Sunday, March 21, 2010

ဒဂုန်ခင်ခင်လေး ၏ မြေပဒေသာ အပိုင်း (၅)

ဤသို့ဖြင့် ဆက်လက်ရှောက်ခဲ့ကြပြန်လေရာ၊ မြေ၀သုန်နတ်ကွန်း တည်ရှိသည့် အနောက်ဘက် လယ်ကွက် ထဲသို့ ရောက်လာကြလေ၏၊ နတ်ကွန်းမှာ လူတယောက်၏ ပခုန်းလောက်သာ မြင့်လျက်၊ အုဌ်ကျွတ်မိုး ထားလေသည်၊ ထိုအဆောက်အဦးကလေးကား၊ ယခု ၀မ်လန်းလုပ်ကိုင် နေသောလယ်များကိုပင် လုပ်ကိုင် ခဲ့ဘူး သည့် ၀မ်လန်း၏ အဘိုးကိုယ်တိုင် မြို့မှ အုဌ်များကို လှည်းနှင့်တင်ယူခဲ့လျက် ဆောက်လုပ် ထားခြင်း ဖြစ်၏၊

နံရံမှာအင်္ဂတေကိုင်ထားလျက်၊ တနှစ်တွင် ရွာထဲမှပန်းချီဆရာတယောက်ကိုငှါးပြီး ဖြူဖွေးသော အုဌ်နံရံ ပေါ်၌ တောင်တန်းများနှင့် ၀ါးရုံတောပုံ များကို အဆွဲခိုင်းထားခဲ့ ဘူးလေသည်၊ သို့သော်မိုးလရောက်တို်င်း မိုးရေ တို့၏သွန်းလောင်းခြင်းကို ခံခဲ့ရပြီးဖြစ်သောကြောင့် ဆွဲထားသောပန်းချီကားသည် ဆေးများ ပျုက်ပျယ် လျက်၊ တောင်တန်းပုံ များမှာ လုံးဝ ပျောက်ကွယ်၍ သွားပြီး၊ ၀ါးရုံတော ပုံလောက်သာ ခပ်ရေးရေး မျှ ထင်၍ ကျန်လေ တော့သည်။

နတ်ကွန်း အတွင်း၌၊ မိုးလုံလေလုံအမိုးအကာ အောက်တွင် အနီးတ၀ိုက်ရှိ လယ်ကွင်းများမှ မြေတို့ဖြင့် ထုလုပ် ကိုးကွယ်ထားသော ဣန္ဒြသိက္ခာဖြင့် ပြည့်စုံသည့် နတ်ရုပ်နှစ်ရုပ်ရှိ၏၊ နတ်သား နတ်သ္မီးစုံတွဲ ရုပ်နှစ် ရုပ် ဖြစ်လေသည်၊ နတ်ရုပ်များ မှ ရွှေချထားသော စက္ကူနီဖြင့် ပြုလုပ်သည့် နတ်ဝတ်တန်ဆာ များကို ၀တ်ဆင် ထားလျှက် ၊ နတ်သားရုပ် မှ ဆံပင်အစစ်တို့ဖြင့် တပ်ဆင်ပေးထားသော နှုတ်ခမ်းမွေး ကြိုးတို့ ကြဲတဲ များ ရှိလေ၏၊

ဝမ်လန်း၏ ဘခင်သည် နှစ်စဉ် နှစ်တိုင်း နှစ်ဆန်းပြီ ဆိုလျင်ပင် စက္ကူနီများကို ယူလာခဲ့လျက်၊ သေချာစွာ ကိုက်ဖြတ် ကာ ကော်ကပ်၍ နတ်ရုပ်တို့အား နတ်ဝတ်တန်ဆာ အသစ်လဲ၍ လဲ၍ပေးလေသည်၊ နှစ်စဉ် နှစ်တို်င်း လည်း၊ မိုးကတမျိုး ဆီးနှင်းက တဖုံ၊ နေပူရှိန်က တနည်း အမျိုးမျိုးနှိပ်စက် ကြသဖြင့်၊ နတ်ဝတ် တန်ဆာ များသည် ပျက်စီးညှိမှိန်ကြရ ပြန်လေသည်။
ယခု အခိုက်အတန့်၌မူ၊ နှစ်မှာဆန်ခါစသာရှိသေးသဖြင့်၊ နတ်ဝတ်တန်ဆာတို့သည် သစ်လွင်လျက် ပင်ရှိကြသေး၏၊ ၀မ်လန်းမှာ သပ်သပ်ယပ်ယပ် ရှိနေကြသော နတ်ရုပ်မျာအတွက် အားရမိပေသည်၊ ၄င်းသည် သူငယ်မထံမှ လက်ဆွဲခြင်းကို လှမ်းယူပြီး၊ ၀က်သားများအောက်၌ ထည့်ယူခဲ့သော အမွှေးတိုင် များကို သေချာစွာ ရှာလေ၏။

