ဆယ့်တစ်
ဝမ်လန်းသည် သူ့တွင်ရှိသော ငွေစနှစ်စဖြင့် မိုင် ၁၀၀- ကျော် ခရီးအတွက် မီးရထားခ ထုတ်ပေး လိုက်ရာ မီးရထား ဘက်ဆိုင်ရာ အရာရှိက ငွေစကိုယူပြီး ကြေးပြားလက်တဆုပ်ခန့် ပြန်၍ အမ်းလေ၏၊ မီးရထား သည် တခုသော ဘူတာသို့ ဆိုက်သောအခါ ၀မ်လန်းသည် မီးရထားတွဲ သို့ ဗျပ်တခုနှင့် လာရောက်သော ဈေးသယ် ထံမှ ပေါင်မုန့်လေးလုံး နှင့် သ္မီးကလေးအတွက် ဆံပြုတ်တပုဂံ ၀ယ်ယူလေ၏၊ ရက်ပေါင်းများစွာ ငတ်ပြတ် လျက် ဘာတခုမျှ မစားခဲ့ရသည် မှန်သော်လည်း အစာကို ပါးစပ်ထဲသို့ထည့်လိုက် သောအခါ တွင်မူ စားချင်စိတ် မှာ လုံးလုံးပျောက်ကွယ် သွားလေ၏၊
သို့ဖြစ်လေရာ ခလေးများကိုသာ စားအောင် ချော့မော့၍ ကျွေးရလေ၏၊ အဘိုးကြီး ကား သွားမရှိ သော ပါးစပ်ဖြင့် ပေါင်မုန့်တလုံး ကို ကြိုးကြိုးစားစား စုတ်ယူ၍ နေလေ၏၊ သို့စုတ်ရင်း တယောက် နှင့် တယောက် ထပ်လျက် ကြပ်ကြပ် တည်းတည်း စီးလာရသော အတူစီး ခရီးသည် များအား
''စားမှာဘဲကွ မစားလို့ မဖြစ်ဘူးဟေ့'' ဟု ရယ်၍ပြောလိုက်ရာ မုတ်ဆိတ်ဖြူ ကြိုးတိုးကြဲတဲ နှင့် အဘိုးကြီး အားကြည့်ပြီး အနီးတ၀ိုက်ရှိ လူများမှာ ပွဲကျသွားလေ၏။

ဝမ်လန်းသည် ရှိသမျှ ပိုက်ဆံကို အားလုံးကုန်အောင် သုံးမပစ်ပေ၊ အောက်အရပ်ဒေသသို့ ရောက်လျှင် တဲကလေး ဆောက်၍ နေဘို့ ဖျာဝယ်ရန် ချန်ထားလေ၏၊ တွဲထဲ၌ ယခင့်ယခင်နှစ် များက အောက်အရပ် ဒေသသို့ ရောက်ဘူးသူများနှင့် တနှစ်တခါ မြို့ကြီးများသို့သွားကာ အလုပ်ရှာ ဘူးသူ၊ တောင်းစားဘူး သူများ နှင့် အမျိုးမျိုးကြုံ၍ မြို့၌ ၀မ်းကျောင်းကြဘူးသည့် လူများလည်း ပါလာလေ၏။
ဝမ်လန်းမှာ မီးရထားစီးရသည့်အဖြစ်ကို အသားကျသွားလျက် မီးရထားလမ်းဘေး၌ ချာလပတ် လယ်ကာ ကျန်ရစ် ခဲ့သော လယ်ကွက်များကို တွဲပေါက်မှ တအံ့တသြ ကြည့်ရှုရင်း အတူစီး ခရီးသည်များ ပြောဆို နေကြပုံ ကို နားထောင် ၍ နေလေ၏၊ ''အနှစ် မရှိသည့်တော၊ ကြက်ဆူ ပင်မင်းမူ သကဲ့ သို့ ထို လူသိုက် ထဲတွင် လူမွတ် လူနှံ့စပ်များလည်း ပါလာလေရာ ထိုသူတို့မှာ ရိုးအ ၍ မြို့ပါး မ၀သေးသော သူများ အလယ်၌ ဟောင်ဖွါ ဟောင်ဖွါ နှင့် နည်းပေးလမ်းပြ လုပ်နေလေ၏။
