Friday, April 16, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၇၈)

မနက်ဖန်မှ ဆက်၍ ပစ်အုံးမည်

ယခင်က ဖေါ်ပြထားခဲ့ပြီးသည့်အတိုင်း သူ၏ အမှားများ ကိုယ်တိုင်စာဖြင့် ရေးသား ၀န်ခံခဲ့သည်။ သူ၏ကြီးလေးသော အပြစ်မျိုးစုံကို အတွက် သူ၏အပြစ်ဒဏ်ကို သူကိုယ်တိုင် ခံယူသည့် အနေနှင့် ကွာရှင်းပြတ်စဲခြင်း၊ အိမ်ပေါ်မှ ဆင်းပေးခြင်းများ ပြုလုပ်ပြီးစီးသွားသည်တိုင်အောင် အရွယ်နှင့် ဂုဏ်သိက္ခာတွေက် တောက်ဆလျက် မျက်နှာချင်းဆိုင်ရန်မရှိ၊ ဘ၀ခြား သွားသည့် အချိန်အခါ အထိ လူတွေမသိအောင် အုပ်အုပ်ဆိုင်းဆိုင်း နေပါသော်လည်း၊ မြှောက်ပင့်စားနေသော သူ၏ ပတ်ဝန်းကျင် အပေါင်းအဖွဲကများက သွေးထိုးပေးကြသည်တကြောင်း၊ မူလပင် ကိုယ်စိတ်ထား ကလည်း စဉ်းလဲ ကောက်ကျစ်သော အခံရှိသူ ဖြစ်သည်တကြောင်း၊ ကပြောင်းကပြန်ပြုလုပ်ရန် ထပ်မံ ကြိုးစားခြင်းသာ ဖြစ်ပါသည်။

ကျမမှာ ရင်းချာသော သားချင်းများ၊ သားသမီးများမရှိ၊ လူမမာအဖြစ်နှင့် ကိုယ့်ကိုယ်မှ အင်အားနှင့် မသယ်နိုင်သေးသော မိန်းမသားတဦးအဖြစ် ရောက်ရှိနေချိန်ဆိုပြီး လူစွမ်းကောင်းကြီး လုပ်ဝံ့လာ သည်မှာလည်း သူ၏ ပတ်ဝန်းကျင်ရှိ လူမသမာ မြှောက်ပေးသူ အလိုတော်ရိများအားလုံး အသုံး မ၀င်သော မောင်ဝမ်းကွဲများကပါ သူ့ဘက်သားဖြစ်နေပြီဆိုသောအားကိုးမျိုးနှင့် ဤမျှနိုင်ထက် စီးနင်းပြုကာ ယခုလို မျက်နှာပြောင်ပြောင်နှင့် ကျူးလွန်မှုတွေ ပြုလုပ်လာသည်ကို သီးမခံနိုင်တဲ့ အဆုံး၌ ကျမ၏ ရှိသမျှ အင်အားနှင့် ကျုံး၍ ပုလင်းတလုံးပြီး တလုံး မရပ်မနား ပစ်လွှတ်နေသည်မှာ အိမ်သစ်ကလေး၏အမိုးများ အပေါက် အကွဲတွေ ဖြစ်လာမှ ခေတ္တမော၍ ရပ်လိုက်ရသည်။

အမော ပြေရပ်နားကာမှ စိတ်လိုက် မာန်လိုက်အားစိုက်လိုက်မိသမျှ တုန်တုန်ရင်ရင် ဖြစ်လာပြီး လက်မောင်းက အကြောတွေ တင်းမာ ကိုက်ခဲလာသည်။ ရင်ဝထဲက အလုံးအခဲကြီး ဖြစ်လာပြီး တဒိတ်ဒိတ် ခုန်လာသည်။ သို့ကြောင့် အိပ်ရာထဲပြန်လှဲရပြီး မျက်လုံးစုံမှိတ်၍ ရင်ဝကို လက်နှင့်ဖိ နှိပ်ထားစေရသည်။

