ကျားငစဉ်းလဲကြီးထောင်ချောက်
အပြင် ပရိသတ်ဖြစ်ကြသော သူတပါးအမြင်က လူ့တော်သလင်း ရာဂရူး၊ ကျမ အမြင်မှာတော့ ၄-၅နှစ် သိက္ခာ ကြီးကြီး နှင့် ဟန်ဆောင်ကောင်းလှသဖြင့် ကြောင်သူတော်ဟု ထင်ရသူအား ပုလင်းမိုးရွာ၍ တောထုတ်ပစ် လိုက်ပြီးသောအခါ အိမ်သစ်ကလေးမှလည်း တံခါးသော့ခတ် ပိတ်ထားလိုက်ပြီဖြစ်၍ လူရှင်း သွားသည်။ သူတော်ကောင်းကြီးကို ကြည်ညိုသူ အမျိုးသား အမျိုးသမီးအချို့ အဖူးအမျှော် ရောက်လာ ကြသော် လည်း မတွေ့ရတော့သဖြင့် ၀မ်းနည်းပက်လက် ဖြစ်ခါ ပြန်သွားရှာကြသည်။
အချို့က ဘယ်မှာနေသည်ဟု သိလို၍မေးပါသော်လည်း မပြောနိုင်ပါ၊ နေစရာတွေ အလွန် ပေါပါသည်၊ ဗဟန်းရပ်၊ ရွှေဂုံတိုင်၊ ကျိုက်ကဆံ၊ ကန်တော်ကလေး၊ ဒိုဘီလိုင်း၊ ၉၄-လမ်း၊ စမ်းချောင်းရပ်နှင့် အခြား နေရာ အမြောက်အများမှာ အိမ်ပိုင် ရာပိုင် ဆောက်လုပ်ပေးထားသော အမြှောင်မများ၊ စပေါ်ငွေ သုံးလေးထောင် နှင့် ငှားပေးထားသော တိုက်ခန်း အိမ်ခန်းများနှင့် အမြှောင်မတွေ အများအပြား ရှိသူ ဖြစ်ရာ နေချင်ရာ နေနိုင်သည်။ တအိမ် တနေ့ နေသွားလျှင်ပင် အိမ်တွေက များလှ၍ နေ က မလောက်ငှ အောင် ဖြစ်နေ သေးသည်။ သူတို့ ဖူးတွေ့လိုပါက ၎င်းအိမ်တွေမှာ လိုက်ရှာလျှင် တွေ့နိုင်ပါလျက် ကျမအား သက်သက်မဲ့ လာမေးနေခြင်းဖြစ်ပါသည်။
အယ်ဒီတာ မောင်သန်းညွန့် ခေါ်ထုတ်သွားစဉ်က အိုရီယင့် ကလပ်မှာ ခေတ္တနေပါစေမည် ဟု အသံကောင်း ဟစ်သွား သေးသော်လည်း သိမ်ဖြူလမ်းက ငွေတသိန်း ကဲ့ထုတ်ပြီး အရင်းမတည် ဖွင့်ထားသော မိုးကြိုး လီမိတက် မှာ စတည်းချပါသည်ဟု နောက်တနေ့ လာတွေ့တော့ ပြောပါသည်။ ဟန်ဆောင်ရှယ်ယာ အမည်ခံ ထားသူ တွေ စာရင်းကိုလည်း ပေးပါသည်။ ကုမ္ပဏီ အလုပ်တိုက်ပေါ်မှာဖြစ်၍ အစစ အဆင်ပြေ သည်။ ဟိုနေရာ၊ ဒီနေရာတွေနှင့်လည်း နီးစပ်လက်လှမ်း မှီသည်ဟု ဆိုပါသည်၊ တဘက်ခန်းမှာ မန္တလေး သိုက် မှ မိန်းမများ ဖွင့်ထားသော ဆိုင်ခန်းတခုလည်း ယှဉ်လျက်ရှိသည်။
