Friday, April 2, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၄)

လင်ငုတ်တုတ်နှင့် စေတနာ့ဝန်ထမ်းတွေ

နောက်ပြီး ဗိုလ်ရန်နိုင်ကဘဲ ဆက်လက်ပြောပြသည်မှာ၊ အမကြီးမကြိုက်တာတွေဘာမှ မလုပ်စေရ ပါဘူး။ ယခုရှိနေတဲ့ အရှုပ်အထွေး အမျှောင်အပျော်မတွေကိုလဲ ပြတ်ပြတ်စဲစဲ ဖြစ်အောင် ရှင်းပစ် ခိုင်းပါမည်။ တချို့ကို လင်ပေးစားလိုက်ရင် ပြီးဒါဘဲ၊ ဒါတွေ ကျွန်တော့တာဝန် ထားပါဟု ဆိုပြန်ရာ၊ သူ၏ တာဝန် ခံချက်ကို ကျမက ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါသည်။ ဗိုလ်ရန်နိုင်အား မဖြစ်နိုင် တော့သော အလုပ်တွေ ၀င်လုပ်မနေချင်ပါနှင့် သည်လိုကိစ္စမျိုးမှာ တဦးတလေနှင့် မတော်တဆ မှားယွင်းကြ၍ ဂုဏ်သိက္ခာ ကို ကာကွယ် သောအားဖြင့် မတရားငွေလုံးနှင့် ဖိလုပ်ကြံသော ကိစ္စမျိုး ဖြစ်သည်။ ယခု အရေး မှာ မတော်တဆ မဟုတ် တဦးတလေလဲ မက ၀ါသနာကြီးလှ ၍ တမင် ကြူးလွန် ထားသော ကိစ္စတွေ ဖြစ်သည်။

ကျမအရိပ် အောက်မှာ ကြူးလွန်မှုများပင် ၄-၅ဦးရှိ ၍ အပြင် အပ၌ ဘယ်လောက်များ နေသည်ကို မရေ မတွက် နိုင်အောင် ပေါများလှသည်။ ထို့ပြင် ကာမပိုင် လင်ငုတ်တုတ် နှင့် အိမ်ထောင်ရှင် စေတနာ့ ၀န်ထမ်းတွေ ကြုံသည့် အခိုက် ထမင်းနှိုက်စားကြသော အာဂန္တု အပျော်ထမ်း တွေကလည်း ကြောက်ဘွယ် လိလိ ရှိသေးသည်။ သို့ကြောင့် မဖြစ်နိုင်သော ကိစ္စမှာ ဗိုလ်ရန်နိုင်ဝင်ပြီး တာဝန်မယူရန် ငြင်းဆန် နေရသည်။ သူကလည်း အပြောတော့ မလျှော့ သေးပါ။

သို့ရာတွင် လျှာထွက်အောင် ဟောသော်လည်း ဟောရင်းသာ ပျံတော်မူမည်။ ဆန်ဖြူဖြူတခွက်မှ ထွက်လာမည် မထင် ဆိုသော ဦးပုည စကားပုံလို ဗိုလ်ရန်နိုင်က မည်မျှ ပြောသည် ဖြစ်စေ မပြေသည့်အရှုပ် အထွေး ကိစ္စက ရပ်ဆိုင်း၍ မရ သည်ကိစ္စပြတ်အောင် ရှင်းရတော့မည်ဖြစ်ကြောင်း၊ သို့သော် လိုရင်း ကိစ္စပြီးပြတ် သွားပါက လူသူလေးပါးမသိရအောင် တတ်နိုင်သမျှ ဖုံးဖိထားမည် ဖြစ်ကြောင်း။ ယခု လောလော ဆယ် ကွာရှင်းရေးကိစ္စကိုတော့ စီစဉ်နေပြီဖြစ်ကြောင်း၊ သူ့စာ အတိုင်း ဘုန်ကြီးဝတ် အဖြစ်နှင့် နေနိုင်သမျှ ဆက်နေ လျှင် ကွာရှင်းထားသောကြောင့် တခြားစီနေကြသည် ဟု မည်သူမျှ ရုတ်တရက် သိကြဦးမည် မဟုတ်ကြောင်း ပြောလျက် စကားအဆက် ဖြတ်လိုက်ရတော့သည်။