သို့ပေမဲ့ ဒီအိမ်သစ်ကလေးပေါ်က ဆင်း၍ အပြင်ထွက်မပေးသမျှ ကျမအမောပြေ၍ ရင်ခုန်ငြိမ်ဝပ် သွားသည့် အချိန်တိုင် အိမ်သစ်၏ အမိုးတွေဇကာကျအောင် ပေါက်ကွဲကုန်သ်ညအထိ နေ့ရှိ သရွေ့ လုပ်တော့မည်ဟု ဆုံးဖြတ်ထားလိုက်ပါသည်။ ထိုနေ့ နေ၀င်သည်တိုင်အောင် မထနိုင် တော့ဘဲ ဆရာဝန် လာချိန် ရောက်လသည်. ဆရာဝန်ကထုံးစံအတိုင်း၊ သွေးချိန်ကြည့်သည်၊ သွေး အများကြီး တိုးနေသည်။ ရင်တွေလဲ ခုန်နေသည် စိတ်လိုက်မာန်ပါ ဘာမှမလုပ်ပါနှင့်ဟု သတိပေး၍ ဆေးတွေ တိုက်သွားပါသည်။

မုဆိုးမကလည်း ဆရာဝန်အနား တီးတိုးကပ်ခါ ညနေကပုလင်းမိုး ထွက်ရွာလိုက်သောကြောင်း ပြောထား နှင့် သောကြောင့် ဖြစ်ကြောင်းကုန်စင်များ နားလည်သွားပုံရပါသည်။ ထိုနေ့တော့ ညသူနာပြု ဆရာမကြီး ရောက်လာသည်အထိ အိပ်ရာထဲမှာဘဲ ကျမ ရှိနေတော့သည်။ ကျမစိတ်ထဲ မှာ စိတ်လိုက်မာန်ပါပြုမိ၍ ရောဂါတိုးပြီး သေချင်လည်း တခါထည်း သေသွားစေတော့၊ လုပ်လက်စ အလုပ်ကိုတော့ လက်မလျှော့ဟု ပိုင်းဖြတ်ထားလိုက်ပါသည်။ ယနေ့မထနိုင်လျှင် နက်ဖန်မှ ဆက်မည်။

သည့်ထက်ပို၍ ကိုယ့်ကိုယ်ကို သယ်နိုင်လျှင် သည့်ထက်ပို၍ တိုးချဲ့ပြုလုပ်မည် ဖြစ် ပါသည်။
နောက်တနေ့ မနက်လင်းသောအခါ အင်အားနည်းနည်းပြည့်လာသည်။ အိပ်ရာထပြီးအချိန်ကျ ဆေးဝါး များ စားသော ကိစ္စပြီးသောအခါ မနက်၉နာရီခန့် ရှိလာသည်။ အိပ်ခန်းမှ တံခါးပေါက်ကြီးကို ဖွင့်လျက် ၀ရံတာ သို့ ထွက်ရပ်ကြည့်သည်။

မနက်ပိုင်း အလှည့်ကျ အလုပ်သမားတွေ အယ်ဒီတာ တွေ အချို့တ၀က် ရောက်နေကြပြီ၊ လူတွေက မစုံလှ သေးပါ။ ရောက်လာသော အယ်ဒီတာများ သည် အလုပ်တိုက်ပေါ် တိုက်ရိုက်တက်မသွားသေးမှီ အိမ်သစ် ကလေး ပေါ်သို့ အရင်တက်ခါ ညီလာခံကြရပါသည်။ သူညွှန်ကြားရာကို တဘက်သတ် ပြုလုပ်ပေး ကြရသော လက်သပ်မွေး အယ်ဒီတာကလည်း နှစ်ယောက်စ၊ သုံးယောက်စ ရှိသေးသည်။
ကျမသည် ဆင်းချီ၊ တက်ချီနှင့် ညီလာခံနေသော အယ်ဒီတာ ၃-၄ယောက်အား အိမ်ရှေ့ဝရံတာမှ လှမ်းပြီး ခေါ်လိုက်၍ လှည့်လာကြသည်။

ကျမက မဆိုင်တော့ သူ၏ ညွှန်ကြားချက်ကို လက်မခံ လုပ်ကိုင်မနေကြရန် တားမြစ် ကန့်ကွက် လိုက်ခြင်း ဖြစ်ပါသည်။ သူတို့သည် ကောင်းပါပြီဟု ဆိုပြီး အယ်ဒီတာအလုပ်ခန်းအပေါ်သို့ တက်သွားကြသည်။ ထိုနောက် အိမ်ထဲပြန်ဝင်လာပြီး ဆိုဒါ ပုလင်းခွံ လက်ကျန်များနှင့် ကောင်မကလေးတွေ ရောင်းစားရန် စုထားသော အရက်ပုလင်းခွံ အလွတ်တွေကို ရှိသမျှ ရှာဖွေစုဆောင်းပြီး နောက်ဖေးဆောင်လသာခန်းမှာ တင်ထား ပေးရန် ပြော ထားလိုက်ပါသည်။ လူစုံသောအချိန်မှာ မနေ့ကလိုဘဲ ကျမအလုပ်စရပါမည်။

သို့နှင့် မကြာမှီ အယ်ဒီတာမောင်သန်းညွန့်သည် ကျမဆီသို့ ရောက်လာသည်။ မမခင်မနေ့က ပုလင်းမိုး ရွာလိုက် လို့ သတင်းတွေ ဆူညံ၊ ဆူညံပေါက်ကြားကုန်ပါပြီ၊ ညဘက်ဆိုလျှင် ကိစ္စမရှိပါ။ နေဘက်မှာ ဆိုတော့ အပြင်လူစိမ်းဧည့်သည်တွေက အလွန်များပါသည်။ လူကြား မကောင်း သူကြား မကောင်း ရှက်စရာ အလွန်ကောင်းပါသည်။ ဒါကြောင့် ကျွန်တော်ဦးလေးကို အပြင် ခေါ်ထုတ်သွားပါရစေ။ ဦးလေး ကလဲ အပြင်မှာဘဲ သွားနေတော့မယ်။ မင်းတို့တတွေ အလုပ်တိုက်မှာ ကောင်းကောင်း မွန်မွန် လုပ်ကိုင် နေကြတော့လို့ ဆိုပါသည်ဟူ၍ လာပြောပါသည်။

ကောင်းလှပါပြီ၊ မောင်သန်းညွန့်က ခေါ်ထုတ်သွားလျှင် ယနေ့အမောထပ်မခံရဒါ ကျေးဇူးတင်စရာ ပေါ့၊ မင်းတို့လဲ အဖြစ်အပျက်တွေ အစအဆုံး အသိသားဘဲ။ အရှက်မရှိ မျက်နှာပြောင်တိုက် ပြန်ဝင်လာလို့ လုပ်ရဒါပါ။ ဒီလိုလုပ်ရတဲ့အတွက် ငါ့မှာလဲ သွေးတိုးရောဂါ တဘက်နဲ့ တယ်တော့ မသက်သာလှပါဘူးဟူ၍ ပြောလိုက် ရပါသည်။


ရုပ်ရှင်ပြာဇာတ်လိုက်ဟီးရိုးကြီး

အယ်ဒီတာ မောင်သန်းညွန့်က ဆက်လက်ပြောပြသည်မှာ မမကအိမ်ထဲမှာနေတဲ့ မိုနိုစာစီမနှင့် စာရေးမ တို့ကို ဖယ်ထုတ်ပစ်ခြင်း၊ လူတွေမ၀င်ရအောင် တံခါးတွေ ပိတ်ထားစေခြင်း၊ ယခုလို ပုလင်းတွေနဲ့ အိမ်ပေါ်မှ ပစ်ထည့် နေခြင်းများဟာ စိတ်မှကောင်းသေးရဲ့လား၊ ရူးနေပြီထင်တယ်လို့ ပြောသောကြောင့် ကျွန်တော် ကဘဲ မရူးတဲ့အပြင် ကောင်းလိုက်တာမှလွန်ရော၊ မျက်လုံးနဲ့တကြိမ် ထွက်ကြည့်လိုက်ရုံနဲ့ အောက်က လူတွေ ဘာလုပ်နေပြီဆိုဒါ အကုန်သိပါတယ်ဟူ၍ ပြန်ပြောခဲ့ ရသည် ဟုဆိုသည်။

အကြံကုန် ဂဠုန်ဆားချက်သဘောနဲ့ မတတ်နိုင်တဲ့အဆုံးမှာ ငါ့ကိုရူးတယ်လို့ သမုတ်စွပ်စွဲပြီး တံတားကလေး ပို့ထား ဘို့ ယုတ်မာတဲ့အကြံမျိုး၊ ကြံနေတယ်ဆိုဒါ ငါရိပ်မိပြီးသားပါ၊ သို့ရာတွင် လောလောဆယ်ရူးနေသူက မင်းတို့ ဆရာဘဲဖြစ်သည်။ ယခုလက်ငင်း တဏှာရူး၊ အရက်ရူး ဖြစ်နေဒါကို မင်းတို့ အယ်ဒီတာတဖွဲ့လုံး သိနေသားဘဲ၊ အရူးကို အမဲသားကျွေးပြီး ကိုယ်ကျိုး ရှာစားရင်း ကြီးပွားလာတဲ့လူတွေ ဘယ်လောက် ရှိနေပြီ ဆိုဒါလဲ မောင်သန်းညွန့် အသိဆုံးဘဲ ဖြစ်သည်ဟု ပြောရပါသည်။

ယခု ၃-၄နှစ် အတွင်းမှာ ကိလေသာ ပူလောင်မှု ဒီကရီ အတက်ကြမ်းနေသည်၊ မိန်းမ မှန်လျှင် ကောင်းဆိုး ယုတ်ညံ့မရွေး၊ ကိုယ်ဝန်ဆောင်ရော၊ ခလေးအမေရော၊ လင်ရှိရော တွေ့သမျှ နှင့်အလုပ်တိုက်မှ ကိုယ့်အရိပ် မှီ၍ လုပ်ကိုင်စားသောက်နေကြရသော လင်ရှိမယား အလုပ်သမား များကိုပင် နဖူးတွေ့၊ ဒူးတွေ့ တွေကလိုက်ပါက အနိုင့်အထက် ဗလက်ကာယ လုပ်လိုက် တတ်သည်။ ရှေ့ဆက် အမှားမခံ၊ အမိမခံ လိုသော အမျိုးသမီးက ရှောင်နိုင်သမျှ ရှောင်သွားကြ၍ ဆွဲကြိုးလက်ကောက်အစ ငွေလုံးနှင့် ပေါက် လို့ ရသူအချို့လည်း မထူးတော့သည့်အတူ ဆူဆူဖြိုးဖြိုး သုံးရစွဲရပြီးရောဟု ချော်လဲရောထိုင် လိုက်ကြ ရသူလဲ ရှိသည်။

ဒီအကြောင်း တွေကို စာစီခန်းထဲမှညအလုပ် သမားတွေက အားလုံးသိကြသည်။ ညဘက်မှာ ရှင်းနေသော မန်နေဂျာ အခန်းကျယ်ကျယ်မှာ တဏှာရူးဇာတ်လိုက်ကြီးကိုယ်တိုင် ပါဝင် ကပြ နေသော လူပြဇာတ် ရုပ်ရှင်ပြာ ကို စာစီသမားကလေးတွေက အလှဲ့ကျ လာရောက် ချောင်းကြည့်လေ့ရှိကြသည်။ တခါတရံ တယောက် အပေါ်တယောက် တက်ခွကျော်လွှား ချောင်းကြည့်ကြရင်း အိုးနင်း ခွက်နင်း ချော်လဲသူလဲနှင့် များတောင် မှ ဖြစ်ကုန်ကြသည် တိုင်အောင် ရုပ်ရှင် ပြာဇာတ်လိုက်ကြီးကမသိနိုင်ဘဲ ရာဂအိုင်ထဲမှာ မွှန်ထူ နစ်မျော နေသည်။ ထိုရုပ်ရှင်ပြာမှာ ဇာတ်လိုက်မင်းသမီးတွေသာ အလဲလဲ ဖြစ်နေသော်လည်း ဇာတ်လိုက် မင်းသား ဟီးရိုးကြီးကား တယောက်ထည်း မညီးတမ်း မပင်မပန်း ရေလဲနှင့် အသုံးတော်ခံလျက်ရှိသည်။