မိုးကြိုး လီမိတက် မှာ နေမှန်းသိလျက်နှင့် မသိဟန်ပြုကာ ကျမကိုလာ လာမေးကြသောသူတွေမှာ ဒလန်တွေ အလံရူး တွေသာ ဖြစ်ပါသည်။ ယခုလိုအ၀တ်တထည် ကိုယ်တခုနှင့် ဆင်းသွားရတော့ နေစရာ ထိုင်စရာလဲ မရှိနှင့် ဒုက္ခရောက်နေရှာမှာဘဲ သနားလှချည်ရဲ့ဟု မျက်ရည်လည်ရွဲ လုပ်ပြကြပါသည်။
သူ၏ အနှစ်နှစ် အလလက ယုတ်မာကောက်ကျစ်လာသမျှ ကိုယ်ကျင့်သိက္ခာ ပျက်လာ၍ ၀န်ခံ ကွာရှင်းခဲ့ သမျှ သတင်းတွေကို ဖုံးအုပ်ထားလျက် ကျမက မတရားသက်သက် အနိုင့်အထက်ပြုကာ နှင်ချလိုက်သော အနေမျိုးနှင့် သတင်းပေးထားပါသည်။ ဘက်တော်သား လူမသမာတို့ကလည်း ဤနည်းအတိုင်း သတင်းဖြန့် ပေးရသည်။ အစိုးရအရာရှိ အသိအကျွမ်းများ နိုင်ငံရေးသမား အသိမိတ်ဆွေများနှင့် အာဏာရ ထန်းပင်ပေါ်က လူကြီးများကိုပါ သနားစရာ ဒုက္ခသည်ကလေးတဦးဖြစ်နေပါပြီဟု လိုက် လိုက်ပြီး အသိပေး ထားပါသည်။ အချို့ကလည်း အတွင်းရေးအရှုပ်အထွေးတွေကို ဘာမှမသိရဘဲ လျှာနှင့်သွားပမာ ခေတ္တခဏ စိတ်ဆိုး ၍သာ တခြားစီ ဖြစ်နေသည်ဟု အယူရှိကာ စေ့စပ်ပေးဘို့ ကြိုးစားကြပါသည်။
သူတို့လာရောက် ပြောပြ နားချပုံကြီးမှာ ကျမကသာ အနိုင်ကျင့်၍ ရှိပစ္စည်း အကုန်သိမ်းပြီး အ၀တ်တထည် ကိုယ်တခုနျင့် နှင်ချလိုက်သည့်အနေမျိုးနှင့် စွပ်စွဲကြသည်။ ဒီအသက်ဒီအရွယ်ကြီးတွေရောက်မှ ကျမကဘဲ သီးခံစိတ် မရှိ ဂုဏ်သိက္ခာ မငဲ့ညှာဘဲ ယခုလိုပြုမူလိုက်ခြင်းဟာ အလွန်ဆိးနေပါသည်ဟူ၍ အပြစ်တင်ပြီးမှ စေ့စပ်စကား ပြောကြားကြသောအခါ နည်းပရိယာယ်အမျိုးမျိုးနှင့် အသက်အန္တရာယ်ကိုပါ ရန်ရှာခံရခြင်း၊ ပစ္စည်း ရေးမှာလည်း သွေးအေးအေး အချိန်အခါကပင် စတင်၍ လိမ်လည်စာချုပ်ခြင်း၊ ၀င်ငွေများကို နည်း အမျိုးမျိုး နှင့် ကဲ့ဝှက်ခိုးယူနေခြင်းစသည်များကို လက်တွေ့ ကိုယ်တွေ့ ထိထိမိမိ သိရှိခံစားလာရသူကျမမှာ သူတို့ ပြောကြားနားချသောစကားများ အတွက် အခံရခက်လှသည်။ နားဝင်လည်း မသက်သာလှ၊ ဒေါသကြီး သူဟူ၍ ကျမအပေါ်တွင် သူတို့က တဖက်သတ်မြင်၍ တဖတ်သတ် အပြစ်တင် နေခြင်း ခံရပါသည်။ သို့ကြောင့် နောက်ပိုင်းမှာ ယခုလိုမည်သည့်ပုဂ္ဂိုလ်မျိုးနှင့်မှ အတွေ့မခံတော့သော အချိန်တွင်မှ ကျမအဘို့ နားအေးလျက် စိတ်လက်ချမ်းသာစွာ နေရပါတော့သည်။