ယင်းသို့ အမျိုးမျိုး ပြေရာပြေကြောင်း နားချလာသူ တောင်းပန်လာသူ ဗိုလ်ရန်နိုင်သည် ဤအခါမှ လက်လျှော့သည်။ ကျမက သည်ကိစ္စတွေနှင့် ပတ်သက်၍ ဗျုံးစားကြီးထ မပွက်တော့ မဆူတော့ ဘူးဆိုတာ သေချာ နေပြီဟု သိသဖြင့် စိတ်အေးအေးနှင့် ပြန်ဆင်းသွားပါသည်။ သူတို့ စိတ်ထဲမှာ ကျမက ယမ်းပုံ မီးကျ ဖြစ်ပြီး ပြင်းပြင်းထန်ထန်ကြီး ဆူညံ ပေါက်ကွဲလိုက်လိမ့်ဦးမည်ဟု အထင်ရှိ ကာ စိုးရိမ် ပူပန် ဖြစ်နေကြ သောကြောင့် လေချိုလေအေးနှင့် ဘေးတီးပေးရန် ရွှေပြည်အေးတရား ဟောပေးရန် တဦးပြီးတဦး လူလဲ နှင့် လာကြရန် စီစဉ်ထားသည်။ ကျမက အောက်ထပ်သို့ မဆင်း ၍ တွေ့ဘို့ မလွယ်ကူ ဘဲ နေသည်။

သည်တော့ အမကြီး ယခုလို အခန်းထဲမှာ စိတ်မချမ်းမသာနှင့် အောင်းနေမည်ဆိုလျှင် အပြင် မချမ်း မသာနှင့် အောင်းနေမည်ဆိုလျှင် အပြင်လူတွေ ရိပ်မိတော့မည်၊ သည်တော့ ခါတိုင်းလိုဘဲ လူတွေ ရိပ်မိတော့မည်၊ သည်တော့ ခါတိုင်းလိုဘဲ အောက်ထပ်ဆင်းပြီး အခြေမပျက် နေစေလိုပါသည်။ အစစ အရာရာ အမကြီး အလိုရှိသလို ဖြစ်အောင် ကူညီပေးပါမည်ဟူ၍ စကားနိဂုံးချုပ်ခဲ့ပါသေး သည်။
ထိုအချိန်ပိုင်း ကလေး အတောအတွင်းမှာတော့ ကွာရှင်းရေးစာချုပ်ကို မွန်စံလှိုင်၏ ရှေ့နေ ရုံးခန်း မှာ ရေးဆွဲနေကြဆဲ ဖြစ်ပါသည်။ ဤရက်အတောအတွင်း၌ လီမိတက်ကိစ္စ၏ ငွေကဲ့ထုတ်မှုအစ ပေါ်လာပြန် ပါသေးသည်။

ကျမ ငပလီမှ ပြန်ရောက်စက မန်နေဂျာနှင့် မန္တလေးဧည့်သည်၊ ရွှေဝါ အမျိုးသမီးကြီးငယ် တို့ ရုတ်ရုတ် ရုတ်ရုတ် လုပ်နေကြခြင်း၊ သွားကြ လာကြ တရုံးရုံး လုပ်နေခြင်း များနှင့် ပတ်သက်၍ ကျမက မေးမြန်း သော အခါ သူတို့တတွေနှငသ့် လီမိတက် တခုဖွဲ့ထောင်ပြီး၊ အင်ပို့လိုင်စင် အလုပ်များလုပ်ကြရန် စိုင်းပြင်း နေကြသည် ဟု အပရိကလောက်သာ ကျမ သိခဲ့ရ ပါသည်။ ကျမကလည်း စစ်စစ်ပေါက်ပေါက် မမေးမိ ဘူးပါ။ စ၍ သိရသောနေ့မှာတော့ ကိစ္စ အရှုပ် အထွေးတွေ မပေါ်မှီ ၄-၅ရက် မျှသာ စောပါလိမ့်မည်။ အိမ်နေသူ စလေသူမ ၏ ဦးလေး ပညာရေး ဋ္ဌာန ဒုအတွင်းဝန် ဦးပု၏ နှမသည် အိမ်သို့ ပေါက်လာသည်။ လက်ထဲ မှာ လဲ ငွေစက္ကူထပ် ၃-၄ထောင်ဘိုးမျှ ကိုင်လာသည်။