ကျိုးကုန်ကြလျှင် နိမိတ်မကောင်းဟု အယူစွဲကာ တထိတ်ထိတ်ရှိလေ၏၊ သို့သော်အမွှေးတိုင်များကား၊ မကျိုးမပဲ့၊ နဂိုအတိုင်းရှိကြလေ နိုက်ယူပြီး၊ နတ်ရုပ်များရှေ့တရွာလုံးက ပူဇော်ထားသဖြင့်၊ အပုံလိုက် ရှိနေသော အမွှေးတိုင်တပုံ ထဲတွင်၂-ချောင်းယှဉ်၍ စိုက်ထားလိုက်လေသည်၊ ထိုနောက် မီးခတ်ကျောက်ကို သံချောင်း ဖြင့် ခတ်ကာ သစ်ရွက်ခြောက် တခုကို မီးတို့ပြီး အမွှေးတိုင်များအား ထွန်းညှိ လိုက်လေ၏၊ နှစ်ယောက်သား မှာနတ်ရုပ်များ၏ ရှေ့တွင်ရပ်လျက်ရှိကြလေသည်၊ သူငယ်မကား မီးစွဲလျက်၊ နီရာမှ တဖြည်းဖြည်း ဖြူကာ ပြာဖြစ်သွားသော အမွှေးတိုင် ထိပ်ဖျား ကလေးများကို ကြည့်နေလေ၏၊ ပြာတောင့် များကို ကုန်း၍ လက်ညှိုး ကလေးဖြင့် ချွေချ လိုက်လေ၏၊

ဤသို့ချွေချလိုက်ပြီးမှ မိမိ၏ ပြုမူချက်မှာအပြစ်ဘွယ်ရာများ ဖြစ်နေလိမ့်မည်လောဟု ပြူးကြောင်သော မျက်လုံးကြီး များဖြင့်၊ ၀မ်လန်းအား ဆပ်ခနဲ လှန်း၍ကြည့်လေ၏၊ ၀မ်လန်းကားသူငယ်မ၏ အပြုအမူ ကလေးတွင် နှစ်သက် သဘောကျစရာ အချက်ကလေးတခု တွေသွား လေ၏၊ ထိုအချက်ကား လက်ထပ် ပြီးစ ဘာမျှ မကြာသေးမီ သူငယ်မ၏ စိတ်၌ ဤအမွှေးတိုင် များမှာ ''ဒို့နှစ်ယောက်ပိုင်'' ပစ္စည်း ဖြစ်ပါ ကလား ဟူသော ရင်းနှီးသည့်  စိတ်ဓာတ် ကိန်းအောင်း နေပြီဖြစ်ကြောင်း တွေ့ခြင်းပင် ဖြစ်ပေသည်။

