Thursday, April 1, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၆)

၎င်း၏အသံမှာ ဧဆေးတည်ကြည် ဣနြေ္ဒရလှပေရကား ၀မ်လန်း ဒေါသထွက်ထွက်နှင့် ပြောနေခြင်း ထက် ပို၍ ချက်ကျသွားလေ၏။ "မင်းတို့ တကယ်ဘဲ အောက်ကို သွားတော့မလို့လား" ဟု ၀မ်လန်း၏ ဦးလေး ဖြစ်သူက မေးလေ၏။

 နောက်ဆုံး၌ မျက်စိတဘက်လပ်နှင့် လူတွေ ၎င်းတို့အချင်းချင်းလှည့်၍ တိုင်ပင်ပြီးလျှင် "မင့်ဟာတွေက ဘာ အဘိုးတန်တာလိုက်လို့ ထင်းဆိုက်ပစ်ရမှာတွေ အားလုံး ဒင်္ဂါး ၂-ပြား ပေးမယ်ဟေ့ ရောင်းချင်ရင် ရောင်း မရောင်းချင်ရင် နေဟုပြောကာ သဘောကျ သွားသလိုဟန်ဖြင့် တဘက်သို့ လှည့်သွားလေ၏။ သို့သော် အိုလင်က ဧဧဆေးဆေး ပြန်၍"

ဒင်္ဂါး ၂-ပြား ဆိုတာ ကုတင်တလုံးဘိုး မှ မရှိဘူး ဒါပေမဲ့ ပိုက်ဆံပါရင် မြန်မြန်သာ ပေးခဲ့တော့ ပစ္စည်း တွေလဲ ယူသွားဟု ပြောလိုက်ရာ မျက်စိတဘက်လပ် ဆရာက အိတ်ထဲမှ ပိုက်ဆံကို နှိက်ပြီး အိုလင် လက် ထဲသို့ ထည့်လိုက်လေ၏။ ထိုနောက် အိမ်ထဲ ၀င်ကြကာ စားပွဲ၊ ကုလားထိုင် များနှင့် ၀မ်လန်းတို့ အိပ်ရာ များကို ဆွဲထုတ် ကြလေ၏။ အဘိုးကြီး၏ အိမ်ရာကုတင်များကို ယူရန် အခန်းထဲ သို့ ၀င်ကြသော အခါ ၀မ်လန် ၏ ဦးလေးသည် အပြင် နေရစ်ခဲ့လေ၏။

၎င်းမှာ အကိုဖြစ်သူ၏ အတွေ့ ကို မခံလို ထို့ပြင် အကိုဖြစ်သူအား အိပ်ရာပေါ်မှ ဆင်းစေ၍ ကြမ်းပေါ်၌ ချပြီး အိပ်ရာ ကုတင်များကို ယူထုတ်နေသည့် အချိန်တွင် အနီးမှ ရပ်ကြည့်မနေလိုပေ ထွန်ခြစ် ၂-ချောင်း ပေါက်ပြား ၂-လက် နှင့် ထွန်တုံးတခုမှ တပါး အခြား ပစ္စည်းများကို အိမ်တအိမ်ပြောင်းသွားသည်အထိ ထုတ်ယူ ပြီးသောအခါ အိုလင်က ခင်ပွန်းသည်အား ……….
"ကိုင်း ……. လက်ထဲမယ် ငွေစကလေး ၂-ပြားရှိတုံး အောက်အရပ်က ပြန်လာလို့မှ လေးဘက် ထောက်ဝင်စရာ မရှိအောင် အိမ်က ဆင့်တွေ ဒိုင်းတွေ ထုတ်တွေ မရောင်းရခင် သွားကြစို့ဟု ပြောလေ ၏။
ဝမ်လန်း ကလည်း "အေးသွားကြစို့လား"ဟု အသံလေးကြီးနှင့် ပြန်ပြောလေ၏။

သို့ပြောရင်း က လယ်ကွင်းများကို ဖြတ်လျက် ပစ္စည်းတွေနှင့် ပြန်သွားနေကြသော လူများ လှမ်းကြည့်ရင်း၊ "ငါ့မှာ လယ်တော့ ကျန်သေးတာဘဲ လယ်တော့ ကျန်သေးတာဘဲ"ဟု ပုတီးစိပ်သလို ပြောလေ၏။