''ပဋ္ဌမ- ခင်ဗျား တို့ ဖျာခြောက်ချပ် ၀ယ်ရမယ်'' ဟု ကုလားအုပ် ပါးစပ်လို နှုတ်ခမ်းတွဲတွဲ နှင့် လူက ထ၍ ပြောလိုက် လေ၏၊ ထိုနောက် ဆက်ခါ ''တချပ် ကို နှစ်ပဲနိ ပေးရတယ်၊ ဒါပေမဲ့ ''၀နေ'' မှန်းသိအောင် အူကြောင် ကြောင်တော့ သွားမလုပ် နဲ့ ဆရာ ဈေးတင်နှိပ်လိုက်လို့ သုံးပဲနိပေးနေရမယ်၊ ကျပ်က ဒါတွေတော့နောနေပီ အောက်အရပ်က ငနဲတွေ ဘယ့်လောက်ချမ်းသာချမ်းသာ ကျုပ်လိုကောင် မျိုးတော့ နှပ်လို့မရဘူး'' ဟုပြောကာ ခေါင်းကိုမော့လျှက် အများအံ့သြချီးမွမ်း လက်ဖျားခါခြင်းကို ခပ်ကြွားကြွား ကြည့်လေ၏။
ဝမ်လန်းလည်း ထိုသူပြောသမျှ စူးစိုက်ကာ နားထောင်ပြီး၊ ''နောက်ပီးတော့ကောဗျ'' ဟု ဆက်ပြောရန် တောင်းပန် လိုက်လေ၏၊ ၀မ်လန်းမှာ တွဲကြမ်းပြင်ပေါ် တွင် ဒူးနှစ်လုံးထောင်လျက် ဆောင့်ကြောင့် ထိုင်၍ လိုက်ရ၏၊ တွဲမှာ သစ်သားဖြင့် ဆောက်ထားသော ကုန်တွဲသက်သက် ဖြစ်လေရာ ထိုင်စရာမရှိ ကြိုးတိုး ကြဲတဲ ခင်းထား သော ကြမ်းပြင်သာရှိလျက် ကြမ်းကြားမှလေပင့်လျှက် ဖုတ် တထောင်းတောင်း ၀င်နေလေ၏။
''နောက်ပီး တော့လား....'' ဟု ထိုသူက သံဘီးကြီးများ တဂျိမ်းဂျိမ်းလိမ့်လျက် မြည်နေသော မီးရထား ခုတ်သံ ထက်ပင် ဆာကျယ်ကျယ်ဖြစ်အောင် အသံကိုပို၍ ဟစ်ရာမှ ''နောက်ပီးတော့ ဒီဖျာတွေနဲ့ တဲဆောက်ပီး နေပေါ့၊ ပီးတော့ ခင်ဗျားမျက်နှာကို တခြားလူ မြင်ရင် မသနားဘဲ မနေနိုင် အောင် ရွှံ့တွေအိုးမဲ တွေနဲ့ လိမ်းပီး သူတောင်းစား ထွက်လုပ်ပေါ့'' ဟုအဆုံးသတ်လေ၏။
ဝမ်လန်းမှာ သူ့တသက်တွင် မည်သူ တဦးတယောက် ကိုမှ အသနားခံခြင်း၊ တောင်းဆိုခြင်း မပြုဘူးခဲ့၊ အောက်အရပ် က လူအချို့ တောင်းစားနေပုံများ ကိုလည်း အထူးသဖြင့် စက်ဆုပ်ရွံရှာခဲ့၏။
''တောင်းစား ရမယ်ဟုတ်လား.....'' ဟု ပြန်၍ မေးလိုက်မိ၏။
