Friday, April 23, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၈)

အခန်း-၂၇

ဝမ်လန်းမှာ၊ အသုဘကိစ္စဖြင့်၎င်း၊ မင်္ဂလာဆောင်ကိစ္စဖြင့်၎င်း၊ ထိုရက်များအတွင်း၌ လယ်ကိုမေ့ လျော့၍ နေလေ၏၊ တနေ့သ၌ “ချင်း”က ၀မ်လန်းအား၊ ယခုနှစ် ရေကြီးလိမ့်ဦးမည် ထင်ရကြောင်း၊ မိုဃ်း ရာသီ မဟုတ်သေးဘဲနှင့် ပင်လယ်များမှာ ရေ၀င်၍နေပြီဖြစ်ကြောင်း လာ၍ပြောလေ၏။ ဤ တွင်မှ ၀မ်လန်း သည် လယ်ကို ပြန်သတိရလျက် လိုက်၍ကြည့်လေရာ၊ မြို့တံခါးအနီးမှ ဂျုံခင်းများ မှာ မြေမှ ရေစိမ့် ထွက်သဖြင့် သေတော့မည့် အခြေအနေရေ၀ပ် နေသည်ကို တွေ့ရလေ၏။

မြို့တံခါး အနီးမှ ကျုံးများမှာလည်း ရေတဖွေးဖွေးဘောင်းလန်နေလျက်၊ တူးမြောင်းများမှာ မြစ်ကြီးများ သဖွယ် ဖြစ်နေလျက် ရေစီးသန်နေသည်ကို တွေ့ရလေ၏။ ထိုနေ့မှစ၍ ရေမှာ တဖြည်းဖြည်းလျှံ၍  သာလာ ခဲ့ပြီးနောက်၊ မကြာမီ တနယ်လုံးရေဘေးကြီး ဆိုက်ရောက်ပြန်လေ၏။ ဆင်းရဲသားများမှာ ငတ်မွတ်လျက်၊ အောက်အရပ်သို့ ပြေးသူပြေး ဓားပြတိုက်သူတိုက်နှင့် ကပ်ဆိုက်၍ ဒုက္ခကြီးး ရောက်ကြပြန်လေ၏။

ဝမ်လန်းအိမ် နှင့် သင်းချိုင်း မြေကလေးကား၊ ယခင်နှစ်များကကဲ့သို့ပင် ရေမမြုပ်ဘဲ ကျန်ရစ်၏၊ ၀မ်လန်း သည်၊ ရေမကျမချင်း အစားအသောက်အတွက် ဒုက္ခမရောက်စေရန် အိမ်ထောင်ကို ကိုယ် တိုင်ကြည့်ကြပ် အုပ်ချုပ်လျက်၊ အစစအရာရာ ချွေတာ သုံးစွဲစေလေ၏၊ သို့သော် ကြာပဒုံကိုမူ၊ သူများလို အဆင်းရဲ ခံနိုင်ရည် မရှိ…ဟု ဆိုကာ အစားကောင်း အသောက်ကောင်း ကလေးများကို တိတ်တိတ် ခိုး၍ကျွေး၏။ မုတ်ဆိတ်နီ ဓားပြဂိုဏ်းဝင်ဦးလေး တယောက်လုံး အိမ်တွင်ရှိနေသဖြင့် မိမိ တို့ လူဆိုးဓားပြရန်မှ သက်သာရာ ရပေသည်ဆိုကာ ဦးလေးဖြစ်သူနှင့်တကွ ၎င်း၏မယား၊ ၎င်း၏ သားတို့ကိုလည်း ၀မ်လန်း သည်၊ မညည်းမညူ ကျွေးမွေး၍ထား၏။

သို့သော် တနေ့၌ ၀မ်လန်းသည်၊ သားအမိ သားအဘ ၃ယောက်စကားပြောနေသည့်နေရာသို့ အမှုမဲ့ အမှတ် မဲ့ ရောက်ရှိသွားလေရာ၊ သားအမိ၂ယောက်က မိမိကိုမမြင်ဘဲ မိမိ၏ဦးလေး ဓားပြ ကြီးကို တစုံ တရာ တိုက်တွန်းပြောဆိုနေသံများ ကြားရလေ၏။ သား။  ။ “ဟုတ်တယ်ဗျ၊ သူ့မှာ ငွေတွေလဲရှိတယ်၊ ကျွန်တော်တို့ သူ့ဆီက ပိုက်ဆံတောင်းကြရ အောင်၊”
 
မယား။   ။ “ဟုတ်တယ်၊ ဒီအခါမျိုး နောက်ကြုံဘို့ ခဲယဉ်းတယ်တော့၊ တော်တယောက်လုံး မုတ်ဆိတ်နီ ဂိုဏ်းကြီး ရဲ့ ဒုတိယဗိုလ်ဖြစ်နေလို့ သူအခုလို ဧဧဆေးဆေးနေနိုင်တာ၊ နို့မို့ရင်  အိမ် ပေါ်က ဓားပြတိုက် ခံရလို့ လက်လွတ် ဆင်းပြေးရတာ ကြာပီ၊ ဒါကို သူကောင်းကောင်းသိ တဲ့လူတ ယောက်ဘဲ၊”
ဝမ်လန်း ကား ထိုအသံများကို နားထောင်ရင်းတကိုယ်လုံး ဆတ်ဆတ်တုံ၍ နေလေ၏။ သို့သော် မည်သို့မျှ မတတ်နိုင် ရှာပေ။ စိတ်ကိုကြိုးစား၍ ချုပ်တီးကာ တွက်ခဲ့ရလေ၏။ နောက်တနေ့၌ ဦးလေးဖြစ်သူသည် ၀မ်လန်း ထံရောက်လာပြီး၊ “ကွာ-ငါ့တူဦးလေး ဆေးတံကလေးတခုနဲ့ ဆေးကလေး နဲနဲလောက် ၀ယ်ချင် လို့ နောက်ပီးတော့ မင်းအဒေါ်မလဲ တကိုယ်လုံး အစုတ်ထဲကျန်တော့ သူအကျီသစ်ကလေးများ ၀ယ်ချင် လို့ ဦးလေး ကို ငွေနဲနဲပါးပါးလောက် ပေးစမ်းပါကွယ်”ဟု တောင်းလေ၏။ ၀မ်လန်းသည်၊ ဘာမျှ ပြန်မ ပြောဘဲ ငွေ၂ိ ထုတ်ပေးလိုက်လေ၏။

နောက်၂ရက်ကြာပြန်သောအခါ ထိုနည်းတူလာ၍ တောင်းပြန်လေ၏။ ထိုအခါ၌မူ ၀မ်လန်းက “ကျုပ်တို့ မကြာခင် ငတ်အောင် လုပ်နေတာလား”ဟု ပြန်၍အော်လိုက်မိရာ ဦးလေးဖြစ်သူက ဂရု မစိုက်ဟန် နှင့် ရယ်မောရင်း။
“မင်းအခုကောင်းကောင်း အစောင့်အရှောက်ခံနေရတယ် မဟုတ်လား၊ ကြည့်စမ်း မင်းထက်ဆင်းရဲ တဲ့ လူတွေ…။ မကြာ မကြာ အိမ်ထုတ်မှာ ကြိုးဆွဲပီး မီးဖုတ်ခံနေရတာ…။”
ဤသို့ ပြောသည်ကို ကြားရသည်နှင့်တပြိုင်နက် ၀မ်လန်းမှာ ချွေးသီးချွေးပေါက်ကြီးများ ကျ၍လာ လေ၏။ နောက်ထပ် စကားပြောမနေတော့ဘဲ၊ အိတ်ထဲမှ ပိုက်ဆံကိုနှိုက်၍ ပေးလိုက်လေ၏။ ၀မ်လန်းမှာ ရေဘေး အထွက်၊ ရေမကျမီ အစားအသောက်ကို ချွေတာ သုံးစွဲလျက်ရှိရာ၊ အသား ဟင်းကို မစားတော့ ဘဲဖြစ်သမျှ နှင့်ပင် စားသောက်ကြ၏။

သို့သော်လည်း ဦးလေးနှင့် ၎င်းတို့သား အဘ၃ယောက် ကိုမူ အသားဟင်းဝယ်၍ချက်ပေးရ၏။ ၀မ်လန်းမှာ ဆေးလိပ် ဆေးတံ ဆို၍ တခါမျှ မသောက်ဘူးပေ။ ၀မ်လန်း၏ဦးလေးကား…..အိမ်တွင် အငွေ့ တထောင်း ထောင်း နှင့်ဖြစ်နေလေ၏။

ထို ၃ယောက်အတွက်၊ ၀မ်လန်းတဦးတည်းစိတ်ဆင်းရဲရသည် မဟုတ်ပေ၊ နန်းအင်မှာလည်း လက်ထပ်ပြီး ကတည်းက စိတ်မချမ်းသာဘွယ် ကိစ္စတခု ပေါ်ပေါက်နေပုံရလေ၏။ ဇနီးဖြစ်သူအား၊ ၀မ်လန်း ဦးလေး၏ သားနှင့် လွတ်ကင်းနိုင်သမျှ လွတ်ကင်းအောင် စောင့်ကြပ် ဂရုစိုက်နေသည့် အဖြစ်ကို ၀မ်လန်း သတိထား မိလေ၏။ နေ့အခါ ထိုသူငယ်အိမ်တွင်ရှိစဉ်၊ ဇနီးဖြစ်သူကို အခန်းထဲ၌ နေစေလေ၏၊ ညနေဘက် ထိုသူ အိမ်၌ မရှိသည့်အချိန်ကျမျှ အပြင်သို့ထွက်စေသည်ကို တွေ့ရ လေ၏။ မည်သည့်  အကြောင်းကြောင့် ဤသို့ ပြုလုပ်နေသည်ကိုမူ ၀မ်လန်းမသိရပေ၊ သို့သော် နန်း အင်မှာ ဘခင်ဖြစ်သူအပေါ်တွင်လည်း အထင်လွဲ နေပုံရလေ၏၊ တနေ့၌နန်းအင်သည်။

ဝမ်လန်း အား- “အဲဒီလိုသာ ဒီကျား၃ကောင်ကို ကြပ်ကြပ်ဂရုစိုက်နေပါ။ သားအရင်းနဲ့ ချွေးမကိုတော့ ဂရု မစိုက်ပါ နဲ့၊ အတော်အံ့သြစရာကောင်းတယ်၊ ကိုယ့်အိမ်နဲ့ ကိုယ်သွားနေတာကမှ ကောင်းသေးတယ်”ဟု ပြောဆို လာလေ၏။ ထိုအခါ ၀မ်လန်းက မိမိစိတ်ထဲတွင် မျိုသိပ်အောင့်အီး၊ ရွက်အုပ်သီးပူ နေရ သော အဖြစ် ကို အမြစ်မှလှန်လိုက်ရလေ၏။
“ငါလဲ ဒီ၃ယောက်ကို သိပ်မုန်းတယ်၊ ဘယ်လိုလုပ်ရမှန်းမသိလို့သာ ဒီအတိုင်းကြည့်နေရတာ။ မင့် ဘထွေး ဟာ ဓားပြဗိုလ်တယောက်ကွ။

အဲဒါကြောင့် ကြောက်လို့ကျွေးမွေးထားရတာ။”
“ဘာလုပ် ရမှန်းမသိလို့-ဟုတ်လား (ဒေါသပို၍ ထွက်လာလျက်) ညကျ ၃ယောက်စလုံး ရေထဲ ကန်ချ ပစ်လိုက်ရုံပေါ့-။ “ချင်း”က ဟိုကောင်မကြီးကို တွန်းချ ကျွန်တော်ကဟိုအကောင်ကို တွန်းချ မယ်၊ ဒီအကောင် ကို ကျွန်တော်သိပ်မုန်းတယ်။ ကျွန်တော့်မိန်းမကို ခဏခဏလာလာပီး ချောင်းကြည့် တဲ့ အကောင်၊ အဘေက အဘေ ဦးလေးကိုတွန်းချ-“
 
“အဲဒါတော့ ငါမလုပ်ချင်ဘူးကွာ၊ ငါ့အဘေညီတယောက်လုံးကို ရေထဲတွန်းချဝံ့တဲ့သတ္တိ ငါ့မှာရှိ တယ် ထားဦး၊ တကယ်လို့ တွန်းချလိုက်ရင် တခြားဓါးပြတွေကြားသွားတော့ မခက်ဘူးလား၊ သူ တယောက် ရှိရင် ဒို့ ဓားပြရန်ကဧတယ်ကွ၊ သူသေသွားရင်ဒို့လဲ တခြားလူတွေလို ဓားပြလက်ချက် နဲ့ သေရလိမ့်မယ်”
ထို့နောက် ၂ယောက်သား ကိုယ့်စိတ်ကူးနှင့် ကိုယ်ငြိမ်သက်၍သွားလေ၏။

နန်းအင်မှာဘခင်၏ ပြောသောစကားကို ဆင်ခြင်ကြည့်လိုက်သည့်အခါ မှန်ကန်ကြောင်း သိမြင်လာလေ၏။ သို့ဖြင့် သားအဘ၂ယောက်မှာ ရန်သူသဖွယ် ဖြစ်နေသော ထို၃ဦး၏ရန်ဘေးမှ အလွယ်တကူလွတ်မြောက် စေနိုင်သော နည်းလမ်းကို စဉ်းစားစိတ်ကူး၍နေကြလေရာ၊ နောက်ဆုံးနန်းအင်ကအကြံတရရ၍ ထို အကြံ ကို ဘခင်ဖြစ်သူအား ပြောပြတိုင်ပင်လေ၏။ ၎င်းအကြံမှာ သားအမိ သားအဘ ၃ယောက် စလုံးကို ဘိန်းဖြင့် မျှားရန်ဖြစ်လျက်၊ ဘိန်းပြောင်းနှင့်ဘိန်းများဝယ်ပေးလိုက်ပြီး အချိုနှင့်ကပ်၍ပေါင်း ထားလျှင် ရန်ဘေးမှ အမှန် ဝေးနိုင်ဘွယ်ရာရှိကြောင်းဖြစ်လေ၏။ သို့သော် ထိုအကြံကို ၀မ်လန်းမှာ ငွေအကုန်များမည်ဆို၍ သဘော မတူဘဲရှိလေ၏။

ထိုအတောအတွင်း စိတ်မချမ်းသာစရာ ကိစ္စတခုက ရုတ်တရက်ထပ်ဆင့်၍ ပေါ်ပေါက်လာပြန်လေ ၏။ ထိုကိစ္စမှာအခြားမဟုတ်၊ ၀မ်လန်းမျက်ရန်းအကျိုးဆုံးဖြစ်သော ၀မ်လန်း၏ဦးလေးသားက ၀မ် လန်း၏ သမီး အငယ်ဆုံး ကလေးကို စော်ကားခြင်းဖြစ်ပေ၏။ ထိုသမီးကလေးမှာ လိုင်ယူ၏သားနှင့် စေ့စပ်ကြောင်း လမ်းပြီးဖြစ်သော သမီးငယ်ဖြစ်လျက်၊ ယခုအခါ အပျိုပေါက်ကလေးဖြစ်နေပြီး ဖူးပွင့် စပန်းလို အလှသွေး ကြွချိန်ဖြစ်ပေ၏။ ထိုခလေးမကလေးသည် တည-တယောက်တည်းအဆောင် ထဲ၌ဖြတ်၍လျှောက်လာစဉ်၊ ၀မ်လန်း ဦးလေး၏သားက ရုတ်တရက်တကိုယ်လုံးကို သိမ်းကြုံးပွေ့ ဘက်ကာ မလျော်မကန်သည့် အပြုအမူ တခုကို လုပ်လေ၏။ ကလေးမကလေးလည်း ထိတ်လန့် ၍ ဟစ်အော်လေရာ၊ အော်သံကို ၀မ်လန်းကြား သဖြင့် ပြေးထွက်လာသည့်အခါ ထွေးလုံးရစ်ပတ် ဖြစ်နေသော ၂ယောက်ကိုတွေ့ရလေ၏။

ဝမ်လန်း သည် လူရမ်းကား၏ခေါင်းကို ရိုက်လိုက်သော်လည်း ထိုသူငယ်မှာ အစာပါးစပ်ထဲရောက် နေ၍ စားမန်ရစ် နေသော ချွေးတကောင်လို ခလေးမအား  မလွတ်ဘဲ ဘက်မြဲဘက်၍ထားလေ၏။ ဤတွင် ၀မ်လန်း မှာ သမီးကလေးကို အတင်းဆွဲဖြုတ်၍ယူရလေ၏။ ထိုအခါလူရမ်းကားက အားရ ပါးရ ရယ်မော လိုက်ရင်း…..
“ကစားတာ ပါဗျာ၊ သူကျွန်တော့်နှစ်မကလေးမဟုတ်လား၊ နှစ်မတယောက်ကို ဘယ်သူကမကောင်း ကြံမလဲ…..” ဟု ဖြေရှင်းပြောဆိုသည့်တိုင်။ ၎င်း၏အတွင်းသဘောကို ဆန်းကျယ်နေသော မျက်လုံး များက သက်သေခံ လျက်ရှိလေ၏။

ထိုည၌ ၀မ်လန်းသည်အဖြစ်အပျက်ကို နန်းအင်အားပြောပြလေ၏။ နန်းအင်မှာ ကြီးစွာ စိတ်ရှုတ် သွားလျက်။
“ဒီကောင်မကလေး ကို သူ့ယောက္ခမလောင်းအိမ်ပို့လိုက်မှဘဲ၊ သူ့ယောက္ခမလောင်းကလက်ထပ် ဘို့ ဘယ်လောက် ဘဲငယ်သေးတယ်ပြောပြော အခုလိုစားမာန်ရစ်နေတဲ့ ကျားတကောင်ရှိနေတဲ့ အိမ်မှာတော့ အပျိုရည် ပျက်အောင် ဆက်ထားလို့ မဖြစ်တော့ဘူး”ဟု အကြံပေးလေ၏။

ဤအကြံပေးချက်အတိုင်း ၀မ်လန်းသည်နောက်တနေ့တိုင်ယူအိမ်သို့သွားရောက်ပြီး။
“ကျုပ်သမီး အသက်၁၃နှစ်ရှိပီ မိတ်ဆွေ၊ လက်ထပ်ဘို့တော်ပီထင်တယ်”ဟုပြောလေရာ၊ လိုင်ယူက နှုတ်လေးလေးနှင့်-
“ကျုပ်မှာ ဒီနှစ် အိမ်ထောင်တစု ကျွေးထားနိုင်လောက်အောင် အလုပ်အကိုင်နေရာမကျဘူး မိတ် ဆွေ”ဟု ပြန်ပြော လေ၏။ ထိုအခါ ၀မ်လန်းမှာအဖြစ်အပျက်ကို အမှန်အတိုင်း ပြောမပြနိုင်ဘဲ-
“ခက်တာ က ကျုပ်မိန်းမကလဲသေသွားတော့ ကျုပ်သမီးကလေးအတွက် ကျုပ်ကလဲ အမြဲစောင့် ကြည့်မနေနိုင်ဘူး မိတ်ဆွေ၊ မိတ်ဆွေရဲ့ ချွေးမ တယောက် မကြာခင်ဘဲဖြစ်တော့မဲ့ဟာ-မထူးတော့ ပါဘူး-မိတ်ဆွေ အိမ်မှာဘဲ အပျိုဘ၀နဲ့ ထိမ်းသိမ်း စောင့်ရှောက်ထားပီး-မိတ်ဆွေသဘောကျတဲ့ အချိန်ကျမှဘဲ လက်ထပ် ပေးပါတော့”ဟု ပြောရလေ၏။ ထိုအကြံကို လိုင်ယူက သဘောတူလျက်၊ အိမ်၌ မိမိဇနီးသည်၏ အစောင့် အရှောက်ဖြင့် ခေါ်ယူထားပါမည်ဟု ပြောဆိုလိုက်လေ၏။

ဝမ်လန်းသည် လိုင်ယူ၏ အိမ်မှပြန်ခဲ့သောအခါ လမ်း၌ဘိန်းချိန် ခြောက်အောင်စ၀င်၍ ၀ယ်ယူခဲ့လေ ၏။

ဆက်ရန်
.

1 comment:

Anonymous said...

ဝမ်လန်းလဲ .. သနားတော့ သနားပါတယ်..ဒါပေမဲ့
သူ..ချမ်းသာတဲ့ဒဏ်မခံနိုင်ဘူးနော်..

အိုလင်က သနားစရာအကောင်းဆုံး..
သူကို မြန်မြန်ဇာတ်သိမ်းလိုက်တာတော့ သိပ်မကြိုက်လှဘူး။ ဒီပုံဆို ၀မ်လန်းက ဇာတ်လိုက်ပေါ့။
သူ့သားကြီးကလည်း အလုပ်ကူမလုပ်သေးဘူးလားမသိဘူးနော်..သူ့အဖေကို

မြတ်နိုး