တဆယ်

အိမ်တံခါး ကို ခိုင်ခန့်စွာဆွဲပိတ်လျက် သံကြိုးများဖြင့် တုပ်ချည်ခဲ့ရုံမှ တပါး ဘာမှ လုပ်စရာမရှိပေ၊ ရှိသမျှ အ၀တ်အစား ကလေးများမှာ ကိုယ်ပေါ်တွင် ၀တ်ဆင်ပြီးသား ရှိ၏၊ အိုလင်သည် ခလေးနှစ် ယောက် ၏ လက်ထဲသို့ ထမင်းစား ပုဂံလုံးတလုံးစီ နှင့် တူများကို ထည့်ပေးလိုက်ရာ ခလေး များသည် အစာကို ရရှိ တော့အံ့ ဟူသော အမှတ်ဖြင့် ပုဂံလုံးများကို တင်းကြပ်စွာ ဆုပ်ကိုင်၍ထားကြလေ၏။
သို့ဖြင့် လယ်များကို ဖြတ်လျက် အိမ်မှ ထွက်ခဲ့ကြလေ၏၊။

ပျင်းရိငြီးငွေ့ဘွယ် ဖြေးလေးစွာလှုပ်ရှား ရွေ့လှမ်းနေကြလေရာ မြို့တံခါးဝသို့ ဘက်တော့မှ ရောက်မည် မဟုတ် ဟုပင် ထင်ရလေ၀မ်လန်း သည် သမီးထွေးကလေးကို ရင်ခွင်တွင်ပိုက်လျက် လျှောက်လေ၏၊ သို့ လျှောက်ခဲ့ရာမှ လဲတော့မည် ဖြစ်နေသောဘခင်ကြီးကို မြင်လျှင် သမီးကလေး ကို အိုလင်အားပေးလျက် ဘခင်ကြီးအား ကုန်းးပိုး၍ ယိုင်တိ ယိုင်တိုင် လျှေက်ခဲ့လေ၏၊ အားလုံးပင်စကားမပြောဘဲ တိတ်ဆိတ်စွာ တရွေ့ရွေ့ လှမ်းခဲ့ကြလေ ရာ ၀သုန်နတ်ကွန်း ကို ကျော်လာခဲ့လေ၏၊ လေစိမ်းကမခံသာအောင် တိုက်နေလျက်၊ အအေးဓာတ် ကလွှမ်းမိုးရစ်သိုင်းလျက် ရှိနေစေကာမူ ၀မ်လန်းမှာ ပင်ပန်းခြင်း ချွေးရွဲ နေလေ၏၊ လေကား မညှာ မတာ မရပ်မနားတိုက်ခတ် ၍သာ နေလေရာ ခလေးများမှာ ချမ်းလွန်း သဖြင့် ငိုယိုမြည်တမ်း ကြလေ၏၊

သို့သော် ၀မ်လန်း က ချော့မော့လျက်။ ''မင်းတို့ဟာ အောက်အရပ်ကို သွားကြမဲ့ ခရီးသည်ကြီး နှစ်ဦးကွ၊ ဟိုမှာဆိုရင် ဒီမှာလို မချမ်းဘူး၊ နွေးလဲနွေးမယ် နေ့တိုင်းနေ့တိုင်းလဲ ထမင်းစားရမယ်၊ ဒို့တတွေ အားလုံး စားကြ ရမယ်'' ဟုပြောရလေ၏။

သို့ဖြင့် တဖြည်းဖြည်း နား၍ နား၍ လျှောက်ခဲ့ကြလေရာ အားချိန် မနှောင်းမီ မြို့တံခါးသို့ ရောက်လေ၏။ မြို့တံခါး ဥမင်လှိုင် ခေါင်းကြီးထဲမှ ပြေးထွက်လာသောလေမှာ ကျောက်တောင်ကျောက်တုံးများအကြားမှ ဒလဟော ကျနေသော စမ်းရေလိုဧမြလှပေရကား၊ ၀မ်လန်းမှာ သွားစေ့ပြီး ခိုက်ခိုက်တုံလာလေ၏၊ လမ်းများ မှာ ဘွက်ဖြစ်နေ လျက် လွန်ကဲသော အဧဓာတ် ကြောင့် ခဲ ကုန်သော ရေခဲစ တွေက ခြေဘ၀ါး ကို လှန်ချွန် များလို ထိုးလေရာ ခလေးများ မှာ မနင်းနိုင်တော့ဘဲ နောက်တွင် ကျန်ရစ်လေ၏၊ အိုလင် မှာလည်း သမီးကလေးကို ချီပိုးရင်း ကိုယ့်ခြေထောက် ကို ပင် ကိုယ် မသယ်နိုင်သော အခြေသို့ ရောက်လေ ၏။

