပြန်ထွက် သွားလေ၏။
ဝမ်လန်း ကား အိုလင်ပြောခြင်းကို မယုံပေ၊ ကြာပဒုံကို မနာလိုနေသဖြင့်သာ ပြောသည်ဟု အောက်မေ့ လေ၏။ စာအုပ်နှင့် မျက်နှာ မပြတ်ဖြစ်နေသော သားတော်မောင်ကို မြင်ရပြန်သောအခါ သာ၍ မယုံနိုင် အောင် ရှိလေ၏။

သို့သော် ထိုည ကြာပဒုံ၏အဆောင်သို့ ကူးသွားပြီး ကြာပဒုံ၏အနီး၌ ၀င်အိပ်လိုက်တော့ မည်ပြုသောအခါ ကြာပဒုံ မှာ ခါတိုင်းကဲ့သို့မဟုတ် စိတ်မပါ တပါဖြစ်နေလျက် အမျိုးမျိုး ဂျီးများ နေသည်ကို တွေ့ရလေ၏။
"အိုက်လိုက်တာ တော့်ကိုယ်ကလည်း နံကနံ နဲ့ ကြာ့ကြာ့ ဆီလာရင် ရေချိုးပီးမှ လာရှင့်" ဟု သောက်သောက် လယ်အောင် အပြစ်ရှာနေလေ၏။ ထို့နောက် ကြာပဒုံသည် အိပ်နေရာမှထ၍ ထိုင်လိုက် ကာ မျက်နှာပေါ်တွင် ကဘိုကရိုကျနေသည့် ဆံပင်များ ဆောင့်ကြီးအောင့်ကြီးနှင့် နောက်သို့ သိမ်းသွင်း လိုက်လေ၏။ ၀မ်လန်းက ပခုံးကလေးကို လှမ်း၍ကိုင်လိုက်သောအခါ ခါ၍ ချလိုက်လေ၏။ ထိုအခါ ၀မ်လန်း သည် အိပ်ယာပေါ်တွင် ပက်လက်လှန်လျှက် ယခုတလော ညည မိမိအဆောင်တော် ကူးခဲ့သည့်အခါ အမူ ထူးနေသော ကြာပဒုံ၏အကြောင်း ကို ပြန်တွေး၍ နေလေ၏။

ယခင်ည များကမူ အကယ်ပင် ပူအိုက်သဖြင့် ကြာပဒုံ ငြင်းဆန်ခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့၏။ ထိုည၌က အိုလင်၏ ပြောစကား မှာ အဖြေကို ပေးသလို ဦးနှောက်ကို လာ၍ စွဲနေသဖြင့် ဗြုံးကနဲ အိပ်ရာမှ ထထိုင် လိုက်ပြီး-
"ကဲ...တယောက်ထဲသာ အိပ် နောက်တခါ ငါလာတာတွေ့ရင် လည်ပင်းကို ဖြတ်လိုက်"ဟု ပြောလျက် ချာကနဲ လှည့်ထွက်ပြီး အလယ်ခန်း ထဲ၌ ကုလားထိုင်နှစ်လုံး ကိုဆက်၍ အိပ်လေ၏ သို့သော် အိပ်၍မပျော် စိတ်အငြိမ် မနေ လှုပ်ရှား၍ နေလေ၏။ သို့ဖြစ်လေရာ အိပ်ရာမှ ထခဲ့ပြီး အိမ်အပြင်သို့ ထွက်ခဲ့လေ၏ ၀င်းဝ သို့ရောက်သောအခါ အိမ်ဘေးဘက်ရှိ ၀ါးရုံပင်တွေအောက်သို့ လျှောက်သွားလေ၏။ ထိုနေရာ၌ ဧမြသော သန်းခေါင်ကျော် လေပြေသည် မှောင်ထဲမှ ပြေးထွက်လာပြီး ပူသောအသားကို တသုံသုံ ဖြန်းပက်ခြင်း ပြုလေ၏။