သို့ရာတွင် ကောက်ကျစ်စဉ်းလဲသော ရည်ရွယ်ချက်များကို အမြဲတမ်း အသုံးပြုထားသည့် အားလျော်စွာ အပြင်အပ လူများကို ကွာရှင်းပြီး အဖြစ်မသိကြစေဘဲ အဖွားကြီးစိတ် အခန့်မသင့်တုန်း ခဏ ခေတ္တ အပြင်မှာ လာ၍ ရှောင်ရှားနေသည်။ စိတ်ပြေလျှင် ပြန်သွားမည်ဟူ၍ သတင်းပေးထားသေးသည်။ အချို့သော ပုဂ္ဂိုလ်များက အိုကြီးအိုမ ဒီလိုဖြစ်ကြရဒါ လူကြားမကောင်းပါဘူး၊ အလှူရေစက် လက်နှင့် မကွာ ပစ္စည်းဥစ္စာ တွေကလဲ များပါဘိသနဲ့၊ တော်ရုံတန်ရုံ အပြစ်ကိုသီးခံပြီး သင့်တင်စွာ ပြန်လည် နေကြပါ ဟု နားချသည်။ နားချမရသောအခါ ကျမကို ဆိုးသည်၊ ခေါင်းမာလွန်းသည်၊ ဒေါသ အမျက် ကြီးလွန်း သည်ဟု ဝေဘန်ချက် ချကြပါသည်။
အကြောင်းကြောင်း ထောက်ဆ၍၎င်း၊ အသက်ရွယ် ဂုဏ်သိက္ခာတွေ ငဲ့ညှာ၍၎င်း၊ ကာယကံရှင် ကိုယ်တိုင် က မိုက်မှား မိသမျှ သတိတရားတကယ်ရပါပြီ ဆိုစေကာမူ ယုတ်မာစဉ်းလဲ မှုတွေက ပြတ်ပြတ်ထင်ထင် တွေ့မြင် ရပြီးသား ဖြစ်နေရာ ဘယ်မှာလျှင် ယုံကြည်စိတ်ချဝံ့ စရာရှိပါမည်နည်း။ သူတို့ ကိစ္စမပြီးစီး သေး၍ သာကိစ္စ ငြိမ်းညစ်ပတ်ရန် လမ်းစရှာခြင်း ဖြစ်ကြောင်း ကျမက နားလည်ပြီးသားဖြစ်နေပါသည်။ ကျောချင်း ပြန်လည် ကပ်နိုင်စရာလမ်းမရှိသော ကျားငစဉ်းလဲကြီး၏ ထောင်ချောက်ထဲသို့ စေ့စပ်စကား ပြောသူ တစုက ကျမအား အတင်းတွန်းပို့ နေသလို ဖြစ်နေပါသည်။ အချို့က စေတနာနှင့်ပြောကောင်း ပြောမည် ဖြစ်သော်လည်း အချို့မှာ ကျားငစဉ်းလဲ၏ ထောင်ချောက် ထဲသို့ တမင်လှည့်ပတ် တွန့်ပို့ခြင်း သာဖြစ် ပါသည်။
ရုပ်ရှင်ပြာ ဇာတ်လိုက်မင်းသမီး ကျမက ဤသို့စေ့စပ်ရေးသမားများကို လက္ခံ စကားမပြောသော အခါမှ စိတ်ချမ်းသာ နားချမ်းသာ နေရပြီး အိမ်ပေါ်မှ နေရင်းအလုပ်တိုက်ကိုနည်းနည်းပါးပါး ပြန်လည် ဦးစီး ကြည့်ရှုစ ပြုရပါသည်။ ရဲအရာရှိဟောင်း မောင်ဝမ်းကွဲကို လုံးဝအတွေ့ မခံ၍ မလာတော့ပေ။ ကျောက်ပန်းတောင်း က အရာရှိမောင်ဝမ်းကွဲ နှစ်ယောက်ကတော့ နေ့စဉ် ရက်ခြား ၀င်ထွက်နေပါ သေးသည်၊ သူတို့ ၏ နှမ မုဆိုးမလည်း