''အစစ်ပါ့ ဒါပေမဲ့ မစားရ မချင်း တောင်းနေဘို့ မလိုပါဘူး အောက်သားတွေဟာ လူတို့ဆီမှာ ဆန်ပေါတော့ မနက်တိုင်း မနက်တိုင်း စတုဒီသာလို လုပ်ကျွေးနေတာဘဲ၊ သူတို့ဆောက်ထားတဲ့ မဏ္ဍပ် တခုရှိတယ် အဲဒီကို မနက်တိုင်း မနက်တိုင်းသွားပီး တပဲနိ ပေးလိုက်ရင် ဆန်ပြုတ် အ၀နှိပ် ရ တာဘဲ၊ ဒီပြင်တော့ ပဲမုန့် တို့ မုံလာဥ တို့ဘာတို့ စားချင်သပ ဆိုရင် ကိုယ့်ဟာကိုယ် ၀ယ်စားနိုင်အောင် လိုက်တောင်းပေါ့''
ဝမ်လန်း သည် ထိုလူသိုက်မှ အနည်းငယ် ဖဲ့ခွာ ပြီးနောက် တွဲနံရံဘက်သို့ လှည့်ကာ အိတ်ထဲမှ ပိုက်ဆံ ကလေး များကို ရေတွက်ကြည့်လေ၏။
ဖျာခြောက်ချပ်ဘိုး နှင့် တနေ့ အတွက် အားလုံးဘို့ အ၀စားတပဲ ဆံပြုတ်မဏ္ဍပ် တွင် ၀ယ်စားနိုင် လောက်အောင် ပိုက်ဆံ အပြင် သုံးပဲနီ ပိုသေးသည်ကို တွေ့ရလေ၏၊ သို့ဖြစ်လေရာ ဘ၀သစ်ကို စတင်ဘို့ လုံလောက် သဖြင့် စိတ်သက်သာရာ ရသွားလေ၏၊ သို့သော် ခွက်လက်ဆွဲ၍ လာလာသမျှ လူကို ဆီး၍ တောင်းရမည့် အဖြစ်ကို တွေးမိသောအခါ စိတ်ညစ် သွားလေ၏၊ အဘိုးကြီး နှင့် သားအမိတွေ အဘို့မူ မထောင်းတာလှ မိမိကား လက်နှစ်ဘက် ရှိသေး၏။
''ယောကျာ်း တွေနဲ့ တော်တဲ့ အလုပ်အကိုင် ကလေးများ ကော မရှိဘူးလားဗျ'' ပြန်လှည့်ပြီး ထိုသူအား မေးလိုက်ရာ-
''ရှိတာပေါ့'' ဟုဖြေလျက် တံတွေး ကို ကြမ်းပေါ်သို့ ပက်ကနဲ ထွေးချလိုက်ရင်း ဆက်လက်၍
'' လံခြား ဆွဲစားနိုင်သားဘဲ နေပူကြီး ခြစ်ခြစ်တောက်ထဲမှာ ပြေးဟယ် လွှားဟယ် တကိုယ်လုံး ချွေး တလုံးလုံး နဲ့ ပီး လူမရပြန်လို့ လူစောင့်ရင်း ရပ်နေရပြန်တော့ ရေခဲအင်င်္ကျီ ၀တ်ထား သလို တကိုယ်လုံး ဧလို့ စက်လို့ ကျုပ်တော့ လံခြား မဆွဲဘူး တောင်းစားမှာဘဲ'' ဟု ပြောကာ မကြားဝံ့မနာသာ တိုင်းထွာ လိုက်ရာ ၀မ်လန်းမှာ ဆက်မမေးတော့ဘဲ ရပ်လိုက်ရလေ၏။
သို့သော် ထိုသူ ပြောသည့်အလုပ်မှာ အလုပ်ကောင်းတခု ဖြစ်ရကား ၀မ်လန်းမှာ မိမိတို့သွားနေသည့် အရပ်သို့ မီးရထားဆိုက်၍ ဆင်းကြရသော အခါ အလုပ်အကိုင်တွက် ကြံစည် စိတ်ကူး ပြီးသား ဖြစ်နေ လေ၏၊ အဖေအိုကြီး နှင့် ကလေးများ အား အိမ်ကြီးတအိမ် ၏ အုဌ်ဝင်း ထရံကြီးနားတွင် ဇနီးသယ် နှင့် ထားခဲ့လျက် ၄င်းမှာ ဖျာဝယ်ရန်ထွက်သွားလေ၏၊ ဈေးရှိရာကို တမေးမေး တစမ်းစမ်း နှင့် သွားလေရာ ပဌမသော် မိမိမေးလိုက်တိုင်း မာကျွတ်ကျွတ် ခပ်သွက်သွက် ပြန်ဖြေ ကြသည့် အောက်သားများ၏ စကားကို နားမလည်နိုင်အောင် ရှိလေ၏၊ အခါများစွာ လည်း မိမိ က မေးလိုက်သော စကားကို သူတို့က နားမလည် ဖြစ်ပြန်၏။
သို့ဖြင့် နောက်ဆုံး တွင် ဖျာယောင်းသော ဆိုင်သို့ ရောက်သွားလေ၏၊ ဖျာဆိုင်မှာ မြို့၏ အစွန်အဖျား တွင်ရှိလျက် ၀မ်လန်းသည် အဘိုးနားလည် ကျွမ်းကျင်နေသူတဦးကဲ့သို့ ပိုက်ဆံများကို ပစ်ချလျက် ဖျာလိပ် ကို ပိုက်ကာ ပြန်ကြလေ၏၊ အိမ်သားတွေ ထားခဲ့သောနေရာ သို့ ရောက်သွားသော အခါ အားလုံးပင် မိမိ အပြန် ကို ရပ်၍ စောင့်မျှော် နေကြသည် ကို တွေ့ရလေ၏၊ ၀မ်လန်းကို မြင်လျှင် ခလေးများမှာ ၀မ်းသာ အားရ ဖြစ်သွားသကဲ့ သို့ ဟစ်အော် ကြိုဆိုကြလေ၏၊ ၄င်းတို့မှာ မရောက်ဘူးသော နေရာဌာနတွင် ရင်ဖိုလျက် ကြောက်ရွံ့ထိတ်လန့်နေကြ ကြောင်းကို ၀မ်လန်း တွေ့ရလေ၏၊ အဘိုးကြီး တယောက်သာလျှင် ပတ်ဝန်းကျင် မြင်ကွင်း ဟူသမျှကို တအံ့တသြ ကြည့်လျက် ၀မ်လန်းအား-
''ကြည့်စမ်းဟေ့ ဒီအောက်သား တွေဟာ အသားကဖြူ အဆီကလဲ ရစ် ၀ကလဲ ၀သနဲ့ ကိုယ်တော့ ဒင်းတို့ တတွေ နေ့တိုင်း ၀င်သားဟင်း နဲ့ နှိပ်နေကြတယ်လို့ ထင်တာဘဲ'' ဟု ပြောဆိုလေ၏။
ကျောက်လမ်းမကြီး တလျှောက် သွားလာ လှုပ်ရှားနေသူ များကား မည်သူကမျှ ဂရုစိုက် ၍ ၀မ်လန်း တို့ လူစုကို လှည့်မကြည့် ကိုယ့်ကိစ္စ နှင့် ကိုယ် အလုပ်ရှုပ်ဗျာများ နေကြလေ၏၊ သူတောင်းစား များကိုမြင်လျှင် လှည့်မကြည့် ဘဲ သွားလေ၏၊
မကြာခဏ စပါးအိတ်များ အုပ်ခဲမျုား ခါးကျိုးလုမတတ် တင်လာသည့် မြည်း ၀န်တင်အုပ်ကြီး များသည် ၀မ်လန်းတို့ အနီးမှ ဖြတ်၍သွားလေ၏၊ ၄င်းတို့ကို မောင်းနှင်လာသူများ လက်ထဲတွင် ကြီးမားသော ကြာပွတ်ကြီး များ ကို ကို်င်လျက် နောက်ဆုံးမှ မြည်းတကောင် ၏ ကျောထက်တွင် စီး၍ လိုက်ပြီး ဖြောင်းကနဲ ဖြောင်းကနဲ ကြောက်ဖွယ် အသံကြီးကို ထွက်စေကာ ဟစ်အော် ရိုက်နှင်၍ သွားလေ၏၊

အဆိုပါ ကြာပွတ် ဆရာများ မှာ လမ်းဘေးမှ တအံ့တသြ ငေးမော ကြည့်ရှုနေကြသည့် လူစုအနီးသို့ ရောက်လာ သောအခါ ၀မ်လန်းအား စက်ဆုပ်ရွံရှာသလို မျက်နှာထား နှင့် ဂိုက်တင်းတင်း ကြည့်၍ သွားလေ၏၊ လေကို ခွင်းလျက် ဖြောင်းကနဲ မြည်လိုက်သော ၄င်းတို့၏ ကြာပွတ်သံကို ၀မ်လန်းတို့ လူသိုက်လန့်၍ ခုန်သည်ကို မြင်လျှင် သဘော ကျလျက် ရယ်စရာတခု လုပ်ပြီး ကျယ်လောင်စွာ ဟစ်အော် ရယ်မော၍ သွားကြလေ၏၊ ၀မ်လန်း မှာ တခါကနှစ်ခါ နှစ်ခါကသုံးခါ ဖြစ်သောအခါ စိတ်ဆိုးလျက် ၄င်းတို့ကို မကြည့်တော့ဘဲ တဲဆောက်ဘို့ နေရာကို ရှာဖွေ၍ နေလေ၏။
အုဌ်တံတိုင်းကြီး တခုကို ကပ်လျက် တဲအချို့ ထိုးထားပြီကိုတွေ့ရ၏၊ သို့သော် အုဌ်တံတိုင်းကြီး၏ အတွင်းဘက် ၌ ဘာရှိသည်ကိုမူ မည်သူမျှ မသိ၊ သိရန်လည်း လမ်းမရှိပေ၊ မွဲခြောက်ခြောက်နှင့် မြင့်မား ရှည်လျားစွာ တန်းနေသော အုဌ်တံတိုင်းကြီး၏ ခြေရင်းတွင် ဖျာတဲကလေးများသည် ကပ်၍ ထိုးထားရကား ခွေးတကောင် ကို ခွေးသန်းတွေ တွယ်နေသကဲ့သို့ ရှိလေ၏၊ ၀မ်လန်းသည် ဆောက်ထားသော တဲများကို ကြည့်ပြီး သူတို့ တဲအတွက် ဖျာများကို တဲပုံသဏ္ဍာန် ကွေးလိုက် ခေါက်လိုက် ရာထား၍ ကြည့်လေရာ ကြူဖျာများ ဖြစ်သောကြောင့် ချိုးမဖြစ်နိုင်အောင် မာကျော တင်းမာခံ၍ နေလေ၏၊၊
ထိုအခါ အိုလင်'' က ကျုပ်လုပ်နိုင်ပါတယ် ၊ ငယ်ငယ်တုံးက ဟာ သတိရ မှတ်မိပါတယ်" ဟုပြောပြီး ဖျာ များကို မြေကြီးရောက်အောင် တဲကလေး တခု လူတစ်ယောက် ကောင်းကောင်းကြီး ၀င်နိုင်အောင် ဆောက် လေ၏၊ မြေကြီး သို့ ကွေးချ ထားသော ဖျာစ များ အတွက် အုဋ္ဌ်ခဲ များ ထပ်မံ အရှာခိုင်းပြန်လေ၏၊ တဲထိုးပြီး သွားသော အခါ ဖျာတချပ်ကို ခင်းလျက် ၀င်ထိုင် ကြလေ၏။
သို့ ၀င်ထိုင်ကြရာ မှ တစ်ဦးမျက်နှာ ကို တဦးကြည့်ကာ မနေ့ကပင် ကိုယ့်အိမ်ကိုယ့်ရာကို ပစ်လျက် ထွက်ခွာလာခဲ့ကြရာ ယခု ခရီးမိုင် ၁၀၀-ကျော် အဝေးသို့ ရောက်နေကြခြင်း ကို မယုံကြည် နိုင်အောင်ပင် ဖြစ်နေကြလေ၏၊ ထိုခရီးမှာ ခြေထောက်ဖြင့် လျှောက်ရလျှင် ရက်သတ္တပတ် ပေါင်း အတန်ကြာဦးမည် ဖြစ်လျက် သို့ လျှောက်ရင်းနှင့်ပင် လိုရာစခန်း မရောက်မီ သေကြဘို့ ရှိ၏။ သို့ဖြင့် မိမိတို့ ရောက်ရှိနေသော နေရာမှာ အရာခပ်သိမ်း ပြည့်ပေါ ကြွယ်လျက် မြင်တွေ့ရသမျှသော လူတိုင်းပင် မိမိတို့ ကဲ့သို့ အငတ်ငတ် အမွတ်မွတ် ဖြစ်နေသူများ မဟုတ်ကြောင်းကို တွေ့ရသော အားတက် လာလျက် ၀မ်လန်း က "ကိုင်း အ၀စား တပဲ ဆန်ပြုတ်မဏ္ဍာပ် ကို ရှာကြရအောင်ဟေ့" ဟု ပြောလိုက်သည် တွင် အားလုံး ပေါ့ပေါ့ပါးပါး သွက်သွက် လက်လက် နှင့် ထကြလျက် တဲမှထွက်ခဲ့ကြ သည့်အခါတွင်လည်း ခလေးများမှာ အစာ တွေ့ရတော့ အံ့ ဟု လက်ထဲမှ ထမင်းပုဂံလုံးများကို တူများဖြင့် တဒေါင်ဒေါင် တီးခတ်၍ လိုက်ကြလေ၏။
အုဌ်တံတိုင်းကြီး ၏ မြောက်ဘက် အဆုံး မလှမ်းမကမ်း နေရာတွင် လမ်းတလမ်း ကို တွေ့လေ၏၊ ထိုလမ်းပေါ် တွင် ပုဂံတွေ ခွက်တွေ ကိုင်လျက် ဆံပြုတ်မဏ္ဍာပ် သို့ သွားလာနေကြ သူများအား တွေ့ရ လေရာ ဘာကြောင့် တံတိုင်းကြီးခြေရင်း ၌ တဲထိုး၍ နေကြသည်ကို ရိပ်မိ လာလေ၏၊ ဆံပြုတ်မဏ္ဍာပ် မှာ များစွာ မကွာဝေးလှသော ထိုလမ်းဆုံတွင် ရှိလေ၏၊ ၀မ်လန်းတို့ တစု သည် မဏ္ဍာပ် သို့ သွား နေကြည့်သူ များနှင့် ရောလျက် လိုက်သွားကြ လေရာ မကြာမီ လူတွေ တိုးဝှေ့ ၀င်ရောက် နေကြသော ကြူဖျာတွေ ကာထားသည့် မဏ္ဍာပ်ကြီး နှစ်ခု သို့ ရောက်သွားလေ၏။
မဏ္ဍာပ်များ၏ နောက်ဘက်တွင် ကြီးမားသော မြေမီးဖိုကြီး နှစ်ခုရှိလေ၏၊ ၀မ်လမ်း မှာ ဤမျှ ကြီးမားသော မီးဖိုကြီးများ ကို တစ်ခါမျှ မမြင်ဖူးပေ၊ မီးဖိုနှစ်ခု ပေါ်တွင် ရေကန်ကလေး တမျှ ကြီးမားသော ဆန်ဒယ်အိုးကြီး များကို တင်ထားလျက် သစ်သား စလောင်းဖုံးများကို ဖွင့်လိုက်သည့် အခါ တဘွက်ဘွက် ဘူးဘောင်း ထလျက် ဆူပွက်နေသော ဆံပြုတ်များ မှာ အငွေ့တထောင်းထောင်း နှင့် မွေးကြိုင်၍ သွားလေ၏၊ ထိုအနံ့ ကို ရသောအခါ လူများသည် ခွက်ကိုယ်စီ ကိုင်လျက် ဒလကြမ်း တိုးဝှေ့ကြလေရာ ခလေး တွေ လူနင်းခံရမည် စိုးသဖြင့် ခလေးအမေတွေကအော်၊ ခလေးတွေကငိုနှင့် ပွက်လော ရိုက် သွားလေ၏၊ ထိုအခါ ဒယ်အိုးစောင့်က " မတိုးကြနဲ့လေ သိပ်မတိုးကြနဲ့ အားလုံး တယောက်ပြီးမှ တယောက် လာကြပါ" ဟု အော်ဟစ် နေလေ၏။
ဆက်ရန်
.

No comments:
Post a Comment