အိမ်ဝ၌ အဘိုးကြီးမှာဝင်လုဆဲဆဲနေမင်း၏ ရောင်ခြည်ကိုခံလျက်ရပ်နေလေသည်၊ ၀မ်လန်းနှင့် သူငယ်မ အနီးသို့ ရောက်လာသော်လည်း မလှုပ်မယှက် နေလေသည်၊ သူငယ်မ အားကြည့် လိုက်လျင် လိုက်ရော သွားလိမ့် မည်ဟု အထင်ရှိသောကြောင့် ဖြစ်လေသည်၊ သို့ဖြစ်လေရာ ချွေးမကို မကြည့် တိမ်နီတိမ်ညို များဆီ၌သာ အကြီးအကျယ် စိတ်ဝင်စားနေဟန်ဖြင့်။
''ဟို...လခြမ်း ကလေးရဲ့ ဘယ်ဘက် ဂျိုထိပ်မှာ ညှိုနေတဲ့ မိုးသားဟာ မိုးရွာတော့မှာမဲ့ နိမိတ်ဘဲဟေ့.. မိုးတော့ နက်ဖြန် မတိုင်ခင် ရွာတော့မှာဘဲ'' ဟုအော်ဟစ် နေလေ၏၊ သို့အော်ရာက သူငယ်မ၏ လက်မှဆွဲခြင်းကို လှမ်းယူ နေသော ၀မ်လန်းကိုမြင်သောအခါ၊ ''ဟင်း... မင်းပိုက်ဆံတွေကုန်ခဲ့ပြီပေါ့'' ဟုအပြစ်တင်လေ၏။

ဝမ်လန်းသည် ဆွဲခြင်းကို စားပေါ်၌ တင်လိုက်လေ၏၊
''ဒီည ဧည့်သယ်တွေလာမှာ'' တိုတို တုတ်တုတ် ပင်ပြောပြီး ၄င်း၏အိမ်ခန်းထဲသို့ သေတ္တာကြီးမ, သွားကာ၊ သူ့အ၀တ် အစားတွေ ထည့်သော သေတ္တာအနီး၌ ယှဉ်၍ ချထား လိုက်လေ၏၊ ထိုနောက် အထူးအဆန်း တခုလို ကြည့်၍နေလေသည်၊ ထိုသည့်တိုင် အဘိုးကြီးသည် အခန်းဝသို့ လိုက်လာပြန်လျက် စကား ပရိယာယ် ဖြင့်'' ဒီအိမ်မှာဖြင့် ပိုက်ဆံဟာသုံးလို့ မဆုံးနိုင်လောက်အောင် ဖြစ်နေတာဘဲ'' ဟုမောင်းမဲ ပြန်လေသည်။

အမှန်စစ်စစ် အဘိုးကြီးမှာ သားကဧည့်သည်များဘိတ်ထားပြီဆို၍ စိတ်ထဲတွင် ကြိတ်ကာအူမြူး နေလေ၏။ သို့ရာတွင် ''မြင်းဆိုးမြင်းပေ နုမနေနဲ့ နောင်ကြင်အောင်နှာနု တူနဲ့သာထု'' ဆိုသော စကားပုံအတိုင်း '' တာစလွှတ် ကတည်းက ဘေးကားမသွားအောင်'' အသုံးအစွဲဘက်တွင်၊ ချွေးမသစ်ကလေးဠာန်ကရိုင်း ကျသွား စေဘို့ ရမယ်ရှာကာ မောင်းမဲကြိမ်းမောင်း ခြင်းသာ ဖြစ်ပေ၏၊ ၀မ်လန်း ကား ဘာတခုမျှမပြော အခန်းထဲမှ ထွက်ခဲ့ပြီး စားပွံပေါ်မှ ဆွဲခြင်းကိုယူလျက် မီးဖိုချောင် သို့ဝင်ခဲ့လေရာ သူငယ်မလည်း နောက်မှ လိုက်သွားလေ၏၊ ၀မ်လန်းသည် ဆွဲခြင်းထဲမှ ပစ္စည်းများ ကိုတခုပြီးတခုထုတ်လျက် ဧနေပြီဖြစ်သော မီးဖိုးနခမ်း ပေါ်၌ တင်ရင်း။