အိမ်မှာ အတူနေဆဲ ဖြစ်ပါသည်။ ဦးပု၏ သမီးများလည်း ကျောင်းမှ ပြန်လျှင် နေ့စဉ် လိုလို ၀င်လာကြသည်၊ ပြည်လမ်းရှိ ၎င်းတို့နှင့် ညီမတော်တဦးနှင့် သားသမီးများလည်း မကြာ ခဏ လာရောက်မေးစမ်းပြုကြပါသည်၊ ၎င်းရက်ပိုင်းမှာ အိမ်ပေါ်သို့ တက်လာခွင့် မပြုသော်လည်း သူတို့ တသိုက်မှာတော့ လာခွင့်ပြုထားပါသည်၊ သို့ကြောင့်လည်း သူတို့ လူသိုက်အပေါ်တွင် အပြင်အပ လူများ က သ၀င်တို နေကြပါသည်။
လူပြဇာတ် ရုပ်ရှင်ပြာကိစ္စနှင့် တပေါင်းတစည်းတည်း ဆိုသလို အလုပ်တိုက်သားများထံမှ စလေသူ မိုနိုစာစီမ ၏ အတွင်းဇာတ်လမ်းများပါ ကန့်လန့်ကာကြာချည်ကိုမ တင်ပြလိုက်ကြ၍ မန္တလေး ဧည့်သည်နှင့် စ၍ ရှုပ်ထွေးလျက် တဘက်မှလည်း သူဌေးကြီး၏ ရုပ်ရှင်ပြာ ဇာတ်လိုက်မတဦးအဖြစ် ပါဝင်ကပြ အသုံးတော် ခံရင်းမှ အတွင်းကျကျ နေရသူပီပီ အစီအစဉ်အရ အထက်ဆရာကြီး ချပေးသော လမ်းစဉ် အတိုင်း ကျမကို အန္တရာယ်ဖြစ်စေရန် အဆိုအပြောခံ၍ ဇွတ်အတင်းပြုစု နေထိုင်လာခဲ့သော သဘောတရား ကို ပြတ်ပြတ် သားသား နားလည်လာတော့သည်၊ ထိပ်တဲ့တဲ့ချမှဘဲ ဒမြမှန်းသိရတော့သည်။

သို့ကြောင့် ထိုစလေသူ မိုနိုစာစီမအား ဦးပုအိမ်မှာ ထားစေပြီး နေ့ဘက်မှာ အလုပ်လာလုပ် စေသော အခွင့်အရေး ကို ရုပ်သိမ်း၍ အပြီးအငြိမ်းအလုပ်မလာရတော့ဟု ပြောလိုက်သည်။ သူ့ဦးလေးဖြစ်သူ ဦးပု ကိုလည်း အကြောင်းစုံအကုန်ပြောပြလိုက်သည်။
ဦးပုက ဒါဖြင့်လျှင် သူ့အိမ်မှာလဲ မထားရဲတော့ပါ၊ သူ့ရွာကို ပြန်နေစေပါမည်ဟုဆိုသည်။ တကယ်လား- ကျမ စိတ်ကောင်းရုံ နားဝင်သာအောင် ပြောသည်လား ဆိုသည်ကိုတော့ နောက်ပိုင်း ယနေ့အထိ စလေသူ ရန်ကုန် တနေရာမှာနေလျက် သူတို့ချင်းဆက်သွယ်နေကြသော အခြေအနေကို ထောက်လျှင် သိနိုင်ပါမည်။
မိုနိုစာစီခန်း တွင် အိမ်ထောင်ရှင် အမျိုးသမီးနှစ်ဦးလည်းရှိသေးသည်၊ သူတို့သည် ည အလုပ်နေ့ အလုပ် အလှည့်ကျ အချိန်မှန် အလုပ်ဆင်းလျက်ရှိကြသော်လည်း အလုပ်ပျက်ကွက်သော နေ့၌ နေ့တွက်ကို လခမှ အဖြတ်ခံ ကြရသည်။