ဝမ်လန်း သည် ကယိမ်း ကယိုင်နှင့် အဘေအိုကြီး အား ကုန်းပိုးပြီး တဘက်သို့ ရောက်အောင် ပို့လေ၏၊ ထိုနောက် ပြန်လာလျက် ခလေးများကို တယောက်ပြီး တယောက် သယ်ယူရပြန်လေ၏၊ လူအားလုံး တဘက်သို့ ရောက်ခဲ့သောအခါ ၀မ်လန်း၏ တကိုယ်လုံးသည် မိုးရွာချ ဘိသကဲ့သို့ ချွေးတို့ဖြင့်ရွှဲလေ၏၊ ရှိသမျှ အားအင်ကို အကုန်သွန်ထုတ်လိုက်သကဲ့သို့ ဖြစ်ရာ စိုစွပ်သောတံတိုင်း နံရံကြီးကို အသာမှီလျက် မျက်လုံး စုံမှိတ်ပြီး အသက်ဖုတ်လှိုက်ဖုတ်လှိုက်ပြစ်နေလေ၏၊

ကျန်လူများ ကား ၄င်း၏အနီး တွင် ဝိုင်းလျက် ချမ်းလွန်းသဖြင့် ခိုက်ခိုက်တုံနေကြလေသတည်း။
၎င်းတို့ ရောက်ရှိ နေသော နေရာကား ဟွမ်အိမ်ကြီး ၏ ၀င်းတံခါးနှင့် မလှမ်းမကမ်း နေရာတခု ဖြစ်လေ၏၊ သံတံခါးကြီး များ မှာ ခိုင်မြဲစွာပိတ်ထားလျက် တဘက်တချက် မှာ ကျောက်ခြင်္သေ့ရုပ်ကြီး နှစ်ခုမှာ မိုးတွေဝါး သဖြင့် မွဲခြောက်ခြောက်ဖြစ်နေလေ၏၊ အ၀တ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် ငတ်ပြတ်နေကြသော ယောကျာ်း မိန်မအချို့ သည် ၀င်းပေါက်စတွင် မင်းတုံးချလျက် အခိုင်ပိတ်ထား သော ၀င်းတံခါးကြီး ကိုသာ ကသိုင်းရှု နေကြလေ၏၊

ဒုက္ခသည် တသိုက် ကို ခေါင်းဆောင်၍ လျှေက်လာနေသော ၀မ်လန်းကို မြင်သောအခါ တယောက်သော သူက။
''ဒီသူဋ္ဌေး ဟာ နတ်ဆိုး တွေလိုဘဲ အကြင်နာတရားဆိုလို့ နဲနဲကလေးမှမရှိဘူး ဒင်းတို့မှာ အခုထက်ထိစားဘို့ ဆန် ရှိသေးတယ်၊ ကျုပ်တို့တတွေ ငတ်နေတဲ့ အချိန် မှာ ဒင်းတို့က ဆန် ကိုမစားဘဲ အရက်တောင် ချက်နေ လိုက်ကြသေး'' ဟုဟစ်အော်ပြောဆိုလေ၏၊ အခြားတယောက်ကလည်း။

''တောက်… ကျုပ်သာ ခဏလောက် အားပြည့်လာရင် ၀င်းတံခါးရော အထဲကအိမ်တွေ အဆောင် တွေရော မီးရှို့ပစ်မှာဘဲ ကျုပ်ပါမီးထဲပါပြီး သေသေ'' ဟုပြောဆိုကာ ဟွမ်၏ အိမ်သူအိမ်သားများကို ကျိန်ဆဲ နေလေ ၏။

ဝမ်လန်း ကား ထိုသူများနှင့် စကားလက်ဆုံ ပြောမနေဘဲ အောက်အရပ်ဒေသ ဆီသို့ ဦးလှည့်၍ ငြိမ်သက်စွာ လျှောက်လေ၏။
နေ၀င် ဖြိုးဖျောက် လောက်တွင် မြို့တောင်ဘက် ဖျား ဆီသို့ ရောက်သွားလေရာ အောက်ပြည် အောက်ရွာ ဆီသို့ သွားနေကြသော လူအုပ်ကို တွေ့ရလေ၏၊ ၀မ်လန်းသည် ထိုည အတွက် အိပ်ရန် နေရာရှာရင်း လူအုပ်ကြီး ထဲ သို့ ရောက်သွားလေ၏။

''ဒီလူတွေ ဘယ်သွားနေကြတာလဲဗျ''
''ကပ်ဆိုက်လို့ဗျို့…. ကပ်ဆိုက်လို့ မိုးခေါင်ရေရှားနဲ့ ဒုက္ခကြီးရောက်ပြီး ကျုပ်တို့တတွေ အောက် ရပ်သွားကြမလို့ အခုအောက်အရပ်သွားမဲ့ ''မီးယဉ်'' ကြီးစီးရအောင်သွားနေကြတာ '' မီးယဉ်
 ဟိုအရှေ့ နားက အိမ်ကြီးကထွက်လိမ့်မယ်ဗျကျုပ်တို့လူမျိုးတွေအတွက် ပိုက်ဆံလဲသိပ်မပေးရဘူး ဗျ''ဟု တယောက်သော သူက ပြန်ပြောလေ၏။

''မီးယဉ်ကြီး'' အကြောင်း ကို ၀မ်လန်းသည် တခါက မြို့ကိုတက်စဉ် လဘက်ရည်ဆိုင် တဆိုင်၌ ကြားခဲ့ လေသည်၊ ''ယဉ်ကြီးတွေဟာ တခုနဲ့ တခုသံကြိုးနဲ့ ဆက်ထားသတဲ့ လူကလဲမဆွဲ နွားနဲ လဲ မရုန်းဘဲနဲ့ ခေါင်းက စက်ကြီးက နဂါး များလို မီးတွေ ရေတွေ စားပြီး အလိုလိုသွားသတဲ့'' ဟု လူအချို့ ပြောနေသံ ကိုကြားခဲ့ဘူးရာ အလုပ်အားလျှင် တခေါက်လောက်တော့ သွားကြည့်ဘူးတယ်ရှိအောင် ကြည့်အုံးမယ် ဟုအားခဲ ခဲ့၏၊ သို့သော် လယ်အလုပ်နှင့် မအားလပ်အောင်ရှိခဲ့သဖြင့် ထိုအကြံမှာ အထမမြောက်ခဲ့ပေ၊ '' ဆန်းတော့ အတော်ဆန်းတဲ့ဟာဘဲ ယုံစရာတောင်မရှိဘူး'' ဟု မီးရထားမမြင် ဘူးကြသူများမှာ ဆန်းကျယ် အံ့အော ဘွယ် တရပ် ဖြစ်နေလေ၏။

ဝမ်လန်း သည် အိုလင်ဘက်သို့ လှည့်၍။
'' ကိုင်း …. ဒို့လဲ မီးယဉ်ကြီး စီးသွားရအောင်လား'' ဟုပြောလိုက်လေ၏၊ ထိုနောက် အဘိုးကြီးနှင့် ကလေး များကို လူအုပ်ကြီး ထဲမှ တွဲယူထွက်လာခဲ့ကြပြီး တယောက် မျက်နှာကို တယောက်ကြည့် လျက် ရင်ဖိုကာ ထိတ်လန့် နေကြလေ၏၊ ဤသို့ ခေတ္တခဏ ရပ်နားနေစဉ် အဘိုးကြီးမှာ မြေကြီးပေါ် သို့ခွေခေါက် ကျ သွားလေ၏၊

ခလေးများ မှာလည်း ခြေတိုအောင် လျှောက်ခဲ့ရပြီဖြစ်၍ ဖုတ်တွေထဲတွင် ခြေကုန်လက်ပန်းကျကာ တုံးလုံး ပက်လက် လဲနေကြလေ၏၊ အိုလင်သည် သမီးထွေးကလေးကို ပွေ့ချီမြဲပွေ့ချီ၍ထားလေရာ ခလေး၏ ခေါင်းကလေးမှာ လက်မောင်းပေါ်မှ တွဲတွဲကျလျက် မျက်စိ မဖွင့်ဘဲ အသေလို ဖြစ်နေလေ၏၊ ဤ အချင်းအရာ ကို မြင်ရသော ၀မ်လန်းမှာ ထိပ်သို့ သွေးရောက် လျက်မွှန်ထူသွားပြီး။
'' ဟင် - ကလေး သေနေပလား'' ဟုအလန့်တကြား မေးမိလေ အိုလင်ကခေါင်းခါလျက်။