''ဟောဒါက ၀က်သား၊ ဟောဒါကအမဲသား၊ ဒါကငါး စားမဲ့လူက ၇-ယောက်မင်းချက်နိုင်ပါ့မလား'' ဟုမေး လေ၏၊ သို့မေးရာ၌ သူငယ်မ၏ မျက်ကိုငေးမကြည့်ပေ။
''ကျမဟိုအိမ်ကြီးကို ရောက်ကတည်းက အချက်အပြုတ် ဘက်မှာ နေရပါတယ်၊ ထမင်းပွဲတိုင်းမှာ အသားဟင်း နဲ့ ချည့်ဘဲ'' ဟုသူငယ်မက ပြေပြစ်သော အသံဖြင့်ဖြေဆိုလေသည်။
ဝမ်လန်း သည် ခေါင်းငြိမ့်လျက် သူငယ်မကို ထားခဲ့ပြီးထွက်လာခဲ့သည်မှာ ဧည့်သည်တွေစုပြုံ ရောက်လာ သည့် အချိန်နောက်ထပ်မတွေ့ရတော့ပေ၊ ဧည့်သည်များတွင် စကားချိတ်စကားစောင်း အင်မတန် သုံးတတ်သော လူရွင်တော်ကြီး တယောက်ဖြစ်သည့် ၀မ်လန်း၏ ဦးလေး၊ ၄င်း၏သား ရဲတင်း မျက်နှာပြောင် လှသည့် ၁၅-နှစ်သားလူပျိုပေါက်ကလေးတဦး အချိုးမစားမကျ ဂွတိုက်တိုက် အ၀တ်အစားများနှင့် ဖြဲစပ်စပ် ခတ်ရှိန်းရှိန်း ၀င်လာကြသော လယ်လုပ်သားများဖြစ်ပေ၏။

၎င်းတို့ အနက်နှစ်ယောက်သောသူမှာ စပါးရိပ်ချိန်ရောက်လျင် ၀မ်လန်းထံ၌ သီးစားခ လုပ်ကြသူ ၂-ဦး ဖြစ်လျက်၊ တယောက်ကားဝမ်လန်း၏ အိမ်နီးချင်းမပြောမဖြစ်မှ စကားတလုံးလောက်ပြောသည့် စကား နဲ့ လူဧ ''ချင်း'' ဆိုသူဖြစ်ပေ၏၊ ဣနြေ္ဒမဲ့ အငန်းမရအဖြစ်မျိုးအရောက်စေရန် ဧည့်သည်များ သည်ကုလားထိုင် ၌ ရုတ်တရက် ၀င်မထိုင်ကြသေးမူ၍ ဟန်လုပ်ကာ နေကြပြီး မှ နောက်ဆုံးတွင် ထမင်းအပြင်ခိုင်းရန် မီးဖိုထဲသို့ ၀င်ခဲ့လေ၏။

''ကျမ ယောကျာ်းတွေ ရှေ့မထွက် လာချင်ဘူး ကျမကပုဂံတွေ ရှင့်ကိုလှမ်းပေးမယ်၊ ရှင်ကစားပွဲပေါ် သွားချပါ''ဟုဇနီးကလေးကပြောလိုက်သော စကားများကိုကြားရလျှင် ၀မ်လန်းမှာ အလွန်အကြူး ၀မ်းမြောက်ပီတိဖြစ်သွားလေ၏၊ ''တစိမ်းယောကျာ်းတွေရှေ့သွားဘို့ကို ရှက်နေပေမဲ့ ငါ့ကိုတော့ သူမရှက်ဘူးဆိုလိုတာဘဲ ဒီဟာလေးငါရ တယ်ဟန်ကျ''ဟုဂုဏ်တက်မိပေ၏၊ ဇနီးကလေး၏လက် ထဲမှ ပုဂံခွက်ရောက် များ ကို လှမ်းယူရင်း စားပွဲပေါ်၌ သွားချလျက် ကုန်သောအခါ။

''ကဲစားကြပေတော့ ဦးလေးတို့ နောင်ကြီးတို့'' ဟုတိုက်တွန်းလေ၏၊  နောက်ရ ပြောင်ရလျှင် ကျေနပ်သော ဦးလေးက ''သုံးရက်လ-ခုန်းမျက်စနဲ့ မင့်မြာကို ဒို့မကြည့်ရဘူးလားကွ'' ဟုနောက်လိုက်လေသည် ၀မ်လန်းက၊ ''ကျုပ်တို့ မရင်းနှီးသေးဘူး၊ လက်ထပ်ပွဲမပြီးသေးခင် ၀ိုင်းကြည့်လို့လဲမတော်ပါဘူး'' ဟုခတ် တည်တည်ကြီး ပြန်၍ ဖြေဆိုလိုက်၏။