စလေသူမှာတော့ စပါယ်ရှယ် အော်ဒါနှင့် အလုပ်ဆင်းသည်ဖြစ်စေ၊ မဆင်းသည်ဖြစ်စေ လခအပြည့် ထုတ်ပေး ရသည်ဟု ဆိုသည်၊ အများ အားဖြင့်လည်း ည ညကျလဆင် အလုပ်ဆင်းမလာဘဲ ကျမ နေထိုင် မကောင်း၍ ပြုစုနှိပ်နယ် ပေးနေရသည်ဟု အကြောင်းပြပြန်သည်၊ အိမ်ပေါ်မှအတူနေသူများ ကိုတော့ ညအလုပ်ဆင်းရ သည်ဆိုပြီး အောက်ဆင်းသွားသည်။

၁၂-နာရီ သန်းခေါင်ကျော်မှ နောက်ဖေး လှေခါးမှ အိမ်ပေါ်ပြန်တက်လာတတ်သည်၊ ဤနည်းနှင့် စားသာနေသည်မှာ တနှစ်နီးပါးရှိလာပြီ ဆိုသည်၊ ထို့ကြောင့် ဘ၀တူ အလုပ်သမားအမျိုးသမီး နျစ်ဦးက အလုပ်သမားချင်းအတူတူ အခွင့်အရေး မညီမမျှ ဖြစ်နေ ရသည်ကို မကျေမချမ်း ဖြစ်လာပြီး ကျမကို လာတိုင်ချင်၊ ပြောချင်၊ စောဒကတက်ချင်သည်မှာ ကြာလှပြီ ဖြစ်သော်လည်း အိမ်ပေါ် တက်မလာဝံ့သဖြင့် အောင့်အင်း နေရသည်မှာ ဤအရေးတော်ပုံကြီး မပေါ် ပေါက်မှီ ခြောက်လခန့် အချိန်လောက်က စ၍ သီးခံနေ ခဲ့ရသည်ဟု ဆိုပါသည်။
သူတို့ခမြာ များအား ကျမဆီ မသွားဝံ့အောင် ဟန့်တားပိတ်ပင်သူတို့မှာ ငွေထိန်း စာရေး မနှင့် စာအုပ် ရောင်း စာရေးမ တို့ဖြစ်သည်။ ဟန့်တားပုံ ဟန့်တားနည်းကလည်း အတော်ကလေး ပြင်းထန်လှပါသည်။ (တွေ့ကရ တွေသွားမပြောနှင့် ဟိုက ဒေါသကြီးပါဘိသနဲ့ ပါးဆီးရိုက်လွှတ် လိုက်လိမ့်မယ်။) ဟူသတည်း၊ သည်တော့ သူတို့ ကျမကို လာတွေ့ဘို့ကိစ္စမှာ ဘီလူးသဘက် ထံလာတွေ့ရမှာလောက် ကြောက်ရွံ့ သွားကြပါသည်။
ဤလို အလုပ်တိုက်က လူများနှင့် သွေးခွဲထားလေမှ သူတို့လုပ်သမျှ၊ ရှုပ်ပွေသမျှ တစွန်းတစမှ မပေါ် ပေါက်နိုင် ရှိပါမည်၊ သဲလွန်စရလျှင် ကျမက လက်တဆုံးနှိုက်ကြည့်တတ်သည်ကို သူတို့ နားလည် ထားသည်၊ ဒါကြောင့်လဲ ဤမျှကြိုးကြိုးစားစား ရှိသမျှ ပါးစပ်ပေါက်များကို နည်းပရိယာယ် အမျိုးမျိုး နှင့် အာစေး ထည့်ထားကြခြင်းဖြစ်သည်၊ သို့ရာတွင် ဖုံးသမျှ ဘုန်းကြီးလုပ်သင်္ကန်းဆီးကာမှ အုံကြွပြီး တပြုံတမကြီး ပေါ်လာရတော့သည်၊ သို့ပေါ်လာသည်မှအစ ယနေ့ကွာရှင်းပြတ်စဲပြီးသော အခါသမယသို့ ရောက်ခဲ့ ကြသည်။
ကျမသည် သတိတမာန် ဥာဏ်မြေကတုတ်လုပ်၍ ကိုယ့်ကိုယ် ကျန်းမာရေးကောင်းသည်ထက် ကောင်းလာ စေရန် ဆရာဝန်နှင့် ညသူနာပြု ဆရာမကြီးများ ပြုစုခြင်းခံယူကာ အစားအဆသာက် ကိစ္စကိုလည်း လုံခြုံ စိတ်ချရ ဆုံးသော နည်းနှင့် အိမ်ခန်းထည်းမှာ သိမ်းဆည်းထားသိုလျက် မသမာသူတို့ လက်ချက် မမိစေရန် သတိကြီးစွာ ပြုပြီး နေရသည်အတွင်း အလုပ်တိုက်မှ စာရင်းအင်းများ နေ့စဉ် ယူကြည့်ပါသည်။ သို့ရာတွင် ထိုစာရင်း များမှာ တိကျမှန်ကန်သော စာရင်းများ မဟုတ်ကြောင်း၊ ကျမ အတွက် စပါရှယ် လုပ်ပေးသော စာရင်း များသာ ဖြစ်ကြောင်း နောက်မှ သိရပါသည်။
အလုပ်တိုက်နှင့်ဆိုင်ရာ ဦးဗအေးနှင့် ခေါ်ယူဆွေးနွေးစီမံလုပ်ကိုင်စေသည်။ ၀င်ငွေ ထွက်ငွေကို ငွေထိန်း မက နေ့စဉ် လာပြရသည်။ အယ်ဒီတာဌာနမှ အယ်ဒီတာချုပ် မောင်သန်းညွန့်နှင့် သတင်းကိစ္စများ တိုင်ပင် စရာရှိလျှင် တိုင်ပင်ညှိနှိုင်းသည်၊ ထိုအချိန်က အယ်ဒီတာ မောင်သန်းညွန့်မှာ ဗမာ့ခေတ်ဝင်းခြံ အ၀င်ဝ မှ အိမ်ကလေး တွင် လာရောက်နေထိုင်လျက် ရှိပါသည်။
အသက်အရွယ်နဲ့မမျှ ခါးအလိုလိုက်လွန်းခဲ့၏ ဆက်ရန်
.

1 comment:
သူတို့ စီးပွားတက်လာရတဲ့ အကြောင်းတစ်ခုဖြစ်တဲ့ ဗမာ့ခေတ် သတင်းစာတိုက်က ဗမာ့ခေတ်ဦးအုန်းခင်အစွမ်းအစနဲ့ ကြီးပွားလာတာနော်။ လင်မယား လက်ထက်ပွား စီးပွားဥစ္စာမှာ ဦးအုန်းခင် ရှာထားတဲ့စီးပွား၊ ဦးအုန်းခင်အစွမ်းတွေ အရေးပါခဲ့တယ်ဆိုရင် တစ်ဖက်သတ်ကြီး မကောင်းပြောနေလို့တော့ ရဘူးထင်တယ်။
ဦးအုန်းခင်ကြောင့် နာမည်ရ အောင်မြင် စီးပွားတက်နေတဲ့ သတင်းစာတိုက်ကို ဆရာမက သိမ်းပြီး လူကို နှင်ချတော့ ဗမာ့ခေတ် သတင်းစာဟာ ဆရာမ လက်ထက်မှာ ဆက်အောင်မြင်သေးရဲ့လား သိချင်တယ်။ နောက်အပိုင်းတွေ မျှော်ဖတ်ရမှာပဲ။ ဆက်အောင်မြင်သေးတယ်ဆိုရင်တော့ ဆရာမကို ချီးမွမ်းရမှာပဲ။
မယားငယ်ထားတာ ကောင်းတော့ မကောင်းဘူးပေါ့လေ။ ဒါပေမယ့် ခါးအလိုလိုက်တယ်၊ ကာမသရဲကြီး စသဖြင့် သုံးထားတာတော့ ရိုင်းလွန်းလားလို့။ ဆရာမကျတော့ အသက် ၆၀ နားနီး သွေးလဲ ဆုံးနေပြီဆိုတော့ သူ့ကျ လိုက်ချင်ရင်တောင် အလိုက်ခံမယ့်သူမှ မရှိတော့တာ။ ကန်တော့ပါရဲ့။
Post a Comment