အခန်း-၂၈
ယခုအခါ ၀မ်လန်း၏ ဦးလေး မှာ ၀မ်လန်း၏ သဘောကောင်းမှုဖြင့် လူ့ပြည်၌ နတ်စည်းစိမ်ကို ရ၍ နေလေ၏။ ၀မ်လန်းကားမိမိ၏သား ၂ယောက်ကိုပါ ထိုစည်းစိမ် ကူးစက်မသွားစေရန် အထူးစောင့်ကြပ် ရလေ၏။ ဦးလေးတို့ သားအဘ ၃ယောက်သာ ၀ယ်လာသော ဘိန်းကိုပေးလျက်၊ မိမိအားလည်း တမျိုး တမည် မထင် စေနိုင်အောင် ဦးလေးရှေ့၌ ရှူချင်ဟန်ဆောင်ရလေ၏။ ဘိန်းအတွက် ငွေကုန် သည် မှန်သော်လည်း၊ နတ်စည်းစိမ် ဖြင့် ငွေကုန်ကြသဖြင့် ငြိမ်းချမ်းခြင်း သုခကိုမူ ရရှိလေ၏။
ထိုအချိန်တွင် ရေများသည် ကျသွားပြီဖြစ်၏။ လယ်အလုပ်ကို စတင်ပြုလုပ်ဘို့ရန်သာ လိုတော့၏ တနေ့ သ၌ ၀မ်လန်းသည် လယ်ထဲသို့ လျှောက်၍ ကြည့်နေစဉ်၊ သားဖြစ်သူ နန်းအင်ထံမှ မိမိမြေးကလေး တယောက်ရတော့မည်သတင်းကို ကြားသိရသောအခါ ကြီးစွာ ရွှင်မြူး အားရသွားလေ၏။ ချွေးမအတွက် ကျန်းမာရေး ကို အားပေးစေသော အစားအစာများကို ချင်း အားမြို့တက်၍ ၀ယ်စေပြီး၊ ချွေးမအား "အဲဒါတွေ စားပီး ငါ့မြေးကြီး သန်သန်မာမာဖြစ်အောင် လုပ်ကွ"ဟု ပြောဆိုကျွေးမွေးလေ၏။
ယခုအခါ ရေဘေးမှ လွတ်ကင်းခဲ့ပြီဖြစ်၍ အောက်အရပ်သို့ သွားရောက်နေကြ သူများသည် တယောက်ပြီး တယောက် ပြန်ရောက်လာကြလေ၏။ ၄င်းတို့မှာ များသောအားဖြင့် ရေဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေ ကြလေရာ၊ အိမ်ပြန်ဆောက်ရန် အတွက်၎င်း ၊ ၀မ်လန်းထံမှ အတိုးအပွားဖြင့် ငွေးချေးယူကြရ၏။ ၀မ်လန်း က လယ်ကို အပေါင်ခံ၍ ငွေကို ချေားငှါး၏။ အချို့ကမူ ငွေမချေးဘဲ လယ်ကလေးများကို လာရောက် ရောင်းချကြပြန်ရာ ၀မ်လန်းတွင် တနေ့တခြား လယ်ဧကပိုမိုများပြားလာခဲ့လေ၏။
သို့သော်-အချို့ကမူ ရောင်းစရာလည်း လယ်မရှိပေါင်နှံစရာလည်း ဘာမျှမရှိကြသောအခါ သ္မီးကလေး များကို ၀မ်လန်းထံ လာရောက်ရောင်းချကြလေ၏။ ၀မ်လန်းသည် ဤသို့လာရောက်ရောင်းချသူများထံမှ မိန်းခလေး ၅ယောက် ၀ယ်ယူလိုက်လေ၏။ ထို၅ယောက်အနက် ၀မ်လန်းသည် တယောက်ကို ကြာပဒုံ အားပေးလိုက်၏။ ယခုအခါ ဥသြမယ်မှာ အသက်ကြီးခဲ့ပြီ ဖြစ်သည်တကြောင်း၊ ၀မ်လန်း၏ သ္မီးကလေး မှာလည်း ယောက္ခမလောင်း၏ အိမ်သို့ရောက်သွားပြီး တကြောင်းကြောင့် ကြာပဒုံမှာ လက်တို လက်တောင်း ခိုင်းစေရန် အဖေါ်တယောက်ထပ်၍ လိုနေခိုက်ဖြစ်၏။
ရက်ပေါင်းများစွာကြာခဲ့ပြီးနောက်၊ တနေ့တွင် လူတယောက်သည် ၇နှစ်အရွယ် သ္မီးကလေးတယောက်ကို ၀မ်လန်း ထံ လာရောက်ရောင်းချပြန်လေ၏။ ထိုခလေးမကလေးမှာ ငယ်ရွယ်နုနယ်လှသည်ဖြစ်၍ ပဌမ၌ ၀မ်လန်းမှာ ၀ယ်ယူရန် ငြင်းဆန်နေသေး၏။ သို့သော် ကြာပဒုံက-
"ဒီဟာ ကလေးတော့ ကြာကြာလိုချင်တယ်၊ ခလေးမကလေးက သိပ်လှတာဘဲ၊ ကြာကြာ့ဆီမှာ ရှိတဲ့ ကောင်မကလေး ကတော့ အင်မတန်ကြမ်းတဲ့ ကောင်မကလေး၊ ပီး-ဆိတ်သိုးစော် ကလဲ နံလိုက်ပါဘိ သနဲက၊ ကြာကြာမလိုချင်ဘူး"ဟု ပြောသဖြင့် ၀မ်လန်းသည် ထို၇နှစ်အရွယ် ခလေးမကလေးကို ၀ယ်ယူ လိုက်ပြန်၏။
ထိုနောက်ကား၊ ၀မ်လန်းမှာ လယ်အလုပ်ဖြင့်သာ အချိန်ကုန်၍ နေလေ၏။ လယ်ထဲသို့ဆင်းတိုင်း သားအငယ် ကို ခေါ်၍ ခေါ်၍ သွားလေ၏။ ထိုသားကို ၀မ်လန်းသည် လယ်ထဲ၌ ဘာအသုံးချအံ့ဟု စိတ်ကူး ကြံရွယ် ထားချက် ရှိသည့်အတိုင်း လယ်နှင့်ပတ်သက်၍ လက်တွေ့သင်ကြားပြသနေလေ၏။ သို့သော် သားဖြစ် သူမှာ ထိုအလုပ်ကို ကြိုက်နှစ်သက်ပုံမပေါ် အမြဲသဖြင့် မျက်နှာသာသည်မရှိဘဲ ၀မ်လန်း နောက်မှ သာ စိတ်မပါဟန်ဖြင့် လိုက်နေသည် တွေ့ရလေ၏။
ဝမ်လန်းကား- သားဖြစ်သူ ၏ စိတ်ကို မရိပ်မိပေ၊ ခေါ်မြဲ ခေါ်သွား၍ လယ်အလုပ်ကို နားလည်နိုင်သမျှ နားလည် စေရန် အမျိုးမျိုးသင်ပြနေရာမှ တနေ့တွင် ဤသို့စိတ်ကူးရမိလေ၏။ "ငါဟာ မငယ်တော့ဘူး အသက်ကြီးလာပီ ငါကိုယ်တိုင် လယ်ထဲ ဆင်းလုပ်နေလို့ မလျော်တော့ဘူး ငါ့မှာ ခိုင်းစရာ လုပ်သားတွေ ရှိနေပီ" ဟု တွေးမိစိတ်ကူးမိလျက် ထိုနေ့မှစ၍ လယ်အလုပ်ကို လုပ်သား များအားလွှဲလိုက်တော့ရန် ဆုံးဖြတ် လိုက်လေ၏။ ၀မ်လန်းမှာ အိမ်တွင်ပင် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနှင့် ဧဧလူလူ နေတော့မည်ဟု ကြံရွယ်မိရာ၊ အိမ်သို့ရောက်သူည်အခါ မျှော်လင့်သည့်အတိုင်း စိတ်ချမ်းသာရာမရ၊ စိတ်ညစ် စိတ်ရှုပ် စရာ ကိစ္စတို့ကိုသာ တွေ့နေရလေ၏။
ထိုကိစ္စမှာ သားတော်မောင် ဦးလေး၏သားအပေါ်တွင် အချိန်ရှိသမျှ စိတ်မချနိုင်အောင် ဖြစ်နေလေ၏။ နေပုံထိုင်ပုံတို့မှအစ မျက်မုန်းကျိုးနေကာ။ အိမ်တွင် ခိုင်းစေထားသော ကျွန်မကလေးများအတွက်၎င်း၊ မိမိ၏ဇနီးအတွက်၎င်း။ စိတ်မဧနိုင်အောင် ဖြစ်နေလေ၏။ နန်းအင်မှာ ထိုသူငယ်ကို ကြာပဒုံနှင့်ပင် မသင်္ကာနိုင်အောင်ပင် ဖြစ်နေလျက် နေ့ရှိသမျှ ထိုသူငယ်အတွက် ရတက်ပွေ၍သာ နေလေရာ၊ ထိုနေ့ ၀မ်လန်း နှင့် သားအငယ် လယ်ထဲမှာ ပြန်လာသောအခါ ၀မ်လန်းအား ဆီး၍
"ကျွန်တော့်တော့ ဒီကောင်ကို သီးမခံနိုင်တော့ဘူး၊ ဟိုအခန်း သွားချောင်းကြည့်၊ ဒီအခန်း သွားချောင်း ကြည့်နဲ့၊ ဘယ်တော့မှ အငြိမ်နေတယ်မရှိဘူး။ အစေခံမ ကလေးတွေကိုလဲ ပြီတီတီနဲ့"ဟု တိုင်တန်းလေ၏။ သို့သော် ကြာပဒုံ အခန်းကို မကြာခဏသွား၍ ချောင်းကြည့်နေသည့် ကိစ္စကိုကား ထည့်မပြောရဲပေ။။ သား၏ တိုင်တန်းချက် ကို ၀မ်လန်းက-
"မင်းမလဲကွာ၊ ခလေးရူး ခလေးမိုက်ကလေးတယောက်ကျနေတာဘဲ၊ ဒါမျိုးတွေ တွေးတွေး နေရအောင် ဟာ၊ အဲဒါ မင်းမိန်းမကို စိတ်မချနိုင်အောင် ဖြစ်ဖြစ်နေတာ။ ဒါလောက်တောင် အရူးအမူးဖြစ်နေရင် မကောင်းဘူး" ဟု ပြန်ပြောလေ၏။
ကျွန်တော့ မိန်းမအတွက် ပြောနေတာမဟုတ်ဘူး။ အိမ်မှာ မတော်တရော် လုပ်နေတဲ့ အကြောင်းသာ ပြောတာ"ဟု နန်းအင်က စိတ်ထထနှင့် ပြန်ပြောလိုက်လျှင် ၀မ်လန်းမှာ စိတ်ရှုပ်ဒေါသဖြစ်သွားလျက်။
"ငါ့မှာ ဒီဒုက္ခမျိုးတွေ အခုထက်ထိ မဧနိုင်သေးဘူးလား။ ငါအသက်ကြီးပီ၊ ဧဧနေချင်လှပီ၊ ဒီမယား စိတ်မွှန် နေတဲ့ အသံမျိုးတွေ ငါမကြားချင်တော့ဘူး"ဟု ပြန်၍အော်လျက်။
"ငါအခု ဘာလုပ်ရမှာလဲ။"
"ကျွန်တော်အားလုံး ဒီအိမ်ကထွက်သွားပီး မြို့ကို ပြောင်းနေဘို့ကို ကျွန်တော်ပြောချင်တယ်။ ဘရယ် သူ့ မယားရယ် သူ့သားရယ်တော့ ဒီအိမ်မှာ ထားခဲ့ပေါ့ ကျွန်တော်တို့သာ မြို့ကို ပြောင်းပီး ဧဧ ဆေးဆေး နေကြ ရအောင်။"
ထိုအခါ ၀မ်လန်းက ပြင်းထန်စွာ ရယ်လိုက်လေ၏။ သား၏အကြံပေးချက်ကို လေးလေးပင်ပင်မရှိလှဘဲ အသံ ခပ်မာမာဖြင့် " ဒါ ငါ့အိမ် … မင်းနေချင်နေ မနေချင်မနေနဲ့ ဒါတွေဟာ ငါ့အိမ်နဲ့ ငါ့လယ်တွေ ဒီလယ် တွေသာ မရှိရင် ဒို့အားလုံး ငတ်တာ ကြာပြီ၊ မင်းလည်း အခုလိုစည်းစိမ်နဲ့ လာရား-လာရား လုပ်နေနိုင်တော့ မှာ မဟုတ်ဘူး ဒီလယ်တွေရှိလို့ မင်းအခုလို နေနိုင်တယ်မှတ်" ဟု ပြောလေ၏၊ ထိုနောက် ခြေသံကို ခတ် ပြင်းပြင်း နင်း၍ တံထွေးကို ထွီကနဲထွေးချလိုက်ပြီး စိတ်ဆိုးဟန်ဖြင့် လျှောက်သွားလေရာ နန်းအင် က မလျော့ဘဲ နောက်တကောက်ကောက် လိုက်ပြန်လျက်။
" မြို့ကသူဌေးကြီး ဟွံအိမ်မှာ အခုရှေ့ပိုင်းက ဒိပြင်လူတွေရောက်နေပေမဲ့ နောက်ဘက်က အတွင်း ဆောင်တွေ အားနေတယ်။ အဲဒီ အတွင်းဘက်က အဆောင်တွေကို သွားငှားပြီး ပြောင်းနေရင် ဧဧချမ်းချမ်း နေရမှာဘဲ၊ အဲဒီကနေပြီးတော့လဲ အဘေနဲ့ အဘေ သားအငယ် လယ်ကို ခဏခဏ လာနိုင်သားဘဲ ကျွန်တော် လဲ ဒီအဘေ့ဦးလေးသားနဲ့ လွတ်လွတ်ကင်းကင်းဖြစ်ရော။"
" ကျွန်တော် လိမ်လိမ်မာမာနေခဲ့တာဘဲ ကျွန်တော် ကစားလဲ မကစားဘူး ဘိန်းလဲမရှူဘူး အဘေး ပေးစားတဲ့ မိန်းမ နဲ့ ရောင့်ရဲကျေနပ်နေတာဘဲ"
"သူဌေးကြီး ဟွံ" အိမ်ဟူသော စကားကို ကြားလိုက်ရသောအခါ ၀မ်လန်းမှာ စိတ်ပြောင်း၍ သွား လေ၏၊ မူလ အစကပင် " ငါတနေ့ကျ သူ့လိုချမ်းသာရမယ် သူနေတဲ့အိမ်မျိုးနဲ့ နေနိုင်ရမယ်" ဟု သစ္စာဒိဌာန် ပြုခဲ့ဘူးရကား နန်းအင်ကို သနားလာသဖြင့် မဟုတ်ဘဲ မိမိစိတ်ထဲကပင် အလိုလိုနှိုးဆွ စိတ်ရွလာလျက် ဟွံ့ အိမ်ကြီးသို့ပြောင်း၍ နေလိုက်ရန် စိတ်ကူးပေါ်၍ လာလေ၏။ သို့သော် နန်းအင်ကိုမူ ရုတ်တရက် ပြန်၍ ဖြေဆိုခြင်း မပြုဘဲ ခတ်မဆိတ်ပင်နေခဲ့ရာမှ ထိုရက်များအတွင်းတွင် ဦးလေး၏ သားကို အကဲခတ်ကြည့်မိ ပြန်ရာ နန်းအင်ပြောသည့်အတိုင်း အစေခံမိန်းခလေးများနှင့် ပြီတီတီလုပ်နေသည့် အချင်းအရာကို မြင်ရ သောကြောင့် "ငါ့ဒီတဏှာရူးခွေးကောင်နဲ့ ဒီအိမ်မှာ အတူတူနေလို့မဖြစ်တော့ပါဘူး" ဟု ဟွံ့အိမ်ကြီးကို ပြောင်းလိုသော ဆန္ဒမှာ ပြင်းထန်၍လာလေ၏။
ဦးလေးကို ကြည့်လိုက်ပြန်သည့်အခါ နတ်စည်းစိမ်ခံစားလွန်းသဖြင့် ပိန်းချုံးလျက်ရှိပြီးလျှင် ချောင်း ဆိုးသည့် အခါများတွင် သွေးများပင် ပါ၍လာနေပြီကို တွေ့ရလေ၏၊ ဦးလေး၏ မိန်းမမှာလည်း ဘိန်းစွဲ လျက် လောကကို မေ့နေသည့်အဖြစ်၌ ရောက်နေသည်ကို တွေ့ရပြန်လေ၏။
သို့ဖြစ်လေရာ ၀မ်လန်းသည် ဟွံ့ အိမ်ကြီးသို့ ပြောင်းရွှေနေဘို့ရန် တခါတည်း ဆုံးဖြတ်လိုက် လျက် တနေ့ ၌ လိုင်ယူ၏စပါးဒိုင်တွင် အလုပ်လုပ်နေသည့် သားအငယ်ထံသွားရောက်ပြီး အိမ်ပြောင်းမည့် အကြောင်းကို ပြောပြ လျှက် ၎င်း၏သဘောကို မေးမြန်းစုံစမ်းကြည့်လေ၏။
နန်းဝင် ကား ယခုအခါ ခလေးတယောက် မဟုတ်တော့မူ၍ လူပျိုလူရွယ်ကလေး ဖြစ်နေပြီဖြစ်ရာ ဘခင် လာရောက် တိုင်ပင်သည့်အခါ။
" ဟာ သိပ်ကောင်းပေါ့ ကျွန်တော့်အဘို့လဲ နေရာကျသွားတာဘဲ ဘာပြုလို့လဲဆိုတော့ ကျွန်တော် လဲ မိန်းမ ယူပြီး အဘေတို့နဲ့အတူ တလုံးထဲတစီးထဲ စည်းစည်းလုံးလုံး လာနေနိုင်တာပေါ့" ဟု ပြန်ပြောလေ၏။
ဝမ်လန်းသည် ထိုကိစ္စကို မစဉ်းစားနိုင်ခဲ့ပေ၊ ယခုမှ သားငယ်လက်ထပ်ရန် ကျန်သေးသည်ကို သတိရ လေ၏၊ သို့ဖြစ်လေရာ အလုပ်ကိစ္စများကြောင့် ဤကိစ္စကို မိမိမေ့လျော့နေခဲ့ကြောင်း ယခုမှသတိရ၍ မိမိဆောင်ရွက် ပေးရန် အသင့်ရှိကြောင်း ပြောလိုက်ရာ နန်းဝင်က " မိမိသည် မြို့သူကို အလိုမရှိကြောင်း မြို့သူကို ယူလျှင် မိမိအစ်ကိုယူမိသော မိန်းမကဲ့သို့ ငွေအသုံးများလိမ့်မည်ဖြစ်ကြောင်း မိမိယူလိုသော မိန်းမ မှာ တောသူဖြစ်လျက် ဆင်းရဲသော ဆွေမျိုး ညာတိများမရှိသည့် မိန်းမတယောက် ဖြစ်ရမည် ဖြစ်ကြောင်း ပစ္စည်းရှိရမည်ဖြစ်ကြောင်း ခန်းဝင်ပစ္စည်းကောင်းကောင်း တင်နိုင်မည့်သူလည်း ဖြစ်စေရမည် ဖြစ်ကြောင်း ထမင်းဟင်းချက်ပြုတတ်လျက် အသုံးအစွဲကျစ်လစ်ရမည် ဖြစ်ကြောင်းနှင့် စိတ်ကြိုက် ကြင်ဘက် အကြောင်းကို တသီကြီးပြောပြသွားလေရာ ၀မ်လန်းမှာ နားထောင်လျက် အံ့သြနေမိ လေ၏၊
သားအကြီးနှင့် မည်မျှကွာခြားလှပုံကို စဉ်းစားရင်း နန်းဝင် အပေါ် သဘောကျလျက် မိမိသည် ဤကိစ္စကို ချင်း နှင့် တိုင်ပင်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုကာ ၀မ်းသာအားရနှင့် ပြန်ခဲ့လေ၏။
ဆက်ရန်
.

No comments:
Post a Comment