ထိုနောက်ဝမ်လန်း သည် ဧည့်သည်များအား ထမင်းဟင်း သုံးဆောင်ကြရန် တိုက်တွန်း လေရာ၊ ဧည့်သည်များလည်း ကောင်းမွန်လှသော စားဖွယ် သောက်ဖွယ်တို့ကို မြိန်မြိန်ကြီး ငြိမ်သက်စွာ စားသောက် ကြလေ၏၊ ''ပဲငံပြာရေ ကလေးနဲ့ စီမံထားတဲ့ ငါးဟင်းက တယ်နိပ်ပါ ကလားဟေ့.... အရသာရှိလှသကွာ၊ ၀က်သားဟင်း ကလဲ တယ်လျှာနဲ့တွေ့သကွ'' ဟုချီးမွမ်းစကားထွက်ပေါ်လာတိုင်း ၀မ်လန်းက၊ ''ဟင်းတွေကသိမ်မကောင်းလှဘူးဗျာ အစီအမံကတယ်ညံ့'' ဟုဖြေလေသည်။

စိတ်ထဲ၌ကား မိမိဝယ်ပေးသော ဟင်းရံ များကို သကြားကလေးနှင့်တမျိုး ရှာလကာရေကလေးနှင့် တနည်း၊ အရက်ကလေးနှင့်တဖုံဖုံ ပဲငံပြာရေကလေးနှင့်တသွယ် မိမိ၏တသက်နှင့်တကိုယ် လျှာဖျားတွင် တခါဘူးမျှ မတင်မတွေ့ရဘူးသော ထူးကဲလှသည့် အရသာကို ဖြစ်စေအောင် လက်မြောက်မြောက်နှင့် စီမံချက်ပြုတ် ပေးလိုက်သည့် ဇနီးသယ်အတွက် ဂုဏ်တက်၍ နေမိလေ၏၊
ထိုည၌ ဧည့်သည်များမှာ လဘက်ရည်သောက်လိုက် ရှုပ်လိုက်နောက်လိုက် ပြောင်လိုက်နှင့် ဖြစ်နေကြ သည့်အချိန်တွင်၊ ၀မ်လန်း၏ ဇနီးသယ်ကလေးမှာ၊ မီးဖိုနား၌ပင်ရှိနေရှာလျက်၊ နောက်ဆုံး ဧည့်သည်များ ပြန်သွားလျက်၊ ၀မ်လန်းမီးဖိုထဲသို့ဝင်သွားသောအခါ၊ နွားတစ်ကောင်၏ ခြေရင်း ကောက်ရိုးပုံ ထဲ၌ ခွေခွေ ကလေး အိပ်ပျော်နေရှာသည်ကို တွေ့ရလေ၏။

ခေါင်းထဲတွင် ကောက်ရိုးတွေဝေနေလျက်၊ ၀မ်လန်းကလှုပ်နိုး၍ ခေါ်လိုက်သည့်အခါတွင် အရိုက်ခံရကာနီး ကာကွယ်သည့်သဖွယ် အိပ်မှုံစုံမွှားနှင့် လက်ကလေးတဘက်ကို ကဗျာကသီမြောက်၍ ကာထား ရှာလေ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ ၀မ်လန်းအား ထူးဆန်း၍ စကားမပြောတတ်သော ကြည့်ခြင်းမျိုးခြင်း စိုက်ကြည့် နေလေရကား၊ ၀မ်လန်းမှာ ခလေးငယ်တယောက်နှင့် တွေ့နေရသလို အောင်းမေ့မိလေ၏ ၎င်းသည် ဇနီးသည်၏ လက်ကိုဆွဲ၍ ၎င်း၏အခန်းထဲသို့ခေါ်ပြီး စားပွဲပေါ်၌ ဖယောင်းတိုင်နီကလေးကို ထွန်းညှိ လိုက်လေသည်။

ထိုခဏ၌ မီးရောင်ထဲတွင် ၎င်းမှာမိန်းမတယောက်နှင့် နှစ်ကိုယ်တည်းရှိနေသည့်အဖြစ်ကို တွေးမိကာ ရှက်လာလေရာ။ "ဒါဟာငါ့မိန်းမဘဲ ရှက်နိုင်တော့ပါဘူး"ဟု ကိုယ့်ကိုယ်ကိုပြန်၍ အားပေးရလေ၏
၎င်းနောက် စိတ်တင်း၍ ကိုယ်မှ အ၀တ်အစားများကို ချွတ်လေ၏ ၎င်း၏ ဇနီးသယ်ကလေးကား၊ အခန်းဆီး ၏တဘက်သို့ တွား၍သွားနေလျက်၊ အိပ်ရာနေရာများကို အသံမထွက်အောင် ခင်းကျင်း ပြင်ဆင် လျက် နေရှာ၏ ၀မ်းလန်က၊ မင်းအိပ်ရင်...မီးညိမ်းလိုက်ဟု ပြတ်တောင်းတောင်း ကြီး ပြောလိုက်လေသည်။

ထို့နောက် ၎င်းသည် လှဲ၍အိပ်ချလိုက်ကာ ဂွမ်းစောင်ကြီးကို ဆွဲချုံလိုက်ပြီးလျှင် အိပ်ချင်ဟန်ဆောင်၍ နေလေ၏ အိပ်ပျော်အောင်ကား မအိပ်ပေ၊ တကိုယ်လုံးရှိအကြောများမှာ ထထကြွကြွရှိနေလျက်၊ တတုန်တုန် တရီရီ ဖြစ်နေလေ၏ အတန်ကြာသွားသောအခါ၊ အခန်းသည် မှောင်အတိကျ သွားလျက်၊ နံဘေး၌ ဖြေးညှင်းညင်သာစွာ လှုပ်ရှားလာခြင်းကို တွေ့ရပြီးနောက် ၎င်းသည် မှောင်မဲထဲ၌ အက်ကွဲသော အသံကြီး ဖြင့် တချက်ရယ်လိုက်ရင်း သူငယ်မအား ဆီးပွေ့ လိုက်လေတော့သတည်း။

ဇိမ်ယူ၍ ကောင်းနေလေ၏ ထိုညလွန်မြောက် အမှောင်ပျောက်၍ မိုးသောက်ရွေ့လူးတနေ့ကူး လာခဲ့သည့်အခါတွင်၊ ခင်းမွေးရာဆောင်လယ်က တီကြွ မှရုတ်တရက်ထမလာနိုင်သေးဘဲ၊ ပက်လက် တစောင်း ရွှေ့ပြောင်း လွန့်လူးရင်း မိမိလုံးဝ ဥဿုံတကိုယ်လုံးချုံ၍ ပိုင်ဆိုင်စိုးရ အတိုးချ ချစ်နိုင်ပြီဖြစ်သည့် တဘက်မှ သူငယ်မအား မျက်စိကသိုဏ်ရှု၍ နေမိလေ၏၊ သူငယ်မကား၊ စက်ရာမှ ထခဲ့ပြီးလျှင်၊ ကရော့ကယီ သီကရီနေသော အ၀တ်အစားများကို ဆွဲယူလျက်၊ ဧဧဆေးဆေးပင် ကိုယ်ကလေးဆန့်လိုက် တွန့်လိုက် နှင့် ပြုပြင် နေကာ၊ လယ်ပင်းကျယ်သီးကို တပ် ခါးဝတ်ကိုစီးခြင်းပြုဘိ၏။

ထိုနောက်အ၀တ်ဘိနပ်ကလေးထဲတွင် ခြေထောက်ကိုစွပ်လိုက်ပြီး၊ ဘိနပ်ကြိုးကို ဖနောင့်တွင် ပတ်ချီ စီးနှောင် လိုက်လေသည်၊ သေးငယ်သော အပေါက်ငယ်တခုမှ ယက္ကန်းရှည်သလို ထိုးပြူ သက်ဆင်း လာသော အလင်းရောင် ကလေးသည်၊ သူငယ်မ ၏ ကိုယ်ပေါ်တွင် ကန့်လန့်ဖြတ် ကျထင်နေလေရာ၊ ၄င်း၏ မျက်နှာကို မသဲမကွဲ တွေ့မြင်ရပေ၏၊

ဆက်ရန်
.

1 comment:

ကိုအောင် said...

အမလည်း အပိုင်းလိုက် ပို့စ်တင်သလို၊ ကျနော်လည်း
အပိုင်းလိုက် သရဲအကြောင်းရေးတယ်နော် ...း)
အရာရာ အဆင်ပြေပါစေ။