'' မသေသေးဘူး အသက်တော့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေပီ ဒီည သေမလားဘဲ ကျုပ်တို့လဲ''
ထိုနောက် စကားမဆက်နိုင်ဘဲ ချုန်းကျ အားလျောသော မျက်နှာဖြင့် ၀မ်လန်းအား ကြည့်နေလေ၏၊ ၀မ်လန်းကား ဆိတ်စွာနေလျှက် ဤပုံအတိုင်းသာ နောက်တနေ့ ဆက်လက် လျှောက်ရဦးမည်ဆို လျင် ထိုည သေဘို့သာ ရှိတော့ကြောင်း တွေးမိလျှက် အသံကို ရွှင်ပြနိုင်အောင် ကြိုးစားအားထုတ်ပြီး

''ကိုင်း - ထကြစမ်း ငါ့သားတို့ မင်းတို့အဘိုး ကို တွဲထူကြစမ်း ဒို့ မီးယဉ်ကြီးစီးပီး အောက်အရပ်သွား ကြမယ် ဟေ့'' ဟုကျိန်တံပြာ တို့လိုက်လေ၏။
ဤသို့ပင် ပြောဆိုလိုက်ရငြားလည်း ဆက်လက် လျှောက်နိုင်သို့ ကို မည်သူမျှမမျှော်လင့်၊ နုန်းခွေ၍သာ နေလေ၏။

ထိုခဏ၌ မှောင်ထဲမှာ နဂါးအော်သံ ကို တရှူးရှူးတရှဲရှဲမြည်လျက် မျက်လုံးကြီးနှစ်လုံးမှ ထန်လင်းသော အလင်းရောင်မီးတောက်ကြီးကို ထုပ်၍လာနေသော သတ္တ၀ါကြီး တကောင်ကို မြင်ကြလေရာ လူအများ သည် ငယ်သံပါအောင် ဟစ်အော်၍ ဦးတည့်ရာ ပြေးကြလေ၏၊ သို့ပြေးရင်း တဦးတဦး တိုးဝှေ့ ကြလေရာ ၀မ်လန်းတို့ လူစုသည် ရှေ့သို့တဖြည်းဖြည်း ညပ်ကာ ညပ်ကာ ပါသွားလေ၏၊
 
တဦးလက်ကို တဦး မလွှတ်ဘဲ မြဲစွာ ဆုပ်ကိုင် ဘမ်းတွယ် ၍ ထားလေ၏၊ သို့ဖြင့် မှောင်ထဲတွင် အုတ်ကြက် အုတ်ကြက် ဖြစ်လျက်၊ တဖြည်းဖြည်း ရှေ့သို့ ညပ်ပါသွားရာက သေးငယ်သော တံခါးပေါက် ကလေး တခုသို့ ရောက်သွားပြီးလျှင် အခန်းလိုလို သေတ္တာကြီး လိုလို တခုသော တွဲထဲ သို့ ရောက်သွား၏။ အသံကြီး မြည်လျက် တရွေ့ရွေ့ လှုပ်ရှားရွေ့လာကာ မီးရထားသည် မှောင်ထဲတွင် ဆက်လက် ခုတ်နှင် ခဲ့ လေ သတည်း။

ဆက်ရန်
.

2 comments:

မေဓာဝီ said...

မရွှေစင်ရေ ... အခု ကျမ ရထားပေါ်ကနေ မရွှေစင်ဘလော့ကို ဖတ်နေတာ။ အဲလောက်ထိ မရွှေစင်ကိုချစ်တယ်မှတ်ပါ။ :P

နောက်ဆုံးခန်းမှာ ၀မ်လန်းတို့ကလဲ မီးယာဉ်ကြီးစီးသွားနေတာဆိုတော့ တိုက်ဆိုင်လိုက်တာလို့ စိတ်ထဲ တွေးနေမိတယ်။ ရထားက လှိုဏ်ခေါင်းထဲဖြတ်ရင် ကွန်နက်ရှင်ပြတ်ပြတ်သွားတာမို့ ကွန်မန့်မနည်းဝင်ရေးရတယ် မရွှေစင်ရေ ... ။
အားရင် အားသလို လာဖတ်နေအုံးမယ်နော်။ ဆက်လက်၍ တင်ပေးပါ။ (နားနားပြီးတင်ပါ မလောပါဘူး။)

Anonymous said...

မျှော်နေတယ်..အဆက်ကို ရင်တခုန်ခုန်နဲ့..
သနားစရာကောင်းလိုက်တာနော်..အမ..

အမ တကယ်မသိလို့ပါ။ မြန်မာပြည်က ကျေးလက်တောရွာတွေမှာရော..အဲဒီလိုမျိုး ငတ်မွတ်ခေါင်းပါးမှုတွေ ရှိလားဟင်။

ကျေးလက်တောရွာတွေကို သွားကြည့်ချင်တယ်။အသေးစိတ်လေ့လာချင်ပေမဲ့..
ငယ်ငယ်တုန်းက..အင်း ၄တန်းအထိလောက်ပဲ တောကိုရောက်ဖူးတယ်။ ကရင်ပြည်နယ်ဖက်ကကြာအင်းဆိပ်ကြီးလို့ထင်တာပဲ.. မော်လမြိုင်ကနေ သွားရတာ.. အတော်ခေါင်တယ်။သေချာမှတ်မိတော့ဘူး။ သေဘာၤေတြစီးရတာ..။ ရောက်တော့လည်း ကလေးဘာဝကစားဖို့ပဲသိသလို ..ဦးလေးက အဲ့ကဆရာဝန်ဆိုတော့ သူ့အိမ်ကတောကအိမ်ဆိုပေမဲ့.. အကြီးကြီးဆိုတော့ တောဘာဝဆိုတာသေချာသိဘူး။
ဒါပေမဲ့ ဦးဦးရွာကနေ ဟိုဖက်ရွာကိုသွားရင်တော့ အဘွားအိမ်ကတော့ ကြမ်းခင်းမို့ကိစ္စမရှိသလို အမျိုးတော်၂များအိမ်ကကြမ်းခင်းဖြစ်ပီး အသိတချို့အိမ်က ၀ါးခင်းထားလို့ မလျှောက်တတ်လျှောက်တတ် လျှောက်ခဲ့ရတာကိုတော့ မှတ်မိတယ်။ပြောရင်းနဲ့တောင် ကျောချမ်းတယ်။
တခြား ပိုက်ဆံမရှိတဲ့ ရွာသူရွာသားတွေ ဘယ်လိုစားသောက်နေထိုင်တာလဲကို အရမ်းသိချင်တာပဲ..အမရာ.. အဆင်ပြေရင်..မြန်မာ့ကျေးလက် သဘာဝ ကအကြောင်း နေထိုင်စားသောက်မှုအကြောင်းတွေရေးပြပေးပါလားနော်.အမ။
သူတို့ရဲ့သနားစရာကောင်းပီး ချစ်စရာဓလေ့တွေကို သိချင်တယ်။ ပီးတော့ အရမ်းကိုဆင်းရဲနွမ်းပါးနေသူတွေကိုလည်း သိခဲ့ရင်တတ်နိုင်သလောက် ထောက်ပံ့ချင်လို့ပါ။

အသက်ကြီးမှ အလုပ်ကိစ္စနဲ့ တချို့တောတွေရောက်ပေမဲ့ သူတို့ဘ၀ကိုအသေအချာမသိဘူး။ တည်းတဲ့အိမ်ကျတော့လည်း တကဲ့ရွာသူကြီးရဲ့ အိမ်တွေဆိုတော့ အသေအချာမသိဘူး။ အင်း..ကိုယ်တိုင်ကလည်း ကိုယ့်လိုပဲစားနိုင်သောက်နိုင် အဆင်ပြေတယ်ပဲထင်တာလဲပါတာဖြစ်နိုင်ပါတယ်။

ဒီရောက်မှ မြန်မာပြည်က ဘ၀တွေအကြောင်း အတော်များများသိသွားတာအမရေ..။
ထမင်းရည်သောက်သူတွေရှိတာတို့..ဘာတို့ပေါ့..။စိတ်မကောင်းလိုက်တာ..။အခုမှပဲ ဘ၀တွေကို ဖတ်ပီး ကူညီဖို့ကို သိတော့တာ..။ ကိုယ်နေခဲ့တဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက မချမ်းသာပေမဲ့ စားနိုင်ကြတယ်ဆိုတော့.. ထင်ကိုမထင်ခဲ့မိတာ။ ဒီရောက်မှပဲ ကိုယ့်နိုင်ငံက ဆင်းရဲစုတ်ပြတ်နေတဲ့ မြင်ကွင်းတွေကိုပဲ ရိုက်ပြကြတော့မှ သတိထားမိတာ။
မြန်မာပြည်ဟာ အဲဒီလောက်တောင် ဆင်းရဲမွဲတေသူတွေများနေပါလားဆိုတာပါပဲ။
ဘာပဲဖြစ်ဖြစ် လေ..တတ်နိုင်သလောက်တော့ ...ကူညီနေပါတယ်။


မြတ်နိုး