ဆယ့်ရှစ်
ဝမ်လန်းစီးပွားတက်ခဲ့၍ ၇-နှစ်မြောက်သော နှစ်တွင် မြစ်ရေလျှံ၍ ရေလွှမ်းမိုးလေ၏ ၀မ်လန်းကား ထိတ်လန့်ခြင်းမဖြစ်ပေ သူ့လယ်တွေ ငါးပုံနှစ်ပုံခန့်မှာ လူတရပ်ခန့် ရေမြုပ်ကုန်သော်လည်း ဗျာပါ သောက မများမူ၍ ခတ်အေးအေးသာ နေလေ၏။
ရေမှာ မိုးနှောင်းမှနွေအစလောက်အထိ၊ လျှံမြဲလျှံလျက် ပင်လယ် လိုဖြစ်ကာ ရေတဖွေးဖွေးရှိလေ၏ ကြည့်လိုက် လျှင် တမျိုးလှနေလျက်၊ ရေပြင်ကြီး၌ အရိပ်ထင်နေသော တိမ်ရိပ်တွေကိုမြင်ရလေ၏၊ မိုးမခ ပင်တွေ ၀ါးပင်တွေမှာ ရေထဲတွင် ခါးတ၀က်မြုပ်နေကြလေ၏ လူများစွန့်ပစ်၍ပြေးကြပြီသော မြေအိမ် ကလေး များမှာ ရေထိ၍နူးအိပြီးလျှင် ခွေလဲကာအရေပျော်သွားကြလေ၏ ၀မ်လန်း၏ အိမ်တလုံးသာလျှင် တောင်ကုန်း ကလေးပေါ်၌ ဆောက်ထားသောကြောင့် မပျက်မစီးဘဲရှိလေ၏ သို့ဖြစ်လေရာ တနေရာမှ တနေရာသို့ လှေကလေးတွေဖောင်ကလေးတွေဖြင့် သွားလာနေကြရ တော့လျက် ငတ်မွတ်သူများလည်း ငတ်မွတ် ကြပြန်လေသတည်း။
သို့သော် ၀မ်လန်းကား မထိတ်လန့်ပေ သူ့တွင်ငွေလည်းအပြည့် ကျီလည်းအပြည့်ရှိနေ၏ သူ့အိမ်မှာ လည်း ရေဘေးနှင့် လွတ်ကင်းရာ တောင်ကုန်းပေါ်တွင် ရှိနေလေသည်၊ သို့နှင့်လည်း ရေလွှမ်းမိုးခြင်းဖြင့် လယ် အလုပ်ကို ခေတ္တရပ်စဲထားရသောအခါ အလုပ်နှင့်လက်ပြတ်သွားလျက် တသက်တွင်မကြုံဘူးသော အပျင်း စည်းစိမ် ကိုခံစား၍နေရလေ၏ သို့ဖြစ်လေရာ တနေ့တနေ့ အလုပ်နှစ်လုပ် ဖြင့်သာ အချိန်ကုန်ရလေ၏ ထိုအလုပ်နှစ်လုပ်မှာ အစားနှင့်အအိပ်ဖြစ်လေ၏။
အဘိုးကြီး မှာလည်း သက်ရွက်အိုမင်းလှပြီဖြစ်၍ မျက်လုံးကမွဲနားကလေးနှင့် စကားပြောကောင်း သော အရွယ် မဟုတ်တော့ပေ သားဖြစ်သူမည်မျှချမ်းသာနေပြီကိုလည်းမသိ ယခုထက်ထိ ရေနွေးတွင် လဘက်ခြောက် ခတ်၍ ပေးလျှင် "လဘက်ခြောက်ဟာ ငွေလိုရှားတာ ရေနွေးချည်း သက်သက် ဆိုရင် တော်ပြီ" ဟု မြည်တွန်တောက်တီးနေတတ်သေး၏ သူငယ်ပြန် နေပြီဖြစ်သဖြင့် လည်း စကား ကောင်းကောင်း ပြော၍ မဖြစ်တော့ဘဲ ၀မ်လန်းမှာ တခါတရံ စိတ်မရှည်နိုင်အောင် ဖြစ်မိလေ၏ သမီးအကြီး ကလေး မှာလည်း ယခုထက်တိုင် ကစားမပြော သူ့အဘိုးအနီး၌သာ ထိုင်လျက် ကစားနေရှာ၏ အမွာပူး ခလေးနှစ်ယောက် ကား ယခုအခါ ထိုင်နိုင်ထနိုင် ပြေးလွှားကစား နိုင်ကြပြီဖြစ်လေသည်။
ဝမ်လန်းမှာ ပျင်းလျှင်အိပ်၏ ပျင်းလျှင်ကလေးများနှင့် ကစားကျီဆယ်၏ ပျင်းလျှင်ထိုင်၍နေလေ သည် နေ့ရှိ သရွေ့ ဤသို့သာ နေရဖန်များသောအခါ ရပ်တည်ရာမရအောင် ငြီးငွေ့လာလေ၏ ထိုအခါ မယားကို ထိုင်ကြည့် နေမိလေ၏ ယောက်ျားတယောက်က မိန်းမတယောက်ကို စိတ်ကစား ၍ ကြည့်ခြင်း မျိုးဖြစ်လေ၏ တပ်မက်ဘွယ်ကောင်းသော ရုပ်မျိုးဟုတ်မဟုတ် စူးစူးစမ်းစမ်းကြည့် နည်းဖြင့်ကြည့်၏ ထိုအခါ အသက်မရှိသလို အမူအယာ ကင်းသော ထုံထုံထိုင်းထိုင်း မသွက်မလက် ကြီးကိုမြင်လာလေ၏ အရုပ်ဆိုးသော မျက်နှာတခုဖြစ်ကြောင်းကို သတိထားမိလာလေ၏ ဆံပင်မှာ ကြမ်း၏ညို၏ ဆီကင်း၏ မျက်နှာမှာ ပြား၏ ကြီး၏ ရင့်ရော်၏ ကိုယ်လုံးကိုယ်ပေါက်ကြီးထွား၏၊ လှကွက်လှရောင်ဟူ၍ မတွေ့ရပေ၊ မျက်ခုန်းမွေး က ကြိုးတိုးကြဲတဲ ဆံပင်ကနဲနဲ နှုတ်ခမ်းက ပြဲပြဲ ခြေတံလက်တံ ရှည်ရှည်နှင့် နှစ်လိုဘွယ် တကွက် မှ မတွေ့ရလေတကား။
"မင်းကို မြင်တဲ့ လူတွေက သူလိုငါလို လူဆင်းရဲတယောက်ရဲ့ မိန်းမလို့ထင်မှာဘဲ ဘယ်သူကမှ လယ်ပိုင်ရှင် ကတော် လို့ထင်မှာ မဟုတ်ဘူး"ဟု ပြောလိုက်မိလေ၏ ဇနီးသယ်အပေါ် သူ့စိတ်ထဲ တွင် ရှိသမျှ ဖွင့်ထုတ် လိုက်ခြင်း မှာ ဤအကြိမ်သည် ပဌမဆုံးအကြိမ်ဖြစ်ရကား အိုလင်သည် ခံခက်ခဲသော မျက်နှာကလေးဖြင့် ဖြည်းညင်း စွာ မော်ကြည့်လေ၏ ၎င်းမှာထိုင်ခုံတခုပေါ်တွင် ထိုင်လျက် ဘိနပ်ခွာတခုကို ချုပ်လျက် ရှိလေရာ အပ်ကိုကိုင်ရင်း ပါးစပ်ကလေးအဟောင်းသားနှင့် ဖြစ်နေလေ၏ ထိုအခါ နက်ကြုတ်သော သွား များကို ဟ ပြနေသကဲ့သို့ ဖြစ်နေလေ၏ မိမိအား မည်သည့်အဓိပ္ပာယ်ဖြင့် ကြည့်နေသည်ကို နားလယ် သွားသော အခါ ရှက်ကြောက် သည့် စိတ်ဓာတ် ၀င်လာလျက် မျက်နှာ ကလေး ရဲကနဲဖြစ်သွားပြီး။
"ကျုပ်ခလေးအမွှာပူးမွေးပြီးကတည်းက ကောင်းကောင်း နေမကောင်းဘူး ရင်ထဲမှာ မီးနဲ့ထိုးထား သလိုဖြစ်နေတယ်" ဟု ပြောရှာလေ၏
၇-နှစ်လုံးလုံး သားသ္မီးမရသည်ကို အပြစ်ရှာကာ ပြောသည်ဟု အိုလင် ထင်သွားကြောင်း တွေ့ရ သဖြင့် ၀မ်လန်း က။
"ဒါပြောတာမဟုတ်ဘူး ငါပြောတာက ဒိပြင်မိန်းများများလို မင်းခေါင်းဆီကလေး နဲနဲပါးပါး မှ မလိမ်းနိုင် တော့ဘူးလား လို့ပြောတာ မင့်ကိုယ်မင်း ဒီလိုဘဲ ပစ်စလက်ခတ် နေတော့မှာလား အကျီသစ် ထပ် ချုပ်မ၀တ်တော့ ဘူးလား မင်းအခုစီးထားတဲ့ ဘိနပ်ကလဲ လယ်ပိုင်ရှင်ကတော်စီး တဲ့ ဘိနပ်မျိုးမဟုတ်ဘူး"။
သို့သော် အိုလင်မှာ ဘာတခွန်းမျှပြန်မပြော ၀မ်လန်အားကြောက်ကြောက်ရွံ့ရွံ့နှင့် ကြည့်နေ လျက် မိမိကိုယ်ကို ဘာလုပ်မိမှန်းမသိ ခြေထောက်များကို တခုအပေါ်တခုထပ်ပြီး ထိုင်ခုံအောက်သို့ သွင်းကာ ရှက်ထား လိုက်မိလေ၏။
ဝမ်လန်းမှာ ဤမျှနှင့်အရှိန်မသတ်သေး။
"ငါအလုပ် လုပ်တယ် အခုချမ်းသာလာတယ် မယားကတော့ အိမ်မှာကျွန်ရုပ် ဘဘောက်ရုပ်ပေါက် နေတယ် ပီး မင်းခြေထောက်ကြီး တွေကလဲ"
ဤနေရာတွင် စကားကိုရပ်လိုက်လေ၏ "ခြေသေး"မဟုတ်သော အိုလင်၏ "ခြေကြီး" များ ကို အမြင်ကတ်ကတ် နှင့် လှမ်းကြည့်နေလေ၏ ထိုအခါအိုလင်သည် သူ့ခြေထောက်များကို ထိုင်ခုံ အောက် သို့ တိုး၍၀ှက်လိုက်ပြန်ပြီး။
"ကျုပ်ငယ်ငယ်ကလေးကတဲက ရောင်းအစားခံခဲ့ရသော ကျုပ်အမေဟာ ကျုပ်ခြေထောက်ကို မစည်းနိုင် တော့ဘူး၊ ဒါပေမဲ့ ကျုပ်သ္မီးကလေး ခြေထောက်ကို ကျုပ်စီးပေးထားပါ့မယ်"ဟု ပြောရှာလေ၏။
"သွားမယ် လဘက်ရှည်ဆိုင်ကို သတင်းထူးကလေး ဘာကလေးနားထောင်ရအောင် အိမ်မှာဆိုရင် အရူးနဲ့ သူငယ် ပြန်တဲ့လူနဲ့ ခလေးတွေနဲ့ နေရတာဘာမှအကျိုးမရှိဘူး"ဟု ပြောကာထွက်လာခဲ့ လေ၏ လမ်းတ လျှောက်လုံးလည်း "ဒီစိန်တွေကျောက်တွေဟာ သူမပေးရင် ငါဒီလယ်တွေကို ၀ယ်နိုင်မှာမဟုတ်ဘူး ငါ မတော်တဆ လက်နဲ့ထိလို့တွေ့တာနဲ့ တောင်းယူမှ ဒီစိန်တွေ ကျောက်တွေရတာ"ဟု နောက်ကြောင်းကို ပြန်စဉ်းစား ရင်း အတောအသတ် စိတ်ထွက်ကာပြန်လေ ၏။
ထိုအခိုက် အိုလင် တောင်းယူထားသော ပုလဲ နှစ်လုံးကို သတိရကာ ဒင့်ဆီမှာ ရှိမှရှိပါအုံးမလား" ဟု တွေးလေ၏။ "သက်သက်မဲ့ အရူးထတာဘဲ ဘာမှလုပ်တာလဲမဟုတ် သူ့ရုပ်ကြီး အကြီးတန် ခလေးတွေ တပြုံကြီး မွေးပြီးတဲ့ရုပ်ကြီးနဲ့များ ဒီပုလဲတွေ ရင်ဘတ်ကြား ထည့်ထားတာ သက်သက် အလကား ဖြစ်တာဘဲ" ဟု ပြောပြန်လေ၏။
မိမိ ကြွယ်ဝ ချမ်းသာနေပုံကို တွေးမိပြန်သေအခါ အစကမသုံးရက် မစွဲရက်ဖြစ်ခဲ့သော်လည်း ယခုသုံးချင် စွဲချင် လောကစည်းစိမ် ကို ခံစားချင်၍ လာလေ၏၊ အိမ်ထရံ တွေထဲ တွင် ငွေတွေအမျုား ကြီးထည့်ထား၏၊ အိမ်သစ် တွင်လည်း ငွေတွေဂုန်အိတ်ကြီး နှင့် တလုံးထည့်၍ တွင်းတူး မြှုပ်ထား၏၊ မိမိအိပ်သော အခန်း တွင်လည်း အ၀တ်နှင့် ထုပ်၍ထည့်ထားသော ငွေတွေ သေတ္တာကြီးနှင့်တလုံးရှိ ၏၊ မသုံးရက် မစွဲရက် စုထားသော ငွေတွေမှာ ပုဇွန်ဆိပ်ခုံ သလို ရွပိုးထိုး၍လာလေ၏၊ လက်မှာလည်း ယား၍ လာလေသည်။
သို့ဖြစ် မြို့ကို ရောက်သွားလေရာ အစက ရွှံ့သလိုလို ကြောက်သလိုလိုနှင့် တောသားပီပီ မ၀င်ရဲဝင်ရဲ နှင့် ၀င်ရောက် ခဲ့ရသောလဘက်ရည်ဆိုင်မှာ ယခု သူ့စိတ်ထဲ၌ ဆိုင်ညံ့ ဆိုင်စုတ်တခုသဖွယ် ထင်မှတ် ကာ ဘ၀င်မြင့် လာလေ၏၊ အစက ၀မ်လန်းအား လဘက်ရည်ပုဂံချပေးရသည့် စာပွဲထိုးကလေး ကပင် လူရာ မသွင်း ခဲ့သော်လည်း ယခုအခါ ၀မ်လန်း လဘက်ရည်ဆိုင်ထဲ ၀င်လာသည်ကို မြင်လျှင်ပင် လူများမှာ အချင်းချင်း လက်ကုတ်လျက် '' ၀မ်လန်းဆိုသူပေါ့ကွ သူဋ္ဌေးကြီး ဟွမ့်လယ် တွေကို ၀ယ်လိုက်တာ အခု တော်တော့ကို ချမ်းသာနေပီ'' ဟု တီးတိုးပြော ဆိုကြလေ၏။
ထိုအသံများ ကိုကြားရသော ၀မ်လန်းမှာသွေးကြွ၍သွားပြီး မကြားဟန်ပြုလျှက် ထိုင်မြဲထိုင်နေ လေ၏၊ သို့ထိုင်ရင်း က အိမ်မှဇနီးသည်၏အကြောင်းကို တွေးမိသောအခါ စိတ်နောက်ကျိ သွားလျက် လဘက်ရည် ကို စိတ်ထွေထွေ နှင့် သောက်ရင်း၊'' လောက မှာ ထင်သလောက် ဘာမှက ကောင်းပါကလား'' ဟု တွေးနေ လေ၏၊ ထိုအခိုက်စိတ်ရူးထလာပြန်ကာ ''ဒီလိုလဘက်ရည် ဆိုင်မျိုး ငါဘာလို့သောက်ရမှာလဲ ဒီဆိုင်ရှင် တနေ့ ရတဲ့ပိုက်ဆံက ငါ-ငါလုပ်သား တယောက် ပေးထားတဲ့ အခလောက်ရှိတာ ငါ့မှာလယ်နဲ့မြေနဲ့ ပီး ငါ့သား တွေကလဲ အခုကျောင်းသား ကြီးတွေဖြစ်နေပီ'' ဟု ဘ၀င်မြင့်မြင့်နှင့် အတွေးပေါက်လာမြန်လေ၏။
ထိုနောက်ထိုင်ရာမှ လျင်မြန်စွာထပြီးလျှက် ပိုက်ဆံကို စာပွဲပေါ်ပစ်ချလျက် ထွက်လာလေ၏၊ မြို့ထဲ၌ တ၀ဲလယ်လယ် ဖြစ်ရင်း ဘာလုပ်ရမည်ကို စဉ်းစား၍မရအောင်ရှိလေ၏၊ ကွက်စိပ် မဏ္ဍာပ်သို့ ရောက်သွား သောအခါ ပရိသာတ်ပြည့်နေသော ထိုင်ခုံတခု၏ အစွန်းတွင် ၀င်ထိုင်၍ နေလေ၏၊ သို့သော် ကွက်စိပ်ထဲ တွင်စိတ်မပါ တဒူဒူထုနေသော ကွက်စိပ်ဆရာာ၏ မောင်းသံ ကိုလည်းနားညီးလာသောကြေင့် ထိုင်ရာမှ ထခဲ့ပြန် လေ၏။
လေထဲတွင် လွင့်သော သစ်ရွက်ခြောက်လို စိတ်မငြိမ်တိုင်း လူလှုပ်ရှားလျက် တလမ်းပြီးတလမ်း လျှောက် နေ လေ၏၊ မြို့ထဲ၌မကြာမီကဖွင့်ဘော ဟော်တယ်ဆိုင်ကြီးတဆိုင်ရှိလေ၏၊ ထိုဆိုင်ကိုဖွင့် သူမှာ အောက်သား တယောက်ဖြစ်ရကား အောက်အရပ်က အပျော်အပါးတွေကို အညာသို့ ဆောင်ယူခဲ့ပြီး ဖြန့်ဝေ နေလေ၏၊ တခါက ၀မ်လန်းမှာ ထိုဟော်တယ်ဆိုင်ကြီးရှေ့သို့ဖြတ်သွားမိရင်း ကစားဝို်င်းနှင့် နတ်ကညာတွေ မပြတ် သာယာနေသောအထဲ၌ ငွေတွေသလဲလို ရေလိုသွန်းချသုံး ဖြန်းနေသည်ကို တွေ့ရသောအခါ ကျောချမ်း သွားမိ၏၊ သို့သော်ယခုတကြိမ်လျှောက်ရသောအခါ စိတ်မှာရပ်နားရာမရ လွင့်ချင်တိုင်းလွင့် လေချင်တိုင်း လေလျက် အိုလင်အပေါ်တွင် မိမိမတရား သဖြင့်အပြစ်မရှိ အပြစ်ရှာကာ ရန်စ ပြုမူခဲ့ခြင်း အတွက်ကလည်း စိတ်မကောင်း နိုင်အောင် ဖြစ်နေပြန်သောကြောင့် စိတ်ညစ်ခြင်းမှ သက်သာရာ ရ စေတော့ဟု ဟော်တယ်ထဲသို့ ၀င်ခဲ့လေ၏။
သို့ဝင်ခဲ့ရာတွင် အသစ်အဆန်းကို မြင်တွေ့ခဲ့ရသည် ရှိသော်ညစ်နွမ်းနေသော စိတ်ဓါတ်ကို ဖွပ်လျှော်ပစ်နိုင်လိမ့်မည်ဟု စားပွဲကုလားထိုင်တွေနှင့် တဖိတ်ဖိတ်တလက်လက်ရှိသော အခန်းကြီး ထဲသို့စိတ်ကို မနည်းကြီး တင်းကာ လူရဲလုပ်၍၀င်ရလေ၏၊ အကြေင်းမူလက်ထဲတွင် တပြားမှအပို မကိုင်နိုင်ခဲ့သော လံခြား ဆွဲနေခဲ့ရသည် ကိုဘ၀သတိရနေသောကြေင့် ဖြစ်လေ၏။
ပဋ္ဌမ၌ ဘာစကားမျှမပြေဘဲ လဘက်ရည်တခွက်ကိုသာမှာပြီး ငြိမ်သက်စွာ တယောက်ထည်း သောက်နေ လေ၏၊ ၀မ်လန်းရောက်နေသောနေရာမှာ ကျယ်ဝန်းသော အခန်းကြီးတခုဖြစ်လေ၏၊ မျက်နာကြက်များမှာ ရွှေချ ထားလေ၏၊ နံရံများ၌ ဖြူဆွတ်သော ပိုက်တံခွန်လွှာများကို ဆွဲချိပ်၍ ထားလေ၏၊
ထိုတံခွန်လွှာ များပေါ်တွင် မိန်းမရုပ်များ ရေးဆွဲ၍ထားလေ၏၊ ၀မ်လန်းမှာ ထိုရုပ်များ ကို တိတ်တိတ်ခိုး စိုက်ကြည့်နေမိလေ၏၊ သို့ကြည့်သည့်အခါ အိမ်မက်ထဲက ဒေ၀စ္ဆရာတွေလို အောက်မေ့မိလေ၏ အကြောင်းမူ တသက်နှင့်တကိုယ် ဤလိုချောသော မိန်းခလေးများကို လောကတွင်မကြုံဘူးသောကြောင့် ဖြစ်လေ၏ ထိုနေ့၌ ထိုမိန်းခလေးများ၏ ရုပ်ပုံကိုသာကြည့် လျက် လဘက်ရှည်ကို လျင်မြန်စွာသောက်ပြီး ပြန်ခဲ့လေ၏။
ထိုနေ့မှ စ၍ လယ်ထဲတွင် ရေတွေမလျှောကျမချင်း ထိုဟော်တယ်ကြီးမှာသာ ရောက်နေလေ၏ ရောက် သောအခါ တစ်ကိုယ်တည်းထိုင်လျက် လဘက်ရည်သောက်ရင်း မိန်းမချောကလေးများ၏ ပုံကိုသာ ကြည့်နေလေ၏ တနေ့ထက်တနေ့ ဟော်တယ်တွင်ထိုင်ခြင်းမှာ ခဏထိုင်ခြင်းမှ ကြာကြာ ထိုင်ခြင်းသို့ပြောင်း၍ လာလေ၏ ပိုးဘောင်းဘီ ပိုးအကျီတရွှမ်းရွှမ်းနှင့်မြို့သား လူရည်တတ်များသာ ၀င်ထွက် သွားလာလေ့ရှိသော ဟော်တယ်ကြီးတွင်၊ တောသားဂိုက်မပျောက်၊ ကျစ်ဆံမြီးတွဲလောင်းနှင့်၊ ဖျင်အကျီ ဖျင်ဘောင်းဘီများသာ ၀တ်ဆင်ထားသော တောသူဌေး ၀မ်လန်းမှာ ကွက်ကွက်ကွင်းကွင်း ဗျိုင်းဌက် တွေအကြား ကျီးကန်းတကောင်ရောက်သလို ထင်ရှား ပေါ်လွင်၍နေလေ၏။
သို့သော် တခုသောညနေခါတိုင်းကဲ့သို့သော ချောက်တခု၌ထိုင်၍ လဘက်ရည်ကို သောက်ရင်း နတ်ကညာ ကလေးများ၏ ပုံကိုငေးနေစဉ် အပေါ်ထပ်သို့တက်သော ကျဉ်းမြောင်းသည့် လှေခါး ငယ် တခု မှ တစုံတယောက် ဆင်း၍လာလေ၏ ။
ထိုဟော်တယ်တခုသာ ထိုမြို့တွင် အထက်ထပ်များရှိ၏ ညအခါများတွင် မိန်းမများ၏ သီချင်းသံနှင့် ရယ်သံ များမှာ အထက်ထပ်ပြူတင်းပေါက်များမှ လမ်းမသို့ လွင့်၍လာလေ၏ တီးသံမှုတ်သံ သီချင်းသံများမှာ ညအခါ များတွင် တငြိမ့်ငြိမ့်တငြောင်းငြောင်း ထွက်ပေါ်၍နေလေ၏ သန်းခေါင် ကျော်လာလျှင်ပို၍ ကျယ်လောင် လာလေ၏ သို့သော် ၀မ်လန်းထိုင်နေသော နေရာမှာကား စကားပြောသံ ပုဂံသံ အံစာခေါက်သံ များဖြင့် ဆူညံနေရကား အထက်ထပ်မှ ပုဂံသံ အံစာခေါက်သံ များဖြင့် ဆူညံ နေရကား အထက်ထပ် မှ အသံများကို မကြားနိုင်ပေ။
ပခုန်းပေါ်သို့ လက်ကလေးတဘက် လာထိလိုက်သဖြင့် ၀မ်လန်းမှာလန့်ဖြန့်၍ သွားလေ၏ မော်ကြည့် လိုက်သောအခါ ဥသြမယ်ကရယ်မောလျက်-
"သြော်-လယ်သမားကြီး ကိုဝမ်လန်းပါကလား"ဟု လယ်သမားဟူသောစကားကို တမင်ပင် လေးလေး ပင်ပင် ဆိုကာ "ရှင်ဒီနေရာမျိုးလာလိမ့်မယ်လို့ ဘယ်သူထင်မလဲ"ဟု ပြောလိုက်၏
ဝမ်လန်းက မိမိမှာသာမန်တောသားတယောက်မဟုတ်တော့ကြောင်း ထိုသူငယ်မအား သိစေမှ တော်တော့ မည်ဟု ကြံကာတချက်ရယ်လိုက်ပြီး ကျယ်လောင်သောအသံဖြင့်။
"ကျုပ်လဲ ကျုပ်ပိုက်ဆံနဲ့ ကျုပ်သူများတွေလို မသုံးရမဖြုန်းရတော့ဘူးလား အခုလိုအခါမျိုးမှာဆိုရင် ပိုက်ဆံ ကို ကျုပ်ဂရုစိုက်တာမဟုတ်ဘူး၊ ကျုပ်အခုချမ်းသာနေပီ"ဟု ပြောလိုက်လေ၏
ထိုအခါ ဥသြမယ်၏ မျက်လုံးများမှာ မြွေမျက်လုံးများလို ကျဉ်းမြောင်းသွားလျက် ၀င်းလက်တောက် ပြောင်လာ လေ၏ ထို့နောက် အသံကလေးချွဲချွဲနှင့်။
"ဘယ်သူ မကြားရှိမလဲ ဒါလောက်တောင် ချမ်းသာနေတဲ့ လူတယောက် ဒီလိုနေရာမျိုးမှ လာပီးပျော်ပါး မသုံးဖြုန်း ရင် ဘယ်နေရာမျိုး သွားဖြုန်းမလဲ ဒီနေရာဟာ သူဌေးတွေမင်းတွေစိုးတွေ ပျော်မြူး စံပယ်တဲ့ နေရာ ကလား ကျမတို့ညကအရက်မျိုးလဲ ဘယ်နေရာမှမရှိဘူးရှင့် နို့ဒါထက် ရှင်ကောမြီးကြည့်ပီးပလား ကိုဝမ်လန်း"
"လဘက်ရည် ဘဲ သောက်ရသေးတယ်ဗျ အရက် နဲ့ အံစာတော့ လက်နဲ့ ကို မထိရသေးဘူး"ဟု ဖြေရင်း ၀မ်လန်း မှာ ရှက်တက်တက်ဖြစ်သွားလေ၏ ။
ဆက်ရန်

.
1 comment:
အင်း လူတွေက ဆင်းရဲဒဏ်ကို ခံနိုင်ကြတယ်။ ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူးဆိုတာ မှန်တယ်နော်။
ဝမ်လန်းကို အစက ကျိတ်ချီးကျူးနေတာ။ ခုတော့ ပျက်စီးရာ လမ်းကြောင်းပေါ် ရောက်တော့မယ် ထင်ပါရဲ့။
Post a Comment