ဝမ်လန်းသည် ထိုနေရာမှာ ရပ်၍နေလေ၏ ထိုအလိုက် အသိဥာဏ်ဝင်စား၍လာလေ၏။ တခါက မိမိကြာပဒုံ့ အခန်းထဲသို့ ၀င်သွားသည့်အခါ ကြာပဒုံက သားတော်မောင် အိမ်မှ ထွက်သွား ချင်သည့် အကြောင်းကို ဆီး၍ပြော၏။ ကြာပဒုံသည် ဤအကြောင်းကို မည်သို့သိသနည်း သားတော်မောင် မှာလည်း အိမ်တွင် မနေချင်တော့ဟု ဆိုပြီးမှ စိတ်ပြောင်းသွား၏။ ဘာ့ကြောင့် စိတ်ပြောင်းသွားရသနည်း-
"ငါကိုယ်တိုင် စုံစမ်းကြည့်မယ်"ဟု ပိုင်းဖြတ်ကာ မိုးလင်းတော့ ရောင်နီတွေ မြူးလာသည်ကို ရပ်၍နေလေ၏။ ရွှေရောင် လို နေရောင်တွေ လယ်ကွက်များအပေါ်လင်းလာမှ အိမ်သို့ပြန်ခဲ့လေ၏။
ထိုနေ့၌ "ငါမြို့တံခါးနားက လယ်ကိုသွားအုံးမယ်၊ တော်တော်နဲ့ပြန်ရောက်မယ် မထင်ဘူး" ဟု အများ ကြားအောင် ခတ်ကျယ်ကျယ်ပြောလျက် မြို့ဘက်သို့လှည့်ကာ ထွက်ခဲ့လေ၏။

သို့သော် လမ်းတ၀က်မှာ ပြန်၍လာခဲ့ပြီးလျှင် အိမ်ထဲသို့ ပုံးလျှိုး၍ ၀င်ခဲ့လေ၏။ ထိုနောက် အတွင်း ဆောင်သို့ ၀င်သော အခန်းဆီးနားသို့ ခြေဖျားထောက်၍ လျှောက်သွားပြီး နားကပ်၍ ထောင်လိုက်ရာ တိုးတိုး ပြောနေသော ယောက်ျားသံ တခုကို ကြားရလေ၏။ ထိုအသံမှာ သားတော်မောင် နန်းအင်၏ အသံပင် ဖြစ်လေ၏
ဝမ်လန်း ယခုထွက်မိသော ဒေသမီးလျှံမှာ တသက်တွင်မကြုံဘူးသော အခိုးအလျှံမျိုး ဖြစ်လေ၏။ ထိုအလျှံမှာ "ဒိန်းဒလိန်း" ဆိုင်းချက်ဖြင့် ကွေ့ကောက် တွန့်လိင်ကာ ထွက်၍လာလေ၏ အံကြိတ်၍ ထိုနေရာမှ ထွက်ခဲ့ပြီး ၀ါးရုံတောသို့သွားလေ၏ သေးသွယ်ပြော့ပြောင်းသော ၀ါးပင်သေးသေး တခုကိုရွေး၍ ခုတ်ယူပြီး ပင်လုံး တွင် အဖျားကိုင်းများ ချန်လျက် ခါးပိုင်းမှ အကိုင်းအရွက် များကို သင်၍ ပစ်လိုက်၏ ထို့နောက် တင်းကြပ်စွာ ဆုပ်ကာ ခြေဖျားထောက်၍ အခန်းထဲသို့ ပြန်ဝင်လေ၏။

ဝမ်လန်း သည် အခန်းဆီးကို ဆွဲ၍လှစ်သည့်အခါ ရေကန်ကလေးနံဘေး၌ ကြာပဒုံမှာ ခွေးခြေ ကလေး တလုံးဖြင့် ထိုင်လျက် ရှိလေ၏။ ၄င်း၏အနီး၌ နန်းအင်သည် မတ်တတ် ရပ်ထိုင်လျက် ရှိလေ၏။ ၄င်း၏ အနီး၌ နန်းအင်သည် မတ်တတ်ရပ်ကာ မျက်နှာငုံ့၍ကြည့်နေသည်ကို တွေ့ရလေ၏ နှစ်ယောက်သာကား ၀မ်လန်းကို မမြင် စကားပြောမြဲ ပြောနေကြလျက် ကြာပဒုံက ခပ်အုပ်အုပ်ကလေး ရယ်လိုက်ပြီး မျက်နှာကို တဘက် သို့ လှည့်ရာက နန်းအင်ကို မျက်စောင်း ကလေးချီ၍ ကြည့်နေသည်ကို တွေ့ရလေ၏။ ၀မ်လန်း ကား သွေးမရှိသော မျက်နှာဖြင့် သွားကြိတ်ကာ ရပ်၍ကြည့်ရင်း လက်ထဲမှတုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင် မိပြန်လေသည်။ ထိုအချိန်အထိ ကြာပဒုံနှင့် နန်းအင်မှာ ၀မ်လန်းကို မမြင်ကြသေးပေ။

ထိုအခိုက် ဥသြမယ်သည် ထိုအခန်းထဲသို့ ၀င်၍လာလေ၏ ၀မ်လန်းကို မြင်သောအခါ ငယ်သံ ပါအောင်လန့်၍ အော်ပစ် သဖြင့် နှစ်ယောက်သား လှည့်အကြည့် တုပ်ကိုင်၍ရပ်နေသော ၀မ်လန်းကို မြင်ကြ ရလေ၏။ ၀မ်လန်းသည် အစာကိုဝတ်၍ ချောင်းနေရာမှ ခုန်အုပ်သောကျားလို နန်းအင်ကို ခုန်၍ အုပ်လေ၏ နန်းအင်မှာ သူ့ထက်အရပ်မြင့်သော်လည်း အလုပ်ကြမ်း သမားဖြစ်သော သူက နန်းအင် ထက်ပို၍ အားခွန်ဗလကြီး၍နေလေ၏။ ၀မ်လန်းသည် လက်ထဲမှ တုပ်ဖြင့် နန်းအင်အား သွေးချောင်း စီးအောင် တအား ရိုက်နှက်၍နေလေ၏ ကြာပဒုံ က ၀င်ဆွဲသော အခါ တွန်း၍ပစ်လေ၏။ ထပ်၍ ဆွဲသော အခါ ကြာပဒုံကိုပါ ရိုက်ပြန်လေ၏။ ကြာပဒုံ ထွက်ပြေး သောအခါ သားကို ဆက်၍ ရိုက်ပြန်လေ၏။ အတန်ကြာ သောအခါ နန်းအင် မှာ စုတ်ပြတ် နေသော မျက်နှာကို လက်ဝါးနှင့် အုပ်လျက် မြေပေါ်သို့ ဒူးထောက် ၍ ကျသွားလေ၏။

ဤတွင်မှ ၀မ်လန်းသည် ရိုက်နှက်ခြင်းမှ ရပ်သွားလေ၏။ တကိုယ်လုံး မှာ ချွေးတို့ဖြင့် ရွဲလျက်ရှိပြီး အသက်ရှူသံ မှာ မောဟိုက်ခြင်းဖြင့် ပွင့်ဟနေသော နှုတ်ခမ်းများအကြားမှ လေချွန်သလို ပြင်းစွာအသံဖြင့် ထွက်၍ နေလေ၏။ လက်ထဲမှတုပ်ကို ပစ်ချလိုက်ပြီး။

"သွား...နင့်အခန်းထဲကို ပြန်သွား ငါမသွားမချင်း ထွက်မလာခဲ့နဲ့ နို့မို့ရင် ငါသတ်မိလိမ့် မည်"ဟု မောသံကြီး ဖြင့် လာလိုက်လျှင် နန်းအင်သည် လဲရာမှထကာ အခန်းထဲမှ ထွက်သွားလေ၏။ တယောက် တည်း ကျန်ရစ်ခဲ့သောအခါ ၀မ်လန်းသည် ကြာပဒုံထိုင်ခဲ့သော ခွေးခြေပေါ်တွင် ထိုင်လျက် မျက်နှာကို လျက်ဝါး နှင့်အုပ်ပြီး မောဟိုက်၍နေလေ၏။ မည်သူမျှအနားမကပ်ဝံ့ကြပေ၊ ၀မ်လန်းသည် ထိုနေရာ၌ စိတ်ငြိမ် သွားသည့်တိုင် ထိုင်၍နေလေ၏။

ထိုနောက် ထိုင်ရာမှထပြီး ကြာပဒုံ၏အခန်းသို့ ၀င်ခဲ့လေ၏။ ကြာပဒုံကား အိပ်ရာထဲတွင် မှောက်လျက် ကျယ်လောင် စွာ ငိုကျွေးလျက်ရှိလေ၏ ၀မ်လန်းက အနီးသို့ကပ်သွားပြီး ကြာပဒုံကို ဆွဲ၍လန်လိုက်ရာ မျက်နှာတွင် ပန်းရောင်ပြေးနေသော အရှိုးရာတခုကို တွေ့ရလေ၏ ဤတွင် ၀မ်းနည်းလှစွာဖြင့် "ကဲမိန်းမရွှင် လုပ်ချင်အုံး အဲဒီလိုဘဲ ငါ့သားတွေ နဲ့ ပြန်ပီး အလေ လိုက်နေ"ဟု ပြောလိုက်သည်တွင် ကြာပဒုံ၏ ငိုသံမှာ ပို၍ ကျယ်လောင် လာပြီး။

"ကြာကြာ အလေလိုက်နေတာမဟုတ်ဘူး သူ့ဘာသာသူ ပျင်းလို့ ၀င်လာတာ သူဘယ်နှစ်ခါ ကြာကြာ အခန်းထဲ ၀င်လာဘူးသလဲလို့ မယုံရင် ဥသြမယ်ကိုမေးကြည့်" ပြန်ပြောလေ၏။ ထို့နောက် ၀မ်လန်း အား ကြောက်ရွံ့ စွာဖြင့်ကြည့် ၀မ်လန်း၏ လက်ကိုဆွဲ၍ မျက်နှာအရိုး ကို ကိုင်ကြည့်ရင်း။

"ကြာကြာ ကို လုပ်လိုက်တာကြည့်စမ်း ကြာကြာမှာ မောင်တယောက်ကလွဲလို့ လောကမှာ တယောက်မှမရှိဘူး နန်းအင် ဟာ မောင့်သား-မောင့်သားဘဲ ကြာကြာနဲ့ ဘာဖြစ်တာ လိုက်လို့"ဟု ပြောဆိုကာ မျက်ရည် လျှမ်းသော မျက်လုံးဖြင့် ၀မ်လန်းကို ကြည့်နေလေ၏။ ထိုအခါ ၀မ်လန်းမှာ အသည်းကို ခိုက်၍ သွားသေး၏။ ကြာပဒုံကို ပို၍ ချစ်လာပြန်လေ၏ ကြာပဒုံနှင့် နန်းအင်ဘာဖြစ်သည် တွေးမကြည့်ချင်အောင် ဖြစ်၍ သွားလေ၏။ မသိဘဲနေရခြင်း ကပင် ပို၍ကောင်းသည်ဟု မှတ်ထင်မိလေ၏။ ထိုအခါ အခန်းထဲ၌ ညည်းညူကာ ပြန်ထွက်ခဲ့မိလေ၏။
ဝမ်လန်းသည် နန်းအင်၏အခန်းဝသို့ လျှောက်သွားပြီး အထဲမ၀င်ဘဲ။

"ဟေ့..မင့် ပစ္စည်းတွေ သေတ္တာထဲထည့် မင်းသွားနေချင်တဲ့ အောက်အရပ်ကို နက်ဖြန်ကာ သွားပေတော့ ငါမခေါ် မချင်း ဘယ်တော့မှ ပြန်မလာခဲ့နဲ့"ဟု ပြောလိုက်လေ၏ ထိုနောက် ထိုနေရာမှ ပြန်ထွက်ခဲ့လေရာ၊ မိမိ၏ အ၀တ်အစားများကို ကိုင်၍ချုပ်နေသည့် အိုလင်အား တွေ့ရလေ၏။ ၀မ်လန်း ရောက်လာသည်ကို မြင်သော်လည်း အိုလင် အင်္ကျီချုပ်မပျက် ဆိုက်စွာပင် နေလေ၏။ ရိုက်သံနှက်သံ အော်သံဟစ်သံများကို ကြားရတုံး ကလည်း အိုလင်သည် မကြား ယောင်ပြု၍သာ နေခဲ့လေ၏။

ဝမ်လန်း သည် အိုလင့်အနီးမှ ဖြတ်၍ လျှောက်ခဲ့ပြီး လယ်ထဲသို့ ထွက်သွားကာ တနေ့လုံး လယ်ထဲ၌ အချိန်ဖြုန်း ၍ နေလေ၏။

ဆက်ရန်
.

No comments: