အယုံသွင်းပြီး အချိန်ဆွဲခံခြင်း
ရှေ့နေမွန်စံလှိုင်သည် စောစောပိုင်းက စိတ်ချလက်ချ နေပါရန် အတန်တန် ကတိခံခဲ့သည် ကိစ္စ တွေရှိသည်ဆိုပြီး ခရီးအမျိုးမျိုး ထွက်ရ၍ ရက်ချိန်းရွှေ့ခဲ့သည်။ ခရီးထွက် ရက်ချိန်းကုန်ဆုံးသွား သောအခါ တဘက်မှ လူတွေကို သူစု၍ မရသေးဘူးဟု အကြောင်းအမျိုးမျိုးပြ ပြန်ရာမှ လေသံ ချက်ခြင်းပြောင်းပြီး ရွှေပြည်အေးတရား ဟောလိုက်ပါသည်။
အသက်ကြီးကြပါပြီ အမကြီးရာ၊ သူ့အပြစ်တွေ ရှိပေမဲ့ သီးခံပြီး မောင်လိုနှမလိုဘဲ အေးအေး ချမ်းချမ်း နေကြဘို့ ကောင်းပါတယ်ဟု ဆိုလေသည်။ ကျမသည်တော့မှ ထိပ်ချ၍ ဒမြမှန်းသိရပါ သည်။ အတော်ဘဲ အံ့သြခြင်း၊ ၀မ်းနည်းခြင်း ဖြစ်ရပါသည်။ နာမည်ရ ရှေ့နေကြီးတဦးအနေနှင့် ကတိတွေအတန်တန် ခံဝန်ချက် တွေ အမျိုးမျိုးပေး၍ အချိန်ဆွဲအယုံသွင်းလာခဲ့ပြီး အချိန်ကျွမ်းခါနီး မှ တေ့ပြီးလေသံပြောင်းကာ ဇာတိ ပြလိုက်ပါသည်။ မိန်းမသားတဦးကို ဥပဒေနယ်က လယ်လယ် ၀ယ်ဝယ် ရှေ့နေကြီးတဦးက ပူးသတ် ပေး ခြင်းခံရပြီဟု ထိုအခါကျရောက်မှ ကျမ သိရပါသည်။ စောစောပိုင်းက ဒီကိစ္စ ကျွန်တော် ဆောင်ရွက် မပေး ပါရစေနှင့်ဟု ပွင့်ပွင့်လင်းလင်း ပြောလျှင် သည်ပြင်ရှေ့နေတွေနှင့် ကျမဘာသာငှားရမ်း ဆောင်ရွက် မည် ဖြစ်ပါသည်။ ယခုတော့ တခြား ရှေ့နေတွေနှင့် မငှားလိုက်ပါနဲ့ဟု သူဘဲ ပိတ်ပင်ထားပါသည်။
ဤအချက်ကို ထောက်ဆခြင်းအား ဖြင့် တဘက်မှ အဖွားကြီးကို အယုံသွင်းပြီး အချိန်ဆွဲထားခိုင်းခြင်း ပူးသတ် ခိုင်းခြင်းကြောင့် နာမည် ပျက်ခ့ ကတိပျက်ခံလေသည်။ နည်းလမ်းမမှန်ပြုခဲ့သူ ဖေါက်ပြန် ယုတ်မာ သူ၏ ဘက်တော်သား စစ်စစ်ဖြစ်ကြောင်း မျက်နှာ ဖုံးလှစ်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။ ရှေ့နေက အယုံသွင်း ၍ သုံးလ ကြာအောင် အချိန်ဆွဲာစဉ်အတွင်း မောင်ဝမ်းကွဲအရာရှိများထံမှာ ပေးထားသော စာချုပ် မိတ္တူများ ကို သူတို့အသိမိတ်ဆွေ ရှေ့နေများနှင့် ဆောင်ရွက်ရန် ဆွေးနွေးခိုင်းထား၍ ခရီး မသွား နိုင်ခဲ့ပါ။ ယခုအခါမှာတော့ ရှေ့နေမွန်စံလှိုင်က မျက်နှာဖုံးဆွဲချွတ်ပြလိုက်ပြီ ဖြစ်၍ တခြားရှေ့နေ ရှေ့ရပ် များ နှင့် အချိန်မှီ ဆောင်ရွက်ရတော့မည် ဖြစ်ပါသည်။
ရှေးဦးစွာ ဆောင်ရွက်ရမည့်ကိစ္စမှာ စာချုပ်များ ကို မှတ်ပုံတင်ရုံးသို့သွား၍ မှတ်ပုံတင်ထားရန် ဖြစ်ပါသည်။ ၎င်းစာချုပ် ကို ၄လမကျော်ခင် မှတ်ပုံ တင်ရုံးသို့ ရောက်နေပြီးသား ဖြစ်ရမည်ဟု ဥပဒေက ရှိပါသည်။ စာချုပ် တွေက ဥပဒေအရ တရားဝင် စာချုပ်များ ဖြစ်သည်။ ကာယကံရှင်တွေကလည်း အသီးသီးအသက၊ အသက လက်မှတ် ရေးထိုးကြပြီးသား ဖြစ်နေသည်။ အသိသက်သေဆိုသည်မှာလည်း သာမည ပုဂ္ဂိုလ်မဟုတ်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အစိုးရရှေ့နေချုပ်ကြီး ဦးရန်အောင် ကိုယ်တိုင် အသိ သက်သေ အဖြစ် စာချုပ်များကို အစအဆုံး ဖတ်ကြည့်ပြီး တရားဝင် အသိသက်သေ ပုဂ္ဂိုလ်ကြီးတဦးအဖြစ် နှင့် ကိုယ်တိုင်လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ မှတ်ပုံတင်ဘို့ရာကိစ္စက သိပ်ခက်ခဲလှရန် အကြောင်း မရှိပါ ။
သို့ရာတွင် ကောက်ကျစ်ယုတ်မာသူ ကျားငစဉ်းလဲသည် ကျမအပေါ်၌ ထာဝရအမြဲ ညစ်ပတ်မှုကို မလုပ် ရလျှင် စားမ၀င်အိပ်မပျော်နိုင်အောင်ရှိသူ ဖြစ်သည်။ နဂါးနီစာအုပ်တိုက်မှ ၀ိုင်းကန်ထုတ် လိုက် ကြစဉ်ခါက အ၀တ်အထည်ကိုယ်တခုနှင့် မျောက်သစ်ကိုင်းလွတ်ဖြစ်လာစဉ်အခါ ကျမက ကြွေးများကို ဆပ်ပေး ကယ်တင် ထားလိုက်ရသော ကျေးဇူးရှင် တပိုင်းလည်း ဖြစ်သည်။ သူသာမက သူ့ရွာမှ ဆင်းရဲလှသော လှေထိုး လွှတိုက် အလုပ်မျှ မရှိကြသော တဆွေတမျိုးလုံး၏ ခိုလှုံ ဆည်းကပ်ရာ ထမင်းကျွေးရာ စီးပွားရေးဋ္ဌာနကြီးတခုကို အုတ်မြစ်ချတည်ထောင်ပေးလာရသော စီးပွားဘက်ကျေးဇူးရှင် ကျမအား နောက်နောက် သောအခါများက လျှို့ဝှက်ကောက်ကျစ်လာခဲ့ ခြင်း၊ သိက္ခာမဲ့ဖေါက်ပြန်ခဲ့ခြင်းများကို ဘွားဘွား ကြီး ပေးလာကာမှ မလွှဲမရှောင်သာ အမှားကို ၀န်ခံ ကာ တရားဝင် ကွာရှင်းပေးပြီး ဖြစ်သည်။
ကိုယ့်သိက္ခာ ကိုယ်ရိုသေသူ လူ့ကျင့်ဝတ်နားလည်သူ လူ့ စည်းကမ်းကို မဖေါက်ဖျက်သူမှန်လျှင် ထွေးပြီး သား တံတွေးကို ပြန်မျိုသူကဲ့သို့ မျက်နှာပြောင်တိုက် ခါ ရှောင်လွှဲနေစရာမဟုတ်၊ ရှေ့နေကိုလက်ကုတ်၍ ယုတ်မာ ကောက်ကျစ်မှုတွေ သုံးနေစရာမလို၊ မသိမသာ အချိန်လွန်လာအောင် ရက်ဆွဲလာရန် အကြံကြီး ကြံနေ စရာမရှိ၊ ၀တ္တရားကျန် ရှိသော ကိစ္စများကို နားလည်စွာ ရင်ဆိုင်ရန် ရှိပါသည်။
ကွာရှင်းပြီး စကလည်း လူသိရှင်ကြား ဥက္ကောဋေးယျ အဖြစ်မခံလို၍ အုပ်အုပ်ဆိုင်းဆိုင်းနှင့် နေပါ။ အခွင့်အရေးရှိသမျှ အစမှအဆုံး ဆောင်ရွက်ပေးပါမည်ဟု အဆိုရှိပါလျက် ညစ်ပတ်မှု ရောဘက်၍ ပျက်ကွက် လာကြောင်း ရိပ်စားမိလာသည်။ ရှေ့နေမွန်စံလှိုင်၏ ပြောင်းလဲလာသော စကားလေသံ အားဖြင့် နားလည်ပြတ်သားလာရလေသည်။ သို့ကြောင့် ကျမက တနည်းတလမ်းနှင့် အချိန်မကုန် မှီဆက်၍ ခြေလှမ်း ရတော့မည်။ ရှေ့နေသည် သူ၏လေသံပြောင်းမှုကြောင့် ကျမ မယုံကြည်တော့ ကြောင်း သိသွား လျှင် စပ်ဖြီဖြီ ရယ်ရွှန်းပတ်ရွှန်းနှင့် စကားတမျိုး ပြန်လှည့်ပါသည်။ ကျွန်တော် သဘက်ခါ လာခဲ့ပါဦးမည်ဟု ဆိုသည်။ သို့သော် ကျမသည် ယုံကြည်မှု မရှိတော့ပါ။ လာသည် ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ စိတ်မ၀င်စား။ ဤရှေ့နေ အပေါ်၍ ကတိဖျက်သွားသည်ဟု ဆုံးဖြတ်ပြီး သား ဖြစ်ပါသည်။
ရုပ်ရှင်ပြာ ဇာတ်လိုက်မင်းသား သောင်ပြောင်လွှတ်တဲ့ ကျောင်းဒကာလို
ရှေ့နေမွန်စံလှိုင် ပြန်သွားသောအခါ မလှမ်းမကမ်းမှ သူ့နှမများ အဒေါ်များနှင့် စကားထိုင် ပြောနေသူ ပညာရေးဌာန ဒုတိယအတွင်းဝန် ဦးပုလည်း ရှိသည်။ သုံးလကျော် အချိန်ဆွဲလာပြီးမှ ကတိတလုံးကို ရှော်ပျက် ပျက်ပြုလာသော ရှေ့နေ၏ စကားပြောင်းလဲလာမှုကို ကျမက တဆင့် ပြောကြားလိုက်သည်။ သူက လည်း မနီးမဝေးမှာ ထိုင်နေသူဖြစ်၍ ကြားလိုက်သည်ဟု ဆိုသည်။ ဒီလိုဖြစ်လျှင် တခြားရှေ့နေနှင့် အလုပ် ဆက်လုပ်တာပေါ့။ သူ့မိတ်ဆွေရှေ့နေတဦးနှင့် ဆွေးနွေး ပေးပါမည်ဟု ဆိုလေသည်။ ထိုအခါ ကတော့ ကျမသည် မောင်ဝမ်းကွဲက ပျားရည်နှင့် ၀မ်းချနေ သည်ကို မရိပ်စားမိသေးချိန် ဖြစ်ပါသည်။ သို့ရာ တွင် အေးစက်စက်နိုင်မှုကြောင့် သိပ်စိတ်မချရ သလိုလို၊ နှစ်ဘက်လွှလုပ်သလိုလိုတော့ ထင်စပြုနေပြီ ဖြစ်ပါ သည်။
ထိုကြောင့် တဘက်တလမ်းမှလည်း ကျမကိုင်တိုင် တခုခုပြုတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ အပြင် ရောက်သွား သူ လူတော်လူကောင်း ရုပ်ရှင်ပြဇာတ်လိုက်ကြီးက အပြင်အပ၌ သတင်းလွှတ် ထားသည်မှာ ကွာရှင်း ခဲ့ရကြောင်း ဖုံးနိုင်သမျှ ဖုံးထားပြီး အဖွားကြီး စိတ်ဆိုးနေစဉ် အပြင်မှာ ခဏ လာနေခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီး ဦးအေးမောင်နှင့် ၀န်ကြီးချုပ်၏ အကြံပေးအရာရှိ ဦးအုန်းတို့က စေ့စပ် ပေးနေကြသည်ဟူ၍ သူ၏အသိုက်အ၀န်းများကို ၀ါဒဖြန့်ထားသည်။ ထိုအသိုက်အ၀န်းတို့ကလည်း တဆင့် စကား ပြန့်ပွားအောင် ၎င်းသတင်းကို ထပ်လွှင့်ပေးကြရလေ သည်။
တကယ်လည်း ထိုပုဂ္ဂိုလ်များကို ကြားဝင်စေ့စပ်ပေးစေခြင်းသည် သူ့မှာ အပြစ်မရှိဘဲနှင့် အ၀တ် အထည် ကိုယ်တခု နှင့် ဆင်းလာခဲ့ရသူ ဖြစ်ပါသည်ဟု တဘက်သားက ရင်ထုမနာ သနားသွား အောင် လှည့်စား ထားပါသည်။ ထို့ကြောင့် စောစောပိုင်းက သူတို့အမြင်မှာ ကျမက အနိုင့်အထက် ပြုလုပ်လိုက်သည်ဟု ထင်ကောင်း ထင်ကြပါမည်။ အချို့ကလည်း ထင်ပါသည်။ အချို့က ထင်ရုံ မကပါ။ သောင်ပြင် လွှတ်ထား တဲ့ ကျောင်းဒကာလို နေစရာ၊ ထိုင်စရာ မရှိ ရှာဟု ကရုဏာသက် ပြီး အိမ်ကြီး အိမ်ကောင်းတခုကိုပင် ပြင်ဆင် မွမ်းမံလျက် နေထိုင်ရန်အတွက် ပေးထားလေသည်။ သနားကရုဏာ ပွားသော စေတနာရိုးရိုးလား၊ ခိုင်းနွား တကောင်အချောင်ရသဖြင့် ခြံခတ်မွေးမြူ ထားသော ရည်ရွယ်ချက်မျိုးလား၊ ဆိုသည်ကိုတော့ ကာယကံ ရှင် ဒါနရင်တို့သာလျှင် သိနိုင်ပါမည်။
ဝန်ကြီးချုပ် ဦးနုက စေ့စပ်ပေးနေသည်ဆိုသော သတင်းကို လွှင့်ထားသော်လည်း ကျမထံသို့ စေ့စပ်ရေး ကိစ္စနှင့် တကြိမ်တခါမျှ လာရောက် ဆွေးနွေးခြင်း မပြုဘူးပါ။ မူလက စိတ်အခန့်မသင့် ဖြစ်နေကြသည်ဟု သာမန် မျှ ကြားရမည်ဖြစ်သော်လည်း မိတ်ဆွေအဖြစ်နှင့် မပြေမပြစ် ဖြစ်နေ သည်ကို စေ့စပ်ရန် စိတ်ကူး ပေါ်ကောင်းပေါ်မည် ဖြစ်သော်လည်း ၀န်ကြီးချုပ် ဦးနုသည် ၀ါရင့် နိုင်ငံရေးသမားကြီး ဖြစ်ခဲ့ရုံမက သူ့စိတ်ဓာတ် ယာယီအတွင်းကြော၊ အပြင်ကြောတွေ နောကြေနေ အောင် သိခဲ့သူလ်ညး ဖြစ်သည်။ မင်းနား တထောင်ဆိုသော စကားအတိုင်း ၀န်ကြီးချုပ် အဖြစ်နှင့် ပြည်ထောင်စုဗမာနိုင်ငံတော်ကို ၁၀နှစ် ၁၀မိုး ကျော် အုပ်ချုပ်လာခဲ့သူ ဖြစ်ရာ မင်းနားတထောင် မင်းမြှောင်တသိန်းတို့ထံမှ သတင်းအမျိုးမျိုးတွေကို အမြဲ ကြားနေရသောကြောင့် မည်သူ ဆိုးသည် မည်သူကောင်းသည်ကို ဆုံးဖြတ်နိုင်ပါမည်။
မည်သူ ကလိန်ကျသည်။ ပစ္စည်း ဥစ္စာတွင် ကောက်ကျစ်စဉ်းလဲ လုပ်နေသည်။ အသက်အန္တရာယ် ထိအောင် ညစ်ပတ်မှု ရှိခဲ့သည်။ မည်သူ အသောက်အစား အပျောအပါးတွေကို အသက်အရွယ်နှင့်မမျှအောင် ခုံမင် လိုက်စား နေသည်။ မည်သူ ဂုဏ်သိက္ခာ ကျဆင်း၍ အတွင်းရေး သတင်းမွှေးနေသည်တို့ကို ၀န်ကြီးချုပ်က စသုံးလုံး နှင့် စုံစမ်းရန် မလိုဘဲ အမြဲကြားသိနေမည် ဖြစ်ပါသည်။
ထို့ကြောင့် ထင်သည်၊ ဤကိစ္စနှင့် တကြိမ်တခါမျှ လာရောက်ခြင်း မပြုခဲ့ဘဲ ကျမကိုလဲမဖြစ်နိုင်ဒါ လာရောက် စေ့စပ်ပေးရန် အားတုံ့အားနာ ရှိနေပုံရပါသည်။ ဖေါက်လွဲဖေါက်ပြန် ပြုလေသမျှ ကိစ္စ များ၌ ကျမ သိသည်မှာ ကျမ၏ အိမ်အရိပ်အောက်မှာ ဖြစ်ပျက်ရှုပ်ပွေသမျှ ကလေးများကိုသာ ယခု မှ ကျမ နောက်ဆုံး ပိတ်သိရသူ ဖြစ်ပါသည်။ ၀န်ကြီးချုပ်အရင့်အမာကြီးတဦးမှာ နားတထောင် တသောင်းရှိသူ ဖြစ်သော ကြောင့် ကျမထက် စုံစုံလင်လင်၊ ကျယ်ကျယ်၊ ပြန့်ပြန့်တီးမိ၊ ခေါက်မိ သိရှိ နိုင်ပါသည်။ ထိုပြင် လွန်ခဲ့ သော နှစ်ပေါင်း အစိတ်လောက်ကစပြီး နဂါးနီစာအုပ်တိုက်တွင် ၀င်ရောက် လုပ်ကိုင်စဉ် အခါထည်း က မရိုးမသာမှုတွေ လက်ဆုပ်လက်ကိုင် မိတွေ့နေကြပြီး ချီးမအူလံဓါတ်သိနှမ်းဘတ်ချဉ် ဖြစ်ခဲ့သူပါပေ၊ ထိုစဉ် အခါက နှမ်းဘတ်ချဉ်ဘ၀မှ ချာတူးလံ ချဉ် ဘတ်အိုးအဖြစ် ပြောင်း၍ အပေါင်းအသင်းမလုပ်ဟု နဂါးနီ စာအုပ်တိုက်မှ ကန်ထုတ်လိုက်ပြီးသား ဖြစ်၇ာ အထူး ထပ်ပြောစရာ လိုတော့မည် မထင်ပါ။
သို့ကြောင့် ဘယ်လို ၀ါဒဖြန့်ထားစေကာမူ ရွေးကောက်ပွဲတုန်းက အကူအညီပေးသလိုလိုနှင့် (တဘက်သတ် အမြတ် ထုတ်ခဲ့သော်လည်း) တိုင်းသိပြည်သိ အကူအညီမျက်နှာကို ထောက်၍ပင် သူ့လိုအင်ဆန္ဒအရ ကျမ ကို လာရောက် စေ့စပ်နားချပေးရန် ၀န်လေးအားနာနေခြင်းသာ ဖြစ်သည်။ စေ့စပ်နားချ၍လည်း ရနိုင် တော့မည် အခြေအနေကို မမြင်သောကြောင့်သာ မလာရောက်ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ၎င်းတို့သည် လက်မလျှော့ ဘဲ ၀ါဒဖြန့်ဆဲလျက် ရှိလေသည်။
မိန်းမဥာဏ်သုံးတဲ့ယောက်ျား ဆက်ရန်
.

No comments:
Post a Comment