ကျမက ဒီငွေတွေ ဘာလုပ်ဘို့ ယူလာသလဲဟု မေးသောအခါ မန်နေဂျာ ကို အစုရှယ်ယာ အတွက် ငွေပေးဘို့ လာကြောင်း ပြောပါသည်။ ဘယ်လို အစုရှယ်ယာလဲ ဆိုတော့မှ ဗမာ့ခေတ် မန်နေဂျာ က ခေါင်းဆောင်ပြီး မန္တလေး ရွှေဝါအမျိုးသမီးတို့ပါ လီမိတက်ဖွဲ့ရာ၌ ခေါ်ထားသော အစုရှယ်ယာတွင် သူတို့ ပါ ထည့်ဝင်ဘို့ ပြောထား၍ ရှယ်ယာ လာထည့်ခြင်း ဖြစ်သည်ဟု ပြောပြပါသည်။ 
 
၎င်းရှယ်ယာအစုငွေ ၄-ထောင် မှာ သူနှင့် သူ့တူမ ဦးပုသမီးအကြီးနှင့် နှစ်ယောက်စပ် ပါဝင်ကြောင်း ကိုလည်း ပြောပြပါသည်။ စင်စစ် ဦးပုသမီးက ပါခြင်း မဟုတ်ဘဲ ကျမ အိမ်နေ စလေသူက ပါသော ငွေဖြစ်သည်ဟု နောက်မှ ပေါ်လာသည်။ ထိုအချိန် ကသာ အခြေအနေ မရှိသော စလေသူ မိုနိုစာစီသမ က ငွေတွေ ထောင်နှင့် ချီ၍ အစု ပါနိုင်သည်ကို ကျမ သိရလျှင် မယုံသင်္ကာ ဖြစ်လာမည် အမှန်ပင်၊ သူတို့သည် လီမိတက်ကိစ္စ၌ တကြိတ်တည်း တကြံတည်း သိုသိပ်ထားပြီးမှ ကျားရှေ့ မှောက်ရက် လာလဲကြရသည်မှာ လျှို့ဝှက်မှု ၏ အစ ကို ဘုရားက ဆွဲပြ လိုက်သည်ဟုသာ ယူဆမိပါသည်။

သုံးဘီးကားအစင်း ၁၀၀ ကုမ္ပဏီ

အလုပ်တိုက်မှ မန်နေဂျာသို့အစုရှယ်ရာ ၄၀၀၀ိ-သော ငွေသပြာလာပေးနေပြီဟု စလေသူ ၏ သတင်း ပို့ချက် အရ မန်နေဂျာအိမ်ပေါ်ရောက်လာသည်။ ကျမရှေ့မှာဘဲ ဦးပု နှစ်မ က ငွေများချ၍ ငွေ့စက္ကူတွေကို ရေတွက် ယူနေသည်။ ငွေ့ရရှသော ယာယီလက်ခံပြေစာလည်း ထုတ်ပေးဒါမြင်ရ သည်။

သည်တော့ မှ ကျမက နေပါဦး မင်းတို့ လီိမိတက်က ဘယ်သူတွေစုပြီး လုပ်ကြဒါလဲ၊ ဘာကုန် ကူးမလို့လဲ ဟု ရယ်ရယ် မောမောနှင့်ဘဲ မေးမိပါတယ်၊ အင်ပို့လိုင်စင်နှင့် ရသမျှကုန် ပစ္စည်းအမျိုးမျိုး တွေ မှာပြီး ရောင်းဘို့ ပါဘဲ၊ ဒီကုန်ပစ္စည်းအမျိုးမျိုးတွေထဲမှာ သုံးဘီးကားအစင်းတရာ လောက်လဲ ရပါလိမ့်မည်။ အမြတ်တွေ အများကြီး ရပါလိမ့်မည်ဟုဆိုသည်။ ပရိုက်ဘိတ် လီမိတက် ဖြစ်၍ ငွေရင်း တသိန်း မ,တည်ထားရှိရပါသည်။

အစုပါဝင်သူများ ကတော့ ကျွန်တော် (မန်နေဂျာ) နှင့် ဗမာ့ခေတ်တိုက်မှ အယ်ဒီတာ တဦးအပြင် အကိုကြီး၏ တူများ၊ မန္တလေးမှ ရွှေဝါအမျိုးသမီးများ၊ အိမ်တွင် ၀င်ထွက်နေသူ သခင်ကျော်ရင်၊ မောင်စန်းမောင် စသည်တို့ဖြစ်ပါသည်။ ထို့ပြင် အလုပ် လုပ်၍ လွယ်ကူစေရန်၊ (...)ဋ္ဌာနမှ အရာရှိ တဦး၏ မိန်းမနှင့် (...)ဋ္ဌာန မှ အရာရှိတဦး ၏ မိန်းမအမည် နှင့်လည်း ၅၀၀၀ိ-ဘိုးစီ အစု ထည့်ထားပါသည် ဟူ၍ စာရင်း ချပြပါသည်။ ဗမာ့ခေတ်တိုက် က ဒို့နာမည်တွေနှင့်များ အစုတွေ ထည့်ထားသေး သလားဟု စကား စပ်မိ၍ မေးသော အခါ တပြားမှ မပါ, ပါ။ ကျွန်တော်တို့ တတွေအတွက် လုပ်ထားသော လီမိတက် သက်သက် ပါ၊ တပည့်တပန်း ဆွေမျိုး သားချင်းကလွဲပြီး တစိမ်း အနည်းငယ် သာပါဝင် ပါသည်ဟု ဆိုပါသည်။

မင်းတို့ အလုပ်တိုက်က ဘယ်နေရာမှာ ဖွင့်ထားသလဲ၊ ကုမ္ပဏီနာမည်က ဘယ်လိုပေးထား သလဲဟု မေးသော အခါမှ သိမ်ဖြူလမ်းမှာ တိုက်သစ်ကလေးတခု စပေါ်ပေးငှါးပြီး ဖွင့်ထားပါသည်။ ကုမ္ပဏီ၏ အမည် ကတော့ မိုးကြိုးလီမိတက် လို့ ပေးထားပါသည် ဟူ၍ သိလိုက်ရတော့မှ ကျမအဘို့ အံ့အားသင့် သွားမိ ပါသည်။

ဟဲ့ မင်းတို့ ဟာက မဟုတ်သေးပါဘူး၊ အင်ပို့လိုင်စင် နှင့် ကုန်ကူးအမြတ်ယူကြမဲ့ နေရာမှာ သတင်းစာလိုင်း က နာမည်ကြီး ယူတပ်လိုက်တာတော့ မဟုတ်ဘူးထင်ပါတယ်။ ဒီနာမည်ကို ဘယ်သူက ရွေးပြီး ဘယ်သူက ပေးလိုက်တာ လဲဟု အပြစ်တင်မိသည်။ မန္တလေးရွှေဝါ အမျိုးသမီး တွေကလည်း ဒီနာမည်ကြီးကို မှ ကြိုက်ကြ ပါတယ်။ အကိုကြီး ကိုယ်တိုင်ကလဲ ဒီနာမည်နဲ့လုပ်ကြလို့ ရက်ရက် ရောရော ပေးလိုက်တာဘဲ ဖြစ်ပါတယ် ဆိုသောအဖြေ ပေါ်လာပါသည်။

သူ နှင့် ငါတို့ရဲ့ ငွေမပါဘဲနဲ့ ဒီနာမည်ကြီးကို သုံးနေရင်ကော ကောင်းနိုင်အုံး မှာလား၊ ကုမ္ပဏီ မှတ်ပုံတင် မပြီးသေးရင် တခြားသင့်တော်ရာ အမည်တခုခုရွေးပြီး ပြောင်းပစ်လိုက်ဘို့ ကောင်းသည် ဟုပင် ပြောရလေသည်။ ကျမယူဆချက်အရဆိုလျှင် သတင်းစာလိုင်း မှာ သန့်သန့်ရှင်းရှင်းကြီး နေစေ ချင်ပါသည်။ 
 
ဖဆပလ ၁၀-နှစ် ၁၀-မိုး အလွန် ဆူဖြိုးခဲ့သည့် လိုင်စင်ခေတ် စတုန်းက ငွေတွေကြုံးယူ သလိုရနိုင်သော အချိန် မှာပင် လိုင်စင်နှင့် တပြားဘိုးမှ ငွေမရှာခဲ့ဘူးပါလျက် ယခု အရိုးအရင်းသာ ကျန်တော့သော ပတ်စာခွါ ဖျာလိပ် ခေတ် မှာ စီးပွားရှာသူများ အဘို့ သတင်းစာ က သန့်ရှင်းနေသော နာမည်ကြီး ထည့်သုံး စေခြင်း အထိ အသိဥာဏ် ချို့ယွင်းလာလေသည်။ မည်သည့် သွေးဆောင်မှု ပယောဂ ကြောင့် ဤမျှ ဇောက်ထိုး မိုးမျှော် ဖြစ်ရသည်ကို မစဉ်းစား တတ်အောင် ရှိလာပါသည်။

နောက်ပိုင်းမှာ သိရှိရသမျှမှာတော့ မန္တလေးသူတွေက ပထစ အစိုးရကို အာဏာ ရအောင် လုပ်ပေးသူဟူ၍ မြှောက်ပင့် ကောင်းချီး ပေးလေ့ရှိသည်။ သူ့ကိုယ်သူလည်း ဒီအစိုးရဟာ ငါတင်ပေး တဲ့ အစိုးရဘဲဟု ယုံမှတ် ယူဆသော ပုံရသည်။ (သူရေးသော ၆-မျက်နှာရှိစာအရ အကဲခပ်နိုင်ပါ သည်) အစိုးရအဖွဲ့ဆိုသည်မှာ စင်စစ်တော့ တဦးတယောက် တည်းက လုပ်ပေးနိုင်သောကိစ္စ မဟုတ်ပါ။ ဆိုင်းဝိုင်း အဖွဲ့တခုပမာ ဗုံကလည်း ဗုံနေရာမှ၊ နှဲကလည်း နှဲနေရာမှ၊ နောက်ဆုံး ၀ါးလက်ခုတ်ကပင် သူ့နေရာနှင့်သူ လက်ကျညီမှ တီးဝိုင်းသံ ဆိုင်းသံ ပေါ်လာရမြဲဖြစ်ပါသည်။

ဒါတွေကို စဉ်းစားချင့်ချိန်ရန် အသိဥာဏ်မဲ့လွန်းသော အစားတည်းက မဟုတ်ပါဘဲ မြှောက်ပင့်ပေးမှု တွေထဲမှာ သာယာနစ်မြောသွားပြီး ဘ၀င်အမြင့်ကြီး မြင့်သွားစေခဲ့သည်။ ပထစ အစိုးရ သူ့အစိုးရ ဖြစ်၍ သူ့လက်ညိုးညွန်ရာ လုပ်ပေးရမည်ဟု လွဲမှားသော အယူအဆတခုကို လက်ကိုင် လက်စွဲပြု စေအောင် သူ့ပတ်ဝန်းကျင် မာလာနွယ် အပေါင်းအသင်းများက အမြဲတမ်းလှုံ့ဆော်ပေးနေခြင်းခံ ရသည်။
 
အခွင့်အရေး ရလိုသူများက သူ့အားမြှောက်ခိုင်းလျှင် မဆုတ်မဆိုင်း ထခုန်ပြသည်။ ဤလိုင် စင် ကိစ္စ မှာလည်း ပွဲကြီးပွဲကောင်းတုန်းက အဆီရွဲရွဲကို မခဲခဲ့ဘဲ ယခုအိုးကပ် ခွက်ကပ် ကျန်တော့မှ သူတပါး တိုက်တွန်းချက် အရ ပွဲပြီးမှ ဖျာတနေရာကို ကဗျာကရာ ၀င်ခင်းလိုက်ခြင်းဖြစ်ပါသည်။ ကျမ ကို ဘာတခုမျှ မတိုင်ပင် အသိမပေး တိတ်တဆိပ် ကြိတ်ခါ ငါတကော, ကောနေသော သဘော တွေ ပေါလော ပေါ် လာပါ သည်။

လင်ခန်းမယားခန်းပြတ်စဲသည့် စာချုပ် ဆက်ရန်
.

No comments: