Thursday, April 1, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၃)

ဝန်ကြီးချုပ်ဦးနုဘိတ်ကြားစဉ်က

ခါတိုင်းဆိုလျှင် လဲ မင်းပွဲ၊ စိုးပွဲများ၊ ဧည့်ခံပွဲများမှာ ကျမကို အမြဲတန်း ဘိတ်ကြားလေ့ ရှိရာ၊ ကျမ မသွား မရောက် ဘဲ နေခဲ့သည်မှာ ၄-၅နှစ် ခန့် ရှိပါပြီ။ ၄-၅နှစ် အထက်က ဆိုလျှင်တော့ ဘိတ်ကြား သမျှ အားလုံးကို မသွားစေကာမူ မလွှဲမကင်းသာသော နေရာများကိုတော့ တခါတရံ သွားခဲ့ဘူး ပါသည်။ သည့် နောက်ပိုင်း မှာတော့ အပျင်းပြေသွားလေ့ရှိသော မြင်းပွဲကိုပင် လှည့်မကြည့်ခဲ့သည်မှာ ၄-၅နှစ် ကြာပါပြီ။ ကျမ အတွက် နှစ်စဉ် ရရှိသော မြင်းပွဲဝင်ခွင့် တံဆိပ်ကလေးများ မှာ ပို့လာသည့် အတိုင်း စာအိတ်ထည်း မှာပင် ဖေါက်၍ မကြည့်မိတော့ဘဲ စာပွဲအံဆွဲထဲထိုးထည့် ထားခဲ့သည့် နှစ်ပေါင်းမှာလည်း ၄-၅နှစ်ထည်း သို့ စာရင်း ၀င်ခဲ့ပါပြီ။

သို့ ဘယ်ပွဲလမ်းသဘင်ကိုမှ မသွားခဲ့သော အကြောင်းရင်းမှာလည်း ကျမ မှာ ကျန်းမာရေး ချို့တဲ့လာ သည် တကြောင်း၊ ၀တ်ကောင်းစားလှ တွေ စိန်ရွှေတွေ ၀တ်ဆင်ပြီး လူသူပရိသတ် လေးပါးထည်း မှာ နေရ၊ ထိုင်ရ ဒါတွေ ကို အလွန်တရာ ငြီးငွေ့ ရွံရှာလာသည် တကြောင်း များကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် မနက်ဖန် ၀န်ကြီးချုပ် အိမ်မှ ဘိတ်ကြားထားသော ဆွမ်းကျွေးပွဲသို့ မသွားမကောင်း သော်လည်း ဇွတ်ပေ ၍ နေမကောင်း ဘူးဆိုသော အနေနှင့်သာ နေလိုက်ပါသည်။ ခါတိုင်းလည်း နေထိုင်မကောင်း၍ ဘယ်မျှ မသွားသော အခံကရှိပြီးဖြစ်သောကြောင့် ကျမ မလာသည်ကို အထွေ အထူး တွေးထင်ကြဦးမည် မဟုတ်ဟု ယုံကြည်ပါသည်။

ဝန်ကြီးချုပ်အိမ်မှ ဆွမ်းကျွေးပွဲမှာ ဦးပဉ္စင်းကြီးတဦးထဲ သီးသန့်ကျွေးပါသည်။ အပြင်က ဧည့်သည် တွေလည်း များ များမပါ။ အစိုးရရှေ့နေချုပ်ကြီး  ဦးရန်အောင်၊ ယခု တရားလွှတ်တော် တရား ၀န်ကြီးချုပ် နှင့် အခြား ရင်းနှီးသူ အသိအကျွမ်း အနည်းငယ်သာ ပါဝင်ကြောင်းကို နောက်မှ သိရပါ သည်။ နောက် တနေ့ ဗမာ့ခေတ်သတင်းစာ မှာတော့ ၀န်ကြီးချုပ် ဦးနုက ဆွမ်းကျွေးပြီး သင်္ကန်း ကပ်လှူနေသော ဓာတ်ပုံ ဘလောက် နှင့် သင်္ကန်းဝတ် နှင့် အတော်ကြာ တရားအားထုတ် နေဦးမည် ဆိုသော သတင်းပါ ပါလာသည်ကို တွေ့ရသောကြောင့် ၀န်ခံချက် ရေးထားသော စာအတိုင်းပင် ဟုတ်လိမ့်မည်ဟု ထင်ခဲ့သည်။

အဖတ်ဆယ် မရတော့အောင် မှားယွင်းထားခဲ့သော ဒုစရိုက်များနှင့် ယခု သင်္ကန်းဆီးလျက် ကုသိုလ် ရေးဘက် အားထုတ်နေဦးမည်ဆိုသော ၀န်ခံချက်များကို ချိန်စက်ခါ ကျမစိတ်မှာ ၀မ်းနည်းဝမ်းသာ မီးစတဖက် ရေမှုတ်တဖက် ကိုင်ထားရသလို ဖြစ်နေပါသည်။ သည်အဖြစ်မျိုးတွေနှင့်သာ မကြုံကြိုက်ရ ပါက ကျွတ်ကျွတ်၊ လွတ်လွတ်ကြီး ၀မ်းမြောက်ဝမ်းသာ သာဓုအနုမော်ဒနာ ပြုစရာကြီးပင် ဖြစ်ပါသည်။ ယခုတော့ ကြည်လင်နေသော ကုသိုလ်စိတ်မှာ အမှုံနယ်တွေ နှောက်လာသလို ဖြစ်ရသည့်အတွက် ၀မ်းနည်း ပက်လက် ဖြစ်ရလေပြီ။ ဆွမ်းနှင့် သင်္ကန်း အလှူဒါယကာ ၀န်ကြီးချုပ် ခမြာလည်း ဒါတွေကို သိရှာဦး မည်မဟုတ်။ ကျမက ဟန်ကြီး ပန်ကြီး လုပ်ပြီး ၀န်ကြီးချုပ်က ဘိတ်တာတောင်မှ မလာရ ကောင်းလားဟု တွေးထင်ချင်လည်း ထင်သွားမည်။ ၀န်ကြီးချုပ်က မထင်သည်တိုင်အောင် အသိုင်း အ၀ိုင်း နှင့် အိမ်သူ အိမ်သားများက ထင်မြင်ယူဆချက်လည်း ထင်မြင် ယူဆပေလိမ့်မည်။

သို့ရာတွင် ဘယ်လိုလဲ ဘယ်သူက ထင်မြင် ယူဆသည်ဖြစ်စေ၊ ကျမက ဟန်ဆောင်ပြုံး ပြုံးနေရ မည့်ကိစ္စ ဆိုသမျှ ၌ ကျောက်ဆောင်ကြီး ခေါင်းပေါ်တင်ရွက်ထားရသည့်ထက် ၀န်လေးပင်ပန်းပါ သည်။ မနိုင်သော ၀န်ထုပ်ကြီး ကို ထမ်းရင်းမှ မဟန်နိုင်တော့ဘဲ ပေါက်ကွဲ ယိုင်လဲ သွားခဲ့လျှင် ပို၍ ပင် အရုပ်ဆိုးစရာ ဖြစ်လာ ပါမည်။

ထိုနေ့ နေ့လည် တနာရီကျော်လောက်ရှိသောအခါ ဗိုလ်ရန်နိုင်က ကျမကို တွေ့လို၍ အပေါ်ထပ် လာပါ ရစေဟု အပြောခိုင်းလျက်သည်။ ကျမက ဘာကိစ္စကြောင့် တွေ့ချင်သည်ကို ကြိုတင်၍ မရိပ်မိသေးပါ။ ဗိုလ်ရန်နိုင် မှာ နေ့စဉ် နေ့တိုင်းလိုဘဲ၊ ဘိလိယက်ခုံထည်းတွင် ရှိနေကြပြီ ဖြစ်ပြီး၊ အိမ်သားတပိုင်းလို လူဖြစ် နေပါသည်။ သူလာချင် လာပါစေဟု ပြန်ပြောလိုက်၍ ခဏကြာလျှင် ကျမ အခန်းထဲသို့ ၀င်လာပါသည်။ ကျမ ထိုင်နေသော နောက်မှီ ကုလားထိုင်အနီးရှိ ကုလားထိုင် တခုမှာ ထိုင်ဘို့ နေရာပေး လိုက်ပါသည်။

ရွှေပြည်ဧယပ်လွှဲ တရားဟောဆရာ


သူကပဲ အမကြီးနေမကောင်းဘူး ဆို၍ လာကြည့်ပါသည်ဟု စကားစလေသည်။ ကျမက နေမကောင်းတာ သက်သက် တော့ မဟုတ်ပါဘူး။ ဘာဖြစ်နေတယ်ဆိုတာ ဗိုလ်ရန်နိုင်တို့လဲ သိသင့် သလောက် သိနေကြပြီ မဟုတ်လားဟု ပြောသောအခါ သူကလဲ သိပြီးကြောင်း ၀န်ခံပါသည်။ ဗိုလ်ရန်နိုင်သည် ဘိလိယက်ခုံ အခန်း တွင် နေ့စဉ် တနေကုန် ကြူတံ ကိုင်နေသူ ဖြစ်သလို၊ ဗိုလ်မင်းခေါင် ကလည်း ဘိလိယက်ခုံထည်း တွင် တနေ့ မပြတ် လာရောက် ကြူတံ ကိုင်နေသူ ဖြစ်ပါ သည်။

သို့သော် ဗိုလ်မင်းခေါင်က အကြောင်းကိစ္စရှိမှ အိမ်ထည်းလာသူဖြစ်၍ ဗိုလ်ရန်နိုင်ကတော့ အိမ် အောက်ထပ် မှ အိမ်သား တပိုင်းလို ဖြစ်နေ၍ တံခါးမရှိ ဒါးမရှိ ၀င်ထွက်နေသူ ဖြစ်ပါ၏။ သို့သော် အပေါ်ထပ် ကိုတော့ ဒီတခါဘဲ အခွင့်တောင်း ၍ တက်လာခဲ့သူ ဖြစ်ပါသည်။ သူက အတွင်း မီးတောက် နေကြသော အကြောင်းများ ကို စ၍မေးသည်၊ သို့သော် သူသည် ယောက်ျားချင်းဖြစ်၍ ကျမထက် အချိန်ကာလ အရင်ဦးစွာက ကြားသိနေပြီး ဖြစ်ပေလိမ့်မည်။ ယခု မေးစမ်းမှု မှာလည်း သူက အတွင်းကျကျ ဘာမှ မသိရသေးသော အနေမျိုးနှင့် မောင်ငယ်တဦးက အမကြီးအား မေးသလို အကြောင်းအရာ အသေးစိပ် တို့ကို စတင်မေးလေသည်။

သူက ကျမထက် ပိုသိ နေပုံရသော်လည်း ကျမသိရသလောက် ထောက်မှီ၊ လှမ်းမှီ သိရှိရသော ကိစ္စတခုစ၊ နှစ်ခုစ လောက်ဘဲ အစဖေါ်၍ ပြောပြလိုက်ပါသည်။ သည့်နောက် ပါတနာ ကလိန်ကျ ထားသော ကိစ္စ အနည်းငယ် နှင့် အိမ်တွေ ယာတွေ နေရာအနှံ့ ဆောက်လုပ် ပေးထားသော သိရပြီး သမျှကို ပြောပြ လိုက် ပါသည်။

ဒီအသက်အရွယ် ဒီဂုဏ်သိက္ခာနှင့် မအပ်စပ်သော မရှင်းမလင်း မိန်းမတွေကို ကျူးလွန် ဆက်သွယ်နေမှု အပြစ်ကြီး တွေအတွက်က အဆိုးဆုံး ဖြစ်ကြောင်း၊ သည်ကိစ္စများကို ယခုလို လူ့ဘ၀၏ အမြင့်ဆုံး တက် နေသော ရဟန်းဝတ်နေသည့် အချိန်အခါ ရောက်မှ ပေါ်လာရသဖြင့် ရှက်စရာ ၀မ်းနည်းစရာ အလွန် ကောင်း နေကြောင်း ပြောပြလိုက်ပါ သည်။ သူက ဟုတ်မည် မထင်ကြောင်း ခံငြင်းပါသည်။

ခံငြင်းရုံ မက သူတပါးက အထင်လွဲအောင် မကောင်းကြံခြင်း ခြေထိုးခြင်း ဖြစ်ပါလိမ့်မည်။ အမကြီး ကိုယ်တိုင် အကောင်အထည်နှင့် မျက်မြင် ကိုယ်တွေ့မဟုတ်လျှင် မယုံကြည်စေချင်ကြောင်း ပြောပြန် ပါသည်။ ကျမက သိရှိရသမျှ ခိုင်လုံ ကြောင်း၊ ဆင်းရဲနွမ်းပါး၍ ကျမအရိပ်အောက်ခေါ်ယူ ပြုစု စေခိုင်း ထားခဲ့ဘူးသော အခြေအနေမဲ့သူ လင်ရှိလင်မဲ့မှအစ မိန်းမ ၃-၄ယောက်မှာ ရန်ကုန်မြို့၌ အိမ်ပိုင်၊ ယာပိုင် အတည် တကျ နေနိုင်သည် အထိ ထားနေသေးလျှင် ကျမနှင့် လက်လှမ်း မမှီသော မိန်းမ တွေလည်း မည်မျှ များပြားနေဦးမည် မသိကြောင်း၊ သည်အရှုပ် အထွေးများကြောင့်လည်း လှုရေး တန်ရေးအတွက် အရှုပ် အထွေး ညစ်ပတ်မှုများ ရှိမလာမှီ သတ်မှတ်ခွဲခြား လှူဒါန်း ထားခဲ့လို၍ အစီအစဉ်များ ပြုရတော့မည် ဖြစ်ကြောင်း ပြောပြပါသည်။

ဒါကိုဘဲ ဗိုလ်ရန်နိုင်က လက်မခံနိုင်ဘဲ အတင်းနားချနေပြန်ပါသည်။ ဒီလိုလုပ်ခဲ့လျှင် လူတွေသိကုန် ပါမည်။ ကြီးပွား နေသည်ကို မလိုလားသူ၊ မနာလိုသူတွေ ဒီကိစ္စကြားလျှင် ၀မ်းသာအားရ ဖြစ်ကုန် ကြပါမည်။ သည် တော့ ဘာဘဲဖြစ်ဖြစ် အပြစ်တွေ သီးခံပြီး ဟန်မပျက် ယခင်ကလိုဘဲ ဆက်လက် နေထိုင်သွားကြဘို့ ဇွတ်တိုး ၍ ဖျောင်းဖျနေသည်။

ဝါဒချင်း မတူ အကျင့်စာရိတ္တ ဖောက်ပြန်ရုံ မက ကောက်ကျစ် စဉ်းလဲမှု တွေကိုပါ ပြုလုပ်ရုံမက ကောက်ကျစ် စဉ်းလဲမှု တွေကိုပါ ပြုလုပ်နေသူ ဖြစ်သည်။ ရှေ့ဆက် အတူနေရန် မဖြစ်တော့အောင် ဖန်တီး လာသူမှာ သူသာလျှင် ဖြစ်၍ မလိုသူတွေ ၀မ်းသာအောင် လုပ်လာသူ မှာလည်း သူဘဲ ဖြစ်သည်၊ ဘယ်သူမပြု မိမိမှုသာလျှင် ဖြစ်၍ သူ့အပြစ်ကိုလည်း ၀န်ခံပြီး ဖြစ်သည်။ သို့အတွက် ဗိုလ်ရန်နိုင်ကြားဝင် တောင်းပန် နားချနေခြင်းမှာ မလိုတော့သော အခြေအနေ ရောက်နေပါပြီ၊ သည်စာများကိုလည်း ဘတ်၍ ကြည့်ပါ၊ ကာယကံရှင်က ဖြောင့်ချက် ပေးပြီးသား ဖြစ်ပါလျက် သက်သေခံမည့် လူက ဗူးတလုံး ဆောင်နေ စရာ မလိုတော့ကြောင်း ပြောရတော့သည်။ ဗိုလ်ရန်နိုင် သည် ယခင်ဖေါ်ပြပါစာ ၆-မျက်နှာကို ဘတ်ကြည့်ပြီး သောအခါ ခေါင်းမာစွာနှင့် ရွှေပြည်အေးယပ် လှဲ တရားကိုဘဲ ဇွတ်အတင်း ဆက် ဟောပြန် ပါသည်။

အနှစ် ၂၀-လုံး ယနေ့ ဒီအခြေအနေ ရောက်အောင် လောကီလောကုတ္တရာ ကောင်းကျိုးရှာမှုမှာ အမကြီး ကတောင်ထိပ်ဖျား အထိ အတူတွဲခေါ် တက်ရောက်လာခဲ့ပြီးမှ အမြင့်ဆုံးတောင်ထိပ် မှ နေပြီး ချောက်ထဲသို့ တွန်းမချ ဘဲ ကာယကံရှင် ကိုယ်တိုင်က တဇွတ်ထိုး ခုန်ချခဲ့သည်ကို အကာ အကွယ်ပြုကာ တရား ဟော ပါသည်။

လင်ငုတ်တုတ်နှင့် စေတနာ့ဝန်ထမ်းတွေ ဆက်ရန်
.

1 comment:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
စာကိုအရမ်းစိတ်ဝင်စားတယ်ဗျာ-
ဆက်ရန်ကိုလည်းမျှော်နေတယ်ဗျို့ 