ဤသတင်းတွေမှာ အထက်ပိုင်းကို မရောက်လာသော်လည်း ပဉ္စမတန်း ထရံပေါက်မှ ချောင်းကြည့်လေ့ ရှိကြသော ညအလုပ်သမားလူငယ်ပိုင်းတို့တွင် မျက်စိအရသာရှိလှသော ဤအခမဲ့ ရုပ်ရှင်ပြာ သတင်းအညှီ အဟောက် နဲ့ကြီးမှာ ကြိတ်၍ ပျံ့ပွားနေပါသည်။ ညအလုပ်သမား အချို့သည် အခြား ပုံနှိပ်တိုက် များ တွင်လည်း နေ့ဘက်တွင် အလုပ်ဝင်လုပ်တတ်ကြ၍ အခြားတိုက် များသို့လည်း သတင်း ဖြန့်ပြီးသား ဖြစ်နေသည်။ အလုပ်နှင့် မဆက်သွယ် သည်တိုင်အောင် လူငယ်အချင်းချင်းမိတ်ဖြစ်၊ ဆွေဖြစ် သတင်းထူး များ ပြောကြားတတ်ကြသည်။ ဤလို အဘိုးတန်သတင်းမျိုးမှာ မပြောပါနှင့်ဟု အသပြာ ပုံပေးစေကာမူ လူငယ် ဘ၀ မပြောဘဲ မနေနိုင်ကြပါ။ သို့ကြောင့် အရွယ်နှင့်မလိုက် သက်ကြားအို၏ ကြက်သရေရှိလှသော ရုပ်ရှင်ပြာ သတင်းကြီးမှာ အလုပ်သများအသီးသီးတို့ ရပ်ကွက်၌ ဥက္ကောဋေးယျ ကျောဇောပြီးသား ဖြစ်နေ သည်ဟု သိရှိရပါသည်။

အယ်ဒီတာ အဖွဲ့၊ သတင်းထောက်အဖွဲ့များကလည်း အားလုံးလိုလိုသိကြပါသည်။ အချို့မှာ ဆရာသမား ဖြစ်နေလို့ ရှက်ရှက်နှင့် ခေါင်းငုံ့ နေရသော်လည်း အချို့ကတော့ မျက်နှာလို မျက်နှာရနှင့် အပြင်မှ အချောင်မ တွေ ခေါ်၊ ခေါ်လာပြီး၊ အသစ် အသစ် စားတော် ဆက်ကြ ရသေးသည်။ သည်လို စားတော်ဆက် ဖော်ရသော သည်းချေကြိုက် ဓါတ်စာရှာ ပေးဘော်ရသော အယ်ဒီတာ သတင်းထောက် ဒရိုင်ဘာ တို့မှာ မျက်နှာ အလွန်ရသည်။

အစား အလွန်ချောင်သည်၊ အပိုအောက်ဆိုက် မန်းနီးအဖြစ် ဆုတွေ ငွေတွေပေးခြင်း၊ အိမ်ဆောက် ပေးခြင်း၊ လခတိုးပေးခြင်း စသည် စသည်တွေ အကျိုးရှိကြ၏။
သူ၏ ဘုန်းလက်ရုံးအောက်မှာ ခိုဝင်လုပ်ကိုင်နေသူ လင်ရှိအမျိုးသမီး အလုပ်သမား ထဲမှာလည်း အိမ်တော်ပါ ထားရာနေ၊ စေရာလုပ်၊ သေဆိုသေ၊ ရှင်ဆိုရှင်၊ ထိုင်ဆိုထိုင်၊ ထဆိုထ၊ ကုန်း ... ဆို ... ကုန်း ... ကွဆိုကွ၊ လုပ်သမျှ မငြိုမငြင်သူဆိုလျှင် ရွှေလက်ကောက်တွေ မချွင်ချွင် မြည်လာ ကြသည်ဟူ၍ အလုပ်တိုက် သားအားလုံး နားလည်သိရှိပြီးသားဖြစ်နေသည်။

ဤသတင်းများကို အယ်ဒီတာ မောင်သန်းညွန့်ခေါ်ထုတ်သွားပြီးမှ တဖြည်းဖြည်း ကျမနားသို့ အသစ် အဆန်း ကြီးပမာ သတင်းတခုပြီးတခုသိရှိလာရခြင်းဖြစ်ပါသည်။ ကျမက ဟုတ် မဟုတ် ပြန်ပြန် မေးတိုင်း လည်း အယ်ဒီတာ မောင်သန်းညွန့်ကဖုံးမရတော့သည့်အတူ ဟုတ်မှန်ကြောင်း သူသိသမျှကိုလည်း ဖြည့်စွက် ပြောပြပါသေးသည်။ ကျမသည် လူနေမရှိသောအခါ အိမ်သစ်ကလေးအား တံခါးများ ပိတ်လျက် လူဝင် ပေါက်ကိုပါ သော့ခတ်ထားခိုင်းလိုက်ပါသည်။

ကျားငစဉ်းလဲကြီးထောင်ချောက် ဆက်ရန်
.

6 comments:

Anonymous said...

မြန်မြန် ဇာတ်သိမ်းပါတော့ ဗျို့ ဖတ်ရတာ မောလှပြီ ၊ စာရေးသူ နဲ့ အပြိုင်လိုက်ခံစားရတာ မလွယ် ဘူး၊ ကြာရင်သွေးတိုးပါရောဂါ အလိုလိုရနိုင်တယ် ။တင်ပေးတဲ့ အစ်မ ကို လည်းကျေးဇူးတင်ပါတယ်

အတီး said...

ဟီးဟီး.. ဖတ်ရင်း ရီရတယ်။ ပို့စ်အဟောင်းတွေပါ ပြန်ဖတ်နေတာ။ ဒီအဘွား ငယ်ငယ်က အိမ်မှာ ဈေးလာရောင်းတဲ့ ဈေးသည်တွေက မောင်မောင်တို့၊ ခင်ခင်တို့၊ ကိုယ်တော်လေးတို့၊ မုန့်သည်လာပြီဘုရာ့ လို့ ပြောရောင်းရတယ်ဆိုတော့ ရီရတယ်။ ကိုယ်တော်လေးဆိုပြီး ဘုရင့်သားလဲဟုတ်ဖူး။ ဈေးသည်တွေကတော့ မုန့်ရောင်းချင်တော့ သေနာလေးများဘုရာ့။ မုန့်မျိုဖို့ ဝယ်ကြပါ ..ပြောခိုင်းရင်လဲ ပြောမှာပဲ။

အိမ်ဖော်သားသမီးတွေကလဲ ကလေးချင်း ဘုရားထူုးရတယ်ဆိုတော့ အပေါခံပြီးကို အမြှောက်ကြိုက်ကြတာပဲ။

Anonymous said...

ဆရာမကြီးဟာ ဘုရားတရား သိပ်လုပ်နေပေမယ့် ဒေါသကို မထိန်းနိုင်သေးဘူးလို့ အစ်မတစ်ယောက် ကွန်မန့်ရေးထားတာ တွေ့လို့ ကျွန်တော့်မြင်မိတာလေး ပြောချင်ပါတယ်။

ဆရာမကြီး ဘုရားတရား လုပ်တယ်ဆိုတာ သူကိုယ်တိုင် ပြန်ပြောတာပါ။

အာသဝေါ မကုန်သေးကြပေမယ့် ဘုရားတရား တကယ်လုပ်ရင် လောဘတွေ ဒေါသတွေက အနည်းနဲ့အများ controll လုပ်နိုင်ကြပါတယ်။

ပုတီးစိပ်တိုင်းလဲ ဘုရားတရားလုပ်တယ် ပြောလို့ မရဘူး။ ဘုရားဂုဏ်တော် တစ်နေကုန်စိပ်ပြီး ဘုရားစကား တစ်ခွန်းမှ နားမထောင်ဘဲ အိမ်ဖော်တွေကို နှိပ်စက်နေတဲ့ အိမ်ကြီးရှင်တွေဆို ဘုရားတရားသမား ဘယ်လိုခေါ်မလဲ။ ဂါထာတွေ တစ်နေ့အခေါက်တစ်သောင်း ပါးစပ်အမြုပ်ထွက်အောင် ရွတ်လဲ တစ်ခေါက်စာတောင် စိတ်ထဲက တကယ်လိုက်နှလုံးမသွင်းရင် ဘုရားတရားလုပ်တယ် မခေါ်ပါဘူး။ နီးရာလူကို အနိုင်ကျင့်ပြီး မေတ္တာသုတ်ကို နေ့စဉ် ကျားလိုက်သလို ရွတ်နေရုံနဲ့ မေတ္တာသမား မဟုတ်သလိုပေါ့။

ဆရာမကြီး ပုလင်းတွေနဲ့ ပစ်ပေါက်၊ အော်ဟစ် လုပ်တာကို ကျွန်တော် အပြစ်မတင်ချင်သေးပါဘူး။ သွေးဆူလာရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဆရာမကြီး ရေးတာကို သေချာ ဖတ်ကြည့်ပါ။ သူများမကောင်းကြောင်းတွေ ပြည့်နေတော့ ဒါ ဘုရားတရား သိပ်လုပ်တယ်လို့ ပြောရလောက်အောင် မရင့်ကျက်သေးဘူးပဲ မြင်ပါတယ်။

တရားဓမ္မ တကယ်အားထုတ်တဲ့သူတွေဟာ သူများမကောင်း သိပ်မပြောတော့ဘူး။ ဖြေရှင်းတဲ့အနေနဲ့ မလွှဲသာလို့ ပြောရရင်တောင် လိုတိုရှင်းပဲ။ ဆရာမကြီးက သူ့အမျိုးတွေ၊ သတင်းစာတိုက် ဝန်ထမ်းတွေ၊ အိမ်က အလုပ်သမားတွေ အတင်းကို စာအုပ်ရေးထုတ်သလို ဖြစ်နေတယ်။ ဟိုလူတွေက သူ့လို စာရေးဆရာ မဟုတ်တဲ့ သူများလက်အောက်ခံ ငမွဲတွေဆိုတော့ သူပြောတာ မှန်မမှန် ပြန်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဘာသာရေးအမြင်အရကို ဒါ တစ်ဖက်စောင်းနင်း အနိုင်ကျင့်ရာ ရောက်ပါတယ်။ ဆရာမကြီးဟာ တကယ်တော့ တရားမရှိသေးရှာပါဘူး။

ဝင်ပြောရတာက ဒီစာအုပ် ဖတ်ပြီး ဘုရားတရားနဲ့ တကယ် မွေ့လျော်နေတဲ့ လူကြီးသူမတွေကို အထင်သေးသွားကြမှာ စိုးရိမ်လို့ပါ။

ဆရာမကြီး ကောင်းရာသုဂတိ လားပါစေ။

Anonymous said...

သတင်းစာတိုက် တစ်ခုလုံးက ဒေါ်ခင်ခင်လေးကို ဆန့်ကျင်တယ်ဆိုဒါ ဘာကြောင့်များလဲလို့။

ဆရာမကြီး ဒေါ်ခင်ခင်လေးစာထဲ ပါတဲ့အတိုင်း မျိုးရိုးမာန် တက်နေတာ မျက်စိနောက်စရာ ဖြစ်နေလို့များလား။ နဂါးဗိုလ်ထိပ်တင်ထွေးတို့၊ တော်ဘုရားလေးတို့၊ မြင်းမှူးမင်းသားကြီးသား ဦးမောင်မောင်တင်တို့လို မင်းမျိုး စာရေးဆရာတွေတောင် သာမန် အရပ်သားတွေလို နေစားသုံးနှုန်းနေတဲ့ခေတ်ဆိုတော့...

ဦးအုန်းခင်ဖက်ကကျတော့ ဒါကို သိပ်အထင်ကြီးချင်မှ ကြီးမယ်။ ဘုရင်ခေတ်က ဝန်ထောက်ဆိုတာ သူတို့ ပါလီမန်ခေတ် အတွင်းဝန်လောက်ပဲ ရှိတာပဲ။ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေနဲ့တောင် တန်းတူ ဆက်ဆံနေတဲ့ ဦးအုန်းခင်က ဆရာမကြီး ဝန်ထောက်မြေးဖြစ်နေတာကို ပြားပြားဝပ် ရိုသေနေမှာတော့ မှုတ်ဘူး။

Nyein said...

ကျမကတော့ ဒါကိုအချစ်ကြီးလို့အမျက်ကြီးတယ်ဆိုသလိုမျိုးဖြစ်ပီး မညှာမတာကိုရေးတော့တာပဲလားလို့ မြင်မိတယ်။ မုန်းနေတဲ့အချိန်မှာရေးခဲ့တာဆိုတော့ ချစ်တဲ့အကြောင်းတော့ဘယ်ပါမလဲ။ ဒါပေမယ့် လူတယောက်ကို မချစ်ပဲတော့အနှစ်၂၀ ကျော်ပေါင်းသင်းနိုင်မယ်မထင်ဘူး။ ဒီလို လက်တွဲဖော်ကသစ်စာမရှိဖူးလို့ သိလိုက်ရတဲ့အချိန်မှာတော့ ဒေါသ မာနာ ဘာကိုမှမထိန်းနိုင်တော့ပဲ ဒီလိုပဲရေးဖြစ်သွားတယ်ထင်ပါတယ်။ မာနကြီး၊ဒေါသကြီးတတ်တာလဲပါမယ်ပေါ့။ ဒါကတော့ သောတပန်မဖြစ်သေးသရွေ့ပျောက်နိုင်ခဲပါတယ်လေ။ ဒီလောက်လူတယောက်အကြောင်းမကောင်းတာကို ပက်ပက်စက်စက်ရေးထားတာ ဘာလို့ထုတ်ဝေခွင့်ရလဲဆိုတာလဲစဉ်းစားစရာ။ ဒီစာအုပ်ထုတ်ချိန်မှာ ဦးနေ၀င်းအစိုး၇တက်နေပီထင်တယ်။ ဦးနေ၀င်းနဲ့ဦးအုန်းခင်ကလဲ မရွှေစင်ဦး ပထမပိုင်းမှာရေးပြထားသလိုဇာတ်လမ်းတွေရှိတော့ media ကို media နဲ့ပဲပြန်တိုက်သလို စာအုပ်ထုတ်လို့ရတယ်ထင်တယ်နော်။ ဘယ်သူဖြစ်ဖြစ်ဒီစာအုပ်ဖတ်ပီးသွားရင် ဦးအုန်းခင်ပေါ်ထားတဲ့ impression ကနဲနဲတော့ပြောင်းသွားမှာပဲကိုး ။ နောက်ပိုင်းဘာဆက်ဖြစ်လဲသိချင်လိုက်တာ

မေဓာဝီ said...

အပေါ်က anonymous ရှင့် ...
< ဒဂုန်ခင်ခင်လေးလဲ တရားတွေ ဘယ်လောက်လုပ်နေပေမဲ့ မာန် မာန ဒေါသကတော့ မလျှော့နိုင်ဘူးနော်။ >
အဲဒီလို ကျမရေးခဲ့တာပါ။ ကျမရေးလိုရင်းက သူ့စာထဲမှာ ဖတ်ရတဲ့အတိုင်း သူက ဒါန သီလ သမထ (ပုတီးစိပ်ခြင်း ကိုဆိုလိုပါတယ်) တွေ လုပ်နေတာကို တွေ့လို့၊ ပြီးတော့ ငယ်စဉ်ကတည်းက အဘွားရဲ့ ဆိုဆုံးမမှုကို ခံယူပြီး ဘာသာရေးကို နားလည်ယုံကြည်သူ တယောက်ဆိုတာလဲ ဖတ်ရလို့၊ သူဟာ တရားကို သိပြီး ကောင်းမှုတွေ လုပ်နေတဲ့ သူပင် ဖြစ်ပေမယ့် မိမိရဲ့ သန္တာန်မှာ အမြစ်တွယ်နေတဲ့ မာန်မာန ဒေါသကို မလျှော့နိုင်ဘူး၊ သူက တရားကို သိသာသိပြီး မကျင့်တာကို တွေးမိလို့ အဲဒီလို ရေးလိုက်မိတာပါပဲ။

ဒဂုန်ခင်ခင်လေးကို ကျမက မမီလိုက်တော့ သူပြန်ရေးပြသလောက်ပဲ သိတာပေါ့ရှင်။ တရားနဲ့ မွေ့လျော်နေတဲ့ လူကြီးသူမတွေကို အထင်သေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမှတ်ချက်ရေးခဲ့ခြင်းမဟုတ်ပါဘူး။

လောဘ ဒေါသ မောဟ ဆိုတာက သောတာပန်တောင် ကင်းနိုင်သေးတာမဟုတ်ပါဘူး။ လျော့နည်းသွားရုံပဲ ရှိပါသေးတယ်။ သာမာန်လူတယောက်ဟာ သောတာပန်လား ပုထုဇဉ်လားဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ ခွဲခြား သိနိုင်ဖို့ ခက်ပါတယ်။

ဒဂုန်ခင်ခင်လေးက သေသွားတာ ကြာပါပြီ။ သူလုပ်ခဲ့ ကောင်းမှု မကောင်းမှုက သူ့နောက် ပါသွားမှာပါပဲ။ ဒီစာအုပ်ကို ငယ်ငယ်က ဖတ်တုန်းက အမြင်နဲ့ ခုတခါ ထပ်ဖတ်တော့ မြင်တဲ့ အမြင်နဲ့ မတူတော့ဘူး။ သူ့စာဖတ်ပြီး ကျမကတော့ သံဝေဂပဲ ရမိပါတယ်။