ဝမ်လန်းသည် ဤအကြိမ်တွင် ဦးလေး၏မိန်းမကို တိုင်ပင်ခြင်းမပြုပေ။ ဦးလေး၏မိန်းမမှာ မိမိယူထား သော ကြာပဒုံလို မိန်းမစားမျိုးကို ရှာဖွေရေး၌သာ သင့်လျော်လျက်၊ သားအတွက် ဇနီးလောင်းရှာဘို့ ကိစ္စမျိုး နှင့်ကား မတန်ဟု အောက်မေ့မိ၏။
သို့ဖြင့် ရက်လတွေကြာညောင်းကာ လာခဲ့လေ၏။ မိုဃ်းမှဆောင်း၊ ဆောင်းမှမိုဃ်းသို့ ပြန်၍ ရောက်လာ လေ၏။ ထိုအချိန်တွင် ၀မ်လန်း၏သားအကြီးမှာ အမူအယာတွေ ထူးခြားပြောင်းလဲ၍ လာလေ၏။ အမြဲ သဖြင့် ငေးမှိုင်တွေဝေနေသည်ကို တွေ့ရလေ၏။ အစဉ်သဖြင့်လည်း စိတ်တိုနေလျက်၊ အစားအသောက် တွင် ဂျီးများခြင်း၊ စာထဲတွင် စိတ်မ၀င်စားခြင်း စသည့် ဖောက်ပြန်ခြင်းများကို တွေ့ရမြင်ရလေ ရာ၊ ၀မ်လန်း မှာ ထိတ်လန့်လျက် စဉ်းစား၍ မရနိုင်အောင် ဖြစ်နေလေ၏။
ဘယ်အဖြစ် ဆိုက်နေသည် ကို မသိရ ''ထမင်းစားလေကွယ်''ဟု ဘခင်ဖြစ်သူက ပြောလျှင်မစားဘဲ ဇွတ်ခံ လျက်စိတ်ကောက်နေ တတ်၏။ ပြောမရသဖြင့် ၀မ်လန်းစိတ်ဆိုးလျှင် သူလည်း ငိုယိုကာ အခန်းထဲမှ ထွက်သွား တတ်လေ၏။ ထိုအခါ ၀မ်လန်းမှာ အံ့သြ၍နေမိလေ၏။ သားနောက်သို့လိုက်သွားလျက် ''ငါဟာ မင်းအဘေ ပါကွယ် ငါ့ကိုပြောပြစမ်းပါ မင်းဘာဖြစ်နေတာလဲ''ဟု ချော့ချော့မော့မော့ မေးမြန်းသည့်တိုင် သားဖြစ်သူ မှာ ဘာမှပြန်မပြော၊ ရှိုက်ငင်၍သာနေတတ်လေ၏ ကျောင်းမှ ကျောင်းဆရာကြီးကိုလည်း သဘော မကျ ဖြစ်နေပုံရလျက်၊ မနက်မိုးလင်းလျှင် ကျောင်းမသွားဘဲ အိပ်မြဲအိပ်၍နေလေ၏ ၀မ်လန်းက အော်ငေါက် ၍သော်၎င်း၊ တခါတရံ ရိုက်နှက်၍သော်၎င်း လွှတ်မှ ကျောင်းသို့မှုံကုပ်ကုပ်အောက်သိုးသိုးနှင့် ထွက်သွား တတ်လေ၏။
သို့သော် တခါတရံကျောင်းသို့ ရောက်အောင်မသွား၊ လမ်းမှာသာ လယ်ပတ်ခါဖြင့် အချိန်ဖြုန်းနေလေ့ရှိ၏ အစ်ကို ဒီကနေ့ ကျောင်းမတတ်ဘူးအဘေဟု သားငယ်ကပြန်ပြောမှသာ ကျောင်းပြေးနေကြောင်းကို ၀မ်လန်း သိလေ၏ ထိုအခါ ငါအလကားသက်သက် ကျောင်းလခအကုန်ခံနေရမှာလားဟင် ဟု ဒေါသ ထွက်ထွက် နှင့် ရိုက်နှက်မိပြန်၏ ရိုက်သံနှက်သံကြောင့် အိုလင်ပြေးထွက်လာပြီး၊ သားအဘ နှစ်ယောက် အကြား ရပ်လိုက်လျှင် တုပ်ချက်မှာ သားအပေါ်တွင် မကျ မယားအပေါ်၌သာ ကျလေ၏ ထူးခြားချက် တရပ် ကား၊ "နန်းအင်" (၎င်းမှာအဆိုပါသားအကြီး၏ နာမည်ပင်ဖြစ်ပေသည်)မှာ ယခု တလောအခြား ကိစ္စများ၌ မျက်ရည်လွယ်သလောက်၊ ဤသို့ အရိုက်ခံရသောအခါမျိုးတွင် မျက်ရည်တပေါက်မကျ ကျောက်ရုပ် လို မတုန်မလှုပ်ရပ်၍ ခံလေ့ရှိခြင်းပင် ဖြစ်လေ၏ သို့ဖြစ်လေရာ ၀မ်လန်းမှာ သား၏ဖြစ်အင်ကို စဉ်းစား၍ မရနိုင်ဘဲ ခေါင်းရှုပ်၍သာနေလေသတည်း။
တခုသောညနေ ညထမင်းစားပြီးအချိန်တွင် ၀မ်လန်းသည် စဉ်းစား၍မရသောသား၏ ပြဿကို ထိုင်၍ စဉ်းစား နေမိပြန်၏ ထိုနေ့တွင်လည်း နန်းအင်မှာ ကျောင်းသွားရန် ညင်းဆန်နေပြန်သဖြင့် ရိုက်နှက်၍ လွှတ်လိုက် ရပြန်လေသည်။ ၀မ်လန်းသည်ထိုအကြောင်းကို ထိုင်၍စဉ်းစားနေမိစဉ် အိုလင်သည် တစုံတရာ ပြောလို ဟန်ဖြင့် အနီးသို့ဖြည်းညင်းစွာ ကပ်၍လာလေ၏
ဘာလဲကွဲ့ အိုလင် သြော်တော့် သားအကြောင်းပြောမလို့ပါ၊ သူ့ကို အခုလိုရိုက်ရိုက်နေဘို့အပိုဘဲ ကျုပ်တို့ အိမ်မှာ နေတုံးသူဌေးကြီးရဲ့ သားကလေး တွေ သူလိုဖြစ်ဖြစ် နေတာတွေ့ဘူးတယ်၊ ဘယ်အရာမှ စိတ်တိုင်း မကျ စိတ်ဟာ အမြဲတိုပီး သူတို့အမူအရာတွေ ပြောင်းလဲလာပီဆိုရင် သူဌေးကြီးက ကျွန်မ ကလေးတွေ ရှာပေး လိုက်တာဘဲ ဒီတော့မှ အလို ပြည့်ပြည့် သွားတွေ့ရတယ်
‘အို-ဒါမျိုး လုပ်ဘို့မလိုပါဘူးကွာ။ ငါငယ်ငယ်တုန်း ကများ ဒီစိတ်မျိုး တခါမှမပေါ်ခဲ့ဘူးပါဘူး။
ဒီိလိုလဲ တငိုငိုတရီရီနဲ့ စိတ်ကောက်စိတ်တိုမနေမိပါဘူး၊ မင်းပြောသလို ကျွန်မကလေး တွေလဲ ငါမယူခဲ့ဘူးပါဘူး’
ဟုတ်တော့ ဟုတ်ပါတယ်၊တခြား လူပျိုပေါက်ကလေးတွေတော့ အခုလိုဖြစ်တာ တခါမှမ တွေ့ပါဘူး၊ သူဋ္ဌေးသား လူပျိုပေါက်ကလေးတွေလောက်ဘဲဖြစ်ကြတာ၊ တော်ငယ်ငယ် တုန်းကတော့ လယ်ထဲ ဆင်းအလုပ် လုပ်နေရတာကိုး၊ ဘယ်ဒီလိုစိတ်မျိုးပေါ်မလဲ၊ တော်သားကတော့တောလို မဟုတ်ဘူး၊ သူဋ္ဌေးသား တယောက်ဖြစ်နေပီ၊ အိမ်မှာ ဘာမှ မလုပ်ဘဲနေရတော့ပျင်းမှာပေါ့။
ဝမ်လန်းမှာ အံ့သြ၍ုသွားလေ၏။ စဉ်းစားကြည့်မိသောအခါ အိုလင်ပြောသည့်အတိုင်း မှန်ကန်ကြောင်း သိမြင်လာလေ၏။ မိမိလူပျိုပေါက်တုံးကမူ နေထွက်မှ နေ၀င် လယ်ထဲ၌ နွားနှင့် ဘက်ရုန်းနေခဲ့ရသည်ဖြစ်၍ အလုပ် ၌သာ စိတ်ဝင်စားခဲ့၏။
လူပျိုပေါက်ဘို့ ဓမ္မတာ၊ ထွေလီကာလီစိတ်ကူးချိန်မရခဲ့ပေ။ ‘ဒါပေမဲ့ ငါ့သားကျတော့ ငါနဲ့တူတာမဟုတ်ဘူး၊ သူက နွဲ့တယ် ငါကကြမ်းတယ် သူ့အဘေက ချမ်းသာတယ် ငါ့အဘေကတော့ ဆင်းရဲ တယ်၊ ဒီတော့ကာ သူ့မှာ အလုပ်မလုပ်ရဘူး၊ ငါ့တုံးကသာ နွားနဲ့ဘက်ရုန်းခဲ့ရတယ် ဒီတော့ ထမှာကြွမှာဘဲ’ဟု တွေးတော ပြီးလျှင် အိုလင်အား၊
‘အေး- ငါ့သားဟာ သူဋ္ဌေးသားဖြစ်ချင်သာဖြစ် ကျွန်မတော့ သူ့အလိုပြည့်အောင် ၀ယ်မပေး နိုင်ဘူး၊ ငါစောစော စီးစီး မိန်းမစပ်ဟပ် ပေးစားလိုက်မယ်’ ဟု ပြောဆိုကာ ကြာပဒုံ အဆောင်သို့ ကူးသွားလေ၏။
နှစ်ဆယ့်သုံး
ခါတိုင်းကဲ့သို့ မိမိအား အရေးတယူမရှိလှဘဲ မျက်နှာမသာမယာနှင့် ၀င်လာသော ၀မ်လန်းအား မြင်လျှင် ကြာပဒုံ မှာ စိတ်ကောက်၍သွားလေ၏။
"ဘာမှ မကြာသေးဘူး အခုလိုကြာကြာ့ကို အရေးမစိုက် လုပ်တော့မယ်မှန်းသာ အစကသိရင် ကြာကြာ ဒီကိုတောင် လိုက်မလာဘူး ဟော်တယ်မှာပဲနေမှာ"ဟု ပြောကာ တဘက်သို့ လှည့်သွားပြီး မျက်နှာ ကလေး ကို ထောင့်ကပ်လျက် ၀မ်လန်းအား ကြည့်လေ၏။
ထိုအခါ ၀မ်လန်းက ရယ်မောလျက် ကြာပဒုံ၏လက်ကလေးကို ကောက်ဆွဲလိုက်ပြီး မျက်နှာတွင်အပ်၍ နမ်းရှုတ် လိုက်တာ-
"ကွာ... အင်္ကျီအနားထဲ ထည့်ချုပ်ထားတဲ့ ကျောက်မျက်ရွဲကလေးကို ဘယ်မှာ အမြဲတကြည့်ထဲ ကြည့် နေနိုင်ပါ့မလဲ ဒါပေမဲ့ အင်္ကျီထဲက ကွယ်ပျောက်သွားရင်တော့ အိမ်မြှောင်အမြီးပြတ် သလိုဖြစ်နေမှာပေါ့"ဟု ပြောလျက် သားဖြစ်သူ၏ စိတ်ပျောင်းလဲနေပုံ အကြောင်းနှင့် မိန်းမပေးစားရန် ကြံရွယ်သည့်အကြောင်းကို ပြောပြ လိုက်လေ၏ ထိုအခါ ကြာပဒုံက-
"ကြာကြာ ဟော်တယ်မှာ နေတုံးက ကြာ့ကြာ့ဆီကို ခဏခဏ လာတဲ့လူတယောက်ရှိတယ် သူလာတိုင်း လာတိုင်း ကြာကြာ့ကို သူ့သ္မီးကလေး ဟာလေ ကြာကြာ့လိုဘဲ လှသတဲ့ ဒါပေမဲ့ ခလေး ကလေး ရှိသေးတယ် လို့ပြောတယ် သူကလေ ကြာကြာ့ကို 'ကျုပ်မင့်ကို ဘယ်လိုချစ်မှန်းမသိဘူးကွာ မင်းကိုလေ ကိုယ့်သ္မီး ကလေးများလား အောက်မေ့မိတယ် ကျုပ်သ္မီးနဲ့ မင်းနဲ့ သိပ်တူတာဘဲ၊ အဲဒါကြောင့် မင့်ကို ချစ်ရတာ သိပ်ခက်တာဘဲ' လို့ ပြောပီးကြာကြာ့ကို ချစ်ရက်နဲ့ 'နှင်းမလော'ဆိုတဲ့ ကောင်မဆီကိုသာ သွားတော့ တာဘဲ"ဟု ပြောလေ၏။
"အဲဒီလူက ဘယ်လိုလူမျိုးလဲ"
"လူကောင်း ပါမောင် ငွေလဲနှမြောတဲ့လူမဟုတ်ဘူး သူ့ကိုအားလုံးက ခင်တာဘဲ တခြားသူတွေကိုလဲ မရမ်းဘူး စကားပြောလဲ သိပ်နူးညံ့တာဘဲ"။
"ဘာအလုပ် လုပ်သတဲ့လဲ"၊
"အဲဒါတော့ ကြာကြာမသိဘူး ဒါပေမဲ့ စပါးကုန်သည် ဆိုလား ဘာဆိုလားဘဲ ဥသြမယ်တော့ သူ့အကြောင်း ကောင်းကောင်း သိတယ်"။
ထိုနောက် ကြာပဒုံသည် လက်ခုပ်တီးလိုက်ရာ ဥသြမယ်သည် မီးဖိုထဲမှ ပြေးထွက်လာပြီး ကြာပဒုံရှေ့၌ လာရပ် နေလေ၏ ထိုအခါ ကြာပဒုံက။
"အဲဟို ကိုယ့်ဆီခဏခဏလာနေတဲ့လူကြီးဟာ ဘယ်သူလဲကွ အိုကွာ ကိုယ့်ကို သူ့သ္မီးကလေးနဲ့ တူတယ်-တူတယ်လို့ ပြောပြောနေတဲ့လူကြီးဟာလေ"။
"သြော်စပါးကုန်သည် လိုင်ယူ ကို မေးတာလား သိပ်သဘောကောင်းတဲ့လူကြီးဘဲ ကျမကို တွေ့တိုင်း ပိုက်ဆံ ပေးပေး သွားတယ်"ဟု ဥသြမယ်က ပြောဆိုလေ၏။
"သူ့ စပါးဒိုင်က ဘယ်နေရာမှာလဲ"
"တံတားလမ်းမှာ"
"အာ-(၀မ်လန်းသည် အားရပါးရ လက်ခုတ်တီးလျက်)စပါးတွေ ရောင်းရောင်းနေတာ သူ့ဆီမှာပေါ့ ဒီလို ဆိုရင် အတိုင်းထက်အလွန်ပေါ့ကွာ ကိစ္စပီးနိုင်တာပေါ့"
ထိုအခါ ဥသြမယ်က ငွေရပေါက်ကိုမြင်၍ မိမိသည် ဆရာ့ကိစ္စအတွက် ကူညီရန်အသင့် ရှိကြောင်း ပြောဆိုလေ၏။ ကြာပဒုံလည်း ကြောင်းလမ်းရန်ကိစ္စကို ဥသြမယ်သို့လွှဲရန် ထောက်ခံ ပြောဆိုလေ၏။ သို့သော် ၀မ်လန်းသည် ဤကိစ္စမှာအရေးကြီးသော ကိစ္စဖြစ်သည်တကြောင်း ဥသြမယ်ကိုလည်း ကောင်းစွာ စိတ်မချသည့် တကြောင်းကြောင့်၊ ၄င်းတို့ပြောသည့်အတိုင်း မလိုက်နာဘဲ ဤကိစ္စကို မိမိ အချိန် ယူ၍ စဉ်းစားမည်ဖြစ်ကြောင်း ပြောဆိုလျက် ရက်ဆိုင်း၍ နေခဲ့လေ၏။
ဤသို့ ရက်ဆိုင်းကာ အကြံယူနေသည့်အတွင်း၊ တခုသောနံနက် ဝေလီဝေလင်းလောက်တွင် သူငယ်ပျို တယောက်သည် အရက်မူးလျက် ၀မ်လန်း၏အိမ်ထဲသို့ ယိမ်းယိုင်ကာဝင်ရောက် လာလေ၏ ၀မ်လန်းလည်း ခြေနင်းသံ မူမမှန်သဖြင့် ထွက်ကြည့်သောအခါ သားတော်မောင် နန်းအင်ကို တွေ့ရလေ၏ နန်းအင်မှာ အလွန် အလွန် မူးမူး၍နေလေ၏ ၀မ်လန်းရှေ့သို့ ရောက်သောအခါ ဝေါ့ကနဲ ထိုးအံပြီး အံဘတ်တွေထဲ၌ လဲကျ သွားလေ၏။
ဝမ်လန်းသည် အိုလင်ကို လှမ်းခေါ်ပြီး သားတော်မောင်၏ ဖြစ်အင်ကိုပြလေ၏။ အသေလို ငြိမ်နေသော နန်းအင် အား အိုလင်သည် အံဘတ်တွေထဲမှ ဆွဲထူပြီး ရေမိုးချိုးပေးကာ မိမိအိပ်ယာထဲသို့ သွင်းသွား လေ၏။ ထိုအချိန်တွင် သားအငယ် နန်းဝင်မှာ အိပ်ရာမှထကာ သန်းဝေလျက် ကျောင်းသို့ ယူသွားရန် စာအုပ် များကို အ၀တ်ကလေးနှင့်ထုပ်၍ နေလေ၏။
"ညက မင့်အစ်ကို မင်းနဲ့အတူတူမအိပ်ဘူးလား"
"မအိပ်ဘူး" ဟု နန်းဝင်က ပြန်၍ဖြေလေ၏ ၄င်း၏အမူအရာမှာ ကြောက်လန့်နေပုံရလေ၏။
"နို့ဘယ်သွားတာလဲသူ" ဟု ၀မ်းလန်းက ငေါက်၍မေးလိုက်သောအခါ နန်းဝင်သည် မဖြေဘဲ မြုံ၍နေလေ၏ ဇက်ကို ကိုင်၍လှုပ်လိုက်ပြီး။
"ဘာမြုံနေသလဲ ငါ့ကိုပြောစမ်း ခွေးကောင်ကလေး"ဟု ထပ်ငေါက်လိုက်မှ ထိတ်လန့်သွားလျက် ရှိုက်ငင်ရင်း။
"အစ်ကို က အဘေ့ကို မပြောရဘူးလို့ ပြောတယ် ပြန်ပြောရင်ရိုက်မယ်တဲ့ မီးဖုတ်ထားတဲ့ အပ်နဲ့လဲ ထိုးမယ် တဲ့ မပြောဘဲနေရင် ပိုက်ဆံပေးမယ်တဲ့"။
"ဘာပိုက်ဆံ ပေးတယ် ဒီမသာကောင်ကလေး ညက ဒီအကောင်ဘယ်သွားအိပ်သလဲ ပြောစမ်း ငါ့ကို"။
ထိုတွင် နန်းဝင်မှာ လိမ်မာ၍ သွားလေ၏ အကိုထံမှ နုတ်ပိတ်ပိုက်ဆံမရမီ ယခုလတ်တလော ဘခင် ဖြစ်သူ က လည်စိညှစ်၍ သေတော့မည့်အရေးကို ပြေး၍မြင်လေ၏။ ထိုအခါထိတ်လန့်လျက် အနီးပါတ်ဝန်းကျင်ကို ထိတ်ထိတ် ပြာပြာ လှည့်ကြည့်ရှာရင်း။
"အစ်ကိုအိမ်မှာ မအိပ်တာ ၃ညရှိပီ ဘာလုပ်မှန်းတော့ ကျွန်တော်မသိဘူး သူသွားတာတော့ အဘေ့ ဦးလေးသား နဲ့ အတူတူသွားတာဘဲ"ဟု ဖြောင့်ချက်ပေးလေ၏။
သား၏ ဂုတ်ကိုကိုင်ထားသော ၀မ်လန်း၏လက်များမှာ လျော့ပြေ၍သွားလေ၏ ထိုအခန်းထဲမှ ချာကနဲ လှည့်ထွက်ခဲ့လေ၏။ ၄င်း၏ခြေထောက်များမှာ ဒေါသဆောင်လျက်ရှိသော ကိုယ်ကြီးကို ဦးလေးဖြစ်သူ၏ အခန်းဘက် သို့ သယ်ယူလျက်ရှိလေ၏။ ထိုအခန်းထဲ၌ ဦးလေးဖြစ်သူ၏ သားကိုတွေ့ရလေ၏ တူတော် မောင်မှာ အရက်နံ့တထောင်းထောင်းနှင့် မျက်နှာတွေ နီရဲလျက်ရှိလေ၏ သို့သော် ၄င်းမှာ နန်းအင်ထက် အသက် လည်းကြီး ၀ါလည်းရင့်နေပြီ ဖြစ်ရကား နန်းအင်လောက် ဣနြေ္ဒမပျက်ပေ။
"မင်းငါ့သားကို ဘယ်ခေါ်သွားသလဲ"၊
ထိုအခါ တူတော်မောင်က မျက်နှာထားနှင့်၊
"ခင်ဗျားသား ခေါ်သွားဘို့တောင်မလိုဘူး သူ့ဘာသာ သူသွားတာဘဲ"ဟု ပြန်ဖြေလေ၏ ၀မ်လန်းမှာ ထို သူငယ် ကို ကြီးစွာရွံ့မုန်းမိလေ၏ နေပုံထိုင်ပုံပြောပုံဆိုပုံမှအစ မောက်တောက်တောက် မာတာတာ မခန့်လေးစား ရှိလှသော မျက်နှာကိုကြည့်ပင်မကြည့်လို သတ်၍ပင်ပစ်ချင်စိတ်ပေါ်မိ လေ၏။
"ငါ့သား ညက ဘယ်သွားနေတာလဲ"။
အသံမှာ တော်လဲသလို ကြောက်ဖွယ်ကောင်းလှရကား၊ တူတော်မောင် မှာ လန့်၍သွားလေ၏ မျက်နှာကို မှုံကုတ် ကုတ်ကြီး လုပ်လျက် မခိုးမခန့်အမြင်ကပ်စရာ ကောင်းလှသော မျက်လုံးများလို မျက်လွှာဖြင့် ဖုံးလိုက်ပြီး။
"ခင်ဗျားသား အခု ဟွမ့်အိမ်ကြီးမှာ ရောက်နေတဲ့ မကောင်းတဲ့မိန်းမတယောက်ဆီ သွားနေတာ"
"အောင်မယ်လေးဗျာ"
ဝမ်လန်းသည် သတင်းမွှေးနေသော ထိုမိန်းမအကြောင်းကြားဘူး၏ ထိုမိန်းမမှာ ငယ်ငယ်ရွယ်ရွယ် လည်း မဟုတ် အသက်ကြီးလှပြီဖြစ်၏ နှစ်မီးလန် ပိုးထိုးပုပ်သိုး ဈေးကျ သူဌေးမကြိုက် မင်းမကြိုက်နှင့် ဆင်းရဲသား ပမွှားများသာ ဈေးနည်း၍ လိုက်နေသော အဟောင်းအမြင်းကြီး တယောက်ဖြစ်လေရာ ၀မ်လန်းမှာ ရင်ခေါင်း သံကြီးဖြင့် ဟီးချကာ ညီးလိုက်မိလေ၏။
စိတ်ဆောင် နေသဖြင့် ထမင်းစားရမှန်းပင် မသိတော့ဘဲ ဟွမ့်အိမ်ကြီးသို့ လိုက်သွားလေ၏ ထိုအိမ်ကြီးမှာ ယခုအခါ လူပေါင်းစုံကို အငှားချ၍ ထားလေရာ လူ့ဗြောက်သောက် အိမ်ငှားတို့ဖြင့် ကြက်သရေ ခန်းခြောက် လျက်ရှိလေ၏ ၀မ်လန်းသည် မိမိတွေ့လိုသော မိန်းမကြီး၏ အခန်းကို မေးမြန်းရှာဖွေတွေ့ရှိ၍ အခန်းကို ခေါက်လိုက်သည့်အခါ ပဌမ၌ "အိုညက တညလုံးမအိပ်ရဘူး" ဟု အထဲမှပြန်၍ အော်လေ၏ သို့သော် ၀မ်လန်းသည် တံခါးကိုဆက်၍ ခေါက်မြဲခေါက်လေ၏။
"ဘယ်သူလဲ"
အဖြေမပေးဘဲ ၀မ်လန်းသည် တံခါးကိုဆက်၍ ခေါက်နေသည့်အခါ၊ တံခါးပွင့်လာပြီး မျက်နှာချေ ကွက်ကြား နှင့် မငယ်လှသော မိန်းမတယောက် ထွက်ပေါ်လာလေ၏။
"လက်မခံနိုင် တော့ဘူး ပြောနေတာ လာချင်ရင် ညကျမှ ညကျမှ စောစောလာခဲ့ ခုအိပ်မလို့"
"အို... ငါ့အတွက်မဟုတ်ဘူး မင့်လိုဟာမျိုးလဲ ငါမလိုချင်ပါဘူး၊ ငါ့သား အတွက် အခုလာတာ"
ဝမ်လန်း၏ အသံမှာ ခက်ထန်လျက်ရှိလေ၏။ မြင်နေရသော သဏ္ဍာန်ကို စပ်ဆုပ်ရွံရှာလာ၍လာလေ၏ ပြောရင်း ပြောရင်း သားအတွက် ယူကြုံးမရဖြစ်လာလျက် ငိုသံပါ၍ လာလေ၏။
ဆက်ရန်
.

No comments:
Post a Comment